အပိုင်း ၁၅၁
Viewers 29k

Chapter 151


" ရှုထျန်းထျန်းလား ..."

ဟန်ယွဲ့က ရှုထျန်းထျန်းကို အကြံပြုလာမည်ဟု ရှအန်းမထင်ခဲ့ပေ။ 


ထိုမိန်းကလေးအပေါ် ထင်မြင်ချက်ကြီးကြီးမားမားမရှိ‌ခဲ့သော်လည်း။သူမ၏မှတ်ဉာဏ်ထဲတွင် သူ့ကိုမှတ်မိနေသေးသည်။


ရှုထျန်းထျန်းက ဟန်ယွဲ့နှင့် စာချုပ်ကိစ္စဆွေးနွေးရန် ပထမဆုံးအကြိမ်သွားစဉ်က တွေ့ခဲ့သည့် ငယ်ရွယ်သော ဝန်ထမ်းမလေးဖြစ်သည်။


" ‌အာ သူမပဲ ... ဘာလို့ သူမအကြောင်းမိတ်ဆက်ပေးတာလဲ ..."


ရှအန်း အနည်းငယ်ပဟေဠိဖြစ်သွားမိသည်။ ဟန်ယွဲ့က ထိုမိန်းကလေးအကြောင်း ပြောလိမ့်မည်ဟုမထင်ထား၍ ရှအန်း ပြောစရာစကား ပျောက်ရှသွားသည်။


" မင်းရဲ့အလုပ်အကိုင်တွေကို ဂရုစိုက်ဖို့ ယုံကြည်ရတဲ့လူတစ်ယောက်ယောက်ကိုပဲ လိုချင်တယ်လို့ ပြောတယ်မလား ...ဒါဆိုရင်တော့ ရှုထျန်းထျန်းက သေချာပေါက် အသင့်တော်ဆုံးပဲ ..."

ဟန်ယွဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။


ရှအန်းမျက်မှောင်ကြုတ်လိုက်မိသည်။

" တကယ်လား ... ဘာလို့ အဲ့လိုပြောတာလဲ ..."


" ရှုထျန်းထျန်းက ရှုတောက်ရဲ့တူမလေ ..."


" ရှုထျန်းထျန်းက ရှုတောက်ရဲ့တူမလား ..."

ထိုမိန်းကလေးက ရှုထောက်၏ တူမဖြစ်နေမည်ဟု ရှအန်း မထင်ထားမိခဲ့ပေ။


" ဒါတင်မကဘူး ရှုထျန်းထျန်းက မင်းရဲ့ပရိတ်သတ်လေ ..."

ဟန်ယွဲ့ ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပြီး ရှုထျန်းထျန်းကို သူမအေးဂျင့်အဖြစ် အကြံပြုရသည့် အရေးကြီးဆုံး အကြောင်းရင်းနှစ်ချက်ကို ပြောပြလိုက်သည်။


ရှုထျန်းထျန်းက သူမရဲ့ ပရိသတ်လား ... အဲ့ကောင်မလေးက သူမနဲ့အကြိမ်အနည်းပဲ တွေ့ထူးပေမယ့် မြင်လိုက်တိုင်း စိတ်နဲ့လူနဲ့မကပ်သလိုပဲ ...


" အာ အဲ့ဒါတစ်ခုတည်းမဟုတ်သေးဘူး ... ဘာလို့သူမကို အကြံပြုရတာလည်းဆိုတော့ ဒီကလေးက မီဒီယာတက္ကသိုလ်ကနေ ဘွဲ့ရထားတာ ... ပြီးတော့ မင်းသိတဲ့အတိုင်း...သူမ မိသားစုကလည်း ဖျော်ဖြေရေးနယ်ပယ်ကပဲလေ ... အဲ့တော့ အဆက်သွယ်ကောင်းတွေလည်းရှိတယ် ... ရှုထျန်းထျန်းက ငယ်သေးပေမယ့် မင်းအတွက် အဆင်ပြေတာထက်ကို ပိုသေးတယ် ..."


