🌍Chapter 25
လက်တစ်ဖက်ယောကျာ်းမှာ ၄င်းကိုမြင်လျှင် ထွက်ပြေးတော့သည်။ သို့သော် သေးငယ်သော သံချောင်းငယ်လေးက သူ၏ဦးခေါင်းနောက်မှ ထိုးဖောက်သွားခဲ့သည်။
လက်တစ်ဖက်ပြတ်ယောကျာ်း၏ မျက်လုံးအစုံမှာ ပြူးကျယ်လျက် နေရာမှာတင် လဲကျသွားတော့သည်။
ဖက်တီးလေးမှာ တုန်ယင်နေသောအသံဖြင့် မေးလာခဲ့သည်။
"သူသေသွားပြီလား"
မီးခြစ်ဆံကြီးအားဆုပ်ကိုင်ထားသော ထန်မော့၏ လက်အစုံမှာ ပြေလျော့သွားခဲ့သည်။
"အင်း သေပြီ"
လကို ဖုံးကွယ်ထားခဲ့သော တိမ်မည်းများ မည်သို့ပြိုကွဲသွားခဲ့ကြောင်း မည်သူမျှ သတိမထားလိုက်မိကြချေ။ ၄င်းမှာ တိုက်ဆိုင်မှု ဟုသာထင်ခဲ့ကြသည်။ ထန်မော့သာလျှင် တိုက်ပွဲမတိုက်ခင်က သူကိုယ်တိုင်စက်၀ိုင်းရေးဆွဲပြီး ကျိန်စာတိုက်ခဲ့၍ဖြစ်ကြောင်း သိလေသည်။ သူက မီးတောက်များ မှုတ်ထုတ်နိုင်သော ယောကျာ်းကိုသော်လည်းကောင်း ၊ သေနတ်နှင့်လူကိုသော်လည်းကောင်း ကျိန်စာမတိုက်ခဲ့ချေ။ ထိုအစား လက်တစ်ဖက် ယောကျာ်းကိုသာလျှင် ရွေးချယ်ခဲ့သည်။
မမြင်ရသော ရန်သူက အန္တရာယ်အများဆုံးပင်။
ထန်မော့မက အကယ်၍များဟူသည့်စိတ်ဖြင့် ထို၀ှက်ဖဲကို ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သူက 'စက်၀ိုင်းဆွဲပြီး ကျိန်စာတိုက်မယ်' ဟူသောစွမ်းရည်သက်ရောက်ပုံကိုရော အသုံး၀င်မ၀င်ကိုပါ မသေချာခဲ့ချေ။ သို့သော်ယခုကြည့်ရသည်မှာ အတော်အလုပ်ဖြစ်ခဲ့သည်ပင်။
ရန်သူများမှာ သေဆုံးသွားပြီဖြစ်ကာ ကျောင်းသားလေးများလည်း နောက်ဆုံးတွင် အသက်၀၀ရှူနိုင်ချေပြီ။ ချန်ရှန်းရှန်းမှ သူ၏လက်ထဲမှသေနတ်အား ကျည်တစ်တောင့်မှမရှိတော့သည့်တိုင် အသက်ကယ်ပစ္စည်းတစ်ခုနှယ် တင်းတင်းဆုပ်ကိုင်ထားမိဆဲပင်။
ကျောင်းသားများက အတူတကွပင် သေဆုံးသွားသော ခိုး၀င်သူသုံးယောက်အား ယခင်အလောင်းများနှင့်အတူ အိမ်သာထဲတွင်သွားပစ်လိုက်ကြသည်။ ထိုအလောင်းများကို အိမ်သာထဲသို့မပိတ်လိုက်ခင် ထိုမျက်နှာများကို မုန်းတီးမှုများနှင့် တက်နင်းလိုက်ကြသည်။
ဆရာလီ၏ကိုယ်ကိုတော့ တခြားကလေးများနှင့်အတူ အားကစားခန်းမတွင် လဲလျောင်းထားပေးခဲ့သည်။ ခန္ဓာကိုယ်များမှာ ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျှာင်းနေခဲ့ကာ မည်သူကစတင်လိုက်သလဲ မသိသော်လည်း ၀မ်းပမ်းတနည်းငိုသံများက အားကစားခန်းမအတွင်း ဖုံးလွှမ်းသွားခဲ့သည်။
မျက်ရည်များ ခြောက်သွေ့သွားသည်နှင့် လူသတ်လိုက်ရသည့် ကြောက်ရွံ့မှုတို့က သူတို့၏ရင်ထဲတဖန်တိုး၀င်လာခဲ့ပြန်သည်။
