Chapter 146
အမျိုးသမီးများသည် လှည့်ကြည့်လိုက်ရာ ပန်းဟွာ၏ကိုယ်ပေါ်ရှိ ပန်းချီကားတစ်ချပ်လို လှပသော နန်းတော်အဝတ်အစားများကြောင့် ပထမဆုံး အံ့အားသင့်သွားခဲ့ကြသည်။သို့သော်လည်း ပန်းဟွာကျွင်းကျူး သည် ကောကုန်းချမ်အမ် နှင့် လက်ထပ်ထားကြောင်း သတိရမိသွား၏။ရုံရှားချောမောသော အမျိုးကောင်းသား ဖြစ်၍ အလွန်အဆင့်အတန်းရှိစွာ ကျက်သရေရှိရှိနေထိုင်တတ်သည်။
ဒါဆို သူမလို အလွန်အကျွံဝတ်စားတတ်တဲ့သူကို ကောကုန်းချမ်အမ် သဘောမကျမှာ သူမ မကြောက်ဘူးလား...
ကောကုန်းချမ်အမ်သည် ပန်းဟွာကျွင်းကျူးနှင့် လက်ထပ်ရန် ဆန္ဒရှိနေသည့်အတွက် သူမတို့ပင် အတော်အံ့အားသင့်နေခဲ့ကြရ၏။သို့သော်လည်း ပန်းဟွာကျွင်းကျူး သည် ကောကုန်းချမ်အမ် ၏ထင်မြင်ချက်ကို လုံးဝဂရုစိုက်ဟန်မတူပေ။
သူမက တော်ရုံမောက်မာတာမဟုတ်ဘူးပဲ၊ ကောကုန်းချမ်အမ်ဟာ ရှားရှားပါးပါး လူကြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့ရင်တောင်မှ သူမကို ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲ...
"ကျွန်မ အိမ်ရှေ့ စံမင်းသမီးကို နှုတ်ဆက်ပါတယ်၊ နောက်ကျမှ ရောက်လာမိလို့ အိမ်ရှေ့ စံမင်းသမီး၊ ခွင့်လွှတ်ပေးပါ" ပန်းဟွာသည် အိမ်ရှေ့စံ မင်းသမီးရှေ့သို့ လာ၍ ဦးညွတ်သည်။
"မိသားစုချင်းပဲ ယဉ်ကျေးသိမ်မွေ့ဖို့ မလိုပါဘူး၊ကျေးဇူးပြုပြီး ထိုင်ပါ" အိမ်ရှေ့စံမင်းသမီးက ပြုံးပြီး ပန်းဟွာကို ထိုင်ဖို့ ဖိတ်ခေါ်သည်။
" နန်းတော်မှာ ဘာမှလုပ်စရာမရှိဘူး၊ ဒါကြောင့် အားလုံးကို လာဖို့ ဖိတ်ခေါ်ချင်တာပါ၊ စကားပြော၊ လက်ဖက်ရည်သောက်ပြီး ပြဇာတ်ကြည့်ကြမယ်လေ"
"သူမက ပြောပြောဆိုဆို ပန်းဟွာအား ပြဇာတ်ခေါင်းစဉ်စာရွက်အားပေးလိုက်သည်။ပန်းဟွာ စိတ်ကြိုက်ပြဇာတ်ကိုရွေးခိုင်းခြင်းပင်ဖြစ်သည်။
ပန်းဟွာသည် သက်ဝင်လှုပ်ရှားသည့် ပြဇာတ်တစ်ခုကို တိတ်တဆိတ် ရွေးချယ်ပြီးနောက် စာရွက်ကို အိမ်ရှေ့စံမင်းသမီးထံ ပြန်ပေးခဲ့သည်။
အိမ်ရှေ့စံမင်းသမီးက သူမကို ယခုထိ အမြင်မကြည်ကြောင်း မပြသေးသဖြင့် စိတ်သက်သာရာရသွားမိသည်။ အိမ်ရှေ့စံမင်းသမီးက ဒုတိယညီမနှင့် ပတ်သတ်၍ သူမအား တမင်တကာ အရှက်ရစေမည်ကို ကြောက်မိသည်။
