Chapter 45
Viewers 5k

👥️Chapter 45



S မြို့တော် ပေရှင်းခရိုင်ရှိ သစ်တောဗီလာ၌ ...


“ညစာ စားရအောင် ...”


ယီချန်းယန်က ယန်အန်းယုကို ထမင်းစားခန်းထဲသို့ ဦးဆောင်ကာ ခေါ်လာလိုက်သည်။ 


အချိန်ပေးကာ ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် ဟင်းလျာများကို တွေ့လိုက်ရသည့်အခါ ယန်အန်းယု၏ မျက်ဝန်းတို့ တစ်မဟုတ်ချင်း ဝင်းလက်သွားလေသည်။


 ဝက်သားနီချက်၊ အမဲနံရိုးချိုချဉ်နှင့် ခရမ်းသီးနှပ်တို့သာမက ကြီးမားလက်ဆတ်သည့် ပုစွန်ကြီးများကိုလည်း တစ်ပန်းကန်အပြည့် တည်ခင်းထားကာ အိုးနှင့် ထည့်ထားသည့် ဂဏန်းသားစွပ်ပြုတ်ကလည်း အငွေ့တထောင်းထောင်း ထနေခဲ့သည်။ ထိုဟင်းလျာများကို ကြည့်ခြင်းအားဖြင့် ယီချန်းယန်သည် သူ ပြန်လာမည့်အချိန်ကို အထူးတလည် စောင့်မျှော်နေကာ အချိန်ကိုက် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း မြင်သာပေသည်။ 


ဗီလာထဲတွင် သူနှင့် ယီချန်းယန်မှအပ မည်သူမှ မရှိချေ။ 


အဓိပ္ပါယ်မှာ ဤညစာသည် ...


ထိုသို့ တွေးမိသွားသည့်အခါ ယန်အန်းယု၏ နှုတ်ခမ်းထောင့်စွန်းတို့သည် ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ကော့တက်လာခဲ့သည်။ 


“ယီချန်းယန် ကျေးဇူးတင်ပါတယ် ...”


“ဘာကို ကျေးဇူးတင်ရမှာလဲ ...”


သူက ထိုသို့ ပြောကာ ယန်အန်းယု၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ အတိတ်တွင် ဟင်းလျာမျိုးစုံကို ချက်ပြုတ်ကာ သူ့အား ပျော်ရွှင်စေရန် ကြိုးစားခဲ့ရသူမှာ ယန်အန်းယုသာ ဖြစ်ပေသည်။ သို့သော် ယခုမှစ၍ သူသည်လည်း ယန်အန်းယုကို ယခုထက်ပိုမိုကာ ပျော်ရွှင်လာစေရန် အစွမ်းကုန် ကြိုးစားတော့ပေမည်။ 


ညစာစားပွဲ၌ ... ဘဲသားဟင်းလျာတစ်ပွဲလည်း ပါရှိနေသေးပေသည်။ အရသာရှိကာ ကြွပ်ရွနေသည့် ဘဲသားကြော် ပန်းကန်ကို တွေ့လိုက်ရသည့်အခါ ယန်အန်းယုသည် သွားရည်များပင် စီးကျလုမတတ် ဖြစ်လာ၏။ 


ယီချန်းယန်က ပြုံးပြလိုက်၏။ သူ့မျက်နှာထက်တွင် အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်တို့ အနည်းငယ် ကိန်းအောင်းနေသည်။ 


“ဒါက ကိုယ့်အမေရဲ့ အကြိုက်ဆုံး ဟင်းတွေလေ ....”


ထိုစကားကို ကြားလိုက်သည့်အခါ ယန်အန်းယုသည်လည်း အနည်းငယ် အံ့ဩမိသွားသည်။ 


“အန်တီကလည်း ဘဲသားဟင်းကို ကြိုက်တယ်လား ...”


“အင်း .. ကြည့်ရတာ ကိုယ့်အကြိုက်က သူမဆီကနေ အမွေရတာထင်တယ် ...”


