Chapter 88
Viewers 4k

Chapter 88

ကားထဲတွင် ရစ်ရစ်မူးမူး နမ်းရှုံ့နေကြခြင်း (2)




ချူဟွိုက်က ရုပ်ရှင်ကမ္ဘာထဲသို့ ပထမဆုံး ဝင်သွားသည့်အချိန် သူက ချက်ချင်းနှိုးဆော်လာသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည် [ တိုင်ပတ်ကနေရင်း ဘားမှာ မင်းရဲ့ ကောင်လေး 'ကျိုးလင်း' လာကြိုမှာကို စောင့်နေပါ]   


သို့သော်လည်း သူက ကျင်းထျန်းယိနှင့် လက်ချင်းချိတ်ပြီး ဘားအပြင်ထွက်လာသည်နှင့် ထိုစာတန်းက ပျောက်သွားလေသည်။


[မြေအောက်ကားပါကင်ဆီ သွားပြီးတော့ ချိန်းထားတဲ့ ဗီလာဆီ ကားမောင်းသွားပါ]


သူတို့လိုအပ်သည့် အရာတိုင်းက ကားထဲတွင် ရှိလေသည်။ ဗီလာက ဝေးလံသော နေရာတွင် ရှိ၍ ကျိုးလင်းနှင့် သူ့သူငယ်ချင်းတို့က စနေ့နေ့တွင် ကျရောက်သော သူ့မွေးနေ့ကို အဆင်ပြေပြေကျင်းပနိုင်ရန်အတွက် သောကြာနေ့ည ထွက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။


မြေအောက်ကားပါကင်က မှောင်မည်းနေသည်။ ချူဟွိုက်က သူ့ကားကို ရှာလိုက်ပြီး ဖိနပ်အပါးပြောင်းစီးပြီးနောက် မောင်းသူခုံပေါ် တက်ထိုင်လိုက်သည်။ 


သူက စထွက်ရန်ပြင်လိုက်ချိန် နောက်ထပ်အမိန့်စာတစ်ခု ရောက်လာသည် [ ကားထဲမှာ စွဲမက်ဖွယ်အနမ်းတစ်ခု ပေးပါ]


ကားစတီယာရင်ကို ကိုင်ထားသည့် ချူဟွိုက်လက်များ ရုတ်တရက် တုန်ယင်သွားရသည်။

  

[သရုပ်ဆောင်များ ရုတ်တရက် ထလုပ်ရမှာ ဖြစ်ပါတယ်....ဇာတ်ကြောင်းရဲ့ ရည်ရွယ်ချက်က နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြဖို့ဖြစ်ပါတယ်....ဒုတိယမြောက် ရည်ရွယ်ချက်က ဇာတ်ကောင်ရဲ့ စိတ်နေသဘောထားကို ပြဖို့ဖြစ်ပါတယ်....]


ကျင်းထျန်းယိက ချူဟွိုက်ကို ကြည့်လိုက်မိသည်။ သူလည်း ထိုအမိန့်စာကို ရလိုက်၍ဖြစ်သည်။


ချူဟွိုက်က တစ်ဆင့်ချင်း ခေါင်းလှည့်လာရင်း သားရေထိုင်ခုံကို တင်းတင်းဆုပ်ကိုင်ထားကာ ဘာလုပ်ရမှန်း သေချာမသိတော့သလို နားရွက်များပင် အနည်းငယ် နီရဲလာသည်။


သူ့ဇာတ်ကောင်အတိုင်းဆိုလျှင် သူ့ဘက်က စရမည်ဖြစ်သည်။


ကျင်းထျန်းယိက သူ့ကို ခက်ခဲအောင် မလုပ်ချင်၍ တိုးတိုးကပ်ပြောလာသည် " ကိုယ် လုပ်လိုက်မယ်...."


ချူဟွိုက်က တစ်ခဏမျှ အံ့သြသွားသော်လည်း ကျင်းထျန်းယိက သူ့ခါးကို ဆွဲကိုင်လိုက်ပြီး အနားဆွဲယူလိုက်ကာ ချိုချိုသာသာ ပြုံးပြလာသည် " မမ....ဒီည အရမ်းလှနေတာပဲဗျာ...." 

