အပိုင်း ၁၅၆
Viewers 29k

Chapter 156


အမေရိကန်ပြည်ထောင်စု –


" ဟားဟားဟား ငါထင်တာတော့ သူမင်းနောက်ကို  လိုက်ချင်နေတယ်ထင်တယ် စိတ်မဆိုးပါနဲ့ ..."


ယခုနောက်ပိုင်း အလုပ်များနေသောဟန်ယွဲ့မှာ ရှဟန်းဆီမှ ဖုန်းတစ်ခုကြောင့် အပြေးရောက်ချလာသည်။


အကြောင်းစုံကိုသိပြီးနောက် စိတ်မပျော်မရွှင်ဖြစ်သွားသည်။


Playboyတစ်ယောက် မိန်းကလေးနောက်ကိုလိုက်သည့်နည်းလမ်းက အလွန်ထူးဆန်းမည်ဟု မထင်ထားခဲ့ပေ။


ကတ်သေးသေးလေးတွေ ... အဲ့တာလေးတွေနဲ့ လှည့်စားနေတယ်ပေါ့ ... ဒိတ်အောက်လိုက်တာ ...


" ရှင် ကျွန်မကို နောက်နေတာလား ... သူ ကျွန်မနောက်ကိုလိုက်နေလို့ ကျေးဇူးတင်ရမှာလား ... အဲ့လောက် အရှက်မရှိတဲ့လူကို မမြင်ဖူးဘူး ... ဒါက နှောင့်ယှက်မှုပဲ ..."

သူမ စိတ်တိုနေသည်။


ကတ်ပြားအသေးလေးများ ကိစ္စကိုဖြေရှင်းပြီး ဘာမှဖြစ်တော့မည်မဟုတ်ဟု သူမ ထင်ခဲ့မိသည်။


အဲ့ဒီမူမမှန်တဲ့ကောင်က သူမဆီကို နေ့တိုင်းလာမယ်လို့ ဘယ်သူသိမှာလဲ ...


အခုဆို ဟိုတယ်တစ်ခုတည်းမှာတောင် တူတူနေနေတယ် ... 


သူမကို တစ်နေကုန်ရှာနေပြီး လက်မလျှော့သေးပေ။


" အိုး ... ဒါပေမဲ့ရှအန်း ... မင်းတို့တွေ့တဲ့အချိန် သူ့ကိုရိုက်လိုက်လေ ... အဲ့ဒါဆို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် ..."


အံကြိတ်ထားသည့်ရှအန်းကိုကြည့်ကာ ဟန်ယွဲ့ရယ်ချင်လာသည်။


သူ ကိုယ်ချင်းမစာ၍ မဟုတ်ပေ။ ရှအန်း စိတ်ဆိုးသည်ကို ပထမဆုံးအကြိမ် မြင်ရသောကြောင့်ပင်။


ရှအန်းက တခြားလူများကိုသာ အမြဲတမ်း စိတ်ဆိုးအောင်လုပ်တတ်သည့်လူစားမျိုးဖြစ်သည်။


ယခုအခါ၌ ရှအန်း၏ပုံစံက ထူးဆန်းနေသည်။ 


ထို့ကြောင့် သူ့ကိုဝမ်းသာစေသည်။


" အဲ့လောက် အရေထူတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး ... "

ရှအန်းက ရိုက်နှက်သည့်အကြောင်းပြောသည့်အခါ သရော်လိုက်သည်။ သူမက ဒေါသထွက်သည့်အခြေအနေရောက်နေပြီဖြစ်သည်။


တဲလက်စ်က ထိုနှာဘူးဟု သိခဲ့ပါက ရွှေရောင်ဆံပင်နှင့်နှာဘူးကို တိုက်ရိုက် လျစ်လျူရှု့ထားခဲ့မည်ဖြစ်သည်။


သူတို့ ပထမဆုံးအကြိမ်တွေ့ခဲ့ရသည်က သူမကို သူ့က စိတ်အနှောင့်အယှက်ပေးခဲ့သောကြောင့်ပင်။ ထိုလူက တဲလက်စ်ဟု သိခဲ့သောအခါ  သူမဒေါသများကို မထိန်းချုပ်ပဲ ရိုက်နှက်ဖြစ်ခဲ့သည်။


