အပိုင်း၁၄၉
Viewers 8k

Chapter 149



သခင်မလျှိုသည် ပန်းဟွာ၏ညာဘက်တွင်ထိုင်နေကာ တိုးတိုးလေးပြောလိုက်သည်။


 "ဒီက လက်ဖက်ရည်က သိပ်မကောင်းပါဘူး၊ လယ်တောထဲမှာ သာမာန်လယ်သမားတွေလို နေထိုင်ရမယ်၊ တကယ့်မင်းစည်းစိမ်ကို အပြည့်အဝ မခံစားရဘူးလို့ ဧကရီက ပြောဖူးပါတယ်၊ ဒါကြောင့် လက်ဖက်ရည်က ခါးသီးပြီး သောက်လို့အဆင်မပြေပါဘူး၊ရေငတ်ပြေစေရုံပါပဲ"


အခြား မှူးမတ်များသည်လည်း လက်ဖက်ရည်ကိုကြိုက်နှစ်သက်ပုံမရ။သို့ရာတွင် ခွက်များကို ကိုင်ကာ သာမန်လူများ၏ အခက်အခဲကို ဝေမျှသည့် အနေဖြင့် စိတ်ပိုင်းထားကာ သောက်နေကြသည်ကို ပန်းဟွာ မြင်လိုက်ရသည်။


 "ဒီလက်ဖက်ရည်က...."ပန်းဟွာက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။


"လက်ဖက်ခြောက်က မှိုတက်နေတာတွေနဲ့များ လုပ်ထားလို့လား"


 သခင်မလျှိုက "လက်ဖက်ရည်က အရသာမကောင်းပါဘူး၊ ဒါပေမယ့် အစေခံတွေကတော့ မကောင်းတဲ့လက်ဖက်ခြောက်နဲ့ မလုပ်လောက်ပါဘူး"  


ပန်းဟွာသည် လက်ထဲက အဝါရောင် လက်ဖက်ရည်ခွက်ကို စစ်ဆေးကြငည်။ ပြီးလျှင် တစ်ငုံသောက်ကြည့်၏။အမှန်ပင် အရသာက တကယ်ကို ရွံရှာစရာကောင်းသည်။ စောစောက တစ်ငုံနှင့်အရသာကွာသွားသလိုရှိ၏။သူမ  ရူရီ ပေးလိုက်သည့် လက်ကိုင်ပုဝါကို ယူပြီး လက်ကိုင်ပုဝါပေါ် လက်ဖက်ရည်အား ထွေးပစ်လိုက်သည်။


 ထိုအချိန်တွင် အိမ်ရှေ့စံမင်းသမီး ဝင်လာ၍ အမျိုးသမီးအားလုံးက သူမကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်သည်။ အိမ်ရှေ့စံမင်းသမီး၏ မျက်နှာသည် ချွေးများဖြင့် ဖုံးလွှမ်းနေကာ သူမက လူတိုင်းအား ပြောလေသည်။


 "ကျေးဇူးပြုပြီး ထိုင်ပါ၊ ယဉ်ကျေးနေဖို့မလိုပါဘူး"


 သူမ ချက်ချင်း မတွန့်ဆုတ်ဘဲ လက်ဖက်ရည်အနည်းငယ်သောက်သည်။ တကယ် ရေငတ်နေသလား သို့မဟုတ် သရုပ်ဆောင်ကောင်းသလားဆိုသည်ကို မည်သူမှ မရှင်းမလင်းပေ။ သို့သော် သူမ၏ အပြောအဆိုနှင့် အပြုအမူများကြောင့် သူမသည် အရည်အချင်းပြည့်မီသော အိမ်ရှေ့စံမင်းသမီးဟု ထင်စရာရှိသည်။ အိမ်ရှေ့စံမင်းသမီးက ပန်းဟွာကို ပြုံးပြပြီး ပြောသည်။


"ပန်းဟွာကျွင်းကျူး ဒါ ပထမဆုံးအကြိမ်ပါဝင်တာမလား၊ အဆင်ပြေရဲ့လား" 


"စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသမီး" 


ပန်းဟွာ လည်ချောင်း ပူနေသလို ခံစားရသည်။သို့သော် သူမက ခေါင်းခါပြီး "အားလုံး အဆင်ပြေပါတယ်" 


