အပိုင်း ၁၆
Viewers 1k

အမျိုးသား ဇာတ်လိုက်၏ လျှို့ဝှက်ထားသော ချမ်းသာသည့် အစ်ကိုနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၆

 

 

 

 

ထိုခဏတာတွင် ပိုင်ရှုရမ်၏ မိသားစုသာမက ကျိုးချောင်ချောင်ကပင် ယန်ဝေ့အား လှည့်ကြည့်လိုက်ကာ အံ့အားသင့်နေကြလေသည်။

 

 

"ယန်ဝေ့…အမ်…"ကျိုးချောင်ချောင်သည် တစ်ခုခုပြောချင်နေခဲ့၏။ သို့သော် သူမ မပြောမီ ယန်ဝေ့သည် ရှေ့တိုးလာပြီး ကြင်နာစွာ ပြုံးလိုက်ရင်း သူမလက်ကို ကိုင်လိုက်သည်။ သူသည် သူမခေါင်းကို နူးညံ့စွာ တို့ထိလိုက်ပြီး ပိုင်ရှုရမ်ဘက်သို့ လှည့်ပြီး ပြောလေသည်။ "ဟဲလို ဦးကြီး ဒါက လက်ဆောင် သေးသေးလေးပါ"

 

 

ယန်ဝေ့က သူသည် ကျိုးချောင်ချောင်၏ ကောင်လေးအနေဖြင့် လာရမည်ဆိုသည်ကို သိခဲ့လျှင် လက်ဆောင်အချို့ ၀ယ်ခဲ့သင့်သည်ဟု သူ့ကိုယ်သူ တွေးလိုက်မိ၏။

 

 

ပိုင်ရှုရမ်သည် သူ့မျက်နှာပေါ်တွင် အိပ်မက်မက်သလို အမူအရာနှင့် နို့ဘူးများကို လက်ခံလိုက်၏။ ထို့နောက် ယန်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းက ကျိုးချောင်ချောင်ရဲ့ ကောင်လေးလား?"

 

 

ယန်ဝေ့က နှုတ်ခမ်းထောင့်ကို ပင့်တင်ကာ ပြောလေသည်။"ဟုတ်ပါတယ် ကျွန်တော်တို့တွဲတာ …တစ်လလောက်ရှိပြီ" သူကျိုးချောင်ချောင်ကို သိပြီးခဲ့သော အချိန်ကို တွက်ကြည့်ပြီးနောက် မှန်နေ၏။

 

 

ကျိုးချောင်ချောင်တွင်လည်း စိတ်ကူးယဉ်သော အမူအရာ ရှိပြီး သူမကိုယ်သူမ တွေးနေ၏။ "ဘာလဲ? ငါတို့ ဘယ်တုန်းက စပြီး  တစ်လလောက် ချိန်းတွေ့တာလဲ?"

 

 

ယန်ဝေ့သည် ပြန်လှည့်လာပြီး သူမလက်မောင်းကို ကိုင်ကာ ပြောလိုက်၏။"ချောင်ချောင် ငါ့ကို သူတို့နဲ့ မြန်မြန် မိတ်ဆက်ပေး"

 

 

ကျိုးချောင်ချောင်သည် အိပ်မက်မက်နေသည့် အမူအရာမျိုး ဆက်ဖြစ်နေ၏။"အိုး ဒါကတော့ ဦးကြီး၊ အဒေါ် ၊ ၀မ်းကွဲအစ်ကို၊ ယောင်းမ ပါ။ ဟမ် ဟွေ့မင်က ခုထိ အလုပ်မပြီးသေးဘူးလား?"

 

 

လီလီသည် စကားကို ထေ့ငေါ့ပြီး ပြောချင်ခဲ့၏။သို့သော် ယန်ဝေ့ကို တွေ့ပြီးနောက် စကားကို ဘယ်လို ပြောရမည်ဆိုသည်ကို မသိတော့ပေ။ သူမက ရေရွတ်ပြောဆိုလိုက်သည်။ "အမ် သူ ဒီည သူ့ကောင်လေးနဲ့ အပြင်မှာ ညစာထွက်စားနေတယ်"

 

 

ယန်ဝေ့က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။" ကျွန်တော့် ညီမက ချစ်မိနေပြီပဲ!"

