အပိုင်း၁၄၅
Viewers 8k

Chapter 145



 "အရှင့်သား ခြံထဲကနေ အသီးအရွက် လတ်လတ်ဆတ်ဆတ် တစ်သုတ် ပို့လိုက်တယ်လို့ ဘဏ္ဍာစိုးက ပြောတယ်၊ အတော်ပဲ၊ ဟင်းတွေလည်း လတ်လတ်ဆတ်ဆတ် ချက်ခိုင်းထားပါတယ်"


ပန်းဟွာ အခန်းထဲသို့ ဝင်သွားရင်း လေထုက ထူးခြားနေသည်ကို တွေ့လိုက်ရသည်။အိမ်ရှေ့စံ၏ လက်အောက်ငယ်သားများသည် ဒေါသဖြစ်နေဟန်ရှိသော်လည်း မပြန်ကြပေ။


အိမ်ရှေ့စံ၏ မျက်နှာအမူအရာမှာ ခါးသီးနေဟန်ရှိသည်။သပ်သပ်ရပ်ရပ်ထိုင်ပြီး လက်ဖက်ရည်သောက်နေသည့် ရုံရှားကတော့ သာမန်ဖြစ်သည်။ သူမသည် ရုံရှားအနားသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ ပြီးလျှင် ရုံရှားနှင့် အိမ်ရှေ့စံတို့ကြားမှ ပဋိပက္ခကို သတိမထားမိဟန်ဆောင်သည်။ 


 "အရှင့်သား၊ ညီမတို့အတူတူထိုင်ပြီး စကားမပြောတာကြာပြီ၊ဒီနေ့ ညီမတို့နဲ့အတူတူစားရအောင်လား……ဒီလက်ထောက်ရဲ့နာမည်ကဘယ်လိုခေါ်သလဲ"


 "ဒီနိမ့်ကျတဲ့အရာရှိနာမည်က ကျန်းရှစ်ဖူ ပါ....."


 "အိုး၊ ကျန်းရှစ်ဖူ လား...." 


ပန်းဟွာ ပါးစပ်ကို အုပ်ပြီး တိုးတိုးလေးရယ်လိုက်ရင်း ဖီးနစ်ဆံညှပ်ကို ထိလိုက်သည်။ 


"ရှင့်ကို ကြည့်ပြီးအရင်က ကျွန်မတွေ့ဖူးတဲ့ နန်းတော်ထဲက အထိန်းတော်တစ်ယောက်ကိုတောင်သတိရသွားတယ်၊ အရင်က ကျွန်မကို မကောင်းမြင်ဖူးတဲ့ အထိန်းတော်တစ်ယောက်ရှိတယ်၊ ဒီနှစ်တွေထဲ သူမကို မတွေ့မိလို့ အခု ဘယ်လိုနေလဲ မသိဘူး"


အိမ်ရှေ့စံ၏ လက်အောက်ငယ်သား မျက်နှာပျက်သွားကာ မကျေနပ်မှုများကို မျိုသိပ်ထားလိုက်သည်။ 


"အထိန်းတော်လား"


ပန်းဟွာက သူမလက်ကို အနွေးအိတ်ထဲထည့်ထားကာ 


 "သူမနာမည်က စုန့်ကွေ့ပင်း ဒါမှမဟုတ် စုန့်ကျောက်ယီလို့ခေါ်တယ်ထင်တယ် ၊ကြာပြီဆိုတော့ သူ့နာမည်ကို မေ့လုနီးပါးဖြစ်နေပြီ"


စုန့်ကျောက်ယီ ……


အိမ်ရှေ့စံ၏ လက်အောက်ငယ်သား၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ လွန်ခဲ့သည့်ငါးနှစ်က ဧကရာဇ်၏ မျက်နှာသာပေး အချစ်ခံရသော စုန့်ကျောက်ယီသည် အဆင့်အတန်း မြင့်မြတ်သူတစ်ဦးကို စော်ကားခဲ့၍ ဧကရာဇ်က အမျက်ထွက်ခဲ့ကြောင်း သူ သတိရမိသည်။ ထိုအချိန်မှစ၍ နန်းတော်၌ သူမ မရှိတော့ပေ။ 


ပန်းဟွာကျွင်းကျူးက သူ ဒေါသဖြသ်နေမှန်းသိလို့ အဲ့ဒီ အထိန်းတော်ကို ပြန်အစဖော်တာလား... ပန်းဟွာကျွင်းကျူး ရွာစားဖြစ်ခဲ့တုန်းက အဲ့ဒီအထိန်းတော်က သူမကို သွားပြီး ရန်စတာများလား...


