အပိုင်း၁၄၄
Viewers 8k

Chapter 144



ကြီးကျယ်သော မျိုးနွယ်စုကြီးများ၏ သခင်ငယ်များနှင့် မြင့်မြတ်သော အမျိုးသမီးများသည် ကြီးကျယ်သော မျိုးနွယ်စုများ၏ မျိုးရိုးစဉ်ဆက်ကို သိကြမည်ဖြစ်သည်။  ဘယ်မျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ပြီး ဘယ်မျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက ဘုန်းတန်ခိုးကြီးသလဲ....စသည်ဖြင့်  


အများစုမှာ ထိုအကြောင်းအရာနှင့်ပတ်သက်၍ နေ့စဉ်စကားစမြည်ပြောဖို့ အချိန်မကှိပေ။ရုံမိသားစုသည် မင်းဆက်နှစ်ဆက် ၃ဆက်အတွင်း ထင်ရှားသောမိသားစုဖြစ်သည်။ မြို့တော်ရှိ လူအများအပြားသည် သူတို့၏ ဘိုးဘေးများ၏ မွန်မြတ်သော လုပ်ရပ်များကို သိကြသည်။


 "အဲဒီဆက်ဆံရေးတွေက ရှုပ်ထွေးလွန်းတယ်၊ ဒါကြောင့် ကျွန်မတို့မိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ မိသားစုတချို့ကိုပဲ သတိရတယ်" ပန်းဟွာက စင်ပေါ်မှ လက်ဝတ်ရတနာများထည့်ထားသည့် မှန်တစ်ချပ်ကိုယူ၍ ဆံညှပ်ကို ကြည့်လိုက်သည်။ "ဒီဆံညှပ်က အရမ်းလှတယ်"


ရုံရှားက သော့များကို သူမ လက်ထဲကို ထည့်လိုက်၏။


 "ဒီက လက်ဝတ်ရတနာတွေ အားလုံး မင်းပိုင်တယ်၊ မင်း ကြိုက်သလို ယူဝတ်လို့ ရတယ်။ အားလုံး အဆင်ပြေတယ်"


 "အားလုံးလား"  ပန်းဟွာ လက်ထဲက သော့များသည် တချွင်ချွင်မြည်နေသည်။ သူမသည် ရုံရှားကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဒါတွေက  ရုံမိသားစုပိုင်တာလား၊ဒါနဲ့တောင် သူမကို ပေါ့ပေါ့ပါးပါး ဝတ်ခွင့် ပေးတာလား?


ရုံရှားသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ကာ ခေါင်းညိတ်ပြီး ပြုံးလိုက်၏။


 "ဟုတ်တယ်၊ ဒီလက်ဝတ်ရတနာတွေက ဒီအခန်းထဲမှာ ရှိနေတာ နှစ်အတော်ကြာပြီလေ၊ လေကောင်းလေသန့်ရဖို့အတွက် ဟွာဟွာ လုပ်ပေးရမှာပေါ့"


ထိုအခါ ပန်းဟွာ၏ မျက်လုံးများသည် လခြမ်းများလို ကွေးသွားသည် ။  "ကောင်းပြီလေ"


 သူမသည် လှပသော အရာများကို အနှစ်သက်ဆုံးဖြစ်သည်။သူမ၏ ရွှင်မြူးသောအသွင်အပြင်ကို မြင်လိုက်ရသဖြင့် ရုံရှားသည် သူ၏ ငယ်ဘဝက ပျောက်ဆုံးနေသော အစိတ်အပိုင်းသည် နောက်ဆုံးတွင် ပြည့်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ့နှလုံးသားတစ်ခုလုံး ပြည့်လျှံသွားကာ နွေးထွေးသွားရသည်။


 "ဒီလက်စွပ်က လှတယ်မလား"  


ပန်းဟွာသည် အနုစိတ်ရတနာများပါသော ထူးခြားဆန်းပြားသည့် လက်ကောက်ကို ယူကြည့်သည်။ လက်နှစ်ဖက်စလုံး တစ်ဆင်စာ ဝတ်ဆင်ရမည်။ သူမ၏ လက်လေးကလည်း  ဖြူဖွေးနုအိနေပြီး ပနံရလျက်ရှိပေသည်။


