အပိုင်း ၁၀၁
Viewers 12k

ကျန်းဇီမော့က တုန့်ဆိုင်းမနေတော့ပဲ စုန့်ချန်ကိုဖုန်းခေါ်ကာ လူတွေ့စစ်ဆေးချက်၏ရလဒ်ကို မေးလိုက်သည်။
စုန့်ချန် မူလက ကျန်းဇီမော့ကို သဘောကျခဲ့သော်လည်း ဒါရိုက်ကာကျောက်က ဝမ်မင်ယီကိုသာ သဘောကျ‌ပြီး ရွေးချယ်လိုက်သည်။
" ရှောင်ကျန်းရေ တောင်းပန်ပါတယ် ... မင်းက တော်ပေမယ့် ဒါရိုက်တာကျောက်ရဲ့ ရင်ထဲက သရုပ်ဆောင်မဖြစ်နိုင်ခဲ့ဘူး ... နောက်တစ်ကြိမ်မှ ပူးပေါင်းကြတာပေါ့ ..."
ကျန်းဇီမော့က အံ့အားသင့်ပြီး မေးလိုက်သည်။
" ဒါရိုက်တာကျောက်ရဲ့ရင်ထဲက သရုပ်ဆောင်က ဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား ..."
၎င်းက ပြောမရနိုင်သည့် ကိစ္စတစ်ခုမဟုတ်ပေ။ စုန့်ချန်၏အမြင်တွင် ကျန်းဇီမော့က သာမန်လူတစ်ယောက်သာဖြစ်၍ ထိုသတင်းကိုသိသွားပါကလည်း အင်တာနက်‌ပေါ်တွင် ကောလဟာလအချို့သာဖြစ်သွားနိုင်မည်ကို သူသိသည်။ ထို့အပြင် ဤကိစ္စက ဆုံးဖြတ်ပြီးပြီဖြစ်၍ တရားဝင်ကြေညာရန်အချိန်အနည်းငယ်သာကြာမည်ဖြစ်၍ သူပြောလိုက်ပါကလည်း ဘာမှမဖြစ်နိုင်ဟု ထင်လိုက်သည်။
ထို့ကြောင့် စုန့်ချန်က သူ့ကို မဖုံးကွယ်ထားတော့ပေ။
" ဝမ်မင်ယီတဲ့ မင်းလည်းသူ့ကိုသိမှာပါ ... ဒါရိုက်တာကျောက်က သူ့ကိုပိုသဘောကျတယ် ..."
ဝမ်မင်ယီဖြစ်လိမ့်မည်ဟု ကျန်းဇီမော့ မထင်ထားခဲ့မိပေ။ သူ ချက်ချင်း မကျေမနပ်ဖြစ်သွားကာ မေးလိုက်မိသည်။
" ဘာဖြစ်လို့လဲ ..."
တခြားလူတွေလည်း ရှိနေတာကို ဘာလို့ဝမ်မင်ယီ ဖြစ်ရပြန်တာလဲ ...
စုန့်ချန်ကိုယ်တိုင်သည်လည်း ကျောက်ဝမ်ယွီက ဝမ်မင်ယီ့ကို အဘယ့်ကြောင့် သဘောကျမှန်းမသိပေ။ ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ပြခိုင်းစဉ်ကလည်း သူကိုယ်တိုင်ကူညီခဲ့သည့်အပြင် လူတွေ့စစ်ဆေးချက်ပြီးလျှင်လည်း ညစာစားရန်ဖိတ်ခဲ့သည်။ ဝမ်မင်ယီက ငြင်းခဲ့သော်လည်း တစ်ဖက်လူက နှိမ့်ချတတတ်သည်ဟုတွေးပြီး သူ့ကိုချီးကျူးခဲ့သေးသည်။
"သူက လူရွေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့တယ်လေ ... သရုပ်ဆောင်ချက်တွေက အရမ်းကောင်းပြီး မျက်နှာအမူအယာပြောင်းလဲနိုင်တာကလည်း မြန်တော့ ဒါရိုက်တာကျောက်က သူ့စတိုင်ကို သဘောကျသွားတာ ..."
