Chapter 152
ကလေးနှစ်ယောက်၏ ဆက်ဆံရေးက ထိုမျှကောင်းမွန်နေမည်ဟု ရှအန်းမထင်ခဲ့ပေ။
သူတို့က တစ်နေကုန် ငြင်းခုန်ရန်ဖြစ်နေသော်လည်း သူတို့၏ဆက်ဆံရေးက ညီအစ်က်ုများသဖွယ် တိုးတက်လာသည့်ပုံပင်။
အဲ့လိုဆိုရင်တော့ သူမက အပျော်ရွှင်ဆုံး ဖြစ်နေမိမှာပဲ ...
အနာဂတ်မှာ သူမရဲ့ဗီလိန်လေးက ရန်သူတစ်ယောက်လျော့သွားတဲ့အပြင် မဟာမိတ်တစ်ယောက် တိုးလာပြီလေ ...
" ဘယ်သူက ငါ့ကိုကာကွယ်တာလဲ ... မင်းရဲ့ခြေထောက်ကြောင့်သာမဟုတ်ရင် ငါဒဏ်ရာတွေ ရမလာဘူးလေ ..."
ရှရှင်းချန်က ကုရှုမော့ကိုကြည့်ကာ ပြောလိုက်သည်။ သူ၏နတ်သမီးမေမေကို လုယူထားသောကြောင့် ထိုကောင်လေးကို သူတကယ်ပင် ရိုက်သတ်ချင်နေသည်။
ယနေ့အဖြစ်အပျက်ကို တွေးမိပြီး အလွန်စိတ်ဆိုးနေသည်။
သူလွှင့်ပစ်လိုက်သည့် ရည်းစားစာကို ပြန်ယူပြီးဖတ်သော ကုရှုမော့ကြောင့်သာမဟုတ်ပါက အတန်းထဲမှ တခြားကလေးများနှင့် အငြင်းပွားစရာဖြစ်ခဲ့မာ်မဟုတ်ပေ။
လူမျိုးရေးခွဲခြားမှုက အနည်းငယ်မျှသာဖြစ်သည်။
အိုင်ဗီလက်ရွေးစင်ကျောင်းကို တက်ရောက်သူများမှာ ဉာဏ်ရည်မြင့်ရုံသာမက မိသားစုနောက်ခံကောင်းသူများလည်းပါဝင်သည်။
သူစာသင်နေသည့်အတန်းတွင် စုစုပေါင်း ၁၅ယောက်သာရှ်ိသည်။
ထို၁၅ယောက်လုံးက ချမ်းသာရုံမျှသာမက မြင့်မြတ်သည့်မျိုးနွယ်များဖြစ်သည်။ တစ်ဦးချင်းစီတွင် သူကောင်းမျိုးအဆင့်တန်းတစ်ခုစီရှိကြသည်။
သူတို့သာ မြင့်မြတ်တဲ့ပုံစံကို ဆက်ထိန်းထားချင်ရင် ဘာလို့ ဒါမျိုးရန်ဖြစ်ကြမှာလဲ ...
ကုရှုမော့ ငတုံးဖြစ်နေသည်ကိုသာ အပြစ်တင်ရပေမည်။
" ဟေး ရှရှင်းချန် မင်းကိုကူညီလို့ ငါပါအရိုက်ခံရတာလေ ..."
" မင်းကြောင့်သာမဟုတ်ရင် ဒီကိစ္စတွေ ဖြစ်မလာဘူး ..."
" ငါလား ... ဘာလို့ ငါကမှားရတာလဲ ... မင်းကိုကြင်နာပြီး ကူညီပေးမိလို့ အရိုက်တောင်ခံရသေးတယ် ..."
" အိုး ... ဒါဆိုလည်း ကျေးဇူးပဲ ..."
