အပိုင်း ၁၅၀
Viewers 29k

Chapter 150


ရှအန်းကို လွယ်လွယ်ကူကူပင် ဆွဲဆောင်နိုင်လိမ့်မည်ဟု ဟန်ယွဲ့မထင်ခဲ့ပေ။


" ဟိုတယ်မှာ လူအများကြီး ရှိတာက အဆင်ပြေပါတယ် ... ဒါပေမဲ့ ကျွန်မဟိုတယ်ကထွက်တိုင်း လူတွေအများကြီးပြည့်နှက်နေတော့ ကျွန်မဖို့ တော်တော်အဆင်မပြေဘူး ... ရှောင်ရှင်းနဲ့ ရှောင်ချန်အတွက်ရောပဲ ..."


ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာတွင် နေရသည်က အတော်အတန် အဆင်ပြေသော်လည်း သူမက တိရစ္ဆာန်ရုံထဲက မျောက်ဝံတစ်ကောင်ကဲ့သို့ နေ့စဉ်နေ့တိုင်း လူများ၏ ဝန်းရံကြည့်ရှုခံနေရသည်။


" ငါတို့ရဲ့ နောက်‌ဟိုတယ်တစ်ခုကလည်း ကြယ်ငါးပွင့်ဟိုတယ်ပဲ ... မင်းနေရမှာလည်း ဧည့်ခန်းပါတဲ့ဟိုတယ်ခန်းအကြီးပဲ ... ဒါပေမဲ့ ဟိုတယ်က ဒီနေ့ ရှင်းလင်းရမယ်ဆိုလို့ ငါတို့ မနက်ဖြန်မှ ပြောင်းလို့ရမယ် ..."

ဟန်ယွဲ့ခေါင်းခါပြီး သူမကိုဟိုတယ်အကြောင်းပြောပြနေသည်။


" ရှင်းလင်းနေတုန်းလား ..."


" အင်း အရင်ဧည့်သည်က ခုမှထွက်သွားပုံရတယ် ... ဒါပေမဲ့ သန့်ရှင်းသပ်ရပ်မှုမကြောင်း မပူပါနဲ့ ... အခန်းကို သန့်ရှင်းရေးလုပ်ထားပြီး ကောဇောတွေကိုလည်း အစားထိုး ..."


" အိုး ... ဒါဆိုရင် မနက်‌ဖြန်ပြောင်းလို့ရပြီပေါ့ ..."


ရှအန်းက စိတ်မပါလက်မပါဖြင့် လက်ဝှေ့ယမ်းပြကာ သူမဂရုစိုက်သည့် အကြောင်းကိုသာ ပြန်ဆွဲ၍ပြောနေသည်။

" ဒါဆို အနာဂတ်မှာ ရှိုးတစ်ခုရိုက်မယ်ဆို ကျွန်မအတွက် စားသောက်ဆိုင်ရွေးပေးမှာလား ..."


" ဒါပေါ့  ရှိုးကိုရိုက်ကူးတာမှာ စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ပူးပေါင်းရမယ်ဆိုပေမယ့် မင်းအကြိုက်ကိုလည်း ထည့်စဉ်းစားပေးမှာပေါ့ ..."

ဟန်ယွဲ့ ပြုံး၍ပြောလိုက်သည်။


သူမနှင့် အချိန်အတန်ကြာ အလုပ်တွဲလုပ်ခဲ့သည်ဖြစ်၍ သူမအကြိုက်ကို သူသိနေသည်။


" စိတ်မပူပါနဲ့ ရိုက်ကူးရေးအဖွဲ့က မင်းအတွက် စီမံပေးတဲ့ စားသောက်ဆိုင်‌တွေက အဆင်ပြေမှာပါ ..."


" ဒါဆိုရင် ကျွန်မအွန်လိုင်းမှာ ရှာစရာမလိုတော့ဘူးပေါ့ ..."

ရှအန်း ရယ်လိုက်သည်။


ပရိုဂရမ်တစ်ခု ရိုက်ကူးသည့်အခါ စီးပွားရေးအရ ပူးပေါင်းမှသာ အကျိုးအမြတ်ရရှိကြသည်ဖြစ်သည်။ သို့ရာတွင် အစားအသောက်က အရသာရှိနေလျှင် ၎င်းက အရေးမကြီးပေ။


" ရှအန်း မင်းဒီလောက်ထိ အောင်မြင်လာမယ်တောင် မထင်ထားဘူး ... မင်းနဲ့ ပူးပေါင်းဖို့ လူတွေအများကြီး ငါ့ဆီဖုန်းခေါ်ကြတယ် ..."


သူက အလေးအနက်ပြောနေသည်။

" မင်း အေးဂျင့်တစ်ယောက် ရှာသင့်ပြီထင်တယ် ..."


" အေးဂျင့်လား ..."