စုန့်ချန်က ပိုသင့်တော်သည့် အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။
ကျန်းဇီမော့ ဘာမှ ထပ်မပြောနိုင်တော့ပေ။
စုန့်ချန်ကလည်း လုပ်စရာကိစ္စများရှိနေ၍ ပြောလိုက်သည်။
" ငါ ဖုန်းချလိုက်တော့မယ်နော် ... နောက်တစ်ခါကျမှ ပူးပေါင်းကြတာပေါ့ ..."
ကျန်းဇီမော့ထံမှ အဖြေရသည်နှင့် စုန့်ချန်ဖုန်းချသွားသည်။
ခဏအကြာတွင် ကျန်းဇီမော့က စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲပေါ်မှ ပစ္စည်းအားလုံးကို ရိုက်ခွဲတော့သည်။
ဘာလို့ ဒီလိုမျိုးဖြစ်ရတာလဲ ... သူ လူရွေးပွဲမှာ ကျတာကို နားမလည်နိုင်သေးဘူး ... သူက အစတည်းက ဝမ်မင်ယီထက်ပိုကောင်းတဲ့ အားသာချက်ရှိနေတာလေ ... သူက အခု ပုံမှန် အခြေအနေကိုပဲ ပြန်ရောက်သွားပြီလေ ...
ကျန်းဇီမော့ထံတွင် ဝမ်းနည်းခြင်း ၊ မကျေနပ်ခြင်းနှင့် မုန်းတီးခြင်းဟူသည့် ခံစားချက်များစုပြုံလာသည်။
တခြားဘယ်သူမဆိုရပေမယ့် ဘာလို့ ဝမ်မင်ယီ ဖြစ်ရတာလဲ ... သူမဟုတ်ရင်တောင် ဝမ်မင်ယီဖြစ်လို့ မရဘူးလေ ... ဘာလို့ ဝမ်မင်ယီလဲ ...
ဝမ်မင်ယီသာ မရှိရင် ... ဘာလို့ ဝမ်မင်ယီက ဒီကမ္ဘာမှာ မွေးဖွားလာရတာလဲ ...
ဝမ်ပေါ် အိမ်ပြန်ရောက်လာသည့်အခါ ကျန်းဇီမော့က အရက်ထိုင်သောက်နေပြီး အလွန်မူးနေပြီဖြစ်သည်။ သူ ထိုနေရာသို့ အမြန်ရောက်လာပြီး ရေတစ်ခွက်ခပ်ကာ သူ့ရှေ့တွင် ချပေးလိုက်သည်။
" ဘာဖြစ်တာလဲ ... ဘာလို့ အဲ့လောက်တောင် သောက်ထားရတာလဲ ..."
ကျန်းဇီမော့က ခါးသီးမှုများပြည့်နေသောမျက်နှာဖြင့် သူ့ကိုကြည့်လိုက်ပြီး ပြုံးပြသည်။
" ငါ့မှာ အခွင့်အရေးမရှိတော့ဘူး ... လူတွေ့ဖြေတာကျသွားတယ် ... ငါ့မှာ ဘာမှမကျန်တော့ဘူး ..."
ဝမ်ပေါ်က ကျန်းဇီမော့၏ လူတွေ့စစ်ဆေးချက်ကို ကျသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သို့သော်လည်း။သူက ချမ်းသာသည့်မိသားစုမှဖြစ်သောကြောင့် ထိုကိစ္စများကို ဂရုမစိုက်ပေ။ သူ ကျန်းဇီမော့ကိုသာ နှစ်သိမ့်လိုက်သည်။
" ဝမ်းမနည်းပါနဲ့ ... အနာဂတ်မှာ တခြားအခွင့်အရေးတွေ ရလာဦးမှာပါ ..."
" မဟုတ်ဘူး ... မရနိုင်တော့ဘူး ..."
ကျန်းဇီမော့ လက်ကာပြပြီးပြောလိုက်သည်။
" လူတွေ့ဖြေတဲ့ထဲမှာ ဘယ်သူအောင်သွားတာလဲသိလား ..."
" ဘယ်သူတဲ့လဲ ..."
" ဝမ်မင်ယီတဲ့ ..."