  

ကျိုးလင်းက အမှန်ပင် အထင်ကြီးလောက်စရာကောင်းသည့် ပုံစံနှင့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ တည်ကြည်ပြတ်သားပြီး တန်ဖိုးကြီးမားသည့် မျက်နှာအစိတ်အပိုင်းများနှင့် နှစ်လိုဖွယ်မျက်နှာ ချောချောကို ပိုင်ဆိုင်ထားပြီး မျက်လုံးစွန်းတို့ တွန့်ကွေးသွားသည့်အချိန် ချိုမြိန်မှုများ ပျော်ဝင်နေသည့် ရိုးရိုးသားသား အကြည့်လေးတစ်ချက် ပေါ်လာသည်။


ချူဟွိုက်က ကျင်းထျန်းယိ၏ ဇာတ်ကောင်ကို ချက်ချင်း နားလည်သွား၍ တုန်တုန်ယင်ယင်နှင့် သူ့အနမ်းကို ယောင်တောင်တောင် ပြန်တုံ့ပြန်ပေးလိုက်ရသည်။ သူက ဇာတ်ကောင်၏ စိတ်နေသဘောထားကို ပြရန်လုပ်နေရသည့်အတွက် ရှက်စိတ်ရော ဒေါသပါ ပေါင်းထွက်လာသည်။ 


ကားရေဆေးတံပေါ်တွင် အရိပ်မည်းကြီးတစ်ခုက တွဲလောင်းကျနေပြီး အေးစက်စက်မျက်လုံးနက်များက ကားမှန်ကို စင်ကော်ကပ်သလို ကပ်ထားပြီး ကားထဲရှိ အရာတိုင်းကို စောင့်ကြည့်စစ်ဆေးနေသည်။


ချူဟွိုက်က ဘေးဘီကို ကြည့်လိုက်ရာ မျက်လုံးဟောက်ပက်ကြီးများကို တွေ့လိုက်ရသည်။ သူက တစ်စက္ကန့်မျှ အံ့သြသွားသော်လည်း အမြန် တုန့်ပြန်မိပြီး ကျင်းထျန်းယိကို တွန်းထုတ်ကာ အာခေါင်ခြစ် အော်လိုက်မိသည်။


" ဘာဖြစ်လို့လဲ...." ကျင်းထျန်းယိက စိုးရိမ်တကြီး သူ့လက်ကို ဖမ်းကိုင်လာရင်း မေးလာသည်။


ချူဟွိုက်က ကားမှန်ဘက်ကို ညွှန်ပြလိုက်ရာ အရိပ်မည်းကြီးက ပျောက်သွားပြီ ဖြစ်သည်။ သူက တုန်တုန်ယင်ယင်နှင့် ပြောလာသည် 


" အခုလေးတင် မမတို့ကို လှမ်းကြည့်နေတဲ့ မျက်လုံးကြီး ပေါ်လာတာ...."


ကျင်းထျန်းယိက မော့ကြည့်လိုက်ပြီး မရေမရာ ပြုံးပြလိုက်သည် " မမရာ....စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ....ထင်ယောင်ထင်မှား ဖြစ်နေတာပဲ.....”


“ ထင်ယောင်ထင်မှား ဖြစ်တာလား...အင်း...ဟုတ်လောက်မှာပါ...."ချူဟွိုက်က အသက်ပြင်းပြင်းရှူလိုက်ပြီး မသက်မသာ ခံစားရသည်။


ဤအပိုင်းက ပြီးဆုံးသွားပြီ ဖြစ်၍ ကျင်းထျန်းယိခေါင်းထဲ သွေးစာတန်းက ရုတ်တရက် ပေါ်လာသည် [ မင်းရဲ့ စူပါသရုပ်ဆောင်စွမ်းရည်ကြောင့် ဒါရိုက်တာက နည်းနည်းသဘောကျလာပြီ]


ချူဟွိုက်က ဗီလာဆီ မောင်းသွားလိုက်ရင်း ကျင်းထျန်းယိကလည်း မျက်လုံးအောက်ပို့ပြီး သေသေချာချာ စဥ်းစားနေမိသည်။


ဒါရိုက်တာက သဘောကျလာတယ်...အဲ့ဒါ ဘယ်လိုမျိုးလဲ....


ဒါရိုက်တာလား....


သူ့အတွက်ကလည်း ရုပ်ရှင်ရိုက်သည့် မစ်ရှင်မျိုးတွင် ပါဝင်ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်နေ၍ ဇာတ်ကြောင်းနှင့် အလှည့်အပြောင်းများကို သိပ်မရင်းနှီးပေ။


ထိုအချိန် သွေးစာတန်းက အလျင်အမြန် ရှင်းပြပေးလာသည် [ ဒါရိုက်တာရဲ့ သဘောကျမှုကို သုံးကြိမ်ရရှိမယ်ဆိုရင် ပစ်မှတ်Nအတွက် အလှဲအလှယ် လုပ်လို့ရမှာ ဖြစ်ပါတယ်]


ကျင်းထျန်းယိက "ပစ်မှတ်N"ကို ရှင်းပြပေးရန် စောင့်ဆိုင်းနေသော်လည်း နောက်ထပ် စာတန်းပေါ်မလာတော့ပေ။