ဟန်ယွဲ့၏ ခွဲခြမ်းစိတ်ဖြာမှုကြောင့် ရှုထျန်းထျန်းက သူမနှင့်အတူ ဖျော်ဖြေရေးပယ်ထဲတွင် အလုပ်တွဲလုပ်ရန် အကောင်းဆုံးရွေးချယ်မှုဟု ရှအန်းထင်လိုက်မိသည်။


ဟန်ယွဲ့ကလည်း သူမကိုယုံတယ် ... ပြီးတော့ ရှအန်းရဲ့ပရိသတ်ဖြစ်နေတော့ သစ္စာဖောက်မှာမဟုတ်ဖူး ...


ထို့ကြောင့် ရှအန်းခေါင်းငြိမ့်လိုက်သည်။

" ကောင်းပါပြီ ... ရှင့်ရဲ့အလုပ်က ဇာတ်ညွှန်းရေးဆရာပဲ ကျွန်မရဲ့အေးဂျင့်လုပ်ဖို့မှ မဟုတ်တာ ..."


ရှအန်းက ရှုထျန်းထျန်းကိုသာသုံးရန် ဆုံးဖြတ်လိုက်သည်။


" အာ ရှအန်း မင်းကတော်တော် လက်ပေါက်ကပ်တာပဲ ... ရှုထျန်းထျန်း မင်းရဲ့အေးဂျင့်လုပ်တာက ငါ့ထက်ပိုပြီး အဆင်ပြေတာနော် ... မင်းက နာမည်ကြီးလာတဲ့အထိ ပြောရခက်နေတုန်းပဲ ..."


ဟန်ယွဲ့ မျက်ဆံလှန်ပြီး နှုတ်ခမ်းများတွန့်ချိုးလိုက်သော်လည်း သူ့စိတ်ထဲမထားပေ။ 


ရှအန်းကဲ့သို့ လက်ပေါက်ကပ်သည့်ကြယ်ပွင့်က ပူးပေါင်းဆောင်ရွက်ရာတွင် သူ့ကိုဦးစားပေးမည်ဟု ကမ်းလှမ်းလာခြင်းမှာ သူ့အတွက် အကျိုးကျေးဇူးများ ရနိုင်သည်။


အနာဂတ်တွင် လူအများအပြားက သူမကို ရှာဖွေလာလိမ့်မည်။


အကယ်၍ သူခန့်မှန်းထားသည်က မှန်ကန်ပါက ၎င်းကို အကျိုးအမြတ်ကြီးတစ်ခုဟု မှတ်ယူနိုင်သည်။


ယခု ရှအန်းအတွက် ရှုထျန်းထျန်းကလည်း အေးဂျင့်အဖြစ် ရှိနေပြီဖြစ်သည်။


" ရှင်က ဒါကိုမမြတ်ဖူးထင်နေတာလား ... ဒါဆို ကျွန်မတို့ မပူးပေါင်းတော့ဘူး ..."

ဟန်ယွဲ့က ကျေနပ်သွားသော်လည်း ဟန်ဆောင်၍စောဒကတက်နေသည်ကို မြင်ရသဖြင့် သူမနောက်ပြောင်လိုက်သည်။


" မလုပ်ပါနဲ့ ငါကျေနပ်ပါတယ် ... အရမ်း‌ကျေနပ်တယ်နော် ... မင်း စိတ်ချလက်ချနေလို့ရပြီ ငါမင်းအတွက် ခုပဲ စီစဉ်ပေးမယ် ... မကြာခင်ရှုထျန်းထျန်းကို အမေရိကန်လာပြီးမင်းနဲ့တွေ့ဖို့ ပြောလိုက်မယ် ..."


" ကောင်းပါပြီ ရှင်အလုပ်ရှုပ်သွားပြီဟန် ..."


ဟန်ယွဲ့ကို နှုတ်ဆက်ပြီးနောက် ရှအန်း အနားယူနေသည်။ ကလေးနှစ်ယောက်လည်း ပြန်လာချိန်တန်ပြီဖြစ်သည်။


သူမစိတ်ထဲမှ သူတို့အကြောင်း ရေရွတ်နေစဉ်တွင် အကောင်ပေါက်လေးနှစ်ယောက်က ဒဏ်ရာအမာရွတ်များနှင့် ပြန်လာသည်။


" သားတို့ ... ဘာဖြစ်လာတာလဲ ..."


