အပိုင်း ၁၄၇
Viewers 33k

Chapter 147


ညအချိန်၏ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူပြီး ရှကျင်းကွန်ပျူတာရှေ့ ထိုင်လိုက်သည်။


တစ်စုံတစ်ခု ဆိုးဆိုးရွားရွားပြုမူတော့မည်ကဲ့သို့ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဗီဒီယိုတစ်ခုကိုဖွင့်လိုက်သည်။


သာယာသောတေးသီချင်းသံတစ်ခု ထွက်ပေါ်လာပြီး ကွန်ပျူတာ‌တွင် ရင်းနှီးနေသည့်အသံက ထွက်ပေါ်လာသည်။ 


ထိုအသံက ရှအန်း၏အသံဖြစ်သည်။


ကွန်ပျူတာမျက်နှာပြင်ပေါ်မှ ရှအန်း၏ လှပ၍ အပြစ်အနာအဆာ‌ကင်းသော မျက်နှာကို မြင်ရသည့်အခါ လက်သီးများကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။


ပြည်တွင်းမှပိတ်ပင်ခြင်းခံရပြီးနောက် တရုတ်နိုင်ငံတွင်းမှ ရသစုံရှိုး တစ်ခုမှ မရိုက်ရသေးသော်လည်း ရှအန်းက စမတ်ကျကျနေထိုင်နိုင်ဆဲဖြစ်သည်။


သူမက ချောမောလှပသည့်အပြင် အသားအရည်ကလည်း ပန်းနုရောင်သန်းနေသည်။ အကယ်၍ရှိုးကို မကြည့်ပါကလည်း ယူအက်စ်တွင်နေသည့် သူမ၏ဘဝက အလွန်ကောင်းမွန်ကြောင်း သိနိုင်သည်။


ဘယ်လိုလုပ်သူမက အဖြစ်ဆိုးရမှာလဲ ... ကြယ်ငါးပွင့်ဇိမ်ခံဟိုတယ်မှာနေပြီး Michelinအစား‌အသောက်တွေ စားနေရတာလေ ... ခရီးသွားရင်လည်း ဇိမ်ခံကားနဲ့သွားပြီး တရားမဝင်ကလေးကတောင်မှ ကမ္ဘာ့ထိပ်တန်းကျောင်းမှာ တက်နေရတာ ...


သူမ(ရှကျင်း)၏ သမီးတောင်မှ ဤကဲ့သို့ကျောင်မျိုးမတက်နိုင်ပေ။ "Mom is Back" ကိုရိုက်ကူးနေစဉ်က ခက်ခဲသည့်နေ့ရက်များကိုပင် သတိရသွားမိသည်။


အထူးသဖြင့် သူမပရိုဂရမ်ရိုက်ကူးစဉ်က ခက်ခဲမှုများနှင့် ယှဉ်ကြည့်လိုက်သည့်အခါ သူမ၏သွေးများဆူပွက်လာသည်။


သူမက ရှအန်းရဲ့ပရိုဂရမ်ကို လုယူပြီး သူမလမ်းကို ပိတ်ပင်လိုက်ပေမယ့် ရှအန်းရဲ့ဘဝကတော့ ပိုပြီးတောင် ကောင်းစားသွားသေးတယ် ...


သူမကြောင့်ပဲ ရှအန်းက ပျော်ရွှင်နေတယ်ပေါ့ ...


ရှကျင်း အလွန်ဒေါသထွက်နေသောကြောင့် တစ်ခုခုကို ရိုက်ခွဲပစ်ချင်လာသည်။


" မာမီ ဘာကြည့်နေတာလဲ ..."


ချိုသာသော ကလေးအသံလေးက သူမနားထဲ ရောက်လာသည်။


" ဒါ ဖုယွီကောကော မဟုတ်ဖူးလား ..."


ရှကျင်းလှည့်ကြည့်လိုက်သည့်အခါ သူမ၏သမီးလေးကို မြင်လိုက်ရသည်။ သူမက မင်းသမီးပုံစံညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဝက်ဝံရုပ်လေးကို ကိုင်ထားသည်။


" ဘေဘီ ဘာလို့ ဒီရောက်နေတာလဲ ...မအိပ်သေးဘူးလား ..."


" အိပ်လို့မရတာနဲ့ မာမီ့ကိုလာရှာတာ ..."


ဖုအန်းချီက သူမမျက်လုံးများကိုပွတ်၍ ရှကျင်း၏ရင်ခွင်ထဲဝင်လာသည်။


" မာမီ ဖုယွီကောကောက တီဗွီမှာ ပါလာတာလား ... သူ့ဘေးက ကလေးလေးကရောဘယ်သူလဲ ချစ်စရာလေး ~ "


ဖုအန်းချီက ဗီဒီယိုထဲမှ ရှရှင်းချန်နှင့် ကုရှုမော့ကို စိတ်ဝင်တစားကြည့်နေသည်။


" ဘေဘီ နောက်ကျနေပြီလေ ... မာမီအိပ်ရာထဲလိုက်ပို့ပေးမယ် ..."