ထိုစကားလုံးကို ကြားသည့်အခါ ရှအန်း အံ့အားသင့်သွားသည်။


သူမစိတ်ထဲတွင် မိန်းမတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။ သူမ ဤနေရာကို ကူးပြောင်းလာစဉ်က သူမ၏အေးဂျင့်ဟူသည့် မိန်းမတစ်ယောက်က သူမကို ဆဲရေးသွားခဲ့သည်။ ထိုမိန်းမကို ယခုချိန်ထိ မတွေ့တော့ပေ။ 


ထိုအချိန်ကမှ သူမကူးပြောင်းလာသည်ဖြစ်၍ ထိုမှတ်ဉာဏ်များက နက်ရှိုင်းနေသည်။


" တရုတ်မှာတည်းက ငါမင်းကို အေးဂျင့်ရှာဖို့အကြောင်း ပြောမလို့ပဲ ဒါပေမဲ့ ဘန်းခံလိုက်ရတော့ ပြောဖို့မေ့သွားတာ ... ခုတော့ မတူတော့ဘူးလေ မင်းက အမေရိကန်နိုင်ငံကို ရောက်နေပြီ ... မင်းရဲ့အလုပ်တွေကို ဂရုတစိုက်လုပ်ကိုင်ပေးမယ့် အေးဂျင့်တစ်ယောက်လိုတယ် ... အေးဂျင့်က မရှိမဖြစ်လိုတယ်နော် ရှအန်း ... ‌ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အေးဂျင့်ကောင်းတစ်ယောက်ရှိဖို့က တကယ်အရေးကြီးတယ် ... သူက မင်းကို အဆက်အသွယ် အရင်းအနှီးတွေ ယူဆောင်လာပေးပြီး မင်းရဲ့အလုပ်အကိုင်ကိုလည်း စစ်ဆေးပေးတယ် ..."


" ထားလိုက်တော့ ..."

ဟန်ယွဲ့၏စကားများကို ရှအန်း အလျင်စလို ဖြတ်ပြောလိုက်သည်။


" ကျွန်မ အေးဂျင့်မရှာချင်ဘူး ..."


" အမ် ဘာလို့လဲ ...အေးဂျင့်မရှိပဲ ကမ်းလှမ်းချက်တွေ ဘယ်လိုလုပ်မလဲ..."

ရှအန်း စိတ်ထဲ မည်သည့်အရာများ တွေးနေသည်ကို ဟန်ယွဲ့ နားမလည်နိုင်တော့ပေ။


အနာပညာရှင်တစ်ယောက်က အေးဂျင့်မရှိပဲ ဘယ်လိုနေမလဲ ... အထူးသဖြင့် ရှအန်းလိုကြယ်ပွင့်မျိုးကလေ ...


" ဟန် ကျွန်မအတွက် အေးဂျင့်ရှာမယ်ဆိုရင် ရှင်က အသင့်တော်ဆုံးပဲ ..."

ရှအန်းက ဟန်ယွဲ့ကိုပြုံးပြီး ‌စနောက်လိုက်သည်။


" ငါလား ... ရှအန်းရယ် မနောက်ပါနဲ့ ... ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့အေးဂျင့်ဖြစ်နိုင်မှာလဲ ..."

သူ မျက်ဆံလှန်လိုက်သည်။


သူက ဇာတ်ညွှန်းရေးဆရာတစ်ယောက်လေ ... ဘုန်းကြီးဖြစ်လုဆဲဆဲ လူဆိုပေမယ့် သူ့ရဲ့ ဇာတ်ညွှန်းရေးဆရာအလုပ်ရဲ့ အနာဂတ်က အဆုံးမဲ့ပဲ ...


သူဖန်တီးခဲ့သည့် ရသစုံရှိုးနှစ်ခုလုံးက အောင်မြင်ခဲ့သည်။ ယခုဆိုလျှင် သူကဖျော်ဖြေရေး ရသစုံရှိုးလောကတွင် အပြောင်းအလဲဖန်တီးသူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။


လူများစွာက သူနှင့် ပူးပေါင်းချင်ကြသည်။ 


ရွှေရောင်ဆုတံဆိပ်နဲ့ ဇာတ်ညွှန်းရေးဆရာကောင်းတစ်ယောက်က ရှအန်းရဲ့အေးဂျင့်မဖြစ်နိုင်ဘူးလေ ...


" ရှအန်း ပြဿနာမရှာပဲ ငါ့ကိုအမှန်တရားကိုပြောပြ ..."


" ကျွန်မ ပြဿနာမရှာပါဘူး ... ရှင်ပြောတာအားလုံး ကျွန်မသဘောပေါက်တယ် ... ဒါပေမဲ့ ဒီလိုအေးဂျင့်မျိုးက အမြင့်ကို တက်လှမ်းချင်တဲ့ ကြယ်ပွင့်တစ်ယောက်မှာပဲ လိုတာလေ ဟုတ်တယ်မလား ..."


