အပိုင်း ၁၀၂
Viewers 12k

ကျောက်ဝမ်ယွီ မီးဖိုချောင်ထဲသို့ ဝမ်းနည်းနေသည့် မျက်နှာဖြင့် ဝင်သွားသည်ကိုကြည့်ပြီး ဝမ်မင်ယီ အားရပါးရ ရယ်နေမိသည်။ ထို့နောက် စစ်ကျွင်းတောက်က သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသည်။
" ဘာလို့လဲ ..."
ဝမ်မင်ယီ ခေါင်းစောင်းပြီး သူ့ကိုပြန်ကြည့်လိုက်သည်။ စစ်ကျွင်းတောက်၏မျက်နှာကို ဤအနေအထားမှ မမြင်ဖူးသဖြက့် ရှေ့တိုးလာပြီး သူ့ကိုနမ်းလိုက်သည်။
စစ်ကျွင်းတောက် လန့်သွားပြီး မီးဖိုချောင်ကိုလှည့်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် မီးဖိုချောင်တံခါးက ပိတ်သွားပြီဖြစ်သည်။
" မင်း အရမ်းအတင့်ရဲနေတာပဲ ..."
စစ်ကျွင်းတောက်က သူ့ကိုရင်ခွင်ထဲမှထုတ်ပြီး ကြည့်လိုက်သည်။
" သူတို့နှစ်ယောက် တွေ့သွားမှာ မကြောက်ဘူးဘူးလား ..."
ဝမ်မင်ယီက လုံးဝ မကြောက်ပေ။
" တွေ့သွားတော့လည်း ဘာဖြစ်လဲ ပြောပြလိုက်မှာပေါ့ မဟုတ်ရင်လည်း အနှေးနဲ့အမြန် ပြောပြရမှာပဲကို ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက်က သူပြောသည်ကို မှန်ကန်သည်ဟု ထင်လိုက်သော်လည်း သူတို့တွဲနေကြောင်း လူသိရှင်ကြားမထုတ်ပြရသေးပဲ ခဏတာလျှို့ဝှက်ထားမည်ဟု စဉ်းစားထားခြင်းဖြစ်သည်။
" အလျင်မလိုပါနဲ့ ..."
စစ်ကျွင်းတောက် ပြောလိုက်သည်။
ဝမ်မင်ယီက သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်ပြန်သည်။
" ဘာလို့ အလျင်မလိုရမှာလဲ ... စောစောပြောပြထားတော့ အားလုံးလည်း စောစောပျော်ရတာပေါ့ ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် သူ့ပါးကိုလိမ်ဆွဲလိုက်သည်။
" ကိုယ်တို့ပျော်နေပေမယ့် မင်းမိဘတွေ လန့်ကုန်မှာပေါ့ ..."
" ဒါဆိုလည်း ကျွန်တော့်ကို အိမ်က နှင်ထုတ်ခိုင်းလိုက်မယ် ... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကအခုလည်း ကောကောဆီမှာ နေတာပဲလေ ..."
" ကောကောရဲ့ ခေါင်းကိုက်အမေကို ကောက ယောက်ျားလေးတွေကိုပဲ သဘောကျတယ်လို့ ပြောပြထားဘူးတယ်မလား ... တကယ်လို့ အနာဂတ်မှာ သူမကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင် ကျွန်တော့်ထက်ကောင်းတဲ့သူ ရှိဦးမယ်တဲ့လား ... ကောကောရဲ့မိသားစုက ဘာမှမပြောသရွေ့တော့ ကျွန်တော့်မိဘတွေကလည်း ဘာမှမပြောပါဘူး ..."
ဝမ်မင်ယီက ထိုကိစ္စကို ဤမျှအလေးအနက်တွေးထားမည်ဟု စစ်ကျွင်းတောက် မထင်ခဲ့မိပေ။
" ကျွန်တော့်တို့တွဲနေတာကို သဘောမကျဘူးဆိုရင်လည်း ဒါရိုက်တာကျောက်က ကျွန်တော်နဲ့ သားအဖဆက်ဆံရေးကိုဖြတ်ပစ်လိုက်နိုင်တယ် ... ဒါပေမဲ့ သူအဲ့လိုလုပ်ရဲရင်လည်း လုပ်ပါစေ ... ကျွန်တော်သူ့ကို တစ်နှစ်မှ တစ်ခါ နှစ်ပဲတွေ့ရတာ ကောကောနဲ့က နေ့တိုင်းတွေ့နေရတာဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကို ခွဲလို့တော့မဖြစ်ဘူး ..."
