အပိုင်း ၁၀၃
Viewers 12k

စစ်ကျွင်းတောက် သူ့ကိုချီပြီး တံခါးမှထွက်သွားသည်။
တိတ်ဆိတ်နေသောကော်ရစ်ဒါတွင် အဝါရောင်ဖျော့ဖျော့အလင်းရောင်လေးသာရှိသည်။ ကော်ရစ်ဒါတွင် ဘယ်သူမှမရှိပဲ တိတ်ဆိတ်နေသည်။ စစ်ကျွင်းတောက် ခြေလှမ်းအနည်းငယ်သွားရုံဖြင့် ဝမ်မင်ယီ၏အခန်းထဲရောက်သွားသည်။ သူ ဝမ်မင်ယီကိုအောက်ချပြီး အခန်းမီးဖွင့်ကာ တိတ်ဆိတ်သောအသံဖြင့်ပြောလိုက်သည်။
" ရေချိုးလေ ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြပြီး ရေချိုးခန်းထဲဝင်သွားသည်။
စစ်ကျွင်းတောက်လည်း အပြင်ထွက်သွားပြီး တံခါးပြန်ပိတ်လိုက်သည်။
သူတို့နှစ်ယောက်လုံး ရေမြန်မြန်ချိုးလိုက်ကြသည့်အတွက် အချိန်သိပ်မကြာလိုက်ပေ။ စစ်ကျွင်းတောက်က ဝမ်မင်ယီ့ကိုထိုင်ခိုင်းပြီး ဆံပင်ကိုdryerဖြင့် မှုတ်ပေးနေသည်။ ထို့နောက် အိပ်ယာဝင်ရန် အဆင်သင့်ဖြစ်ကြပြီဖြစ်သည်။
မီးမပိတ်မီ စစ်ကျွင်းတောက်က ဝမ်မင်ယီကို မေးလိုက်သည်။
" ဒီနှစ်ရဲ့ မွေးနေ့ဆုတောင်းကဘာလဲ ... နေ့လယ်တုန်းက မိဘတွေရှေ့မှာမို့ ရှက်နေတာမလား ... အခု ကိုယ်တို့နှစ်ယောက်တည်းရှိတာဆိုတော့ ပြောပြလို့ရပြီ …."
ဝမ်မင်ယီ ခဏတာ အံ့အားသင့်သွားသည်။ သူ့ထံတွင် မွေးနေ့ဆုတောင်းမရှိလိုက်ပေ။
" ကျွန်တော့်မှာ မွေးနေ့ဆုတောင်းမရှိပါဘူး ..."
" ဒါဆိုလည်းတစ်ခု စဉ်းစားလိုက်လေ ..."
ဝမ်မင်ယီက သူ့ကိုကြည့်နေသည်။
" တစ်ခုခုများ တွေးထားတာရှိလို့လား ..."
စစ်ကျွင်းတောက်က သူ့ကိုအပြုံးဖြင့်ပြောလိုက်သည်။
" တစ်ခုခုတော့ ဆုတောင်းမှဖြစ်မှာပေါ့ ..."
ဝမ်မင်ယီ အချိန်အတန်ကြာအောင်တွေးလိုက်သည်။ နောက်ဆုံးတွင် စစ်ကျွင်းတောက်၏လက်ကိုဆွဲကာပြောလိုက်သည်။
" ဒါဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး ဘေးကင်းပြီး အသက်ရှည်ရှည်နေရဖို့ ဆုတောင်းတယ် ..."
ဝမ်မင်ယီ၏ တစ်ဘဝလုံးတွင် မည်သည့်အရာမှချို့တဲ့ခြင်းမရှိခဲ့၍ သူလိုချင်တောင့်တသောအရာမရှိပေ။ သူ့ကိုစိတ်မသက်မသာဖြစ်စေသော တစ်ခုတည်းသောအရာက သူတို့နှစ်ယောက်၏ ကံကြမ္မာသာဖြစ်သည်။ သူတို့နှစ်ယောက်က အခြားလူများ၏ ဇာတ်လမ်းထဲတွင် နေနေရခြင်းဖြစ်သည်။ သူတို့က ပြန်လည်မွေးဖွားလာခဲ့သော်လည်း မမျှော်လင့်သည့်အချိန် မမျှော်လင့်ထားသည့်နေရာတွင် ရုတ်တရက်သေဆုံးသွားမည်ကို ပူပန်နေရသည်။
အကယ်၍ ဆုတစ်ခုတောင်းရမည်ဆိုပါက ထိုဆုကိုသာတောင်းမိလိမ့်မည်ဖြစ်သည်။ စစ်ကျွင်းတောက်နှင့်သူ နှစ်ယောက်လုံး အသက်ရှည်ရှည်ကျန်းကျန်းမာမာဖြင့်သာ နေလိုသည်။
စစ်ကျွင်းတောက်က သူဤသို့ပြောလိမ့်မည်ဟု မထင်ထားသဖြင့် သူ့ကိုဖက်ထားပြီးပြန်ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ... ကိုယ်တို့ အသက်ရှည်ရှည်နေရမှာပါ ..."