အိမ်ရှေ့စံမင်းသမီး တစ်ချက်ကြည့်လိုက်ရာ ပန်းဟွာရှေ့မှ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်သည် အနည်းငယ်သာ လျော့သေးသည်ကို တွေ့လိုက်ရ၏။ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသော ဤမင်းသမီးလေးသည် အခက်အခဲများ၏ဒဏ်ကို မခံနိုင်ကြောင်း သူမသိသည်။ 


"ကျွင်းကျူးကိုယ်တိုင် မျိုးစေ့တစ်တန်း ကျဲနေတာကို အစ်မ မြင်တယ်၊ သတိထားပါ၊ ကိုယ့်ကိုကိုယ် မပင်ပန်းစေပါနဲ့"


သို့သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ လူအများရှေ့မှာဖြစ်၍ ပန်းဟွာ လက်ဖက်ရည်အနည်းငယ်သောက်သင့်သည်ဟု သူမ ထင်သည်။

 

"မွန်းတည့်ခါနီးပြီ" 


အိမ်ရှေ့စံမင်းသမီးက မျက်နှာကို လက်ကိုင်ပုဝါနှင့် သုတ်လိုက်သည်။ သူမ၏ ပါးပြင်များသည် ပင်ပန်းမှုကြောင့် အနည်းငယ်နီရဲနေသည်။


 "နေ့လည်စာစားရအောင်"


လက်ဖက်ရည်ကြမ်းကို မြည်းစမ်းပြီးပြီဖြစ်သောကြောင့် နေ့လယ်စာသည် အလွန်အရသာရှိမည်မဟုတ်ပေ။ ထမင်းကြမ်း ပန်းကန်လုံးတစ်ဝက်နှင့် အသားမပါဝင်သည့် ဟင်းသီးဟင်းရွက်ပြုတ် ပန်းကန်အနည်းငယ်သာ ရှိ၏။ ပန်းဟွာကဲ့သို့ ဇီဇာကြောင်သူမှာ ခါးသီးသော တောရိုင်းဟင်းသီးဟင်းရွက်များကို တစ်လုတ်စားကြည့်ပြီး၊ နောက်နှစ်အနည်းငယ်အတွင်း ဖြစ်လာနိုင်သည့် သူမ၏ဘဝအတွက် ပိုစိုးရိမ်လာခဲ့သည်။


သာမန်လူများ၏ ဘဝက မလွယ်ကူပေ။ဤဟင်းများကိုသာ နေ့တိုင်းစားရရှာသည်။ကျန်းလောသည် သဘာဝဘေးဒဏ်သင့်ခံရသူများကို နှိမ်နင်းရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကာ မရေမတွက်နိုင်သော ပြည်သူများအား အသေအပျောက် ဖြစ်စေခဲ့သည်ကို တွေးတောရင်း၊ကျန်းလောကို သူမ အလွန်စက်ဆုပ်မိရသည်။ 


"ပန်းဟွာကျွင်းကျူး၊ ဒီဟင်းက အရသာမကောင်းပါဘူး၊ ဒါပေမယ့် သာမန်လူတွေ စားနိုင်ရင်၊ အိမ်ရှေ့စံမင်းသမီးတောင် စားနိုင်သေးရင် အနည်းဆုံးတော့ ကျွင်းကျူးလည်း စားသင့်တယ်၊ကိုယ်က တစ်နပ်ပဲစားရတာလေ၊ ပြည်သူတွေက တသက်လုံးစားရတာ"


ပန်းဟွာနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးသည် နှစ်သိမ့်နေပုံရသော်လည်း တမင်တကာ အပြစ်ရှာ၍ ပြောသလိုမျိုး ပြောလေသည်။


ပန်းဟွာ ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူသည် သူမ၏ အမေဖြစ်သူ ယင်းရှစ် ဖအေတူ မအေကွဲညီမဖြစ်ပုံရသည်။ဤအမျိုးသမီးသည် စတုတ္ထအဆင့် ခရိုင်တရားသူကြီးနှင့် လက်ထပ်ခဲ့၍ ဤကဲ့သို့သော လှုပ်ရှားမှုမျိုးတွင် ပါဝင်နိုင်ရုံမျှသာ အဆင့်ရှိသည်။သို့သော် သူမ၏ နိမ့်ကျသော အဆင့်အတန်းကြောင့် စကားပြောပိုင်ခွင့် မရှိ။ ပန်းဟွာသည် ဧကရာဇ်ကိုယ်တိုင် အပ်နှင်းထားသော ပထမအဆင့် ကျွင်းကျူးဖြစ်သည်။ 


