Chapter 152
ရှောင်ယွီသည် အချုပ်ခန်းတံခါးမှ မဝံ့မရဲ ထွက်သွားလေသည်။ ခြေထောက်များက ချည်နှောင်ထားခံရ၍ အမြန်မလျှောက်နိုင်တော့။ သူမ၏ ရှည်လျားသော အရိပ်သည် နံရံပေါ်တွင် ကျနေကာ၊ သူမ ငယ်ငယ်က ကြားခဲ့ဖူးသော သရဲပုံပြင်များကို တွေးတောမိသည်။
ရှည်လျားသော လမ်းကြောင်းကို ဖြတ်လျှောက်လာသောအခါ၊တခြား အကျဉ်းသားများသည် ကြောင်တောင်တောင်ဖြစ်နေကာ၊စိတ်ကောင်းမရှိတော့သည်ကို မြင်လိုက်ရသည်။
အလင်းဆုံးနေရာကို ရောက်သောအခါ၊ သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကောကုန်းချမ်အမ်ကို သူမ တွေ့လိုက်ရသည်။ သူသည် နက်မှောင်သော ဘရိုကိတ်ပိတ်သား အင်္ကျီကို ၀တ်ဆင်ထားပြီး မျက်နှာမှာ ဖြူဖျော့နေသလို၊ မျက်လုံးတစ်ဝိုက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရှိနေသည်။
"ကောကုန်း၊ အကျဉ်းသားကို ဒီကို ပို့လိုက်ပါပြီ"
ရှောင်ယွီသည် နောက်ဆုံးတွင် ရုံရှားက သူမကို မော့ကြည့်လိုက်သည်ကို မြင်လိုက်ရ၏။ သို့သော်လည်း ရုံရှား၏ မျက်လုံးများက ခံစားချက်မဲ့နေသည်။ အေးစက်လွန်းသဖြင့် သူမ ဒူးထောက်ထိုင်ချလိုက်၏။
"မတ်တပ်ရပ်ပြီး ဖြေ..."
ရုံရှား၏ လေသံမှာ မထင်မှတ်ဘဲ ငြိမ်သက်နေသည်။ သူမ သူ့ကို တစ်ချက် ခိုးကြည့်မိသည်။သူ့အမူအရာမှာအလွန်အေးဆေးတည်ငြိမ်နေ၍ ယခုသူမခံစားရသော အေးစက်မှုက မှားယွင်းသလိုလို ဖြစ်နေသည်။ သူမ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမ လုပ်ခဲ့သော အပြစ်က ခေါင်းမထောင်နိုင်လောက်အောင် ရှက်ရွံ့သွားစေသည်။
သူမသည် ၁၃ နှစ်၊ ၁၄ နှစ်သာရှိသေးသော နန်းတော်အစေခံတစ်ဦးသာဖြစ်သည်။သူမ စိတ်မခိုင်သည်မှာ သဘာဝကျ၏။
"ငါ နားမလည်ဘူး၊ ပထမဆုံး လက်ဖက်ရည် တစ်ခွက်မှာ မင်း အဆိပ်ထည့်ခဲ့တာ၊ နောက်ဆုံးကျမှ မင်း ဘာလို့ အဆုံးအထိ မလုပ်လိုက်တာလဲ"
ရုံရှားသည် အလွန်ရိုးရှင်းသောမေးခွန်းကို မေးသလို ပေါ့ပေါ့ပါးပါး မေးသည်။
"ကျွန်မ …… ကျွန်မရဲ့အစ်ကိုက နန်းတော်ထဲက မိန်းမစိုးအငယ်စားပါပဲ၊ အစက သူက အလုပ်ကြမ်းလုပ်ရတဲ့ မိန်းမစိုးပါပဲ၊ဒါပေမယ့် ကျွင်းကျူး စေတနာကြောင့် နန်းတော်ထဲမှာ သူ့ရာထူးက ပိုကောင်းလာခဲ့ပါတယ်၊ သူက ကျွင်းကျူး ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်မကို မကြာခဏပြောခဲ့တယ်၊ဒါကြောင့် ကျွန်မ စိတ်ပျော့သွားမိတာပါ"