ယခုလို အေးနေသောနေ့တွင် အိမ်ရှေ့စံ၏ လက်အောက်ငယ်သားသည် ရေခဲတုံးတစ်တုံး သူ့လည်ချောင်းထဲ ကျသွားသလို ခံစားလိုက်ရသည်။ အေးစိမ့်မှုကြောင့် သွားမစေ့နိုင်သလိုမျိုး ဘာမှ ပြော၍မရတော့။သူ အိမ်ရှေ့စံကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။  အိမ်ရှေ့စံသည် ပန်းဟွာကျွင်းကျူး သူမထံမှ ကြာပွတ်နှင့် အရိုက်ခံရလျှင်တောင် တိုင်ကြားဖို့မဝံ့ရဲပေ။


 ညစာက အရသာရှိလှသည်။ဟင်းပွဲတိုင်းက အနံ့ အရသာ ပြည့်စုံနေ၏။ရုံမိသားစုသည် မျိုးဆက်နှစ်ဆက်၊ သုံးဆက်အထိ စည်းစိမ်များ လက်ဆင့်ကမ်းလာခဲ့သည့် မိသားစုကြီးဖြစ်သည်။ပန်းမိသားစုသည် အစားကြူးသောကြောင့် မိသားစုနှစ်စု၏ ဘိုးဘေးများသည် ဟင်းချက်နည်းများစွာကို စုဆောင်းထားကြသည်။ ဤလက်ရာကလည်း ပန်းဟွာကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခြင်းဖြစ်နိုင်၏။


အိမ်ရှေ့စံနှင့် ရုံရှားတို့သည် စားပွဲတစ်ခုတည်းတွင် အကြိမ်များစွာ စားဖူးသည်။ ယခင်က ရုံမိသားစု၏ အစားအသောက်က သင့်တင့်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော်လည်း ယနေ့မူ ယခင်ကနှင့်မတူပေ။


အိမ်ရှေ့စံသည် ရုံရှား ဘေးတွင်ထိုင်နေသော ပန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းနားလည်လိုက်သည်။


အိမ်ရှေ့စံ၏ လက်အောက်ငယ်သားက အောက်မှာ ထိုင်နေသည်။ဟင်းပန်းကန်များပြည့်နေသည့် စားပွဲကိုကြည့်လိုက်ရင်း သူ့ရင်ထဲမှာ နာကျင်နေသလို ခံစားရ၏။ 


ဒီပန်းဟွာကျွင်းကျူးက အရမ်း ကြီးကျယ်တာပဲ၊ ဒီလို သိပ်များတဲ့ ဟင်းပွဲတွေကိုတောင် ဧည့်ခံနိုင်တယ်....


ကံမကောင်းစွာနှင့်၊ ရုံရှားသည် သူမ၏ ပြစ်ချက်ကိုမမြင်ဘဲ၊ သူမ၏ အလှအပမှာသာ နစ်မြောပြီး ရုန်းမထွက်နိုင်ဖြစ်နေရှာ၏။ သနားစရာပဲ။


သို့သော်လည်း ဟင်းများ၏ အရသာက တကယ်ကောင်းတာကြောင့် သာမာန်ထက် ပိုစားမိလေ၏။


 ညစာစားကာ လက်ဆေးပြီး ပါးစပ်ကို ဆေးကြောပြီးနောက် အိမ်ရှေ့စံက ရုံရှားအား စကားပြန်စ,သည်။


"ဒီနေ့ကိစ္စက နည်းနည်း အကျပ်ရိုက်စေမယ်ဆိုတာ ငါကိုယ်တော် သိပါတယ်၊ ဒါပေမယ့် ကောကုန်းက ငါ့အခက်အခဲတွေကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"


