အဝေးတွင် ရပ်နေသော သုံ့ချင်းလင်သည် အမေယန်က ကျန်းယွင်ရှိူ့ကို ပစ္စည်းမျိုးစုံ ဝယ်ပေးနေသည်ကို တွေ့လိုက်ရပြီး ကျန်းယွင်ရှိူ့က အမေယန်ကို “အမေ” ဟု ခေါ်နေသည်ကိုလည်း တွေ့လိုက်ရသည်။
မနာလိုစိတ်ဟာ သူ့နှလုံးသားထဲမှ တိုးထွက်လာပြီး သူ့အမူအရာကို ပျက်ယွင်းသွားစေသည်။
သူသည် အမေယန် စိတ်ကျေနပ်စေရန် ကြိုးစားနေချိန်တွင် သူ့ကို သူ(မ)က သဘောမကျနေဆဲ ဖြစ်ခဲ့သည်။ ကျန်းယွင်ရှိူ့ အလှည့်ရောက်လာသောအခါတွင်မူ... အချိန်တိုလေးအတွင်း အမေယန်က ကျန်းယွင်ရှိူ့ကို “အမေ” လို့ ခေါ်ခွင့်တောင် ပြုပြီးပြီလား?
ထိုအချိန်တွင် ဤအမျိုးသမီးသည် သူ့တွင် အနည်းငယ် ဈေးပိုကြီးသော ပစ္စည်းတစ်ခုခု ရှိသည်ကို တွေ့လျှင် မပျော်မရွှင်ဖြစ်ပြီး သူက ယန်ကျင်းဇီ၏ ပိုက်ဆံအတွက် ရောက်လာသောကြောင့် သူက အလကားသာ ဖြစ်သည်ဟု အမြဲပြောခဲ့သည်။ အခုကျတော့ရော? ဒီပုဂ္ဂိုလ်က ကျန်းယွင်ရှိူ့ကို ပစ္စည်းတွေ ဝယ်ပေးပြီး ကျန်းယွင်ရှိူ့ကို ယန်ကျင်းဇီစီက ပိုက်ဆံတွေ ယူခိုင်းနေတာလား?
သူသည် ယန်ကျင်းဇီနှင့် အတူရှိနေခဲ့ပြီး ယန်ကျင်းဇီ၏ ပိုက်ဆံကို ယူခဲ့သည်မှာ အမှန်ဖြစ်သော်ငြား ထိုငွေသည် ယန်ကျင်းဇီအတွက် ဘာမှမဟုတ်ချေ။ ယန်ကျင်းဇီသည် သူ့ကို တစ်လလျှင် ယွမ် ၁၀၀,၀၀၀ ပေးခဲ့သည်။ သို့သော် ယန်ကျင်းဇီသည် ကလပ်သို့ သူ့သူငယ်ချင်းများနှင့် သွားသည့်အကြိမ်တိုင်းတွင် ဝိုင်ပုလင်း အနည်းငယ်ကို ပိုဖွင့်လိမ့်မည်ဖြစ်သည်။ ဝိုင်ပုလင်းတွေက တစ်ညထဲမှာတင် ယွမ် ၁၀၀,၀၀၀ ကျော်တောင် ကုန်နိုင်သေးတယ်!
ယန်ကျင်းဇီ၏ ကားသည်ပင် သန်းဆယ်ချီကျော် တန်ဖိုးရှိသည်။
ယန်ကျင်းဇီ ကျန်းယွင်ရှိူ့အတွက် ပြင်ပေးထားတဲ့ ဂီတတူရိယာတွေတောင် သန်းပေါင်းများစွာ ကုန်ကျတယ်!
သူ ယူခဲ့တဲ့ ငွေက ပြောမပလောက်ဘူး!
သုံ့ချင်းလင်သည် သူ့ယခင်ဘဝတွင် အလွန်သံသယများခဲ့ပြီး တစ်ကြိမ်သေဆုံးပြီးနောက် အခြေအနေ ပိုဆိုးလာသည်။
ကျန်းယွင်ရှိူ့က ယခုအချိန်တွင် ကောင်းမွန်စွာ မနေထိုင်နိုင်လျှင် သူသည် တဖြည်းဖြည်း ပြန်ကောင်းလာနိုင်စွမ်း ရှိသော်ငြား ကျန်းယွင်ရှိူ့က ကောင်းမွန်သည်ထက် ပိုပိုပြီး ကောင်းမွန်လာနေသည်။
သူသည် ပြန်လည်မွေးဖွားပြီးနောက်တွင်ပင် ကျန်းယွင်ရှိူ့နှင့် မနှိုင်းယှဉ်နိုင်သေးသည်ကို လက်မခံနိုင်ပေ။
အနည်းငယ် အသက်ပြင်းပြင်းရှူပြီးနောက် သုံ့ချင်းလင်သည် အမေယန်နှင့် ကျန်းယွင်ရှိူ့ထံသို့ လျှောက်သွားသည်။
အမေယန်သည် သုံ့ချင်းလင်၏ တည်ရှိမှုကို သိရှိထားပြီး သုံ့ချင်းလင်၏ ဓာတ်ပုံများကိုလည်း တွေ့ဖူးသည်။ သုံ့ချင်းလင် လျှောက်လာနေသည်ကို တွေ့သော် သူ(မ)သည် ဒိတ်ခနဲ ရင်ခုန်သွားပြီး ကျန်းယွင်ရှိူ့ကို ချက်ချင်း လှည့်ကြည့်မိသည်။
သူ(မ)ရဲ့သား အရင်တုန်းက ပျိုးထောင်ခဲ့တဲ့ လူက တံခါးဝကို ရောက်လာပြီး ပုံစံကလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိပုံပေါ်နေတယ်၊ ကျန်းယွင်ရှိူ့ မပျော်မရွှင်ဖြစ်သွားမှာလား?
