အပိုင်း၁၅၀
Viewers 8k

Chapter 150



"ဟွာဟွာ" ရုံရှားသည် ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားကာ သူမ လက်ကို ဆုပ်ကိုင်ထားသည်။သို့သော် သူမ၏ လက်ချောင်းများက အေးစက်နေ၏။ ရုံရှားသည် သူမ၏ နှာသီးဖျားကို ထိကြည့်ရာ အသက်ရှူကြောင်း အတည်ပြုပြီးနောက်မှ အလုံးကြီးကျသွားလေတော့သည်။ထို့နောက် သူက တော်ဝင်သမားတော်အား နီရဲသော မျက်လုံးများဖြင့် ကြည့်နေသည်။  


"ကျွင်းကျူး ဘယ်လိုနေသလဲ"


 "ကောကုန်း၊သူမ အကုန် အန်ထုတ်နိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်၊ အဆိပ်တွေ အန်ပြီးရင် ဖြစ်နိုင်တာကတော့..." 


 တော်ဝင်သမားတော်က မျှော်လင့်ချက်ရှိသေးသည်ဟု ပြောချင်သော်လည်း ကောကုန်းချမ်အမ်၏ နီရဲနေသော မျက်လုံးကို မြင်လိုက်ရသည့်ခဏ ကျန်စကားများအား  မျိုချလိုက်၏။  


 "ဆက်ပြော..."


"ခင်‌ဗျာ..."


 "ဆက်ပြီး အန်နေမယ်ဆိုရင် ဘာဆက်ဖြစ်မလဲ"


ရုံရှား၏ မျက်လုံးများကို  နယ်ချဲ့သမားတော်သည် အနီးကပ်ကြည့်ရန် မဝံ့ရဲပေ။ သူက ဆေးပန်းကန်လုံးကို ကိုင်ပြီး ပန်းဟွာကျွင်းကျူးကို တိုက်ကျွေးလိုက်သည်။ သို့သော် သူမသည် သတိလစ်နေ၍ မျိုမချနိုင်ပေ။ သူမသာ သာမန်လူတစ်ယောက်ဆိုလျှင်တော့ ဆေးကိုခွံ့တိုက်၍ရသည်။သို့သော်လည်း ကျွင်းကျူးသည် ဧကရာဇ် တန်ဖိုးထားအပ်သော မင်းသမီးဖြစ်သည်။ သူသာ ခွံ့တိုက်လိုက်ရင် သူ့ကို မနက်ဖြန် တော်ဝင်ဆေးကုသဆောင်ကနေ နှင်ထုတ်လိမ့်မည်။


 "ကျွန်တော် လုပ်မယ်" ရုံရှားသည် တော်ဝင်သမားတော်၏လက်ထဲမှ ပန်းကန်လုံးအား လုယူလိုက်ပြီး ပန်းဟွာကို သူ့ရင်ခွင်ထဲတွင် ပွေ့လိုက်၏။ထို့နောက် သူက ဆေးတစ်ငုံအား ငုံလိုက်ပြီး သူမ ခေါင်းကိုမော့ကာ နှုတ်ခမ်းချင်တေ့၍ ဆေးများထည့်ပေးလိုက်သည်။  


အနီးနားရှိ အမျိုးသမီးငယ်များက ရှက်ရွံ့စွာ အဝေးကို လှမ်းကြည့်သော်လည်း မနေနိုင်မထိုင်နိုင် အနည်းငယ် ခိုးကြည့်မိကြသည်။


တစ်ငုံ၊ နှစ်ငုံ၊ သုံးငုံ....