ခဏအကြာတွင် ဧကရီသည် သစ်သီးများနှင့် မုန့်များအား အသေခံတစ်ယောက်နှင့် အပေးခိုင်းလိုက်သည်။သူမ နေမကောင်းဖြစ်၍ မပါဝင်နိုင်ကြောင်းပြောသည်။ အားလုံးပျော်ရွှင်ကြဖို့သာ မှာကြားလေ၏။
ဧကရီ၏လုပ်ရပ်က အိမ်ရှေ့စံမင်းသမီးကို လုံလုံလောက်လောက် မျက်နှာရစေသည်။အိမ်ရှေ့စံကို ဂရုစိုက်ပြီး အိမ်ရှေ့စံမင်းသမီးကိုလည်း ကြင်နာဟန်ရှိသော ဧကရီကို အမျိုးသမီးတိုင်းက ချီးကျူးကြ၏။အိမ်ရှေ့စံမင်းသမီးလည်း ရယ်မော ပြုံးပျော်ပြီး သူမ မကြိုက်သည့် မုန့်နှစ်ခုကိုတောင် စားပစ်လေသည်။
လက်ဖက်ရည်သောက်ပြီးနောက် အမျိုးသမီးများသည် ခြံဝင်း၏ နောက်ကျောကို နေရာပြောင်းကြသည်။ ပန်းဟွာလည်း ထသွားသောအခါ၊ ရှဲ့ဝမ်ယွီသည် သူမ နောက်သို့လိုက်လာသည်ကိုတွေ့လိုက်ရသည်။ကြင်ယာတော်မင်းသမီးဖြစ်နေသော ရှဲ့ဝမ်ယွီ သည် သူမနှင့်အတူ နန်းတော်အစေခံတစ်ဦးသာ ခေါ်ဆောင်လာခဲ့၏။ထိုအစေခံမလေးက ရှဲ့ဝမ်ယွီနှင့်အနီးကပ်တာဝန်ထမ်းဆောင်နေသူတစ်ယောက်ပင်။
"ပန်းဟွာ"ရှဲ့ဝမ်ယွီသည် ပန်းဟွာ အနားမှ ဖြတ်သွားကာ ရုတ်တရက် သူမကို တွန်းလိုက်သည်။ "နင် ဘာဖြစ်နေတာလဲ၊ လမ်းမလျှောက်တတ်ဘူးလား"
"ကြင်ယာတော်မင်းသမီး ဘာလုပ်တာပါလဲ" ရူရီသည် ပန်းဟွာကို တွဲထားလိုက်ကာ ရှဲ့ဝမ်ယွီ ကို စိုက်ကြည့်နေသည်။
"ကြင်ယာတော်မင်းသမီး ကျေးဇူးပြုပြီး ဂုဏ်သိက္ခာရှိပါ"
ရှဲ့ဝမ်ယွီသည် ပန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး ဟွန့်ကနဲမဲ့ကာ လှည့်ထွက်သွားသည်။
ရူရီက ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး "သူမ ရူးနေတာလား"
ပန်းဟွာသည် ရှဲ့ဝမ်ယွီ ထွက်ခွာသွားသော ဦးတည်ရာဆီသို့ မော့ကြည့်လိုက်သည်။ တစ်ဖက်ကိုလှည့်ကြည့်လိုက်သော အဝေးက တောင်အတုကြီးနားမှာ မိန်းမစိုးနှစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။
"အဆင်ပြေပါတယ်"
ပန်းဟွာက ရူရီအား အတွင်းခန်းထဲကို ခေါ်သွားပြီး လက်ထဲက စာရွက်တစ်ရွက်ကို ဖွင့်ဖတ်လိုက်သည်။
ရူရီသည် ပန်းဟွာ၏လက်ထဲမှ စာရွက်တစ်ရွက်ကို ထိတ်လန့်စွာကြည့်နေသည်။ ထို့နောက်ဘေးဘီကို လျင်မြန်စွာ လှည့်ပတ်ကြည့်ရှုပြီးနောက် လေဝင်လေထွက်ကောင်းသွားဖို့ ဘေးဘက်ရှိ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အရိပ်က စာရွက်ပေါ်ကို ကျသွားလေ၏။
နင်းဝမ်မင်းသားက သတ်ဖို့ကြံစည်နေတယ်၊သတိထားပါ....