…
အကောင်ပေါက်လေးနှစ်ယောက်က စတင်ဆူညံလာကြသည်။ ရှအန်း ခေါင်းခါလိုက်ပြီး သူတို့နှစ်ယောက်လုံးကို သူမဘေးနားခေါ်လိုက်သည်။
တစ်ယောက်ချင်းစီ၏ ဒဏ်ရာများကို ဂရုတစိုက် ကြည့်ပေးနေသည်။
အကောင်ပေါက်လေးနှစ်ယောက်ကို ခေါင်းမှခြေဖျားအထိ ကြည့်ပြီးသည့်အခါ သူတို့နှစ်ဦးလိမ်ညာခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
မျက်နှာပေါ်မှ ဒဏ်ရာအနည်းငယ်မှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာကြီးကြီးမားမား မရှိပေ။
ကလေးနှစ်ယောက်၏ အသားအရည်က ဖြူဖွေးနုဖတ်နေသောကြောင့်သာ ဒဏ်ရာများက ကြောက်စရာကောင်းသည်ဟု ထင်ရခြင်းဖြစ်သည်။
ရှအန်း အနည်းငယ်စိတ်ညစ်သွားသည်။
အိုင်အိုဒင်းနှင့် ပလာစတာများယူလာပြီး ဒဏ်ရာပေါ် ဆေးကပ်ပြီးနောက် ကပ်ပေးလိုက်သည်။
" အား....မမ နတ်သမီး နာတယ် ..."
“…”
ငိုသည့်ကလေးက နို့ပိုသောက်ရသည်ဟူသသောစကားကဲ့သို့ပင်။ သူမသားလေးက လုံးဝမနာကျင်သကဲ့သို့ တိတ်ဆိတ်စွာရပ်နေသော်လည်း အနည်းငယ်သာ နာကျင်သည့် ကုရှုမော့က အော်ဟစ်နေသည်။ သူမ သက်ပြင်းချလိုက်သည်။
ဤအချက်ဖြင့်ပင် သူမသားနှင့် ကုရှုမော့ကြားမှ ကွာခြားချက်ကို တွေ့မြင်သွားသည်။
ကုရှုမော့က သူ့ကိုချစ်သည့် အဖေကောင်း မရှိသော်လည်း သူ့ကို ချစ်မြတ်နိုးသည့်အဘိုး ရှိသေးသည်။
ထို့ကြောင့် ကုရှုမော့က ငို၍ ချစ်စဖွယ်ကောင်းအောင် ပြုတ်တတ်ခြင်းမှာ ငယ်ရွယ်စဉ်ကလေးဘဝက ပျော်ရွှင်မှုများ တွေ့ကြုံခဲ့သောကြောင့် ဖြစ်သည်။
အချိန်ခဏတာ လူကုန်ကူး ခံခဲ့ရသော်လည်း သူမကယ်တင်ခဲ့သောကြောင့် သူ၏စိတ်အခြေအနေက ပြောပလောက်အောင် မဆိုးရွားပေ။
တက်ကြွသော ကလေးတစ်ယောက် ဖြစ်နေဆဲပင်။
သို့ရာတွင် ...
ရှအန်း သူမသားလေးမျက်နှာမှ ဒဏ်ရာများကို ကြည့်လိုက်သည်။ ဒဏ်ရာများက ကူးရှုမော့ထက် ပိုများသော်လည်း တိတ်ဆိတ်စွာရပ်ပြီး သူမဆေးထည့်ပေးသည်ကို ငြိမ်ခံနေသည်။
ထိုအချိန်၌ သူမရင်ထဲတွင် ပြောမပြနိုင်သည့် စိတ်ဓာတ်ကျမှု ဖြစ်ပေါ်သွားသည်။
ဒီကလေးရဲ့ သဘာဝကိုက ဗီလိန်လို့ ဘယ်သူပြောလဲ ...
တကယ်လို့ သူ့ကိုချစ်ပေးတဲ့မိဘနဲ့ မိသားစုသာရှိခဲ့ပြီး ဘဝကနေရောင်ခြည်လေးလို ဖြစ်ခဲ့ရင် အနာဂတ်မှာ ဗီလိန်ဖြစ်လာမယ်တဲ့လား ...