 သတိလစ်နေသော ပန်းဟွာသည် မျက်မှောင်ကြုတ်ကာ အညိုရောင်ဆေးအနည်းငယ်ကို ထွေးထုတ်လိုက်သည်။ ထို့နောက် သူမ ပါးစပ်ထဲက သွေးများ ထွက်လာပြန်သည်။ အစပိုင်းတွင် သွေးသည် နီညိုရောင်ဖြစ်နေသော်လည်း တဖြည်းဖြည်း ပုံမှန်ဖြစ်လာသည်။


ရုံရှားသည် ခွက်အတွင်းမှ သွေးများကို ကြည့်ရင်း လက်များ ပိုပိုပြီး တုန်ခါလာကာ ပန်းကန်လုံးကိုလည်း ကိုင်လို့ မရနိုင်သလောက်ဖြစ်လာသည်။


 "ကောကုန်း ပြီးပါပြီ"  တော်ဝင်သမားတော်သည် သွေး၏အရောင်ကို သတိပြုမိသည်။  "ကျွင်းကျူးရဲ့ ဝမ်းဗိုက်ထဲက အဆိပ်တွေကို လုံးလုံးနီးပါး ဖယ်ရှားပြီးပါပြီ၊ အဆိပ်က အရမ်းပြင်းထန်ပေမယ့် ကျွင်းကျူးရဲ့ အဆိပ်မိတဲ့ ပမာဏဟာ အလွန်နည်းတယ်လို့ မြင်ပါတယ်၊ ဒါကြောင့် သူမကို ကယ်တင်ဖို့ အခွင့်အရေး ရှိပါတယ်"


အိမ်ရှေ့စံသည် အခြားသမားတော်များကို လှည့်ကြည့်လိုက်သည်။  "ကျွင်းကျူးက ဘယ်အဆိပ်နဲ့ အဆိပ်သင့်ခဲ့တာလဲ၊ မင်းတို့ တွေ့ပြီလား"


 "အိမ်ရှေ့စံ၊ ပန်းဟွာကျွင်းကျူး သောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာ နှင်းဒေါနအနည်းငယ်ကို  ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်"


 "နှင်းဒေါန၊ အဲဒါက ဘာအဆိပ်လဲ"


"အဲ့ဒါကို တိဝုတ်ပန်းအဆိပ်လို့လည်းခေါ်ပါတယ်၊ဒါပေမယ့် သူမကို အဆိပ်ခတ်ခဲ့သူက နားလည်ရခက်လွန်းပါတယ်၊ သူမကို သတ်ဖို့ကြံတယ်ဆိုရင်တောင် ဘာလို့ အဆိပ်ကိုနည်းနည်းလေးပဲ ထည့်တာလဲဆိုတာ မတွေးတတ်တော့ပါ့ဘူး"


တိဝုတ်ပန်းသည် အဆိပ်ပြင်းသော်လည်း ပမာဏနည်းပြီး အချိန်မီ အန်ထုတ်ပစ်ပါက အသက်အန္တရာယ် ရှိမည်မဟုတ်ပေ။


ထိုစဉ် သခင်မလျှိုက ရုတ်တရက်ပြောသည်။


 "ကျွန်မ သိပြီ၊ ခုနက နန်းတော်အစေခံတစ်ယောက်က ကျွင်းကျူးအတွက် လက်ဖက်ရည်ထည့်ပေးရင်း လက်ဖက်ရည်က မတော်တဆ ဖိတ်စင်သွားတယ်၊ ကျွင်းကျူးက အဲဒီနန်းတော်အစေခံကို လက်ကိုင်ပုဝါ ပေးလိုက်တယ်၊အစေခံကလည်း ကျန်နေတဲ့ လက်ဖက်ရည်ကို အကုန်ငှဲ့ထုတ်ပြီး လက်ဖက်ရည်အသစ် ထပ်ဖြည့်လိုက်တယ် … … "


 တစ်နည်းဆိုရသော် မူရင်းလက်ဖက်ရည်ခွက်သည် အလွန်အဆိပ်ပြင်းသည်။ သို့သော်လည်း၊ နန်းတော်အစေခံက မူလလက်ဖက်ရည်ကို အနည်းငယ်ဖိတ်စင်စေကာ လက်ဖက်ရည်အသစ် ပြန်ဖြည့်ထားတာကြောင့် အဆိပ်ပမာဏက ပိုနည်းသွားခြင်းပင်။


