Chapter 153
ပန်းဟွာ ရုတ်တရက် လှည့်ကြည့်လိုက်ရ အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ခေါင်းပေါ်တွင် ပုလဲကိုးလုံးပါသော နဂါးဆံထိုးကို ထိုးထားပြီး ခါးတွင် နဂါးပုံ ခါးပတ် ပတ်ထားသည်။မျက်ခုံးမွှေး ကောင်းသလို၊ ကြယ်ရောင်မျက်လုံးများနှင့် ဖြောင့်စင်းသော နှာတံရှိသည်။ သူမနှင့် အလွန်ရင်းနှီးသော မျက်နှာတစ်ခုဖြစ်သည်။ သူမသည် ကုတင်တစ်လုံးတည်းပေါ်တွင် သူနှင့်အတူအိပ်ကာ တချို့ကိစ္စများကို တိုးတိုးလေးပြောဖူးသည်။ သူသည် သူ့အဖေနှင့် အစ်ကိုမှလွဲ၍ သူမနှင့် အရင်းနှီးဆုံးလူဖြစ်သည်။
"ရုံရှား..."
သူမ နောက်က မြို့တော်သည် ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သင်္ချိုင်းသည်လည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ တစ်ကမ္ဘာလုံးက အဖြူနှင့်အမည်း ဖြစ်သွားကာ သူမနှင့် ရုံရှားသာ ရှိတော့သည်။
"ဟွာဟွာ...."
ရုံရှားသည် ပန်းဟွာမှာ မေ့မြောနေရင်း သူ့နာမည်ကို ခေါ်သည်ကို ကြားလိုက်ရသည်။ သူက ကုတင်အနားအမြန်ပြေးပြီး သူမလက်ကို ဆုပ်ကိုင်လိုက်၏။
"ဟွာဟွာ"
ပန်းဟွာသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ သူ့ရှေ့ကလူကို စိုက်ကြည့်ရင်း "ရုံ...ရှား",
"ဟုတ်တယ် ကိုယ်ပဲ" ရုံရှားက သူမ ကြောင်စီစီဖြစ်နေမှန်းသိလိုက်ကာ နောက်လှည့်ပြီး "တစ်ယောက်ယောက်လာစမ်း၊ သမားတော်က အမြန်ရှာပါ"
သူသည် အရောင်ဖျော့သော ဘရိုကိတ်အင်္ကျီကို ၀တ်ဆင်ထားပြီး အိမ်မက်ထဲကလို ကျောက်စိမ်းခါးပတ်ကို မဝတ်ထားပေ။ သူ့ပုံစံမှာ အနည်းငယ် ဖရိုဖရဲဖြစ်ပုံရပြီး အိမ်မက်ထဲတွင် သူမ မြင်လိုက်ရသော ဂုဏ်သိက္ခာရှိသော ရုံရှား နှင့် မတူပေ။
"မကြောက်ပါနဲ့၊ သမားတော်က မင်း ခန္ဓာကိုယ်မှာ ပြဿနာကြီးကြီးမားမား မရှိဘူးလို့ ပြောတယ်၊ ခဏလောက် အနားယူဖို့ လိုတာပါတဲ့....မင်း အခု ဘယ်လိုခံစားရလဲ၊ ဘယ်နေရာမှာ အဆင်မပြေ ဖြစ်နေသလဲ"
“ရေဆာနေတယ်…”
ပန်းဟွာသည် သူမအသံက ကြမ်းတမ်းပြီး မနှစ်မြို့ဖွယ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။သူမ လန့်သွားကာ မျက်လုံးပြူးမိ၏။
"စိတ်မပူပါနဲ့၊ တော်ဝင်သမားတော်က မင်း လည်ချောင်း နည်းနည်းနာမယ်လို့ ပြောထားတယ်၊ ရက်အနည်းငယ်ကြာ အနားယူပြီးရင် မင်းနေကောင်းလာလိမ့်မယ်တဲ့"
ရုံရှားသည် သူမ၏ နဖူးကို နမ်းလိုက်သည်။ အစေခံတစ်ယောက်က ဟင်းချိုပူလာပေးသည်။
ပန်းဟွာ တကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရသည်။ သူမ၏ ဦးနှောက်အတွင်းရှိ တစ်စုံတစ်ခုက ဆွဲငင်နေသကဲ့သို့ သူမ၏ ခေါင်းသည် မူးဝေပြီး နာကျင်နေသည်။
ရုံရှားသည် ပန်းဟွာအား ဟင်းချိုဇွန်းအနည်းငယ်ကို ခွံ့ကျွေးလိုက်သည်။ ပန်းဟွာ ဘေးပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူမ အိပ်ယာပေါ်မှာ ဘယ်လောက်ကြာကြာ လဲလျောင်းနေခဲ့တာလဲ။သူမကို တစ်ခါမှ အစားအသောက် မကျွေးကြဘူးလား...