ဟန်ယွဲ့ ခေါင်းငြိမ့်မိသည်။ ရှအန်း၏ စကားများက မှန်ကန်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အမြင့်သို့ တက်လှမ်းလိုပါက အေးဂျင့်တစ်ယောက် မဖြစ်မနေလိုအပ်သည်။  အနုပညာရှင်များက အလွန်ကျော်ကြားနေလျှင် အေးဂျင့်တစ်ယောက်၏ နေရာက အလွန် အရေးမကြီးတော့ပေ။


" အေးဂျင့်တွေက အရေးကြီးတယ်ဆိုတာ ကျွန်မသိပါတယ် ... ဒါပေမဲ့ဟန် ကျွန်မက ဒီနယ်ပယ်ထဲမှာ အမြင့်ကို မရောက်ချင်ဘူး ... ကျွန်မ လိုချင်တာ လုံခြုံဖို့ပဲ ... ကျွန်မရှင့်ကို အေးဂျင့်ဖြစ်စေချင်တယ်ဆိုတာ ရှင်က ကျွန်မယုံကြည်တဲ့ လူမို့လို့ပဲ ..."


ရှကျင်းကြောင့်သာ မဟုတ်ပါက သူမ၏သတိကြီးမှုက ထိုမျှသန်မာလာမည်မဟုတ်ပေ။


သူမယုံကြည်သည့် အေးဂျင့်တစ်ယောက် ထားရမည့်အစား ဟန်ယွဲ့ကို သူမ၏အေးဂျင့်ဖြစ်ခိုင်းသည်က ပို၍ကောင်းလိမ့်မည်။


" ရှအန်း မင်းက အရမ်းသတိကြီးတာပဲ ... ဖျော်ဖြေရေးနယ်ပယ်က အချက်ကျကျစဥ်းစားရင် မင်းတွေးထားသလောက်လည်း မရှုပ်ထွေးပါဘူး ..."

ဟန်ယွဲ့၏စကားမဆုံးမီမှာပင် ရှအန်းက ဖြတ်ပြောပြန်သည်။


ဤတစ်ကြိမ်တွင် ရှအန်းကြောင့် ဟန်ယွဲ့ လုံးဝထိတ်လန့်သွားရသည်။


" ကျွန်မ ဘယ်အခြေအနေမဆို ရှင့်အတွက် ရသစုံရှိုး ရိုက်ပေးနိုင်တယ်လေ ..."

ရှအန်းက မတွန့်ဆုတ်ပဲ ကမ်းလှမ်းလိုက်သည်။


သူမမျက်နှာတွင် တည်ကြည်သောအပြုံးတစ်ခုဖြင့် ဟန်ယွဲ့ကို စိုက်ကြည့်နေသည်။


" အခြေအနေတစ်ခုကတော့ ရှင် ကျွန်မရဲ့ အေးဂျင့်ဖြစ်လာပြီး အလုပ်မှာ ကူညီပေးရမယ် ..."


ရှအန်း၏ ကမ်းလှမ်းချက်ကြောင့် ဟန်ယွဲ့ တံတွေးမျိုချမိသည်။ သူမကမ်းလှမ်းချက်ကြောင့် ဟန်ယွဲ့ သိသိသာသာပင် ဆွဲဆောင်ခံလိုက်ရသည်။


သူမ၏တိုးတက်မှု အတွက်တွေးကြည့်ပါက ဤကမ်းလှမ်းချက်မှာ ကိစ္စကြီးတစ်ခုပင်။


" ငါ ..."


" ပြီးတော့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိလာရင်လည်း ရှင့်ရဲ့ကုမ္ပဏီကို ဦးစားပေးမယ် ..."

ရှအန်းက အပြုံးဖြင့် ဆက်ပြောလိုက်သည်။


" အိုကေ ..."

ဟန်ယွဲ့ တောင့်မခံနိုင်တော့ပေ။ အသက်ပြင်းပြင်းရှုပြီးနောက် လေးပင်စွာ ခေါင်းငြိမ့်လိုက်သည်။


" ဒါပေမဲ့ရှအန်း ငါမင်းရဲ့အေးဂျင့်လုပ်ဖို့ တကယ်ကို အချိန်မရတာ ... ပြီးတော့ ငါကောင်းကောင်းလုပ်နိုင်မယ်မထင်ဘူး ... မင်း လုံခြုံမှုရှိချင်ရင်တော့ ငါလူတစ်ယောက်ကို အကြံပြုပေးနိုင်တယ် ... အဲ့လူက ကျိန်းသေပေါက်အားကိုးရမှာ ... သူမက အတွေ့အကြုံမရှိပေမယ့် ငါ့ထက်တော့ သေချာပေါက်ကောင်းမှာသေချာတယ် ..."


" ဘယ်သူလဲ ..."


" ရှုထျန်းထျန်း ..."