 "အရမ်းလှတယ်" ရုံရှားက အသက်ပြင်းပြင်းရှူပြီး ပန်းဟွာ ၏လက်မောင်းကို ညင်သာစွာ နမ်းလိုက်သည်။  "ဒါပေမယ့် ဒီလက်မောင်းက ပိုလှတယ်"


 "ရပ်လိုက်တော့၊ကျွန်မလက်ကို မဆေးရသေးဘူး"


 "ကိုယ်ကတော့ ကိစ္စမရှိပါဘူး"


 "ဒါပေမယ့် ကျွန်မကတော့ ရှိတယ်"


ထို့နောက် သူက သူမကို ကောက်ပွေ့လိုက်ကာ ဂိုဒေါင်ထဲကနေ ထွက်သွားသည်။ အပြင်မှာ စောင့်နေသည့် သူ့လူယုံများအားလုံး ခေါင်းငုံ့ပြီး မကြည့်ဝံ့ကြချေ။


 "ဘာလုပ်နေတာလဲ၊ သွားပြီးတော့ တံခါးကို သော့ခတ်"  


တုကျိုး ချောင်းတစ်ချက်၊နှစ်ချက်ဆိုးကာ သူ့လက်အောက်ငယ်သားများအား အသိစတ်ပြန်ဝင်လာအောင် ပြောလိုက်၏။


လောကမှာ ဒီလိုလူဆိုတာ အမြဲရှိတတ်တယ်။သူမကို သူ ဘယ်လောက်ထိထိခဲ့ပါစေ သူမရဲ့ အစိတ်အပိုင်းတိုင်းက ချစ်စရာကောင်းတယ်လို့ ခံစားနေတာ၊ သူ့ဆံပင်မှ ခြေဖဝါးအထိ အကုန်နမ်းပစ်ချင်တယ်ထ သူမကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်  ဖက်ထားချင်တယ်၊ သူမကို ဘယ်တော့မှ လက်မလွှတ်ချင်ဘူး၊သူမ ဒုက္ခရောက်နေတာကို သူဘယ်တော့မှ သည်းမခံနိုင်ဘူး။  သူမ မျက်မှောင်တချက်ကြုတ်မိရင် သူမ ပျော်ရွှင်အောင် အစွမ်းကုန် ကြိုးစားပေးချင်တယ်..သူမပြုံးလိုက်ရင် ကောင်းကင်ပြာပြာကို ကြည့်နေရသလို သူ့နှလုံးသားက နွေးထွေးသွားသလို ခံစားရတယ်၊ သူမအတွက်  သူ အသေခံဖို့တောင် လိုလားနေမိတယ်... ဒါတွေဟာ လူတစ်ယောက်ကို ချစ်မိတဲ့အခါ ဖြည်တည်လာတဲ့ ခံစားချက်ကလေးတွေပဲ မဟုတ်လား...


ရုံရှားလည်း ထို့အတူပင် ပန်းဟွာကို အတော်ချစ်နေမိ၏။သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် သူ့နှုတ်ခမ်းများအား မဖယ်ခွာချင်လောက်အောင် ဆွဲဆောင်နိုင်လေသည်။


 လောကမှာ ဒီလိုချစ်စရာကောင်းတဲ့ မိန်းမမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။  သူမကို သူ ဘယ်လိုဖြစ်လို့ စွဲလန်းနေတာလဲ....သူ နားမလည်နိုင်တော့။


သူမ၏ ခန္ဓာကိုယ်သည် တိမ်များကဲ့သို့ ပျော့ပျောင်းပြီး နှုတ်ခမ်းများသည်လည်း ပျားရည်ကဲ့သို့ ချိုမြိန်သည်။သူသည် သူမအတွက် အရာအားလုံးကို စွန့်လွှတ်ချင်သည်။သူ့မျက်လုံးများက  အမြဲ သူမဆီမှာသာ အကြည့်ရောက်နေသည်။