သူမ၏ စူးရှရှ မျက်လုံးများဖြင့် ဟိုသည် လှည့်ပတ်ကြည့်ရင်း စိတ်ဆင်းရဲပြီး အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။
"မင်း နိုးလာတဲ့အခါ သိပ်ပြီးအလွန်အကျွံမစားနိုင်သေးဘူးလို့ တော်ဝင်သမားတော်က ပြောတယ်၊မင်းဗိုက်က အားနည်းနေတာမို့ ချက်ချင်းမစားနိုင်သေးတာ၊နောက် နာရီဝက်ကြာမှာထပ် ကျွေးမယ်နော်"
ရုံရှားက အကုန်သိနေတာကြောင့် သူမ ဆက်မေးဖို့မလိုတော့။ သူမ မျက်နှာကို စောင်ထဲမှာ အပ်ထားပြီး တိတ်ဆိတ်နေခဲ့သည်။အခန်းကလည်း အသံပင်မကြားရပေ။ သို့သော် ရုံရှား မထွက်သွားမှန်း သူမ သိနေသေးသည်။
"ဟွဟွာ၊ မင်း အဆင်ပြေလို့ ကိုယ် အရမ်းဝမ်းသာတယ် သိလား"
အချိန်အတော်ကြာပြီးနောက် ရုံရှား ပြောသည်ကို သူမကြားလိုက်ရသည်။ သူမ မျက်လုံးကိုမှေးကနဲဖွင့်ကြည့်ရင်း ရုံရှား ၏ ဖော်မပြနိုင်သော နူးညံ့သိမ်မွေ့သော အပြုံးကို တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားလေးမှာ အနည်းငယ် တုန်ခါသွားသည်။
"ကျွန်မ လွယ်လွယ်နဲ့ မတော်တဆမှုတော့ မဖြစ်ပါဘူး"
"အာ....." ရုံရှားက ခေါင်းကို အမြန်လှည့်လိုက်ပြီး ခဏအကြာတွင် သူပြန်လှည့်လာသည်။ "ကိုယ်ကတော့ အရမ်းပျော်တယ်"
ပန်းဟွာသည် ရုံရှား၏ မျက်လုံးများထဲမှာ မျက်ရည်များဝဲနေသည်ကို မြင်လိုက်ရသည်... သူ ငိုနေတာလား...
“ရှင်…အဟွတ် အဟွတ်..."
