Chapter 148
အိမ်ရှေ့စံအပြင် ဧကရာဇ်မိသားစု၊ မှူးမတ်များနှင့် နန်းတွင်းအရာရှိအဖွဲ့ဝင်များ အားလုံး လိုက်သွားရမည်ဖြစ်သည်။ ပေါက်ပြားများ သယ်သွားပြီး မြေကြီးကို အကြိမ်အနည်းငယ် တူးရတာပင်။ အမျိုးသမီးများသည် မျိုးစေ့များကို ကိုင်ကာ အကြိမ်ရေ အနည်းငယ်ခန့် ဟန်ဆောင်ပန်ဆောင် ကြဲပေးကြရသည်။
ပန်းဟွာ အိမ်ထောင်မပြုမီက၊ သူမသည် ဤလှုပ်ရှားမှုများတွင် ပါဝင်ရန် မလိုအပ်ခဲ့ပေ။သို့ရာတွင် သူမသည် ယခု အိမ်ထောင်ကျပြီးဖြစ်ကာ မိသားစုကို ထောက်ပံ့နိုင်သည့် အမျိုးသမီးတစ်ယောက်ဖြစ်နေပေပြီ။သူမသည် အဆင့်အတန်းမြင့်မားသူဖြစ်သဖြင့် ဤလယ်ယာစိုက်ပျိုးရေးနေ့အတွက် သူမ မျက်နှာပြရပေမည်။
သူမသညမ ချည်သားပိတ် ဝတ်စုံအတိုကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်ကိုလည်း ပန်းပွင့်ရိုက်အဝတ်ဖြင့် ပတ်ထားပြီး သစ်သားဆံထိုးနှစ်ချောင်းဖြင့် ထုံးထားသည်။လက်ဝတ်ရတနာများကိုလည်း ချွတ်ပစ်ထား၏။ ပန်းဟွာသည် မှန်ကိုကြည့်ရင်း နောက်သုံးလေးနှစ်အတွင်း သူမသာ ရာထူးကျသွားပါက၊ယခုလို ဝတ်စားရမည်ဟု တွေးမိသေး၏။
"ကျွင်းကျူးက တကယ့်ကို သဘာဝဆန်ဆန် လှတာလဲ၊ ဒီလိုရိုးရှင်းတဲ့အဝတ်အစားတွေတောင် မင်းရဲ့အလှကို ဖုံးကွယ်လို့မရပါဘူး"
ရူရီသည် ပန်းဟွာ၏ လက်သည်းပေါ်ရှိ ပန်းပွင့်ရည် လက်သည်းဆိုးဆေးကို ဆေးကြောပေးသည်။
"ကျွင်းကျူး ဒီလိုမျိုး ၀တ်ဆင်တဲ့အခါ မတူညီတဲ့ အလှတစ်ခု ပေါ်သွားတယ်"
ပန်းဟွာသည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိနွမ်းနေသော အဝတ်အစားများကို ပွတ်သပ်ကာ
"ရူရီ နင့်ကို ငါ ဘာအကြိုက်ဆုံးလဲဆိုတာ သိလား၊ နင့်ပါးစပ်က စကယးလုံးလှလှလေးတွေ ထွက်လာတာကို ကြိုက်တာ"
ယွီကျူးကလည်း ပြုံးပြီး ပြောသည်။
"ကျွင်းကျူး၊ ကျွန်မလည်း အပြောချိုပါတယ်၊ကျွန်မကိုလည်း အစ်မရူရီကိုချစ်သလို ချစ်ရမယ်နော်"
ပန်းဟွာက ယွီကျူး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
"ငါ့ရဲ့ သဘောကောင်းတဲ့ ကောင်မလေးနှစ်ယောက်ကို နောင်အနာဂတ်မှာ ဘယ်လို ယောက်ျားလေးကများ လက်ထပ်မလဲ မသိဘူး"
"ကျွင်းကျူး ကျွန်မကလေ ယောက်ျားတွေကို မလိုချင်ပါဘူး၊ ကျွင်းကျူးအနားမှာနေပြီး အမှုပဲထမ်းချင်တယ်"
တံခါးအပြင်ဘက်တွင် ရုံရှားသည် စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် သူ၏ဇနီးသည်ကို ချောင်းကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ခင်ပွန်းဖြစ်သူ ဖောက်ပြန်နေသည်ကို တွေ့ရသော ဇနီးသည်တစ်ယောက်လို ခံစားရသည်။
"ဟွာဟွာ" ရုံရှား တံခါးခေါက်လိုက်ပြီး ပန်းဟွာ အစေခံမိန်းကလေးများနှင့် ရယ်မောနေသည်ကို နှောင့်ယှက်လိုက်၏။