နှစ်လရာသီတို့ တစ်ဖြည်းဖြည်း ကုန်ဆုံးသွားကာ မိဘများ သေဆုံးချိန်မှစ၍ ယီချန်းယန်သည် သူ့မိဘများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ထုတ်ဖော်ပြောပြခြင်း မပြုခဲ့တော့ချေ။ သို့သော် ယခုတွင်မူ သူ့နှလုံးသားတံခါးကို တစ်ဖြည်းဖြည်း ဖွင့်ပေးမည့် သူတစ်ဦး ပေါ်ထွက်လာတော့၏။ 


“တောင်းပန်ပါတယ် မင်း ဘယ်ဟင်းတွေကို စားရတာ ကြိုက်မှန်း မသိတာနဲ့ ကိုယ် ...”


“ရပါတယ် ...”


ယန်အန်းယုက ခပ်ပြုံးပြုံး ပြောလိုက်၏။ သူ့မျက်ဝန်းများမှာ သိသိသာသာပင် ဝင်းလက်တောက်ပနေပေသည်။ 


“ယီချန်းယန် ... ချက်ပေးတဲ့သူက ခင်ဗျားဖြစ်နေသရွေ့ ကျွန်တော် ဘယ်လိုမဆို သဘောကျပါတယ် ...”


“အရသာရှိတယ် ... တကယ် တကယ်ကို အရသာရှိတယ် ...”


ယန်အန်းယုက အလုတ်ခပ်ကြီးကြီးတစ်လုတ် ခပ်စားကာ ဆီဝေ့နေသည့် နှုတ်ခမ်းများဖြင့် အားရပါးရ ချီးကျူးလိုက်သည်။ 


“တကယ်ကို .. အရေခွံလေးက ကြွပ်ရွပြီး အထဲက အသားကလည်း နူးညံ့နေတာပဲ နူးညံ့ပြီးတော့ အရသာရှိတယ် .. ကြွပ်ကြွပ်လေးနဲ့ ဆီတွေများပြီး အီနေတာမျိုးလည်း ဖြစ်မနေဘူး ...”


“ဟုတ်ပါပြီ .. ဒီလောက်ကြီး တခမ်းတနား ဖွဲ့နွဲ့မနေပါနဲ့တော့ ဒါက စားစရာတွေအကြောင်း ရိုက်ပြတဲ့ ပရိုဂရမ်လည်း မဟုတ်ဘူးလေ ...”


ထိုကလေး၏ အပြုအမူကြောင့် ယီချန်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ ထိုသို့ ပြောနေရင်း သူက ယန်အန်းယု၏ နှုတ်ခမ်းပေါ်ရှိ ဆီများကိုပါ သုတ်ပေးလိုက်သည်။ 


“ကျွန်တော်က တကယ် ပြောနေတာပါနော် ...”


“ဟုတ်ပါပြီ ...”


ယီချန်းယန်က ခေါင်းငြိမ့်ပြလိုက်၏။ သူ့တွင် ယန်အန်းယုနှင့် စကားနိုင်လုရန် အတွေး မရှိချေ။ S မြို့မှ ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာရမည့် ယန်အန်းယုသည် မလှုပ်မရှားနိုင်လောက်အောင်ပင် ပင်ပန်းနေလိမ့်မည်ဟု တွေးထားမိခဲ့သည်။ သို့သော် ထင်မှတ်မထားသည်မှာ တစ်ဖက်လူသည် သူ ထင်ထားသကဲ့သို့ ပင်ပန်းနွမ်းနယ်နေခြင်း အလျဉ်းမရှိသည့်အပြင် တက်ကြွလန်းဆန်းပြီး အစားစားချင်စိတ်များလည်း ထက်သန်ကောင်းမွန်နေသေး၏။ 


“နောက်တစ်ပန်းကန်လောက် ...”