ရုံရှားက တည်ငြိမ်စွာပြန်ပြောသည်။


 "အရှင့်သား ဟိုးရှေးရှေးကတည်းက သစ္စာစောင့်သိမှုနဲ့ ဖြောင့်မတ်ခြင်းတွေဟာ လူတစ်ယောက်တည်းမှာ ရှိမနေနိုင်ပါဘူး၊ဒီသဘောတရားကို အရှင့်သား နားလည်မယ်လို့ ထင်ပါတယ်" 


အိမ်ရှေ့စံ တိတ်တိတ်လေး သက်ပြင်းချရင်း "နားလည်ပေမယ့် လက်မခံနိုင်ဘူးလေ" 


ရုံရှားက ခနဲ့တဲ့တဲ့အသံနှင့် ရယ်မောလိုက်သည်။ 


 "အိမ်ရှေ့စံကို ကျွန်တော် ဘာမှမလုပ်ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ"


အိမ်ရှေ့စံ မျက်နှာမှာ ပူနွေးလာရ၏။သူ ပန်းဟွာကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ သူမက ခေါင်းငုံ့ပြီး လက်ကောက်ဝတ်ရှိ ကျောက်စိမ်းလက်ကောက်ဖြင့် ကစားနေသည်။ သူတို့စကားဝိုင်းအကြောင်းအရာကို သူမစိတ်ဝင်စားပုံမပေါ်။ထိုအခါ အိမ်ရှေ့စံ၏ လက်အောက်ငယ်သားသည် သူ အခက်အခဲဖြစ်နေသည်ကို မြင်လိုက်တာကြောင့် သည်းမခံနိုင်တော့ဘဲ၊ ဝင်ပြောလိုက်၏။


 “အရှင့်သား နောက်ကျနေပြီ၊ နန်းတော်ကိုပြန်သင့်ပါတယ်” 


အိမ်ရှေ့စံ ရုတ်တရက် သတိပြန်ဝင်လာကာ ရုံရှား နှင့် ပန်းဟွာကို နှုတ်ဆက်လိုက်သည်။


"ဝမ်းကွဲညီမ၊ဝမ်းကွဲယောက်ဖ၊ ငါပြန်တော့မယ်၊ နှုတ်ဆက်ပါတယ်"


ရုံရှား နှင့် ပန်းဟွာ တို့သည် အိမ်ရှေ့စံအား ရုံမိသားစုတံခါးဆီသို့ လိုက်ပို့ကြသည်။ အိမ်ရှေ့စံ မြင်းရထားပေါ်တက်ပြီးနောက် လင်မယားနှစ်ယောက် ပင်မခြံဝင်းဆီသို့ ပြန်သွားကြသည်။


 "အိမ်ရှေ့စံက ရှင့်ကို ဘာလို့လာရှာတာလဲ"


 "သူက ကိုယ့်ကို တရားရုံးကို ပြန်လာစေချင်တယ်တဲ့"


 "အခု တရားရုံးက ပရမ်းပတာဖြစ်ပြီး ဂိုဏ်းကွဲတွေအများကြီးရှိနေတာ၊ ပြီးခဲ့တဲ့တခါကလည်း ရှင့်ကို ဧကရာဇ်က အပြစ်ပေးခဲ့တယ်၊ဒီလိုအရှုပ်အထွေးမျိုးမှာ ဘယ်သူက ပါချင်မလဲ၊ နင်းဝမ်မင်းသားကလည်း ဧကရာဇ်ဖြစ်ဖို့ ကြိုစားနေတာလေ၊ အဲဒါကို စိတ်မပူပါနဲ့။


ရုံရှားက ပန်းဟွာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။


 "ဟွာဟွာက အိမ်ရှေ့စံကို ကူညီခိုင်းမယ်လို့ ထင်ခဲ့တာ"  


ပန်းဟွာ ခေါင်းခါလိုက်ရင်း


"အဘိုးနဲ့အဘွားကပြောဖူးတယ်၊ ကောင်းကင်အောက်က အရာအားလုံးဟာ အထွတ်အထိပ်ရောက်ပြီးရင် ပြန် ဆုတ်ယုတ်ပြီး ပြန်လည်မွေးဖွားတတ်တယ်တဲ့၊ ရှင် အဲဒီကိုသွားရင်တောင် အများကြီးပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်"


 နှစ်အနည်းငယ်အတွင်း ဧကရာဇ်အသစ် နန်းတက်လာသောအခါ၊သူမသည် ရုန်းရင်းဆန်ခတ်ကြားထဲတွင် ပါဝင်တော့မည်မဟုတ်ပေ။