တစ်ယောက်ယောက်က ပန်းဟွာအား သတ်ချင်လျှင် အဆိပ်ကို တစ်ခွက်လုံး သုံးထားမည်ဖြစ်သည်။တစ်ခွက်တည်းနှင့် သတ်ဖို့ လုံလောက်သည်။  ကျွင်းကျူးက ဇီဇာကြောင်‌၍ မသောက်ချင်လျှင်တောင်မှ တစိမ့်စိမ့်သောက်နေလိမ့်မည်။ အဆိပ်ကပြင်း၍ တစ်ငုံတည်းနှင့် အသက်ကိုခြွေပသ်နိုင်စွမ်းရှိသည်။ကံကောင်းသည်မှာ၊အစေခံက မင်းသမီး၏ လက်ဖက်ရည်ကို အဆိပ်အားပျော့သွားဖို့ ပြန်လည်ဖြည့်ပေးခဲ့ခြင်း ဖြစ်သည်။


 ဒါက တိုက်ဆိုင်မှုတစ်ခုလား၊ ဒါမှမဟုတ် နောက်ဆုံးအခိုက်အတန့်မှာအစေခံက နောင်တရပြီး ကျွင်းကျူး ရဲ့အသက်ကို ကယ်တင်ခဲ့တာလား။


 "အဲဒီ နန်းတော် အစေခံကို ခေါ်သွားပါ" 


အိမ်ရှေ့စံက ပန်းဟွာကို ပွေ့ထားသည့် ရုံရှားကို ကြည့်နေရင်း ပြောသည်။ပန်းမိသားစုနှင့် ရုံရှားတို့ကို ရှင်းလင်းချက်မပေးပါက၊ နောင်တွင် သူ မျက်နှာပင်ပြရဲမှာ မဟုတ်ပေ။


စောစောကညပန်းဟွာ အဆိပ်ခံရမှန်း သကတည်းက၊အိမ်ရှေ့စံ မင်းသမီးသည် အစေခံ များနှင့် မိန်းမစိုးများကို တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုရန် အမိန့်ပေးခဲ့သည်။လုပ်ကြံသူက ကိုယ့်ကိုကိုယ်သတ်သေပြီး အစ‌ဖျောက်ချင်လျှင်တောင်မှ အခွင့်အရေးရှိမှာမဟုတ်။ယခုလည်း အိမ်ရှေ့စံ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်း  နန်းတော် အစေခံကို အလျင်အမြန် ခေါ်ဆောင်လာနိုင်ခဲ့သည်။


"နာမည်ဘယ်လိုခေါ်လဲ"  


အိမ်ရှေ့စံသည် သူ့ရှေ့က အသက်ငယ်သေးသော အစေခံကို ကြည့်ကာ "မင်းက ပန်းဟွာကျွင်းကျူး ကို ဘာလို့ အဆိပ်ခတ်တာလဲ"


 “ကျွန်မ……..ကျွန်မနာမည်က ရှောင်ယွီ လို့ခေါ်ပါတယ်” အစေခံက ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေသည့် ပန်းဟွာကို ကြည့်လိုက်ပြီး “ဒီအစေခံက သေဒဏ်ပေးမယ့် ရာဇ၀တ်မှုကို ကျူးလွန်မိတယ်ဆိုတာ သိပါတယ်"


အိမ်ရှေ့စံမင်းသမီးကလည်း ဝင်ပြောသည်။


 "နင့်ကို ဘယ်သူက ခိုင်းတာလဲ...နင့်လို နန်းတော်အစေခံက ကျွင်းကျူးကို သေစေလိုတဲ့ ရန်ငြိုးထားတယ်ဆိုတာ ဘယ်လောက်တောင် ဆိုးလိုက်သလဲ”


 နန်းတော်အစေခံက ခေါင်းခါကာ "ကျွင်းကျူးက လူကောင်းပါ"