ကျန်းဇီမော့ ပြောပြလိုက်ပြီးနောက် ခါးသီးစွာပြုံးလိုက်ပြန်သည်။ သူပြုံးနေသော်လည်း ငိုကြွေးနေသည်။ မှုန်ဝါးနေသောမျက်လုံးများဖြင့် ဝမ်ပေါ်ကိုကြည့်လိုက်သည်။
" ဘာလို့ သူပဲဖြစ်ရပြန်တာလဲ ... အကြိမ်တိုင်းသူပဲ ... ဘာလို့ သူငါ့ဆီက အရာအားလုံးကို လုယူသွားရတာလဲ ... "
သူက ဝမ်ပေါ့်လက်ကိုဆွဲပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
" ငါ့ကို ကူညီပေးပါလား ... သူပျောက်ကွယ်သွားအောင် လုပ်ပေးပါလား မင်းဆို ကူညီနိုင်တာပဲ ..."
" ဝမ်မင်ယီသာ မရှိဘူးဆိုရင် .. ငါဒီလိုမျိုး သနားသရာကောင်းနေမှာမဟုတ်ဘူး ... ခုတော့ ငါ့မှာ ဘာတစ်ခုမှ မရှိတော့ဘူး ..."
ဝမ်ပေါ် သူ့ကို ကြည့်နေပြီး ဘာပြောရမည်မသိပဲ ခဏတာ ဆွံ့အသွားသည်။
အကယ်၍ ထိုသို့သောတောင်းဆိုချက်က လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်ကသာ ဖြစ်ခဲ့ပါက ဝမ်ပေါ် မဆိုင်းမတွ သဘောတူခဲ့မိမည်ဖြစ်သည်။ သူက ဝမ်မင်ယီကို ဂရုမစိုက်ပေ။ ဝမ်မင်ယီ၏ သေရေးရှင်ရေးက သူနှင့် ဘာမှမဆိုင်သကဲ့သို့ ဝမ်မင်ယီသေသွား၍ အခြားလူများ ဝမ်းနည်းလျှင်လည်း သူဂရုစိုက်မည်မဟုတ်ပေ။ သို့ရာတွင် ယခု ကျန်းဇီမော့ တောင်းဆိုလိုက်ချိန်က သူကိုယ်တိုင်ဝမ်အိမ်က နှင်ချခံထားရသည့်အချိန်ဖြစ်နေသည်။
သူ ယခု ကျန်းဇီမော့၏အိမ်တွင် ရောက်နေရသည့်အကြောင်းအရင်းကလည်း ဝမ်မင်ယီ၏ ဇာတ်ကောင်ကိုလုယူကာ ကျန်းဇီမော့ကို ကူညီပေးမိသဖြင့် စစ်ကျွင်းတောက်၏ လက်စားချေခံရခြင်းဖြစ်သည်။ ဝမ်စုပြောခဲ့သည်ကို သူအမှတ်ရနေသေးသည်။
( မင်းမှာ ဦးနှောက်မရှိဘူးလား ... တကယ်လို့ တစ်ယောက်ယောက်က မင်းကို ဒုက္ခပေးရင် ငါကရော မကူညီပေးပဲ နေမှာလား ... အဲ့လိုပဲ ဝမ်မင်ယီကိုသွားထိရင်လည်း စစ်ကျွင်းတောက်က ငြိမ်ခံနေမယ်ထင်လား ... သူက ငါတို့ ဝမ်မိသားစုကို ဦးတည်ပြီးတိုက်ခိုက်လာမှာ ..."
သို့ရာတွင် ဝမ်စုက စစ်ကျွင်းတောက်၏ ရန်သူမဖြစ်လိုသည်ကို ဝမ်ပေါ်ခံစားမိသည်။
သူက ဝမ်စု၏ အစီအစဉ်များထဲမှတစ်ခုကို ဖျက်ဆီးမိထားပြီးဖြစ်၍ ထပ်မလုပ်နိုင်တော့ပေ။ ဝမ်စုကလည်း သူ့ကိုခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါ်က ကျန်းဇီမော့ကို ပြေရာပြေကြောင်းပြောလိုက်သည်။
" မူးနေပြီပဲ ... ကိုယ်မင်းကို အနားယူဖို့ ခေါ်သွားပေးမယ် ..."
သို့ရာတွင် ကျန်းဇီမော့က အနားမယူချင်ပေ။သို့ရာတွင် ကျန်းဇီမော့က အနားမယူချင်ပေ။ သူက ဝမ်မင်ယီကိုသာ ပျောက်ကွယ်သွားစေချင်၍ ဝမ်ပေါ့်ကို ထပ်မေးသည်။
" မင်း ငါ့ကို မကူညီချင်ဘူးလား ... မင်းကတောင် ငါ့ကို မကူညီချင်တော့ဘူးပါ့လေ ..."