 

 

ကျိုးချောင်ချောင်လည်း အံ့ဩသွားလေသည်။"ဟွေ့မင်မှာ ကောင်လေးရှိတယ်တဲ့လား?"

 

 

ပိုင်ဟွေ့မင်နှင့် ကျိုးချောင်ချောင်ကို တစ်နှစ်တည်း တစ်လတည်းတွင် မွေးကာ ရွယ်တူဖြစ်ကြလေသည်။ ထိုအချိန်တွင် ကျိုးချောင်ချောင်ကို ဆေးရုံတက် မွေးပြီး ဆရာ၀န်များက ဧည့်သည်များကို ခွင့်မပြုခဲ့ပေ။ ကျိုးယင်းကျယ်သည် ဒေဝါလီ မခံရသေးပေ။ ပိုင်ရှုလန်သည် သူလိမ်ညာနေခဲ့သည်ကို မသိခဲ့ချေ။ ကျိုးမိသားစု သုံးယောက်လုံးသည် ပျော်ရွှင်ရသော မိသားစုတစ်ခု ဖြစ်နေတုန်းပင်။ သူမ၏ ကလေးကို မတွေ့ရသော ပိုင်ရှုလန်သည် သူမ၏ လွမ်းဆွတ်မှုကို သက်သာစေရန် ပိုင်ဟွေ့မင်အတွက် ပစ္စည်းများ မကြာခဏ ၀ယ်ပေးခဲ့လေသည်။

 

 

နောက်ပိုင်းတွင် ကျိုးမိသားစုသည် ဒေဝါလီခံခဲ့ရပြီး ပိုင်ရှုလန်သည် ထိုသို့သော အသေးအမွှား ပစ္စည်းများ ၀ယ်ခြင်းကို ရပ်လိုက်‌၏။ လီလီသည်လည်း ပိုင်ရှုလန်ဟာ သူမသမီးကို အခွင့်ကောင်းယူသည်ဟု ပြောကာ အချိန်တော်တော်ကြာမျှ ငြီးတွားနေခဲ့သည်။ သူမ သမီး ဆေးရုံတက်ရချိန်တွင် ပိုင်ရှုလန်သည် သူမသမီးအား ပြုစုရန် မကြာခဏလာခဲ့၏။ သို့သော် သူမသမီး ဆေးရုံဆင်းပြီးနောက်တွင် သူမသည် လီလီ့သမီးဆီသို့ ထပ်ပြီးမလာတော့ချေ။ မည်သည့်အရာကိုမျှ သူမအတွက် ယူမလာတော့ပေ။ ထို့ကြောင့် လီလီသည် ကျိုးချောင်ချောင်ကိုလည်း လက်ဆောင်များ မပေးတော့ပေ။

 

 

ကျိုးမိသားစု ဒေဝါလီခံရပြီး ကတည်းက သူမ၏ ယောင်းမသည် သူတို့နှင့် ထပ်ပြီး နှီးနွှယ်မှု မရှိခဲ့သည်ကို ပိုင်ရှုလန် တွေးမိခဲ့လေသည်။

 

 

ပိုင်ဟွေ့မင်သည် သူမအဖေနှင့်တူပြီး အလွန်ချောမောလှပသည်။ သူမသည် ကောလိပ်တွင် ကောင်လေးနှစ်ယောက် ရှိခဲ့ပြီး နောက်ဆုံးတစ်ယောက်မှာ သူ့မိဘများနှင့် တွေ့ပေးရန် သူမအားအိမ်ကိုတောင်မှ ခေါ်လာခဲ့၏။ သို့သော် သူတို့သည် လက်ထပ်ရန် လက်ဆောင် ပမာဏများကြောင့် သဘောမတူခဲ့ပေ။ ထို့ကြောင့် သူတို့ လမ်းခွဲခဲ့လေသည်။