 "သူမက လူကောင်းဆို၊ နင် သူ့ကို ဘာလို့ အဆိပ်ခတ်ခဲ့တာလဲ"


"ကျွန်မ ပန်းဟွာကျွင်းကျူးအတွက် သနားမိပါတယ်၊ ကျွန်မ နောင်ဘဝမှာ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ ဆန္ဒရှိနေပါတယ်"  


ထို့နောက် သူမသည် မတ်တတ်ထရပ်ကာ ဓားကိုင်ထားသည့် အစောင့်တစ်ဦးထံ ပြေးသွားခဲ့သည်။ ထိုအခါ တုကျိုးက သူမကို အမြန်တားလိုက်သည်။အိမ်ရှေ့စံမင်းသမီးက အစေခံကို အေးစက်စွာကြည့်နေပြီး


 "နင် သေရမယ်လို့ ထင်သလား၊ နင်တို့မိသားစု၊ နင့်ရဲ့ရွာသားတွေလည်း ဒီကိစ္စကြောင့် ပတ်သက်ဆက်နွှယ်နေနိုင်တယ်၊ နင်သာ ဒီနောက်ကွယ်က တရားခံ ဘယ်သူလဲဆိုတာ ပြောမယ်ဆိုရင် အနည်းဆုံးတော့ သူများတွေကို ငါဒုက္ခမပေးဘူး၊ဆင်းရဲတဲ့ အပြစ်မဲ့ ပြည်သူတွေကို မထိခိုက်စေရဘူး"


 နန်းတော်အစေခံ၏ ပခုံးများ အနည်းငယ် တုန်ခါသွားသည်။သူမသည် အိမ်ရှေ့စံနှင့် အိမ်ရှေ့မင်းသမီးတို့ကို ကြည့်ကာ "ကျွန်မမှာ ပြောစရာမရှိပါဘူး"


 "အဲဒါဆို သူ့ကို ဆွဲထုတ်လိုက်....."


 "အရှင့်သား...." ရုံရှား ရုတ်တရက် ပြောလာသည်။သူ့မျက်လုံးများကလည်း နီရဲနေလေ၏။


 "ကျွန်တော် သူမကို စကားပြောပါရစေ"


 "ကျေးဇူးပြုပြီး ကောကုန်းချမ်အမ်.."  


အိမ်ရှေ့စံသည် ရုံရှားကို မကြည့်ဝံ့တော့။ သူသည် ရုံရှားတို့ အကြင်လင်မယား အမြဲလိုလို တာဝန်မကျေသလို ခံစားရသောကြောင့် သူ့ကိုယ် အလွန်အပြစ်ရှိသလို ခံစားနေရတော့သည်။


"မင်း ဘဝရဲ့ အရေးကြီးတဲ့သူတွေ ခြိမ်းခြောက်ခံထားရတယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် နောက်ကွယ်ကလူ ဘယ်သူလဲဆိုတာ မပြောဝံ့တာမလား" ရုံရှားက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တုန်လှုပ်နေသည့် နန်းတော်အစေခံကို ကြည့်လိုက်သည်။


 "ဒါပေမယ့် မင်းက ပန်းဟွာကျွင်းကျူးကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့ ငါသံသယရှိတယ်၊တကယ်တော့ မင်းဟာ အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမင်းသမီးကို သတ်ပစ်ချင်နေတာမလား၊  အဲဒီလိုလုပ်ဝံ့တဲ့အတွက် မင်း အကျိုးဆက်ကို ခံရဲတဲ့သတ္တိရှိရမယ်"


  နန်းတော်အစေခံ တုန်လှုပ်နေကာ တောင်းပန်တိုးလျှိုးနေတော့သည်။ "ဒီကိစ္စက ကျွန်မ တစ်ယောက်တည်းပဲ လုပ်တာပါ၊ တခြားသူတွေနဲ့ ဘာမှမဆိုင်ပါဘူး၊ ကောကုန်း ကျေးဇူးပြုပြီး ချမ်းသာပေးပါ"