" နာနေလား ..."
ရှအန်း ခေါင်းငုံ့ပြီး ရှရှင်းချန်ကို နူးညံ့စွာမေးလိုက်သည်။
" မနာပါဘူး မာမား ..."
ရှရှင်းချန်ကလည်း ခေါင်းခါပြီး လိမ်လိမ်မာမာ ပြန်ဖြေသည်။
အကောင်ပေါက်လေးက အရွယ်နှင့်မလိုက်အောင်ပင် အလိုက်သိလှသည်။ ထိုအချိန်တွင် သူမသားလေးကို ရွယ်တူကလေးများကဲ့သို့သာ ပြုမူစေလိုသည်။
" ရှောင်ရှင်း နာရင် နာတယ်လို့ပြောလေ ... မားမားက မင်းအမေလေ အပြင်လူမဟုတ်ဖူး ... မင်းနဲ့ပတ်သက်တာအားလုံးကို သည်းခံနိုင်တယ် ..."
ရှအန်းက လက်ထဲမှ ဝါဂွမ်းတံလေးကို ဘေးချပြီး အကောင်ပေါက်လေးကို ရင်ခွင်ထဲထည့်လိုက်သည်။
သူ့အမေ၏ ညင်သာသောအသံနှင့် နွေးထွေးမှုကို ခံစားရသည့်အခါ ရှရှင်းချန်း ဝမ်းနည်းလာသည်။
" မာမား ..."
" နာနေတာလား ..."
" ဟုတ် ..."
" ရှောင်ရှင်းလေး နောက်ဆို စိတ်ထဲကအတိုင်း ပြူမူရမယ်နော် ... နာရင်နာတယ်လို့ပြော ဟုတ်ပြီလား ..."
" ဟုတ် ..."
" ကြိုက်တဲ့အရာနဲ့ မကြိုက်တဲ့အရာတွေကိုလည်း ပြောရမယ် ..."
" ဟုတ် ..."
" မာမားက ရှောင်ရှင်းလေးကို စိတ်ဆိုးအောင်လုပ်မိရင်လည်း ပြောပြရမယ်နော် ..."
" မာမားဘာလုပ်လုပ် ရှောင်ရှင်းစိတ်မဆိုးပါဘူး ..."
" လိမ္မာလိုက်တာ ..."
…
ဘေးနားမှ ကုရှုမော့က ရှအန်းက ရှောင်ရှင်းကိုချီထားပြီး နူးညံ့စွာပြောနေသည်ကို မြင်သောအခါ မနာလိုဖြစ်လာသည်။
အမြဲတစေတောက်ပနေသော သူ၏မျက်လုံးများက မည်းမှောင်လာသည်။
ခဏအကြာတွင် သူ၏မျက်နှာပေါ်၌ အမူအရာသစ်တစ်ခု ပေါ်လာသည်။
" မမနတ်သမီး မတရားဘူး ... သားကိုလည်းဖက် ..."