 

 

အလုပ်စလုပ်ချိန်တွင် ပိုင်ဟွေ့မင်သည် ကောင်းကောင်း ၀တ်စားပြီး ကုမ္ပဏီတွင် အလွန်နာမည်ကြီးခဲ့၏။ သူမကို စိတ်၀င်စားသူ အများအပြားရှိပြီး သူမလက်ရှိကောင်လေး‌သည် သူမကုမ္ပဏီမှ မန်နေဂျာ တစ်ယောက်ဖြစ်၏။

 

 

ပိုင်‌ဟွေ့မင်သည် သူ့ကို အိမ်ခေါ်လာချိန်တွင် ပိုင်မိသားစုသည် အတော်ပင် အားရ၀မ်းသာကြလေသည်။ သူသည် ဈေးကြီးသော ၀တ်စုံနှင့် သားရေရှူးဖိနပ်ကို ၀တ်ဆင်ထားခဲ့လေ၏။ စီးပွားဖြစ် မရိုးသားမှုများ ရောယှက်နေသော်လည်း သူသည် သေသပ်စွာ ၀တ်စားထားပြီး တောက်ပစွာ ပြုံးနေခဲ့သည်။ ခြုံပြောရလျှင် သူသည် အလွန် မျက်နှာချိုသွေးသော သားမက်တစ်ယောက်ဖြစ်၏။ သူ့ကားကိုကြည့်လျှင် ယွမ်ငါးသိန်းမျှ ကုန်ကျသော Audi TT ဖြစ်လေသည်! သူသည် အပြည့်အ၀ငွေချေပြီး ၀ယ်ခဲ့ခြင်းဖြစ်သည်။ အရမ်းမိုက်သောပဲ!

 

 

ပတ်၀န်းကျင်ရှိလူများလည်း ထိုကားအကြောင်းကို သိကြပြီး ၎င်းသည် ပြိုင်ကားတစ်စီး ဖြစ်ပြီး ဈေးကြီးသည်ဟု ပြောကြ၏။

 

 

အနီရောင်ကားနှင့် ချောမွေ့သောလိုင်းများကိုကြည့်ရင်း လူအများအပြားသည် နေထိုင်ရာ အောက်ထပ်တွင် ပါကင်ထိုး‌ထားချိန်တွင်မှာပါ လာကြည့်ကြလေသည်။

 

 

အလွန် ကျက်သရေရှိလှ၏။

 

 

သို့သော်လည်း ထိုအရာအားလုံးမှာ ယန်ဝေ့နှင့် ယှဉ်လျှင် အလွန်အားနည်းပြီး စွမ်းအားမရှိလှပေ။ တစ်စုံတစ်ခုကိုလုပ်ရန် မလိုတော့သော လူအချို့ရှိ၏။ သူတို့ ထိုနေရာတွင် ရပ်နေကြချိန်တွင် အခြားလူများနှင့် သူတို့၏ ကွာခြားချက်ကို ခံစားသိနိုင်ပေသည်။

 

 

ဥပမာဆိုရလျှင်…ယန်ဝေ့…

 

 

သူအဲ့ဒိနေရာတွင် ရပ်နေချိန်တွင် သူ၏တွေးခေါ်ပြုမူပုံ၊ အ၀တ်အစား၊ အမူအကျင့်နှင့် လှုပ်ရှားမှု အားလုံးတို့သည် သူ၏ အဆင့်အတန်းနှင့် အနေအထားများကို လှစ်ဟပြနေဟန်ရှိလေသည်။

 

 

"အမ်…ဟီးဟီး လာစားလေ"လီလီက ပြုံးလိုက်၏။စောစောက ပိုင်ကျုံးကျယ် ကျိုးချောင်ချောင်ကို စားဖို့ခေါ်လိုက်ချိန်တွင် စိတ်တိုနေကာ သူမသည် လတ်လျားလတ်လျား လာစားနေသည်ဟု ထင်ခဲ့လေသည်။ ကျိုးချောင်ချောင်သည် ယိဝူမြို့မှ ရှန့်အန်းမြို့သို့ ကားဖြင့် လာခဲ့ပြီး ယာဉ်စီးခမှာ ယွမ်ကိုးဆယ် ၀န်းကျင်ခန့် ရှိသည်ကို သူမ,မတွေးမိခဲ့ချေ။ သူမ ဘာလို့ စားရုံသက်သက်ပဲ လာလိမ့်မလဲ?