ဝမ်မင်ယီက မယဉ်မကျေးပြောလိုက်သော်လည်းသူပြောသည့်အကြောင်းအရင်းများက မှန်ကန်နေသည်။ သူနှင့်ဝမ်မင်ယီက ကလေးဘဝကတည်းက ရင်းနှီးလာခဲ့ခြင်းဖြစ်သည်။ ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီထွက်သွားပြီးသည့်နောက်တွင် သူက ဝမ်မင်ယီ၏စောင့်ရှောက်သူ ဖြစ်လာခဲ့သည်။ ဤနှစ်များတွင် ဝမ်မင်ယီက မိဘများကို မုန်းတီးနေခဲ့သော်လည်း ချစ်နေဆဲဖြစ်သည်။ သို့သော် သူတို့က တရင်းတနှီး မနေခဲ့ရသောကြောင့် သူ့ထံတွင် မိဘများကို မှီခိုချင်စိတ်မရှိပေ။
အခြားကလေးများက အပြင်တွင် အမှားတစ်ခုခုလုပ်လာပါက အိမ်ပြန်၍ မိဘများကို အမှားဝန်ခံခြင်း သို့မဟုတ် မိဘများကို ကူညီဖြေရှင်းများ ပြုလုပ်ခိုင်းတတ်သော်လည်း ဝမ်မင်ယီက သူ့ကိုသာ လာပြောလေ့ရှိသည်။ လူကြားထဲတွင်လည်း စစ်ကျွင်းတောက်ကိုသာ အစ်ကိုအဖြစ် မိတ်ဆက်ပေးသော်လည်း မိဘနှစ်ပါးကို "‌ဒါက ငါ့အဖေ ၊ ဒါက ငါ့အမေ " ဟူ၍ အလွယ်တကူ မိတ်ဆက်ပေးတတ်မည့်လူမျိုးမဟုတ်ပေ။
ဝမ်မင်ယီက ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့တို့အနားမှ အလွယ်တကူထွက်သွားနိုင်သည်ဟု ပြော‌နိုင်ခြင်းမှာ သူတို့နှင့် ငယ်စဉ်ကတည်းက အနေဝေးခဲ့၍ သူတို့ကို လုံးဝမမှီခိုတော့ခြင်းဖြစ်သည်။
စစ်ကျွင်းတောက်က သူ့အနားမှ မည်သည့်အခါမှ မထွက်သွားနိုင်သော လူဖြစ်သည့်အပြင် သူတို့ချစ်သူဖြစ်နေသရွေ့ တစ်ယောက်နှင့်တစ်ယောက် ခွဲနေစရာအကြောင်းမရှိသဖြင့် သူ့ကိုသဘောကျကြောင်း ဝန်ခံခဲ့ခြင်းဖြစ်နိုင်သည်။
ထိုသို့ တွေ့ပြီးသည့်အခါ စစ်ကျွင်းတောက် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ယခုအချိန်တွင် ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီတို့၏ အလုပ်များကို မအားမလပ်လုပ်နေခဲ့သည်ကို ကျေးဇူးတင်ချင်လာသည်။ အကယ်၍ ထိုသို့မဖြစ်ခဲ့ပါက သူက ဝမ်မင်ယီ၏ရင်ထဲတွင် အရေးအကြီးဆုံးလူ မဖြစ်လာနိုင်တော့သကဲ့သို့ သူ့ချစ်သူလည်း ဖြစ်လာတော့မည်မဟုတ်ပေ။
စစ်ကျွင်းတောက် မသိမသာပြုံးမိသွားပြီး ဝမ်မင်ယီကိုနမ်းလိုက်သည်။
ဝမ်မင်ယီက ပြန်နမ်းမည်အပြု စစ်ကျွင်းတောက်က ရှောင်လိုက်သည်။
" ပါပါးနဲ့မာမားတွေ့သွားမှာ မကြောက်ဘူးလား ..."