ပြောရမယ်ဆိုရင် သူ(မ)ရဲ့သားက တကယ်ကြီး တစ်ခါလောက် အရိုက်ခံသင့်တယ်! သူ(မ)သည် သားဖြစ်သူကို ယခင်က မေးဖူးပြီး ကျန်းယွင်ရှိူ့က တခြားတစ်ယောက်ကို သဘောကျနေသည်ဟု အထင်လွဲမိသောကြောင့် ဤကောင်လေးက ကျန်းယွင်ရှိူ့စီကို မသွားခဲ့ခြင်း ဖြစ်နေသည်။ သူက အသေးစိတ် စုံစမ်းစစ်ဆေးဖို့တောင် မသိဘူးလား?
သူက အစားထိုးတောင် ရှာလိုက်သေးတယ်!
အမေယန်သည် မလွှဲရှောင်သာဖြင့် ကူကယ်ရာမဲ့ ခံစားရသော်ငြား ကျန်းယွင်ရှိူ့သည် အတော်လေး တည်ငြိမ်နေသည်။
သူသည် သုံ့ချင်းလင်ကို မကြောက်ပေ။
ယန်ကျင်းဇီ၏ နည်းစနစ်သည် အလွန်ညံ့ဖျင်းသည်။ သူ့တွင် ယခင်က အတွေ့အကြုံ မရှိခဲ့ကြောင်းမှာ ထင်ရှား၏။
ထို့အပြင်... ယခု သူသည် ယန်ကျင်းဇီကို ညတိုင်း နှောင့်ယှက်နေပြီး ယန်ကျင်းဇီတွင် တခြားသူများကို ရှာရန် လုံးဝ အချိန်မရှိချေ။
သုံ့ချင်းလင်ကို မသိမသာ တစ်ချက်ကြည့်ပြီးနောက် ကျန်းယွင်ရှိူ့သည် ဤလူကို ထပ်မကြည့်တော့ပေ။
သူသည် သုံ့ချင်းလင်ကို ကြောက်စရာမလိုဟု တွေးမိသော်လည်း သုံ့ချင်းလင်ကို မြင်တွေ့ရခြင်းအား စိတ်မကြည်ဆဲဖြစ်ကာ ထပ်ကြည့်တော့မည်မဟုတ်ပေ။
“ ကျန်းယွင်ရှိူ့ မတွေ့တာကြာပြီ။ ” သုံ့ချင်းလင်သည် ပြုံးပြီး တချို့သော ဝင့်ကြွားခြင်းများ ပါဝင်သည့် အကြည့်များဖြင့် ကျန်းယွင်ရှိူ့ကို ကြည့်နေသည်။
ကျန်းယွင်ရှိူ့က ဘာမှပြန်မပြော။
သုံ့ချင်းလင်သည် သူ့သဘောထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ကွယ်ဝိုက်မနေတော့ဘဲ တန်းပြောလိုက်သည် : “ မင်း ဝမ်ရှန်းချောင် ဆိုတဲ့ လူကို လိုက်ရှာနေတယ်လို့ ငါ ကြားဖူးတယ်။ အဲ့လူက မင်းရဲ့ မမေ့နိုင်တဲ့ ပထမဆုံးအချစ်လား? ”
အမေယန်သည် ယန်ကျင်းဇီကို အလွန်အလေးထားပြီး ယန်ကျင်းဇီ၏ ကြင်ဖော်ကြင်ဖက်အတွက် လိုအပ်ချက်များမှာ အလွန်မြင့်မားသည်။ ကျန်းယွင်ရှိူ့တွင် မမေ့နိုင်သော ပထမဆုံးအချစ် ရှိပြီး အမေယန်သာ သိသွားလျှင် သေချာပေါက် မပျော်မရွှင်ဖြစ်ပေလိမ့်မည်။
သူသည် ကျန်းယွင်ရှိူ့ မည်သို့ကာကွယ်မည်နည်းကိုတော့ မသိပေ။
ကျန်းယွင်ရှိူ့က မငြင်းဆန်ဘဲ တိုက်ရိုက် ခေါင်းညိတ်ကာ တုံ့ပြန်သည် : “ ဟုတ်တယ်။ ”
သုံ့ချင်းလင်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်သော အမူအရာမှာ အေးခဲသွားသည်။ ဤတိုးတက်မှုက သူ့အတွေးနှင့် ကွဲပြားသည်... ဘာလို့ ကျန်းယွင်ရှိူ့က ဝန်ခံတာလဲ?
ကျန်းယွင်ရှိူ့ ဝန်ခံခြင်းမှာ ကောင်းသော်ငြား အမေယန်က ကျန်းယွင်ရှိူ့အား ညည်းညည်းညူညူ ပြောဆိုသည်ကိုပင် သုံ့ချင်းလင် တွေ့လိုက်ရသည် : “ မင်းကတော့ တကယ်ပဲ... မင်း ဘာလို့ အရမ်းဇွဲကောင်းတာလဲ? မင်းတို့က အလယ်တန်းကျောင်းမှာ လနည်းနည်းလောက်ပဲ အတူရှိခဲ့တာကို မင်း သူ့အကြောင်း နှစ်ပေါင်းများစွာကြာအောင် တွေးနေတယ်။ ”
ကျန်းယွင်ရှိူ့သည် သူ့မျက်ခုံးများ ကွေးတက်သည့်အထိ ပြုံးလာသည် : “ သူက တကယ် ကောင်းတယ်၊ အရမ်း၊ အရမ်းကောင်းတယ်။ ” နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ သူနှင့် ယန်ကျင်းဇီတို့ ထပ်မံတွေ့ဆုံပြီးနောက် သူသည် ဝမ်ရှန်းချောင်အကြောင်းကို ထပ်မတွေးတော့ဘဲ ယန်ကျင်းဇီကသာ သူ့စိတ်နှလုံးထဲတွင် တည်ရှိနေသည်။
ဒါပေမယ့် ဝမ်ရှန်းချောင်က အရမ်းကောင်းတဲ့လူ ဆိုတာ သေချာတယ်! အမှန်ပဲ!
