Chapter 147
ရုံရှားက ပြုံးပြီး ပြောသည်။
"နင်းဝမ်မင်းသားမှာ ရိုင်းစိုင်းတဲ့သဘောထားရှိတယ်၊ အရာရာကိုလည်း သူ့စိတ်ဆန္ဒအတိုင်းလုပ်ချင်တယ် သူလိုချင်တာ မရရင် အငြိုးထားတတ်တယ်၊ ကိုယ်ကပြည်သူတွေကို စိတ်ပူနေတာ၊ အနာဂါတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး"
ပန်းဟွာ သက်ပြင်းချလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက
" ရှဲ့ဝမ်ယွီက ကျွန်မတို့နဲ့ ခင်မင်ဖို့ ကြိုးစားနေတာလား၊ ဒါမှမဟုတ် အိမ်ရှေ့စံနဲ့ ခင်မင်ဖို့ ကြိုးစားနေတာလား"
ရုံရှားသည် သူမ၏ မျက်ခုံးမွှေးများကို ညင်သာစွာ လက်ဖြင့် ဖိပွတ်လိုက်သည်။
"သူမ ဘာပဲ လုပ်ချင်နေပါစေ၊ အခုချက်ချင်းတော့ စိတ်ပူစရာ မလိုပါဘူး"
ပန်းဟွာက သူ့လက်ညှိုးကို ဖျစ်ညှစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်၏။
"သိပါတယ်၊ ရှင်လည်း သတိထားရမယ်"
"ကောင်းပါပြီ"
နောက်ဆုံးအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှစပြီး ရုံရှား သည် ပင်မဝင်းအတွင်း အစောင့်အများအပြား တပ်စွဲထားရန် စီစဉ်ခဲ့သည်။ အိမ်တော် တစ်ခုလုံးကို စေ့စေ့စပ်စပ် ရှာဖွေထားပြီးဖြစ်သည်။တစ်ကြိမ်ကျရှုံးပြီးနောက်၊ ထပ်တူအမှားမျိုး ထပ်မကျူးလွန်ချင်တော့ပေ။
ပထမလကုန်တွင်နင်းဝမ်မင်းသား၏ မိသားစုသည် နောက်ဆုံးတွင် နန်းတော်မှ ထွက်ခွာသွားခဲ့ရသည်။ သူ၏ အိမ်တော်သစ်ကို ပြင်ဆင်ထားသည်မှာ အတော် ကြာလေပြီ။ နင်းဝမ်မင်းသား မပျော်သော်လည်း သူ့အိမ်အသစ်သို့ ပြောင်းရွေ့ပြီးနောက် ပျော်ရွှင်ဟန်ဆောင်နေရသည်။ သူသည် ဧည့်ခံပွဲတစ်ခုပြုလုပ်ပြီး အရာရှိများကို အိမ်တော်သို့ဖိတ်ခေါ်သည်။
ကျန်းလော စိတ်အဆိုးဆုံးက ပန်းမိသားစု နှင့် ရုံရှားတို့သည် ဆင်ခြေပေးပြီး လက်ဆောင်များသာ ပို့၍ လူမလာကြခြင်းပင်။ဤသည်က ကောကုန်းချမ်အမ် နှင့် ပန်းမိသားစုတို့သည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိကြောင်း မြို့တော်ရှိ မှူးမတ်များအားလုံးကို ပြောပြခြင်းပင်ဖြစ်သည်။
ဤမိသားစုနှစ်စုသာ ပျက်ကွက်မည်ဆိုလျှင် ကိစ္စမရှိ။ သို့သော်လည်း ဖျားနာသည်ဟုဆိုကာ လက်ဆောင်များသာ ပေးပို့သည့် မိသားစုများစွာ ရှိသည်။ သူတို့၏ မျိုးဆက်သစ် လူငယ်တစ်ယောက်တစ်လေမျှပင် မလွှတ်ပေ။ထိုလူအများစုသည် ရုံရှားနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ တစ်နည်းဆိုရသော် ရုံရှား ဘက်မှ လူများပင်ဖြစ်သည်။