ရှကျင်းက မျက်မှောင်ကြုတ်ပြီး ဖန်သားပြင်ကိုကြည့်လိုက်သည်။ သူမက ကွန်ပျူတာကိုပိတ်ပြီး သူမသမီးလေးကို ချော့သိပ်ချင်နေသည်။


သို့ရာတွင် ကလေးမလေးက ထိုဗီဒီယိုကို ဆက်ကြည့်ချင်နေသည်။ 


ကွန်ပျူတာပိတ်ရန်ပြင်နေသောရှကျင်းက သူမက အလျင်အမြန်တားဆီးလိုက်သည်။


" မာမီ ချီချီ ကြည့်ချင်သေးတယ် ... ဒါလေးကြည့်ပြီးမှ အိပ်လို့ရလား ..."

ဖုအန်းချီက သူမမျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်၍ တောင်းဆိုနေသည်။


ယခင်ကဆိုလျှင် ရှကျင်းက သူမသမီးလေး‌ တောင်းဆိုသမျှဖြည့်ဆည်းပေးသည်။ အကယ်၍ သူမ မဖြည့်ဆည်းပေးနိုင်ပါကလည်း ဖုအန်းချီက ခေါင်း‌မာနေလျှင် သူမသဘောတူခဲ့ရသည်သာ။


ဤတစ်ကြိမ်တွင်လည်း ဉာဏ်ကောင်းသည့်ဖုအန်းချီက ထိုကဲ့သို့ပင်ထင်လိုက်မိသည်။ သူမက ရှိုးတစ်ခုကိုသာ ကြည့်ချင်သည့်အတွက် ရေးကြီးခွင်ကျယ်မဟုတ်ဟု ထင်လိုက်မိသည်။


" မရဘူးလို့ မာမီပြောနေတယ်လေ ..."

ဤတစ်ကြိမ်တွင် သူမကို အလိုလိုက်ဆုံးဖြစ်သည့်အမေက သူမကိုငြင်းဆန်လိုက်သည်။


ရှအန်း၏ရှိုးက အလွန်ကောင်းမွန်နေသောကြောင့် သူမ၏သမီးလေးကပါ ကြည့်ချင်နေသည့်အတွက် ရှကျင်းပို၍ ဒေါသထွက်လာသည်။


စကားတစ်ခွန်းမှ မပြောပဲ ကွန်ပျူတာကိုပိတ်ချလိုက်သည်။ ဖုအန်းချီကိုပြောသည့်လေသံကလည်း ခက်ထန်နေသည်။ သူမအမေ၏ ထိုသို့သောပုံစံမျိုးကို ဖုအန်းချီ တစ်ကြိမ်မှ မမြင်ခဲ့ဖူးပေ။


ထိုအချိန်၌ သူမအမေက သရဲကားထဲမှ သရဲတစ္ဆေများကဲ့သို့ ကြောက်စရာကောင်းနေသည်ဟု တွေးမိလိုက်သည်။


" ဒါကို ဘယ်တော့မှမကြည့်ရဘူး နားလည်လား ..."


" ဝါး ..."

သူမအမေက အော်လိုက်သဖြင့် ဖုအန်းချီ အော်ငိုတော့သည်။


အလုပ်ခန်းထဲတွင် အလုပ်လုပ်နေသည့် ဖုရှန်းကညသူ၏သမီးလေးငိုသံကြားသည်နှင့်  ရှကျင်း၏အလုပ်ခန်းထဲ ပြေးဝင်လာသည်။


" ဘာဖြစ်တာလဲ ... အန်းချီဘာလို့ငိုနေတာလဲ ..."


သူအခန်းထဲဝင်လိုက်သည်နှင့် သူ့သမီးလေးက ရှကျင်းကို ကြောက်ရွံ့စွာကြည့်ပြီး ငိုနေသည်ကို မြင်လိုက်ရသည်။


သူ့သမီးလေးဆီ ရောက်လာပြီး ရှကျင်းထံမှ ကလေးမလေးကို ဆွဲယူလိုက်သည်။


" ဒယ်ဒီ မာမီက သမီးကို တီဗွီမကြည့်ခိုင်းဘူး ... ပြီးတော့ ဆူတယ် ..."

ဖုအန်းချီက သူမအဖေ၏လည်ပင်းကို တင်းတင်းဖက်ထားပြီး ငိုယိုလျက်ပြောပြနေသည်။


" မင်းက အရွယ်ရောက်ပြီးတဲ့လူပဲ ကလေးတစ်ယောက်ကို ဘာလို့စိတ်တိုနေတာလဲ... ငါတို့သမီးလေးက ကြောက်တတ်တာကို မသိဘူးလား ..."


ဖုရှန်းက ဒေါသတကြီးဖြင့် ရှကျင်းကိုရှုတ်ချတော့သည်။


သူမသမီးက ခင်ပွန်းဖြစ်သူကို တိုင်တန်းနေသည့်အပြင် သူမခင်ပွန်းကလည်း သူမကို ဘာဖြစ်သည်ကိုမမေးမမြန်းပဲ ဆူပူနေသောကြောင့် စိတ်တိုနေသောရှကျင်း နေမထိထိုင်မသာဖြစ်လာသည်။


သူမ စကားတစ်ခွန်းမှမပြောပဲ အခန်းထဲက ထွက်သွားသည်။


ရှကျင်းထွက်ခွာသွားသည်ကို ကြည့်ပြီး ဖုရှန်းမျက်မှောင်ကြုတ်လိုက်သည်။ သူ့သမီးလေးကို ချော့မော့နေပြီး မေးလိုက်သည်။

" ချီချီ မာမီက ဘာလို့ဆူတာလဲ ..."