ယန်ကျင်းဇီက အရမ်းကောင်းတယ်!
အမေယန်၏ မျက်ဝန်းများသည် ရယ်မောမှုကြောင့် ကွေးညွတ်သွားပြီး ကျန်းယွင်ရှိူ့က သူ(မ)၏သားကို ချီးကျူးချိန်တွင် သူ(မ) ပျော်ရွှင်သွားသည်မှာ သေချာသည် : “ အဲ့ကောင်က ဘာများအရမ်းကောင်းနေလို့လဲ! ”
“ သူက ကျွန်တော့်အပေါ် တကယ် ကောင်းတယ်။ ”
“ မင်း အာ... မင်း ဒီလိုပုံစံနဲ့ဆိုရင် မင်း သူ့စီက အသေအနိုင်ကျင့်ခံရလိမ့်မယ်! ” အမေယန်က ပြုံးသည်။
သုံ့ချင်းလင် ဆွံ့အသွားသည်။ သောက်ကျိုးနည်း ဒီမှာ ဘာတွေဖြစ်နေတာလဲ?
“ မင်း... သူက ဝမ်ရှန်းချောင်ကို ကြိုက်တယ်၊ မင်း စိတ်မဆိုးဘူးလား? ” သုံ့ချင်းလင်သည် အမေယန်ကို ကြည့်လိုက်သည်။ ကျန်းယွင်ရှိူ့နဲ့ကမှ သားအမိအရင်း ဖြစ်နိုင်လား? မဟုတ်ရင် အမေယန်က ဘာလို့ ဒီလိုပြုမူမှာလဲ?
“ သူက ငါ့သားကို ကြိုက်တယ်၊ ဘာလို့ ငါက စိတ်ဆိုးရမှာလဲ? ” အမေယန်က ပြန်မေးသည်။
“ မင်းရဲ့သား? ” သုံ့ချင်းလင်သည် အမေယန်ကို ကြောင်အစွာ ကြည့်နေသည်။
“ ဝမ်ရှန်းချောင်က ကျင်းဇီရဲ့ အရင်နာမည် မဟုတ်ဘူးလား? " အမေယန်က လှောင်ရယ်ရယ်သည်။
သုံ့ချင်းလင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
သူ့ယခင်ဘဝတွင် ကျန်းယွင်ရှိူ့က ဝမ်ရှန်းချောင်ကို သဘောကျသည်ဟု ထုတ်ပြောပြီးနောက် ယန်ကျင်းဇီက ချက်ချင်း သူ့ကို ထားခဲ့ပြီး ကျန်းယွင်ရှိူ့ကို သွားရှာခဲ့ကြောင်းကို သူသည် ရုတ်တရက် အမှတ်ရမိလာသည်။
ကျန်းယွင်ရှိူ့က တခြားသူများကို ကြိုက်လျှင်ပင် စိတ်အားထက်သန်စွာဖြင့် သွားပြေးကပ်နေသောကြောင့် ယန်ကျင်းဇီက အလွန်ဈေးပေါသည်ဟု သူသည် အမြဲခံစားခဲ့ရသည်။
ရလဒ်ကမူ... ဒီလူနှစ်ယောက်က အတူတူပဲ ဆိုတာ တကယ်လား?
ကျန်းယွင်ရှိူ့နှင့် ယန်ကျင်းဇီတို့က ရုတ်တရက် အချိန်စော၍ တွဲနေကြသော ဖြစ်ရပ်ကို သုံ့ချင်းလင်သည် အလွန်ထူးဆန်းနေပြီး ကျန်းယွင်ရှိူ့ သို့မဟုတ် ယန်ကျင်းဇီက သူ့ကဲ့သို့ ပြန်လည်မွေးဖွားလာသည်ဟုပင် သံသယဖြစ်မိသည်။
သို့သော် ကျန်းယွင်ရှိူ့သာ ပြန်လည်မွေးဖွားလာလျှင် သူ့ကို လျစ်လျူရှုထားမည် မဟုတ်သကဲ့သို့ ယန်ကျင်းဇီသာ ပြန်လည်မွေးဖွားလာလျှင်လည်း သူ့ကို ထိုပုံစံဖြင့် ဆက်ဆံမည် မဟုတ်ချေ။
ဒါဆို ဒီလူနှစ်ယောက်က ပြန်လည်မွေးဖွားလာတာ မဟုတ်ဘူးလား? သူ “ဝမ်ရှန်းချောင်” ဆိုတဲ့ လူရဲ့ နာမည်ကို သုံးပြီး ‘ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံ’ ကို သွားအောင် ကျန်းယွင်ရှိူ့ကို လှည့်စားလိုက်လို့ သမိုင်းကြောင်းကို သူ ပြောင်းလဲမိလိုက်တာ ဖြစ်နိုင်လား?