" ဒါဆိုရင်တော့ ကောင်းတာပေါ့ ..."
" ဒါဆိုရင်လည်း ‌ကိုယ်ဖြည်းဆည်းပေးနိုင်မယ့် ဆုတစ်ခု တောင်းဦးလေ ..."
ဝမ်မင်ယီက တစ်ဖက်သို့လှည့်ပြီး သူ့ပေါင်ပေါ်တက်ထိုင်လိုက်သည်။
" ကျွန်တော့်ကို တကယ်ဖြည့်ဆည်းပေးမှာလား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်မင်ယီက ပြုံး၍ပြောလိုက်သည်။
" ဒါဆိုရင်တော့ ရိုးရှင်းပါတယ် ... ကျွန်တော်တို့အမြဲတူတူနေရပြီး ကောကောရဲ့နှလုံးသားထဲမှာ ကျွန်တော်က အရေးအကြီးဆုံးလူဖြစ်ရမယ် ... တစ်ခုခုဖြစ်ရင်တောင် အမြဲတမ်း ကျွန်တော့်ဘက်ကပါဖို့ပဲ မျှော်လင့်တယ် ..."
" ဒါက ပြောစရာမလိုပါဘူး ... မင်မင်မပြောရင်တောင် ကိုယ်က အဲ့လိုပဲလုပ်မှာ ..."
စစ်ကျွင်းတောက်ပြုံးပြလိုက်သည်။
" မင်မင် လိုချင်တဲ့ မွေးနေ့လက်ဆောင် မရှိဘူးလား ..."
" ရှိတယ် ..."
ဝမ်မင်ယီက သူတို့နှစ်ယောက်၏ နှာသီးဖျားများထိလုနီးအထိ အနားကပ်လာပသည်။
" ကျွန်တော့်ကို ဒီညကားလက်‌ဆောင်ပေးမယ်လို့ ဆိုလိုတာလား အခုလေ ..."
စစ်ကျွင်းတောက် "....."
စစ်ကျွင်းတောက် ကူကယ်ရာမဲ့စွာဖြင့် သူ့ခေါင်းကိုပွတ်လိုက်ပြီး သူဝယ်လာသည့်လက်ဆောင်ကို ပြလိုက်သည်။
" ကိုယ်မင်းဖို့ ကားဝယ်လာတယ် "တကယ့်ကား" နော် ..."
ဝမ်မင်ယီ အံ့အားသင့်သွားသည်။
" တကယ်ကြီးလား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" မင်မင်တစ်ခုခု လိုချင်တယ်ဆိုရင်တော့ ကားထဲမှာ ပေးမလို့ပဲ ဒါပေမဲ့ ဘာမှမလိုဘူးဆိုတော့ ကားတစ်စီးပဲပေါ့ ... မနက်ဖြန် မနက်ကျမှလိုက်ပြမယ် ..."
" ကျွန်တော် ကားအတုပဲစီးရတော့မှာပေါ့ ..."
ဝမ်မင်ယီက သူ့ကိုမှီပြီး မကြားတကြားပြောလိုက်သည်။
စစ်ကျွင်းတောက် ကူကယ်ရာမဲ့သွားသည်။
သူက ဝမ်မင်ယီကို အချစ်၊ မြတ်နိုးမှူနှင့် ရတနာတစ်မျိုးကဲ့သို့သာ မြင်ခြင်းဖြစ်သည်။ သူကအရာအားလုံးတွင် နေရာကောင်းတစ်ခု ရရန် လက်ဦးမှု ယူထားတတ်သူတစ်ယောက်ဖြစ်သော်လည်း ဝမ်မင်ယီနှင့်ဆိုလျှင် သူ၏ရည်မှန်းချက် စွမ်းအားနှင့် လွှမ်းမိုးနိုင်စွမ်းများကို ဘေးချိတ်ထားရပြီး ဝမ်မင်ယီ့ကို အမြဲတမ်း နောက်တစ်လှမ်းဆုတ်ပေးထားမိသည်။
သို့ရာတွင် သူနောက်ဆုတ်ပေးထားသည့်အခါ သူ့အပေါ်အမြဲလွှမ်းမိုးတတ်သော ဝမ်မင်ယီက ရှေ့ဆက်တိုးလာသည်။ သူက ငယ်စဉ် ကလေးဘဝတည်းက ရှက်ကြောက်ခြင်းမရှိခဲ့ပေ။ သူလိုချင်သမျှ အရာအားလုံးလည်းအမြဲရခဲ့၍ နောက်ဆုတ်ပေးရမည်ဆိုသည့်အရာကို နားမလည်ပေ။ သူက စစ်ကျွင်းတောက်နှင့် အနေနီးချင်ရုံသာဖြစ်သည်။