 "မင်းကို ငါ ချမ်းသာပေးရင် ဟွာဟွာအတွက် ဘယ်သူက အစားခံပေးမှာလဲ"


 နန်းတော် အစေခံက လေးလေးနက်နက် ပြောလေသည်။


“ကျွန်မ အသက်ကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်”


 "မင်အသက်ကို ငါဂရုမစိုက်ဘူး"  


ရုံရှားက ဆိုဖာပေါ်မှာ လဲနေသော ပန်းဟွာကို လှည့်ကြည့်လိုက်သည်။သူမ၏ မျက်နှာသည် ဖြူဖျော့ပြီး အသက်မဲ့နေကာ နှုတ်ခမ်များသည်လည်း ပြာနှမ်းနေပြီဖြစ်သည်။ သူ့နှလုံးသားက ဒေါသနှင့် ပူလောင်နေသော်လည်း၊သူ့စိတ်ထဲကမူ တည်ငြိမ်လွန်းနေ၍ သူ့ကိုယ်သူ အံ့သြသွားမိသည်။


 သူမက်ို ကောင်းကောင်း မကာကွယ်နိုင်သည့်အတွက်သာ သူ့ကိုယ်သူမုန်းမိသည်။သူ အသုံးမကျလို့ ဟွာဟွာ အခုလိုဖြစ်ရတာ၊သူမ အခုလို ခံစားနေရရှာတာ၊သူမ အသက်ဆုံးတော့မလိုဖြစ်သွားရတာ သူ့ကြောင့်ပါ။


 အိမ်ရှေ့စံမင်းသမီးသည် ရုံရှား၏ မျက်လုံးထဲက အမုန်းတရားများကို မြင်လိုက်ရသည်။ ‌ဤကိစ္စက သူမနှင့် ဘာမှမဆိုင်သော်လည်း သူမ ပြောမပြတတ်အောင် ကြောက်နေခဲ့သည်။


 “အိမ်ရှေ့စံ…” အိမ်ရှေ့စံမင်းသမီးက အိမ်ရှေ့စံကို လှည့်ကြည့်လိုက်သည်။  အိမ်ရှေ့စံမင်ကို လက်ရှိအကျပ်အတည်းအား ချိုးဖျက်ရန် တစ်ခုခုပြောစေလိုသော်လည်း အိမ်ရှေ့စံက ခေါင်းကိုသာ ယမ်းနေသည်။သူသည် ရုံရှားကိုသာ ဤကိစ္စအားကိုင်တွာ်စေခဲ့ပြီး အခြားအမျိုးသမီးများကို ထွက်သွားခိုင်းလိုက်၏။ 


 "ငါ့မှာ ဆွေမျိုးသားချင်းဆိုလို့ ဘယ်သူမှ မရှိဘူး" 


ရုံရှားက ပန်းဟွာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့လေသံက အေးဆေးတည်ငြိမ်ပြီး "ဟွာဟွာတစ်ယောက်တည်းပဲ ရှိတာ၊ မင်း သူ့ကို နာကျင်စေတယ်၊ ​ခွင့်လွှတ်ပေးဖို့ ငါ့ကို လာမပြောနဲ့။ မင်းမှာ ရွေးချယ်စရာမရှိရင် ဒါမှမဟုတ် အတင်းအကြပ်ခိုင်းရင် ဘာမှ ကိစ္စမရှိဘူး၊ မင်းရဲ့ မျိုးဆက်ကိုးဆက်အထိ ငါ ဒုက္ခပေးပစ်မယ်"


