Chapter 151
လွန်ခဲ့သောနှစ်ပေါင်းရာဂဏန်းခန့်က စည်းမဲ့ကမ်းမဲ့ ပညာရှင်တစ်ဦးရှိခဲ့သည်ဟု ဆိုသည်။ သူသည် ၀တ်ရုံကို သေချာလုံအောင်မဖုံးဘဲ ၀တ်ထားပြီး ဆံပင်ရှည်ကလည်း ဖရိုဖရဲဖြစ်နေသည်။ သို့သော် သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းကြောင့် ကျော်ကြားသော ပညာရှင်တစ်ဦးအဖြစ် ချီးကျူးခံရပြီး ကွမ်းရှန့်ဘွဲ့ကိုပင် ရရှိခဲ့သည်။ ဒါပေမယ့် ဆံပင်တွေ ဖရိုဖရဲဖြစ်နေပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်တတ်တဲ့ အမျိုးသားတစ်ယောက်က ဘယ်လောက်ထိ ထူးချွန်နိုင်မှာလဲ။
ရှစ်ကျင်းသည် ငယ်စဉ်ကတည်းက အမြဲတမ်း လိမ္မာရေးခြားရှိသူဖြစ်ပြီး အရာမရာတိုင်းကို သူ၏ စံနှုန်းဖြင့်သာ တိုင်းတာတတ်သည်။
သူနှင့် ရုံရှားတို့သည် မတူညီသော ရှုထောင့်များ ရှိသော်လည်း ရုံရှားသည် မြို့တော်တွင် ရှားပါးသော ပညာရှင်ဖြစ်သည်ကို ဝန်မခံ၍ မရပေ။ ရုံရှား၏ လက်ရှိ ဝမ်းနည်းကြေကွဲနေသော အခြေအနေကို မြင်ပြီးနောက် ရှစ်ကျင်းရင်ထဲမှာ ပျော်ရွှင်မှု တစ်စုံတစ်ရာ မခံစားရပေ။ထိုအစား သူ့ရင်ထဲမှာ ရှုပ်ထွေးပြီး ဖော်မပြနိုင်လောက်အောင် ခံစားနေရသည်။
သူအနေဖြင့်၊ ပန်းဟွာကျွင်းကျူးကို ရုံရှားက ကောင်းကောင်းမွန်မွန် ဆက်ဆံပေးစေချင်သလို၊ သူတို့နှစ်ယောက် ဆံဖြူသွားကျိုးသည်အထိ ချစ်ခင်ကြင်နာစေချင်သည်။
ရှစ်ကျင်းသည် ရုံရှား၏ ရင်ခွင်ထဲမှ မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်အောက်ငယ်သားများအား ရုံရှားကို ထွက်သွားခွင့်ပြုရန် ညွှန်ပြလိုက်သည်။
ရုံရှားက သူ့ကို ခေါင်းညိတ်ပြပြီး အပြင်မှာ ရပ်ထားသည့် မြင်းရထားပေါ်တက်လိုက်သည်။
"ကောကုန်းချမ်အမ်....." ထိုစဉ် ရှစ်ကျင်း သည် မြင်းရထားဘေးနားသို့ လျှောက်သွားကာ၊ "ပန်းဟွာကျွင်းကျူး အဆင်ပြေရဲ့လား"
"သခင်လေးရှစ် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ကျွန်တော့်မိန်းမရဲ့အသက်က အန္တရာယ်မရှိပါဘူး"
ပြောပြီး ရုံရှားက ကန့်လန့်ကာကို ဖြည်ချလိုက်သည်။ "နှုတ်ဆက်ပါတယ်....."