သုံ့ချင်းလင်သည် တွေးမိလေလေ၊ ဤသို့သာ ဖြစ်ရမည်ဟု ပိုမိုခံစားမိလေလေ ဖြစ်ပြီး ပိုပိုတွေးမိလေလေ၊ သူ၏ စိတ်တည်ငြိမ်မှုများ လျော့နည်းသွားလေလေ ဖြစ်သည်။
သို့သော်ငြား ကျန်းယွင်ရှိူ့နှင့် အမေယန်တို့သည် သူ့ကို အာရုံစိုက်ရန် အလွန်ပျင်းရိကာ ထွက်ခွာသွားကြသည်။
ကျန်းယွင်ရှိူ့၏ နောက်ကျောကို ကြည့်လျက် သုံ့ချင်းလင်သည် ချွေးသီးများ ထွက်လာသည်။
သူသည် သူက ကျန်းယွင်ရှိူ့ထက် ပိုကောင်းသည်ဟု အမြဲခံစားခဲ့ရပြီး တခြားအရာများ မဟုတ်လျှင်ပင် သူ၏ ယန်ကျင်းဇီအတွက် မူလခံစားချက်များမှာ လုံးဝ ရိုးသားသော်လည်း ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို သဘောမကျခဲ့ချေ။
ရလဒ်ကလား? ကျန်းယွင်ရှိူ့နဲ့ ယန်ကျင်းဇီတို့က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက တစ်ဖက်လူအတွက် ခံစားချက်တွေ ရှိခဲ့ကြတာလား?
သူတို့နှစ်ယောက်က ငယ်ဘဝ အချစ်ဦးတွေ ဆိုရင် ဘာကြောင့် သူတို့က သူ့ကို ဆွဲခေါ်ပြီး အမြှောက်စာလေး ဖြစ်အောင် လုပ်နေကြတာလဲ?
“ သုံ့ချင်းလင်၊ မင်း ဘာလုပ်နေတာလဲ? ” သုံ့ချင်းလင်၏ အတန်းဖော်သည် သုံ့ချင်းလင်ကို လှမ်းခေါ်ကာ သုံ့ချင်းလင် ခေါင်းလှည့်လာသည်ကို တွေ့လိုက်ရသည်။
သုံ့ချင်းလင်၏ မျက်ဝန်းများမှာ အထူးတလည် နီရဲနေပြီး နက်ရှိုင်းသော အမုန်းတရားက သူ့မျက်ဝန်းများတွင် တလက်လက် တောက်ပနေကာ သူ့အတန်းဖော်များကို ထိတ်လန့်စေသည်။
ကျန်းယွင်ရှိူ့နှင့် အမေယန်တို့၏ ဈေးဝယ်ထွက်ခြင်း ခဏကြာသွားပြီးနောက် ယန်ကျင်းဇီက သူတို့စီ ရောက်လာသည်။
ရောက်သွားသောအခါ ယန်ကျင်းဇီသည် အနည်းငယ် စိတ်ပူနေပြီး ကျန်းယွင်ရှိူ့က အမေယန်နှင့် ဈေးဝယ်ထွက်ခြင်းကို ကျင့်သားမရဘဲ မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်နေသည်။
သို့ရာတွင် သူသည် သူတို့ကို ရှာတွေ့ပြီးနောက် ဤလူနှစ်ဦးက စကားပြောကာ ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ကား အလွန်ရင်းနှီးပုံပေါ်သည်။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ သူ့အမေ ဖြစ်ပြီး သူ့ကို ရတနာလေးကဲ့သို့ အမြဲမှတ်ယူထားခဲ့သူက အမှန်တကယ်ပင် သူ့ကို မျက်စောင်းထိုးကာ ဆူပူကြိမ်းမောင်းသည်။ အနာဂတ်တွင် ကျန်းယွင်ရှိူ့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံရန်လည်း သူ့ကို ပြောနေသည်။
ယန်ကျင်းဇီ : “ ... ” သူ ကျန်းယွင်ရှိူ့အတွက် အဆူခံရတယ်၊ ညကျရင် ကျန်းယွင်ရှိူ့စီက သူ ပြန်ယူရမယ်!
ထို့ကြောင့် ထိုညတွင်...
ယန်ကျင်းဇီ : “ ယွင်ရှိူ့၊ အမေ မင်းကို သဘောကျလာအောင် ကိုယ် အများကြီး အနစ်နာခံပြီး လုပ်ထားရတယ်။ မင်း ကိုယ့်ကို လျော်ကြေးမပေးသင့်ဘူးလား? ”
ကျန်းယွင်ရှိူ့က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည် : “ ဘယ်လိုလျော်ပေးရမလဲ? ”
“ ထပြီး ကိုယ့်ဘာသာ လှုပ်ရှားကြည့်! ” ယန်ကျင်းဇီ၏ အကြည့်များမှာ ဖိတ်ဖိတ်တောက်နေသည်။
ကျန်းယွင်ရှိူ့ : “ ... ”
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့အတွက် မဖွယ်မရာ ဓာတ်ပုံများကို ကူညီဖြေရှင်းပေးပြီးကတည်းက Weibo ပေါ်သို့ သွားကြည့်ခြင်းကို ရပ်လိုက်သည်။ ထို့အပြင် ကျန်းယွင်ရှိူ့ဆိုလျှင် ယခုတလော အလွန်ပျော်ရွှင်နေပြီး Weibo ကို လုံးဝ မေ့လျော့သွားလေသည်။
သူတို့နှစ်ဦး၏ CP ပရိသတ်များသည် ခါးသီးစွာ ငိုကြွေးကြပြီး အချိုတချို့ မစားရသဖြင့် ဝမ်းနည်းနေကြသည်။
ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက ကျန်းယွင်ရှိူ့၏ အခွေအသစ် ထွက်တော့မည် ဖြစ်သောကြောင့် လူနှစ်ဦးက အပြန်အလှန် ထပ်မံတုံ့ပြန်လာသည် – ကျန်းယွင်ရှိူ့သည် Weibo တွင် ပရိုမိုရှင်းပို့စ်တစ်ခု တင်သွားပြီး တစ်မိနစ်အကြာတွင်မူ ယန်ကျင်းဇီသည် ကံစမ်းမဲဖောက်ခြင်း ဝန်ဆောင်မှုနှင့်အတူ ပို့စ်ရှဲလာသည်။
“ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို တကယ် အလေးထားတာပဲ! သူက စက္ကန့်ပိုင်းအတွင်း forward လုပ်လိုက်တယ်!”
“ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို အာရုံစိုက်နေတာ သေချာပေါက် မဖြစ်နိုင်ဘူး! ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို သတိပေးလိုက်တာ ဖြစ်နိုင်တယ်!”
“ယန်ကျင်းဇီကို သတိပေးနိုင်တဲ့ ကျန်းယွင်ရှိူ့ရဲ့ အရည်အချင်းက သူတို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ဆိုလိုတာပဲမလား?”
…
လူအများသည် အများအပြား ဆွေးနွေးကြပြီးနောက် ယန်ကျင်းဇီက Weibo ပို့စ်တစ်ခု ထပ်တင်သည်ကို တွေ့လိုက်ရသည် : “သိပ်အတွေးမလွန်ကြနဲ့။ ငါက ကျန်းယွင်ရှိူ့ကို အရမ်းအလေးထားတာလည်း မဟုတ်သလို ကျန်းယွင်ရှိူ့က ငါ့ကို သတိပေးတာလည်း မဟုတ်ဘူး... ကျန်းယွင်ရှိူ့ရဲ့ပို့စ်ကို ငါကိုယ်တိုင် တင်ခဲ့တာ!”
အင်တာနက်အသုံးပြုသူများ : “...”
နောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် ကျန်းယွင်ရှိူ့နှင့် ယန်ကျင်းဇီတို့၏ အသံသွင်းရန် အတူသွားကြခြင်းကို ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏နောက်မှ လိုက်ပါပြီး ကျန်းယွင်ရှိူ့၏ အဝတ်အစားများကိုလည်း ကူကိုင်ပေးထားသည်...
ဥက္ကဌ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်ဖို့ တကယ် ရှေ့ထွက်လာတယ်၊ ဒါက သေချာပေါက် အချစ်စစ်ပဲ!
အင်တာနက်ပေါ်ရှိ လူများသည် ရုတ်တရက် ဝမ်းသာသွားကြပြီး သူတို့သည် ပျော်ရွှင်ပြီးနောက် ကျန်းယွင်ရှိူ့ကို စိတ်ပူသွားကြသည် — ယန်ကျင်းဇီမှာ ဘယ်လိုမိသားစုမျိုး ရှိသလဲ? သူ့မိသားစုက ကျန်းယွင်ရှိူ့ကို လက်ခံနိုင်ပါ့မလား?
“ကျန်းယွင်ရှိူ့ရဲ့အိမ်ကလည်း ပိုက်ဆံရှိတယ်! သူက ယန်ကျင်းဇီနဲ့ ကောင်းကောင်းလိုက်ဖက်တယ်!”
“ကျန်းယွင်ရှိူ့က ကျန်းမိသားစုကလား? ဘာကြောင့် သူက ကျန်းမိသားစုနဲ့ တစ်ခါမှ မဆက်ဆံဖူးတာလဲ?”
“ဘာပဲဖြစ်ဖြစ် ငါတော့ ကျန်းယွင်ရှိူ့ကို ယန်မိသားစုက လုံးဝ လက်မခံဘူးလို့ ထင်မိတယ်။”
“ကျန်းယွင်ရှိူ့က ကျန်းအိမ်ကဆိုရင်တောင် ယန်အိမ်က သူ့ကို လက်ခံဖို့ မဖြစ်နိုင်ဘူး။ ပိုဆိုးတာက သူက ကျန်းအိမ်ကတောင် မဟုတ်ဘူး။”
…
ကြီးကြီးကျယ်ကျယ် လူတစ်ဦး စကားပြောနေစဉ် ကျန်းယွင်ရှိူ့နှင့် အမေယန်တို့ အတူတူ ဈေးဝယ်ထွက်သော သတင်းများ ထွက်လာသည်။
အဲ့တုန်းက ကျန်းယွင်ရှိူ့က ယန်ကျင်းဇီရဲ့အမေကို “အမေ”ဆိုပြီး ခေါ်နေခဲ့တယ်လို့ စာရေးတစ်ယောက်လည်း ပြောတယ်!
အင်တာနက်အသုံးပြုသူများ : “...” သူတို့ အလကား စိတ်ပူမိပြီ!
CP ပရိသတ်တွေကမူ သူတို့သည် လောလောဆယ်တွင် စိတ်လှုပ်ရှားနေကြသည်။ ဒီအတွဲက တကယ် ကောင်းတယ်!
ဤအပူကို အခွင့်ကောင်းယူပြီး ကျန်းယွင်ရှိူ့၏ အခွေအသစ်ဟာ အရှိန်အဟုန်ပြည့်နေသည်။
“ငါ ယွင်ရှိူ့ရဲ့ အခွေအသစ်ကို ဝယ်ရမယ် အာာာာာာာာား! ငါ နားမလည်နိုင်လောက်ပေမယ့်ပေါ့!”
“ငါလည်း ဝယ်ချင်တယ်! မင်း နားမလည်ရင်တောင် သီချင်းနားထောင်လို့ရတယ်!”
“ငါကတော့ မင်းတို့နဲ့ မတူဘူး။ ငါက မူလတန်းကျောင်းမှာကတည်းက စန္ဒရားလေ့လာခဲ့တယ်... ကျန်းယွင်ရှိူ့ရဲ့ နောက်ဆုံးအခွေက တော်တော်ကောင်းတယ်။ ဒီတစ်ခါ ငါ ငါးခွေဝယ်ချင်တယ်! နှစ်ခွေကို စုဆောင်းမယ်၊ နှစ်ခွေကို လက်ဆောင်ပေးမယ်၊ ကျန်တစ်ခွေကို နားထောင်မယ်!”