အစေခံ၏အစီရင်ခံစာကို နားထောင်ပြီးနောက်၊ကျန်းလောသည် မိသားစုတစ်စု ပို့လာသော လက်ဆောင်သေတ္တာကို ဒေါသတကြီး ပစ်ပေါက်လိုက်သည်။ ထိုအခါ ရွှေတုံးတစ်ထောင်နီးပါးတန်ဖိုးရှိသော ကွမ်ရင်ကျောက်စိမ်း အပိုင်းပိုင်းကွဲသွား၏။
နင်းဝမ်မင်းသား၏ အစေခံသည် ကွဲသွားသောအရာက ကွမ်ရင် ကျောက်စိမ်းရင်ဖြစ်သည်ကို မြင်သောအခါ၊ထိတ်လန့်တကြား ဖြစ်သွားသည်။ ယနေ့က မင်းသား အိမ်တော်ကို ပြောင်းလာသည့်နေ့ဖြစ်၍ ကွမ်ရင်ကျောက်စိမ်းကို ထုခွဲခြင်းသည် နိမိတ် မကောင်းလှပေ။ သူက ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းတုံးများကို ကောက်ချင်သော်လည်း နင်းဝမ်မင်းသားက သူ့ကို နှင်ထုတ်လိုက်သည်။ နင်းဝမ်မင်းသား သည် ကျောက်စိမ်းတုံးအကျေများပေါ်သို့ တက်နင်းလိုက်ပြီး သူ့မျက်လုံးများမှာလည်း မီးလျှ့များလိုတောက်လောင်နေတော့၏။
" သုံးမရတဲ့ ခွေးမိုက်တွေ"
ရှဲ့ဝမ်ယွီသည် တံခါးဝတွင် ရပ်ကာ နင်းဝမ်မင်းသား တစ်ယောက် စိတ်ခံစားမှုများ ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် တခစ်ခစ်ရယ်ကာ လှည့်ထွက်သွားသည်။
နန်းတော်အစေခံက သူမကိုအခန်းထဲပြန်ခေါ်သွားပြီး ပြောသည်။
"ပန်းဟွာကျွင်းကျူးကို ပေးလိုက်တဲ့စာကြောင့်၊ နင်းဝမ်မင်းသားက ကောကုန်းချမ်အမ်ကို လုပ်ကြံချင်တယ်လို့ ပန်းဟွာကျွင်းကျူး ထင်သွားမှာလားဟင်"
"အဲဒါ သူ့အလုပ်ပဲ..."
ရှဲ့ဝမ်ယွီ၏ အပြုံးသည် အနည်းငယ် မှုန်မှိုင်းသွားသည်။
"ငါကတော့ သူ့ကို စေတနာနဲ့ပြောပြပြီးပြီ၊ သူမ သတိမထားရင် ငါ့ကို အပြစ်လာပြောလို့ မရဘူး"
ပန်းဟွာကို သူမ မမုန်းသော်လည်း သဘောလည်းမတွေ့ပါပေ။ သူမ ဘဝက အခုချိန်ထိ ကြမ်းတမ်းလွန်းသည်။တခြားတစ်ယောက်ယောက်သာ ပျော်နေသည်ဆိုလျှင် သူမ ကြည့်ချင်စိတ်ပင်ဖြစ်မိ၏။
အရေးကြီးသောလူများမရှိသော ကျန်းလော၏ အိမ်သစ်တက်ပွဲသည် အနည်းငယ်အေးစက်ပြီး ပျော်ရွှင်မှုကင်းမဲ့ပုံပေါက်သည်။ ပွဲအစကနေ အဆုံးထိ သူကလည်း အပြောအဆို သိပ်မကောင်းပေ။ ပွဲအလယ်မှာ ကောင်းကောင်း အမှုမထမ်းသော အစေခံမိန်းကလေးတစ်ယောက်အား လူတိုင်းရှေ့မှာ ကန်ကျောက်ခဲ့၏။ နောက်ဆုံးတွင် ထိုမိန်းကလေးကို အခြားလူများက ပွေ့ခေါ်ထုတ်သွားခဲ့ရသည်။
သူ့ဘေးနားက လူများသည် နင်းဝမ်မင်းသား၏ ဒေါသကို မြင်လိုက်သည့်အခါ သူတို့စိတ်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရ၏။ပွဲက ပျော်ရွှင်စရာ မကောင်းသလို၊ ဧည့်သည်များလည်း မကျေမနပ်ဖြစ်ခဲ့ကြ၏။ အားလုံး ပြန်ချိန်တန်သောအခါ ၊လူတိုင်းလိုလို အလောသုံးဆယ် ဖြစ်နေကြသည်။