" ကိုယ် မကူညီချင်တာမဟုတ်ပဲ မကူညီနိုင်တာပါ ... ကိုယ့်မိသားစုက ခွင့်ပြုမှာမဟုတ်ဘူး ..."
ဝမ်ပေါ် တီးတိုးပြောလိုက်သည်။
" မင်းကို မိသားစုကနေ နှင်ထုတ်လိုက်တာတောင်မှ သူတို့ကို ဂရုစိုက်နေသေးတယ် ... သူတို့ကဖြင့် မင်းကို အဖက်တောင်မလုပ်ဘူး ..."
ဝမ်ပေါ် ဘာမှပြန်မပြောတော့ပေ။ သူ့ကို အခန်းထဲသာ သယ်သွားလိုက်သည်။
ကျန်းဇီမော့ စိတ်ပျက်စွာပြုံးလိုက်ပြီး အိပ်ရာပေါ်တွင် သူ့ကိုကျောပေးပြီးလှဲနေသည်။ သူ စစ်ကျွင်းတောက်အကြောင်းကို တွေးမိသွားသည်။
" စစ်ကျွင်းတောက်သာဆိုရင် ဝမ်မင်ယီကို ကူညီပေးမှာ ..."
ဝမ်ပေါ် က ကျန်းဇီမော့ကိုကြည့်ပြီး မေးလိုက်သည်။
" ကိုယ်ဘယ်လိုလုပ် လုပ်ပေးလို့ရမှာလဲ ... မင်းရင်ထဲမှာ ကိုယ်က စစ်ကျွင်းတောက်လောက် မကောင်းဘူးမလား ..."
ကျန်းဇီမော့ ဘာမှပြန်မပြောပေ။
ဝမ်ပေါ် သက်ပြင်းချလိုက်သည်။
" ကိုယ် တစ်ခါတစ်လေကျရင် နားမလည်ဘူး ... စစ်ကျွင်းတောက်က မင်းကို ကောင်းကောင်းမဆက်ဆံတာတောင်မှ မင်းသူ့ကို အမြဲတမ်းသဘောကျခဲ့တာပဲ ... ကိုယ်ကရော မင်းကို မကောင်းလို့လား ... ကိုယ် မင်းကို စစ်ကျွင်းတောက်ထက် ပိုပြီးကောင်းကောင်းဆက်ဆံပေးတယ်လေ ... ကိုယ့်ကိုကြိုက်တယ်လို့ ပြောပြီးတာတောင်မှ ဘာလို့ စစ်ကျွင်းတောက်အကြောင်းကိုပဲ တွေးနေရတာလဲ ..."
ကျန်းဇီမော့ ဘာမှမပြောပေ။
ဝမ်ပေါ် လုံးဝနားမလည်နိုင်တော့ပေ။ ကျန်းဇီမော့၏နောက်ကျောကိုကြည့်ပြီး မီးပိတ်ပေးပြီး နွေးထွေးသောအသံဖြင့် နှုတ်ဆက်ကာထွက်သွားသည်။
" အိပ်တော့လေ ..."
ကျန်းဇီမော့ မျက်လုံးမှိတ်လိုက်သည့်အခါ မျက်လုံးများကျိန်းစပ်လာသည်ကို ခံစားမိသည်။
ဝမ်ပေါ်က သူ့အိပ်ခန်းထဲပြန်ဝင်လာပြီး အိပ်မပျော်နိုင်သောကြောင့် ကုတင်ပေါ်တွင်သာ ထိုင်နေသည်။
....
ဝမ်မင်ယီ၏မွေးနေ့က မေလလယ်တွင်ဖြစ်သည်။ သူ၏မွေးနေ့မတိုင်ခင်တစ်ရက်က စစ်ကျွင်းတောက်က ကျောက်ဝမ်ယွီကို အကျိုးကြောင်းမေးသည့်အခါ ကျောက်ဝမ်ယွီက အလုပ်အား၍ စောစောလာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။
" ကောင်းတာပေါ့ ပါပါး ပျော်စရာကြီးနေမှာပဲ ..."
စစ်ကျွင်းတောက်က အပြုံးဖြင့်ပြောလိုက်သည်။
" ထင်ရတာပဲ ဟင်းဟင်း ..."