ရလဒ်ကို မမျှော်လင့်ထားခဲ့ပေ။ ထိုလူက ရိုက်နှက်ခံရသော်လည်း သူမကိုမကြောက်သည့်အပြင် သူမကိုပို၍ကြိုက်သွားသည်ဟု ပြောခဲ့သည်။


အကယ်၍ ကမ္ဘာပျက်ကပ်နေ့ရက်များကသာဖြစ်ခဲ့ပါက ရှအန်း ဘာမှမပြောတော့ပဲ ထိုလူက သတ်ပစ်မည်ဖြစ်သည်။


ဒါပေမဲ့ အခုက ကမ္ဘာပျက်ကပ်နေ့ရက်မဟုတ်တော့ဘူးလေ.....


"..."


သူမ ဘာမှမလုပ်နိုင်ပေ။ သတ်၍လည်း မရသောကြောင့် လျစ်လျူရှုနေရသည် 


ထို့နောက် ထိုလူက သူမနှင့် ဘေးချင်းကပ်အခန်းသို့ပြောင်းလာသည်။ အစီအစဉ်ရိုက်ကူးချိန် အပြင်ထွက်တိုင်း စိတ်ရှုပ်စရာလူနှင့် မျက်နှာချင်းဆိုင် ဆုံနေရသည့်အတွက် ရူးချင်စိတ်ပေါက်လာသည်။


" မရဘူး ... ကျွန်မ ဟိုတယ်ပြောင်းမယ် ..."

သူမ ဤနေရာမှ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ 


" ဟိုတယ်ပြောင်းမလို့လား ... ဒါပေမဲ့ ဒီတစ်ပိုင်းရိုက်တာ မပြီးသေးဘူးလေ ..."

တဲလက်စ်ကို ရှအန်း ထိုမျှ မုန်းတီးနေမှန်း သူမထင်ခဲ့မိပေ။ 


အမျိုးသမီးတိုင်းက ကြည့်ကောင်းသည့် ကောင်လေးများကို နှစ်သက်သည်ဟု ထင်ခဲ့သည်။ တဲလက်စ်က ချောမောသည့်အပြင် အခြားမိန်းကလေးများအား ရှအန်းနောက်ကို လိုက်သကဲ့သို့ မလိုက်ခဲ့ဖူးပေ။


သို့ရာတွင် ရှအန်းက ထိုလူကို အလွန်စက်ဆုပ်နေသည်။ 


" ကျွန်မ ဂရုမစိုက်ဘူး ... ရိုက်ကူးရေးမပြီးသေးလည်း ဒီဟိုတယ်ကပြောင်းဖို့ ဆုံးဖြတ်ထားပြီးပြီ ... ပြီးတော့ ရိုက်ကူးရေးက ပြီးသွားပြီမဟုတ်ဘူးလား ..."

ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမမျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။


" အိုကေ အိုကေ ပြောင်းကြတာပေါ့ ..."

ဟန်ယွဲ့  ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ဒီတစ်ခေါက် ကျွန်မ ဘယ်နေရာမှာနေမယ်ဆိုတာ ပေါက်ကြားလို့မဖြစ်ဘူးနော်ဟန်ယွဲ့ ... အဲ့နှာဘူးကိုထပ်တွေ့ရင် ဆက်မရိုက်တော့ဘူး ..."

ရှအန်း ဒရောသောပါးဖြင့် ပြောလိုက်သည်။


သို့မဟုတ်ပါက သူမ ဟိုတယ်ပြောင်းလိုက်သော်လည်း အချည်းနှီးသာဖြစ်လိမ့်မည်။


" အင်းပါဟုတ်ပါပြီ စိတ်အေးအေးနေပါ ... ဒီတစ်ခါတော့ ဘယ်သူမှ မသိစေရဘူး ..."

ဟန်ယွဲ့ ခေါင်းခါလိုက်သည်။


ဟန်ယွဲ့ သိလိုစိတ်ဖြင့်မေးလိုက်သည်။ 

" ဒါပေမဲ့ ရှအန်း မင်းတစ်ယောက်ယောက်နဲ့ ချစ်ကြိုက်ပြီး တစ်နေ့မှလက်ထပ်ဖို့ စိတ်မကူးထားဘူးလား ..."