သူမ၏ရာထူးသည် ပန်းဟွိုက် နှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဤယင်းမျိုးနွယ် အမျိုးသမီး၏ အတွေးကို သူမ ဂရုမစိုက်ပေ။ထို့ကြောင့် သူမသည် မရေမတွက်နိုင်သော ရန်သူများကို သတ်ရန် အသုံးပြုသည့် နည်းလမ်းအားသုံးလိုက်၏။၎င်းမှာ ဥပေက္ခာပြုခြင်းပင်။


 စတုတ္ထအဆင့် သခင်မတစ်ဦးသည် ပထမအဆင့် ကျွင်းကျူးကို ဝေဖန်ရန် လုံလောက်သော အဆင့်မရှိ၍ လျစ်လျူရှုခံခဲ့ရသည်။ ယခုလို အရှက်ရမှုမျိုးကို စကားလုံးနှင့်ပင် ဖော်ပြလို့မရပါချေ။ ကြားထဲက သခင်မလျှိုမှ ဝင်ပြောသည်။


"ရှင်က အောက်မှာထိုင်နေပေမယ့် ပန်းဟွာကျွင်းကျူး ဘယ်လောက်စားသလဲဆိုတာ သိနေတာလား၊ ရှင့်အကျင့်စာရိတ္တက တော်တော်ဆိုးဝါးတာပဲ"


ထမင်းစားနေစဉ် စကားမပြောသင့်သလို၊ အဆင်အတန့်မြင့်မားသူကိုလည်း စည်းကမ်းမဲ့စွာမကြည့်သင့်ပေ။ဤသည်မှာ အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ သခင်မလျှိုက ဤယင်းမျိုးနွယ် အမျိုးသမီးက  အမူအကျင့် ပျက်ယွင်းနေသည်ဟု ပြောလိုက်ခြင်းပင်။


သခင်မအချို့က ကျယ်လောင်စွာ ရယ်မောကြသည်။ သူတို့အားလုံး မျက်နှာချင်းဆိုင်ထိုင်နေကြကာ၊အဆင့်အတန်းမြင့်မားသူများပင်။ ဤဟင်းလျာများသည် မျိုချရခက်မှန်း အားလုံးသိကြသည်။သို့ရာတွင် နားမလည်ပါးမလည်နှင့် အဆင့်အတန်းနိမ့်ပါးသူက ကျွင်းကျူကို လက်ညိုးထိုးပြရဲသည်။ သူ့ကိုယ်သူ ဘာထင်နေတာလဲ...


ဤကဲ့သို့ လှောင်ပြောင်ခံရပြီးနောက် ယင်းမျိုးနွယ် အမျိုးသမီးသည် ရှက်ရွံ့ဒေါသထွက်ပြီး ဒေါသတကြီးပြောသည်


 "သခင်မလျှို ၊ ကျွန်မ အဆင့်အတန်းက နိမ့်နေပေမယ့် ကျွန်မက ပန်းဟွာကျွင်းကျူးထက် အသက်ကြီးတဲ့ ဆွေမျိုးနီးစပ်ပါ၊ ဆုံမစကားနည်းနည်းလေး ပြောတာ ဘာမှ မဖြစ်ပါဘူး"


ဤယင်းမျိုးနွယ်အမျိုးသမီးသည် သူမ၏ မိသားစုနှင့် ဆွေမျိုး တော်စပ်သည်ဟု အရှက်မရှိစွာ ပြောသောအခါ ပန်းဟွာ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။


 "ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေတာလဲ၊ကျွန်မတို့မိသားစုနဲ့ ဆွေမျိုး တော်တယ်လို့ ရှင် ဘယ်လိုပြောရဲတာလဲ၊အရှက်မကွဲချင်ရင် ဒီကနေ ထွက်သွားပါ"