ရှစ်ကျင်း နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ကောကုန်းချမ်အမ် တံဆိပ်ပါသော မြင်းရထားကို ကြည့်လိုက်သည်။သူ တစ်ဖက်သို့လှည့်ကြည့်လိုက်လျှင် အထဲမှ အစေခံမိန်းကလေးအား အပြင်သို့ခေါ်ထုတ်သွားသည်ကို မြင်လိုက်ရ၏။ အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးကလည်း သူမနောက်ကို လိုက်သွားသည်။
ရှစ်ကျင်းသည် အမြန်ပင် အိမ်ရှေ့စံထံသို့ လျှောက်သွားသည်။ "အရှင့်သား၊ နန်းတော်အစေခံက ပန်းဟွာကျွင်းကျူးကို အဆိပ်ခတ်ခဲ့တဲ့ တရားခံလား"
အိမ်ရှေ့စံမင်းသမီးက ဝင်ပြောသည်။
“သူမက တရားခံဆိုပေမဲ့ နောက်ကွယ်မှာ တခြားတစ်ယောက်ရှိနေတယ်၊ကောကုန်းချမ်အမ် ထွက်သွားပြီလား"
"သူက အခုလေးတင် အမြန်ထွက်သွားတာပါ"
အိမ်ရှေ့စံမင်းသမီးက နှုတ်ခမ်းကို ဖွဖွဖွကိုက်ရင်း အိမ်ရှေ့စံကို လှည့်ကြည့်လိုက်သည်။ အိမ်ရှေ့စံ၏ မျက်နှာမှာ စိုးရိမ်မှုအပြည့်နှင့်။သူမ အိမ်ရှေ့စံမင်းသား၏လက်ကို ဆွဲရန်ပြင်လိုက်သည်။
"အရှင့်သား၊ ကျွန်မတို့ ပန်းဟွာကျွင်းကျူး လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေ ပို့ပေးသင့်တယ်မလား"
"ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသမီး"
အိမ်ရှေ့စံက ခေါင်းညိတ်ပြပြီး နန်းတွင်းရှိရာသို့ လှည့်လိုက်သည်။
အိမ်ရှေ့စံမင်းသမီးသည် အိမ်ရှေ့စံ၏ကျောကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ဟိုးရှေးရှေးတုန်းက အိမ်ရှေ့စံက သူမကို ရှစ်ရှစ်ဟသာခေါ်ခဲ့သည်။ ထိုအချိန်က အိမ်ရှေ့စံကိုပင် စည်းကမ်းကို ဆန့်ကျင်နေပြီဖြစ်ကြောင်း သူမ အမြဲလိုလိုပြောဖူးခဲ့သေးသည်။တခြားသူသာကြားလျှင် ရယ်ကြမှာ သေချာသည်။ယခုတော့ အိမ်ရှေ့စံက သူမကို အမည်အရင်း မခေါ်တော့၍ ရုတ်တရက် စိတ်ပျက်သွားမိသည်။
ကောကုန်းချမ်အမ်က ပန်းဟွာကို လူအများရှေ့ဝယ် ကျွင်းကျူးဟု သုံးနှုန်းတာကြောင့် အိမ်ရှေ့စံလည်း သူမကို ယခုလိုပြေဆိုခြင်းလားမသိနိုင်ပေ။ထိုခဏဝယ် ချက်ချင်း အိမ်ရှေ့စံမင်းသမီး သူ့ကိုယ်သူ တစ်ချက်ရယ်လိုက်မိသည်။ သူမက ပန်းဟွာနဲ့ မတူဘးးလေ၊ ဘာလို့ ပန်းဟွာနဲ့ နှိုင်းယှဉ်နေမိတာလဲ..
ရှစ်ကျင်းက သူမကို စိုးရိမ်တကြီးကြည့်ကာ " အိမ်ရှေ့စံမင်းသမီး၊ ဘာဖြစ်လို့လဲ"
အိမ်ရှေ့စံမင်းသမီးက ခေါင်းခါလိုက်ရင်း
"အဆင်ပြေပါတယ်၊ နည်းနည်း ပင်ပန်းနေတာပါ"
ရှစ်ကျင်းက သူမ စကားထပ်မပြောချင်တော့သည်ကို သဘောပေါက်လိုက်၍ အလေးပြုပြီး ထွက်သွားလိုက်၏။
မီးများ... တောက်လောင်နေသောမီးတောက်များ....