နင်းဝမ်မင်းသား သည် သူမ၏ မိသားစုဘဝကို ခြိမ်းခြောက်ရန် အသုံးချခဲ့၍ သူမမှာ ရွေးချယ်စရာလမ်းမရှိတော့ပေ။ သို့သော်လည်း ပန်းဟွာကျွင်းကျူးက ဤမျှ သဘောထားကောင်းသည်ဟု သူမ မထင်ခဲ့ပေ။ လက်ဖက်ရည် ဖိတ်စင်သွားသော်လည်း သူမကို အပြစ်မတင်ဘဲ သတိထားရန်သာ ပြောပြီး လက်ကိုင်ပုဝါတစ်ထည်တောင် ပေးခဲ့သည်။ သူမလိုလူကောင်းတစ်ယောက် အဆိပ်နှင့်သေသွားမှာကို သူမ မကြည့်နိုင်ပေ။
သူမ အစားကျွေးသည့်လက်ကို မကိုက်ချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို၊ ပန်းဟွာကျွင်းကျူး ၏အပြုံးက လှပလွန်းတာကြောင့် သူမ စိတ်ပျော့သွားခြင်းဖြစ်မည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူမ လက်ဖက်ရည်ကို လွှင့်ပစ်လိုက်သည့် အခိုက်မှာ သူမ စိတ်လည်း ငြိမ်သက်သွားခဲ့ရ၏။
" မင်းမိသားစုကို ငါ့လူတွေက ထိန်းချုပ်ထားပြီးသား၊ နောက်ကွယ်က တရာခံကို ပြောပြဖို့ ဆန္ဒရှိနေရင် သူတို့ကို ငါကာကွယ်ပေးမယ်၊ မင်း ဘာစကားမှ မပြောချင်ရင် မင်းတို့မိသားစုနဲ့ အတတ သေဖို့ပဲ ရှိတယ်"
"တကယ်ပြောတာလား၊ ကျွန်မရဲ့ မိသားစုကို တကယ်တွေ့ထားပြီလား၊" ရှောင်ယွီက ရုံရှားကို အံ့သြစွာကြည့်ကာ "ကျွန်မကိုလိမ်နေတာမဟုတ်ဘူးမလား"
"မင်းရွေးချယ်"
"ကျွန်မ ပြောပါ့မယ်....
"ကျွန်မက……"
"ကောကုန်းချမ်အမ်"
ထိုစဉ် ရုတ်တရက်ရောက်လာသူ ကျန်းလောက ရှောင်ယွီကို လှမ်းကြည့်လိုက်ပြီး ပြောသည်။
"ကောကုန်းချမ်အမ် က တကယ်ကို ရက်စက်တယ်နော်၊ မိန်းမက အိမ်မှာ သတိလစ်နေတာတောင် အရေးမကြီးတဲ့ နန်းတော် အစေခံကို စစ်ဆေးမေးမြန်းဖို့ အားလပ်နေတယ်လေ"
သူက ခေါင်းကိုလှည့်ပြီး ရှောင်ယွီကိုကြည့်ကာ "မင်းက နည်းနည်း နူးညံ့ပြီး အရသာရှိမယ့်ပုံပဲ"
ရှောင်ယွီ ကြောက်သွားကာ ကျန်းလော ကို မကြည့်ဝံ့တော့။
"မသက်ဆိုင်တဲ့လူတွေကို အာရုံစိုက်မနေပါနဲ့"
ရုံရှားက ကျန်းလောကို လျစ်လျူရှုလိုက်သည်။သူ ကျန်းလောကို ဦးညွတ်ဖို့တောင် မတ်တပ်မရပ်ဘဲ ရှောင်ယွီကိုသာကြည့်နေသည်။
"ဒါမင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ"
"ဟုတ် …… ဟုတ်ကဲ့ ……"
ရှောင်ယွီ ကျန်းလောကို ကြည့်လိုက်သည်။ ကျန်းလောသည် ရက်စက်သော အကြည့်ဖြင့် သူမကို စိုက်ကြည့်နေ၍ သူမတစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သို့သော် သူမ မျက်စိစုံမှိတ်ကာ "ကျွန်မကို အမိန့်ပေးတဲ့သူက နင်းဝမ်မင်းသားပါ...."