သို့သော်လည်း သူ အခုလေးတင် မြင်လိုက်ရသည့် အရာကြောင့် ကောင်းသည့်အရာ ဖြစ်မည်ဟု တွေးလိုက်မိသည်။ သူ ကောင်းကောင်း သရုပ်ဆောင်ဖို့ လိုအပ်သည်ပင်။


တစ်ဖက်တွင်လည်း ကျန်သည့် ပြိုင်ပွဲဝင်ငါးယောက်က ပရိတ်သတ်အတွက် အစပိုင်းသရုပ်ဆောင်ချက်များကို လုပ်ပြီးသွားကြပြီ ဖြစ်သည်။


သူတို့က လမ်းညွှန်ထားသည့်အတိုင်း သွားနေရင်း တစ်စတစ်စ ဝေးဝေးရောက်နေပြီ ဖြစ်သည်။


ချူဟွိုက်က ပြောလာသည် " ထူးဆန်းတယ်..." 


" ဘာဖြစ်လို့လဲ...." ကျင်းထျန်းယိက ဗီလာသွားမည့်အကြောင်း အတန်းဖော်များနှင့် QQဂရုချက်ထဲတွင် စာပို့နေခြင်း ဖြစ်သည်။


ချူဟွိုက်က ရေရွတ်လိုက်သည် " နေရာကို ကြည့်တုန်းက အကွာအဝေးကို သေချာအာရုံစိုက်မိတယ်....ဘားကနေဆို သုံးဆယ်ကီလိုမီတာပဲ ဝေးပေမယ့် အခုက တစ်နာရီလောက် မောင်းနေရတယ်....ညမှောင်နေပြီဆိုတော့ ယာဥ်ကြောပိတ်ဆို့မှုလည်း မရှိပါဘူး....ဒီလောာက်ထိ နှေးမနေသင့်ဘူး....မောင်းတဲ့နှုန်းကလည်း မှန်ပါတယ်...."


ကျင်းထျန်းယိက ဂရုမစိုက်ပဲ ပြုံးပြလာသည် " မမ အမှတ်မှားတာ များလား...."


“ ဟုတ်မှာပါလေ....ငါ့မှတ်ဥာဏ်ကလည်း သိပ်ကောင်းတာ မဟုတ်ပါဘူး...."


သူတို့က ဗီလာကို သွားကိုသွားရမည် ဖြစ်သည်။ သူတို့က ကင်မရာက မည်သည့်နေရာကို ချိန်ထားမှန်း မသိ၍ တစ်ချိန်လုံး သတိကပ်ထားရင်း ဇာတ်ကောင်ပုံစံအတိုင်း နေပေးကာ တစ်ယောက်ကိုတစ်ယောက် သတင်းအချက်အလက်များ ပြောပြရမည် ဖြစ်သည်။


ချူဟွိုက်က သူ ဖုန်းကစားနေသည့်သူ့ကို မြင်လိုက်၍ မေးလိုက်သည် " မင်းရဲ့ သူငယ်ချင်းတွေရော ရောက်ကြပြီလား...."


" ငါးယောက်ကတော့ အတူတူသွားဖို့ ချိန်းထားကြတာ....အခု တစ်ယောက်ကျန်နေလို့ စောင့်နေကြတာတဲ့...."

 

ရှန်ဟွိုက်၏ အမိန့်ကြောင့် ကျိုးလင်းမှာ ပိုက်ဆံစုပြီး အပြင်မှာ နေနိုင်သည်နှင့် အိပ်ဆောင်မှ ပြောင်းခဲ့ရလေသည်။ သူ၏ သူငယ်ချင်း ငါးယောက်က အိပ်ဆောင်တွင် နေသေး၍ အတူတူထွက်လာဖြစ်သွားသည်။


ချူဟွိုက်က ညုတုတုအသံနှင့် ပြောလာသည်


 " မင်းငါ့ကို သူတို့အကြောင်း မိတ်ဆက်ပေးထားပါလား....သူတို့တွေ့တဲ့အချိန်ကျ စိတ်လှုပ်ရှားနေမှာစိုးလို့....တကယ်တမ်း သူတို့က မင်းရဲ့သူငယ်ချင်းတွေ ဆိုတော့ ထင်မြင်ချက် ကောင်းကောင်းလေး ရချင်တယ်လေ...."

 

ကျင်းထျန်းယိက ချူဟွိုက်နှင့် အကြောင်းအရာချင် ဖလှယ်ဖြစ်သွားသည် " မိန်းမအတွင်းခံ....အေကျိုက်နဲ့ မျောက်ဖင်နီတို့က ကျွန်တော့်ရဲ့ အခန်းဖော်ဟောင်းတွေပါ...."