ပန်းဟွာသည် သူမကို ထင်းပုံပေါ်တင်ကာ မီးရှု့ခံထားရသလို ခံစားရသည်။ မီးက ကြီးလွန်း၍ ကောင်းကင်တစ်ဝက်လောက် နီရဲသွားသည်။သူမ ခြောက်သွေ့နေသော နှုတ်ခမ်းများကို ဖွင့်လိုက်သော်လည်း မြင်လိုက်ရသည်မှာ မှောင်မဲနေသော ကောင်းကင်ကြီးပင်။သိပ်မကြာခင်မှာပင် ကောင်းကင်ကနေ နှင်းကျလာပြန်သည်။ နှင်းက ပိုပိုပြီး ပြင်းထန်လာပြီး သူမ ချမ်းအေးလွန်းသဖြင့် ပုန်းကွယ်စရာနေရာမရှိတော့ပေ။
သူမက မီးကြောင့် မီးလောင်ခံရမှာ မဟုတ်သလို အေးခဲနေတဲ့ နှင်းတွေကြောင့် သေဆုံးရမှာတော့ မဟုတ်ဘူးမလား?
သူမ အဝတ်အစားကို ငုံ့ကြည့်သည်။ ဖျင်ကြမ်းထည်များဖြစ်သောကြောင့် မလှနေပေ။သူမ ဆံပင်ကို ထိကြည့်သည် ဆံပင်များက ခြောက်သွေ့နေခဲ့သည်။
မဟုတ်ဘူး၊ သူမ ဒီလိုမသေနိုင်ဘူး။
နှင်းများက သူမ ခြေကျင်းဝတ်အထိ ဖြစ်နေ၍ ခြေလှမ်းတိုင်းဟာ အလွန်ခက်ခဲသည်။သူမ အသက်ပြင်းပြင်းရှူပြီး ကျင့်ထင်အိမ်တော်၏ ဦးတည်ရာကို ကြည့်လိုက်သည်။
ခြေလှမ်းအနည်းငယ်ကြာပြီးနောက် သူမ ရှေ့ကလမ်းမှာ ပြောင်းသွားသည်။ တစ်ဖက်က မီး၊ တစ်ဖက်က နှင်ထုများ.... သူမ ခြေလှမ်း ရပ်တန့်သွားပြီး စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။
သို့သော် သူမ အောက်ကိုငုံ့ကြည့်လိုက်ပြီး ခန္ဓာကိုယ်ပေါ်က အဝတ်အစားများကို မြင်သည်နှင့် သတ္တိပြန်ရလာခဲ့သည်။တစ်လှမ်းပြီးတစ်လှမ်း ခက်ခက်ခဲခဲ ရှေ့ကို တိုးလာခဲ့သည်။
လမ်း၏အဆုံးတွင် မရေမတွက်နိုင်သော သင်္ချိုင်းများရှိသည်။ သင်္ချိုင်းများတွင် ပေါင်းပင် တစ်ပင်မှ မရှိကြ။ကျောက်တိုင်များသည် ထိုနေရာတွင် အေးစက်စွာ တန်းစီ ရပ်နေကြပုံက ကြက်သီးထစရာပင်။
ပန်းဟွာ ခြေလှမ်း ရပ်တန့်သွားကာ ယခင်က မက်ခဲ့သောအိပ်မက်ကို ရုတ်တရက် သတိရမိသည်။ နှိမ်နှင်းရေးတပ်၏ ဓါးအောက်မှာ သေဆုံးသွားသည့် ဝိညာဉ်အချို့...၎င်းတို့ထဲမှ အချို့သည် ဓားပြအစစ်များ ဖြစ်ကြသော်လည်း အများစုမှာ မတရား အသေခံခဲ့ကြရသော အငတ်ဘေးဒုက္ခ၏ သားကောင်များ ဖြစ်သည်။ သူမ မျက်လုံးမှိတ်ပြီး ဤနေရာကို ဖြတ်လျှောက်သွားချင်သည်။
ကလေးငိုသံများ၊ မိန်းမအော်သံများ...
သူမ နောက်ပြန်လှည့်မကြည့်ဝံ့သလို သူမ နာမည်အား ခေါ်နေသူများကိုလည်း တုံ့ပြန်ဝံ့ခြင်းမရှိပေ။ အဘိုးက သူမကို သုသာန်မှာ တစ်ယောက်ယောက် နာမည် ခေါ်လျှင် နောက်ပြန်မလှည့်ရသလို၊ပြန်မထူးရဘူးဟုပြောဖူးသည်။
"ဟွာဟွာ...." အစိမ်းရောင်ဝတ်လုံကို ၀တ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် အဘိုးအိုတစ်ဦးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမရှေ့တွင် ရပ်နေ၏။
"မင်းဒီမှာဘာလာလုပ်တာလဲ၊ ငါနဲ့လိုက်ခဲ့"
အဘိုး...