 

 

သို့သော် ယန်ဝေ့ကို တွေ့ပြီးနောက် ကျိုးချောင်ချောင်သည် ထမင်းစားဖို့ လာသည်ဟု သူမထပ်ပြီး မခံစားမိတော့ချေ။

 

 

သူမဘာအတွက် အဆင်မပြေဖြစ်သည်ကို မသိသော်လည်း သူမသည် မပြုံးချင်ပြုံးချင် ပြုံးလိုက်လေသည်။

 

 

ကျိုးချောင်ချောင်က ပျော်ရွှင်စွာ ပြောလိုက်၏။"အဒေါ် ဒါကို လုပ်ခဲ့ဝာာလား? အဒေါ်ချက်တာကို ကျွန်မ အကြိုက်ဆုံးပဲ။ အိုး စကားမစပ် ပိုက်ဆံတွေ ပြန်ပေးဖို့ ကျွန်မ ဒီကိုလာတာ"

 

 

သူမပြောလိုက်သည့်အတိုင်း ကျိုးချောင်ချောင်သည် ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ပိုင်ရှုရမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "အလျင်စလိုမလုပ်နဲ့ လောလောဆယ် သိမ်းထားလို့ရတယ်"

 

 

ကျိုး‌ချောင်ချောင်က အေးအေးဆေးဆေး ပြုံးပြီး ပြောလိုက်လေသည်။"ရပါတယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ မတော်တဆမှု နည်းနည်းလေး ရှိခဲ့လို့ပါ"

 

 

ပိုင်ရှုရမ် - "…"

 

 

"အဲ့ဒိလူက ကျွန်မကို ဆေးဖိုး ကုန်ကျစရိတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုအတွက် လျော်ကြေးတွေပါ ပေးခဲ့တာ။ အချိန်ကြာမှ ကျွန်မကို ပေးခဲ့တာ။ ဒါပေမယ့် ကျွန်မ ပြန်ပေးဖို့ အချိန်တော်တော်ကြာသွားတယ်။ကျွန်မ တကယ်ကျေးဇူးတင်ပါတယ်" သူမပြောသလိုပဲ ကျိုးချောင်ချောင်သည် ပိုက်ဆံအိတ်ထဲမှ ယွမ်နှစ်သောင်းကို ထုတ်လိုက်သည်။

 

 

ပိုင်ရှုရမ်သည် ပိုက်ဆံများကို ကြည့်ပြီး ပြောလိုက်၏။ "ဒါတွေ များလွန်းတယ်"

 

 

ကျိုးချောင်ချောင်သည် ပိုင်ရှုရမ်၏ လက်ထဲသို့ ပိုက်ဆံများထည့်ပေးပြီး လေးနက်စွာ ပြောလိုက်သည်။ "ဦးကြီး ကျွန်မကို ပေးတဲ့အချိန်တုန်းက ကျွန်မ တကယ်ကို ပိုက်ဆံကြပ်တည်းနေခဲ့တာ။ လပေါင်းများစွာကြာပြီး IOU တစ်ခုတောင် မရေးဖြစ်သေးဘူး။ ယွမ်နှစ်ထောင် ပို‌ပြီး ပြန်ပေးတာက မပြောပလောက်တဲ့ အရာပါ။ ကျွန်မက ဒီကနေ အကျိုးရခဲ့တဲ့သူ တစ်ယောက်ပါ"

 

 