ကျင့်ထင်မြို့စားကြီး၏ ဇနီး ယင်းရှစ်နှင့် သူမ၏  ယင်းမျိုးနွယ်မိသားစုကြားမှ အာဃာတများအကြောင်း လူများစွာ သိကြသည်။ နှစ်ပေါင်းများစွာကြာလာသော်လည်း၊ယင်းရှစ်သည် သူမ၏ မိသားစုဆီ ဘယ်တော့မှ ပြန်မသွားတော့ပေ။သို့သော် ယင်းမျိုးနွယ် မိသာစု၏ ယင်းရှစ်အပေါ် လုပ်ရပ်များက ရွံရှာဖွယ်ကောင်းပြီး၊ ကျင့်ထင်ကောကုန်း၏ ပံ့ပိုးကူညီမှုများကြောင့် သူမအား သစ္စာမဲ့သူဟု မည်သူမျှ မပြောရဲကြပေ။အများစုကတော့ သူတို့၏ အကြီးဆုံးသမီးကို ကောင်းကောင်းမဆက်ဆံသည့် ယင်းမျိုးနွယ်စုကို နောက်ကွယ်မှာ ရယ်နေကြသည်။ 


ပန်းဟွာသည် ဤယင်းမျိုးနွယ်စု အမျိုးသမီးအား အရှင်ခွဲခြင်းပင်ဖြစ်သည်။ ယင်းမျိုးနွယ် တစ်ခုခုပြန်ာဖို့ပြင်သော်လည်း စားပွဲထိပ်မှာထိုင်နေသည့် အိမ်ရှေ့စံမင်းသမီးက ပြောလေသည်။


"ကဲ ဒီသခင်မက နေမကောင်းဘူးထင်တယ်၊ သူမကို ပြန်လွှတ်ဖို့ ချက်ချင်းစီစဉ်ပေးလိုက်ပါ" 


"အိမ်ရှေ့စံမင်းသမီး..."


အိမ်ရှေ့စံမင်းသမီးက ပါးစပ်ကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။


 "ရှင် ဘာမှပြောစရာ မလိုဘူး၊ထွက်သွားပါ"


ယင်းမျိုးနွယ် အမျိုးသမီး၏ ခန္ဓာကိုယ်သည် လဲကျလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူမ လှည့်ကြည့်လိုက်သော် အမျိုးသမီး အရာရှိနှစ်ဦးက သူမဆီ လျှောက်လာပြီး အတင်းတွဲခေါ်လေတော့သည်။


 ဤနှစ်များအတွင်း ယင်းမိသားစုသည် ကောင်းမွန်သော ဘဝတွင် မနေထိုင်ခဲ့ရပေ။ကျင့်ထင် အိမ်တော်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့်  မှူးမတ်များသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူမတို့အား လိုက်ဒုက္ခပေးနေသောကြောင့် ယင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များသည် တရားရုံးသို့ သွားရန် အခက်တွေ့နေကြရသည်။ အထူးသဖြင့် ယင်းရှစ်၏ ဖခင်၏ ဒုတိယဇနီးမယားနှင့်ရသော သားသမီးများပင်။သူတို့ဘဝများသည် အငယ်တန်းအဆင့်ကိုယ်လုပ်တော်များထက်ပင် နိမ့်ကျရရှာ၏။ 


သူမ လက်မခံချင်ခဲ့။ သို့သော်လည်း ပန်းမိသားစုကို တော်ဝင်မိသားစုက မျက်နှာသာပေးခဲ့သည်။ သူမ ဘာလုပ်နိုင်မှာလဲ။  


သူမသည် ပန်းမိသားစုနှင့် ပြန်လည်သင့်မြတ်ရန် ကြိုးစားခဲ့သော်လည်း သူမ၏ အစ်မအကြီးဆုံးဖြစ်သူ ယင်းရှစ်က လှည့်ပင်မကြည့်သလို၊ အိမ်တံခါးကိုတောင် ဖြတ်ခွင့်မပေးခဲ့ပေ။


 "ပန်းဟွာကျွင်းကျူးရဲ့ အသားအရေက တစ်မျိုးဖြစ်နေသလိုပဲ၊ နေမကောင်းဘူးလား"  