"မင်း ပေါ့ပေါ့ဆဆ မပြောသင့်ဘူး၊ငါက မင်းကို ဘယ်တုန်းက မြင်ဖူးလို့လဲ၊ မင်းက လူမြင်ကွင်းမှာတောင် အရာမဝင်တဲ့ နန်းတော်ရဲ့ အစေခံတစ်ယောက်ပဲ၊ မင်းရဲ့ရုပ်ရည်ကလည်း အထူးတလည် မလှနေဘူး၊ဒီတော့ ငါ မျက်မမြင်ဖြစ်နေရင်တောင် မင်းကို သတိမထားမိနိုင်ဘူး၊ ကောကုန်းချမ်အမ်၊ ဒီနန်းတော် အစေခံက တော်ဝင်မိသားစုကိုတောင် စွပ်စွဲတာနော်၊မင်း သူမကို ခေါင်းဖြတ်သတ်ပစ်သင့်တယ်၊ လာကြ.…မိုက်ရိုင်းတဲ့ စကားတွေပြောပြီး ငါ့ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့ ဒီနန်းတော်အစေခံကို ဆွဲထုတ်လိုက်ပါ"
"နင်းဝမ်မင်းသား" ရုံရှားက နင်းဝမ်မင်းသား၏ ကိုယ်ရေးကိုယ်တာ အစောင့်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပကတိ အေးစက်နေပြီး "ဒါက မြို့တော်ရဲ့ အကျဉ်းထောင်ပဲ၊ အရှင့်သားက တစ်ယောက်ယောက်ကို ဒီကနေ ထုတ်ချင်ရင် အနည်းဆုံးတော့ တရားရုံးချုပ်နဲ့ မြို့တော်ဝန်ရဲ့ ဖမ်းဝရမ်းကို ယူရမယ်"
"တရားရုံးချုပ်နဲ့ မြို့တော်ဝန်က ဘာလဲ၊ဘယ်သူက ငါ့ကို တားမှာလဲ"
ရုံရှားက သူ့လက်ကိုနောက်ပစ်ကာ "အရှင့်သားက တစ်ယောက်ယောက်ကို နှုတ်ပိတ်ဖို့ စိတ်မရှည် ဖြစ်နေတာဟုတ်ဘူးလား"
ကျန်းလောက သူ့ကိုယ်ရေးကိုယ်တာအစောင့်များကို ချက်ချင်းလက်ဟန်ပြလိုက်သည်။ "ဘာ....မင်း စကားကို သတိထားပြီး ပြောရင် ပိုကောင်းမယ်"
"အရှင့်သားကိုပဲ ပိုသတိထားသင့်တယ်လို့ ခံစားရတယ်"
ရုံရှား သူ့ညာဖက်လက်ကို မြှောက်လိုက်သည်။ထိုအခါ ထောင်ထဲမှာ လူများများစားစား မရှိသော်လည်း၊ အစောင့်အကြပ်များ ရုတ်တရက် ထွက်လာသည်။ တရားရုံးချုပ်ကလူများနှင့် မြို့တော်ဝန်၏ လူများလည်းရှိနေ၏။
"ဒီနေ့ သူမကို ဘယ်သူမှ မခေါ်သွားနိုင်ဘူး"