" မကြောက်ပါဘူး ..."
စစ်ကျွင်းတောက် ကူကယ်ရာမဲ့သွားသည်။
ဝမ်မင်ယီ ပြန်ပြောလိုက်သည်။
" ဘာလို့ရှောင်တာလဲ ... ဒီနေ့က ကျွန်တော့်မွေးနေ့လေ ရှောင်ရဲတယ်ပေါ့ ကျွန်တော့်ကို အခုပြန်နမ်း ..."
စစ်ကျွင်းတောက်က သူ၏ ကျိုးကြောင်းဆီလျော်မှုမရှိသည့်အသံကြောင့် နောက်ပြောင်ချင်လာသည်။
" ရယ်ရဲသေးတယ်ပေါ့ ..."
စစ်ကျွင်းတောက် သူ့ကိုမနိုင်တော့ပေ။
" ကိုယ်တို့နေရာပြောင်းကြမလား ဒီမှာမလုပ်နဲ့ ... မီးဖိုချောင်တံခါးဖွင့်လိုက်တာနဲ့ ပါပါးနဲ့မာမား မြင်သွားလိမ့်မယ် ..."
ဝမ်မင်ယီက ဆိုဖာပေါ်မှ ချက်ချင်းထခုန်လိုက်ပြီး သူ့ကို ပထမထပ်မှ ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားသည်။
" နေရာပြောင်းပြီးပြီ ..."
စစ်ကျွင်းတောက် ရယ်လိုက်သည်။ ဝမ်မင်ယီက အလွန်အင်မတန်ပင် ချစ်စရာကောင်းလွန်းသည်ဟု ထင်လိုက်မိသည်။
ကမ္ဘာပေါ်မှာ မင်မင့်ထက်ချစ်ဖို့ကောင်းတဲ့သူ မရှိတော့ဘူးလို့ စစ်ကျွင်းတောက် ထင်နေမိတယ် ...
သူက ဝမ်မင်ယီကို ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားလိုက်ပြီး ခေါင်းငဲ့ကာ အနမ်းခြွေလိုက်သည်။
ဝမ်မင်ယီကလည်း သူ့လည်ပင်းကို သိုင်းဖက်ပြီး ပြန်လည်းနမ်းရှိုက်လိုက်သည်။
ကြာမြင့်စွာမ်းပြီးနောက် ဝမ်မင်ယီစိတ်ကျေနပ်သွားပြီး စစ်ကျွင်းတောက်ကိုခေါ်ကာ အပြင်ပြန်ထွက်လာသည်။
" တွေ့လား ... သူတို့ ဟင်းချက်တာကို အာရုံစိုက်နေကြတုန်းပဲ ..."
" လိမ်လိမ်မာမာနေနော် ... ဒီနေ့က မင်မင့်မွေးနေ့ဆိုတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကြမယ် ကျန်တဲ့ကိစ္စတွေ နောက်မှပြောတာပေါ့ အချိန်တွေအများကြီးရှိသေးတာပဲ ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်သည်။
ပထမဆုံးရောက်လာသည်က ဝမ်မင်ယီ့အတွက် အသက်ရှည်ခေါက်ဆွဲဖြစ်သည်။
ဝမ်ဝေ့က ခေါက်ဆွဲပန်းကန်ကို ရှေ့တွင် ချပေးပြီးပြောလိုက်သည်။
" အရသာရှိ မရှိ မြည်းကြည့်လိုက်ပါဦး ..."
ဝမ်မင်ယီက ဝမ်ဝေ့၏ မျှော်လင့်ချက်များပြည့်နေသည့် မျက်ဝန်းများကြောင့် ခေါင်းငုံ့ပြီး နှစ်ဇွန်းခန့်စားပြီးနောက် ပြောလိုက်သည်။
" အရသာရှိတယ် ..."
" မင်မင်ကြိုက်ရင် ပြီးတာပဲ ..."