ဖက်တီးလေး ကျောက်ကျန်းမှာ သေနတ်သမားနှင့် လက်တစ်ဖက် ယောကျာ်းကို သတ်ပစ်ခဲ့သည်။ ထိုစဥ်ကသူ၏ ရင်ထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေခဲ့ပြီး တစ်ယောက်ယောက်ကိုသတ်လိုက်မိမှန်းလည်း သတိမရခဲ့ချေ။ အခုတော့ သူ အားကစားခန်းမထဲမှ ပြေးထွက်လျက် အပြင်ဘက်တွင် မသက်မသာခံစားချက်တို့ဖြင့် ထိုးအန်တော့သည်။
တခြားကျောင်းသားလေးများမှာလည်း ကြောက်ရွံ့မှုကြောင့် အတူတကွစုဝေးကုန်ကြသည်။ ချန်ရှန်းရှန်းကလူတိုင်းအတွက် အစားအစာနှင့် ရေများ ဝေပေးလိုက်သည်။ လီ၀မ်မှာ ပြေးလမ်းဆီသို့ စကားတစ်ခွန်းမှမဆိုပဲ ထွက်သွားပြီး တွေဝေမင်သက်နေခဲ့သည်။
" ဒါက မင်းနောက်ဆုံးအကြိမ် လူတစ်ယောက်ကိုသတ်ရတာမဟုတ်ဘူး"
ခံစားချက်မဲ့ကာ တည်ငြိမ်သော လေသံတစ်ခုက ဖက်တီးလေး၏နောက်မှထွက်လာခဲ့သည်။
ဖက်တီးလေးမှာ အဆက်မပြတ်အန်နေခဲ့ကာ ထိုအသံကိုကြားလျှင် နောကိသို့လှည့်ကြည့်လိုက်မိသည်။
ထန်မော့မှာ ရေတစ်ဘူးကို ယူလျက် သူ့ထံသို့ အမူအယာမဲ့စွာ ပစ်ပေးလိုက်သည်။
"ကမ္ဘာကြီးကပြောင်းလဲသွားပြီ၊ မင်းအသက်ရှင်ချင်ရင်သန်မာလာမှရမယ်၊ မင်းရဲ့စွမ်းရည်က ကောင်းတယ်၊ လူအများကြီးကိုရော မင်းကိုယ်မင်းရော ကယ်တင်လို့ရတယ်"
ဖက်တံးလေးက ပလုတ်ကျင်းလိုက်ပြီး သူ၏ နှုတ်ခမ်းများကတုန်ရီနေခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက အံကိုကြိတ်လျက် ခပ်တင်းတင်းဆိုလာခဲ့သည်။
"ကျွန်တော်သိတယ်၊ ကျွန်တော် သူတို့ကိုမသတ်ရင်၊ သူတို့ကကျွန်တော့်တို့ကို သတ်မယ်ဆ်ုတာ၊ ကျွန်တော်သိပါတယ်၊ ဒီတိုင်း.. လက်ခံဖို့ ခက်ခဲနေသေးလို့ပါ"
"စိတ်မပူနဲ့ မင်းအသားကျသွားလိမ့်နယ်"
ထန်မော့ကဆိုလိုက်သည်။
'အစ်ကိုထန် ခင်များလူတစ်ယောက်ကို သတ်တော့ ဘယ်လိုမှမခံစားရဘူးလား"
ဖက်တီးလေးက ထန်မော့ပထမဆုံးအကြိမ် လူသတ်ဖူးခြင်းဟုထင်နေပုံရကာ မတိုင်သေးခင်က ခိုး၀င်သူတစ်ယောက်ကို သတ်ခဲ့ဖူးကြောင်း သိပုံမရချေ။
ထန်မော့က အလွန်တိုးညှင်းစွာဆိုလာခဲ့သည်။
"ငါပထမဆုံးအကြိမ် သတ်မိတုန်းကတော့ နည်းနည်းလေးကြောက်တာပေါ့၊ ဒါပေမယ့် ငါအသတ်ခံရမှာကို ပိုကြောက်တယ်"
ဖက်တီးလေးမှာ တွေဝေစွာနှင့် ခေါင်းငြိမ့်လာခဲ့သည်။ ထန်မော့လည်း ဘာမှဆက်ပြောမလာတော့ချေ။
သူကိုယ်တိုင်နှင့် တစ်ပါးသူ၏ သေခြင်းကို ရွေးချယ်ရမည်ဆိုပါက သူ့အနေနှင့် တစ်ပါးသူ၏သေခြင်းကိုဘရွေးချယ်ရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။