ပန်းဟွာ ရှေ့က အဘိုးအိုကို ကြောင်စီစီ ကြည့်နေမိတော့သည်။သူမ အဘိုးကို ခေါ်ချင်လာသည်။
မဟုတ်ဘူး၊ မဟုတ်သေးဘူး။
သူမ၏ အဘိုးမဆုံးခင်မှာ ရောဂါကြောင့် ပိန်လှီလွန်းသဖြင့် လူရုပ်ပင်မပေါ်တော့ပေ။ သို့သော် သူမ၏ အဖွားအတွက် နေ့စဥ် အားတင်းအသက်ရှင်ခဲ့သည်။
အဖွား…
သူမ မျက်ရည်များ ကျလာသည်။ အဘိုးအတွက်လည်း သူမ စိတ်မကောင်းဖြစ်မိသည်။သူမသည် အဖွားနှင့် အတူမနေခဲ့ရ၍ အဖွားကို မကာကွယ်နိုင်ခဲ့ပေ။
"ဟွာဟွာ..."
ရုံရှား ကုတင်ဘေးသို့ အမြန်ပြေးသွားလိုက်သည်။ ပန်းဟွာ၏ မျက်နှာမှာ အဖျားမသက်သာဘဲ အဖျားကြောင့် နီရဲနေသည်။ သူမ လက်ကို အမြန်ကိုင်လိုက်ပြီး "ဟွာဟွာ၊ ဘယ်နားက နေမကောင်းဖြစ်နေတာလဲ ဟွာဟွာ..."
"ကောကုန်းချမ်အမ်" အပ်စိုက်ကုထုံးပြီးသွားသော တော်ဝင်သမားတော်က ရုံရှားကိုပြောသည်။ "ကောကုန်းချမ်အမ်၊ ကျွင်းကျူးက မေ့မြောနေတာပါ၊ ကောကုန်းရဲ့အသံကို မကြားရဘူး"
"ကျွင်းကျူး ဘယ်လိုနေလဲ"
ရုံရှားသည် ပန်းဟွာ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ပူလောင်နေသည့်အပူချိန်က သူ့နှလုံးသားကို ရင်တထိတ်ထိတ် ဖြစ်စေ၏။
"အဆိပ်ပမာဏက ကြီးကြီးမားမားမဟုတ်လို့ သူမ အသက်အန္တရာယ် မရှိဘူးလို့ ခင်ဗျား ပြောထားတယ်မလား"
"ယုတ္တိဗေဒအရပြောရရင်တော့ ဒီလိုပါပဲ၊ ဒါပေမယ့် ကျွင်းကျူးက သွေးအရမ်းအန်ပြီး အဖျားတက်လာတယ်၊ဒီအခြေအနေက အန္တရာယ်များပါတယ်"
ကောကုန်းချမ်အမ်၏ မျက်နှာသည် မည်းမှောင်နေပြီး စကားမပြောနိုင် ဖြစ်သွားသည်ကို တော်ဝင်သမားတော်က မြင်လိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သူမကို ကုသဖို့ အကောင်းဆုံး လုပ်ပါမယ်"
ရုံရှားက တိတ်တိတ်လေး ခေါင်းညိတ်လိုက်ပြီး " ကျေးဇူးတင်ပါတယ်"
ပန်းဟွာ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ရင်း သူ တစ်ဖက်လှည့်လိုက်သည်။ သမားတော်သည် သူ၏အသိစိတ်ကင်းမဲ့သောအသွင်အပြင်ကိုမြင်ပြီး ကူကယ်ရာမဲ့ခေါင်းခါလိုက်သည်။ သူ ပြောတော့မည့်ဆဲဆဲ အစေခံတစ်ဦးဝင်လာ၏။
"ကောကုန်းကျင့်ထင်၊ရှစ်ကျစ်နဲ့ သခင်မကြီးတို့ ရောက်လာပါပြီ" အစေခံက အမောတကော ရုံရှားအား ဦးညွှတ်ကာ ပြောလိုက်သည်။