ရုံရှားက ပြုံးပြီး


 "အဘိုးနဲ့အဘွားပြောတာမှန်ပါတယ်၊အထွတ်အထိပ်ရောက်ပြီး ပြန်လည်မွေးဖွားလာတယ်၊ ဒီကမ္ဘာကြီးမှာ အချိုးအကွေ့တစ်ခု အမြဲရှိနေမှာပါ"


 နောက်တစ်နေ့နံနက်တွင် ပန်းဟွာသည် အရှေ့နန်းတော်မှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။ အိမ်ရှေ့စံ မင်းသမီးက မှူးမတ်တွေကို အရှေ့နန်းတော်မှာ လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်ခြင်းပင်။ပန်းဟွာ၏ အဆင့်အတန်းသည် မြင့်မားသောကြောင့် သူမလည်း သဘာဝအတိုင်း ဖိတ်ကြားခြင်းခံရသည်။


သူမက ဖိတ်စာကိုကိုင်ပြီး အကြိမ်ပေါင်းများစွာ ကြည့်လိုက်၏။ ကြည့်လေလေ၊ဖိတ်စာက အိမ်ရှေ့စံမင်းသမီးကိုယ်တိုင်ရေးထားသည်ဟု ထင်မိလေလေပင်။လက်ရေးများအား သိပ်မကြည့်တတ်သော်လည်း ဖိတ်ကြားလွှာ၏အောက်ခြေရှိ အိမ်ရှေ့စံမင်းသမီး၏ တံဆိပ်ကိုမှတ်မိနေသေးသည်။ 


 "ကျွင်းကျူး ၊အိမ်ရှေ့စံမင်းသမီးက ကျွန်မတို့နဲ့ ဘယ်တုန်းကမှ ဆက်ဆံရေးမကောင်းခဲ့ဘူး၊ ကျွင်းကျူး မသွားဘူးမဟုတ်လား" ရူရီက ပန်းဟွာ၏ လက်ထဲက ဖိတ်ကြားလွှာကို စိုးရိမ်တကြီးကြည့်ရင်း ပြောသည်။


"သူမက ကျွင်းကျူး အခက်တွေ့အောင် တမင်တကာလုပ်မှာကို စိုးရိမ်မိလို့ပါ"


ပန်းဟွာက ဖိတ်စာကို စားပွဲပေါ်ပြန်ချလိုက်သည်။ "မသွားလို့ မဖြစ်ဘူး၊ငါ လက်ထပ်ပြီးကတည်းက ဒါက ပထမဆုံး ရတဲ့ ဖိတ်စာပါ၊ငါ စတိုင်လ်ကျကျနဲ့ လိုက်သွားချင်တယ်၊ အိမ်ရှေ့စံမင်းသမီးကတော့  ငါ့ကိုဘာမှ လုပ်ဝံ့မှာမဟုတ်ဘူး"


ရှစ်ရှစ်၏ လက်ရှိအခြေအနေအရ ရူးနေလျှင်တောင် သူမ စိတ်မချမ်းသာအောင် ဘာမျှလုပ်မည်မဟုတ်ချေ။ ထို့အပြင် ရှစ်ဖေးရှန့်သည် သူမ၏ ဖခင်ဖြစ်သူ လုပ်ကြံခံရမှုနောက်ကွယ်တွင် ချုပ်ကိုင်သူမဟုတ်ကြောင်း သူမသိထားပြီးဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသမီးအား အမြင်ရှင်းသည်။  


ယခုချိန်ထိ လူသတ်သမားအစစ်က ဘယ်သူမှန်း သူမ မသိသေးပေ။ သို့သော်လည်း ဤကိစ္စသည် တရားရုံးကပါ ပါဝင်နေသောကြောင့် ၎င်းသည် သူမ အလွယ်တကူ စုံစမ်းနိုင်သော အရာမဟုတ်ပေ။ သို့သော် သူမ မကျေနပ်နိုင်ပေ။ ဤအကြောင်းအရာရဲ့ အမှန်တရားကို မတွေ့လျှင် သူမလည်း စိတ်မချမ်းသာနိုင်ပေ။ လုပ်ကြံသူကအစစ်က ဘယ်မှာ ပုန်းအောင်းနေလဲ ဘယ်သူသိလဲ၊ သူက ဘန်မိသားစုကို ထပ်ပြီး ဆန့်ကျင်ဖို့ ကြံစည်မလား။