"ကိုယ်တို့ သွားဖို့ ပြင်ဆင်သင့်တယ်"
ပန်းဟွာ ခေါင်းကို လှည့်ကြည့်လိုက်ရာ ရုံရှားသည် မီးခိုးရောင်အဝတ်အစားဖျင်ထည်ကြမ်းများ ၀တ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့ဆံပင်ကိုလည်း ကြိုးဖြင့်သာချည်ထားသည်။ ဤအဝတ်အစားနှင့် မလိုက်ဖက်သော တစ်ခုတည်းသော အရာမှာ သူ၏ဖြူဥသော မျက်နှာနှင့် နူးညံ့သော လည်ပင်းဖြစ်သည်။ သူမ မျက်လုံးများပငင် ပူလာသလိုဖြစ်သွားရ၏။ရုံရှားသည် သာမန်လူတစ်ယောက်ဖြစ်ပြီး သူမရှေ့တွင် ဤကဲ့သို့ ပေါ်လာပါက၊သူ့ကို ဖက်နမ်းမိမှာ သေချာသည်။
သူမ ရုံရှား အနားကို လျှောက်သွားပြီး သူ့လက်ကိုဆွဲကာ
"ဒါဆို သွားကြရအောင်"
ရုံရှားသည် ရူရီ၊ ယွီကျူးနှင့် အခြားသော အစေခံမိန်းကလေးများကို အပြုံးမပျက် ကြည့်လိုက်ပြီး "ဟွာဟွာက သူတို့နဲ့ အရမ်း ခင်တယ်နော်"
"စိတ်မပူပါနဲ့ အလှလေး၊ ကျွန်မ အချစ်ရဆုံးက ရှင်ပါပဲ"
"ဒီစကားကို 'ကျွန်မ ရှင့်ကို ထာဝရ ချစ်သွားမယ်' ဆိုပြီး ပြောင်းလိုက်ရင် ပိုတောင်ကောင်းမှာပဲ"
ပန်းဟွာက မျက်လုံးတစ်ဖက်မှိတ်ပြပြီး ရယ်နေလေသည်။ ရုံရှားက သူ့မျက်နှာကို လှမ်းကိုင်လိုက်ပြီး
"မင်းမပြောဘူးလာ၊ဒါဆို ကိုယ် ပြောမယ်"
"ဘာလဲ..."
"ကိုယ် မင်းကို ထာဝရ ချစ်နေမယ်"
ပန်းဟွာ၏ ခြေသံများ ရပ်တန့်သွားကာ ရုံရှား၏ မျက်လုံးများကို ကြည့်လိုက်သည်။လူအချို့၏ မျက်လုံးများသည် တခြားမျက်နှာအစိတ်အပိုင်းများထက် စွဲမက်ဖွယ်အကောင်းဆုံး ဖြစ်တည်မှုဖြစ်သည်။ယခုလည်း သူမ ကြည့်နေသည်မှာ သူ၏ မျက်လုံးတစ်စုံမဟုတ်သော်လည်း ပြိုးပြိုးပြက်ပြက်ပြက်ပြက်နှင့် ကျယ်ပြောလှသော ကြယ်ရောင်ကောင်းကင်ကြီးဟု ခံစားမိသည်။ရှုခင်းများကလည်း လှပလွန်းပြီး ရင်သပ်ရှုမောဖွယ်ကောင်း၏။
ခဏကြာသော် သူမ အကြည့်ကိုလွှဲပြီး ပြုံးလိုက်ရာ သူမ၏ ရှည်လျားသော မျက်တောင်များသည် နံနက်ခင်း မြူခိုးများကဲ့သို့ လှပနေတော့သည်။ရုံရှားက သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး မြင်းရထားပေါ်သို့ ပို့ဆောင်လိုက်သည်။
"ရုံရှား....." ပန်းဟွာက ကန့်လန့်ကာကို ရုတ်လိုက်ပြီး အပြင်ဘက်တွင် စည်ကားနေသော မြို့တော်ကို ကြည့်ကာ
"အပြင်ကို ကြည့်လိုက်"
ရုံရှားသည် ပန်းဟွာထံသို့ ချဉ်းကပ်ကာ မြင်းလှည်းပြတင်းပေါက်အပြင်ဘက် ရှုခင်းကို ကြည့်လိုက်သည်။ ဖြတ်သွားဖြတ်လာများနှင့် ဝိုင်ဆိုင်များကလွဲ၍ အပြင်မှာ ဘာမှ ထူးထူးခြားခြား မရှိပါပေ။
"လှတယ်မလား"
ရုံရှား အပြောကြောင့် သူမ သူ့ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။
“ဘာလှတာလဲ”
"စည်ကားလှတဲ့ မြို့တော်ကြီးကလေ..."