"ကောကုန်းကျင့်ထင်ကတော့ သတင်းပို့ဖို့ မစောင့်နိုင်တော့ဘဲ အမြန်ဝင်သွားပါပြီ"
"သိပြီ.." ရုံရှား ပြောပြီးသည်နှင့် ပန်းဟွိုက်၏ အသံထွက်လာသည်။
"ဟွာဟွာ ဘယ်လိုနေလဲ"
"သူမကို ဘယ်သူက ကြံစည်တာလဲ၊သူမကို ကုပေးတဲ့ တော်ဝင်သမားတော်တွေက ဘယ်သူတွေလဲ"
ပန်းမိသားစုသည် အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ သူတို့မိသားစုဝင် သုံးဦးမှလွဲ၍ ဆွေမျိုးနီးစပ်လူအချို့လည်း ရှိနေကြောင်း သမားတော်က တွေ့ရှိခဲ့သည်။ သူတို့အားလုံး အမုန်းတရားနှင့် စိုးရိမ်စိတ်တို့ကြီးစိုးနေ၏။ပန်းဟွာကျွင်းကျူး ဆိုသည့် နာမည်သာမပြောလာပါက၊သူတို့က လုပ်ကြံသူများဟုပင် ထင်မှတ်စရာရှိလေသည်။
"အဖေ၊ အမေ"
ရုံရှားက လူကြီးနှစ်ယောက်ကို ဦးညွှတ်လိုက်သည်။သို့ရာတွင် ပန်းမိသားစု၏ လူကြီး နှစ်ယောက်က သူ့ကိုပင် စိတ်မ၀င်စားကြ။ ယင်းရှစ်သည် ကုတင်ဘေးသို့ လျှောက်သွားပြီး ပန်းဟွာ၏ ပူနွေးသော နဖူးကို ထိလိုက်သည်။
"တရားခံကို ဖမ်းမိပြီလား"
ရုံရှားက ဦးညွှတ်ပြီး "ဒီအမှုကို ကျွန်တော်ကိုယ်တိုင် စုံစမ်းနေပါတယ်"
ယင်းရှစ်က ခေါင်းညိတ်ပြီး ပန်းဟွာ၏ နဖူးမှ ချွေးများကို သုတ်ရန် လက်ကိုင်ပုဝါကိုသုံးသည်။
"မင်း တာဝန်ယူထားတယ်ဆိုလို့ အမေတို့ စိတ်ချပါတယ်"
ရုံရှားက သူမကို လေးလေးနက်နက် ဦးညွှတ်ပြီး ဘာမှ မပြောချေ။
ပန်းဟွိုက်ကတော့ နောင်တရပြီး ဒေါသ ထွက်နေသည်။
"ဒီလိုမျိုး ကြုံရမယ်ဆိုတာ ငါသိရင် ငါပါ လယ်ကွင်းထဲကိုလိုက်ပါတယ်၊ ဘယ်ကောင်က ငါ့သမီးကို ဒုက္ခရောက်စေခဲ့တာလဲ၊ ငါ သူ့ကို သတ်မယ်"
ကောကုန်းကျင့်ထင်က အမှန်ပင် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာမှန်း တော်ဝင်သမားတော် နားလည်လိုက်၏။ သူ၏ ကျိန်ဆဲသော စကားများသည် အလွန်ပင် ဒဲ့ဒိုးရှိလှသည်။
"ဒီနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ငါတို့သိပြီးတာနဲ့ သူ့ကို လွှတ်ထားမှာမဟုတ်ဘူး!"
ပန်းဟမ်ကတော့ အံကြိတ်ကာ ယင်းရှစ် ၏နောက်သို့ လျှောက်သွားပြီး အလွန်နာကျင်နေသည့် သူ့အစ်မကို ကြည့်လိုက်သည်။ ထို့နောက် နယ်ချဲ့သမားတော်အား ပြောသည်။
“အစ်မ မိတာ ဘာအဆိပ်လဲ"
"တိဝုတ်ပန်းပါ...."