"ကောကုန်းချမ်အမ်၊ မင်းရဲ့အထက်လူကြီးကို စော်ကားချင်တာလား"
ရုံရှားသည် အပြုံးမဟုတ်သော အပြုံးဖြင့် နင်းဝမ်မင်းသားကိုကြည့်ကာ "ကျွန်တော်က ဧကရာဇ် အပေါ်မှာသာ သစ္စာစောင့်သိတာပါ၊ တော်ဝင်မင်းသား ကို အမိန့်ပေးဖို့က အချိန်စောလွန်းနေတယ်"
ကျန်းလော၏ မျက်နှာသည် မည်းမှောင်နေသည်။
"ရုံရှား၊ သိပ်အရှက်မရှိအောင် မလုပ်နဲ့"
သို့သော် သူရခဲ့သော တစ်ခုတည်းသော တုံ့ပြန်မှုသည် ရုံရှား၏ လှောင်ပြောင်ရယ်မောခြင်းပင် ဖြစ်သည်။
ကျန်းလော၏ ဒေါသကြောင့် နောက်ဆုံးတွင် နှစ်ဖက် တွေ့ဆုံခဲ့ကြသည်။သို့သော်လည်း နှစ်ဖက်စလုံး ဘယ်သူ့ကိုမှ မသတ်ဝံ့ကြ။ထို့ကြောင့် သူတို့လက်ထဲတွင်ရှိသော လက်နက်များသာ အချည်းနှီးဖြစ်နေသည်။
နင်းဝမ်မင်းသား၏ ကိုယ်ရေးကိုယ်တာ အစောင့်များသည် ကြီးကြီးမားမားဖြစ်မည့် ကိစ္စရပ်ကို မလိုလားကြပေ။ နောက်ဆုံးတွင်၊ သူတို့သည် ပုန်ကန်မှု သို့မဟုတ် အခြားသော ကြီးလေးသောရာဇ၀တ်မှုဖြင့် တရားစွဲဆိုခံရနိုင်သည်။ မြို့တော်ဝန်နှင့် တရားရုံးချုပ်မှလူများကလည်း နင်းဝမ်မင်းသား၏ အဆင့်အတန်းကို စိုးရိမ်ကြပြီး လက်နက်များကို မသုံးဝံ့ကြပေ။
ဤမြင်ကွင်းကိုမြင်၍ ကျန်းလော ဒေါသများတိုးလာသည်။ထို့နောက် တွေးတောမနေဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် နန်းတော်အစေခံကို ဖမ်းရန် ပြင်လိုက်သည်။ သို့သော် ရုံရှား က "နင်းဝမ်မင်းသား ပုန်ကန်ချင်တာလား၊ ဒီထောင်က မင်းသားဖြစ်နေရင်တောင် အပြစ်ပေးတယ်ဆိုတာ မယုံမရှိနဲ့"
"မင်း ထွက်သွားစမ်း" ကျန်းလောက ရုံရှားကို တွန်းထုတ်သော်လည်း ရုံရှား ကတော့ လုံးဝနောက်မဆုတ်ပေ။
"ရုံရှား၊ မင်းက လူယုတ်မာပဲ၊ ငါ့ရှေ့မှာ လူကြီးလူကောင်းတစ်ယောက်လို ပြုမူဖို့ မကြိုးစားနဲ့"
"ဒိုင်း!"