သူတို့စီးလာသည့် မြင်းရထားက ဈေးကြီးပြီးအထက်တန်းဆန်သည့်အတွက် လမ်းသွားလမ်းလာများကို စွဲဆောင်သွား၏။ ပန်းဟွာသည် ထိုသူများ၏ မျက်နှာပေါ်တွင် ငြူစူမနာလိုခြင်းများကို မြင်ခဲ့ရသော်လည်း ထိုထက်ပို၍ အံ့သြဟန်များကို ပိုမြင်ရသည်။အကြောင်းမှာ သူတို့ တစ်သက်လုံးရှာဖွေလျှင်တောင်၊သူမတို့လို ဘဝမျိုးတွင် နေထိုင်၍မရမှန်း သူတို့ သိထားတာကြောင့်ပင်။
ရုံရှားက ပန်းဟွာနှင့် လက်ချင်းတွဲထားလိုက်သည်။
"မင်း တစ်သက်လုံး အမြဲတမ်း စည်းစိမ်တွေနဲ့ နေခွင့်ပေးမယ်၊ ကိုယ် ပြောတာကို ယုံပါ"
ပန်းဟွာ ရုံရှားကို ဖြည်းညှင်းစွာ လှည့်ကြည့်ကာ
"တစ်သက်လုံးလား"
"ဟုတ်တယ်၊ တစ်သက်လုံး၊ တစ်သက်လုံး....မင်းက မြို့တော်မှာနေချင်ပြီး စည်းစိမ်းတွေကိုမက်မောတယ်လေ၊ ဒါဆို ကိုယ်တို့ ဒီလိုဘဝမှာနေရဖို့ အစွမ်းကုန် ကြိုးစားမယ် ဟုတ်လား"
ပန်းဟွာက မဖြေဘဲ ရုံရှား၏ နူးညံ့သိမ်မွေ့ပြီး ပြီးပြည့်စုံသောမေးစေ့ချွန်ချွန်ကိုကြည့်ကာ ရုတ်တရက်မေးလိုက်သည်။
"ရှင် အနက်ရောင် ဝတ်ရတာကြိုက်လား"
ရုံရှားသည် သူမ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ ခဏကြာတော့ သူက “မင်းကရော ကိုယ် အနက်ရောင်ဝတ်တာကြိုက်လား”
"ကျွန်မကတော့ ရှင် အဝတ်ကို အပေါ်ပိုင်းပဲဝတ်ရင်ဝတ်၊ ဒါမှမဟုတ် ဘာမှမဝတ်တာကို ပိုကြိုက်တယ်"
"ဟွာဟွာ" ရုံရှား စိတ်မရှည်တော့ဘဲ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး "မင်း ဒီလိုပဲ ဆက်ပြောနေမယ်ဆိုရင် ဒီနေ့ ဧကရာဇ်ရှေ့မှာ ကိုယ့်ရဲ့အဆင့်အတန်းကျသွားလိမ့်မယ်"
"ဧကရာဇ်က ဒီနေ့ ကြွမလာပါဘူး" ပန်းဟွာက သူ့မေးစေ့ကို နမ်းပြီး ပြုံးကာ "ရှင်က လူကြီးလူကောင်းနော်၊ လျှောက်တွေးပြီး မရိုးမသား မလုပ်စမ်းနဲ့"
ရုံရှား ပြုံးလိုက်သည်။သူ့အနားမှာ ဒီလို ဖြားယောင်းသွေးဆောင်တဲ့ မိန်းမတစ်ယောက်နဲ့ဆို သူဘယ်လိုလူကြီးလူကောင်းဖြစ်နိုင်မလဲ။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်…
"ကောကုန်း၊ လယ်ကွင်းပြင်ကို ရောက်ပါပြီ"
ရုံရှား ကန့်လန့်ကာကို ရုတ်လိုက်ပြီး အောက်ဆင်းကာ ပန်းဟွာကို ကူတွဲပေးလိုက်၏။ ပန်းဟွာသည် ထိုင်ခုံမြင့်ပေါ်တွင် ရပ်နေဿ သူ့ထက် ဦးခေါင်းထက်ဝက်ခန့် မြင့်နေသည်။သူမက မာနကြီးသည့် ဒေါင်းတစ်ကောင်လို သူ့ကို ငုံ့ကြည့်ရင်း
"ကျွန်မ ရှင့်ကို ကတိပေးတယ်"
ရုံရှား အံ့အားသင့်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။
"ကောကုန်းချမ်အမ်..."