ကျောက်ဝမ်ယွီပြောလိုက်သည်။
သူ့ကဖုန်းကိုပင် မကိုင်သည့်အတွက် သူ့ကို ယခုအချိန်တွေ့လျှင်လည်း သားဖြစ်သူကပျော်မည်ဟုမထင်ပေ။ စစ်ကျွင်းတောက်က ဝမ်မင်ယီကို အံ့ဩသွားစေချင်၍ မပြောပဲထားလိုက်သည်။ ဝမ်မင်ယီက မိဘများမပါသည့်မွေးနေ့ပွဲကို ဆင်နွှဲနေကြဖြစ်၍ ကျောက်ဝမ်ယွီကို လုံးဝမဆက်‌သွယ်ပေ။
မေလ ၆ရက်နေ့တွင် ဝမ်မင်ယီက ထုံးစံအတိုင်း စစ်ကျွင်းတောက်၏ ရင်ခွင်ထဲတွင် နိုးလာသည်။ စစ်ကျွင်းတောက်က အိပ်ရာနိုးနေသည်မှာကြာပြီဖြစ်သည်။ ဝမ်မင်ယီ နိုးလာသည်ကိုမြင်မှ သူ့ပါးကိုလိမ်ဆွဲပြီး ပြောလိုက်သည်။
" နိုးပြီလား ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်ပြီး စစ်ကျွင်းတောက်၏လည်ပင်းကိုသိုင်းဖက်ပြီး နမ်းလိုက်သည်။
" မနက်ခင်းအနမ်း ..."
စစ်ကျွင်းတောက်က ရင်ခွင်ထဲမှကောင်လေး၏ ကောင်လေး၏မျက်ခုံးများကို နမ်းလိုက်ပြီးမေးလိုက်သည်။
" ဒီနေ့ ဘာစားချင်လဲ ..."
" နေ့လယ်ဘက်မှာ အရွက်ကြော်စားမယ် ... ညကျ ဟော့ပေါ့စားမယ် ...နှစ်ယောက်တည်းဆိုတော့ စားစရာတွေ အများကြီးမလိုဘူး ..."
" ဟုတ်ပါပြီ ..."
စစ်ကျွင်းတောက် သူ့ကိုထပ်နမ်းလိုက်သည်။
ဝမ်မင်ယီ သူ့ကိုဖက်ထားပြီး နှုတ်ခမ်းများကို နမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
" ကျွန်တော် ဒီနေ့ ၁၉နှစ်ပြည့်ပြီနော် ... ၁၉နှစ် ... ကျွန်တော်တို့ ဒီထက်ပိုပြီး အဆင့်တက်လို့ရပြီလား ..."
စစ်ကျွင်းတောက် ရယ်မိလုနီးပါးဖြစ်သွားသည်။
" မင်းကတော့ တကယ်ပဲ ..."
ဝမ်မင်ယီ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အသံချိုချိုလေးဖြင့်မေးလိုက်သည်။
" မရဘူးလားဟင် ..."
စစ်ကျွင်းတောက်က သူ့ကိုမည်သို့မျှမငြင်းဆိုနိုင်၍ နောက်မှထပ်ဆွေးနွေးမည်ဟုပြောလိုက်သည်။
" မင်း manual gearဖွင့်လို့ရအောင် ကိုယ်ကူ‌ညီပေးပါ့မယ် ..."
( T/N - ကားမောင်းဖို့ စက်ကူနှိုးပေးမယ်ပြောတာထင်တယ် ကားမောင်းတာကိုတော့ သိကြပါမှာ အဟမ်းအဟမ်းတာပါ ヾ( ͝° ͜ʖ͡°)ノ♪ )
ဝမ်မင်ယီ ချက်ချင်းပင်ပျော်သွားပြီး သူ့ကို အကြိမ်အနည်းငယ် ထပ်နမ်းလိုက်သည်။
" ကောကောက အကောင်းဆုံးပဲ ..."
ဝမ်မင်ယီက အလွန်ချစ်ဖို့ကောင်းနေ၍ စစ်ကျွင်းတောက်က ဆံပင်များကို ဆွဲဖွလိုက်သည်။
သူတို့ အိပ်ရာထ၍ ကိုယ်လက်သန့်စင်ပြီးနောက် အောက်ထပ်သို့ အတူတူဆင်းလာသည်။
ယနေ့က ဝမ်မင်ယီ၏မွေးနေ့ဖြစ်၍ နှစ်ယောက်တည်းသာ နေလိုသောကြောင့် အန်တီကျန်းကို အနားပေးထားသည်။
စစ်ကျွင်းတောက် ရေခဲသေတ္တာဖွင့်ကြည့်ပြီးနောက် ဝမ်မင်ယီကို မေးလိုက်သည်။
" မနက်စာ ဘာစားမလဲ ..."