ဝမ်ဝေ့မျက်နှာမှ အပြုံးက ပိုမိုအသက်ဝင်လာသည်။
" ဒါဆိုလည်း ခေါက်ဆွဲအရင်စားထားလေ ... ပါပါးဟင်းချက်တာ သွားကူပေးလိုက်ဦးမယ်နော် ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်ဝေ့ထွက်သွားသည်ကို ကြည့်ပြီးနောက် သူ ခေါင်းငုံကာ ခေါက်ဆွဲနှစ်ဇွန်းခန့် ထပ်စားပြီး ခေါက်ဆွဲပြုတ်ရည်ထဲမှ ကြက်ဥကို အရသာခံလိုက်သည်။ သူ ငယ်ရွယ်စဉ်ကလည်း ဝမ်ဝေ့က အလုပ်မသွားမီ သူ့မွေးနေ့တိုင်းတွင် ကျန်းမာပြီး ဘေးကင်းစေရန် အသက်ရှည်ခေါက်ဆွဲလုပ်ကျွေးသည်ကို မှတ်မိသည်။ ဝမ်မင်ယီက ထိုစဉ်အချိန်က အလွန်ချေးများသည်။ အမြဲတမ်း ခေါက်ဆွဲကို ပန်းကန်လုံး တစ်ဝက်ခန့်သာစားသည်။ ဝမ်ဝေ့စားရန် ချန်ထားခြင်း မဟုတ်လျှင်လည်းလည်း ဝမ်ဝေ့ မမြင်သည့်အချိန်တွင် စစ်ကျွင်းတောက်ကို တိတ်တိတ်လေးပေးလိုက်သည်။
ဝမ်ဝေ့က သူ့ကိုဘာမှမပြောပေ။ သူ ခေါက်ဆွဲကို စားနေသရွေ့ ထိုကိစ္စများကို သူမ ဂရုမစိုက်ပေ။
ဝမ်မင်ယီ မသိမသာဖြင့် မီးဖိုချောင်ကို လှမ်းကြည့်လိုက်သည်။ မီးဖိုချောင်တံခါးကို ပိတ်ထားသော်လည်း လှီးဖြတ်နေသံများနှင့် ကြော်လှော်ချက်ပြုတ်နေသံများ ကြားနေရဆဲဖြစ်သည်။ အကယ်၍ သူ၏မိဘများက သာမန်လူများဖြစ်လျှင် သူတို့က အလွန်နွေးထွေးသော မိသားစုတစ်ခု ဖြစ်လာနိုင်သည်ဟု ဝမ်မင်ယီတွေးနေမိသည်။
အနည်းဆုံး သူ့ရှေ့တွင် ပေါ်လာချိန်တွင်လည်း သူတို့နှစ်‌ယောက်က သူ့ကို တုန်နေအောင်ချစ်ပြကြသည်။ ဝမ်မင်ယီက ယခုအခါတွင်လည်း အသက်ရှည်ခေါက်ဆွဲတစ်ပန်းကန်ကို ကုန်အောင်မစားနိုင်ပေ။ ပိတ်ထားသော မီးဖိုချောင်တံခါးကိုကြည့်လိုက်ပြီး ခေါက်ဆွဲပန်းကန်ကို စစ်‌ကျွင်းတောက်ဘက်ကို တိုးပေးလိုက်သည်။
" ကျွန်တော် မကုန်တော့ဘူး ..."
စစ်ကျွင်းတောက် ဘဝတစ်လျှောက်လုံးတွင် ဝမ်မင်ယီကျွေးသည်များကလွဲ၍ အခြားလူများ၏အကျန်များကို မည်သည့်အခါမျှ မစားပေ။ ဝမ်မင်ယီက အလွန်ချေးများသည့်အတွက် မည်သည့်အစားအစာကိုမဆို ကုန်အောင်မစားပေ။ စစ်ကျွင်းတောက်ကို သနားစဖွယ်လေးကြည့်ပြီး " ကျေးဇူးပြုပြီး " ဟု ပြောလိုက်သည်။
စစ်ကျွင်းတောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချပြီးနောက် ပန်းကန်ထဲတွင်ကျန်သည့် ခေါက်ဆွဲများကို စားလိုက်သည်။
ဝမ်မင်ယီက သူ့ကိုပြုံးပြလိုက်ပြီး နှုတ်ခမ်းကိုနမ်းကာ မီးဖိုချောင်ထဲသို့ ခေါက်ဆွဲပန်းကန်လွတ်ဖြင့် ဝင်သွားသည်။
" ကျွန်တော် စားပြီးပြီ ..."