ယောင်ဖေးကျီသည် ရုံရှား၏ မြင်းရထားရပ်သွားသည်ကို မြင်လိုက်ရပြီး သူတို့ကို နှုတ်ဆက်ရန် ရှေ့သို့ တိုးသွားလိုက်သည်။ကောကုန်းချမ်အမ်နှင့် ပန်းဟွာကျွင်းကျူးတို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ခင်စွာ ပြုံးလျက် ကြည့်နေကြသည်ကို သူ မျက်ဝါးထင်ထင် တွေ့လိုက်ရ၏။အဘိုးကြီးတစ်ယောက်အနေနှင့် သူတို့ရှေ့ကို သွားပြီး နှောင့်ယှက်ဖို့ ရှက်သွားရ၏။ သူ့မျက်နှာကို အုပ်ထားလိုက်ကာ ဘာမှမမြင်ရသလို ဟန်ဆောင်သည်။
ထိုစဉ် လျှိုပန်းရှန်က သူ့ကို ဦးညွတ်ပြီး စကားလာပြောသည်။
" ဝန်ကြီးယောင်၊ ဒီမှာ ဘာလုပ်နေတာလဲ"
ယောင်ဖေးကျီက အရှက်ပြေ ချောင်းဆိုးလိုက်ပြီး လျှိုပန်းရှန်အားပြန်လည်ဦးညွတ်လိုက်၏။
"ဒီအဘိုးကြီးက ဟိုဟိုဒီဒီကြည့်နေတာပါ"
လျှိုပန်းရှန်လည်း မသင်္ကာရှိ၍ အနီးနားကို ကြည့်လိုက်ရာ ပန်းဟွာကျွင်းကျူးအား ခုံပုလေးပေါ်မှ နေ၍ အောက်ကိုဆင်းဖို့ ကူညီနေသည့် ကောကုန်းချမ်အမ်ကို တွေ့လိုက်ရသည်။ကောကုန်းချမ်အမ်သည် ပန်းဟွာကျွင်းကျူး၏ လက်ကလေးကို ရတနာတစ်ခုကို ကိုင်ဆောင်ထားသကဲ့သို့ အလွန်သတိထားပြီး ဂရုတစိုက်ရှိလှ၏။
ပန်းဟွာကျွင်းကျူးသည် မြင်းရထားပေါ်မှ ခုန်ဆင်းပြီးနောက်၊ဘာပြောလိုက်မှန်း မသိ၊ ကောကုန်းချမ်အမ် မျက်လုံးများမှေးသည်အထိ ပြုံးနေလေသည်။
လျှိုပန်းရှန်နှင့် ယောင်ဖေးကျီတို့သည် ရုံရှားနှင့် မတွေ့မီ နာရီဝက်နီးပါး ထောင့်တွင် ရပ်နေခဲ့ကြသည်။ ရုံရှားသည် ပန်းဟွာ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူတို့နှစ်ယောက်ဆီသို့ လျှောက်သွားသည်။ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် ရုံရှားက မေးသည်။
"ဒီက ဝန်ကြီးတို့ရဲ့ ဇနီးတွေ ဘယ်မှာလဲ"
"ကျွန်တော့် ဇနီးက နေမကောင်းလို့ သူမကို အိမ်မှာ ထားခဲ့လိုက်တာ"
ယောင်ဖေးကျီက လျှိုပန်းရှန်ကို လှည့်ကြည့်လိုက်ကာ
"မင်း ဇနီးကတော့ ဒီမှာရှိသင့်တယ် မဟုတ်လား"
ရုံရှားက ပန်းဟွာကျွင်းကျူး တစ်ယောက်တည်း ငြီးငွေ့မည်ကို စိုးရိမ်နေပြီး သူမနှင့်အတူ အဖော်တစ်ယောက်ရှိနေးချင်နေမှန်း လျှိုပန်းရှန် ရိပ်မိလိုက်သည်။
"ကျွန်တော့်ဇနီးက ဒီကို မကြာခင်လာမှာပါ၊ ခဏစောင့်ပါ"
ပန်းဟွာသည် မနီးမဝေးတွင် ရပ်နေရင်း ပြုံးစစနှင့် အနည်းငယ်ပိန်သော အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ လျှိုပန်းရှန်လို ပိန်ပိန်ပါးပါးဖြစ်၍ သူတို့နှစ်ယောက်က လင်မယားမှန်း သူမ တွေးမိလိုက်သည်။