“ဒီလိုအဆင့်မြင့်ဂီတမျိုး၊ ငါ ဝယ်ရင် ငါ့မိဘတွေ ဆူမှာမဟုတ်ဘူး။ အရမ်းကောင်းတယ်!”
“အတွင်းသတင်း၊ ကျန်းယွင်ရှိူ့က ယန်ကျင်းဇီအတွက် အခွေအသစ်ကို ရေးပေးထားတယ်!”
“CP ဖန်တွေ ဝယ်၊ ဝယ်၊ ဝယ်ရမယ်!”
…
သေချာသည်၊ သာမန်ပရိသတ်များ မည်မျှပင် ဝယ်ယူပါစေ သူတို့သည် ယန်ကျင်းဇီကဲ့သို့ အလွန်အကျွံ ဝယ်ယူလိမ့်မည် မဟုတ်ချေ။
ယန်ကျင်းဇီသည် သူ၏ Weibo ပို့စ်ကို ပြန်ရှဲ၍ ကျန်းယွင်ရှိူ့၏ အခွေ ထွက်ရှိမည်ကို စောင့်ဆိုင်းနေသရွေ့ လူနှစ်ထောင်ကို အခွေလက်ဆောင်ပေးရန် ကံစမ်းမဲနှိုက်မည်ဟု ရေးသားထားသော ပရိုမိုရှင်း Weibo ပို့စ်ကို တင်လာသည်။
အခွေက မထွက်သေးဘူး၊ ဒီတစ်ယောက်က အခွေနှစ်ထောင် တန်းမှာလိုက်ပြီ!
မည်သို့ပင်ဖြစ်စေ ကျန်းယွင်ရှိူ့၏ အခွေအသစ်သည် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အခွေထွက်ရှိခြင်း ပထမဆုံးနှစ်ရက်အတွင်း ဤအခွေ၏ သတင်းများမှာ အင်တာနက်ပေါ်တွင် နေရာတိုင်း ရှိနေသည်။
ဤအချိန်တွင် အခွေများအားလုံးကို ထုတ်လုပ်ပြီးဖြစ်ကာ အမျိုးမျိုးသော ပြင်ပစတိုးဆိုင်များတွင်လည်း သူတို့၏ သိုလှောင်ကုန်များကို ခင်းကျင်းပြီးပြီဖြစ်သည်။ တရားဝင် ဝက်ဘ်ဆိုဒ်တွင်လည်း မနက်ဖြန်၌ အွန်လိုင်းမှ မှာယူမည့် လူများအတွက် ပို့ဆောင်ရန် ကုန်ပစ္စည်း လုံလောက်အောင် အဆင်သင့်ပြင်ပြီးပြီဖြစ်၏။
သို့သော် အခွေမဖြန့်ချိမီ တစ်ညတွင် တစ်စုံတစ်ဦးသည် အင်တာနက်ပေါ်တွင် ရုတ်တရက် ပို့စ်တင်လာသည် : “နိုင်ငံခြား tweet တစ်ခုက ကျန်းယွင်ရှိူ့ရဲ့ ‘Lights’ ထွက်တဲ့အချိန်ထက် သုံးလစောပြီး ကျန်းယွင်ရှိူ့ရဲ့ ‘Lights’ ထဲက သီချင်းကို တင်ဖူးတယ်... ဘာဖြစ်တာလဲ?”
ဤပို့စ်သည် စိတ်ဝင်စားသူများ၏ အရှိန်အဟုန်အောက်တွင် လျင်မြန်စွာ ရေပန်းစားလာပြီး ထို tweet ၏ link ကိုလည်း ပို့စ်တင်သူက ထုတ်ပြန်ခဲ့သည်။
၎င်းဟာ နှစ်ပေါင်းများစွာ ဖွင့်ထားသည့် Twitter တစ်ခု ဖြစ်သော်လည်း အများကြီး မတင်ထားဘဲ ‘Lights’ မထုတ်ဝေခင် သုံးလအလိုတွင်သာ အသံအများအပြားကို တစ်ကြိမ်တည်း တင်ထားလေသည်။
ထိုကဲ့သို့ tweet ကို အာရုံမစိုက်ကြဘဲ အသံကိုလည်း နားမထောင်ကြချေ။ ယခု ပို့စ်တင်ပြီးနောက်မူ လူတိုင်းသည် ထိုအသံတွင် ‘Lights’ မှ သီချင်းများစွာ ပါဝင်နေကြောင်းကို တွေ့ရှိသွားကြသည်။
ဘယ်လိုလုပ် ‘Lights’ က စန္ဒရားဂီတက သုံးလစောပြီး နိုင်ငံခြား Twitter feed မှာ ရောက်နေနိုင်တာလဲ?
“သောက်ကျိုးနည်း ဒီမှာ ဘာဖြစ်နေတာလဲ? ကျန်းယွင်ရှိူ့ရဲ့ အခွေ မထွက်ခင် တီးလုံးပေါက်တာလား?”
“တီးလုံးပေါက်ကြားသွားတာ ဖြစ်နိုင်တယ်မလား?”
“ဒီလူက ဘယ်သူလဲ...”
အစတွင် လူတိုင်းသည် ကျန်းယွင်ရှိူ့၏ သီချင်းများ ကြိုတင်ပေါက်ကြားသွားသောကြောင့် ဤအသံများ ပေါ်လာသည်ဟု တွေးကြသည်။
သို့ရာတွင် ရုတ်တရက် လူတစ်ယောက်က ပြောသည် : “ပေါက်ကြားဖို့ အဲ့လောက်လွယ်လို့လား?”
“သုံးလကျော်တောင် စောတယ်။ ဒီလူက သူ့ရဲ့ တီးခတ်မှုမှာ အရမ်းကျွမ်းကျင်နေပြီ။ ကျန်းယွင်ရှိူ့ ကူးချတာတော့ မဖြစ်နိုင်ဘူးမလား?”