" မိန်းမအတွင်းခံ....အဲ့ဒီ နာမည်ပြောင်က....." ချူဟွိုက်က ရယ်လိုက်မိသည်။

 

ကျင်းထျန်းယိကလည်း လိုက်ရယ်မိသည် " ဟုတ်တယ်....ဘာလို့လဲဆိုတော့ သူက အမြဲတမ်း dating appတွေပေါ်က  ကောင်မလေးတွေနောက် လိုက်နေလို့လေ....ပြီးတော့ နဂိုဆံပင်ကလည်း အတွန့်တွေနဲ့ဆိုတော့ အဲ့ဒီနာမည် ပေးလိုက်တာ...."


" သူက မင်းလိုပဲ ချောလား..." ချူဟွိုက်က စနောက်လိုက်သည်။


ကျင်းထျန်းယိက ပြုံးပြလိုက်သည် " ဘယ်လိုလုပ် ချောမှာလဲ....သူသာ ကျွန်တော့်လို ချောတယ်ဆိုရင် မမနဲ့တွေ့ဖို့ မိတ်ဆက်ပေးပါ့မလား...."

 

“ဖိုးပြောချိုလေးပါလား...မင်းက...."


"ပြီးတော့ အေကျိုက်ကရော....ဂိမ်းဂျိုးလေးလား...."


" ဟုတ်တယ်....သူ့မျိုးရိုးနာမည်က ကျိုက်လေ....သူက ဂိမ်းဆော့ရတာ ကြိုက်တယ်...ပြီးတော့လည်း အခန်းအပြင်မထွက်ပဲ အပြင်စာ မှာစားတာလေ...ဒါကြောင့် သူ့ကို အဲ့လိုခေါ်တာ...."


ချူဟွိုက်သည် လော့ဇီယန်က ဘယ်တစ်ယောက်လည်း သိချင်နေမိသည်။


" ပြီးတော့ မင်းနဲ့ ကောင်မလေး နှစ်ယောက်ကရော ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ...." ချူဟွိုက်က ဆက်မေးလိုက်သည်။


ကျင်းထျန်းယိက ခေါင်းစောင်းလိုက်ပြီး ချိုချိုသာသာ ပြုံးပြလာသည် " မမ....သဝန်တိုနေတာလား...."


ကျိုးလင်းက ရှန်ဟွိုက်၏ လိင်ကို သိထား၍ "မမ"က အပြောသဘော ခေါ်နေခြင်းသာ ဖြစ်သည်။


မတိုင်မီက ကျင်းထျန်းယိမှာ ဇာတ်လမ်းထဲတွင် ကျိုးလင်းက ဂေးတစ်ယောက် ဖြစ်ပြီး ဘော့စ်မမနဲ့တွဲရခြင်းအပေါ် အံ့သြပြီး ဝေခွဲမရဖြစ်ခဲ့သေးသည်။ သို့သော်လည်း သူက ချူဟွိုက်ကို တွေ့လိုက်ရသည့်အချိန် နားလည်သွားပြီ ဖြစ်သည်။


ချူဟွိုက်၏ ဇာတ်ကောင်က cross-dresser နှင်းဆီနီအမျိုးသား တစ်ယောက် ဖြစ်မည့်ပုံပင်။


ရှန်ဟွိက်က ကျိုးလင်းနှင့် ပေါ်ပေါ်ထင်ထင် တွဲပြချင်၍ မိန်းမလို ဝတ်စားထားခြင်းပင်။ အမှန်တွင်လည်း ကျိုးလင်းက သူ့ဂုဏ်သတင်းကို ဂရုစိုက်သည့်သူမျိုး ဖြစ်နေ၍ပင်။


ချူဟွိုက်က မျက်ခုံးပင့်လိုက်ရင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည့်ပုံနှင့် ပြောလာသည် " ဒီမမရဲ့အလှက သူများတွေထက် ပိုသာတယ်....သူတို့လို ရွက်ကြမ်းရေကျိုရုပ်တွေက ငါ့ကို လာယှဥ်လို့ရပါ့မလား...." 


“ ဟုတ်တယ်....ဟုတ်တယ်...." ကျင်းထျန်းယိက ပြုံးလိုက်ပြီး သံယောင်လိုက်ပြောလာသည် " မမရဲ့အလှကို လွှမ်းမိုးသွားမယ့်သူမျိုး ကျွန်တော် မခေါ်လာရဲပါဘူးဗျာ....တစ်ယောက်က အိုတာကု(အိမ်တွင်းပုန်း) မိန်းကလေးသူငယ်ချင်း တစ်ယောက်ပါ....ကျန်တစ်ယောက်က မိန်းမအတွင်းခံကောင်ရဲ့ ပစ်မှတ်အသစ်လေးလေ....ကျွန်တော်တို့က ဒီအခွင့်အရေးကို သုံးပြီး သူတို့ကို အောင်သွယ်ပေးချင်လို့ပါ...."