 နာရီဝက်ကြာသော် ပန်းဟွာသည် ရေချိုးကန်ထဲက ထွက်လာပြီး အဝတ်အစားအသစ်လဲလိုက်သည်။  သူမ၏ တစ်ကိုယ်လုံးသည် အရည်ရွှမ်းသော မက်မွန်သီးကဲ့သို့ ဖြစ်နေသဖြင့် အစေခံမလေးတို့ သူမကို  မကြည့်ရဲကြပေ။သူတို့ကိုယ်တိုင်တောင်မှ ဒီလောက်ထိ ရင်ခုန်နေရင် ရုံရှား ရင်ခုန်တာ ဒီ့ထက်ပိုဆိုးမှာပဲ...


 "ရူရီ" ပန်းဟွာသည် လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ကာ ရုရီအား ခေါ်လိုက်၏။

  

 "ဟုတ်ကဲ့။"


ပန်းဟွာသည် ဆံပင်ကို ဖြီးပြီးနောက်၊ ရုံရှားကိုယ်တိုင် ဆင်မြန်းပေးထားသည့် ဖီးနစ်ဆံပင်ညှပ်ကို ထုတ်ယူလိုက်ပြီး 


"ဒါကိုသုံးပေး...."


ရူရီသည် ဆံညှပ်ကိုယူ၍ လက်ရာမြောက်သော အနုစိတ်ဆံညှပ်ကို အံ့သြသွားရသည်။  


"ကျွင်းကျူး ဒီဆံညှပ်က အရမ်းလှတယ်"


ပန်းဟွာသည် သူမ၏ မျက်ခုံးကြားတွင် လှပသော ပန်းတစ်ပွင့်ကို ဆွဲလိုက်သည်။ 


 "လှလို့ ငါ ရွေးထားတာလေ၊ မလှရင် ငါ ဘာလို့ဝတ်ရမှာလဲ"


ရူရီသည် ပန်းဟွာ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်နေချိန်တွင်သူမ၏ လည်ပင်းမှာ အနီဖျော့ဖျော့ဖျော့ဖျော့အရာတစ်ခုကို တွေ့လိုက်ရသည်။


 "ကျွင်းကျူး ပြောတာ မှန်ပါတယ်" 


သူမ ပန်းဟွာ၏လည်ပင်းကို အကြည့်မခွာနိုင်အောင်ပင်။ကျွင်းကျူး ဘာဖြစ်သွားတာလဲ။ရေမချိုးခင်က မရှိသေးဘူးမဟုတ်လား...


ထိုစဉ် အိမ်ရှေ့စံ ကြွလာသည်ဟု အစေခံတစ်ဦးမှ လာပြောသံကြားသောအခါ ပန်းဟွာ အဝတ်အစား ဝတ်ပြီးသွားလေသည်။


 "ကောကုန်း ဘယ်မှာလဲ" 


ရုံရှားသည် လွန်​ခဲ့သည့် တစ်​နာရီက အပြင်ထွက်​သွားခြင်းဖြစ်၏။ ယခု အိမ်ရှေ့စံ ကြွလာသော်လည်း ရုံရှား ပြန်မရောက်သေးဟန်မတူပေ။


 "ကောကုန်းက အပြင်ကို ထွက်သွားပါတယ်"


 "ငါ ချက်ချင်းလာခဲ့မယ်" 


ပန်းဟွာသည် အနီရောင်တောက်တောက် ၀တ်ရုံကို ဝတ်ကာ ခန်းမထဲမှ လှည့်ထွက်လာခဲ့သည်။သူမအား စောင့်ဆိုင်းနေသော အစေခံများသည်လည်း အလျင်အမြန် လိုက်လာကြ၏။


 "အိမ်ရှေ့စံ ကျွန်တော် ကောကုန်းချမ်အမ် အိမ်တော်ရဲ့ အစေခံတွေကို မေးကြည့်ပါတယ်၊ ကောကုန်းချမ်အမ်က အခု အိမ်တော်မှာ မရှိသေးဘူးလို့ပြောပါတယ်"  