ရုတ်တရက် သူတို့နောက်က တံခါးပွင့်သွားကာ သစ်သားတုတ်များကိုင်ဆောင်ထားသည့် လူငယ်တစ်စု ပြေးဝင်လာသည်။ နင်းဝမ်မင်းသား နှင့် ရုံရှား၏လူများသည် တုံ့ပြန်ရန် အချိန်မရှိပေ။ ဤလူငယ်အုပ်စုသည် နင်းဝမ်မင်းသား၏ ကိုယ်ရေးကိုယ်တာ အစောင့်များကို ဖမ်းဆွဲပြီး ထိုးကြိတ်သည်ကို တွေ့လိုက်ရသည်။ ခြေသလုံးနှင့် တင်ပါးကလွဲ၍ တခြားဘယ်ကိုမှ မထိပါးကြချေ။
မချိမဆန့် ညည်းတွားသံများ ထွက်ပေါ်လာကြသည်။ အမည်မသိ လူငယ်တစ်စုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
တရားရုံးချုပ်က လူများသည် မူလက စိုးရိမ်မိသော်လည်း ဤလူငယ်အုပ်စုသည် နင်းဝမ်မင်းသား၏ အစောင့်များကိုသာ ပစ်မှတ်ထားနေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသောအခါ၊ ချက်ချင်းပင် စိတ်လျှော့လိုက်ကြသည်။ ဒါတွေက ဘယ်သူတွေလဲ၊ သူတို့ ဘာလို့ ဒီလောက် ရဲရင့်ကြတာလဲ။
နင်းဝမ်မင်းသား၏ အစောင့်အားလုံးကို ရိုက်နှက်ပြီးနောက် ဤလူငယ်များသည် သစ်သားတုတ်ကို ကောက်ကိုင်ပြီး ကမန်းကတန်း ထွက်သွားကြ၏။နင်းဝမ်မင်းသား၏ အစောင့်များသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေခြင်းကြောင့်သာ မဟုတ်ပါက၊ ဇာတ်လမ်းဆင်နေသည်ဟုပင် ထင်ကြပေမည်။
တရားရုံးချုပ်မှ အရာရှိတစ်ဦးက “ငါတို့ သမားတော်ကို အရင်ခေါ်သင့်တယ်မလား"
အစေခံအဖြစ် ၀တ်ဆင်ထားသော ထိုလူငယ်များသည် သန်မာသောလက်များနှင့် ခြေထောက်များ ရှိသည်။ကိုယ်ခံပညာရှင်များပင် ဖြစ်ရမည်။ အကယ်၍ တရားရုံးချုပ်မှာ သူလျှိုမရှိရင်၊သူတို့ ဘယ်လိုလုပ် အမြန်ထွက်သွားနိုင်မလဲ..
ထိုသို့တွေးပြီး ဘေးနားမှာ ငြိမ်ငြိမ်လေးရပ်နေသည့် ကောကုန်းကျင့်ထင်ကို ငုံ့ကြည့်လိုက်ကာ တိတ်တိတ်နေဖို့ ပညာရှိစွာ ရွေးချယ်လိုက်သည်။ နောက်ဆုံးတွင် နင်းဝမ်မင်းသားသည် နန်းတော် အစေခံကို မခေါ်ထုတ်နိုင်ခဲ့ပေ။ အိမ်တော် သို့ သူပြန်ရောက်ပြီး လေးနာရီအကြာတွင် နန်းတော်မှ တော်ဝင်အမိန့်စာကို လက်ခံရရှိခဲ့သည်။
ဧကရာဇ်သည် သူ့အား ရာထူးမှ ထုတ်ပယ်ပြီး နင်းဝမ်မင်းသား မှ မင်းသားအဖြစ်သို့သာ ရာထူးမှ ချလိုက်ခြင်းဖြစ်သည်။ယခုဆို သူ့မှာ ဧကရာဇ်၏ ဒုတိယတရားဝင်သားတော်အဖြစ်သာ ရာထူးရှိတော့သည်။
ဒါဆို နောက်ဆို သူ ကျင်းမြို့တော်မှာ သူ ဘယ်လိုလုပ် အင်အားရှိတော့မလဲ...