ကျင်းထျန်းယိက မိတ်ဆက်လို့ မပြီးသေးခင် လမ်းဆုံး၌ ဗီလာတစ်ခု ပေါ်လာသည်။


ပုံမှန်အတန်းလိုက် ဗီလာမျိုး မဟုတ်ပဲ ယခုဗီလာက သစ်ပင်အုပ်ထဲ ထီးထီးကြီးရှိနေပြီး ယိုယွင်းပျက်စီးကာ ဟောင်းနွမ်းနေသည့်ပုံပေါ်သည်။ ဗီလာအပြင်ဘက်က အုတ်နီခဲများက နီညိုရောင်သုတ်ထား၍ ညိုမှိုင်းမှိုင်းကြီး ဖြစ်နေသည်။


ချူဟွိုက်က အိမ်နားထိ ကားမောင်းသွားလိုက်သည်။


ကျင်းထျန်းယိက ကားပေါ်မှ ဆင်းလိုက်ရင်း စိတ်ညစ်သွားသလို မျက်မှောင်ကြုတ်လိုက်မိသည်


 " မမ....ဒီပတ်လည်မှာ ပညာရှိသစ်ပင်နဲ့ ဘုစပတ်ပင်တွေပဲ ရှိတယ်...."


"ပညာရှိ" ဆိုသည့် စကားလုံးက တရုတ်ဘာသာစငါးတွင် မင်္ဂလာရှိသည့် စကားမျိုးမဟုတ်သည့်အပြင် ဘုစပတ်ပင်များကလည်း အလောင်းကောင်ကို အာဟာရအဖြစ် စုပ်ယူသည့် အပင်ဖြစ်သည်။ 


ကျိုးလင်းက အဖိုးအဖွားလက်ထဲ ကြီးပြင်းခဲ့ပြီး တောကြိုတောင်ကြားတွင် နေခဲ့ရ၍ တော်တော်လေး အယူသည်းလေသည်။


ကျင်းထျန်းယိက ရှေ့ကို ခြေလှမ်းအနည်းငယ် တိုးသွားလိုက်ရင်း ပြောလာသည်


 " ပြီးတော့ ဟိုပေါ်ကို ကြည့်လိုက်....သစ်ပင်တွေက အသေတွေချည်းပဲ....ကျွန်တော့် အဖွားက ပြောဖူးတယ်....အဲ့ဒါက ယင်စွမ်းအင်ကြောင့် ယိုယွင်းပျက်စီးလာတာတဲ့...."  

 

ချူဟွိုက်က ကားထဲမှ ထွက်လိုက်ပြီး စိုးရိမ်တကြီး ဖုန်းထုတ်ကြည့်လိုက်ရင်း အချက်အလက်ကို စစ်ဆေးကြည့်သည် " ဒါ မှားနေတာ မဟုတ်ဘူးလား....ဒီကို ကြည့်လိုက်...."


ချူဟွိုက်က ကျင်းထျန်းယိဆီ ဖုန်းပေးလိုက်သည်။


ကျင်းထျန်းယိက သေသေချာချာ ကြည့်လိုက်မိသည်


 " မမ....အလိမ်ခံလိုက်ရတာလား....ဒါက ကျွန်တော်တို့ အခုတွေ့နေရတဲ့ အိမ်နဲ့ လုံးဝ ကွာခြားနေတာလေ...." 


သူတို့က တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည့်အချိန် ဂျစ်ကားတစ်စင်းက သူတို့နောက်တွင် ထိုးရပ်လာပြီး ကျန်ငါးယောက်က ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ဆီ ပြေးလာကြသည်။


ချူဟွိုက်က အစိမ်းရောင်ဆံပင်နှင့် လော့ဇီယန်ကို ချက်ချင်း မျက်မှန်းတန်းမိသွားသည်။ 


သူ့ဆံပင်က ပျော့ပျောင်းပြီး ရှည်ရှည်လေးဖြစ်နေ၍ ပြေးလိုက်တိုင်း ရှေ့နောက် ယိမ်းခါနေကာ ဂျုံပင်နှင့်ပင် ဆင်နေသည်။ 