ဆေးလိမ်းပြီးသောအခါ ရှအန်းက ကလေးနှစ်ယောက်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုသင်တန်းပေးရန် စဉ်းစားထားသည်။
အကောင်ပေါက်လေးနှစ်ယောက်က ငါးယောက်နှင့် ချလာသောကြောင့်သာဖြစ်သည်။ နှစ်ယောက်သုံးယောက်ဆိုပါက ဤမျှပင် ဒဏ်ရာရမည်မဟုတ်ပေ။
ကုရှုမော့က တိုက်ကွမ်ဒိုသင်ထားခဲ့ဖူးပြီး ရှောင်ရှင်းက ရှအန်းနှင့်အတူ မိမိကိုယ်ကိုကာကွယ်ရန် သင်ပေးခဲ့ဖူးသည်။
ထို့ကြောင့် ကလေးနှစ်ယောက်၏ မိမိကိုယ်ကို ကာကွယ်နိုင်မှုက မဆိုးဝါးပေ။ ထို့ကြောင့် အမဲသားကင်များစား၍ ကြီးပြင်းလာသည့် နိုင်ငံခြားသားကလေးတစ်အုပ်စုက သူတို့ကို အနိုင်မယူနိုင်ခြင်းပင်။
သို့ရာတွင် ထိုအုပ်စုထဲ၌ ကိုယ်ခံပညာရပ်သင်ဖူးသည့် ကလေး တစ်ယောက်စ နှစ်ယောက်စ ပါလာလျှင် ဤတစ်ကြိမ်ကဲ့သို့ လွယ်လွယ်နှင့် လွတ်လာနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ရှအန်း သူတို့ကို အတိုက်အခိုက်အနည်းငယ် သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
" ရှောင်ရှင်း ရှောင်ချန် နောက်ဆိုရင် မာမားနဲ့တူတူ ကိုယ်ခံပညာကို နေ့တိုင်းလေ့ကျင့်ရမယ် ..."
နေရာလွတ်မှရေကိုသုံးပြီး သူတို့၏ ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်ပေးရန်လည်း ဆုံးဖြတ်ထားသည်။ သူမသားထံတွင် ရှောင်ဟေးချန်ထားသည့် ကျောက်စိမ်းလည်ဆွဲရှိသော်လည်း အဆုံးတွင် ၎င်းက သက်ဝင်လှုပ်ရှားမှု မရှိတော့ပေ။
ကုရှုမော့တွင်လည်း ရွှေလက်ချောင်းမရှိသည့်အတွက် သူ၏ ကြံ့ခိုင်မှုက ပိုဆိုးနေသည်။
သူတို့၏ ကြံ့ခိုင်မှုအရသာ သူမသင်ယူထားသည့် တိုက်ခိုက်ရေးစွမ်းရည်များကို သင်ကြားပေးနိုင်မည်ဖြစ်သည်။
အနာဂတ်မှာ လူငါးယောက် မဟုတ်ဖူး ဆယ်ယောက်ဆိုရင်တောင် ဒီကလေးနှစ်ယောက် အေးဆေးပြန်ချနိုင်ရမယ် ...
ပြိုင်ဘက်ကတော့ ကျောင်းသားအရွယ်ကလေးတွေပဲပေါ့လေ ...
" တကယ်လား မမနတ်သမီး ... သားလည်း ရှောင်ရှင်းလိုမျိုး နောက်ကလိုက်လို့ရပြီပေါ့ ..."
ကုရှုမော့၏မျက်လုံးများ ချက်ချင်းအရောင်လက်သွားပြီး သူ၏မျက်နှာသေးသေးလေးတွင် စိတ်လှုပ်ရှားသည့် အမူအယာများဖြင့် ပြည့်နှက်သွားသည်။
ရှရှင်းချန် ထိုကလေးများကို ရိုက်နှက်ခဲ့သည်ကို သူမြင်ခဲ့သည်။ ရှရှင်းချန်၏တိုက်ခိုက်မှုများက သူသင်ထားသော တိုက်ကွမ်ဒိုထက်ပို၍ စွမ်းအားကြီးသည်။
သူအလွန် မနာလိုဖြစ်နေသည်။
ထို့ကြောင့် ရှအန်းက သင်ပေးမည်ဆိုသောအခါ သူအလွန်ပျော်ရွှင်သွားသည်။
သူသည်လည်း ယောကျာ်းလေးဖြစ်၍ ယောကျာ်းလေးများ ကြိုက်နှစ်သက်သော အရာများကိုသာ သဘောကျသည်။
" ဟုတ်ပြီ ... ဒါပေမဲ့ အရင်ဆုံးတစ်ခုပြောပြရဦးမယ် ... အန်တီ့ဆီကသင်မယ်ဆိုရင် တစ်ဝက်တစ်ပျက်မှာ ရပ်မသွားရဘူး ..."