ရုံရှားသည် သူမ၏ပါးစပ်ကို ဆေးကြောရန် ဆားငန်ရေတစ်ခွက်ကို ယူဆောင်လာခဲ့သည်။သူမက မနှစ်မြို့ဖွယ်အသံဖြင့် "အစေခံတွေရှိတယ်၊ရှင် ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ"
"အဆင်ပြေပါတယ်"
ရုံရှားသည် သူမ၏ ပါးစပ်ထောင့်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ဟွာဟွာ မျက်လုံးဖွင့်ပြီး ရေသောက်သည်ကို မြင်မှသာ သူလည်း စိတ်သက်တောင့်သက်သာဖြစ်မှာပင်။ သူ့ဘဝတွင် ကိစ္စများစွာကို တွက်ချက်ပြီးမှ လုပ်ခဲ့သည်။ သူဘာပြောလဲ၊ သူဘာလုပ်ခဲ့လဲ အားလုံးကို တွက်ချက်ခဲ့တာ ကြာပါပြီ။ မမျှော်လင့်ထားသည့် တစ်ခုတည်းသော အရာက သူ့ရှေ့မှ အမျိုးသမီးလေးနှင့် လက်ထပ်ခဲ့ခြင်းပင်။ သူကိုယ်တိုင်က ဤမတော်တဆမှုကို စိတ်လိုလက်ရ လက်ခံခဲ့၏။သူမနှင့်လက်ထပ်ခွင့်ရသည်ကို ဝမ်းသာ ပျော်ရွှင်မိသည်။သူ့မှာ အရာအားလုံးရှိပေမယ့် ပျော်ရွှင်ကျေနပ်ခြင်းမရှိရင်၊သူလုပ်ခဲ့သမျှ အရာတွေက ဘယ်လိုလုပ်အဓိပ္ပါယ်ရှိ တော့မှာလဲ...
ပန်းဟွာ နိုးလာပြီးနောက် စိတ်က မငြိမ်မသက်ဖြစ်ကာ ခေါင်းမူး၍ အိပ်ငိုက်နေရသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မ အဝတ်အစား အလုပ်ရုံမှာ ရှင့်အတွက် ၀တ်စုံအသစ်လေးတွေ ချုပ်ထားပေးတယ်၊ ကျွန်မပြန်ကောင်းလာပြီးရင် ရှင် ဝတ်ပြနော်"
"ကောင်းပါပြီ" ရုံရှားက သူမကို စောင်ခြုံပေးလိုက်သည်။ "မင်းပြန်ကောင်းလာတဲ့အခါ မင်းဝတ်စေချင်တာ ကိုယ်ဝတ်မယ်၊ မင်းလည်း စိတ်ကြိုက်ဝတ်၊ မင်း ဘာမှမဝတ်လည်း ကိုယ်က ကျေကျေနပ်နပ်ပဲ"
"ရှင်လည်း အရှက်ကိုမရှိဘူးနော်..." ပန်းဟွာ ထိုသို့ ရေရွတ်ပြီး အိပ်ပျော်သွားသည် ။
ရုံရှား ဟက်ကနဲရယ်ပြီး သူမ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ထို့နောက် သူ ထပြီး တံခါးဆီသို့ လျှောက်သွားကာ အပြင်မှာစောင့်နေသည့် အစေခံမိန်းကလေးများကို "ကျွင်းကျူးကို ကောင်းကောင်းစောင့်ရှောက်ပါ၊ငါ ခဏနေပြန်လာခဲ့မယ်"
"ဟုတ်ကဲ့"
အစေခံမိန်းကလေးများသည် ရုံရှား မျက်နှာကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ဦးညွတ်လိုက်ကြ၏။ အပြင်မှာ ရပ်နေကြသော်လည်း အခန်းထဲမှ ကောကုန်း နှင့် ကျွင်းကျူးတို့ တီးတိုးပြောနေသည်ကို မတော်တဆ ကြားလိုက်ရသည်။
ရုံရှားသည် ပင်မဝင်းအတွင်းမှ ထွက်သွားပြီး အပြင်ဘက်မှ အစေခံအား အမိန့်ပေးလိုက်၏။
"ဝမ်ချွီကို စာကြည့်ခန်းထဲ ခေါ်လိုက်"
"ဟုတ်ကဲ့..."