ရှအန်း သူမမျက်လုံးများကိုပင် မယုံနိုင်ပေ။ သူမသားလေးနှင့် မစ္စတာကု၏မြေးလေး၏ မျက်နှာတွင် အညိုအမဲစွဲလာသည်မှာ ခရမ်းရောင်ပင်သန်းနေသည်။ သူတို့၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးများကို ထိတ်လန့်စရာကောင်းစေသည်။


" မာမား သားတို့အဆင်ပြေပါတယ် ... မတော်တဆ ချော်လဲလာကြတာပါ ..."

ရှောင်ရှင်းချန်က သူမကြည့်နေသည်ကိုမြင်ရင် နှုတ်ခမ်းကိုဖိကိုက်ပြီး တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။


ထိုကလေးလေးက အခြားလူများ၏ရှေ့တွင် လိမ္မာ၍ဉာဏ်ကောင်းသူဖြစ်သော်လည်း ရှအန်း၏ရှေ့တွင် အရူးလေးတစ်ယောက်သာဖြစ်သည်။


သူမကို မလိမ်နိုင်ပေ။


ရှအန်းကိုလိမ်သည့်အချိန်တိုင်း သူ့အမေနှင့်မျက်နှာချင်းဆိုင်ရမည်စိုး၍ ခေါင်းပိစိလေးကို ငုံ့ထားသည်။


ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် သူမသားလေး လိမ်နေကြောင်း သိနိုင်သည်။


အကောင်ပေါက်လေးက ဘာမှမပြောသော်လည်း တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်ပြီး ဒဏ်ရာရလာကြောင်း ခန့်မှန်းသိရှိနိုင်သည်။ ကလေးနှစ်ယောက်၏မျက်နှာမှ ဒဏ်ရာများက သိသာလွန်းသည်။


" ရှောင်ချန်လေးက လိမ္မာတယ် ... အန်တီ့ကို အမှန်တိုင်းပြောပြ ဘာတွေဖြစ်ခဲ့တာလဲ ..."


သူမသားလေးမျက်နှာတွင် ခေါင်းမာသောအကြည့်တစ်ခုကို တွေ့လိုက်ရသဖြင့် သူ့ကို တွန်းအားမပေးတော့ပဲ ကုရှုမော့ကိုသာ မေးလိုက်သည်။


ရှအန်း ခြိမ်းခြောက်စရာပင်မလိုလိုက်ပေ။ ထိုသို့ပြောရုံနှင့် ကုရှုမော့က အားလုံးကိုပြောပြလိုက်သည်။


" မမနတ်သမီး အဲ့ဒါ သားတို့အမှားမဟုတ်ဖူး ... ဒီနေ့ဖြစ်ခဲ့တာ ဘာလို့လဲဆိုတော့ ..."


ကုရှုမော့၏စကားများကြောင့် အခြေအနေကို ရှအန်းနားလည်သွားသည်။ ဤအဖြစ်အပျက်ဖြစ်ခဲ့ရခြင်းမှာ သူမသားလေးက မိခင်တစ်ဦးတည်းကသာ စောင့်ရှောက်ပြီး အသားဝါသောအရှေ့တိုင်းလူမျိုး ဖြစ်သောကြောင့်ပင်။


လူမျိုးရေးခွဲခြားမှုပဲ ...


ရှအန်း နှုတ်ခမ်းများကို ခပ်တင်းတင်းဖိကိုက်လိုက်သည်။


သူမ မကြုံတွေ့ခဲ့ရသည့် လူမျိုးရေးခွဲခြားမှုကို သူမသားလေးတွင် ကြုံတွေ့လာရမည်ဟု မထင်ထားခဲ့ပေ။ 


" မမနတ်သမီး ရှောင်ရှင်းကို အပြစ်မတင်ပါနဲ့ ... တခြားလူတွေကို အပြစ်တင်ရမှာ ..."


ကုရှုမော့၏စကားဆုံးသည်နှင့် ရှရှင်းချန်က ပြေးဝင်လာပြီး သူ့ပါးစပ်ကို လက်နှင့်အုပ်ထားလိုက်သည်။


" ပါးစပ်ပိတ်ထား ... မင်းပြောတာတွေ များနေပြီ ..."


" အိုး ... ရှောင်ရှင်းချန် မင်းဘာလို့ လူမဆန်ရတာလဲ ..."