အိမ်ရှေ့စံမင်းသမီးက ယင်းမျိုးနွယ်အမျိုးသမီးကို မောင်းထုတ်ပြီးနောက်၊ ပန်းဟွာမှာ မျက်နှာက ဖြူဖျော့နေကာ နှုတ်ခမ်းကလည်း ပြာနေသည်ကို တွေ့လိုက်ရ၏။


"တော်ဝင်သမားတော်ကို လာကြည့်ဖို့ လှမ်းအကူအညီတောင်းလိုက်မယ်” 


ပန်းဟွာက ခေါင်းခါလိုက်သည်။  "မလိုပါဘူး၊ ကျွန်မဘာသာ…"


 သူမ စကားကိုခေတ္တရပ်လိုက်ပြီးနောက် နီညိုရောင်သွေးများပါးစပ်ထဲက ထွက်ကျလာသည်။ 


 "ကျွင်းကျူး" 


သခင်မလျှို၏ အပြုံးတို့ပျောက်ကွယ်ကာ ထိတ်လန့်သွားတော့သည်။ "ဘာဖြစ်နေတာလဲ"


ပန်းဟွာ ပါးစပ်ထောင့်ကို လက်ဖမိုးဖြင့် သုတ်လိုက်ရာ၊ သွေးများပေကျံနေသည်ကို တွေ့ရ၏။ ထို့နောက် သူမသည် ပူလောင်နေသော ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း ဆောက်တည်ရာမရ ဖြစ်နေတော့၏။


ယနေ့ သူမ မိတ်ကပ်မလိမ်းထားပေ။အဝတ်အစားကလည်း သာမန်ပင်ဖြစ်ကာ ဆံထိုးပင် မတပ်ထားခဲ့ပေ။သူမ ဒီလို သေလို့ မဖြစ်ဘူး၊ 


သူမ သေဆုံးသွားပါက အလှဆုံးအဝတ်အစား၊ အလှပဆုံးမိတ်ကပ်နှင့် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း ငြူစူရမည့် အလှပဆုံး လက်ဝတ်ရတနာများကို ၀တ်ဆင်ထားသင့်သည်။ သို့မှသာ သူမ သေရကျိုးနပ်ပေမည်။


 ဒါကို သူမ လက်မခံနိုင်ဘူး!


 သူမ မသေချင်ဘူး!


 "မြန်မြန်! တော်ဝင်သမားတော်ကို အမြန်ခေါ်ပါ၊ သမားတော်အားလုံးကို ခေါ်ပါ" 


အိမ်ရှေ့စံမင်းသမီး၏ အသံသည် တုန်လှုပ် ခြောက်ခြားနေသည်။သူမသည် အမျိုးသမီးများအတွက် အကျွေးအမွေးကိစ္စကို တာဝန်ယူခဲ့သူဖြစ်သည်။ပန်းဟွာကျွင်းကျူး တစ်ခုခုဖြစ်ခဲ့လျှင် သူမ ဘယ်လိရှင်းပြရမှန်း မသိတော့။


"ဒီနေရာကို စောင့်ဖို့ တော်ဝင်အစောင့်တွေကို ချက်ချင်းစီစဉ်ပါ၊ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး၊ နန်းတော်ရဲ့ အစေခံတွေနဲ့ မိန်းမစိုးတွေကို စုံစမ်းပါ....သံသယဖြစ်စရာလူကို ငါတို့အပြင်မလွှတ်နိုင်ဘူး"


အခြားအမျိုးသမီးများကလည်း ကြောက်ရွံ့သွားကြသည်။ သာမာန်အားဖြင့်၊ သူတို့သည် ပန်းဟွာကို ရိုင်းစိုင်းပြီး ရွဲ့စောင်းသော မှတ်ချက်များ ပေးလေ့ရှိကြသည်။သို့သော် အဆိပ်ခတ်ရန် လာပ်ကြံရသည်အထိ မရက်စက်ပေ။ယခု ပန်းဟွာကျွင်းကျူး ၏ ဖြူဖျော့သော အသားအရည်နှင့် သွေးများ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ ကြောက်လန့်တကား အော်ဟစ်မိကြလေသည်။


အိမ်ရှေ့စံသည် မင်းမှုထမ်းများနှင့်အတူ ထမင်းစားနေသည်။ အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် တော်ဝင်အစောင့်တပ်များ၏ လှုပ်ရှားမှုကို ကြားလိုက်ရသောအခါတွင်၊ သူ့ဘေးနားရှိ မိန်းမစိုးကို ပြောလိုက်၏။ 