" အကုန်စားလိုက်တာလား ..."
ဝမ်ဝေ့က သူ့လက်ထဲမှ ပန်းကန်လွတ်ကို ယူလိုက်သည်။
ဝမ်မင်ယီက မလုံမလဲဖြစ်ခြင်းမရှိပဲ ခေါင်းငြိမ့်ပြလိုက်သည့်အခါ ‌ဝမ်ဝေ့က အပြုံးဖြင့်ပြောလိုက်သည်။
" တော်သေးတယ် နည်းနည်းပဲ လုပ်ထားမိလို့ မဟုတ်ရင် မင်မင်စားနိုင်မှာ မဟုတ်ဘူး ..."
" ဒါဆို မာမားကတော်တာပေါ့ ..."
ဝမ်မင်ယီ သူမကို ချီးကျူးလိုက်သည်။
ဝမ်ဝေ့က သူ့ကို အခန်းပြင် တွန်းထုတ်နေသည်။
" မီးဖိုချောင်ထဲမှာ မီးခိုးတွေနဲ့ ပြည့်နေတာ အပြင်မှာသွားဆော့နေ ... ချက်ပြီးရင် အပြင်ကို ယူလာခဲ့မယ် ..."
" ကောင်းပါပြီ ..."
ဝမ်မင်ယီ ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီတို့က ဝမ်မင်ယီတို့နှစ်ယောက်သဘောကျသည့် ဟင်းခြောက်ပွဲနှင့် စွပ်ပြတ်တစ်ပွဲကို နေ့လယ် ၁၂နာရီအတိတွင် ချက်ပြုတ်ပြီးစီးသွားသည်။
ကျောက်ဝမ်ယွီက ကိတ်မုန့်ကို စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
" ကိတ်မုန့်အရင်စားကြမယ်လေ ဒီကိတ်မုန့်က ပါပါးကိုယ်တိုင်ဝယ်လာတာ ..."သူပြောပြီးသည့်နှင့် ဘူးကိုဖွင့်လိုက်သောအခါ အထဲမှ ချောကလက်ကိတ်ကို တွေ့လိုက်ရသည်။ ကိတ်မုန့်ပေါ်တွင် ဝမ်မင်ယီနှင့်အလွန်တူသည့် အရုပ်လေးတစ်ခုရှိသည်။ ကျောက်ဝမ်ယွီကို ထိုအရုပ်လေးကိုယူကာ ဝမ်မင်ယီကို မေးလိုက်သည်။
" ဒါလေးက မင်မင်နဲ့တူတယ်မလား ... ဆိုင်ကလူတွေကို မင်မင့်ပုံပြပြီးသေချာလုပ်ခိုင်းထားတာ ..."
ဝမ်မင်ယီက အရုပ်လေးကို လက်ထဲတွင်ကိုင်ကာ မာနကြီးစွာဖြင့်ပြောလိုက်သည်။
" ကျွန်တော်နဲ့လည်း မတူပါဘူး ..."
ဝမ်မင်ယီ ထိုသို့ပြောလိုက်သော်လည်း မျက်လုံးများက အရုပ်ကိုသာ ကြည့်နေသည်။
ကျောက်ဝမ်ယွီက သူ့ကိုဘာမှမပြောတော့ပဲ ကိတ်မုန့်နှင့်အတူပါလာသည့် စက္ကူသရဖူလေးကို ဝမ်မင်ယီကို ပေးလိုက်သည်။ ဝမ်မင်ယီက ထိုသရဖူကို သဘောမကျပေ။ သူက စစ်ကျွင်းတောက်၏နောက်တွင်ပုန်းနေပြီး အော်လိုက်သည်။
" အဲ့ဒါကြီး ပြန်ယူသွားပြီး ကိုယ့်ဘာသာဆောင်း ... ကျွန်တော်မဆောင်းဘူးနော် ..."
ကျောက်ဝမ်ယွီ မကျေမနပ်ဖြင့် ပြန်သိမ်းထားလိုက်ရသည်။
ဝမ်ဝေ့က ဖယောင်းတိုင်မီးထွန်းပြီး နွေးထွေးသောအသံဖြင့်ပြောလိုက်သည်။
" ဆုတောင်းပြီးရင် ဖ‌ယောင်းတိုင်မီးမှုတ်ကြမယ်လေ ..."