ပန်းဟွာ စာရွက်ပေါ်မှ စကားလုံးများကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲကာ သူမနှင့်အတူ သယ်ဆောင်လာသော အိတ်တစ်ခုထဲသို့ ထည့်လိုက်သည်။
သူမသည် ရှဲ့ဝမ်ယွီ နှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိခဲ့ပေ။ ဒါဆို ရှဲ့ဝမ်ယွီက သူမကို ဘာလို့သတိပေးခဲ့တာလဲ။ကျန်းလောက သူ့အစ်ကိုကို နာကျင်စေလို့လား၊ ဒါမှမဟုတ် ကျန်းလော က ရှဲ့ဝမ်ယွီကို ကောင်းကောင်းမဆက်ဆံတာကြောင့်လား။
သူမကသာ ဒီစာရွက်လေးကို ဧကရာဇ်ထံ တင်ပြလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးမကြည့်ဘူးလား။ သူမသည် မှန်ရှေ့သို့ လျှောက်သွားပြီး ဆံပင်ရှိ ဖီးနစ်ဆံညှပ်ကို ထိလိုက်ကာရူရီ ကိုပြော၏။
"ပြန်ကြရအောင်"
"ဟုတ်ကဲ့"
ရူရီက စာရွက်ပေါ်မှာ ဘာတွေရေးထားမှန်းမသိသော်လည်း အရေးကြီးသည့် ကိစ္စဖြစ်မည်ဟုသိလိုက်၏။ ဒီလိုမှမဟုတ်ရင် ကျွင်းကျူးဟာ အဲဒီလောက်ဂရုတစိုက်နဲ့ အပိုင်းပိုင်း စုတ်ဖြဲပစ်မှာ မဟုတ်ပါဘူး။
ပင်မခန်းမသို့ ပြန်ရောက်သောအခါ၊ ရှဲ့ဝမ်ယွီသည် ထိုင်ခုံမှာ ထိုင်နေပြီဖြစ်ကြောင်း ပန်းဟွာ တွေ့လိုက်ရသည်။ သူမ ဝင်လာသောအခါ ရှဲ့ဝမ်ယွီ သည် သူမကို ခေါင်းမော့၍ပင်မကြည့်ချေ။
သို့သော် အိမ်ရှေ့စံမင်းသမီးက ပန်းဟွာ ဝင်လာသည်ကိုမြင်သောအခါ သူမကို ပြုံးပြသည်။အိမ်ရှေ့စံမင်းသမီးသည် စိတ်ထဲကမူ ပန်းဟွာကို သဘောမကျပေ။ ပန်းဟွာသည် နေအိမ်အထိလာ၍ အရာရှိများကို ခေါ်ဆောင်ကာ သူမ၏ညီမငယ်အား တရားရုံးချုပ်သို့ ခေါ်သွားသည်ကို သူမ အမြဲအမှတ်ရနေခဲ့သည်။ပို၍ အံသြစရာကောင်းတာက သူ့ညီမ သဘောကျသည့် ယောက်ျားကို ပန်းဟွာက အပိုင်သိမ်းထားတာကိုပင်။
ပန်းဟွာသည် ရုံရှားနှင့် လက်ထပ်ထားသည်မှာ တစ်လခွဲကြာ သော်လည်း သူမ၏ အသားအရေသည် နှင်းဆီရောင်သွေးနေပြီး ပျော်ရွှင်နေပုံလည်းရသည်။အိမ်ထောင်ကျပြီးနောက် သူမ အလွန် ပျော်ရွှင်နေသည်မှာထင်ရှား၏။ထို့ကြောင့် သူမက မာနာထောင်လွှားနေခြင်းပင်။ ထို့အပြင် သူမဝတ်ထားသည့် နန်းတော်ဝတ်စုံကို ရှားပါးသော မြူခိုးအတုများအား ပိတ်သားရက်ခြင်းဖြင့် ပြုလုပ်ထားသည်။ မသိပါက၊ ပန်းမိသားစုသည် သူမအတွက် မင်္ဂလာ ခန်းဝင်ပစ္စည်းအဖြသ် ပေးလိုက်သည်ဟုထင်စရာရှိ၏။ သို့သော် ဤဝတ်စုံကို ပန်းမိသားစုက ပေးခြင်းမဟုတ်မှနမး သူမ သိနေပါ၏။