“အိမ်ရှေ့စံ မင်းသမီး ဘာဖြစ်သွားတာလဲ မြန်မြန်သွားကြည့်”


 အိမ်ရှေ့စံမင်းသမီးသည် တည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ ကိစ္စကြီးကြီးမားမားမဟုတ်လျှင် တော်ဝင်အစောင့်တပ်များကို အလွယ်တကူ စုဝေးစေမှာမဟုတ်ပေ။ 


 "အစီရင်ခံပါတယ်"  


အိမ်ရှေ့စံ မင်းသမီးဘေးက မိန်းမစိုးတစ်ယောက် ထိတ်လန့်စွာ ပြေးဝင်လာသည်။ သူက ဒူးထောက်လိုက်ပြီး အခန်းထဲက လူများကိုဝေ့ဝဲကြည့်ကာ- "အရှင့်သား၊ ပန်းဟွာကျွင်းကျူး အဆိပ်သင့်သွားပါတယ်"


 "ဘာပြောလိုက်တာလဲ?"  


ရုံရှား ရုတ်တရက် ထရပ်လိုက်ရာ သူ့ရှေ့မှ စားပွဲသေးသေးလေး မှောက်ကျပြီး အစားအသောက်များ အကုန်ဖိတ်စင်ကုန်သည်။


 "ပန်းဟွာကျွင်းကျူး အဆိပ်သင့်သွားပါတယ်၊ အခုပဲ တော်ဝင်သမားတော်တွေအားလုံးကို ခေါ်ထားလိုက်ပါပြီ..."


ရုံရှားသည် သူ့ခေါင်းထဲတွင် ကျယ်လောင်သော အသံတစ်ခုမြည်သွားသလို ခံစားလိုက်ရပြီး သူ့အား နှစ်သိမ့်ရန် ပြင်နေသော အရာရှိများကို တွန်းဖယ်ကာ ပြေးထွက်လာခဲ့သည်။ ကျန်အရာရှိများသည် အချင်းချင်း ထိတ်လန့်စွာ ကြည့်နေကြသည်။  အဆိပ်ကို အစားအသောက်နှင့် လက်ဖက်ရည်ထဲသို့ ရောစပ်ထားခြင်းဖြစ်နိုင်သည်။ကျွင်းကျူး ဘယ်လို အသက်ရှင်နေနိုင်ပါ့မလဲ။


 “အိမ်ရှေ့စံ…”


အိမ်ရှေ့စံ၏ လက်အောက်ငယ်သားက အိမ်ရှေ့စံ ထွက်သွားသဖြင့် တားဖို့ပြင်လိုက်သည်။ကံမကောင်းစွာပဲ အိမ်ရှေ့စံက သူ့ကို ဂရုမစိုက်ခဲ့ချေ။


 စစ်သူကြီးယန်သည် ရှစ်ကျင်းရှေ့သို့ လျှောက်သွားသည်။  


"ဒုတပ်မှူးရှစ်၊ကိစ္စကြီးကြီးမားမားဖြစ်သွားပြီ၊ ပန်းဟွာကျွင်းကျူး ဒုက္ခရောက်နေတယ်၊ အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမင်းသမီးတို့က အမိန့်ပေးလိုက်တယ်၊ ဧကရာဇ်ရဲ့လယ်ကွင်းတွေကို ချက်ချင်းစောင့်ကြည့်ထား၊ ဘယ်သူ့ကိုမှ မထွက်သွားစေနဲ့တဲ့"


"ဘယ်သူ ဒုက္ခရောက်နေတယ်လို့ ပြောလိုက်တာလဲ” 


ရှစ်ကျင်း၏လက်က သူ့ဓားသွားတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။


ရှစ်ကျင်း၏ ထူးဆန်းသော တုံ့ပြန်မှုကြောင့် စစ်သူကြီးယန် အနည်းငယ် စိတ်ရှုပ်သွားသည်။ "ကောကုန်းချမ်အမ်ရဲ့ဇနီး ပန်းဟွာကျွင်းကျူးပါ"