" ချစ်ရမယ် လက်ထပ်ရမယ်တဲ့လား ... တစ်ခါမှ မတွေးဖူးဘူး ..."

ရှအန်း လက်မခံနိုင်စွာဖြင့် ပြောလိုက်သည်။


" တစ်ယောက်ယောက်နဲ့ချစ်ပြီး လက်ထပ်ဖို့ထက်စာရင် စားလိုက် အိပ်လိုက် လုပ်နေတာပိုကောင်းတယ် ...ဘာလို့ အချိန်ကုန်ခံရမှာလဲ ... ကျွန်မ လက်ထပ်လိုက်ရင် ပိုင်ဆိုင်မှုတစ်ဝက်ကို တခြားလူ‌နဲ့ ဝေမျှသုံးနေရမှာပေါ့ ..."


ဟန်ယွဲ့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားသည်။ ခဏတာခန့် ဘာပြောရမည်မသိ ဖြစ်သွားသည်။


အသက်ပြင်းပြင်းရှုပြီး နူးညံ့စွာပြောလိုက်သည်။ 

" ရှအန်း မင်းလက်ထပ်ဖြစ်ခဲ့ရင် မင်းထက်ချမ်းသာတဲ့လူကိုရှာလေ ... အဲ့ဒါမှ မင်းရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို သူ့မျက်လုံးထဲ မရှိမှာ ..."


" ဟဲလို ဟန်ယွဲ့ ရှင်ကျွန်မကို အထင်သေးနေတာလား ..."

ထိုစကားများကို ကြားသည့်အခါ စိတ်မသက်မသာဖြစ်သွားသည်။


" ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေက သူ့ထက်နည်းမယ်လို့ ရှင်ဘယ်လိုသိလဲ ... တခြားယောကျာ်းရဲ့ ပိုင်ဆိုင်မှုကိုမက်ပြီး ဘယ်တော့မှလက်မထပ်ဘူး ... ရှင့်ကိုပြောလိုက်မယ် ကျွန်မ တစ်ယောက်ယောက်ကိုလက်မထပ်ဘဲ ကိုယ့်ဘာသာ ကောင်းကောင်းမွန်မွန်ရပ်တည်နိုင်တယ် ..."


ရှအန်း စိတ်ဆိုးမာန်ဆိုးပြောနေချိန်မှာပင် အကောင်ပေါက်လေးနှစ်ယောက်က ကျောင်းမှပြန်ရောက်လာပြီး နောက်ဆုံးစကားတစ်ခွန်းကိုကြားလိုက်သည်။


"လက်ထပ်" ဟူသည့်စကားအပေါ် သူတို့၏ တုံ့ပြန်မှုများက မြန်ဆန်လှသည်။


" ဘာ ... မမနတ်သမီးက လက်ထပ်တော့မှာလား ..."


" မာမား ကြိုက်တဲ့သူ ရှိနေပြီလား ..."


အကောင်ပေါက်လေးနှစ်ယောက်က ဖိနပ်များပင် မလဲတော့ပဲ သူမထံသို့ စိတ်လှုပ်ရှားစွာပြေးလာသည်။ ရှအန်းနှင့် ဟန်ယွဲ့ အားရပါးရ ရယ်လိုက်မိသည်။


အထူးသဖြင့် ဟန်ယွဲ့မှာ ဝါးလုံးကွဲ ရယ်နေသည်။ 


" မမနတ်သမီး လက်ထပ်မှာကို သားခွင့်မပြုဘူးနော် ... တစ်ယောက်ယောက်ကို လက်ထပ်ချင်ရင် သားကို လက်ထပ်လေ ..."

ကုရှုမော့၏စကားများကြောင့် ဟန်ယွဲ့ပို၍ကျယ်လောင်စွာရယ်လိုက်သည်။


အသက်ရှုမဝဖြစ်သည်အထိ သူရယ်နေသည်။


" ကုရှုမော့ ပါးစပ်ပိတ်ထားစမ်း ..."