ဖက်တီးလေးအား အနည်းငယ် နှစ်သိမ့်ပေးပြီးနောက် ထန်မော့ရေကန်အနီးဆီသို့ တစ်ကိုယ်တည်းလျှောက်လာခဲ့သည်။ သူကစာအုပ်အား လေထဲမှ ထုတ်ယူလျက် ဖွင့်ကြည့်လိုက်လျှင် ပထမဆုံး စာကြောင်းကို မြင်လိုက်ရလျက် အေးခဲသွားမိလေသည်။
[စွမ်းရည်: သောက်ကလေး၊ ငါ့အဘိုးပြန်ပေး]
[ပိုင်ရှင်: ရွှီရှန်း (ခိုး၀င်သူ)]
[အမျိုးအစား: ပေါက်ကွဲထွက်သည့်အမျိုးအစား]
[လုပ်ဆောင်ချက်: ဒီဂရီ ၉၆၁ စင်တီဂရိတ်နီးပါးရှိသောမီးတောက်များကို စက္ကန့်သုံးဆယ်ကြာ မှုတ်ထုတ်နိုင်]
[အဆင့်: ၂]
[ကန့်သတ်ချက်: အနားယူချိန် ၃မိနစ်ရှိ၊ အသုံးမပြုခင် တင်ပါးပေါ်လက်နှစ်ဖက်တင်ကာ 'ငါ့အဘိုးပြန်ပေး'ဟုအော်ရန် လိုအပ် ]
[မှတ်ချက်: ရွှီရှန်းကတော့ သူ့စွမ်းရည်ကိုမြင်ဖူးတဲ့သူမှန်သမျှ သေရမယ်ပြောခဲ့ပေမယ့် ထန်မော့ကတော့ ချွင်းချက်ပေါ့လေ]
[ထန်မော့ဗားရှင်း အသုံးပြုရန်အညွှန်း: တစ်နေ့တွင် တစ်ကြိမ်သာအသုံးပြုနိုင် ။ အမြင့်ဆုံး အပူချိန် ၈၀၀ဒီဂရီ စင်တီဂရိတ်ခန့်ရှိ၊ အသုံးမပြုခင် တင်ပါးပေါ် လက်နှစ်ဖက်တင်လျက် 'ငါ့အဘိုးပြန်ပေး'ဟု အော်ရန်လိုအပ်၊ ဒါကထန်မော့မှာ ရှိသင့်တယ် စွမ်းရည်မျိုးပဲ၊ ဒီလိုကြက်အစပ်စွမ်းရည်မျိုးက တကယ်လိုက်ဖက်တယ်ဟ]
(TL:ကြက်အစပ်=အမှိုက်၊ အသုံးမကျတဲ့သူလို့ဆိုလို)
ထန်မော့"..."
အဘယ်ကြောင့်သူက ဤစာအုပ်ထံမှ လူဆိုးကောင်အဖြစ် နှစ်ခါတောင် ကျိန်ဆဲခံရပါသနည်း။ သူကဗန်းစကားတချို့ကိုပင် သုံးလာသေးသည်။
ထန်မော့အမူအယာမှာ အေးစက်လျက် စာအုပ်ကို ဆောင့်ပိတ်လိုက်သည်။
သူအနာဂါတ်တွင် ဤစွမ်းရည်ကို အသုံးပြုလိမ့်မည်မဟုတ်၊ လုံးဝလုံးဝပင်။
"ရှင် ရေနည်းနည်းသောက်ချင်လား"
မိန်းကလေးတစ်ဦး၏အသံကို သူကြားလိုက်ရသည်။
ချန်ရှန်းရှန်းမှာ ရေတစ်ဘူးနှင့် ပေါင်မုန့်တစ်လုံးနှင့်အတူ ရောက်လာခဲ့သည်။ ထန်မော့ကပေါင်မုန့်ကိုတော့ လက်ခံလိုက်သည်။
"ရေသောက်ပြီးပါပြီ"
ချန်ရှန်းရှန်း ခေါင်းငြိမ့်လိုက်သည်။
ဖက်တီးလေးမှာလည်း အနားယူရန် အားကစားခန်းမသို့ပြန်၀င်သွားခဲ့ချေပြီ။ ထန်မော့နှင့် ချန်ရှန်းရှန်းသာလျှင် အပြင်ဘက်တွင်ကျန်ရစ်တော့သည်။
ချန်ရှန်းရှန်းကဆိုလိုက်သည်။
"သူတို့အကုန်အိပ်နေကြပြီ၊ အစ်ကိုလီ၀မ်ကတော့ သူအိပ်မပျော်လို့ စောင့်ကြည့်ထားလိုက်မယ်တဲ့"
"သိပြီ"
"ဒီတစ်ကြိမ် ကျွန်မရှင့်ကို တကယ်ကျေးဇူးတင်ပါတယ်"
ထန်မော့ ဆံပင်တိုတိုနှင့် မိန်းကလေးအား ကြည့်လိုက်မိသည်။
ချန်ရှန်းရှန်း၏ မျက်လုံးများမှာ ပကတိကြည်လင်လျက် တည်ငြိမ်နေခဲ့သည်။