 "တုကျိုး" ရုံရှားက အစောင့်များကို ခေါ်လိုက်ပြီး "ဒီအစေခံက ဘယ်သူနဲ့ နီးစပ်သလဲ၊ သူ့မိသားစုမှာ ဘယ်လို ဆွေမျိုးတွေရှိလဲ ဆိုတာတွေကို ချက်ချင်းစုံစမ်းပါ၊မသင်္ကာဖွယ်လူတွေရှိရင် အားလုံးကို ဖမ်းဆီးလိုက်ပါ၊ သူမနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သံသယရှိသူအားလုံး လွှတ်‌မပေးနဲ့၊   သူမက ဧကရာဇ်မိသားစုကို ဆန့်ကျင်ဖို့ ကြံစည်နေတာ"


 "ဟုတ်ကဲ့"


 "ကောကုန်း  ချမ်းသာပေးပါ၊ ကောကုန်း ချမ်းသာပေးပါ"


အစေခံက ရုံရှားကို ထပ်ခါတလဲလဲတောင်းပန်ကာ ဦးညွတ်နေတော့သည်။


ဘုန်း...ဘုန်း...ဘုန်း


ထိုမိန်းကလေး ဆက်တိုက်ဦးညွတ်နေတာကြောင့် သူမ၏ နဖူးက သွေးများပင် ထွက်လာသည်။ အိမ်ရှေ့စံ မနေနိုင်တော့ဘဲ ရုံရှားကို တစ်ခုခု ပြောချင်သော်လည်း၊ ရုံရှားက ပန်းဟွာကို ကြည့်နေပုံအား မြင်လိုက်ရ၍ သူ ပြောမထွက်တော့ပေ။


ရုံရှား ဘယ်သူ့ကိုမှ ယခုလိုမျိုးမကြည့်ဖူးပေ။ယနေ့သာ ဟွာဟွာသေလျှင် သူ ရူးသွားလိမ့်မည်ဖြစ်သည်။


 "ဦးညွတ်တာကို ရပ်လိုက်၊ ဟွာဟွာ အနားယူတာကို မနှောင့်ယှက်နဲ့" 


ရုံရှားက ပန်းဟွာ၏ နှုတ်ခမ်းထက်မှ သွေးများကို လက်ကိုင်ပုဝါဖြင့်သေချာသုတ်လိုက်သည်။


 "မင်း အသေခံချင်ရင် အပြင်မှာ သွသေ၊မင်း သေသေ၊မသေသေ ဘယ်သူမှ ဂရုမစိုက်ဘူး"


ကောကုန်းချမ်အမ် ရူးနေပြီလား။ အိမ်ရှေ့စံမင်းသမီး ရုံရှားကို မယုံကြည်နိုင်စွာ ကြည့်နေ၏။ ဒါက လူကြီးလူကောင်း တစ်ယောက် ပြောသင့်တဲ့ စကားမျိုးမဟုတ်ဘူးလေ...


ပန်းဟွာက တကယ် သူ့အတွက်အရေးကြီးတာလား။ သူ့ဂုဏ်သတင်း၊ ကျက်သရေနှဲ့ နောက်ဆုံး သူဂုဏ်သိက္ခာကို စွန့်ရတဲ့အထိ သိပ်အရေးပါတာလား... နန်းတော်အစေခံ တစ်ယောက်ကိုတောင် သူ တော်တော်ရက်စက်လွန်းနေတာမဟုတ်လား...


အိမ်ရှေ့စံမင်းသမီးသည် ကောကုန်းချမ်အမ်၏စကားကို သံသယမရှိခဲ့ပေ။ဘာကြောင့်မှန်းမသိသော်လည်း၊အစေခံသာ အမှန်အတိုင်း မပြောလျှင်၊ ကောကုန်းချမ်အမ်က အစေခံ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများကို တကယ်ပဲ ထိခိုက်စေလိမ့်မည်ဟု သူမ ခံစားရသည်။


မိန်းမလှတစ်ယောက်ရဲ့ မျက်ရည်ဆိုတာ တကယ်ပဲ သူရဲကောင်းတစ်ယောက်ရဲ့ အားနည်းချက်လား...