ဧကရာဇ်သည် ဤကိစ္စရပ်၏ နောက်ကွယ်တွင် ရှိနေကြောင်း ယောင်ဝါးဝါး ခံစားမိသောကြောင့် သူမအလွန်ကြောက်လန့်သွားခဲ့သည်။  ဧကရာဇ်သည် သူမ၏ဖခင်အား လုပ်ကြံသတ်ဖြတ်ခြင်းကို အသုံးပြု၍ ရှစ်မိသားစုကို နှိမ်နှင်းလိုခြင်းဖြစ်သည်။ အမှန်တရားက သူ့အတွက် အရေးမကြီး၊ သူသည် ပန်းမိသားစုကိုသာ အမှန်တရားဖြစ်ကြောင်း ယုံကြည်စေချင်သည်။


 "ကျွင်းကျူး"


ပန်းဟွာက သူမကိုခေါ်နေသော ရူရီကိုကြည့်ကာ "မြူသား နန်းတော်ဝတ်စုံကို ထုတ်လိုက်ပါ၊ မနက်ဖြန် ငါ နန်းတော်ကို ဝတ်သွားလိုက်မယ်"


 "ဝတ်စုံက လှလွန်းမနေဘူးလား"  


ရူရီသည် မြူခိုးအတုပိတ်သားဖြင့် ပြုလုပ်ထားသော နန်းတော်ဝတ်ရုံကို ကြည့်လိုက်၏။ကျွင်းကျူးနှင့် မလက်ထပ်ခင်မှာကတည်းက၊ ကောကုန်းသည် ပန်းထိုးသမားများအား စတင်ဖန်တီးဖို့ အမိန့်ပေးခဲ့သည်ဟုဆိုသည်။လွန်ခဲ့သော နှစ်ရက်ကမှ ပြီးစီးခဲ့သည်။  ၀တ်ရုံတစ်ခုလုံးသည် အပြစ်အနာအဆာမရှိဘဲ နတ်သမီးဝတ်ရုံကဲ့သို့ လှပနေလျက်ရှိသည်။


ကိုယ်တိုင် မျက်စိနှင့် မမြင်ရလျှင် ကောကုန်းလို ယောက်ျားကြီး တစ်ယောက်က ကျွင်းကျူးအတွက် အင်မတန်လှသော အဝတ်အစားကို ပြင်ဆင်ပေးမည်ဟု ဘယ်သူမှ ယုံမှာမဟုတ်။ကောကုန်း၏ ပင်ကိုယ်စရိုက်အရဆိုလျှင်၊သူသည် ရိုးရှင်းပြီး ကြော့ရှင်းသော အဝတ်အစားများကိုသာ နှစ်သက်နိုင်သည်။ အဝေးမှပင် မြင်သာထင်သာရှိသော အဝတ်အစားများအား နှစ်သက်မည်မဟုတ်ပေ။


 “လှလိုက်တာ”ပန်းဟွာက မှန်ထဲမှ သူမမျက်နှာကို ကြည့်ရင်း “သူတို့က ငါ့ကို အတင်းပြောချင်တာ၊ငါ့ကို မနာလိုဖြစ်နေကြတာလေ၊ ဒါပေမယ့် သည်းခံရမယ်၊အဲ့ဒီသည်းခံရတဲ့ခံစားချက်ကိုက သိပ်ကောင်းတာ”


ရူရီက ရယ်လိုက်ရင်း "ဟိုတခါ သူတို့ပြောတဲ့ အတင်းစကားကို မှတ်မိသေးလား"


ပန်းဟွာက နှုတ်ခမ်းနီကို နှုတ်ခမ်းပေါ်တင်ကာသေချာပြန့်အောင်ဆိုးလိုက်၏။


 "ငါက သူတော်စင် မဟုတ်ဘူးလေ၊ သူများတွေ ငါ့အကြောင်း ဘယ်လိုပြောတယ်ဆိုတာ အခုထိ မှတ်မိတာပေါ့၊သူများကိုအပြစ်လာပြောတယ်ဆိုတာ သူတို့ အမှားလုပ်လိုက်တာပဲ"  


ရူရီ ခေါင်းညိတ်ပြီး "ကျွင်းကျူးပြောတာမှန်တယ်"


သူမကတော့ ကျွင်းကျူး ဘာပဲပြောပြော အမြဲမှန်နေသည်ချည်းပင်။


 နန်းတော်ထဲမှ နင်းဝမ်မင်းသား၏ နန်းဆောင်.....