လော့ဇီယန်က သူ၏ မျက်စိစူးစရာ ဆံပင်စိမ်းစိမ်းကြီးကြောင့် စိတ်ညစ်နေရသော်လည်း ဆက်စီဒီဇိုင်းနှင့် မိမိုက်နေသည့် ချူဟွိုက်ကို တွေ့လိုက်ရသည့်အချိန် တစ်စက္ကန့်မျှ တောင့်ခဲသွားပြီး အော်ရယ်ချင်လာရသည်။


သူမက တစ်ချက်ပြုံးလိုက်တိုင်း မျက်မှောင်ကြုတ်လိုက်တိုင်း မြင်ရသူအဖို့ ရေငတ်သွားရသည်ထိ ဆွဲဆောင်မှုပြင်းလှသော်လည်း ချူဟွိုက်ဖြစ်နေသည်ဆိုသည့်အသိနှင့်ပင် စိတ်ကုန်သွားရသည်။


အစောပိုင်းတွင် ကျင်းထျန်းယိက "ငါက ငါ့အဖော်ကို မှီခိုနေရတာ....အဲ့လို နေရတာ သိပ်တော့မလွယ်ဘူး...." ဆိုပြီး ဂရုချက်ထဲတွင် စနောက်ရင်း အခြားပြိုင်ပွဲဝင်များနှင့် မိတ်ဆက်ထားခဲ့သည်။ ယခုတွင် လော့ဇီယန်က သူတို့ကို အကြိမ်အနည်းငယ်ခန့် လှည့်ပတ်ကြည့်နေရင်း သူတို့၏ဇာတ်ကောင်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီ ဖြစ်သည်။


ဇာတ်ကောင်နေရာချထားသည့်အတိုင်း ဆိုပါက ကျိုးလင်း၏ သူငယ်ချင်းများက ရှန်ဟွိုက်၏ လိင်အစစ်ကို မသိကြပေ။


လော့ဇီယန်က ချူဟွိုက်ဆီ သူ့ကိုယ်သူ မိတ်ဆက်ပေးရန်ပြင်လိုက်စဥ် ချူဟွိုက်က ပြုံးပြပြီး ပြောလာသည်


 " ရှင်က အေကျိုက်မို့လား....ကျိုးလင်းပြောတာ ကြားဖူးပါတယ်...."


လော့ဇီယန်က စိတ်လှုပ်ရှားဟန် ခေါင်းညိမ့်ပြလိုက်သည်။


" ဆံပင်က...." ချူဟွိုက်က စကားစရပ်လိုက်ရင်း ပါးစပ်အုပ်ပြီး ပြုံးလိုက်မိသည် " တကယ် ပြိုင်စံရှားပဲ...."


" အမှန်ပဲ...." လော့ဇီယန်က သဘောကျရယ်လိုက်ရင်း ကျင်းထျန်းယိကို ကြင်ကြင်နာနာ လှမ်းဖက်လိုက်ပြီး ဆက်ပြောလာသည် " ဆေးဆိုးထားတာလေ...ရှောင်လင်းရဲ့ မွေးနေ့အတွက် အထူးအနေနဲ့ ဆိုးထားတာ...."  


ချူဟွိုက်မျက်နှာက တောင့်တင်းသွားရသည်။ ကျင်းထျန်းယိ၏ မျက်နှာကလည်း ချက်ချင်း တွန့်လိမ်သွားရင်း အမည်းကြောင်းများ ပေါ်လာသည်။


အစိမ်းရောင်....


လော့ဇီယန်၏ ကောင်မလေးအဖြစ် သရုပ်ဆောင်နေရသည့် သင်္ဘောသားဝတ်စုံနှင့် ကောင်မလေးက သူ့ကို ရိုက်ပစ်လိုက်ရင်း ဆူလိုက်သည် 


" ပုံမှန်လို ပြောလို့မရဘူးလား....မပြောနိုင်ရင် ပါးစပ်ပိတ်နေ...."  

 

“ဆောရီးပါ....အစ်မရှန်...." သူမက ချူဟွိုက်မျက်နှာကို ကြည့်လိုက်ရင်း မျက်လုံးထက် မနာလိုမှုအရိပ်ရောင်များ ထင်းထွက်နေသည်။


" ရတယ်....ရတယ်...." 


ချူဟွိုက်က အခြေအနေကို ထိန်းလိုက်ရင်း ကျင်းထျန်းယိကို ကြည့်လိုက်သည် " မင်းရဲ့ သူငယ်ချင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ...."


" မင်းဘာလို့ ငါ့ကို လာရိုက်တာလဲ...." လော့ဇီယန်က မကျေမနပ် ရေရွတ်လိုက်ရင်း ဆက်ပြောလာသည်


 " ကောင်မလေး ရှာတာထက် လိင်အရုပ် ဝယ်လိုက်တာမှ ပိုကောင်းဦးမယ်...."   