"ဘာ....." ပန်းဟမ်၏ ခြေထောက်များ ပျော့သွားသည်။ ဒီလောက်ဆိုးတဲ့အဆိပ်က ဘယ်လိုဖြစ်နိုင်မှာလဲ။
အစ်မ....…အစ်မ
"စိတ်မပူပါနဲ့ သူမရဲ့ အဆိပ်မပြင်းပါဘူး၊အဖျား ပျောက်ရင် နေကောင်းသွားမှာပါ"
ပန်းဟမ်ကတော့ နာကျင်နေဆဲပင်။သူ့အစ်မ ဘယ်တုန်းက ဒီလိုမျိုး ကြုံသွားရတာလဲ။သူမ အဆိပ်သင့်သွာတာလေ၊ သူ့အစ်မကို ဘယ်သူက ဘယ်လောက်တောင်မုန်းလို့ သူမ အသက်ကို လိုချင်ရတာလဲ..။
နင်းဝမ်မင်းသားရဲ့ကြင်ယာတော် ရှဲ့ဝမ်ယွီ လား.… အိမ်ရှေ့စံမင်းသမီး ရှစ်ရှစ်လား..ရှဲ့မိသားစု၏ ဒုတိယသား၊ရှဲ့ချီလင်း ဒါမှမဟုတ် ရှန်းယွီ လား...
ဟိုသုံးယောက်က အသာထား၊ ရှန်းယွီက သူ့အစ်မကို မုန်းတယ်ဆိုရင်တောင် လယ်သမားပွဲတော်မှာ တစ်ယောက်ယောက်ကို ပြဿနာဖြစ်အောင် စီစဉ်နိုင်စွမ်းရှိသလား။ သူ့မှာ တကယ်အရည်အချင်းရှိတယ်ဆိုရင် သူ့ရဲ့ပညာတော်သင်ဂုဏ်ဒြပ်တွေကို ဘယ်လိုလုပ် ဖြုတ်ချခံပြီး သူ့ရဲ့တရားဝင်ရာထူးကိုပါ ဆုံးရှုံးရနိုင်မှာလဲ။
ပန်းဟမ် စိတ်ထဲဝယ် သံသယများ တိုးလာခဲ့၏။
ယင်းရှစ်က သေချာပေါက်ပြောသည်။
"ရှန်းယွီ မဖြစ်နိုင်ဘူး၊ သူက သူ့မွေးရပ်မြေ တုံကျိုးကို ပြန်သွားတယ် "
"ဘာလို့ သူ့ကို မတွေ့တာလဲလို့ ကျွန်တော် တွေးမိတာ၊ ဒါကြောင့်ကိုး... သူ့ပညာတော်သင် ဂုဏ်ထူးဆောင်ဘွဲ့တွေ ရုပ်သိမ်းခံရပြီး သူ့မွေးရပ်မြေကို ပြန်သွားတာပဲ...ယောက္ခမ ကျေးဇူးပြုပြီး ဒီနောက်ကွယ်က တရားခံကို ရှာပါ"
ရုံရှားက လေးလံသောအမူအရာဖြင့် "အစ်ကို လုပ်မှာပါ၊ ဟွာဟွာမှာ ဘယ်လိုဒုက္ခမျိုးမှ မဖြစ်စေရဘူး"
ပန်းဟွာ အဆိပ်ခတ်ခံရသည့်သတင်းသည် ဧကရာဇ်ယွင်ချင်ထံသို့ လျင်မြန်စွာရောက်ရှိခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ ဧကရာဇ် သူ့နားကိုပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
“အဆိပ်က လယ်ကွင်းထဲကို ဘယ်လို ရောက်သွားနိုင်သလဲ”
ယခုတစ်ကြိမ် လယ်ယာစိုက်ပျိုးပွဲတော်အား အိမ်ရှေ့စံအား အစားထိုး စီစဉ်ခိုင်းထားသည်။ စံနှုန်းများကို ပြင်ဆင်ရန် ထုံးတမ်းစဉ်လာ ဝန်ကြီးဌာနကိုပါ အထူးအမိန့်ပေးခဲ့သည်။ အစားအသောက်တိုင်းနှင့် ပစ္စည်းတိုင်းကို ဂရုတစိုက်စစ်ဆေးခဲ့သည်။ ခိုးဝင်ဖို့ဆိုသည်က မဖြစ်နိုင်သလောက်ပင်။
လယ်ကွင်းများတွင် အမှုထမ်းနေသော နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကို လာဘ်ထိုးပြီးသား မဟုတ်ပါက၊ ထိုသို့သော ကိစ္စမျိုး မဖြစ်နိုင်ပေ။