တုကျိုး ဤမြင်ကွင်းကို မြင်လိုက်ရလျှင် သူ့မျက်နှာအမူအရာက လေးနက်လျက်ရှိသည်။
"ကောကုန်း၊ ဝမ်ချွီကို ဘာလုပ်ဖို့ပါလဲ" သူသည် ကောကုန်းနောက်မှာ နှစ်ပေါင်းများစွာ အတူရှိနေခဲ့သည်။ အေးဆေးတည်ငြိမ်သည့် ကောကုန်းက ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်၏။
ကောကုန်း နှင့် ပန်းဟွာကျွင်းကျူး မင်္ဂလာဆောင်မည့်ရက်ကို သတ်မှတ်ပြီးနောက်တွင် ကောကုန်းသည် ဝမ်ချွီကို ယခင်ကကဲ့သို့ မယုံကြည်တော့ပေ။ ဝမ်ချွီကို သိပ်လည်းမတွေ့တော့။ယခု သူရုတ်တရက် ဝမ်ချွီကို တွေ့ချင်သည်ဆိုသောကြောင့် ကောင်းမွန်သောကိစ္စဖြစ်မည်ဟု မထင်ခဲ့ပေ။
ရုံရှား လှည့်ပြီး စာကြည့်ခန်းဆီသို့ လျှောက်သွားသည်။ တုကျိုး ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်မှ အမြန်လိုက်သွားသည်။
နွေဦးအစောပိုင်းတွင် အိမ်တော်သည် အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လျက်ရှိသည်။ ဝမ်ချွီသည် စာကြည့်ခန်းအပြင်သို့ ရောက်သော် ဖွင့်ထားသည့် တံခါးတစ်ဝက်ကို ကြည့်ပြီး ဦးညွှတ်လိုက်၏။
" ဝမ်ချွီ ရောက်လာပါပြီ"
တံခါးဖွင့်ပေးသူမှာ တုကျိုး ဖြစ်သည်။ ဝမ်ချွီူည် တုကျိုးကို တစ်ချက်ကြည့်လိုက်သည်။ တုကျိုးက သူ့ကို မကြည့်ဘဲ တစ်ဖက်သို့ လျှောက်သွားသည်။ ဝမ်ချွီ၏ နှလုံးခုန်သံတို့မြန်ဆန်သွားကာ သူ့လက်ဖဝါးများလည်း အေးစက်သွားသလို ခံစားလိုက်ရ၏။
"ကောကုန်း" သူသည် အခန်း၏အလယ်ဗဟိုသို့ နာခံစွာလျှောက်သွားကာ ရုံရှားကို နှုတ်ဆက်လိုက်သည်။
ရုံရှား သူ့အား မော့ကြည့်လိုက်ကာအချိန်အတော်ကြာပြီးနောက်မှ "မင်းငါ့အနားမှာနေတာ ဘယ်လောက်ကြာပြီလဲ"
"ကောကုန်း ဆီမှ နေလာတ ခြောက်နှစ်ရှိပါပြီ၊ ကျွန်တော် ကောကုန်းအတွက် အသက်ကို စတေးဖို့ ဆန္ဒရှိပါတယ်၊ကျွန်တော် သေသွားရင်တောင် နောင်တရစရာမရှိပါဘူး၊ ဒါပေမယ့် ကောကုန်းက ကျွန်တော့်ကို အရေးကြီးတဲ့ ရာထူးတွေမှာ ခန့်အပ်ဖို့ ဆန္ဒမရှိခဲ့တာ ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိပါဘူး"
ရုံရှား၏ အသံသည် နွေးထွေးမှုမရှိဘဲ အေးစက်နေ၏။ "မင်းက နင်းဝမ်မင်းသားဆီက သတင်းကို ကြားဖြတ်ယူတဲ့သူလား"
လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားပြီးကတည်းက ရုံရှားသည် အိမ်တော်တွင် စောင့်ကြည့်မှု တိုးမြှင့်ခဲ့သည်။ ယခုတစ်ကြိမ်တွင် နင်းဝမ်မင်းသားသည် ဟွာဟွာကို အဆိပ်ခတ်ရန် နန်းတော်မှ အစေခံတစ်ဦးကို အမိန့်ပေးခဲ့သည်။ထိုလုပ်ရပ်က သေးသေးလေး မဟုတ်သော်လည်း၊ ကြိုတင်သတိပေးတာမျိုးတော့ မရရှိခဲ့ပေ။ဤသည်က သူ့လက်အောက်ငယ်သားများထဲမှာ တစ်ခုခုမှားနေပြီဟု ဆိုလိုခြင်းပင်။
ဝမ်ချွီ၏ မျက်နှာအမူအရာမှာ အလွန်ပြောင်းလဲသွားသည်။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့အင်္ကျီကို ရုတ်သိမ်းကာ ရုံရှား ရှေ့မှာ ဒူးထောက်လိုက်၏။ "ကောကုန်း၊ ကျွန်တော်...ကျွန်တော်ရဲ့ လုပ်ရပ်တွေကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ကောကုန်း က ကျွန်တော့်ကို အပြစ်မပေးခင်မှာ ကျွန်တော် ပြောစရာရှိပါတယ်၊ကျွန်တော်တို့ဟာ သခင်နဲ့ အစေခံအဖြစ် နှစ်ပေါင်းများစွာ ဆက်ဆံလာတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို စကားပြောခွင့်ပြုပါ"
"မင်းနဲ့ကောကုန်းက သခင်နဲ့ ကျွန် ဆက်ဆံရေး ဆိုတာကို သိရင် ဘာလို့ ဒီလိုတွေ လုပ်တာလဲ"
တုကျိုးသည် ဤကိစ္စက ဝမ်ချွီ နှင့် သက်ဆိုင်သည်ဟု မထင်ခဲ့ပေ။ သူ့ကို ဆူပူကြိမ်းမောင်းမိလေ၏။
"ဒါက မင်းရဲ့သခင်ကို သစ္စာဖောက်တာနဲ့ ဘယ်လိုကွာခြားသွားသလဲ"
"ကျွန်တော်လုပ်သမျှက သခင်အတွက်ပဲ၊ သခင့်အတွက်ပါ"
ဝမ်ချွီ ဒူးထောက်နေသော်လည်း သူ့နောက်ကျောက မတ်လျက်ရှိသည်။ သူ့ရွေးချယ်မှုကို နောင်တရဟန်မတူပေ။
"ပန်းဟွာကျွင်းကျူးက ဒီအိမ်တော်ရဲ့ သခင်မဖြစ်ဖို့ မထိုက်တန်ပါဘူး၊ကောကုန်းက သူမရဲ့အလှမှာ နစ်မြောနေတာပါ"
"တုကျိုး......" ရုံရှား မျက်လုံးမှိတ်လိုက်သည်။ "သူ့ကို ဆွဲထုတ်သွားစမ်း..."
"သခင်က ကျွန်တော့်အသက်ကို လိုချင်တယ်ဆိုရင်တောင် ကျွန်တော် ပြောရမယ်၊ပန်းဟွာက တိုင်းပြည်ကို ဖျက်ဆီးပစ်မယ့် လူမျိုးပါ၊ သခင် သူမဆီမှာ နစ်မြောမနေပါနဲ့၊ ပြိုလဲပျက်စီးနေတဲ့ ဒီကမ္ဘာကြီးအတွက် သခင် အများကြီး အားထုတ်ခဲ့တယ်မလား၊ သခင်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ မိန်းမတစ်ယောက်ကြောင့် ဘယ်လိုလုပ် ပျက်ဆီးသွားနိုင်တာလဲ"
"ဝမ်ချွီ ငါအမုန်းဆုံးလူက ဘယ်လိုလူလဲဆိုတာ မင်းသိလား.....သူ့ကိုယ်သူ မမှားနိုင်ဘူးလို့ ထင်ပြီး သူ့ဘာသာသူ ဆုံးဖြတ်ချက်ချတဲ့ လက်အောက်ငယ်သားတစ်ယောက်ပဲ...မင်းက ငါ့အစေခံဖြစ်နေတော့ မင်းအသက်ကို မယူဘူး၊မင်းကို အမှုထမ်းဖို့ လူနှစ်ယောက်တောင် စီစဉ်ပေးဦးမယ်"