ယီချန်းယန်က သူ့မျက်စိရှေ့ရှိ ထမင်းတစ်စေ့ပင် မကျန်အောင် ပြောင်ရှင်းနေသော  ပန်းကန်ကို ငေးကြည့်လျက် အံ့ဩစွာဖြင့် မေးလိုက်သည်။ 


“တကယ်ကြီးလား ...”


အခုတောင် သုံးပန်းကန်မြောက် ဖြစ်နေပြီလေ ထပ်စားရင် ဗိုက်ကြီး ပေါက်ထွက်လာတော့မလားတောင် မသိဘူး ...


“အင်း ...”


ယန်အန်းယုက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ 


“ပရိုဂရမ်အတွက် ရိုက်ကူးရေး လုပ်နေတုန်းက တစ်ခါတစ်လေဆို ရှဲ့ယန်ကျဲနဲ့အတူတူ စားရတယ်လေ သူမကလေ စားတဲ့သောက်တဲ့နေရာမှာတော့ တကယ်ကို ပါရမီရှင်ပဲ ပြီးတော့ အရသာရှိတဲ့ စားစရာတွေကိုလည်း အမြဲတမ်း ရှာတွေ့တယ် ဒီလိုနဲ့ ကျွန်တော်မှာလည်းပဲ အစားအသောက်နဲ့ ပတ်သက်ရင် ပါရမီရှိနေတယ်ဆိုတာကို သိလိုက်ရတာလေ ...”


ယီချန်းယန် “...”


ယီချန်းယန်မှာ ကူကယ်ရာမဲ့စွာဖြင့် ထမင်းတစ်ပန်းကန် ထပ်ခူးပေးလိုက်ရပြန်သည်။ 


“ကြည့်ရတာ ကိုယ်တော့ နောက်ထပ် ဟင်းပွဲနည်းနည်းလောက် ထပ်ချက်သင့်တယ် ထင်တယ် ..."


ယန်အန်းယုက ခေါင်းကို ချက်ခြင်း ယမ်းပြလိုက်သည်။ 


“အဲဒီလို လုပ်ပေးဖို့ မလိုပါဘူး တကယ်လို့ ဗိုက်မပြည့်သေးရင်တောင် အသီးတွေပဲ စားလိုက်လို့ ရပါတယ် ...”


“ဒါလည်း ကောင်းသားပဲ ...”


ယီချန်းယန်က ခေါင်းငြိမ့်ပြလိုက်ကာ စိတ်ထဲတွင်မူ စားသောက်ပြီးနောက် ယန်အန်းယုကို အစာကြေစေရန်အတွက် ခြံဝင်းထဲသို့ ခေါ်သွားပြီး လမ်းလျှောက်ခိုင်းရဦးမည်ဟု တိတ်တိတ်လေး တွေးနေလိုက်သည်။ 


“ဒါနဲ့ .. ယီချန်းယန် ကျွန်တော်လေ .. တအားကို အစားသောင်းကျန်းလွန်းနေတာလားဟင် ...”


ယန်အန်းယုက ရှက်အားကြီးစွာဖြင့် မေးလိုက်သည်။ 


“အင်း ...”


“ကျွန်တော် အများကြီးကို စားလိုက်မိသွားတာလား ...”


“အင်း ...”


ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရှက်စိတ်တို့ အားကြီးနေသော ယန်အန်းယုသည် ချက်ခြင်းဆိုသလို တူကို ချ၍ ပါးစပ်သုတ်လိုက်လေသည်။ 


“ကျွန် .. ကျွန်တော် ဗိုက်ပြည့်ပြီ ...”


ယီချန်းယန်က ပြုံးလိုက်ကာ အဆီမများသည့် နံရိုးဟင်းတစ်တုံးကို အသေအချာရွေး၍ သူ့ပါးစပ်နားသို့ ခွံ့လိုက်သည်။ 


“စားပါ .. မင်း ဒီထက်ပိုပြီး အများကြီး စားဦးမယ်ဆိုရင်တောင် .. ကိုယ်က ကျွေးထားနိုင်တုန်းပဲလေ ...”