စက်မှုလုပ်ငန်းတွင် မြူခိုးအတုပြုလုပ်သည့် ပစ္စည်းများ အလွန်နည်းပါးကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထား၏။ ရှိလျှင်ပင် ၎င်းတို့ကို ဝတ်ရုံ သို့မဟုတ် လက်ကိုင်ပုဝါပြုလုပ်ရန်သာ အသုံးပြုနိုင်သည်။ အဝတ်အစားပြုလုပ်ရန် ၎င်းကိုအသုံးပြုဖို့ရာမှာ အလွန်အဖိုးတန်သည်။ထို့အပြင်၊အလွန်ကြီးကျယ်ခမ်းနာသူဆိုလျှင်ပင် ထိုကဲ့သို့သော ကောင်းမွန်သော ပစ္စည်းကို ဝယ်ယူရန် အလွန်ခက်ခဲသည်။
မြူခိုးအတုပြုလုပ်သောပစ္စည်းများသည် အလွန်ရှုပ်ထွေးသည်ဟု ဆိုကြသည်။ရလာသည့် အထည်မှာလည်း အကြာကြီးထားလျှင်တောင် အရောင်မပျက်ပေ။ အနှစ်တစ်ရာလောက်။ကြာလျှင်ပင် တိမ်အစစ်လို လှပနေဆဲပင်။ သို့သော် ရက်လုပ်နည်းကို သိသော ရက်ကန်းသမားသည် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ သူ့တွင် သားစဉ်မြေးဆက်မရှိသလို၊ တပည့်လည်းမရှိသောကြောင့် လက်ရာက ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် မြူခိုးအတုပြုလုပ်သည့်ပစ္စည်းများကို ရှိလျှင်တောင် အထည်ရက်၍ မရနိုင်ပေ။
ဧကရာဇ် နန်းတက်သောအခါတွင် မြူခိုးအတုဖြင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုနှင့် ကောကုန်းချမ်အမ်ကို အထူးဆုချသည်ဟု သူမကြားလိုက်ရသည်။ သို့သော် ကောကုန်းချမ်အမ်ရဲ့ ကြင်ယာတော်ကျွင်းကျူးသည် လှပသော အရာများကို မကြိုက်နှစ်သက်သောကြောင့်၊ မြူခိုးအတုအထည်သည် ကောကုန်းချမ်အမ် အိမ်တော်က မည်သူမျှ မဝတ်ဆင်ကြပေ။ နောက်အနှစ်နှစ်ဆယ်အကြာမှ၊ ဤမြူခိုးအတုပိတ်သားကို ပန်းဟွာ အသုံးပြုလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ကောကုန်းချမ်အမ် သည် ပန်းဟွာအား အလွန်ရက်ရောလှသည်။
နေ့လယ်စာစားနေစဉ်အတွင်း အိမ်ရှေ့စံမင်းသမီးသည် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ပန်းဟွာအား မေးလိုက်သည်။
"ကျွင်းကျူး ဝတ်ထားတဲ့ နန်းတော်ဝတ်စုံက အရမ်းလှတယ်၊ အဲဒါက ဘာပစ္စည်းနဲ့လုပ်ထားလဲမသိဘူး"
"သိပ်တော့ ကျွန်မလည်း သေချာမသိဘူး" ပန်းဟွာ က ကူကယ်ရာမဲ့ ပြုံးပြီး "ကျွန်မက ဒီပွဲအတွက် ဝတ်ဖို့ အဝတ်အစားရွေးတုန်းက ဘာပစ္စည်းနဲ့ ချည်ထိုးလုပ်ထားလဲဆိုတာ ဂရုမစိုက်မိဘူးလေ၊ကြိုက်လို့ဝတ်လိုက်တာ"
ပန်းဟွာကျွင်းကျူးက ခြောက်သွေ့စွာ ရယ်မောလိုက်ပြီး
"ဒီဝတ်စုံက ကျွင်းကျူးရဲ့ အလှကို တကယ်ကို ဖြည့်ဆည်းပေးတယ်"