အိမ်ရှေ့စံ၏ ကိုယ်ရေးကိုယ်တာ အမှုထမ်းသည် အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြန်ထွက်လာခဲ့သည်။


 "ရုံရှား ဒီမှာမရှိရင်လည်း ကိစ္စမရှိပါဘူး၊ ငါ့ဝမ်းကွဲညီမဆီ လာလည်မှာပေါ့" 


  အိမ်ရှေ့စံက နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး သူ့မျက်နှာမှာ မကျေမနပ်ဖြစ်နေဟန်လည်း မရှိပေ။


 "အိမ်ရှေ့စံ၊ ညီမကိုလွမ်းနေတာလား"


အိမ်ရှေ့စံ လှည့်ကြည့်လိုက်လျှင် ပန်းဟွာသည် ရွှင်မြူးစွာပြုံး၍  လမ်းလျှောက်လာသည်က်ု တွေ့လိုက်ရ၏။ သူမ အနောက်မှာတော့ ယခင်ကလိုပင် အစေခံအမြောက်အမြားရှိနေသည်။ သူသည် အရှေ့နန်းတော်တွင် နေအိမ်အကျယ်ချုပ်ချထားခံရပြီးနောက် ပြင်ပမှ သတင်းများစွာ မရရှိခဲ့ပေ။ သို့သော်လည်း ပန်းမိသားစုက သူ့အား ပစ္စည်းများကို အခါအားလျော်စွာ ပေးပို့ဆဲဖြစ်သည်။ ရာသီအလိုက် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်အချို့သာ ဖြစ်သော်လည်း သူတို့၏ ကြင်နာမှုကြောင့် သူ အတော်လေး ဝမ်းသာမိသည်။


 နှင်းများ သည်းထန်စွာကျသည့်ရာသီဥတုမျိုးမှာ နန်းတော်ထဲအထိလာ၍ မီးသွေးပို့ရခြင်းက အတော်ခက်ပေသည်။ မည်သူမျှ သူ့ကို အဖက်လုပ်၍ ဘာပစ္စည်းမှ မပို့ခဲ့ကြချေ။


ပန်းမိသားစုကသာ သူအာဏာရသည်ဖြစ်စေ၊ ဆင်းရဲကျပ်တည်းသည် ဖြစ်စေ၊ယခင်အတိုင်းပင် သူ့ကို ဆက်ဆံခဲ့သည်။ ဤသည်မှာ သူ ပန်းမိသားစုကို သူ သဘောကျနှစ်သက်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်။


 "ဟွာဟွာ" အိမ်ရှေ့စံက မတ်တပ်ရပ်ပြီး ပြုံးကာ "နေကောင်းလား"


 “အိမ်ရှေ့စံ ကိုကို...” ပန်းဟွာက အိမ်ရှေ့စံကို ဦးညွှတ်လိုက်သည်။


 "အစ်ကို ကိုယ်အလေးချိန် ကျပြီး ပိန်သွားတယ်နော်"


အိမ်ရှေ့စံက ခါးသီးစွာ ပြုံးလိုက်ပြီး "အစ်ကို စားချင်စိတ် သိပ်မကောင်းသေးဘူး"


ပန်းဟွာ သက်ပြင်းချကာ အိမ်ရှေ့စံကို ထိုင်ခိုင်းလိုက်သည်။

"အရှင့်သား ကိစ္စရှိရင် ညီမကို ခေါ်လိုက်ရောပေါ့၊ ဘာလို့ ဒီကို ကိုယ်တိုင်လာရမှာလဲ"


"အစ်ကိုက ဝမ်းကွဲညီမကိုတွေ့ဖို့လာတာမဟုတ်ဘူး၊ ကောကုန်းချမ်အမ်ကိုရှာဖို့လာခဲ့တာ၊ သူ ရှိလား"  ပန်းဟွာသည် ရိုးသားသူဖြစ်ကြောင်း အိမ်ရှေ့စံ သိသောကြောင့် သွယ်ဝိုက်မနေဘဲ တိုက်ရိုက်သာ ပြောလိုက်ပေ၏။