ချူဟွိုက် "......" သူက လော့ဇီယန်၏ စိတ်သဘောထားကို နားလည်သွားသည်။


" ဒီဗီလာက ဘာလို့ အရမ်း စုတ်ချာနေရတာလဲ...." ခပ်ဖိုင့်ဖိုင့် အသစ်လေးတစ်ယောက်က ရောက်လာပြီး ဝေဖန်လိုက်သည်။


သူ၏ ဇာတ်ကောင်က ဥာဏ်သိပ်မကောင်းသည့် သူလိုမျိုး ဖြစ်ကာ ဘေးလူများ မတည့်အောင်လည်း ဥာဏ်မရှိသလို လုပ်တတ်သည့်သူမျိုး ဖြစ်သည်။ သူက ဤဇာတ်ကောင်ကြောင့် စိုးရိမ်နေခဲ့သေးသည်။ အကြောင်းမှာ သူ့နေရာက အမြှောက်စာ ဇာတ်ကောင်လိုမျိုး ဖြစ်နေပြီး စောစောစီးစီး သေသွားရသည့်သူလို ဖြစ်နေ၍ပင်။


သူ့ဇာတ်ကောင်နာမည်က ကျန့်ဖေး ဖြစ်ပြီး ဝသည့်သူဖြစ်၍ ဆောင်းရာသီရောက်လျှင် မျက်နှာက အသားပတ်ပြီး နီရဲနေတတ်သည်။ အခြားသူများက စနောက်ခြင်းလား တမင်ရည်ရွယ်ခြင်းလား မသိသော်ငြား သူ့မျက်နှာက မျောက်ဖင်နှင့်တူ၍ သူ့ကို "မျောက်ဖင်နီ" ဟုခေါ်ကြသည်။  

 

ကျင်းထျန်းယိက မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီး ဒေါသတကြီး ပြောလာသည် " မင်းဘာသိလို့လဲ....အထဲမှာ မတူဘူးကွ....ဒီဗီလာက ရှေးကျပြီး သမိုင်းဝင်တယ်ဆိုတာကို ပြချင်ရုံသက်သက်ပဲ...."


သူက ပြောနေရင်း ချူဟွိုက်လက်ထဲက သော့ကို ယူကာ တံခါးသွားဖွင့်လိုက်သော်လည်း တံခါးထိပ်တွင် ချိတ်ထားသည့် အရာတစ်ခုကို မြင်လိုက်၍ မျက်နှာဖြူဆုတ်သွားရသည်။


ချူဟွိုက်က နားမလည်သလို သူ့နား ကပ်မေးလာသည် " ဘာဖြစ်တာလဲ...."


သူက ကျင်းထျန်းယိအကြည့်တိုင်း လိုက်ကြည့်လိုက်ရာ သူ့ရုပ်ပုံ ပေါ်နေသည့် တံခါးပေါ်တွင် ချိတ်ထားသော မှန်ဝိုင်းတစ်ချပ်ကို တွေ့လိုက်ရသည်။


“ ဒီမှန်က ပြဿနာတစ်ခုခု ရှိလို့လား...."


ကျင်းထျန်းယိက ခေါင်းခါပြသည် " မှန်က ဖြစ်တာ မဟုတ်ဘူး...."

 

သူက မှန်ပေါ်က ပုလင်းသေးသေးလေးကို ညွှန်ပြလာသည်။


ပုလင်းလေးက ကြယ်လေးများ ခေါက်ထည့်၍ရသည့် ပုလင်းလေးနှင့်တူပြီး မှန်မကြည်၍ အထဲက အရာကို ထွင်းဖောက်မမြင်ရချေ။ 


“ ဘာဖြစ်တာလဲ...." လော့ဇီယန်က မေးပြီး ရှေ့တစ်လှမ်းတိုးလာသည်။


ကျင်းထျန်းယိက ပြန်ဖြေလိုက်သည် " ဒါက ဖုန်းရွှေပုလင်းလို့ ခေါ်တယ်....ငါ့ဇာတိက တချို့မိသားစုတွေကလည်း ဒါကို ချိတ်ထားလေ့ရှိတယ်....ဖုန်းရွှေပုလင်းက အပြင်မှာ လျှောက်သွားနေတဲ့ ဝိဥာဥ်တွေ သရဲတွေကို ဖမ်းပြီး အိမ်ဘေးပတ်လည်ကို လုံခြုံမှုပေးတယ်...."