ပန်းဟွာက ပြုံးပြီး ချီးကျူးစကားကို လက်ခံလိုက်၏။သူမဝတ်ထားသည့် နန်းတော်ဝတ်စုံက အတော်လှပသည်။သူမ ပုံသံလေးနှင့်လိုက်ဖက်လွန်းသဖြင့် အခြားအမျိုးသမီးများလည်း မနာလိုဝန်တိုစိတ်များဖြစ်လာကြတော့၏။ထိုစဉ် အမျိုးသမီးငယ်တစ်ဦးမှ ပြောသည်။
"ကျွင်းကျူးက သိပ်ကြီးကျယ်လွန်းတယ်၊ ကောကုန်းချမ်အမ်က ချွေတာတတ်တယ်လေ၊ကျွင်းကျူး ဒီလိုလုပ်ရင် တခြားသူတွေက ကောကုန်းကို ဘယ်လိုမြင်ကြမလဲ"
ပန်းဟွာ မျက်ခုံးပင့်ကာ စကားပြောနေသော အမျိုးသမီးကို ကြည့်လိုက်သည်။ ပြီးလျှင် ဒေါသမထွက်ဘဲ ပြုံးပြီးပြောသည်။
"ရှင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ၊ လင်နဲ့မယားကြားက ကိစ္စကို ဘာကြောင့် ရှင်က စိတ်ပူနေတာလဲ၊ ဒီနန်းတော်ဝတ်စုံက ကျွန်မအတွက် ဖန်တီးထားတာ၊ ကောကုန်းက ကျွန်မအတွက် တမင်တကာ ချုပ်ခိုင်းထာတာလေ၊ရှင့်လို အပြင်လူက ဘာဆိုင်လို့လဲ"
ထိုစကားကိုကြားပြီးနောက် သူမမျက်နှာသည် နီမြန်းလာပြီး ခဏအကြာတွင်
"နားလည်မှုလွဲသွားပါတယ်၊ ကျွင်းကျူး ရန်လိုနေဖို့ မလိုပါဘူး"
"ကျွန်မက ရှင်နဲ့မသက်ဆိုင်တဲ့ အပြင်လူတစ်ယောက်၊ ကျွန်မ ဝတ်တာကို ထိန်းချုပ်ပိုင်ခွင့် မရှိဘူး၊ ဒါကိုတောင် ကျွန်မက ရန်လိုတယ်လို့ ထင်နေတုန်းပဲကိုး၊ ရှင်က ဘယ်မိသားစုကလဲ၊ ဒီကျင့်ဝတ်နည်းနည်းလေးတောင်မှ မသိဘူးလား၊ ပုံစံကြည့်ရတာ အသက်ကလည်း ငယ်တော့တာမဟုတ်ဘူး၊ တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်မပြောရဘူးဆိုတာ ရှင် သိတောင်မသိဘူးလား"
ထိုစဉ် ပန်းဟွာကို မျက်နှာလုပ်ချင်သော အမျိုးသမီးတစ်ဦးက ပြောသည်။
"ပန်းဟွာကျွင်းကျူး၊ သူမက တော်ဝင် ပညာရေးကောလိပ်ရဲ့ သဘာပတိကြီးရဲ့ ဇနီးပါ၊ သူ့မိသားစုနာမည်က ယန်ပါ...သူ့မှာ အစ်မတစ်ယောက်ရှိပါတယ်”
ပန်းဟွာ သေသေချာချာစဉ်းစားပြီး ခေါင်းခါလိုက်သည်။
"ကျွန်မ သူ့ကို မမှတ်မိဘူး"
"အသေးစိတ်ပြောရရင် ကောကုန်းချမ်အမ်တို့ အိမ်တော်က အစတုန်းက သူမရဲ့မိသားစုနဲ့ ဆက်ဆံရေးအချို့ရှိခဲ့ပါတယ်၊ တကယ်တော့ သူမက ကောကုန်းချမ်အမ် ရဲ့ အစ်ကိုကြီးရဲ့ ဇနီးပါ၊ ကောကုန်းချမ်အမ်ရဲ့ အစ်ကိုကြီး နာမကျန်းဖြစ်လို့ ဆုံးပါးသွားပြီးနောက် သခင်မယန်ဟာ ဗိုက်ထဲက သန္ဓေသားကို ဖျက်ချပြီး မိသားစုဆီကို ပြန်သွားပြီး အိမ်ထောင်ပြုခဲ့ပါတယ်"
ပန်းဟွာက မျက်ခုံးပင့်ကာ ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။
"ဒီလိုလား...",