 "သူ အခုပဲ ထွက်သွားတာ...." ထို့နောက် ပန်းဟွာက အစေခံတစ်ဦးကို ဆင့်ခေါ်ပြီး "ကောကုန်းကို ရှာဖို့ လူတွေကို လွှတ်လိုက်ပါ၊ အိမ်ရှေ့စံ ဒီကိုလာလည်တယ်လို့ ပြောပါ၊သူ့ကို မြန်မြန်ပြန်လာဖို့ ပြောပါ"


 “ဝမ်းကွဲညီမ၊ ဒီလိုလုပ်စရာ မလိုပါဘူး” အိမ်ရှေ့စံက ကမန်းကတန်း တားရသည်။


 “ညီမရဲ့ ခင်ပွန်းက ဒီမှာမရှိဘူးဆိုရင် အစ်ကို ညီမနဲ့ ခဏလောက် စကားပြောမယ်၊ သူ့ကို ပြန်ခေါ်စရာ မလိုပါဘူး”


 "အခြားသူဆိုရင် သူ့ကို ခေါ်ဖြစ်မှာမဟုတ်ဘူး၊ အစ်ကိုကလည်း သူနဲ့ သိပ်ရင်းနှီးတာပဲလေ၊ အရေးကြီးတဲ့ ဧည့်သည်က လာလည်တာကို ဒီတိုင်းထားလို့ ဘယ်ဖြစ်ပါ့မလဲ"


 "ညီမက ဒီအိမ်တော်မှာ ကျင့်သားရနေတာတွေ့တော့ အစ်ကို စိတ်သက်သာရာရသွားတယ်"  


ပန်းဟွာက ယုံကြည်မှုအပြည့်နှင့် စကားပြောသည်ကို မြင်သော် အိမ်ရှေ့စံ၏ အပြုံးက ပိုမို တောက်ပလာသည်။


 "မင်း ကောကုန်းချမ်အမ်နဲ့ အဆင်ပြေမှာကို အစက စိုးရိမ်နေတာ"


ဟွာဟွာ လက်ထပ်သောအခါ သူသည် အရှေ့ဘက်နန်းတော်တွင် ချုပ်နှောင်ထားခံရဆဲဖြစ်သည်။ သူ၏ ကောင်းချီးများကို သူမထံ ကိုယ်တိုင်ကိုယ်ကျ ပေးပို့ချင်သော်လည်း မတတ်နိုင်ခဲ့ပေ။


 "ဘာမှ မဖြစ်တာကို စိုးရိမ်မနေပါနဲ့၊ အစ်ကိုက ညီမ နောက်မှာ အမြဲရှိတယ်လေ၊ သူ ညီမကို အနိုင်ကျင့်ရင် အစ်ကို ကူညီမယ်မလား၊ သူ့ကိုတော့ ကူညီမှာမဟုတ်ဘူး မလား"


 "ဟုတ်ပါတယ် ညီမကိုပဲ ကူညီမှာပေါ့"


 ဝမ်းကွဲနှစ်​​ယောက်​ ​နေ့စဉ်​ဘဝနှင့်ပတ်​သက်​ပြီး စကား​ပြော​နေကြသည်​။  အရှေ့ဘက်နန်းတော်မှ အရာရှိကြီးသည် တိတ်တဆိတ် စိတ်လှုပ်ရှားနေ၏။ အိမ်ရှေ့စံနှင့် ပန်းဟွာကျွင်းကျူးတို့မှာ ကောင်းမွန်သည့်ဆက်ဆံရေးရှိလျက်နှင့်၊ သူမကို ပြောလျှင်လည်းဖြစ်ပေသည်။ အချိန်ရောက်သောအခါ၊ ပန်းဟွာကျွင်းကျူးသည် ကောကုန်းချမ်အမ်အား အကြင်လင်မယားချင်း တီးတိုးပြောပြနိုင်သည်။ဒါဆို ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလား...