"သခင်လျှို" အရာရှိတစ်ဦးက လျှိုပန်းရှန်ကို လှမ်းခေါ်ပြီး "မကြာသေးခင်က တရားရုံးချုပ်မှာ အမှုတစ်ခု ပေါ်ပေါက်လာတယ်လို့ ကျွန်တော် ကြားလိုက်ရပါတယ်"
အမှု၏ဆန်းကျယ်သည့် အပိုင်းက တရားခံမှာ နင်းဝမ်မင်းသားအိမ်တော်ထိန်းဖြစ်နေတာပင်။ နင်းဝမ်မင်းသား က ဤအကြောင်းကို တရားရုံးချုပ်အား နှုတ်ပိတ်ထား၏။သို့မဟုတ်လျှင် သူ့ဂုဏ်သိက္ခာပျက်သွားနိုင်သည်။
အိမ်တော်ထိန်းသည် လူ ၃ ဦးကို သတ်ဖြတ်ခဲ့သော်လည်း နင်းဝမ်မင်းသား ၏မျက်နှာကြောင့်၊ တရားရုံးချုပ်က လွှတ်ထားပေးရသည်။ ထို့ကြောင့် တခြားသူများက လျှိုပန်းရှန်ကို ဝေဖန်ခဲ့ကြသည်။
လျှိုပန်းရှန် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူ ဘာမှ မပြောချင်တော့။ အရာရှိက နားလည်မှုဖြင့် သူ့ပခုံးကို ပုတ်လိုက်သည်။
" ငါတို့အတွက် အဆင်ပြေပေမယ့် ငါတော့ ပြည်သူတွေကိုပဲ သနားတာ..."
အခြေအနေကို သူကောင်းကောင်းသိသော်လည်း၊ဘာမှ မလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ တရားရုံး၏ လက်ရှိအခြေအနေဖြစ်သည်။
ဆယ်ရက်အကြာတွင် ဧကရာဇ် ယွင်ချင် ဝမ်းသာပျော်ရွှင်ရလေသည်။မကြာသေးမီက သူသည် ခြေလှမ်းအနည်းငယ်လှမ်းနိုင်ရုံသာမက ခါတိုင်းထက်ပင် ပိုစားနိုင်လာသည်။ သို့ဖြစ်၍ ရုံရှား နှင့် ပန်းဟွာကို ပိုပိုပြီး သဘောကျနေ၏။ သူ့လက်ရှိအခြေအနေကောင်းများကို သူတို့နှစ်ယောက်က ယူဆောင်လာပေးသည်ဟု အမြဲခံစားခဲ့ရသည်။
"မကြာသေးခင်က နင်းဝမ်မင်းသားကို တရားစွဲခံရသူ ဘယ်နှစ်ယောက်ရှိပြီလဲ"
သူသည် အိမ်ရှေ့စံကို ကြည့်ကာ အာဟာရဖြစ်စေသော လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သည်။အိမ်ရှေ့စံသည် တစ်စုံတစ်ခု ပြောချင်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်ကာ အားပေးလိုက်သည်။
“မင်းက နင်းဝမ်မင်းသားရဲ့ အကိုကြီး ဖြစ်ပေမယ့် အနာဂတ် ဧကရာဇ်လည်း ဖြစ်တယ်၊ မင်း ဘာလို့ ပြောရမှာ ကြောက်နေတာလဲ”
အိမ်ရှေ့စံသည် ဒူးထောက်လျက် "ဧကရာဇ် ခမည်းတော် နှစ်ထောင်ပေါင်းများစွာ အသက်ရှည်ပါစေ၊ သားတော်ကတော့ တစ်သက်လုံး အိမ်ရှေ့စံပဲ ဖြစ်လိုပါတယ်"
ခန်းမသည် တိတ်ဆိတ်သွားသည်။ အိမ်ရှေ့စံသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းမထောင်ဝံ့ပေ။သူကြားနိုင်သည့် တစ်ခုတည်းသော အသံမှာ သူ့အသက်ရှူသံပင်ဖြစ်သည်။