"ဒီအတွက်တင်မဟုတ်ဘူး၊ ကျွန်မအဖေရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးပြီး၊ ဒီနေရာအထိကျွန်မကို လာရှာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်၊ ကျွန်မ သူငယ်ချင်းတွေနဲ့အတူရှိချင်တယ်၊ သူတို့နဲ့အတူထွက်သွားပြီး အပြင်ကမ္ဘာကြီးကို စူးစမ်းချင်တယ်"
ထန်မော့မျက်ခုံးကိုပင့်လျက်
"ငါမင်းကို ငါနဲ့အတူခေါ်သွားချင်တယ်ဆိုတာကို သိလား"
"အင်း ကျွန်မခန့်မှန်းမိပါတယ်"
ချန်ရှန်းရှန်း၏မျက်နှာတွင် မည်သည့်ထူးထူးခြားခြား အမူအယာမျိုးမှရှိမနေခဲ့ချေ။ သူမမှာ ဆယ်ကျော်သက်အရွယ်အစား ၄၄နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်နှယ် တည်ငြိမ်နေခဲ့သည်၊
"ဒါပေမယ့် အခုက ဆရာလီလည်းမရှိတော့ဘူး။ ကျွန်မသူတို့ကိုထားမသွားချင်ဘူး"
ထန်မော့ စိတ်ပိုင်းဖြတ်ထားပြီးပုံရသောကလေးမလေးကိုကြည့်လျက် ပြုံးလိုက်ကာ ဘာကိုမှ ထပ်မဆိုတော့ချေ။
ထန်မော့လည်း ဤကလေးမနှင့်အတူထွက်သွားမည့် အကြံကိုစွန့်လွှတ်လိုက်တော့သည်။၎င်းမှာ သေသူ၏နောက်ဆုံးဆန္ဒအတွက်ကြောင့် မဟုတ်သလို သူမကို တကူးတက ကာကွယ်ပေးချင်၍လည်းမဟုတ်ပါ။ ဤကလေးမလေးမှာ ထက်မြက်လွန်းပြီး သန်မာလှသည်ဟု ခံစားမိ၍ပင်။ စွမ်းရည်စာအုပ်ပင်လျှင် ချန်ရှန်းရှန်း၏စွမ်းရည်မှာ အကူအညီဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်မဟုတ်ပါလား။
သူမတွင် ကိုယ်ကာယအား သိပ်မသန်မာလှသော်လည်း လီ၀မ်ထက်တော့ ပို၍အသုံး၀င်သည်မှာ အသေအချာပင်။
ဤအမျိုးအမည်မသိ အန္တရာယ်များလှသော ကမ္ဘာကြီးတွင် ထန်မော့သည်လည်း ထက်မြက်သော အသင်းဖော်တစ်ယောက်ကို လိုချင်မိတာအမှန်ပင်။
သို့သော် ဆရာလီမှာသေဆုံးသွားခဲ့ပြီဖြစ်ကာ ချန်ရှန်းရှန်းမှာ နေရစ်ရန် စိတ်ပိုင်းဖြတ်ထားချေပြီ။ ထန်မော့နှမြောတသဖြစ်မိသော်လည်း အတင်းတော့မတိုက်တွန်းလိုပါချေ။
"ကျွန်မရှင့်ကို အစ်ကို ထန်လို့ခေါ်လို့ရမလား"
ထန်မော့ခေါင်းငြိမ့်လိုက်သည်။
ကလေးမလေးက ရယ်လိုက်သည်။ သူမမှာ ပုံတုံးတုံးလေးဆိုသော်လည်း ရယ်လိုက်သောအခါ ပါးချိုင့်ကလေးရှိလေသည်။
"ရှင်မနက်ဖြန်ထွက်သွားတော့မှာမလား ကျွန်မတို့ အနာဂါတ်မှာ ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်၊ အဲဒီအချိန်ဆို ကျွန်မပိုပြီးသန်မာနေမှာပါ။ အစ်ကိုထန် ကျေးဇူးတင်ပါတယ်။
ထန်မော့မှာ တစ်ခုခုပြန်ပြောရန် ပါးစပ်ဟရုံသာပြင်လိုက်ရသေးသော်လည်း ရုတ်တရက် သူ၏ခေါင်းထဲမှ သံလိုက်ကဲ့သို့ခပ်သြသြအသံတစ်ခုကို ကြားလိုက်ရလေသည်။
[မင်းကို အနှောင့်အယှက်ပေးမိသွားလား]
ထန်မော့"..."