မည်သို့ပင်ဆိုစေ၊ ကောကုန်းချမ်အမ် သည် ယောကျ်ားသားဖြစ်သည်။အလှတရား၏သွေးဆောင်မှုကို မည်သူမှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ ဘန်ဟန်၏ လှည့်ဖြားခြင်းကို ခံခဲ့ရပြီး သူ့ကိုယ်သူပင် စွန့်လွှတ်ခဲ့သည်။


ထို့ကြောင့်လည်း အိမ်ရှေ့စံမင်းသမီးက ပန်းဟွာကို အစက သဘောမကျခဲ့ခြင်းဖြစ်ပေမည်။သူမသည် သူမထက် ပိုလှသော အမျိုးသမီးများကို မုန်းတီးသည်။ မြို့တော်မှာ မိန်းမလှ များစွာ ရှိသည်။မနာလိုဖြစ်ချင်ရင် ဘယ်လိုလုပ် လိုက်ပြီး မနာလိုဖြစ်နေလို့ရလဲ...သို့သော်လည်း ပန်းဟွာ ကတော့ မတူပေ။ သူမ၏ အလှက ဆွဲဆောင်မှုရှိပြီး မက်မောဖွယ်ကောင်းသည်။သူမလို မိန်းမမျိုးက တိုင်းပြည်ကိုပင်


ဘေးဥပဒ်ဖြစ်စေနိုင်သည့် ဇာတ်ဆောင် အမျိုးသမီးမျိုးပင်။တကယ်တမ်းမှာ၊ အိမ်ရှေ့စံ၏ ညီမအရင်း မင်းသမီးအန်လဲ့ အပါအဝင် မည်သည့် မိန်းကလေးကိုမှ သူမ သိပ်သဘောတွေ့သည်ဟူ၍ မရှိပေ။


သူမ၏အမြင်မှာ ပန်းဟွာ နှင့် မင်းသမီးအန်လဲ့ တို့ဟာ အတူတူပင်။ သူတို့သည် လောကကြီးကို ဂရုမစိုက်ဘဲ နေထိုင်ကြသူများဖြစ်သည်။ထို့ကြောင့် ကောကုန်းချမ်အမ်သည် ပန်းဟွာကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသည်မှာ မယုံကြည်နိုင်စရာပင်။


ဒါကိုပဲ သူမ နားမလည်တာ၊ ကမ္ဘာပေါ်မှာ မိန်းမလှတွေ အများကြီးရှိတယ်။လှပပြီး ထက်မြက်တဲ့ မိန်းကလေးအများအပြားလည်း ရှိတယ်။ဒီလိုမိန်းကလေးမျိုးက ကောကုန်းချမ်အမ်ကို ဘယ်လိုအတတ်မျိုးနဲ့ ပြုစားထားတာလဲ။


အိမ်ရှေ့စံမင်းသမီးက‌ နောက်ဆုံးပြောလိုက်သည်။


 "ကောကုန်းချမ်အမ်၊ သူမကို ဘာလို့ ဒီလို အတင်းအကြပ် အသုံးချတာလဲ၊ တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီး ဖြည်းဖြည်းချင်း စုံစမ်းတာ ပိုကောင်းပါတယ်၊သူမက ဘယ်သူနဲ့ အဆက်အသွယ် ရှိလဲ ဆိုတာ ကြည့်ရမယ်၊ ဒါဆို အမှန်တရားက ပေါ်လာလိမ့်မယ်"


ရုံရှားသည် အိမ်ရှေ့စံမင်းသမီးကို အေးစက်စွာကြည့်ရင်း


 "ကျွန်တော် မစောင့်နိုင်တော့ဘူး၊ ဟွာဟွာက ကျွန်တော့်ဇနီးပါ၊ အိမ်ရှေ့စံမင်းသမီးက သူ့အပေါ်ထားတဲ့ ကျွန်တော်ရဲ့ခံစားချက်ကို နားမလည်ဘူး၊ အိမ်ရှေ့စံမင်းသမီးက တရားခံကို အမြန်ဆုံး ရှာတွေ့ဖို့ပဲ မျှော်လင့ထားပါ၊ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို မတားပါနဲ့”