“ အဲ့ဒါ ကောင်းတဲ့ ပစ္စည်း မဟုတ်ဘူးလား...." လော့ဇီယန်က နားမလည်သလို မေးလာသည်။ ကျိုးလင်းက အမြဲတစေ အယူသီးလွန်းသည်။


လူတိုင်းက သူ့ကို ကြည့်နေကြသည်။


ကျင်းထျန်းယိ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည် " တကယ်ဆို ပုလင်းအဝက အပြင်ဘက်ကို မျက်နှာမူထားရမှာ....ဒါပေမယ့် ဒီတစ်ခုက...." 


ချူဟွိုက်က ပုလင်းလေးကို ကြည့်နေရင်း ရင်ပူလာရသည်။ ဖုန်းရွှေပုလင်းလေးက အိမ်ထဲကို မျက်နှာမူထား၍ပင်။


လော့ဇီယန်က စပ်စုလာသည် " အထဲကို မျက်နှာမူထားရင် ဘာဖြစ်နေလို့လဲ...."


ကျင်းထျန်းယိက မသက်မသာ ခံစားလိုက်ရသလို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည် " ဖုန်းရွှေပုလင်းက အထဲဘက် လှည့်ထားတယ်ဆိုရင် ဒါ အန္တရာယ်ရှိနေပြီပဲ....အပြင်ဘက်မှာ လျှောက်သွားနေတဲ့ သရဲတွေ ဝိဥာဥ်တွေက အိမ်ထဲ ရောက်သွားကုန်တော့မှာ....အခြေအနေမဆိုးရင်တော့ အိမ်ထဲကလူတွေ ကောင်းကောင်းမအိပ်ရရုံလောက်ပဲ....ဒါပေမယ့် အခြေအနေဆိုးရင်တော့ ပြင်းပြင်းထန်ထန် ထိခိုက်ပြီး သေကုန်ကြရလိမ့်မယ်...." 


“ မမ....ကျွန်တော်တို့ တခြားနေရာ ပြောင်းလို့မရဘူးလား...." ကျင်းထျန်းယိက တောင်းဆိုလိုက်သည်။


သူက ထိုသို့ပြောလိုက်သော်လည်း လူတိုင်းက ဤအိမ်ပျက်ကြီးထဲ ဝင်ကိုဝင်ရမည်မှန်း သိနေကြသည်။


လော့ဇီယန်က လှောင်ရယ်လိုက်သည် " လုပ်စမ်းပါ ....လင်းရာ....၂၀၁၉တောင် ရောက်နေပြီပဲ....ကြောက်မနေစမ်းပါနဲ့....မဟုတ်ရင် လူတွေက မင်းကို အဆိပ်ပြင်းတဲ့ အင်းဆက်တွေ လက်သပ်မွေးထားတယ်လို့ ထင်ကုန်ကြတော့မယ်...."  


သူ့နောက်က လူတိုင်းကလည်း သဘောတူသလို ခေါင်းညိမ့်ပြလာကြသည်။ ဇာတ်ညွှန်းအတိုင်းဆိုပါက ကျိုးလင်းမှလွဲ၍ ကျန်သည့်သူများက ဘာသာမဲ့များ ဖြစ်လေသည်။


သို့သော်လည်း ချူဟွိုက်က စကားစလာသည်။ သူက အပြုံးလေးနှင့် နှစ်သိမ့်ပေးလာသည် " ကျိုးလင်း....လောလောဆယ် သွားဖို့အတွက်က နေရာကောင်း မရှိသေးဘူး....မင်းက အတွေးလွန်နေတာပါ....စိတ်လျှော့ထား....ဒီနေရာမှာ မမတို့က လူများတယ်လေ....ပြီးတော့ ဒီမှာ နှစ်ရက်လောက်ပဲ နေမှာပဲကို....ဘာမှဖြစ်မှာ မဟုတ်ပါဘူး...."  

 

သူက ဖုန်းရွှေပုလင်းအဝကို အပြင်ဘက်သို့ ပြန်လှည့်ပေးလိုက်ရင်း ပြောလာသည် " ကြည့်....အခု အဆင်ပြေသွားပြီ မဟုတ်လား...."


ကျင်းထျန်းယိက သူက စိတ်လှုပ်ရှားလွန်နေပြီး မျက်နှာသာပေးမခံရသလို ခံစားမိသည်။ သူက ကိုယ့်စိတ်ကို ပြန်တည်ဆောက်လိုက်ရင်း အားတင်းပြီးလိုက်လေသည် 


" အင်း...."

 

ချူဟွိုက်က တံခါးဖွင့်လိုက်ပြီး အထဲဝင်သွားလိုက်သည်။ ဗီလာအတွင်းပိုင်းက ဓါတ်ပုံထဲကအတိုင်း ခမ်းနားကြီးကျယ်လှသည်။


သူ နံရံပေါ်ရှိ ပန်းချီကားများအပေါ် အကြည့်ရောက်သွားလေသည်။



👻