ရုံရှား၏ အစ်ကိုဖြစ်သူမှာ နာမကျန်းဖြစ်ပြီး သေဆုံးသွားသည်။သခင်မယန်က သန္ဓေသားကို ဖျက်ချပြီး နောက်အိမ်ထောင်ပြုခဲ့သည်။လူ့သဘောသဘာဝအရ ဤသည်က ကြီးကြီးမားမား အမှားတစ်ခု မဟုတ်သော်လည်း နှလုံးသားမဲ့လွန်းလှသည်။ ခင်ပွန်းသည်က ယခုမှ ဆုံးပါးသွားသည်ကိုပင်၊ သန္ဓေသားကို အလျင်အမြန် ဖျက်ချပြီး နောက်အိမ်ထောင်ပြုဖို့ မိသားစုဆီ ပြန်သွားခဲ့သူပင်။
အမျိုးသမီးတစ်ယောက်အနေနှင့် သူမ ဤကိစ္စကို မှတ်ချက်မပေးချင်ပေ။ သခင်မယန်က သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မှတ်ချက်ပေးခြင်းကို မကြိုက်နှစ်သက်ခြင်းသာဖြစ်၏။သူမ သခင်မယန်ကို တစ်ချက်ကြည့်လိုက်လျှင်၊ သခင်မယန်သည် တုန်လှုပ်သွားပြီး လက်တွေခြေတွေကို ဘယ်မှာထားရမှန်းတောင် မသိဖြစ်နေသည်ကိုမြင်လိုက်ရ၏။
ကြားဖြတ် နှောင့်ယှက်သူကြောင့် ပန်းဟွာ မတ်တပ်ထရပ်ပြီး အိမ်ရှေ့စံမင်းသမီးကို နှုတ်ဆက်လိုက်သည်။ အိမ်ရှေ့စံမင်းသမီးက သူမ၏ စိတ်နေစိတ်ထားကို သိသည်။ သူမကို တားထားလျှင် ရှေ့ဆက် ဘယ်လိုဖြစ်မည်ကို မသိနိုင်ပေ။ထို့ကြောင့် သူ့ဘေးနားရှိ နန်းတော် အစေခံများကို ပန်းဟွာအား လိုက်ပို့ခိုင်းရသည်။
ပန်းဟွာ ထွက်သွားပြီးနောက် အိမ်ရှေ့ စံမင်းသမီးသည် သခင်မယန်ကို မျက်စောင်းထိုး၍ ကြည့်သည်။ ထို့နောက် သူမက
"အမျိုးသမီးတွေအနေနဲ့ ကိုယ့်ဘဝကိုယ် ရှင်သန်နေထိုင်ဖို့ဆိုတာ သိပ်သတိထားရတယ်၊သူများတွေကို ဝေဖန်ရတာမဟုတ်ဘူး"
အိမ်ရှေ့စံမင်းသမီးက သခင်မယန် အကြောင်းပြောနေမှန်းသိသော်လည်း၊ အခြားအမျိုးသမီးများသည် နားမလည်ဟန်ဆောင်ပြီး သဘောတူလိုက်ကြ၏။
ယခု အိမ်ရှေ့စံ ပြန်လည်ကျန်းမာလာပြီဖြစ်၏။ ဧကရာဇ်၏ ကျန်းမာရေးကမူ ပြန်လည်ကောင်းမွန်လာမလား ဆိုသည်ကို မသိရသေးပေ။ ဒီမင်းဆက်ကို အိမ်ရှေ့စံ ပိုင်တော့မာ်ဆိုတာ သေချာလုနီးပါးဖြစ်နေတာကို ဘယ်သူက အိမ်ရှေ့စံမင်းသမီးကို စော်ကားဝံ့မလဲ။
သခင်မယန်သည် ဘေးတွင် အဆင်မပြေစွာ ထိုင်နေသည်။ နန်းတော်မှထွက်ပြီးနောက် မြင်းရထားပေါ်၌ ငိုမိလေ၏။ ယနေ့ သူမ အတော်လေးအရှက်ကွဲခဲ့သည်။ပန်းဟွာကျွင်းကျူး၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရရုံသာမက အိမ်ရှေ့စံမင်းသမီးကလည်း သူမကို မနှစ်သက်ပေ။
သူမ နားမလည်နိုင်တော့။ အိမ်ရှေ့စံမင်းသမီးသည် ပန်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးမရှိသည်မှာ ထင်ရှားသည်။ပန်းဟွာကို သူမက ဘာလို့ ကာကွယ်ပြောတာလဲ...ပန်းဟွာကို အရှက်ရစေချင်တာ မဟုတ်ဘူးလား...