 တစ်နာရီကြာပြီးနောက် ရုံရှား ပြန်ရောက်လာသည်။ သူ ဝင်လာပြီး အိမ်ရှေ့စံကို တောင်းပန်သည်။အိမ်ရှေ့စံက သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။


 " ရုံရှား ၊ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတာ ငါကိုယ်‌တိုင်ပါပဲ"


 "စိတ်ရှည် သည်းခံတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်" ရုံရှားက ပန်းဟွာဘေးတွင် ထိုင်ကာ နူးညံ့စွာ ပြုံးပြသည်။


ပန်းဟွာက ချက်ချင်း ထရပ်လိုက်ပြီး ရှောင်ပေးဖို့ပြင်ရသည်။


 "အိမ်ရှေ့စံ စကားစမြည်ပြောကြပါ၊ကျွန်မ အစေခံတွေကို ညစာ ပြင်ခိုင်းလိုကမယ်"


ပန်းဟွာ ထွက်သွားပြီးနောက် ရုံရှား၏ မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားသည်။


 "အရှင့်သား တရားရုံးကိစ္စအတွက် လာခဲ့တာဆိုရင် ကျေးဇူးပြုပြီး ကျွန်တော် သဘောမတူနိုင်လို့ ခွင့်လွှတ်ပါ"


 "ရုံရှား…"


ရုံရှား မတ်တပ်ရပ်ပြီး အိမ်ရှေ့စံအား ဦးညွတ်လိုက်၏။


 "အရှင့်သား ကျွန်တော်နဲ့ ကျွင်းကျူးတို့ လက်ထပ်လိုက်ကြပါပြီ၊ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို တဖြည်းဖြည်းမြှင့်တင်ယူဖို့ အချိန်တန်ပြီ၊ ကျွန်တော် သူမနဲ့ ခွဲခွာပြီးမနေချင်တော့ပါဘူး"


အိမ်ရှေ့စံက နှုတ်ဆိတ်နေသည်။သူက တခြားဘာကိုမှ ဂရုမစိုက်နိုင်သော်လည်း သူ့ဝမ်းကွဲညီမကို ဂရုစိုက်သည်။ ခဏအကြာတွင် သူက 


"မင်း တရားရုံးကို အခုပြန်လာဖို့ ခက်ခဲမှန်း ငါသိပါတယ်၊ ဒါပေမယ့် တယဲ့က မင်းကို လိုအပ်တယ်၊ တယဲ့ ပြည်သူတွေက မင်းကို လိုအပ်တယ်"


  သူ မတ်တပ်ထရပ်ပြီး ရုံရှားကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။ "ငါ့ဝမ်းကွဲညီမအတွက်တော့ ငါ သူမကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်မယ်၊ ကောကုန်း ငါ့ကိုကူညီပါ"


 " အိမ်ရှေ့စံ"  


အရှေ့နန်းတော်အရာရှိသည် အိမ်ရှေ့စံအား ထိတ်လန့်စွာကြည့်နေသည်။ တိုင်းပြည်ရဲ့ အိမ်ရှေ့စံက တရားရုံးအရာရှိကို ဘယ်လိုလုပ် ဦးညွှတ်ရတာလဲ။


ရုံရှား မတ်တပ်ရပ်ပြီး အိမ်ရှေ့စံထံ ပြန်ဦးညွတ်လိုက်သည်။


 "အရှင့်သားကို သတိပေးစရာတစ်ခုရှိပါတယ်"


အိမ်ရှေ့စံသည် ရုံရှား ကို နူးညံ့ညင်သာသောအမူအရာဖြင့် ကြည့်ကာ "ကောကုန်း၊ ကျေးဇူးပြုပြီး ပြောပါ"


 "အရှင့်သားရဲ့ ခန္ဓာကိုယ်က အားနည်းလာပါတယ်၊ နင်းဝမ်မင်းသားကလည်း ကျားတစ်ကောင်လို သားကောင်ကို စောင့်ကြည့်နေတယ်၊ အရှင့်သားမှာ ဆန္ဒရှိရင်တောင် မင်းမလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်"