"ဘယ်ဧကရာဇ်ကမှ နှစ်ပေါင်းထောင်နဲ့ချီပြီး အသက်မရှင်နိုင်ဘူး၊ ငါလည်း ဒီလိုပဲ၊မင်း သေချာ မတ်တပ်ရပ်ပြီး ပြန်ဖြေပါ"
အိမ်ရှေ့စံသည် မတ်တပ်ထရပ်ကာ ခမည်းတော် ဧကရာဇ်၏ အသက်အရွယ်ကြီးရင့်သော မျက်နှာနှင့် ဆံပင်ဖြူများကို ကြည့်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ထီးနန်းခမည်းတော်သည် သူ့လက်ကိုကိုင်ကာ လက်ရေးလှ သင်ပေးသည့် မြင်ကွင်းကို သတိရမိသည်။ထို့ကြောင့် သူ၏ ဧကရာဇ်ခမည်းတော်၏ စိတ်ကို ဘာနှင့်မှ မထိခိုက်စေချင်ပေ။ ဒုတိယညီတော်လုပ်ခဲ့သည့် အရာက တကယ်ကို များလွန်း၏။
"မင်းရဲ့ ညီတော်အတွက် ဘယ်လိုဖုံးကွယ်ရမယ်ဆိုတာ မင်း မတွေးသေးဘူးလား"
ဧကရာဇ်သည် သူ၏လက်ထဲမှ စာလွှာကို အိမ်ရှေ့စံ လက်ထဲသို့ ပစ်ထည့်လိုက်သည်။
"မင်းရဲ့ ညီတော် အိမ်ပြောင်းလာတာ ဆယ်ရက်တောင် မပြည့်သေးဘဲ အစေခံ သုံးယောက် သေသွားရတယ်၊မင်း သူလုပ်တာကို ဖုံးကွယ်ပြီး သူလူတိုင်းကို သတ်တဲ့အထိ စောင့်နေမှာလား"
"အရှင်မင်းကြီး ၊ စိတ်အေးအေးထားပါ...ကျွန်တော် သူ့ကို နှစ်သိမ့်ပေးပါ့မယ်" ဧကရာဇ်ယွင်ချင် ဒေါသထွက်နေသည်ကို အိမ်ရှေ့စံ မြင်လိုက်ရ၍၊ သူ့မျက်နှာက ဖြူဖတ်လာရသည်။သူ ရှေ့ကို လှမ်းလာပြီး ဧကရာဇ် ယွင်ချင်၏ နောက်ကျောအား ညင်သာစွာ ပုတ်လိုက်သည်။
"ခမည်းတော် ပြောစရာရှိရင် ဖြည်းဖြည်းပြောပါ၊ ခန္ဓာကိုယ်ကို မထိခိုက်စေနဲ့"
ဧကရာဇ် ယွင်ချင်က ရယ်မောလိုက်သည်။ "ဟင်းဟင်း၊ သဘာဝဘေးဒုက္ခသည်တွေကို နှိမ်နှင်းဖို့ တပ်ဖွဲ့တွေ စေလွှတ်တာ ထိရောက်မှုရှိလား"
နိမ့်ကျသည့် သာမန်လူတန်းစားတချို့၏ ဘဝကို သူ ဂရုမစိုက်သော်လည်း၊သားဖြစ်သူ၏ ဦးနှောက်လယ်ဗာ်ကိုတော့ ဂရုစိုက်သည်။ အဆင့်အတန်းမြင့်သူတစ်ယောက်အနေနှင့် ဆုံးဖြတ်ချက်ချနိုင်သည့် အခြေခံအရည်အချင်းရှိရမည်။
ဒါကိုတောင် မလုပ်နိုင်ခဲ့ရင် ကြီးကျယ်တဲ့ အရာတွေကို ဘယ်လိုလုပ် ပြီးမြောက်အောင်လုပ်နိုင်မလဲ။
အိမ်ရှေ့စံ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
"သဘာဝဘေးဒဏ်ခံရသူတွေကို သက်သာရာရစေမယ့် နည်းလမ်းကို တွေးထားပြီးသားပါ၊သိပ်ပြီး နစ်နာမှုရှိမှာ မဟုတ်ပါဘူး"
"ငါကိုယ်တော် နားလည်ပါတယ်" ဧကရာဇ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်း သွားတော့"
"အဖေ၊ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုက ငယ်ပါသေးတယ်၊ ကျေးဇူးပြုပြီး သူ့ကို အခွင့်အရေးနည်းနည်း ပေးပါဦး..."