သူက အလွန်ပင် စိတ်နှစ်မြှုပ်ထားတတ်သူတစ်ယောက်ဟု ဝမ်မင်ယီထင်မိသည်။ စစ်ကျွင်းတောက် ချက်ပြုတ်ပေးသည့်ဟင်းများကိုလည်း သဘောကျသည့်အပြင် ငယ်စဉ်ကတည်းက သူမဖြေရှင်းနိုင်သည့်ပြဿနာများကို တာဝန်ယူဖြေရှင်းပေးသည်ကိုလည်း သဘောကျလာသည်။ သူက စစ်ကျွင်းတောက်ကို ကလေးဘဝတွင်သာမက ယခုလက်ရှိအချိန်ထိပါ သဘောကျသည်။
သို့ရာတွင် စစ်ကျွင်းတောက်အပေါ် သူ၏အချစ်က သူ့မိဘများထက်ပင် နက်ရှိုင်းလာခဲ့သည်။
စစ်ကျွင်းတောက် ရှိနေသရွေ့ သူနာကျင်ရမည်မဟုတ်ပေ။ အဘယ့်ကြောင်ဆိုသော် သူ့ကိုတစ်စုံတစ်‌ယောက်က နာကျင်အောင်ပြုလုပ်ခြင်းကို စစ်ကျွင်းတောက်က ခွင့်မပြုသောကြောင့်ပင်။
သူ စစ်ကျွင်းတောက်၏ နှုတ်ခမ်းကိုနမ်းလိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုလက်တစ်ဖက်ဖြင့်ပွေ့ထားပြီး ခေါင်းရင်းမှမီးအိမ်လေးကိုပိတ်လိုက်ပြီးနောက် နူးညံ့စွာဖက်ထားလိုက်သည်။
ယခုက ဝမ်မင်ယီအတွက် ပထမဆုံးအတွေ့အကြုံဖြစ်နေသည်။ ထို့ကြောင့် စစ်ကျွင်းတောက်က သူ့ကိုနမ်းနေရာမှ မေးလိုက်သည်။
" အဆင်ပြေရဲ့လား ..."
ဝမ်မင်ယီက သူ့ကို ခပ်ဖွဖွ ပြန်နမ်းလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုနူးညံ့ညင်သာစွာပြောလိုက်သည်။
နောက်နေ့မနက် ဝမ်မင်ယီနိုးလာသည့်အခါ အနည်းငယ်ရှက်နေသော စစ်ကျွင်းတောက်ကို မြင်လိုက်ရသည်။
" ကောကော အလုပ်မသွားဘူးလား ..."
" မင်မင်နဲ့တူတူနေချင်လို့ နေ့တစ်ဝက်ခွင့်ယူထားတယ် ..."
စစ်ကျွင်းတောက် ပြန်ပြောလိုက်သည်။ဝမ်မင်ယီ သူ့မျက်နှာ အနည်းငယ်ပူလာသည်ဟု ခံစားလိုက်ရပြီး လက်မောင်းများကိုပွတ်နေမိသည်။ ထို့နောက် နူးညံ့စွာမေးလိုက်သည်။
" ကောကော ညက သက်တောင့်သက်သာရှိရဲ့လား ... သဘောကျရဲ့လား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်မင်ယီလည်း နီရဲနေသောမျက်နှာဖြင့် ပြန်ပြောလိုက်သည်။
" ကျွန်တော်ရောပဲ ..."
သူက လုံးဝရှက်ရွံ့ခြင်းမရှိပဲ ထပ်ပြောလိုက်သည်။
" ဒါဆိုရင် နောက်တစ်ခါ ဘယ်အချိန်ထပ်လုပ်ဆိုပြီး သတ်မှတ်ထားကြမလား ..."
ဝမ်မင်ယီ အိပ်ရာနိုးနိုးချင်း ပထမဆုံးပြောသည့်စကားက ထိုစကားဖြစ်နေလိမ့်မည်ဟု စစ်ကျွင်းတောက် မထင်ထားခဲ့ပေ။ သူအလွန်ရယ်ချင်သွားသည်။
" ဘာလို့ရယ်နေတာလဲ ..."
ဝမ်မင်ယီ ပဟေဠိဖြစ်သွားသည်။
" ချစ်ဖို့ကောင်းလို့လေ ..."