“သူ့မှာ စတိုင်တူတဲ့ တခြားသီချင်းတွေ အများကြီး ရှိတယ်။ အခွေထုတ်လုပ်တဲ့အချိန်မှာ ‘Lights’ က သီချင်းတွေ ပေါက်ကြားတယ်ဆိုရင် တခြားသီချင်းတွေက ဘယ်ကလာလဲ?”
…
အသံအားလုံးကို နားထောင်ပြီး ပြောသော အနည်းငယ် နာမည်ကြီးသည့် ပရော်ဖက်ရှင်နယ်တစ်ဦးပင် ရှိသေးသည် : “သူက စုစုပေါင်း သီချင်းအပုဒ် ၃၀ နီးပါး ထုတ်ထားတယ်။ ခုနစ်ပုဒ်က ‘Lights’ က သီချင်းတွေနဲ့ တော်တော်တူပြီး ကျန်တာတွေ အကုန်လုံးကိုတော့ ငါ အရင်က နားမထောင်ဖူးဘူး။ ဒါပေမယ့် စတိုင်က ‘Lights’ ရဲ့ သီချင်းနဲ့ ဆင်တူတယ်၊ လူတစ်ယောက်တည်းက ဖန်တီးထားသလိုမျိုးပဲ။”
“အဲ့သီချင်းတွေကိုလည်း ကျန်းယွင်ရှိူ့ ဖန်တီးထားတာလား?”
“တစ်ခါမှ မကြားဖူးဘူး!”
“ဘာတွေဖြစ်နေတာလဲ?”
…
လူတိုင်း ပဟေဠိဖြစ်နေကြသော်ငြား ဤအရာအားလုံးသည် သေးငယ်သော နေရာတစ်ခုတွင်သာ ပျံ့နှံ့နေပြီး လူတစ်ဦးက ရုတ်တရက် ပြောလာသည် : “ငါက အတွင်းလူတစ်ယောက်ပါ။ ငါ ကျန်းယွင်ရှိူ့ရဲ့ အခွေအသစ်ကို နားထောင်ပြီးပြီ။ ‘Lights’ အပြင် အဲ့တေးသွားတွေ တော်တော်များများက ကျန်းယွင်ရှိူ့ရဲ့ အခွေအသစ်ထဲမှာ ပါတယ်!”
ဤအတွင်းလူဆိုသူက သတင်းထုတ်လိုက်သောအခါ လူတိုင်းဟာ ရုတ်တရက် ပေါက်ကွဲသွားပြီး တစ်ချိန်တည်းမှာပင် ဤဖိုရမ်မှ ကိစ္စမှာ တခြားနေရာများသို့ ရောက်ရှိသွားသည်။
“ဒီနိုင်ငံခြား Twitter က ကျန်းယွင်ရှိူ့ မတင်ရသေးတဲ့ တေးသွားတွေကို ကြိုတင်ထားတယ်ဆိုတာ ဘာလဲ?”
“ကျန်းယွင်ရှိူ့ ကူးချတာလား?”
“ငါ ကျန်းယွင်ရှိူ့ ကူးချတယ်လို့ ကြားခဲ့တယ်။ ဘယ်သူ အတိအကျ သိသလဲ?”
…
အင်တာနက်သည် ရုတ်တရက် အသက်ဝင်လာသည်။
Twitter မှ သီချင်းများကို နေရာတိုင်းတွင် ပို့စ်တင်ကြသည်။
“ကျန်းယွင်ရှိူ့က ဘယ်လိုလုပ်ကူးချနိုင်မှာလဲ!”
“ငါတော့ ကျန်းယွင်ရှိူ့ ကံမကောင်းလို့ သီချင်းက ကြိုပြီး ပေါက်ကြားသွားတယ်လို့ ထင်တယ်!”
“သက်သေမရှိဘဲ သူက ကူးချတယ်လို့ ပြောတာ မလွန်လွန်းဘူးလား?”
…
သို့သော် လူတချို့က ဆိုသည် : “အဲ့သီချင်းတွေက လွန်ခဲ့တဲ့ ရှစ်လကျော်က ထွက်ရှိပြီး ‘Lights’ က လွန်ခဲ့တဲ့ ငါးလလောက်က ထွက်တယ်။ အဲ့သီချင်းတွေ တူတာနဲ့ပဲ ကျန်းယွင်ရှိူ့ကို ကူးချတယ်လို့ ပြောမရနိုင်ပေမယ့် ကျန်းယွင်ရှိူ့ရဲ့ အခွေအသစ်က သီချင်းတွေကလည်း တခြားဟာတွေနဲ့ တူနေရင်တော့ သေချာပေါက် ပြဿနာရှိနေပြီ။”
“အတွင်းလူတွေရဲ့ ပြောပုံအရ ကျန်းယွင်ရှိူ့ရဲ့ အခွေအသစ်ထဲက သီချင်းတွေ... ကျန်းယွင်ရှိူ့ရဲ့ အခွေအသစ်ကို လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ထုတ်တာမလား? အခွေက လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ကြိုတင်မပေါက်ကြားနိုင်ဘူး ဟုတ်တယ်မလား?”
“အခွေအသစ်ထဲက သီချင်းတွေကို ကျန်းယွင်ရှိူ့က ယန်ကျင်းဇီအတွက် သီးသန့်ဖန်တီးပေးထားတယ်လို့တောင် သူတို့က ပြောထားတယ်မလား? သူနဲ့ ယန်ကျင်းဇီ တွဲတာ ဘယ်လောက်ကြာသေးလို့လဲ!”