အထူးသဖြင့် တန်ခိုးကြီးသော အိမ်ရှေ့စံကို တွေးတောရင်း ကျန်းလော သူ့ခေါင်းက ပေါက်ကွဲတော့မလို ခံစားခဲ့ရသည်။သူသည် အခန်းတွင်းရှိ အိပ်ယာများကို မြေကြီးပေါ်သို့ ပစ်ပေါက်ဖျက်ဆီးကာ တာဝန်ထမ်းဆောင်နေသော အစေခံများအားလုံးကို ရိုက်နှက်ရန် ဆွဲထုတ်ခဲ့သည်။သိ့သော်လည်း ဤသည်က မလုံလောက်သေး။
ကျန်းလော သူ့နှလုံးသားထဲတွင် မီးတောက်လောင်နေသလို ခံစားလိုက်ရသည်။ သူ့ရင်ဘတ်ထဲက ဒေါသကို မထိန်းနိုင်တော့။ သူ့ကိုယ်သူ စိတ်တည်ငြိမ်ဖို့ ထွက်ပေါက်ရှာရမည်။
ထောင့်မှာ တုန်လှုပ်နေသည့် အစေခံမိန်းကလေးကို သူ သတိထားမိသွား၏။ ချက်ချင်း သူမကို ကုတင်ပေါ်ဆွဲတင်လိုက်ပြီး သူ့ရင်ထဲက ပြင်းထန်သည့်ခံစားချက်များကို ထိန်းထားနိုင်စွမ်းမရှိတော့။
"ကြင်ယာတော်မင်းသမီး..." အိမ်တော်၏ ဘဏ္ဍာစိုးသည် ရှဲ့ဝမ်ယွီ ရှေ့သို့ လျှောက်လာပြီး " အစေခံတစ်ယောက် အရှင့်သားကြောင့် သေဆုံးသွားပါတယ်၊အခု သူ့ကိုအမှုထမ်းဖို့ အစေခံအသစ်တစ်ယောက် လိုအပ်နေပါတယ်"
"ခလုတ်တိုက်ပြီး လဲကျသေဆုံးသွားတာလား....." ရှဲ့ဝမ်ယွီ သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသောဟာသကိုကြားခဲ့ရသလိုမျိုး မဲ့တဲ့တဲ့ ပြုံး၍ပြောလိုက်သည်။
"လူတစ်ယောက်ကို သေစေနိုင်တဲ့ချောက်ကမ်းပါး ဒါမှမဟုတ် လျှို့ဝှက်လက်နက်တစ်ခု အိမ်တော်မှာ ရှိသလား...."
ဘဏ္ဍာစိုးသည် ခေါင်းငုံ့ကာ ပြန်မဖြေဝံ့။
"ကောင်းပြီ၊ ငါသိပါတယ်၊ မင်းတခြားဟာတွေလုပ်ပါ၊ ငါ့ကို အကုန်သတင်းပို့စရာ မလိုဘူး"
ဘဏ္ဍာစိုးသည် ခြောက်သွေ့စွာ ရယ်မောကာ နောက်ဆုတ်သွားခဲ့သည်။
ကျန်းလောနှင့် ရှဲ့ဝမ်ယွီတို့၏ ဆက်ဆံရေးက မကောင်းပေ။အစေခံများအနေနှင့် သူတို့သည် အဆင်းရဲဆုံးဖြစ်သည်။ သူတို့ ဘာလုပ်နိုင်မလဲ။အရာရာအားလုံး ချောချောမွေ့မွေ့ ဖြစ်လာမည့်နေ့ကိုသာ မျှော်လင့်ကြရသည်။
သနားစရာကောင်းသည့် အစေခံမိန်းကလေးအကြောင်း တွေးရင်း ဘဏ္ဍာစိုး တုန်လှုပ်သွားမိသည်။ဒုတိယမင်းသားသည် မတူကွဲပြားသော လူတစ်ဦးကဲ့သို့ပင် ကြမ်းတမ်းလာသည်။
ယခင်က ဒုတိယမင်းသား၏ ပင်ကိုယ်စရိုက်က စိတ်မြန်ပေသော်လည်း၊သူ့ကိုယ်သူ မစဉ်းစားတာလောက်ပင်။ လက်ရှိ ဒုတိယမင်းသား သည် ကြမ်းတမ်းသော အရူးတစ်ယောက်နှင့် ပိုတူလာသည်။
"အရှင့်သား" ဘဏ္ဍာစိုးက ကျန်းလော အတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးလိက်သည်။
"စိတ်မဆိုးပါနဲ့၊ အရှင့်သား နည်းနည်း ရာထူးချခံရပေမယ့် ခြေလျင်တပ်မှူးနဲ့ ဆက်ဆံရေးကောင်းတယ်မလား၊ ဒါက အိမ်ရှေ့စံနဲ့ ယှဉ်လို့မရတဲ့ အရာပဲ"
"ခြေလျင်တပ်ရင်းမှူး ......"