" ဘာဖြစ်ဖြစ်ရတယ် ..."
ဝမ်မင်ယီ ပြောလိုက်သည်။
" ဆန်းဒဝေ့ခ်ျ၊ ပေါက်စီနဲ့ ဖက်ထုပ်ထဲက တစ်ခုခုလုပ်ရင်ရတယ် ..."
စစ်ကျွင်းတောက် ခဏတာတွေးပြီးနောက် ဖက်ထုပ်ချက်ရန် တွေးလိုက်သည်။ ဖက်ထုပ်များကို ရေခဲသေတ္တာထဲမှ ထုတ်လိုက်ချိန်တွင် တံခါးဘဲလ်သံကြားလိုက်ရသည်။ ဝမ်မင်ယီ ပဟေဠိဖြစ်သွားပြီး သူ့ကို လှမ်းမေးလိုက်သည်။
" စားစရာ မှာလားသေးလား ..."
" မမှာထားပါဘူး ..."
" ဒါဆို ..."
" ကိုယ်သွားဖွင့်လိုက်မယ် ..."
" ကျွန်တော်လည်း လိုက်မယ် ..."
" ရတယ် ဒီမှာပဲနေခဲ့ပါ ..."
စစ်ကျွင်းတောက် အိမ်ရှေ့ကိုထွက်သွားသည်။
ခဏကြာသောအခါ ရှုပ်ထွေးနေသည့်မျက်နှာဖြင့် ပြန်လာသော စစ်ကျွင်းတောက်ကို မြင်လိုက်ရသည်။
" ဘယ်သူလာတာလဲဟင် ..."
သူမေးလိုက်သည်။
စစ်ကျွင်းတောက် တစ်ဖက်ကိုသာလှည့်နေသည်။ ခဏအကြာတွင် ဝမ်ဝေ့နဲ့ကျောက်ဝမ်ယွီတို့က သူ့ရှေ့တွင်ပေါ်လာသည်။
ကျောက်ဝမ်ယွီလက်ထဲတွင် ကိတ်မုန့်တစ်လုံးပါ ယူလာသည်။
" ပျော်ရွှင်စရာမွေးနေ့ပါ မင်မင် ..."
ဝမ်မင်ယီ "....."
ဝမ်မင်ယီ ခံစားချက်များ ရောထွေးသွားသည်။
စစ်ကျွင်းတောက် ပျော်ရွှင်နေမိသည်။ ကျောက်ဝမ်ယွီလာမည်ကို သူသိထားသော်လည်း ဝမ်ဝေ့ပါ ပြန်ရောက်လာမည်ကို မထင်ထားခဲ့ပေ။ ထို့ကြောင့် တံခါးအပြင်ဘက်တွင် ဝမ်ဝေ့ရောက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
" အံ့ဩသွားလား ..."
ဝမ်ဝေ့က ပြုံးရွှင်စွာပြောလိုက်သည်။
" မင်မင့်မွေးနေ့အတွက် ပြန်လာခဲ့တာ ... အချိန်ရရင် သူ့ကိုလာတွေ့မယ်လို့ ကတိပေးထားမိလို့လေ ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" အိမ်သော့ မပါလာတာလား ..."
ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။
" အမြန်ထွက်လာတော့ ယူလာဖို့မေ့သွားတယ် ..."
စစ်ကျွင်းတောက်က ကျောက်ဝမ်ယွီကို ကြည့်လိုက်သည်။ ကျောက်ဝမ်ယွီ့၏ပုံစံက ရှက်နေသည့်ပုံပင်။
" ပါပါးက ပျောက်သွားတာ ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် တံခါးဖွင့်ပြီးနောက် သူတို့ကို အထဲသို့ခေါ်လိုက်သည်။
ကျောက်ဝမ်ယွီက ဝမ်မင်ယီကိုကြည့်လိုက်သည့်အခါ သူ့မျက်နှာတွင် အံ့အားသင့်မှုများကို မတွေ့ရပေ။ ကိတ်မုန့်ကိုကိုင်ပြီး သူ့အနားကပ်သွားကာမေးလိုက်သည်။
" မင်မင် ... ပါပါးကိုတွေ့ရတာ မပျော်ဘူးလား ..."