ယန်အန်းယု၏ နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားရတော့၏။ အလျင်အမြန် ပါးစပ်ဟ၍ ခွံ့ကျွေးလာသော အသားတုံးကို ခပ်သွက်သွက် ယူစားလိုက်သည်။ သူ့မြင်လွှာတစ်ခုလုံးတွင် ခပ်ဖျော့ဖျော့ ပြုံးပြနေသည့် ယီချန်းယန်၏ ပုံရိပ်တို့ဖြင့် ပြည့်နှက်နေကာ မို့တက်နေသည့် ပါးနှစ်ဖက်မှာလည်း သိသိသာသာ မြင့်တက်သွားတော့သည်။ သူ့နှလုံးသားတစ်ခုလုံးကို ရှေ့တွင် ထိုင်နေသည့် အမျိုးသားက အကြားအလပ်မရှိ နေရာယူထားသည်။ 


****


ညကိုးနာရီခန့်တွင် ... ယန်အန်းယု ရေချိုးရန် ပြင်ဆင်နေခဲ့သည်။ 


ရေချိုးခန်းထဲမှ စီးကျနေသည့် ရေသံကို နားထောင်ရင်း .. အခန်းအပြင်ဘက်တွင် ဖုန်းကိုင်ကာ ထိုင်စောင့်နေသည့် ယီချန်းယန်သည် တစ်ဖြည်းဖြည်း အာရုံထွေပြားလာလေသည်။ တောင်စဉ်ရေမရ ဖြစ်နေသည့် အတွေးတို့ကိုလည်း မထိန်းချုပ်နိုင်၊ သူ့စိတ်အာရုံတစ်ခုလုံး ယန်အန်းယု၏ အဝတ်ဗလာကိုယ်နေဟန်ထားကို စိတ်ကူးယဉ်မြင်ယောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ 


ယန်အန်းယု၏ နူးညံ့သန့်ရှင်းလှသည့် လည်တိုင်၏ အောက်တွင် အကြည့်မလွှဲနိုင်စဖွယ် လည်ပင်းညှပ်ရိုးတစ်ခု ရှိနေခဲသည်။ ချစ်စဖွယ် နူးညံ့အိစက်နေမည့် ရင်ဘက်ပေါ်ရှိ အနီရောင် အသီးလေးနှစ်လုံး၊ .. ပြားကပ်နေသည့် ဝမ်းဗိုက်၊ နူးညံ့ဖြောင့်တန်းလှသည့် ခြေတံတစ်စုံနှင့် .. ၎င်းတို့၏ အောက်တွင်မူ  ... အလွန့်အလွန်ကို ထိတွေ့ကိုင်ကြည့်စဖွယ် ကောင်းလှမည့် မက်မွန်သီးသဏ္ဌာန် တင်ပါးတစ်စုံ ....


ဆယ်မိနစ်ကြာပြီးနောက် .. အခန်းထဲမှ ရေကျသံတို့ ရပ်တန့်သွားသည့်တိုင် ယန်အန်းယုက ထွက်မလာသေး။ နောက်ထပ် ငါးမိနစ်ခန့် ကြာသည်အထိလည်း အခန်းထဲမှ မည်သည့်အသံကိုမှ မကြားရသေးချေ။ 


“ယန်အန်းယု? …”


ယီချန်းယန်မှာ စိုးရိမ်စ ပြုလာတော့၏။ 


တုန့်ပြန်သံ တစ်စုံတစ်ရာကိုမှ မကြားရ။ 


ယီချန်းယန်က ရေချိုးခန်းတံခါးဝအထိ လျှောက်သွားလိုက်သည်။ ထို့နောက်တွင် ... ယန်အန်းယုက တံခါးကို လော့မချထားကြောင်း တွေ့လိုက်ရ၏။ တံခါးကို ဖွင့်၍ အထဲသို့ ဝင်လာလိုက်သည့်အခါ .. သိပ်သည်းလှသည့် ရေခိုးရေငွေ့တို့၏ အောက်တွင် ယန်အန်းယုသည် ခေါင်းကိုစောင်းကာ မျက်လုံးနှစ်ဖက်လုံးကို မှေးပိတ်လျက် ရေစိမ်ရင်း အိပ်မောကျနေကြောင်း တွေ့လိုက်ရတော့သည်။ 