"အိမ်ရှေ့စံ၊ ငါကိုယ်တော် အသက် 15 နှစ်အရွယ်မှာတင် ဧကရာဇ်ဖြစ်လာပုံနဲ့ တိုင်းပြည်ကို အုပ်ချုပ်နည်းကို သိထားပြီးသား....ဧကရာဇ်တစ်ပါးအနေနဲ့ ကိုယ် သဘောကျတဲ့လူတချို့ကို နှစ်သက်သဘောကျနိုင်ပါတယ်၊ ဒါပေမယ့် မင်း အဲ့ဒီလိုမလုပ်ရင် မင်းဟာ ပြိုင်စံရှားတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာနိုင်တယ်"
"ငါကိုယ်တော်က မင်းကို ပညာရှိတဲ့ အုပ်စိုးရှင်ဖြစ်ဖို့ မမျှော်လင့်ထားဘူး၊ အနည်းဆုံး မင်း ကိုယ့်လူမျိုးကို ကောင်းစားဖို့လုပ်ရမယ်၊ပြည်သူတွေကို အဆုံးထိ ဒုက္ခရောက်အောင် မလုပ်နဲ့" ဧကရာဇ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "မင်း ပြန်ပြီး စဉ်းစားကြည့်ပါ"
"ဟုတ်ကဲ့"
အိမ်ရှေ့စံသည် ဖြူဖျော့သော မျက်နှာဖြင့် နန်းတော်မှ ထွက်လာခဲ့သည်။ လမ်းတွင် ဧကရီအား ဂါရဝပြုရန် ထွက်လာသော ရှဲ့ဝမ်ယွီနှင့် တွေ့ဆုံခဲ့သည်။
"အရှင့်သား"
အိမ်ရှေ့စံ မျက်နှာပျက်နေသည်ကို ရှဲ့ဝမ်ယွီ မြင်လိုက်ရ၍ ခမည်းတော်ထံမှ အဆူပူခံခဲ့ရမှန်း သိလိုက်သည်။
"ခယ်မတော်..."
အိမ်ရှေ့စံက သူမကို တစ်ချက်စိုက်ကြည့်ပြီး အဝေးကို လှမ်းကြည့်လိုက်၏။
အိမ်ရှေ့စံသည် အမှန်တကယ် လူကောင်းတစ်ယောက်ဟု ရှဲ့ဝမ်ယွီ ထင်မိသည်။ သူ့ကိုယ်ရည်ကိုယ်သွေးက သိမ်မွေ့လွန်းလှသည်။
"အရှင့်သားကို ကျွန်မ ပြောစရာရှိပါတယ်"
"ဘာလဲ"
"နင်းဝမ်မင်းသား ရဲ့ စိတ်က ပိုပိုပြီး ပုံမှန်မဟုတ်တာကို ကျွန်မ တွေ့ရတယ်၊သူ့ကျန်းမာရေးက တစ်ခုခု ချို့ယွင်းနေမှာကို ကျွန်မ စိုးရိမ်နေမိပါတယ်"
ရှဲ့ဝမ်ယွီသည် ခေါင်းငုံ့ကာ သူမ၏ခြေချောင်းများကိုကြည့်လိုက်သည်။
"ဒါပေမယ့် သူ့ကိစ္စတွေကို ဘာမှမပြောပြချင်ဘူး၊ ကျွန်မ သူ့ကို သမားတော်တွေနဲ့တွေ့ပြီးကုသဖို့တောင် ဆွဲဆောင်ဖို့ကြိုးစားပါတယ်၊ သူက သဘောမတူတာပါ"
"ဒါဆို ညီတော်ရဲ့ အကျင့်စရိုက်က ပိုဆိုးလာတာက သူ့ကျန်းမာရေးမကောင်းဘူးလို့ ဆိုလိုတာလား"
ကျန်းလော အမှားအတွက် အကြောင်းပြချက်ရှာတွေ့သွားသလိုမျိုး အိမ်ရှေ့စံ၏ မျက်လုံးက တောက်ပလာခဲ့သည်။
"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"