 "ကြင်ယာတော်မင်းသမီး" 


နန်းတော်မှ အိမ်အကူတစ်ယောက်က ရှဲ့ဝမ်ယွီရှေ့တွင် မှန်ကို မြှောက်ပြလိုက်ပြီး "ဒါ အဆင်ပြေတယ်လို့ ကြင်ယာတော်မင်းသမီးထင်ပါသလား"


ရှဲ့ဝမ်ယွီ ခေါင်းညိတ်လိုက်သည်။အနီရောင်ဝတ်စုံသည် သူမ၏ အနည်းငယ် ဖောင်းအစ်အစ်မျက်နှာကို ကောင်းစွာဖုံးအုပ်ထားပြီး နှုတ်ခမ်းနီကလည်း သူမ၏နှုတ်ခမ်းများကို နီရဲတောက်ပြောင်စေသည်။  မိတ်ကပ်လိမ်းခြင်းသည် ကမ္ဘာပေါ်တွင် အံ့ဖွယ်အကောင်းဆုံးအရာဖြစ်နိုင်သည်။  အမျိုးသမီးတစ်ဦး၏ ပင်ပန်းနွမ်းနယ်မှုနှင့် ခံစားချက်အားလုံးကို  မိတ်ကပ်အောက်မှာ မြှုပ်နှံနိုင်သည်။သူမကိုယ်တိုင်ကလွဲ၍ သူမဘာတွေးနေမှန်း ဘယ်သူမှမသိနိုင်တော့။


"အချိန်နီးနေပြီမဟုတ်လား” 


သူမက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ မျက်လုံးများကို ကြည့်လိုက်သည်။


 "ဟုတ်ကဲ့"


 "ဒါဆို သွားကြရအောင်"


 နွေဦးရာသီက အနည်းငယ်အေးသဖြင့် ရှဲ့ဝမ်ယွီသည် မြေခွေးသားမွေးအင်္ကျီကို ၀တ်ထားသည်။လမ်းတစ်လျှောက်တွင် နန်းတော်အစေအပါးများစွာနှင့် တိုင်ဂျန်တို့သည် သူမအား ဦးညွတ်ကြသည်။ အတိတ်က ခံစားခဲ့ရသည့် အဖြသ်အပျက်တို့ကြောင့် သူမ ဤမြင်ကွင်းက်ု ဂုဏ်ယူမနေနိုက်တော့။ သူမသည် ဤနန်းတော်အိမ်ဖော်များနှင့် တိုင်ဂျန်တို့ထက် အဆင့်အတန်းပိုမြင့်သော သနားစရာကောင်းသူတစ်ဦးသာဖြစ်သည်။ 


သူတို့ဆီကနေ ဦးညွတ်ခံရတာက  ဘာဂုဏ်ယူစရာရှိလို့လဲ...


 အရှေ့နန်းတော် တံခါးဝသို့ ရောက်သည်နှင့် မနီးမဝေးမှ အသံများကို ကြားလိုက်ရသည်။ သူမ ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။


ပန်းဟွာကို နန်းတော်အစေအပါးများနှင့် မိန်းမစိုးတို့က ဝိုင်းရံထားကြသည်။  တစ်ချို့က သူမ၏ ဝတ်စုံကို ချီးကျူးကြပြီး တစ်ချို့က သူမအလှကို ချီးမွမ်းနေသည်။ပျော်နေသော ပန်းဟွာက ဝမ်းသာပြီး ရွှေနေကြာစေ့ လက်တစ်ဆုပ်စာလောက် ဆုချလိုက်သည်။ ထိုစဉ် သူမရှေ့မှာ ရပ်နေသူအား မြင်လိုက်ရ၏။


ရှဲ့ဝမ်ယွီ?