ခြေလျင်တပ်ရင်းသည် လွှမ်းမိုးချုပ်ကိုင်မှု မရှိသော်လည်း လက်တွေ့တွင် မြို့တော်ရှိ စစ်တပ်၏ ထက်ဝက်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။အစောင့်တပ်များသည် ဧကရာဇ်ကို ကာကွယ်ရန် နီးစပ်သော်လည်း ၎င်းတို့၏ အရေအတွက်မှာ အကန့်အသတ်ရှိသည်။
ကျန်းလောသည် ဘဏ္ဍာစိုးကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး "ပြောပါ၊ ရုံရှားက တရားမဝင်ကလေးလား"
"အရှင့်သားကလည်း၊ ကျွန်တော်က သူ့ဧကရာဇ်နဲ့ ကောကုန်းချမ်အမ်ကို ဘယ်တုန်းက တွေ့ဖူးလို့လဲ"
ဘဏ္ဍာစိုး၏ အသံသည် အနည်းငယ် စူးရှသည်။ ယင်းကြောင့် ကျန်းလော သည် မကျေမနပ်မျက်မှောင်ကြုတ်သွားမိသည်။
"ကျွန်တော် မမြင်ဖူးပေမယ့် ဧကရာဇ်က အရှင့်သား ကို အရမ်းကောင်းပေးပါတယ်၊ ဒါကြောင့် လူတချို့က မနာလိုဖြစ်ပြီး ကောလာဟလတွေ ဖြန့်နေတာ အံ့သြစရာမရှိပါဘူး"
"ငါ့အမြင်အရ ဒါက ကောလဟာလမဟုတ်ဘူး"
ကောလာဟလသာဖြစ်လျှင် ဧကရာဇ် သည် သူ့ကို ရာထူးမှ ဖြုတ်ချစရာ အကြောင်းမရှိ။တရားရုံးချုပ်တွင် ရုတ်တရက် အကျဉ်းချခံလာသော အစေခံကိုပါ မစုံစမ်းဘဲ နေမည်မဟုတ်။
"သူတို့လည်း နှလုံးသားမရှိဘူး၊ဒါကြောင့် ငါ့ကို မတရားဘူးလို့ အပြစ်မတင်ကြနဲ့"
ရှေးခေတ်ကတည်းက ရာဇပလ္လင်အတွက် သူတို့လက်တွေ သွေးစွန်းနေတဲ့ ဧကရာဇ်တွေ အများကြီးပဲမဟုတ်လား..
သူ့အစ်ကိုအကြီးဆုံးက သူရဲဘောကြောင်ပြီး ဧကရာဇ်ကလည်း တလွဲသာလုပ်တတ်သည်။ သူဘာလို့ ဒီကမ္ဘာကြီးရဲ့ အရှင်သခင် မဖြစ်နိုင်ခဲ့တာလဲ။
ပန်းဟွာ အိပ်မက်ထဲမှာ ရှိနေတုန်းပင်။ မြို့တံခါးရှေ့မှ 'ကျင်း' ဆိုတသည့် စကားလုံးနှစ်လုံးကို သူမ မတွေ့ခင် အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့ရသည်။ သူမ၏ လေးလံသော ခြေဖဝါးများသည် ပေါ့ပါးလာပြီး ပျံသန်းနိုင်သကဲ့သို့ပင် လွတ်လပ်နေ၏။
သို့သော် သူမ တံခါးဝကို ဖြတ်လျှောက်ခါနီးမှာ တစ်ယောက်ယောက်က လက်ကို လှမ်းဆွဲလိုက်သည်။
xxxxx