ချက်ချင်းပင် ရှစ်ကျင်းသည် စစ်သူကြီးယန် အား တိတ်တဆိတ် ဦးညွှတ်ပြီး အမျိုးသမီးများထိုင်နေရာဘက်သို့ လှည့်သွားခဲ့သည်။


 "ရှစ်ကျင်း မင်းဘယ်သွားမလို့လဲ"


ရှစ်ကျင်းက စစ်သူကြီးယန်ကို လျစ်လျူရှုပြီး နောက်ပြန်မလှည့်ဘဲ ရှေ့ကို ဆက်လျှောက်သွားလေတော့သည်။


 "ဟေး..." စစ်သူကြီးယန်သည် ရှစ်ကျင်း တစ်ခုခုမှားနေမှန်း ခံစားလိုက်ရသည်။  ပန်းဟွာကျွင်းကျူး အဆိပ်ခတ်ခံရတာကို ရှစ်ကျင်းက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ။


ရှစ်ကျင်းသည် အဝေးမှ‌ ပြေးသွားရုံရှားကိုမြင်လိုက်ရ၏။အမြဲတမ်းကျော့ရှင်းနေသူက အိုးမဲ့အိမ်မဲ့ ခွေးတစ်ကောင်ကဲ့သို့ သူ့ကိုယ်သူ ဂရုမစိုက်ဘဲ တရကြမ်း ပြေးနေသည်။ထိုစဉ် ရုံရှား ရှေ့သို့ဟပ်ထိုးလဲသွား၏။သို့သော် သူ ချက်ချင်းထပြီး ဆက်ပြေးလေသည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ဂရုမစိုက်သလို ဆံပင်များ ပြေလျော့မှာကိုလည်း ဂရုစိုက်ဟန်မတူ။


 "လက်ထောက်တပ်မှူးရှစ်" ထိုစဥ် စစ်သူကြီးယန်က ရှစ်ကျင်းကို ဖမ်းလိုက်သည် "ဘာဖြစ်လို့လဲ"


 "ဘာမှ မဖြစ်ပါဘူး"  


ရှစ်ကျင်းသည် သူ့အကြည့်ကို ရုံရှားထံမှ ဖယ်လိုက်ပြီး စစ်သူကြီးယန်အား လှည့်ကြည့်လိုက်သည်။  "ဒီနေရာကို ဝန်းရံထားဖို့ တော်ဝင်အစောင့်တပ်တွေကို ကျွန်တော် စီစဉ်လိုက်မယ်"


 စစ်သူကြီးယန်သည် ရှစ်ကျင်း၏ တောင့်တင်းသော ကျောပြင်ကို ကြည့်ပြီးနောက် အမျိုးသမီးများ၏ ဦးတည်ရာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


ရုံရှားသည် အမျိုးသမီးများ နားနေခန်းထဲသို့ ပြေးဝင်သွားလျှင်၊ ယာယီကုတင်ပေါ်တွင် လဲလျောင်းနေသည့် ပန်းဟွာကို တွေ့လိုက်ရသည်။ တော်ဝင်သမားတော်က သူမကို အမည်မသ် အနက်ရောင်ဆေးတစ်ခွက် တိုက်ကျွေးနေ၏။


 ဆေးအနည်းငယ်သောက်ပြီးနောက် ပန်းဟွာ ထပ်အန်ပြန်သည်။ခက်ခက်ခဲခဲ တိုက်ကျွေးထားသော ဆေးများကို အန်ထုတ်ရုံသာမက သွေးများစွာကိုလည်း အန်ထုတ်ခဲ့သည်။


 "ကောကုန်းချမ်အမ်..." 


အိမ်ရှေ့စံမင်းသမီးက ရုံရှား ဝင်လာသည်ကို မြင်ပြီး နှစ်သိမ့်ဖို့ ပြင်လိုက်သည်။သို့သော်လည်း ရုံရှားသည် သူမကို စိမ်းဝါးဝါးကြီး ကြည့်လိုက်သောကြောင့် သူမ ခြေဖဝါးအောက်ခြေမှ ရင်ဘတ်ဆီသို့ အဆုံးမရှိသော အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသလို ခံစားရသည်။သူမ တုန်တုန်ယင်ယင်နှင့် စကားပြန်မပြောရဲတော့ပေ။


xxxxx