ရှဲ့ဝမ်ယွီ၏မျက်နှာရှိ မိတ်ကပ်အထူကြီးကို သတိပြုမိလိုက်ကာ ပန်းဟွာ ရှေ့သို့ဆက်မသွားတော့ပေ။သူမတို့အကြည့်ချင်း လေထဲမှာ ဆုံသွားသည်။ပန်းဟွာကို ထိတ်လန့်စေသည့်တစ်ခုတည်း‌သော အရာမှာ ရှဲ့ဝမ်ယွီသည်၊ သူမအား အသိအမှတ်ပြု ခေါင်းညိတ်ပြပြီးနောက် အရှေ့နန်းတော်တံခါးအတွင်းသို့ လှည့်ဝင်သွားခြင်းပင်ဖြစ်သည်။


ရှဲ့ဝမ်ယွီက ဘယ်တုန်းက ပေါင်းသင်းဆက်ဆံရ ‌ပြေပြစ်လာတာလဲ။  ပန်းဟွာ လုံးဝ ထိတ်လန့်သွားရသည်။သူမကို နောက်ဆုံးအကြိမ်က ဧည့်ဝတ်ကျေခဲ့သော နန်းတော်အစေအပါးများနှင့် ထိုင်ဂျန်တို့သည် ပို၍ပင် ဂရုတစိုက်ရှိကြသည်။ သူတို့သည် ပန်းဟွာအား အရှေ့နန်းတော်သို့ ကြိုဆိုပြီးနောက် လေးလေးနက်နက် ဦးညွတ်ကာ ကမန်းကတန်း ပြန်ဆုတ်သွားကြသည်။


မြို့စားကတော် တစ်ဦးက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ပြောသည်။


 "ကောကုန်းချမ်အမ်ရဲ့ဇနီး မရောက်သေးဘူးလား၊ သတို့သမီးအသစ်ကို တွေ့ဖို့ စိတ်စောနေမိတယ်” 


 "ဘာလဲ ကောကုန်းချမ်အမ်ရဲ့ဇနီး ဆိုတာက.....,"  အမျိုးသမီး တစ်ယောက်က လှောင်ပြောင်နေသလိုမျိုး အသံထွက်ကာရယ်လိုက်၏။ 


"ပန်းဟွာကျွင်းကျူးရဲ့ ဘွဲ့က ကောကုန်းချမ်အမ်ထက် ပိုမြင့်ပါတယ်၊အဲ့ဒီတော့ သူမကို ကောကုန်းချမ်အမ်ရဲ့ ကြင်ယာတော်ကျွင်းကျူးလို့ခေါ်သင့်တယ်"


ကောကုန်းချမ်အမ်နှင့် ပန်းဟွာကျွင်းကျူးတို့၏ ရာထူးက ရှေ့နောက်ခေါ်၍ သိပ်အဆင်မပြေပေ။


ကောကုန်းချမ်အမ်၏ ရာထူးကမနိမ့်ပါးပေ။သူသည် အင်ပါယာတရားရုံးသို့ မပြန်သေးသော်လည်း ဝန်ကြီးအဖြစ် ရှိနေသေးသည်။ထို့အပြင်၊ သူသည် လက်ရှိဧကရာဇ်၏ တရားမဝင်သားတော်ဖြစ်နိုင်သည်။ ပန်းဟွာကျွင်းကျူး ဟုခေါ်လျှင်လည်း မသင့်တော်ပြန်ပေ။ အဆင့်သတ်မှတ်ချက်အရ ပန်းဟွာသည် ရုံရှားထက် ရာထူးနှစ်ဆင့်မြင့်သည်။


ပန်းဟွာကျွင်းကျူးသည် ကောကုန်းချမ်အမ် နှင့် လက်ထပ်ခဲ့ခြင်းက သူမ၏ ရာထူးနှင့်ဆိုလျှင် အောက်ကိုနိမ့်၍လက်ထပ်ခြင်းပင်ဖြစ်သည်။ထိုစဥ် ပန်းဟွာက ပြုံးပြုံးရွှင်ရွှင်နှင့် ဝင်လာခဲ့သည်။


 "အစ်မတို့၊ ကြိုက်သလို ခေါ်လို့ရတယ်၊ကျွန်မနဲ့ ကောကုန်းက ဒါတွေကို ဂရုမစိုက်ဘူး"



xxxxxx