ရှဲ့ဝမ်ယွီသည် အိမ်ရှေ့စံအတွက် စာနာသွားရသည်။သူသည် ဧကရာဇ်၏ မောင်းမမိဿံများနှင့် မရှင်းလင်းသော ဆက်ဆံရေးကြောင့် ဧကရာဇ် နေအိမ်အကျယ်ချုပ်ချခံရခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း သူ မသိသေးပေ။တကယ်တမ်းက ၎င်းသည် ကျန်းလော ၏ အစီအစဉ်ဖြစ်သည်။ အိမ်ရှေ့စံက ကျန်းလော ကို ခုခံကာကွယ်နေတုန်းပင်၊ သို့သော် ကျန်းလောက သူ့ဘေးနားမှ ဆူးတစ်ပင်ဖြစ်နေသည်ကို သူ မသိခဲ့။ကျန်းလောကို မနှုတ်မချင်း သူဖြသ်ချင်တာမှန်သမျှ အောင်မြင်မှာမဟုတ်ပေ။
ဤညီအစ်ကိုနှစ်ယောက်က စိတ်ဝင်စားဖို့ကောင်းသည်။သူတို့သည် အဖေ၊အမေ အတူတူပင် ဖြစ်သော်လည်း ပင်ကိုယ်စရိုက်က လုံးဝကွဲပြားသည်။
"ပြောပြပေးတဲ့ ခယ်မကို ကျေးဇူးတင်ပါတယ်၊ငါ ဒီကိစ္စကို ဧကရီနဲ့ ဆွေးနွေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံ၊ အရှင့်သားနဲ့ ဧကရီက သူ့ကို ဆွဲဆောင်နိုင်ရင် သူ အရှင့်သားရဲ့ စကားကို သေချာနားထောင်ပါလိမ့်မယ်"
ရှဲ့ဝမ်ယွီ၏မျက်နှာသည် ချက်ချင်းကျေးဇူးတင်ကြောင်းပြသနေတော့သည်။ အိမ်ရှေ့စံစိတ်ထဲမှာတော့ ညီဖြစ်သူက သူ့စကားနားမထောင်မှာကို ကြောက်နေမိသည်။
"ဒါနဲ့ နန်းတော်မှာ ဖြစ်ခဲ့တဲ့ နားလည်မှုလွဲတာကို အရှင့်သား ရှင်းပြခဲ့သလား၊အရှင့်သား ဒီလိုမျိုး မလုပ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်၊ဒီလိုအသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး ဧကရာဇ်နဲ့ နားလည်မှုလွဲတာ မဖြစ်သင့်ပါဘူး"
ရှဲ့ဝမ်ယွီ စကားကိုကြားလျှင် အိမ်ရှေ့စံ၏ အပြုံးက နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
သူ အရှေ့နန်းတော်တွင် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံရပြီးနောက် ထိုနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ တွေးတောနေခဲ့သည်။သူသည် ဧကရာဇ်၏ ကိုယ်လုပ်တော်နှင့် မမျှော်လင့်ဘဲ တစ်ခန်းတည်းရှိနေရသည့်အကြောင်ရင်းနှင့် တိုက်ဆိုင်စွာပင် ဧကရာဇ်က သူတို့ကို ဘာကြောင့် တွေ့သွားသလဲဆိုသည့်အကြောင်းပင်။ အရာအားလုံးသည် တိုက်ဆိုင်မှုကြောင့် နားလည်မှုလွဲသွားပုံရသည်။ သို့သော် ဤမျှ တိုက်ဆိုင်မှုမျိုး ဘယ်လိုမှ မဖြစ်နိုင်ပေ။