" ဟုတ် ခေါင်းဆောင် ..."
ကုရှုမော့က တီဗွီထဲမှ ရဲများ၏ပုံစံကို အတုယူကာ အလေးပြုလိုက်သည်။
ရှအန်း ပြုံး၍ ခေါင်းခါလိုက်သည်။
ကုရှုမော့နှင့် ရှရှင်းချန်က အလွန်ပင် ကွဲပြားလှသည်။
ရိုးသားစွာပြောရလျှင် သူမရှေ့မှကောင်လေးမှ သူမညီမပြောပြဖူးသည့် အမျိုးသားဇာတ်လိုက်နှင့် လုံးဝကွဲပြားနေသည်။
" မာမား သားတို့အတန်းဖော်တွေနဲ့ ရန်ဖြစ်ခဲ့ပြီး မာမားကိုပြဿနာဖြစ်စေလို့ မဆူတော့ဘူးလား ..."
ကုရှုမော့၏ စိတ်လှုပ်ရှားမှုနှင့်မတူပဲ ရှရှင်းချန်က တွန့်ဆုတ်နေသည်။
သူက ရှအန်းအတွက်သာ တွေးတောနေသည်။
သူ့ကိုယ်သူ ကာကွယ်ခြင်းထက် သူ၏ နတ်သမီးမေမေကိုသာ ကာကွယ်ပေးချင်နေသည်။
ရှအန်း အေးခဲသွားပြီး ရှရှင်းချန်ကို ညင်သာစွာကြည့်ပြီး ခေါင်းခါလိုက်သည်။
" မာမားက ပြဿနာတွေကို မကြောက်ပါဘူး ... ရှောင်ရှင်းလေး အပြင်မှာ အနိုင်ကျင့်ခံရမှာကိုပဲ ကြောက်တာ ..."
" ပြီးတော့ ဒီတစ်ခါက ရှောင်ရှင်းလေးရဲ့အမှားမဟုတ်ဖူးလေ ... မာမား ပြဿမာနာတက်မှာစိုးတာနဲ့ တခြားလူတွေရဲ့ အနိုင်ကျင့်မခံရဘူးနော် ... ရှောင်ရှင်းလေး မမှားရင် ငြိမ်မခံပဲ ရိုးရိုးသားသား ပြန်တိုက်ခိုက်ရမယ် ..."
" သေချာပေါက် ကိုယ်ကတော့အရင်ဦးအောင် မရိုက်ရဘူးနော် ... ရှောင်ရှင်း ရှောင်ချန် မင်းတို့ ရိုက်ချင်နေရင်တောင် ကိုယ်ကျင့်တရားနဲ့အညီ နေရမယ်ဆိုတာ မမေ့နဲ့ ... အရေးကြီးဆုံးက တစ်ဖက်လူက အရင်လှုပ်ရှားတာကို စောင့်ဖို့ပဲ ..."
အကယ်၍ ကမ္ဘာပျက်ကပ်နေ့ရက်များကသာဖြစ်ပါက ထိုသို့သောစကားမျိုးကို ရှအန်းပြောလိမ့်မည်မဟုတ်ပေ။
ယခုအခါတွင် အေးချမ်းသောကမ္ဘာကြီး၌ နေထိုင်နေရသည်ဖြစ်၍ ထိုကလေးနှစ်ယောက်ကို ရှအန်းသင်ကြားပေးရန်သာရှိသည်။
သူမ၏ မူလရည်ရွယ်ချက်အရ အင်အားဖြင့်သာ ဖြေရှင်းရမည့်ကိစ္စဖြစ်ပါက သူမတွန့်ဆုတ်မည်မဟုတ်ပေ။
" ဟုတ်မာမား ... သားသိပါပြီ ..."
" မမနတ်သမီး သားမှတ်ထားပါ့မယ် ..."