ဝမ်မင်ယီက သူတို့စိုက်ကြည့်နေသည်ကိုမြင်၍ ဆုမတောင်းချင်တော့ပေ။
" ကျွန်တော်ဆုမတောင်းတော့ဘူး ... ဖယောင်းတိုင်ပဲ မီးမှုတ်လိုက်တော့မယ် ..."
ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။ သူမငယ်စဉ်ကလည်း ဆုတောင်းပြီးမှ ဖယောင်းဆိုင်မီးမှုတ်သည့် အကျင့်ရှိသည်။ သို့ရာတွင် အသက်အရွယ်တစ်ခုရောက်လာသည်နှင့် ထိုသို့လုပ်ခွင့်မရှိတော့ပေ။ သူမသားလေးသည်လည်း အရွယ်ရောက်လာပြီဟု ခံစားလိုက်မိသည်။
ဝမ်မင်ယီက ကိတ်မုန့်ကို လေးစိတ်စိတ်လိုက်ပြီး ဝေပေးလိုက်သည်။ နောက်ဆုံးတစ်စိတ်ကို သူ့အတွက်ချန်ထားပြီး ဖြည်းဖြည်းချင်းစားနေသည်။ သူက ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီကိုကြည့်ပြီးနောက် ဘေးနားတွင်ထိုင်နေသည့် စစ်ကျွင်းတောက်ကို လှမ်းကြည့်လိုက်သည်။ ယခုမွေးနေ့က ဤနှစ်အတောအတွင်းပြုလုပ်ခဲ့သော မွေးနေ့များအနက်အကောင်းဆုံးမွေးနေ့ဟု တွေးလိုက်မိသည်။
ကိတ်မုန့်နှင့် ဟင်းများစားသောက်ပြီးနောက် ကျောက်ဝမ်ယွီက အားလုံးကြည့်ရန်အတွက် ဝမ်မင်ယီငယ်စဉ်ကရိုက်ထားသည့် ဗီဒီယိုတစ်ခုကို ထုတ်ပြလိုက်သည်။
၎င်းဗီဒီယိုကို သူ့အဖေဖွက်ထားကြောင်း ဝမ်မင်ယီ မသိလိုက်ပေ။ ဖန်သားပြင်ပေါ်တွင် သူငယ်ရွယ်စဉ်က ခြေထောက်သေးသေးလေးများဖြင့် အဖေဖြစ်သူက်ု ပျော်ရွှင်စွာဖက်နေသောဗီဒီယိုကိုကြည့်ပြီး သူ့မျက်လုံးများ စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။
ကျောက်ဝမ်ယွီက ဝမ်မင်ယီ သုံးလေးနှစ်သားမှ ဓာတ်ပုံများနှင့် ခြောက်နှစ်ခုနစ်နှစ်အရွယ်နင့် ဆယ်နှစ်သားအထိ ပုံများ အားလုံးကို သိမ်းထားသည်။ ဝမ်မင်ယီ တစ်ယောက်တည်းပုံ ၊ မိသားစုသုံးယောက်ပုံနှင့် စစ်ကျွင်းတောက်နှင့် အတူရိုက်ထားသည့်ပုံများလည်းပါသည်။ ဝမ်မင်ယီ ထိုပုံများကြည့်နေလျက် ‌သူ့အဖေအပေါ်တွင် မုန်းတီးစရာအကြောင်းများ မြောက်များစွာမရှိဟု တွေးလိုက်မိသည်။
ယခင်ဘဝက ဝမ်မင်ယီက ဆင်ခြင်တုံတရားမရှိခဲ့ပဲ အချစ်နှင့် အမုန်းတရားကို ကွဲပြားစွာမသိခဲ့ပေ။ သူက ဆိုးသွမ်းနေခဲ့သော်လည်း နှလုံးသားနုသည့်ကောင်လေးတစ်ယောက်ဖြစ်ပြီး ကိစ္စအတော်များများကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခုဘဝတွင် ဝမ်မင်ယီက စဉ်းစားဉာဏ်ရှိပြီး ပွင့်လင်း‌သောလူတစ်ယောက်ဖြစ်ခဲ့သည်။ အရာအားလုံးက သူ၏နှလုံးသားပေါ်တွင် မူတည်နေဆဲသာဖြစ်သည်။
ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီတို့က ဝမ်မင်ယီ့ကိုတစ်နေကုန်အဖော်ပြုပေးခဲ့ကြပြီး ညနေမှ အိမ်ပြန်သွားကြသည်။ ယခုနောက်ပိုင်း ဝမ်မင်ယီက စစ်ကျွင်းတောက်အိမ်တွင်သာ နေထိုင်တော့သဖြင့် သူ့တို့အိမ်က ဖုန်ထူနေပြီး မည်သူ့ကိုမှလည်း သွားရောက်မရှင်းကြပေ။ ထို့ကြောင့် ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီတို့ကပါ စစ်ကျွင်းတောက်အိမ်တွင် လာနေရတော့သည်။
ဝမ်မင်ယီက သူတို့နှစ်ယောက် အပေါ်တက်သွားသည့်အခါမှ စစ်ကျွင်းတောက်အခန်းထဲကိုဝင်လာသည်။
" ဒီည ကိုယ်နဲ့ အိပ်ချင်တာ သေချာလို့လား ..."