ရှရှင်းချန်က ကုရှုမော့၏စကားများကိုကြားပြီး သု့ကိုဖိထားလိုက်သည်။


၎င်းက ရှအန်းနှင့် ဟန်ယွဲ့ကြားမှ ဟာသတစ်ခုသာဖြစ်သည်။ ကလေးနှစ်ယောက် ပြန်ရောက်လာသည့်အတွက် ပို၍ရယ်စရာကောင်းသွားသည်။


ကလေးနှစ်ယောက်မှာ ရန်ဖြစ်နေသည့်အတွက် ဟန်ယွဲ့ အရယ်မရပ်နိုင်တော့ပေ။


ရှအန်း အကောင်ပေါက်လေးနှစ်ယောက်ကို ခွဲထုတ်လိုက်သည်။


" မင်းတို့ ရန်မဖြစ်နဲ့တော့ ... ရန်ဖြစ်မယ်ဆို အပြင်ထွက်သွားကြ ..."


ရှအန်းက ရှရှင်းချန်၏ ခေါင်းကို ပုတ်ပေးနေသည်။


" မာမား ..."

ရှရှင်းချန်  ရှအန်းကိုခေါင်းမော့ကြည့်ကာ လေသံဖျော့ဖျော့လေးဖြင့် ခေါ်လိုက်သည်။


" မာမား တကယ်လက်ထပ်တော့မှာလား ... မာမား လက်ထပ်သွားရင် ရှောင်ရှင်းတော့ ..."


‌ရှရှင်းချန်၏ သနားစဖွယ်ပုံစံလေးကြောင့် ရှအန်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။


" အဓိပ္ပါယ်မရှိတာတွေ မာမားလက်ထပ်မယ်လို့ ဘယ်သူပြောလဲ ..."


" တကယ်လား ..."

သူ၏မျက်လုံးများ တောက်ပသွားသည်။ ခဏအကြာတွင် သူမအင်္ကျီစလေးကိုဆွဲပြီး တီးတိုးပြောလိုက်သည်။


" ဘာပဲဖြစ်ဖြစ် မာမားပျော်မယ်ဆိုရင် လက်ထပ်လို့ရပါတယ် ဒါပေမဲ့ ရှောင်ရှင်းက မာမားနဲ ခွဲမနေချင်ဘူး ..."


" ငတုံးလေး ဘာတွေတွေးနေတာလဲ ... မာနားလကါမထပ်ပါဘူးဆို ... အခုလည်း မာမားပျော်နေတာပဲ ..."


" တကယ်လား အခုလည်း မာမားပျော်‌တယ်ပေါ့နော် ..."


သားအမိနှစ်ယောက် နွေးထွေးစွာပွေ့ဖက်နေကြသည်ကိုကြည့်ပြီး ဟန်ယွဲ့သက်ပြင်းချလိုက်သည်။


သူ၏စိတ်ထဲတွင် ရှအန်းလက်မထပ်ရသည့် အကြောင်းအရင်းမှာ ရှရှင်းချန်ကြောင့်ဟု ထင်မိသည်။ ရှအန်းက မိခင်ကောင်းတစ်ယောက်ဟု သူတွေးလိုက်မိသည်။


သို့ရာတွင် ၎င်းကိစ္စက ရှရှင်းချန်နှင့် မသက်ဆိုင်နေပေ။ သူမက တစ်ကိုယ်ကောင်းဆန်စွာဖြင့် တစ်ယောက်တည်း ပျော်ရွှင်စွာနေထိုင်ရသည်ကို နှစ်သက်သူသာဖြစ်သည်။


သူမ တစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်မိပြီး လက်ထပ်လိုပါကလည်း မည်သူမျှတားနိုင်မည်မဟုတ်ပေ။


ကမ္ဘာပျက်ကပ်နေ့ရက်များတွင် သစ္စာဖောက်ခံရပြီးနောက် ရှအန်းတစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်နိုင်မည်ဟု မခံစားရတော့ပေ။


" မမနတ်သမီး ရှရှင်းချန်က ချစ်စရာလေး ဟိ ..."


ဘေးမှ ကုရှုမော့က ရှရှင်းချန်၏ နူးညံ့သောပုံစံကို အတုခိုးနေသည်။ သူသည်လည်း စောဒက တက်ချင်နေသည်။