…
လူစုကြီးသည် ‘မင်းက တစ်ခုပြောပြီး ငါက နောက်တစ်ခု ပြောမယ်’ ဖြင့် ဆက်လက်ဆွေးနွေးကြသည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ပွေ့ဖက်ထားပြီး သူ့ဖုန်းဖြင့် အချက်အလက် ဖတ်ရှုနေသည်။
ဤကိစ္စ ဖြစ်သောအခါ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် ရေချိုးပြီးပြီဖြစ်ကာ ခုတင်ပေါ်တွင် လှဲလျောင်းလျက် စကားပြောနေကြသည်။ စကားပြောနေစဉ် ယန်ကျင်းဇီသည် ဖုန်းလက်ခံရရှိပြီး ဖုန်းကို စတင်ကြည့်ကာ ကျန်းယွင်ရှိူ့ကို လျစ်လျူရှုထားသည်...
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏ ခန္ဓာကိုယ်ကို တစ်ချက်ကိုက်လိုက်သည်။
ယန်ကျင်းဇီသည် သူ့ဖုန်းကို ကြည့်နေဆဲဖြစ်သည်။
ကျန်းယွင်ရှိူ့သည် မပျော်မရွှင်ဖြစ်ပြီး ယန်ကျင်းဇီအပေါ်သို့ တွားတက်၍ ပွတ်သပ်လိုက်သည် : “ မင်း ဘာကြည့်နေတာလဲ? ” သူ့ထက် ဖုန်းက ဆွဲဆောင်မှုပိုရှိနေတာလား?
ယန်ကျင်းဇီ၏ အသက်ရှူသံများ လျင်မြန်လာပြီး အသံကလည်း အနည်းငယ် ထုံထိုင်းသွားသည် : ” ရပ်တော့... ” ဒီဘိုးဘေးလေး၊ ဒါက သူ့ကို သတ်တာပဲဟ!
“ မင်း ဘာတွေကြည့်နေတာလဲ? ” ကျန်းယွင်ရှိူ့သည် ရှေ့တိုး၍ ယန်ကျင်းဇီ၏ဖုန်းကို ကြည့်လိုက်ပြီးနောက် အံ့ဩသွားသည် : ” ငါက ကူးချတာလား? ”
“ ကိုယ် ဂီတအကြောင်း သိပ်မသိဘူး... ဒါတွေနားထောင်ကြည့်။ ” ယန်ကျင်းဇီသည် အသံတစ်ပုဒ်ကို ဖွင့်လိုက်သည်။
ကျန်းယွင်ရှိူ့၏ မျက်ခုံးများ တွန့်ချိုးသွားသည် : “ ဒါက ငါ ‘Waning’ မှာ ထည့်ဖို့ အစက ရည်ရွယ်ထားတဲ့ အပိုင်းပဲ။ ”
“ ဒါကို ထပ်နားထောင်ကြည့်။ ” ယန်ကျင်းဇီသည် နောက်သီချင်းကို ဖွင့်လိုက်သည်။
ကျန်းယွင်ရှိူ့သည် နားထောင်လေလေ၊ ပိုပိုပြီး အံ့ဩရလေလေ ဖြစ်သည်။
သူသည် Twitter တွင် တင်ထားသော သီချင်းအပုဒ် သုံးဆယ်ခန့်ကို အားလုံးနားထောင်လိုက်သည်။ ၎င်းတို့ထဲမှ ခုနစ်ပုဒ်မှာ ‘Lights’ မှ ဖြစ်ပြီး ရှစ်ပုဒ်မှာ ‘Waning’ ထဲတွင် ရည်ရွယ်ထားသည့် သီချင်းများ ဖြစ်သည်။ ကျန်ရှိသော ဒါဇင်ကျော်ခန့်တွင် သုံးပုဒ်မှာ ယခင်က သူ ဖျက်သိမ်းပြီး မထုတ်ဝေထားသော သီချင်းများနှင့် အနည်းငယ် ဆင်တူသော်လည်း ပိုမိုပြည့်စုံနေသည်။ သူ မကြားဖူးသော ကျန်သီချင်းများမှာ သူ့စတိုင်နှင့် တူနေပြီး ၎င်းတို့မှာ သူကိုယ်တိုင် စိတ်ကူးထားသော တေးသွားများဟုပင် သူ့ကို တွေးမိစေသည်။
ဘာဖြစ်တာလဲ?
အခွေ ‘Lights’ ထွက်ပြီးတဲ့အချိန်နဲ့ မထွက်ခင်အချိန်က သူ ရေးစပ်ထားတဲ့ သီချင်းတွေပါ ရှိနေတာတောင် ဘာလို့ လူတစ်ယောက်က သီချင်းတွေကို အချိန်သုံးလစောပြီး ကြိုတင်ထားတာလဲ?
ကျန်းယွင်ရှိူ့ ပဟေဠိဖြစ်သွားသည်။
သူ့စကားကို ယန်ကျင်းဇီ ကြားသောအခါ သူသည်လည်း အံ့အားသင့်သွားသည် : “ ခဏလေး၊ မင်း ပြောတာက ဒီသီချင်းတွေထဲက တချို့ကို ဒီအကောင့် တင်
ပြီးမှ မင်း ရေးစပ်ခဲ့တယ်လို့လား? ”
“ ဟုတ်တယ်။ ” ကျန်းယွင်ရှိူ့က ပြောသည် : “ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေက ငါနဲ့ တိုက်ဆိုင်တာလား? ဒါပေမယ့် တိုက်ဆိုင်တယ်ဆိုရင်တောင် အရမ်းကြီးတူမနေသင့်ဘူး... ”
ကျန်းယွင်ရှိူ့၏ မျက်နှာတွင် သံသယများနှင့် ပြည့်နေသော်ငြား ယန်ကျင်းဇီတွင် ဤအချိန်၌ ခန့်မှန်းချက်တစ်ခု ရလာသည်။