ဝမ်မင်ယီ သူ့မျက်နှာသူ လက်ညှိုးဖြင့် ထိုးပြလိုက်သည်။
" ကျွန်တော့်ရုပ်က ပျော်နေတဲ့ရုပ်နဲ့တူလို့လား ..."
အမှန်ပင် မပျော်ရွှင်နေသည့်အတွက် ဒါရိုက်တာကျောက် အနည်းငယ်နာကျင်သွားသည်။
ဝမ်ဝေ့က ဝမ်မင်ယီ၏ဘေးတွင်ထိုင်ပြီး သူ့ပခုံးများကိုသိုင်းဖက်ထားကာ ပြောလိုက်သည်။
" မာမားက မင်းရဲ့ပါပါးကို သင်ခန်းစာပေးထားပြီးပါပြီ ... အလုပ်ရှုပ်နေလို့မင်းကို ဒီနှစ်တွေမှာ ပစ်ထားမိတာ မှားမှန်းသိပါပြီတဲ့ စိတ်မဆိုးနဲ့တော့နော် ပေါင်ပေ့လေး ..."
ဝမ်မင်ယီ သူ့အမေကိုကြည့်ကာ ပြောလိုက်သည်။
" သူ့အတွက်ပြောပေးဖို့ လိုသေးလို့လား အားလုံးဒီမှာရှိနေတာကို ... သူ့ဘက်က ကာ‌ပြောပေးလို့ အဝါကတ်ပြမယ် ..."
ဝမ်ဝေ့ "....."
ဝမ်ဝေ့ ပြုံးပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
" နေ့လယ်စာ စားပြီးပြီလား ... မာမား မင်းအတွက် အသက်ရှည်ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးရမလား ..."
ဝမ်မင်ယီ ငြင်းဆန်လိုက်သည်။
" ကျွန်တော် မစားချင်ဘူး ..."
" မြည်းကြည့်ပါဦး မာမား မင်းအတွက် မချက်ပေးရတာကြာပြီ ... ဒီအရသာကို မလွမ်းဘူးလား ... ဟင် မလွမ်းဘူးလားလို့ ..."
ဝမ်ဝေ့က သူ့ကို တိုက်တွန်းနေသည်။
သူမ ကြိုးစားနေသည်ကိုမြင်၍ ဝမ်မင်ယီက ဆက်မငြင်းတော့ပေ။
" အိုကေ ... ဒါပေမဲ့ ကျွန်တော် ကုန်အောင်စားမယ်လိူ့ အာမ မခံဘူးနော် ..."
" ရပါတယ် မင်းမကုန်တော့လည်း မာမား ဆက်စားမှာပေါ့ ..."
ဝမ်ဝေ့ ပြောပြီးသည့်နောက် ပြုံးပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။
ဝမ်မင်ယီ တစ်ဖက်သို့လှည့်လိုက်သည့်အခါ ကျောက်ဝမ်ယွီက သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။
ဝမ်မင်ယီက မီးဖိုချောင်ကို ညွှန်ပြလိုက်သည်။
" ကျွန်တော့်အမေက ကျွန်တော့်ဖို့ ခေါက်ဆွဲသွားချက်တယ် ..."
ဒါရိုက်တာ ကျောက်ဝမ်ယွီက ထိုစကား၏ အဓိပ္ပါယ်ကို ချက်ချင်းသဘောပေါက်သွားပြီး ထရပ်ပြီး။ပြောလိုက်သည်။
" ပါပါးလည်း မင်းဖို့ချက်ပေးမယ်လေ ... မင်း ဘာကြိုက်တာလဲပြောရင် ချက်ချင်းချက်ပေးမယ် ..."
ဝမ်မင်ယီ "....."
ဝမ်မင်ယီ သူ့အဖေ ပါးစပ်ပိတ်နေရန်သာ မျှော်လင့်နေမိတော့သည်။
ကိုယ့်သားကိုယ် ဂရုမစိုက်ဘူးဆိုတာ သိသာနေတဲ့စကားတွေကို ဆက်တိုက်ပြောနေတော့ပဲ ...