ဝမ်ချွီ၏ အမူအရာ ပြောင်းသွားသည်။ ဒေါသဖြစ်သောအခါ သူ့သခင် ဘာလုပ်နိုင်မှန်း သူသိနေသည်။
"သခင် ကျွန်တော် သေဖို့ပဲတောင်းဆိုပါတယ်"
ရုံရှားက သူ့ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သာမန်အဝတ်အစားဝတ်ထားသည့် အစေခံနှစ်ယောက်က သူ့ကို ဆွဲထုတ်သွား၏။
တစ်ရက်ကြာသော်၊ ဝမ်ချွီ အရက်သောက်ကာ မူးပြီး မှောက်နေ၏။ သူ့အခန်းထဲမှာ ကျန်နေသည့် ဖယောင်းတိုင်များက အကုန် မီးလောင်ပြီး တစ်ခန်းလုံး မီးစွဲလောင်တော့၏။သူ ဘယ်လို လွတ်အောင် လုပ်ရမှန်း မသိတော့။ အဆုံးတွင် သူသည် ကယ်ဆယ်ခံခဲ့ရသော်လည်း သူ့ခြေလက်များ မီးလောင်ပြီး မျက်လုံးတောင် သိပ်မကောင်းတော့ပေ။သို့သော်လည်း ကောကုန်းချမ်အမ်က ကြင်နာရှာသည်။ သူ့အတွက် ပြန်လည်သက်သာရာရစေမယ့် ခြံဝင်းလေးကိုလည်း အထူးစီစဉ်ပေးထားသေး၏။
အိမ်တော်ကိုလာသော အခြားဧည့်သည်များသည် ဤအဖြစ်ကို ကြားသောအခါ ကောကုန်းချမ်အမ်၏ ကြင်နာမှုကို မခံမရပ်နိုင်ဖြစ်သွားကြသည်။ရုံရှားသည် ဤအသုံးမကျသော အစေခံကို တစ်သက်တာလုံး ပြုစုစောင့်ရှောက်မည်ဖြစ်သည်။
ပန်းဟွာသည် နောက်နေ့မှ သတင်းကြားရ၏။သူမက ရူရီ ခွံ့ကျွေးသော ဟင်းရွက်စွပ်ပြုတ်များကို သောက်လိုက်ရင်း "နင်ပြောနေတဲ့သူက ဝမ်ချွီလား..."
"ဟုတ်ပါတယ်၊အဲဒါ သူပါပဲ"
ရူရီက ပန်းဟွာကျွင်းကျူး ပျင်းသွားမှာကြောက်တာကြောင့် ပြင်ပကိစ္စများနှင့်ပတ်သတ်၍ ပြောပြခဲ့သည်။
"သူ့ကို ကောကုန်းက အရမ်း မျက်နှာသာပေးတယ်လို့ အစေခံတွေဆီက ကြားဖူးတယ်၊ သူက များသောအားဖြင့် မိန်းမတွေကို သိပ်မဝင်စားသလို အသောက်အစားဆိုလည်း ဝိုင်နည်းနည်းလေးပဲ သောက်တတ်တာ၊ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ပန်းဟွာ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး ယားယံသောလည်ချောင်းကို ထိလိုက်သည်။ "ကံဆိုးတာပဲ"
"ကံဆိုးတာတော့ မဟုတ်ဘူး၊ သူ့မှာ ကောကုန်းလို သခင်ကောင်းတစ်ယောက်ရှိတယ်၊ ဒါပေမယ့် ဒီလိုမျိုးဖြစ်သွားတဲ့အထိ သူ့ဘက်က ဆိုးနေတော့ သူမှ ကံမဆိုးရင် ဘယ်သူ ကံဆိုးမလဲ"
ရူရီက ပန်းဟွာကို ဟင်းရည် အများကြီးသောက်ခွင့်မပေးရဲပေ။တစ်ပန်းကန်လုံးကုန်ပြီးသည့်နောက်မှာ သူမက ပြောလိုက်၏။