ကျိုးချောင်ချောင်သည် ပိုင်ကျုံးကျယ်ဘက်သို့ လှည့်ပြီး ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။"အိုး စကားမစပ် ဒါက ကျွန်မရဲ့တူလေး အတွက် အနီရောင် စာအိတ်လေးပါ"

 

 

ပိုင်ရှုရမ်သည် အနီရောင် စာအိတ်အထူ ကိုကြည့်လိုက်ပြီး အထဲတွင် ယွမ်ထောင်ဂဏန်း အနည်းငယ် ပါနိုင်သည်ကို နားလည်သဘောပေါက်ခဲ့၏။ ချောင်ချောင်သည် စဉ်းစားတတ်သော ကလေးတစ်‌ယောက် ဆိုသည်ကို သူအမြဲ သိခဲ့လေ၏။ သို့သော်လည်း သူသည် ထိုသို့သော အပေးအယူများကို အခွင့်ကောင်း မယူခဲ့ပေ။

 

 

ထို့ကြောင့် တွန်းတိုက်ပြီးနောက် အနီရောင်စာအိတ်ကို ယွမ်ငါးရာထိ လျှော့ခဲ့‌၏။ လီလီသည် သွေးအန်လုနီးပါး ဒေါသထွက်ခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် ပိုင်ဟွေ့မင်သည် ရုတ်တရက် ပြန်လာပြီး သူမကို အချိန်ကြာကြာ ဒေါသမထွက်စေခဲ့ပေ။

 

 

"အမေ ဒီနေ့ ထျန်းဟောက် ညစာလာစားမှာ

အမေဘာချက်ထားလဲ? မလောက်ရင် နည်းနည်းလောက် သွား၀ယ်ရအောင်!" ပိုင်ဟွေ့မင်သည် တံခါးကို ဖွင့်ဖွင့်ချင်း အော်ပြောလိုက်လေသည်။

 

 

သူမနောက်တွင် မီးခိုးရောင်၀တ်စုံနှင့် လူတစ်ယောက်ရှိနေခဲ့ပြီး သူက စိတ်လှုပ်ရှားစွာ ပြောနေ၏။ "အဲ့ဒါဟာ အတိအကျကို Maybach Zeppelinပဲ။ မင်းသိလား? ကားပေါ်က အမှတ်အသားတင်တောင် နှစ်သိန်းလောက် တန်တယ်။ BMW တစ်စီးကို စိတ်ကြိုက် အကောက်ခွန် တစ်ခုတည်းနဲ့ မင်း၀ယ်လို့ရတယ်လေ! ဘယ်သူက အဲ့ဒါကို ဒီမှာ မောင်းမလဲ? အစင်းရာထင်မှာ သူတို့ မစိုးရိမ်ဘူးလား?"

 

 

ပိုင်ဟွေ့မင်က စိတ်၀င်စားပုံမပေါ်ဘဲ အ၀င်နားက ရှူးဖိနပ်များ ထည့်သော ဗီရိုပေါ်ရှိ ခြင်းလေးထဲသို့ သော့များကို ထည့်လိုက်သည်။ သူမက ငြီးငွေ့စွာ ပြောလိုက်၏။ "ဘယ်သူက သိပါ့မလဲ! အဲ့လို ဈေးကြီးတဲ့ ကားက အစင်းရာထင်သွားရင် သူတို့ဘာလုပ်လိမ့်မယ်ဆိုတာ?"

 

 

ဟော်ထျန်းဟောက်က ရယ်လိုက်လေသည်။ "အစင်းရာလား? သူတို့ဘ၀နဲ့ရင်းပြီး ပေးရမှာပေါ့! ဒါပေမယ့် အဲ့ဒိမော်ဒယ်ကို အသေအချာ အရေအတွက်နဲ့ ကန့်သတ်ပြီး ထုတ်ထားတာ ငါဒါကို အရင်က မြင်ဖူးတယ်လို့ ထင်တယ် ဈေးက ၁၄မီလီယံလောက် ရှိတယ်"

 

 

ဟော်ထျန်းဟောက်သည် အခန်းထဲတွင် အခြားလူများရှိသည်ကို သတိမထားမိသောကြောင့် အလွန် စိတ်လှုပ်ရှားသွားလေသည်။

 

 

ကျိုးချောင်ချောင်ကို ပထမဆုံး တွေ့ခဲ့သည်မှာ

ပိုင်ဟွေ့မင်ဖြစ်သည်။ သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ?"