စစ်ကျွင်းတောက်က မေးလိုက်သည်။
" ညရောက်လို့ ကျွန်တော့် မိဘတွေက ညဘက်ရောက်မှ စကားပြောချင်လို့အခန်းထဲ ဝင်လာလို့ သူတို့သားကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ ..."
စစ်ကျွင်းတောက် ရယ်လိုက်မိသည်။ ဝမ်မင်ယီက သေချာစဉ်းစားထားသည်ဟု ထင်လိုက်၍ သူဘာမှမပြောတော့ပေ။
" ကိုယ် ရေချိုးလိုက်ဦးမယ် ..."
" ကျွန်တော်လည်း တူတူချိုးမယ် ..."
ဝမ်မင်ယီက သူ့ကိုဖက်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုချက်ချင်းဆွဲခွာလိုက်သည်။
" ကိုယ့်အခန်းမှာကိုယ် သွားချိုးလေ ..."
" ကျွန်တော့်မွေးနေ့မှာတောင် ကောကောနဲ့ ရေတူတူချိုးလို့မရဘူးလား ... ကျွန်တော်ငယ်ငယ်ကလည်း ကောကောနဲ့အတူ ချိုးခဲ့တာပဲလေ ..."
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို ချွဲနေသည်။
စစ်ကျွင်းတောက် ကူကယ်ရာမဲ့သွားသည်။
" ပေါင်ပေ့ ကိုယ်က လူကြီးလူကောင်းတစ်ယောက်ဆိုပေမယ့် မင်းကို ကိုယ်လုံးတီးနဲ့မြင်ပြီးရင် ဒီတိုင်းနေနိုင်မှာမဟုတ်ဘူးနော် ... သဘောပေါက်လား ..."
" ဒါဆိုလည်း လုပ်စရာရှိတာလုပ်လိုက်ပေါ့ ကျွန်တော်က ရတယ် ..."
ဝမ်မင်ယီ စိတ်ထဲမထားပေ။
" လိမ္မာတယ် ရေသွားချိုးတော့နော် ..."
စစ်ကျွင်းတောက်က သူ့ကိုဖက်နမ်းလိုက်သည်။
ဝမ်မင်ယီ နှုတ်ခမ်းစူထားမိသည်။
စစ်ကျွင်းတောက်က နူးညံ့သောအသံဖြင့်ပြောလိုက်သည်။
" လိမ္မာပါတယ်ကွာ ..."
" ဒါဆို ကျွန်တော့်ကိုထပ်နမ်း ..."
စစ်ကျွင်းတောက် ပြုံးလိုက်မိပြီး ခေါင်းငုံ့ကာ သူ့ကိုနမ်းလိုက်သည်။
ဝမ်မင်ယီက သူ့လည်ပင်းကိုသိုင်းဖက်ထားကာ တီးတိုးပြောလိုက်သည်။
" ဒါဆို ကျွန်တော့်ကို အဲ့နေရာထိ ချီသွားလေ ..."