"ကောကုန်းက ဒီနေ့ မိုးမလင်းခင် ထွက်သွားတယ်၊ကျွင်းကျူး အဆိပ်သင့်တာကို စုံစမ်းနေပုံရတယ်"
ထိုသို့ပြောပြီး ရူရီသည် ကောကုန်းချမ်အမ် ဘယ်လောက်ကောင်းသလဲဆိုသည်ကို သူမကိုယ်တိုင် မျက်စိနှင့်မြင်သွားရ၍ ရုံရှားအား ချီးကျူးလေ၏။
"ကျွင်းကျူး သတိလစ်သွားပြီးတဲ့နောက် ကောကုန်းက မငြိမ်မသက်ဖြစ်နေတာ၊ ကျွင်းကျူးတိလစ်သွားတဲ့ နှစ်ရက်အတွင်းမှာတော့ ကောကုန်းရဲ့မျက်လုံးတွေဟာလေ ရေခဲတုံးတွေလို အေးစက်နေတာ၊ ကျွန်မတို့တောင် ခံစားမိတယ်"
ရုံရှား ပြုံးလိုက်သည်။ "သူဟာ လူကြီးလူကောင်းတစ်ယောက်လို့ အားလုံးက ထင်နေကြတယ် မဟုတ်လား၊ ဒါပေမယ့် သူ့မျက်လုံးတွေက တခါတလေ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာ သိပြီမလား"
ရူရီ တိတ်တိတ်လေး ရယ်မိသည်။
"ဒီမေးခွန်းကို ကျွန်မ မဖြေနိုင်ပေမယ့် သတ္တိရှိရှိ မှန်းဆကြည့်မယ်ဆိုရင် ကောကုန်းက ကျွင်းကျူးကို အရမ်းဂရုစိုက်တာကြောင့် အသိစိတ်လွတ်သွားတာ ဖြစ်နိုင်တယ်"
ပန်းဟွာ မျက်လုံးကိုမှိတ်ထားရင်း မျက်နှာက တည်ငြိမ်အေးချမ်းနေသည်။ "ကြည့်ပါလား၊ နင်ကလည်း စကားပြောတတ်လိုက်တာ၊ ကဲကဲ ငါ ခဏအိပ်ဦးမယ်"
"ဟုတ်ကဲ့"
ရူရီက ရုတ်ထားသည့် ကုလားကာကို ပြန်ဖြုတ်ချပြီး အပြင်ခန်းဆီ တိတ်တဆိတ် ထွက်သွားသည်။
ရုံရှား နန်းတော်ထဲသို့ ဝင်သွားသော်လည်း၊ ဧကရာဇ် ယွင်ချင်ကိုမတွေ့ရဘဲ လောလောဆယ် တိုင်းပြည်ကို အုပ်စိုးနေသည့် အိမ်ရှေ့စံကိုသာ တွေ့ရ၏။
"ကောကုန်း၊ နားလည်မှုလွဲနေတာရှိလား၊ ညီတော်က ဒီလိုမျိုးဘယ်လိုဖြစ်ပြီး လုပ်မှာလဲ"
အိမ်ရှေ့စံက နန်းတော်အစေခံ ရှောင်ယွီ ၏ ဝန်ခံချက်ကို ဖတ်ပြီးနောက် မယုံနိုင်စွာ ပြောလိုက်သည်။
အိမ်ရှေ့စံဘေးမှာ ထိုင်နေသည့် ရှစ်ရှစ်က စကားဝင်မပြောပေ။ သူမ၏အမြင်တွင် နင်းဝမ်မင်းသားသည် ဘာမဆို လုပ်နိုင်သည်။ အပြစ်မဲ့ပြည်သူတွေကို နှိမ်နှင်းဖို့ တပ်တွေ လွှတ်ထားနိုင်ရင် သူ မလုပ်နိုင်တာဘာရှိဦးမှာလဲ။ နင်းဝမ်မင်းသား မလုပ်ခဲ့လျှင်တောင် မင်နင်းဝမ်မင်းသား ကို တတ်နိုင်သမျှ ချိုးနှိမ်ထားရမည်။ခမည်းတော်ဧကရာဇ်တွင် တရားဝင် သားနှစ်ယောက်ရှိသည်။ နင်းဝမ်မင်းသားကို လုံးဝ ဖိနှိပ်ထားသရွေ့ အိမ်ရှေ့စံ၏ ရာထူးကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပေ။
xxxxxx