 

 

ပိုင်ဟွေ့မင် ငယ်ငယ်ကတည်းက သူမ၏အမေသည် သူမကို တစ်နည်းနည်းဖြင့် ဩဇာလွှမ်းမိုးခဲ့လေသည်။ထို့ကြောင့် သူမသည် ကျိုးချောင်ချောင်အား အလိုအအလျောက် မလိုမုန်းထားရှိခဲ့၏။ ကျိုးချောင်ချောင်က ပြောလိုက်သည်။"ငါ့အကြွေးတွေ ပြန်ဆပ်ဖို့ လာခဲ့တာ"

 

 

ပိုင်ဟွေ့မင်က ရယ်ပြီး ပြောလေသည်။ "နင့်မှာ ပြန်ဆပ်စရာ ပိုက်ဆံရှိလို့လား? တစ်သောင်းနည်းနည်းကျော်ပြီး နေ့တိုင်း ငါတို့အိမ်မှာ စကားများနေကြရတာ။ ငါ့ကို ရူးစေလောက်တယ်"

 

 

ကျိုးချောင်ချောင်က ပြုံးလိုက်၏။ ပိုင်ဟွေ့မင်သည် သက်ပြင်းချကာ အထဲသို့၀င်သွားလေသည်။

 

 

သူမသည် ဆိုဖာပေါ်တွင် သူမအိတ်ကို ထားလိုက်ပြီး စားပွဲပေါ်တွင် ပန်းကန်များ အတော် များလှသည်ကို တွေ့သွား၏။ ထို့ကြောင့် သူမက ကျေနပ်စွာ ပြောလိုက်သည်။"ငါတို့ စားပြီးရင် ထျန်းဟောက်နဲ့ ငါ ရုပ်ရှင်သွားကြည့်မှာ"

 

 

ဤသည်မှာ ဟော်ထျန်းဟောက် ကျိုးချောင်ချောင်နှင့် ဆုံသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။သူသည် ပိုင်ဟွေ့မင်ကို မေးခဲ့သလို သူ့သိချင်စိတ်ကို မထိန်းထားနိုင်ခဲ့ပေ။ "သူမက ငယ်ငယ်တုန်းက မင်းတို့အိမ်မှာ လျှောက်စားလေ့ရှိတယ်လို့ မင်းပြောခဲ့တဲ့ မင်းရဲ့ ၀မ်းကွဲ ညီအစ်မလား?"

 

 

ယန်ဝေ့က ငုံ့လိုက်ပြီး သူ့ဘယ်ဘက်လက်မှ နာရီနှင့် ကစားနေကာ ညင်သာစွာ ပြောလိုက်၏။ "Maybach Zeppelin ကိုအာမခံထားတယ်။ အစင်းရာတွေထင်ရင်တော့ တစ်စုံတစ်ယောက်ရဲ့ အသက်ကို ဆုံးရှုံးစေမှာ မဟုတ်ပါဘူး"

 

 

သူကပြုံးပြီး ဟော်ထျန်းဟောက်ကို မော့ကြည့်လိုက်၏။ "ဟဲလို ငါက ယန်ဝေ့ပါ။ တစ်ချိန်လုံး လျှောက်စားဖို့ ဒီကို လာနေကျ ၀မ်းကွဲညီမဖြစ်သူရဲ့ ကောင်လေးပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

 

 

လူတိုင်း - "…" ဟော်ထျန်းဟောက် စောစောကပြောခဲ့တဲ့ ကားက ဈေးဘယ်လောက်လဲ?"