သခင်မလျှိုသည် အလွန်ကြင်နာတတ်သူဖြစ်သည်။သူမ၏ အဆင့်အတန်းသည် အလွန်မြင့်မားခြင်းမရှိသော်လည်း ပန်းဟွာ၏ ရှေ့တွင် ကပ်ဖားနေမည့်သူမျိုးမဟုတ်ပေ။ သခင်မလျှိုသည် ပန်းဟွာကို အိမ်ရှေ့စံ ကြွရောက်လာမည်ကို စောင့်မျှော်နေသော အမျိုးသမီးများရှိရာအရပ်သို့ ခေါ်ဆောင်သွားသည်။ပြီးလျှင် လယ်ယာပွဲတော်အတွင်း သူမတို့လုပ်ဆောင်ရမည့်အရာများကို တိတ်တဆိတ် ရှင်းပြသည်။
ဤသခင်မလျှိုသည် အလွန် စေတနာကောင်းပြီး စကားများရွှန်းရွှန်းဝေနေအောင် တမင်တကာ မပြောပေ။သို့သော်လည်း သခင်မလျှိုသည် ပန်းဟွာနှင့် အချိန်အတော်ကြာ စကား ပြောဆိုပြီးသည့်အခါလည်း အလွန်လေးစားစွာပြောဆိုဆက်ဆံသည်။သူမအကြိုက်ဆောင်ခြင်းပေလား သို့မဟုတ်လည်း သူမကို စိတ်ထဲက နှစ်နှစ်ကာကာ ခင်မင်ခြင်းဖြစ်နိုင်၏။
လျှိုပန်းရှန်သည် တရားရုံးချုပ်၏ အငယ်တန်းအရာရှိတစ်ဦးသာဖြစ်ပြီး သူ၏ရာထူးမှာ သူမနှင့် ရုံရှားတို့လောက်ပင် မမြင့်မားသော်လည်း သခင်မလျှိုသည် ထိုမျှလောက် လေးစားရန်မလိုအပ်ပေ။
နာရီဝက်လောက် စောင့်ပြီးမှ အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ ရောက်လာသည်။ အိမ်ရှေ့စံတို့ အကြင်လင်မယားသည် မြင်းရထားပေါ်မှ ဆင်းလာသောအခါ လယ်သမားများကဲ့သို့ ၀တ်ဆင်ထားကြသည်ကို တွေ့ရ၏။ အိမ်ရှေ့စံမင်းသမီးကလည်း လက်ထဲတွင် ကြိမ်ခြင်းတောင်းကို ကိုင်ဆောင်ထားသည်။
အိမ်ရှေ့စံကို ဘာလုပ်ရမည်၊ဘာကို သတိထားဖို့ လိုအပ်သည် စသည်တို့အား အခမ်းအနားမှူးက ပြောပြပေးသည်။အခြား နန်းတွင်းအရာရှိကြီးများနှင့် မှူးမတ်များက လေးလေးစားစား မတ်တပ်ရပ်ကြသည်။အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့ စတင်လှုပ်ရှားသောအခါ နန်းတွင်းသူနှင့် အထိန်းတော်များက နောက်မှလိုက်၍ အလုပ်ရှုပ်နေသည်။
ပျော့ပျောင်းသော မြေဆီလွှာကို နင်းလာရင်း၊မြေဆီလွှာအားလုံး ထွန်ယက်ထားသည်ကို ပန်းဟွာ တွေ့ရ၏။ ပေါင်းပင်တစ်ပင်မှမရှိသလို လက်မအရွယ်ထက် ပိုကြီးသည့် ကျောက်တစ်လုံးလည်း မရှိပေ။ ဤမြေကွက်သည် သာမာန်မြေနှင့်မတူဘဲ သန့်ရှင်းနေသည်။ ပန်းမိသားစု၏ အားလပ်ရက်အပန်းဖြေ အိမ်တော်အနီးတစ်ဝိုက်ရှိ မြေကွက်သည် ပန်းမိသားစုပိုင်ဖြစ်သည်။ ဘာမှလုပ်စရာမရှိသည့်အခါ သူမသည် အဖေဖြစ်သူ၊ မောင်ဖြစ်သူတို့နှင့်အတူမကြာခဏ ကစားတတ်၍ လယ်သမားများ လယ်လုပ်နေသည့် မြင်ကွင်းကို မြင်ဖူးထားသည်။လယ်သမားများ လုပ်ကိုင်သော မြေဆီလွှာသည် ဤမျှလောက် မပျော့ဘဲ ပေါင်းပင်များပြီး ကျောက်တုံးများနှင့် သစ်ကိုင်းခြောက်များပေါ၏။