ယီချန်းယန်က သက်ပြင်းချလျက် အနားသို့ ခပ်သွက်သွက် လျှောက်လာလိုက်သည်။ အိပ်ပျော်နေသူကို ရေကန်ထဲမှ ပွေ့ချီတော့မည်ပြုစဉ် တစ်ဖက်လူ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားလာခဲ့သည်။ 


“ယီ .. ယီချန်းယန်!!!! ...”


ယန်အန်းယုမှာ ပုခုံးနှစ်ဖက်လုံး တွန့်ကျုံ့သွားသည်အထိ အလန့်တကြား ဖြစ်သွားကာ ရေထဲသို့ ပိုမိုတိုးဝင်လျက် ကပျာကယာ ပုန်းအောင်းလိုက်သည်။ 


သူသည် တစ်ခဏမျှသာ မှေးစက်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ရေမှာ အလွန် နွေးထွေးလွန်းနေရာ .. များစွာပင်ပန်းနေသည့် ခန္ဓာကိုယ်ကြောင့် သတိလက်လွတ်ဖြင့် အိပ်မောကျသွားခဲ့ရသည်။ 


“ရေက အေးနေပြီ မြန်မြန်လေး ထွက်လာတော့ ...”


ယီချန်းယန်က သူ အအေးမိသွားမည်ကို စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ 


ဒီကလေးက .. ပုံစံလေးကြည့်တော့ လိမ္မာထက်မြက်မလိုလိုနဲ့ .. တစ်ခါတစ်လေကျ အူကြောင်ကြောင်လေး ...


ယန်အန်းယုက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ သူ၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို ဆပ်ပြာရေမြှုပ်များက ဖုံးလွှမ်းပေးထားကာ ခေါင်းတစ်ခုကိုသာလျှင် မြင်တွေ့နေရသည်။ 


“ယီချန်းယန် ခင်ဗျား အရင် ထွက်လိုက်ပါလား ...”


သူက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ 


သို့သော် .. ထင်မှတ်မထားစွာဖြင့် .. သူ့စကားများပင် မဆုံးသေး၊ ယီချန်းယန်၏ လက်မောင်းတို့က ရေကန်ထဲသို့ ရောက်ရှိလာက သူ့ကို ပွေ့ချီခေါ်ထုတ်သွားတော့သည်။ 


ကန်ထဲရှိ ရေအများစု လျှံထွက်သွားပြီး ရေချိုးခန်း၏ နေရာအနှံ့သို့ လွင့်စင်သွားကာ ယီချန်းယန်၏ ရှပ်အင်္ကျီနှင့် ဘောင်းဘီပင်လျှင် စိုရွှဲသွားတော့သည်။ ယီချန်းယန်၏ အကြည့်အောက်တွင် အဝတ်ဗလာဖြင့် ရှိနေရသည့်အတွက် ယန်အန်းယုသည် .. ရေနွေးပူဖြင့် အပြုတ်ခံထားရသည့်နှယ် ပူထူသွားသည်။


အတိုင်းအဆ မရှိသည့် ရှက်ရွံ့စိတ်ကြောင့် ရုန်းကန်လိုက်မိသော်ငြား .. မြဲမြံစွာ ပွေ့ချီထားသည့် ယီချန်းယန်ကြောင့် လုံးဝဥဿုံ ကူကယ်ရာ မဲ့နေရရှာ၏။ 