စစ်သူကြီးယန်သည် သူ့စိတ်ထဲတွင် အနည်းငယ်မျှ မှန်းဆမိသော်လည်း တိုက်ရိုက် မပြောနိုင်ပေ။
“ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းပါမယ်"
မမျှော်လင့်ဘဲ ဧကရာဇ်က ရုတ်တရက် ပြော၏။
" နင်းဝမ်မင်းသား ဒါမှမဟုတ် မင်နင်းဝမ်မင်းသားရဲ့ကြင်ယာတော်လို့ မင်းထင်လား"
စစ်သူကြီးယန် ခဏလောက် အေးခဲသွားပြီး "ကျွန်တော်... မသိပါဘူး"
"မင်းက မသိတာလား ဒါမှမဟုတ် မပြောဝံ့တာလား"
နင်းဝမ်မင်းသားသည် စိတ်မြန်သည်။ ဤသည်ကလည်း ဧကရာဇ်၏ အပြစ်ဖြစ်သည်။ယခု ဧကရာဇ်ပင်လျှင် အသက်ကြီးလာမှ စိတ်ပိုတိုနေသေးသည်။
ဧကရာဇ်သည် ကျန်းလောကို သူ့နင်းဝမ်မင်းသားဘွဲ့ကို ဖယ်ရှားပြီး သူ့ကို တော်ဝင်မင်းသားအဖြစ် အဆင့်သတ်မှတ်မည်ဖြစ်သည်။ ကျန်းလော နောင်တရလိမ့်မည်ဟု မျှော်လင့်ရ၏။
စစ်သူကြီးယန်သည် တော်ဝင်အမိန့်စာက စာသားအနည်းငယ်ကို မြင်ရုံမျှဖြင့် အေးစက်သော ချွေးများ သူ့နောက်ကျောသို့ စီးကျလာသည်။ ဧကရာဇ်က နင်းဝမ်မင်းသားကို ရာထူးက ဖြုတ်ပစ်မှာလား။
ဧကရာဇ် ယွင်ချင်သည် အမိန့်စာကို ရေးပြီးသောအခါ စုတ်တံကိုချ၍ သက်ပြင်းချလိုက်သည်။ သူ့ကိုယ်သူ ထိန်းထားသော်လည်း နောက်ဆုံးတွင် နင်းဝမ်မင်းသား၏ အိမ်တော်သို့ အမိန့်စာကို ပေးပို့သူတစ်ယောက်မှ မရှိခဲ့ပေ။
သို့သော် ထိုညတွင် ဧကရာဇ် ယွင်ချင် သည် အိပ်မက်ဆိုးများ ထပ်မံမက်ခဲ့ပြန်သည်။အိပ်မက်ထဲမှာ သူ့သူငယ်ချင်းဟောင်းများသည် လူစုကွဲနေပြီး၊ အဆုံးမရှိသည့် ချောက်ထဲ ပြုတ်ကျတော့မလိုဖြစ်သွားသည်။
ထောင်ထဲတွင်၊ နန်းတော်အိမ်ဖော် ရှောင်ယွီသည် ပခုံးနှစ်ဖက်ကို ကွေးလျက် ထောင့်တစ်နေရာတွင် ထိုင်နေသည်။ မလှမ်းမကမ်းတွင် မီးခိုးရောင် ကြွက်တစ်ကောင် ဖြတ်ပြေးသွားကာ ဘယ်ကမှန်းမသိသော အဝါရောင် ပေါက်စီခြောက်အား ကိုက်လိုက်သည်။ ထို့နောက် ကြွက်သည် အနံ့ဆိုးထွက်နေသည့် ညှိုးနွမ်းနေသော မြက်ခြောက်ပုံထဲသို့ မြုပ်သွား၏။
ရှောင်ယွီ သည် ကြွက်ကို ကြောက်၍ ဟိုသည်ပြေးဖို့ ကြိုးစားသော်လည်း သူမ နောက်ကွယ်က အေးစက်နေသည့် နံရံကလွဲ၍ ဘယ်မှာမှ ပုန်းစရာ မရှိချေ။
ထိုစဉ် ထောင်အစောင့်တစ်ဦးသည် သူမ၏ တံခါးဟောင်းဆီသို့ လျှောက်လာကာ...
" လာခဲ့၊ ကောကုန်းချမ်အမ်က မင်းကို တစ်ခုခုမေးချင်နေတယ်၊ မြန်မြန်သွား"
xxxxx