စစ်ကျွင်းတောက် သူ၏ခေါင်းကိုင်အဖေနှင့် အနာဂတ် ယောက္ခထီးလောင်းဖြစ်သူကိုကြည့်ပြီး စကားအချို့ တီးတိုးပြောလိုက်သည်။
ကျောက်ဝမ်ယွီ သဘောပေါက်သွားသည်။
" မင်း အကြိုက်တွေ မပြောင်းသေးဘူးပဲ ... ငယ်ငယ်တုန်းကနဲ့ တူတူပဲ ..."
" ဒါရိုက်တာကျောက်က ကျွန်တော့်ရဲ့ ကလေးဘဝကို မှတ်မိသေးတယ်ပေါ့ ..."
" သေချာပေါက် မှတ်မိတာပေါ့ ..."
ကျောက်ဝမ်ယွီက သူ့ကိုကြည့်ပြီး ခေါင်းကိုပွတ်သပ်ပေးရန်ပြင်လိုက်သော်လည်း ဝမ်မင်ယီက ရှောင်လိုက်သည်။ နောက်ဆုံးတွင် စစ်ကျွင်းတောက်၏ နောက်တွင်သာ ရပ်နေတော့သည်။
ကျောက်ဝမ်ယွီက နောင်တရစွာဖြင့်ပြောလိုက်သည်။
" မင်း ငယ်ငယ်‌တုန်းက ပါပါးဖက်ထားရင် အရမ်းသဘောကျတာ ..."
" အခု မကြိုက်တော့ဘူးလေ ..."
ဝမ်မင်ယီ ‌နှာမှုတ်လိုက်သည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို နောက်မှသိုင်းဖက်ထားလိုက်သည်။
" အခု ကျွန်တော့်ကောကောကို ဖက်ရတာပဲ ကြိုက်တော့တယ် ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် တိတ်ဆိတ်နေသည်။
ကျောက်ဝမ်ယွီက ထိုကိစ္စကို အတွေးနယ်ချဲ့မနေတော့ပေ။ စစ်ကျွင်းတောက်က ဝမ်မင်ယီကို နှစ်ပေါင်းများစွာ ဂရုစိုက်လာသူဖြစ်၍ သူ၏သားအရင်းကဲ့သို့ ဖြစ်နေသည်။ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ အဆင်ပြေနေသည်ကို မြင်ရသည်အခါ သူနှင့်ဝမ်ဝေ့နှစ်ယောက်လုံး ဝမ်းသာနေမိသည်။
" ဟုတ်ပါပြီ မင်းရဲ့ကောကောကိုပဲဖက်ပါ ... ပါပါး တစ်ခုခုသွားချက်လိုက်ဦးမယ် ကျွင်းကျွင်း ဘာစားချင်လဲ ..."ဝမ်မင်ယီသူ့ကိုဖက်ထားသဖြင့် စစ်ကျွင်းတောက်က မလုံမလဲခံစားလိုက်ရပြီး ပြောလိုက်သည်။
" ဘယ်ဟာမဆို အဆင်ပြေပါတယ် ခေါင်းကိုင်အဖေ ..."
ဝမ်မင်ယီက အကျင့်ပုတ်ပြီး ဟင်းအတော်များများ၏ နာမည်ကို ရွတ်ပြလိုက်သည်။
" ကောကောက ဒီဟင်းတွေကြိုက်တာ ...အကုန်လုပ်ခဲ့လေ ..."
ကျောက်ဝမ်ယွီ :" ဒါပေမဲ့ ပါပါးတစ်ချို့ဟာတွေ မသိဘူးလေ ..."
" ဒါဆို သင်လေ ..."
ဝမ်မင်ယီက စစ်ကျွင်းတောက်၏ပခုံးပေါ် မေးတင်ထားသည်။
" ကောကောစားချင်တာ ကျွန်တော်စားချင်တာတွေပဲ ... ကျွန်တော့်မွေးနေ့ကို လာဆင်နွှဲတာဆို ကျွန်တော်စိတ်ကျေနပ်အောင် စားချင်တာတွေချက်ကျွေးလေ ..."
ကျောက်ဝမ်ယွီ "....."
ကျောက်ဝမ်ယွီသက်ပြင်းချ၍ စိတ်ဓာတ်ကျစွာဖြင့် မီးဖိုချောင်ထဲသို့ သူ့ဇနီးကိုကူညီရန် ဝင်သွားသည်။