ဖြူလွလွ အသားအရေပိုင်ရှင်ကို ပွေ့ချီထားသည့် ယီချန်းယန်က ယန်အန်းယုကို ငုံ့ကြည့်လိုက်သည့်အခါ စိုရွှဲနေသည့် ဆံပင်များနှင့် ငွေ့ရည်ဖွဲ့တော့မည့်ဟန် ပြင်နေသည့် မျက်ဝန်းဝိုင်းကြီးများကိုသာ မြင်မိခဲ့သည်။ ထိုအခိုက်အတန့်၌ ယန်အန်းယု၏ ပုံစံမှာ ပိုမိုကာပင် နူးညံ့အပြစ်ကင်းစင်သည့်ဟန်မျိုး ဖြစ်နေပြီး မြင်ရသူအား သူ့ကို ရူးရူးမူးမူး ချစ်စေအောင် စွမ်းဆောင်နေသည်။ 


“မကြောက်ပါနဲ့ .. ကိုယ်လည်း အနှေးနဲ့အမြန် တွေ့ရမှာပဲဟာ ...”


သူက ပြောလိုက်သည်။ သူ့အသံမှာလည်း မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ သိသိသာသာ အက်ကွဲနေပေသည်။ 


မုန်လာဥနီသဖွယ်  နီမြန်းနေသည့် မျက်နှာထားနှင့် ယန်အန်းယုကမူ မျက်လွှာချထားခဲ့သည်။ ယီချန်းယန်၏ စကားများမှာ မှန်ကန်သော်ငြား .. နေသားမကျသည့် ယန်အန်းယုမှာ ရှက်ရွံ့မိနေဆဲပင်။ 


“အရမ်း ပင်ပန်းနေတယ် မဟုတ်လား ကိုယ်ပဲ ဆပ်ပြာတိုက်ပေးမယ်လေ ...”


ဤတစ်ကြိမ်တွင်မူ ယန်အန်းယုကလည်း ငြင်းဆန်မနေတော့၊ တိုးလျသည့် အသံတစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်တော့သည်။ 


ရေချိုးကန်ထဲသို့ ရေနွေးများ နောက်တစ်ကြိမ် ထပ်ဖြည့်ကာ ယီချန်းယန်သည် ယန်အန်းယု၏ ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်ပေးလိုက်သည်။ စိတ်ရှည်လက်ရှည်ဖြင့် ညင်သာစွာ ထိတွေ့ကိုင်တွယ်နေသည့် သူ၏ အပြုအမူမှာ သူ့နှလုံးသားထဲမှ တန်ဖိုးအထားရဆုံး ရတနာလေးကို ထိတွေ့ကိုင်တွယ်နေသည့်အလားပင်။ 


သူက ယန်အန်းယုသည် များစွာ စားသောက်ထားသည့်တိုင် ပါးအနည်းငယ် ဖောင်းလာသည်မှအပ သူ့ခန္ဓာကိုယ်ကမူ ကိုယ်အလေးချိန် တက်မလာဟု ခံစားမိနေခဲ့သည်။ 


ဒီလိုဆိုမှတော့ .. ရှေ့လျှောက် နည်းနည်းလောက် ပိုပြီး စားခွင့်ပေးလည်း ကိစ္စမရှိလောက်ပါဘူး ...


ယန်အန်းယုသည် လေ့ကျင့်ခန်းကို အစဉ်တစိုက် ကြပ်ကြပ်မတ်မတ် လုပ်လေ့ရှိသည့်အတွက် ဝမ်းဗိုက်ကြွက်သားနှင့် လှပသော ကောက်ကြောင်းတို့ကို ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ယခင်က သူ့ထံတွင် မရှိဖူးသည့် အရာဖြစ်ကာ ...


ယီချန်းယန်၏ အကြည့်တို့က သူ့ခါးထက် တစ်နေရာသို့ ကျရောက်သွား၏။ လက်ဖျားထိပ်များဖြင့်ပင် ထိုနေရာကို အကြိမ်ပေါင်းများစွာ ထိတွေ့နေလိုက်သေးသည်။ ယခုလက်ရှိအချိန်တွင် ထိုနေရာ၌ မည်သည့် အမာရွတ်မှ ရှိမနေခဲ့ချေ။ 



👥️