အကောင်ပေါက်လေးနှစ်ယောက်၏ပုံကိုမြင်ပြီး ရှအန်း အားရပါးရ ရယ်လိုက်သည်။


သူမ ငတုံးမဟုတ်ပေ။ ကုရှုမော့ စကားမဆုံးသေးသော်လည်း ထိုကလေးများ ဘာကြောင့်ရန်ဖြစ်လာသည်ကို သူမသိသွားသည်။


လူမျိုးရေးခွဲခြားသည်က မှန်သော်လည်း အခြားအရေးကြီးကိစ္စတစ်ခုရှိသေးသည်။ 

၎င်းမှာ ...


သူမသားလေးက နိုင်ငံခြားသူလေးများကြားတွင် နာမည်ကြီးသဖြင့် အခြားကောင်လေးများကို မနာလို ဖြစ်စေခဲ့ခြင်းပင်။


၀တ္ထုအရဆိုရင် ဗီလိန်က မိန်းကလေးတွေကြားမှာ နာမည်မကြီးဘူးမလား ... အဓိကဇာတ်လိုက်ကပဲ နာမည်ကြီးတာလေ ...


ပြီးတော့ ...


ကလေးနှစ်ယောက်ကိုကြည့်လျက် ရှအန်း၏မျက်လုံးထဲတွင် အဆုံးမဲ့သောအပြုံးများ ဖြစ်ပေါ်လာသည်။ သူမ၏ ကြားဝင်မှုကြောင့် အခြေအနေများက လုံးဝပြောင်းလဲသွားသည့်ပုံပင်။


" ဒါဆိုရင် ရှောင်ချန်ကရော ဘာလို့ဒဏ်ရာတွေရလာတာလဲ ...မင်းကလည်း ကောင်မလေးတွေကြားထဲ နာမည်ကြီးတယ်ပေါ့ ..."

အကောင်ပေါက်လေးနှစ်ယောက်ကိုကြည့်ပြီး ရှအန်းရယ်လိုက်သည်။


ထိုနှစ်ယောက်မှာ ငယ်ရွယ်သောကလေးများသာဖြသ်သဖြင့် ရှအန်း၏ စကားများကို ကြားလိုက်သောအခါ ကုရှုမော့သာမက အမြဲတစေ လူကြီးလေးကဲ့သို့ပြုမူတတ်သော ရှရှင်းချန်ပင် ရှက်သွားသည်။


" မဟုတ်ဖူး မမနတ်သမီး ... အတန်းထဲမှာ မိန်းကလေးခြောက်ယောက်ရှိတာ ... ငါးယောက်က ရှောင်ရှင်းကိုကြိုက်တယ်လေ ... ပြီးတော့ သားကို ဘယ်သူမှလည်းမကြိုက်ဖူး ..."


" ကုရှုမော့ မင်း ..."


ကုရှုမော့၏ပြောစကားကြောင့် ရှရှင်းချန်၏မျက်နှာက ပို၍ နှင်းဆီရောင်သန်းလာသည်။ 


မျက်နှာတစ်ပြင်လုံးနီရဲနေသော ကလေးလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် ကိုက်ပစ်ချင်စရာကောင်းနေသည်။


ကုရှုမော့၏ လှပ၍ ချစ်စဖွယ်ကောင်းသော မျက်နှာနှင့် နှိုင်းယှဉ်ကြည့်လျှင် သူမသားလေးက ကလေးဆန်မှုမရှိပဲ ချောမောခံ့ညားနေသည်။


ဥရောပနှင့် အမေရိကမှ မိန်း‌ကလေးများက ချစ်ဖို့ကောင်းသော ယောကျာ်းလေးများကို မနှစ်သက်သဖြင့် သူမသားလေးက အမျိုးသားဇာတ်ကောင်ရှုမော့ထက်ပို၍ နာမည်ကြီးနေသည်။ ၎င်းက ပုံမှန်မဟုတ်ပေ။


" ဒါဆို သားကဘာလို့ ဒဏ်ရာရလာတာတုန်း ..."


" သားလား ... သားသူ့ကို ကာကွယ်ခဲ့တာ ..."

ကုရှုမော့က နှုတ်ခမ်းကိုထိ၍ ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။