ပန်းဟွာသည် လက်ထဲတွင်ရှိသော မျိုးစေ့များကို တူးထားသောတွင်းထဲသို့ ပစ်ချလိုက်သည်။အပေါက်တစ်ခုစီတွင် အစေ့သုံးလေးစေ့ ပစ်ချသည်။အပင်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကံတရားပေါ် မူတည်သည်။
သူမ မြန်မြန်ဆန်ဆန် ထည့်လိုက်ရာ တွင်းများ အတန်းလိုက် ပြည့်နေတော့၏။သူမ ခေါင်းကို လှည့်ကြည့်လိုက်သော် တခြားသော မိန်မများသည် သူမ နောက်မှာ အဝေးကြီးကျန်ခဲ့ကြောင်း မြင်လိုက်ရသည်။ သူမခါးက ဝါးခြင်းတောင်းထဲမှ မျိုးစေ့များကို ကြည့်ပြီး ဘေးနားက မိန်းမစိုးလေးဆီလှည့်ကာ
"ငါ နည်းနည်း မြန်လိုက်မိတာလား"
"ကျွင်းကျူးက လက်မြန်၊ ခြေမြန်နဲ့ သိပ်အားကျမိပါတယ်"
မိန်းမစိုးက ခြောက်သွေ့စွာရယ်မောလိုက်သည်။ မူလက ပေါ့ပေါ့ပါးပါး ကိစ္စပင်။ ဤမှူးမတ်များသည် မျိုးစေ့တစ်စေ့၊ နှစ်စေ့သာ စိုက်ပျိုးရန်ပင်လျှင် ကျန်မျိုးစေ့များကို ဖြည့်ဆည်းပေးမည့် အောက်ခြေသိမ်းလူများလည်း ရှိပေလိမ့်မည်။ လယ်ရှိသီးနှံများသည် အခြားသူများထက် သာလွန်ကောင်းမွန်ကြောင်းကိုလည်း အာမခံပါသည်။
ပန်းဟွာ ဤမျှအထိမြန်လိမ့်မည်ဟု မထင်ထားချေ။သူမ အစေ့များကို ချပုံမှာလည်း စိတ်ဝင်စားစရာပင်။သူသည် နိမ့်ကျသော မိန်းမစိုးဖြစ်သောကြောင့် ပန်းဟွာ ကို မနှောင့်ယှက်ဝံ့ပေ။ သူမ နောက်သို့သာ နာခံစွာ လိုက်လာရသည်။
ပန်းဟွာ မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်ရာ အဝေးတွင် ရုံရှားသည် မြေကြီးများအား ဖွနေသည်ကို မြင်လိုက်ရသည်။ မြေဆီလွှာသည် အလွန်နူးညံ့သည်ဟု သူမ ခံစားမိသော်လည်း၊သူက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြေလျော့သွားပုံရသည်။
သခင်မလျှိုက သူမ အနားကို လာပြီး
"ကျွင်းကျူးပင်ပန်းနေလား၊ ပင်ပန်းရင် ခဏလောက် အနားယူပါလား"
လယ်ကွင်းဘေးတွင် အနားယူရန် တဲတစ်လုံးရှိနေသည်။ အပြင်ဘက်ကကြည့်ရင် သိပ်ပြီးပုံမကျသော်လည်း အတွင်းမှာ စားပွဲ၊ ကုလားထိုင်၊ ဖျာ၊ သစ်သီးများနှင့် အဆာပြေမုန့်များရှိ၏။