သူသည် တခြားဝမ်းကွဲမင်းသားများ၏ အကြံအစည်ကို ခံခဲ့ရသည်ဟု သံသယရှိခဲ့သည်။ သို့သော်လည်း သူတို့ကို ဧကရာဇ်က ဂရုမစိုက်သလို၊သူတို့ကလည်း အာဿာသိပ်မရှိကြပေ။သူ့ကို ဆန့်ကျင်ဖို့ ကြံစည်တာက သူတို့အတွက် ဘာကောင်းမှာလဲ။
ရှဲ့ဝမ်ယွီက လွတ်လွတ်လပ်လပ် ပြုံးလိုက်သည်။
"တကယ်လို့ အရှင့်သား အမှန်တရားကို စုံစမ်းချင်ရင် နင်းဝမ်မင်းသားကို မေးလို့ရတယ်၊နင်းဝမ်မင်းသားမှာ အဲဒီဧကရာဇ်ကိုယ်လုပ်တော်ရဲ့ အစေခံတစ်ယောက်နဲ့ ဆက်ဆံရေးကောင်းတဲ့ မိန်းမစိုးတစ်ယောက်ရှိပါတယ်၊အရှင့်သားသာ အဲဒီမိန်းမစိုးကို အကူအညီတောင်းရင် ဖြစ်ပျက်ခဲ့တာကို သူရှင်းပြနိုင်လိမ့်မယ်"
"အဲဒီ မိန်းမစိုးက ဒီဧကရာဇ်ကိုယ်လုပ်တော်ရဲ့ နန်းတော်အိမ်ဖော်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ မင်း ဆိုလိုတာလား"
"ဟုတ်ကဲ့၊ဘာဖြစ်လို့လဲ" ရှဲ့ဝမ်ယွီသည် အိမ်ရှေ့စံကို အံ့အားသင့်စွာ ကြည့်နေသည်။
"ဘာမှမဟုတ်ပါဘူး" အိမ်ရှေ့စံ၏ မျက်နှာအမူအရာသည် ပို၍ပင် ပျက်ယွင်းလာသည်။ "ခယ်မ၊ ကျေးဇူးပြုပြီး မင်းဆန္ဒအတိုင်းလုပ်ပါ၊ ငါ သွားလိုက်ပါဦးမယ်"
"အရှင့်သား၊ ဂရုစိုက်ပါ"
အိမ်ရှေ့စံ ထွက်သွားရာကို ကြည့်ရင်း ရှဲ့ဝမ်ယွီ ပြုံးလိုက်သည်။သူမ မျက်လုံးများက ကြည်နူးမှုများ ပြည့်နေသည်။နင်းဝမ်မင်းသားက သူ့အပေါ် အမြဲဂရုတစိုက်ရှိတတ်တဲ့ အကိုကြီးတစ်ယောက်ကို ဘာကြောင့် မလိုအပ်တာလဲ။သူကိုယ်တိုင်က မကောင်းဘဲနဲ့ ကောင်းတဲ့အရာအားလုံးကို လိုချင်နေသေးတယ်၊ လောကကြီးမှာ ဒီလိုနည် ဥပဒေမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
သူ့လိုလူမျိုးကို အိမ်ထောင်ပြုထားပြီး ကွာရှင်း၍မရဘဲ၊ သည်းစိမ်ခံနေရတာထက် မုဆိုးမဖြစ်ရခြင်းက ပိုကောင်းသည်။သူ ပလ္လင်ပေါ်တွင် ထိုင်နေသည်ကို သူမ မမြင်ချင်ပေ။
ဒုတိယလ၏ ဒုတိယနေ့သည် တယဲ့မင်းဆက်၏ လယ်ယာစိုက်ပျိုးရေးနေ့ဖြစ်သည်။ ဤနေ့တွင် ဧကရာဇ်သည် ဧကရီနှင့်အတူ မျိုးစေ့များကြဲရန် လယ်ကွင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ရာသီဥတုကောင်းမွန်ပြီး အသီးအနှံများ ပေါများစေရန် ကောင်းကင်ဘုံသို့ ဆုတောင်းရမည်ဖြစ်သည်။
သို့သော်လည်း ယခုနှစ်က ထူးခြားနေသည်။ ဧကရာဇ်သည် မလှုပ်ရှားနိုင်သောကြောင့် အိမ်ရှေ့စံသာလျှင် ဧကရာဇ်ကို ကိုယ်စားပြု၍ သွားရောက်ရမည်ဖြစ်သည်။
xxxxxx