 "ကောကုန်းချမ်အမ်၊ ဒါက ဘာကိုဆိုလိုတာလဲ"


ရုံရှားပြောချင်တာက၊ သူမနဲ့ အိမ်ရှေ့မင်းသားကို ဆက်ဆံရေး မကောင်းလို့ လှောင်ပြောင်နေတာလား။  ဒါမှမဟုတ် သူက တခြားတစ်ခုခုကို ဆိုလိုတာလား။


ရုံရှားကတော့ အိမ်ရှေ့စံမင်းသမီးကို လျစ်လျူရှုကာ ပန်းဟွာအား စောင်ပါးပါးလေး ပတ်ပြီး ခါးမှနေ၍ ပွေ့ချီကာ အပြင်ကို လှည့်ထွက်ခဲ့သည်။


 "ကောကုန်းချမ်အမ်..." အိမ်ရှေ့စံက မတ်တပ်ထရပ်ပြီး ရုံရှားကို ပြောသည်။ "သူမကို ဘယ်ကိုခေါ်သွားမှာလဲ"


ရုံရှားက အိမ်ရှေ့စံကို အနည်းငယ် ခေါင်းညိတ်လိုက်သည်။


 "ဟွာဟွာက နူးညံ့တဲ့  အိပ်ရာကို ကြိုက်တယ်၊ ကျွန်တော် သူမ အနားယူဖို့ နေအိမ်ကို ပြန်ခေါ်လိုက်မယ်၊အရှင့်သားကို သေချာ ဦးမညွတ်နိုင်တဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ"


အိမ်ရှေ့စံက ခေါင်းယမ်းပြီး သက်ပြင်းချကာ "မင်းတို့ စံအိမ်တော်ကို သမားတော် လွှတ်ပေးလိုက်မယ်"


 "ကျေးဇူးတင်ပါတယ် အရှင့်သား"


"ဒီကောင်မလေးက ငါ့ဝမ်းကွဲညီမပါ၊သူမကို ဒီလိုမြင်ရတာ စိတ်မကောင်းဖြစ်ရတယ်၊ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး"


 အိမ်ရှေ့စံမင်းသမီးက ဘေးမှာနေရင်း တစ်ယောက်တည်း ခံစားချက်တို့ရှုပ်ထွေးနေ၏။ကောကုန်းချမ်အမ် သူမကို စော်ကားပြောဆိုခဲ့သည်။ဤသည်ကိုပင် အိမ်ရှေ့စံက သူမ၏ ဂုဏ်သိက္ခာကို အဖတ်ဆည်မပေးရုံသာမက သူ့ဝမ်းကွဲညီမကိုပါ စိတ်ပူနေတော့သည်။ 


သူမနဲ့ အိမ်ရှေ့စံကြားက ဆက်ဆံရေးက ဘယ်တုန်းက အေးစက်သွားတာလဲ။ အိမ်ရှေ့စံနဲ့ ပထမဆုံးလက်ထပ်တုန်းက  သူမကို သူ ကောင်းကောင်း ဆက်ဆံခဲ့တာကို သတိရမိပါရဲ့...‌ဒါဆို သူ အခုလိုပြောင်းလဲသွားတာက သူ့အတွက် တရားဝင်သား မမွေးနိုင်လို့လား။


ရုံရှားသည် ပန်းဟွာကို ပွေ့ချီပြီး အခန်းထဲက ထွက်လာသည်။ ထို့နောက် သူက ခေါင်းကို မော့ပြီး အပြင်မှာ ရပ်နေသည့် ရှစ်ကျင်းကို ကြည့်လိုက်၏။ထိုစဉ် လေအေးက တိုက်ခတ်လာသဖြင့် သူ့ဆံပင်များမှာ တဖျပ်ဖျပ်လွင့်နေတော့သည်။



xxxxx