ပန်းဟွာသည် လက်များကို ဆေးကြောပြီး တဲထဲသို့ ဝင်လိုက်သည်။ အခြားသော မှူးမတ်များသည် သူမကို မြင်သောအခါ အားလုံးက ကြိုဆိုရန် မတ်တပ်ရပ်လိုက်ကြသည်။သူမ လက်ကို မြှောက်ပြီး
"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ထိုင်ပါ"
"ကျွင်းကျူးက တကယ်ကို အံ့သြစရာကောင်းတယ်ရှင်၊ အလုပ်တွေ အများကြီးလုပ်ခဲ့တာပဲ၊ကျွန်မ သိပ်အားကျမိပါတယ်"
ပန်းဟွာက
"ဘာမှ အားကျစရာမရှိပါဘူး၊ ကျွန်တော်က စစ်သူကြီးမိသားစုက လာတာဆိုတော့ ရှင့်ထက် သန်မာတာ မထူးဆန်းပါဘူး"
ဤသည်ကို အခြားသူများကြားသောအခါ ပန်းမိသားစု၏ ဘိုးဘေးများကို ချီးမွမ်းကြသည်။ သူတို့ ဘယ်လောက်ကြီးမြတ်ကြောင်းထ ကမ္ဘာကြီးကို အောင်နိုင်ဖို့၊ တိုင်းပြည်အား ကာကွယ်ကြကြောင်း စသည်ဖြင့် ချီးကျူးကြသည်။
နန်းတော်အစေခံများသည် လက်ဖက်ရည်တိုက်ရန် ဝင်လာကြသည်။ ပန်းဟွာကို လက်ဖက်ရည်ခွက် ချပေးသော နန်းတော် အစေခံက မတော်တဆ လက်တုန်ကာ ပန်းဟွာပေါ်သို့ လက်ဖက်ရည်များ မတော်တဆ ဖိတ်ကျသွားသည်။
"ကျွင်းကျူး ကျွန်မကို ခွင့်လွှတ်ပါ၊ ကျွင်းကျူး ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပါ"
ဤနန်းတော်အစေခံသည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်သာရှိသေးသည်ကို ပန်းဟွာ မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ ကလေးဆန်သောပုံရိပ်မှာ မှေးမှိန်မသွားဘဲ မျက်လုံးများကလည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ သူမကိုကြည့်ရာသည်မှာ ကြောက်နေသော ယုန်ဖြူလေးတစ်ကောင်လိုပင်။ အနည်းငယ်သနားစရာပုံပေါက်သဖြင့် ပန်းဟွာ သူမကို လက်ကိုင်ပုဝါတစ်ထည်ပေးကာ
"ကောင်းပြီ၊ ကိုယ့်ကိုကိုယ် မပူမိအောင် သတိထားပါ"
"ကျေးဇူးတင်ပါတယ် ကျွင်းကျူး" နန်းတော် အစေခံက လက်ကိုင်ပုဝါကို ကိုင်ထားသော်လည်း လက်ကို မသုတ်။ယင်းအစား မူလခွက်ထဲရှိ လက်ဖက်ရည်ကို အကုန်သွန်ပြီး ခွက်ထဲမှာ လက်ဖက်ရည်ထပ်ဖြည့်လိုက်သည်။
"ကျွင်းကျူး၊ ဖြည်းဖြည်းသောက်ပါ၊ကျွန်မ ထွက်သွားပါတော့မယ်"
နန်းတော်အစေခံက လက်ကိုင်ပုဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ စားပွဲပေါ်ရှိ လက်ဖက်ရည်များကို သုတ်ရန် သူ့အင်္ကျီလက်ကို အသုံးပြုကာ ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။
ပန်းဟွာက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြန်ချထားလိုက်သည်။
xxxxx