ထန်မော့မှာ ထိုအသံအား တမဟုတ်ချင်း မှတ်မိသွားခဲ့သည်။
ချန်ရှန်းရှန်းမှာ တစ်ခုခုမှားနေသည်ကို ချက်ချင်းခံစားမိလျက်
"အစ်ကိုထန် တစ်ခုခုဖြစ်လို့လား"
သူမမှာသူ့အား ရင်းနှီးစွာခေါ်လိုက်သော်လည်း ကလေးသာလျှင်ဖြစ်သေးသည်။ ထိုကဲ့သို့အခေါ်အဝေါ်မျိုးကပြဿနာမဟုတ်ချေ။
ထို့ကြောင့် 'အနှောင့်အယှက်ပေးမိသွားလား'ဟူသော စကားကသူ့အတွက် ထူးဆန်းနေခဲ့သည်။
ထို့နောက်တွင် တဖက်လူကထပ်၍ဆိုလာခဲ့သည်။
[အနှောင့်အယှက်ပေးမိတဲ့အတွက် အားနာပါတယ်၊ နောက်တစ်ကြိမ်မှပြန်ခေါ်လိုက်မယ်]
ထန်မော့အမြန်အော်လိုက်မိသည်။
"ခင်များထင်နေသလိုမဟုတ်ဘူး"
ချန်ရှန်းရှန်းမှာရှုပ်ထွေးသွားခဲ့သည်။
"အစ်ကို ထန်..."
ထန်မော့က တည်ငြိမ်စွာဖြင့်
"အရင်၀င်သွားနှင့် ။ ငါ လီ၀မ်လိုပဲ လျှောက်ပြီး စစ်ဆေးကြည့်လိုက်ဦးမယ်"
ချန်ရှန်းရှန်းမှာ သူ့အား မသင်္ကာစွာကြည့်လိုက်မိသော်လည်း ခဏအကြာတွင်တစ်ခုခုကို နားလည်သွားပုံဖြင့် ဘာကိုမှထပ်မေးမလာတော့ပဲ အားကစားခန်းမထံသို့ အမြန်လျှောက်သွားတော့သည်။
ထန်မော့မှာ ကြက်ဆင်ဥကို သူ၏အိတ်ကပ်ထဲမှ ထုတ်ကြည့်လိုက်ရာ ၄င်းမှာ အသေအချာကိုပင် အလင်းရောင်ဖျော့ဖျော့လေး တောက်ပနေခဲ့သည်။
သူကမျက်မှောင်ကျုံ့လျက် "လူကြီးမင်း ဖူ ခင်များရဲ့အသံက ကျွန်တော့်ခေါင်းထဲက ထွက်လာသလိုပဲ၊ ဒီဟာက နောက်ဆုံးတစ်ကြိမ် ဆက်သွယ်တုန်းကနဲ့ ကွာသလိုပဲ၊ ဒါပေမယ့် ဒီကိစ္စကို ထားလိုက်ပါဦးမယ်၊ ခင်များအခုဘာလုပ်နေတာလဲ"
.
စာရေးသူမှာ ပြောစရာရှိတယ်။
ထန်ထန်[အမူအယာမဲ့လျက်]: ဒီစာအုပ်အစုတ်က ငါ့ကို ကျိန်ဆဲရဲတယ်ပေါ့လေ
စွမ်းရည်ဘေဘီစာအုပ်လေး ထန်မော့ ထန်မော့ ၊ အခုမိုးရွာနေတာသိလား၊ တခြားလူတွေမှာ ထီးရှိပေမယ့်၊ မင်းကတော့ ကိုယ့်ခေါင်းကိုယ် ကာထားနော် ╮(╯▽╰)╭.
ဗိုလ်မှူး ဖူ: #ထွက်တောင်မလာရသေးဘူး ငါ့ရဲ့အနာဂါတ်မိန်းမက တခြားတစ်ယောက်နဲ့ အီစကလီလုပ်နေတာကို ကြားလိုက်ရတယ်၊ ဘယ်လိုလုပ်ရမလဲ#
🪩