ပန်းဟွာသည် အိမ်တော်သို့ ပြန်ရောက်သောအခါ၊ ရုံရှားက အခန်းထဲတွင် သူမကို စောင့်နေပြီဖြစသည်။
"ဟွာဟွာ ဒီနေ့ အရမ်းလှတယ်" ရုံရှား ထရပ်လိုက်ပြီး သူမလက်ကိုဆွဲလိုက်၏။
"ဒီနေ့ စိတ်ဝင်စားစရာ ကောင်းရဲ့လား"
ပန်းဟွာ မှန်ရှေ့မှာထိုင်ကာ ဆံညှပ်နှင့် တခြားလက်ဝတ်လက်စားများအား ချွတ်လိုက်၏။
"ဘာစိတ်ဝင်စားစရာရှိလို့လဲ၊ ဒါက ခင်ပွန်းနဲ့ သားသမီးတွေကို အချင်းချင်ကြွားဝါပြတာထက် ဘာမှ မပိုပါဘူး၊သူတို့ ခင်ပွန်းကိုနှိုင်းယှဉ်ကြေးဆို ကျွန်မ ခင်ပွန်းကို ဘယ်သူယှဉ်နိုင်မလဲ၊ ယကလေးချင်း နှိုင်းယှဉ်ကြည့်ရင်တော့၊ ကျွန်မမှာ ကလေးမရှိဘူးဆိုတော့ အေးဆေးပါပဲ"
"ကိုယ်က ဒီလောက်ပဲ တော်တာလား"
ရုံရှား ၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ထင်ရှားလာသည်။
"ကျွန်မမျက်စိထဲမှာ ရှင်က အကောင်းဆုံးခင်ပွန်းပဲ"
ပန်းဟွာက ရုံရှားကို မေးဖျားမှကိုင်၍ ကြည့်လိုက်သည်။ထိုအခါ သူက သူမ ပါးကို နမ်းလိုက်၏။
"လူတော်လေး..."
ကလေးချော့သလို ချော့မြူလိုက်သည့် အပြုအမူကြောင့် ရုံရှားက တဟားဟားရယ်မောရင်း သူမ၏ ဆံပင်ကိုသပ်တင်လိုက်၏။
" မင်း စိတ်မဝင်စားရင် နောက်တစ်ခါ မသွားတော့နဲ့"
"မသွားဘဲ ဘယ်နေလို့ရမလဲ၊ ကျွန်မတို့ မသွားရင် အတင်းအဖျင်း မျိုးစုံကို ဘယ်လိုလုပ် နားထောင်ခွင့်ရမှာလဲ"
"ကောင်းပြီလေ၊ဒါဆိုလည်း ဟွာဟွာသဘောပဲ"
ထို့နောက် သူမက ရှဲ့ဝမ်ယွီ ပေးခဲ့သော မှတ်စုအကြောင်း ရုံရှား အား မျက်မှောင်ကြုတ်ကာ ပြောသည်။
"ပြီးခဲ့တဲ့ တစ်ခါက ကျန်းလောက ရှင့်ကို လုပ်ကြံမရခဲ့ဘူး၊ဧကရာဇ်က သူ့ကို ကယ်ခဲ့တယ်၊ ဒါပေမယ့် သူက လက်မလျှော့သေးဘူး၊ရှင့်ကို သတ်ချင်တဲ့သူ ဘယ်လောက်မုန်းတီးနေလိုက်သလဲ"
ပန်းဟွာသည် ကျန်းလော၏ လုပ်ရပ်ကို နားမလည်ပေ။ သူ အာဏာရချင်တာနဲ့ ရုံရှားကို လုပ်ကြံသတ်ဖြတ်ခြင်းကလွဲလို့ အခြားနည်းလမ်းမရှိဘူးလား။ သူ့ဦးနှောက်ကို မသုံးနိုင်ဘူးလား...
"အမုန်းတရား....."
ရုံရှား၏လက်မသည် ပန်းဟွာ၏ပါးပြင်ပေါ်သို့ လျှောကျလာကာ နှုတ်က ရေရွတ်လိုက်သည်။
xxxxx