အိမ်ရှေ့စံ အံ့ဩသွားသည်။  သူ မသိတာမဟုတ်၊ မသိဟန်ဆောင်နေတာပင်။သူ့ပတ်ဝန်းကျင်က လူများလည်း ဤကိစ္စကို မပြောရဲကြပေ။


 "ငါသိပါတယ်...... လောလောဆယ်တော့ အခြေအနေက အခွင့်အသာသေးဘူးလေ"


ရုံရှား ဘာမှ ပြန်မပြောဖြစ်ပေ။ အိမ်ရှေ့စံသည် လူကောင်းဖြစ်သော်လည်း ဧကရာဇ်ကောင်းမဟုတ်ပေ။ အကယ်၍ သူကိုယ်တိုင်သာ အိမ်ရှေ့စံဖြစ်ခဲ့ပါက၊ ယခုအချိန်တွင် နင်းဝမ်မင်းသားကို ချုပ်ကိုင်ပြီး တရားရုံးတွင် အာဏာသိမ်းရန် အခွင့်အရေးကို ရယူမည်ဖြစ်သည်။  သူသည် ဧကရာဇ်၏ တန်ခိုးအာဏာကို ခဏတာချုပ်ကိုင်ပြီး ဤမနှစ်သက်ဖွယ်အခြေအနေများကို ကောင်းမွန်သောအခြေအနေများအဖြစ်သို့ ပြောင်းလဲပေလိမ့်မည်။သို့သော်လည်း အိမ်ရှေ့စံက သစ္စာရှိလွန်းပြီး သဘောထား နူးညံ့လွန်း၏။


သူ့လိုလူက တရားရုံးကို ဘယ်လို ထိန်းချုပ်မှာလဲ၊ ဒါဟာ စိတ်ကူးယဉ်ဆန်တဲ့ အတွေးသက်သက်ပါပဲ။


သူက အိမ်ရှေ့စံအား စူးရှသောအကြည့်ဖြင့် ကြည့်နေသည်။


 “အိမ်ရှေ့စံမှာ နှလုံးသားရှိတယ်ဆိုရင် သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ရန်ပုံငွေတွေ အရင်ခွဲဝေပြီး ပြည်သူတွေကို ကျေနပ်စေဖို့ နှစ်နှစ်တာ အခွန်ကင်းလွတ်ခွင့်ကို ဘာကြောင့် မပေးတာလဲ၊ဒီထက် ပိုကောင်းတဲ့နည်းလမ်းက နင်းဝမ်မင်းသားကို အပြစ်ပေးပြီးတော့ တရားရုံးရဲ့အခြေအနေအမှန်ကို  လူတွေကို ချပြရမှာပါ"


 "ဒါပေမယ့်... သူက ငါ့ညီပဲ၊ ငါ  သူ့ကို အပြစ်ပေးရင် ခမည်းတော်ဧကရာဇ်နဲ့ မယ်တော်ဧကရီ ဝမ်းနည်းရလိမ့်မယ်"


ရုံရှား ပို၍ပင် စိတ်တိုလာသည်။


 "အိမ်ရှေ့စံက ဒါကိုသိနေသားနဲ့ ကျွန်တော့်ကို ဘာကြောင့် တရားရုံးကို ပြန်လာခိုင်းတာလဲ"


 အုတ်တံတိုင်းထိအောင် မြင့်မားသော ရွှံ့နွံအပုံကြီးကို သူ့အား ကူတက်ခိုင်းနေခြင်းသာ။ သူသည် မသေမျိုးမဟုတ်၊ 

 သူက မသေမျိုးဖြစ်လျှင်ပင် သူ့လက်များကို ရွှံ့ဖြင့်ညစ်ပတ်စေပြီး ဒုက္ခများချင်မည်မဟုတ်ပေ။


 သူလိုချင်သည့်အရာက ညစ်ပတ်နေသော ‌နံရံကြီးမဟုတ်ပါပေ။



xxxxx