စစ်ကျွင်းတောက်က ဝမ်မင်ယီကို အံ့အားသင့်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ သူနှင့် ဝမ်မင်ယီက ကျောင်းတစ်ခုထဲတွင် စာသင်ကြားခဲ့ကြသည်။ ဝမ်မင်ယီက သူနှင့်တူတူကြီးပြင်းလာသော်လည်း သူတို့၏ အကျင့်စရိုက်များက ကွဲပြားကြသည်။ သူက ပျင်းစရာကောင်းသော်လည်း ဝမ်မင်ယီက အလွန်စိတ်ဝင်စားစရာကောင်းသည်။
ဝမ်မင်ယီ၏ ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်သည်။
" ‌သေချာပေါက် ရတာပေါ့ ..."
သူ ပြုံးပြပြီး ဝမ်မင်ယီ့ကိုနမ်းလိုက်သည်။ ထို့နောက်စစ်ကျွင်းတောက်ပြောသည်ကို ကြားလိုက်ရသည်။
" ဒါပေမဲ့ အချိန်ကတော့ ကိုယ့်အပေါ် မူတည်တယ်နော် ..."
" အယ် ... သေချာလား ..."
ဝမ်မင်ယီ သက်ပြင်းချလိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်လိုက်သည်။
" ကိုယ် ဆုံးဖြတ်မှဖြစ်မှာပေါ့ မင်းကို ဆုံးဖြတ်ခိုင်းရင် ညတိုင်းလို့ပြောတော့မှာလေ ..."
ရုတ်တရက် မှင်သက်သွားသော ဝမ်မင်ယီ၏ပါးကို လိမ်ဆွဲလိုက်သည်။
" မင်မင့် စိတ်ထဲရှိနေတာတွေများ ပြောလိုက်မိလား ..."
" မဟုတ်ပါဘူး ..."
ဝမ်မင်ယီက ဝန်ခံရန် ငြင်းဆန်လိုက်သည်။
စစ်ကျွင်းတောက် ရယ်လိုက်သည်။
" ထတော့လေ မင့်မင့်မိဘတွေလည်း နိုးနေလောက်ပြီ ..."
ဝမ်မင်ယီက ကုတင်အစွန်းတွင် ထိုင်နေရာမှထလိုက်သည်။ စစ်ကျွငတောက် ရေချိုးခန်းဘက်သွားနေသည်ကိုတွေ့ပြီး နောက်က လျင်မြန်စွာလိုက်သွားသည်။ သူနှင့်နီးကပ်သွားသည့်အခါမှ သူ့ကိုယ်ပေါ်ခုန်တက်ပြီး လည်ပင်းကိုဖက်ထားကာ ရယ်လိုက်သည်။
စစ်ကျွင်းတောက်က သူပြုတ်ကျသွားမည်စိုး၍ အမြန်ထိန်းထားလိုက်သည်။
" ကျွန်တော့ကို ကုန်းပိုးပါဦး ..."
ဝမ်မင်ယီ ပြုံးပြလိုက်သည်။
စစ်ကျွင်းတောက် နောက်လှည့်ကြည့်လိုက်သည့် သူ့ကိုခေါင်းစောင်းလျက် ပြုံးကြည့်နေသောဝမ်မင်ယီကို မြင်လိုက်ရသည်။ ထို့နောက် သူက ဝမ်မင်ယီ့ကို အနမ်းခြွေလိုက်သည်။
" ကုန်းပိုးခလေ ..."
သူတို့နှစ်ဦးက ချိုသာသော နေ့ရက်များကိုဖြတ်သန်းနေရသော်လည်း တစ်ဖက်မှ ဝမ်ပေါ်မှာ ဤရက်ပိုင်းအတွင်း စိတ်မချမ်းမသာဖြစ်နေသည်။ သူနှင့် ကျန်းဇီမော့က စစ်အေးတိုက်ပွဲများ တစ်ခုပြီးတစ်ခုဖြစ်နေကြသည်။
ဝမ်ပေါ်က ကျန်းဇီမော့ကို နားမလည်နိင်သကဲ့သို့ ကျန်းဇီမော့ကလည်း သူ့ကိုသဘောကျပုံ မရပေ။ ပြဿနာရင်းမြစ်ကို သိသော်လည်း။သူ နားမလည်နိုင်သေးပေ။ သူကိုယ်တိုင် ကျန်းဇီမော့ကို တစ်ခါ ကတိပေးပြီးပြီလေ ... ဘာလို့အဲ့လိုလုပ်ရတာလဲ ...
စစ်ကျွင်းတောက်နှင့် သဘောထားချင်းမတိုက်ဆိုင်စဉ်က ကျန်းဇီမော့က သူ့ကိုသဘောကျနေဆဲပင်ဖြစ်သော်လည်း သူနှင့် သဘောထားချင်းတစ်ကြိမ်မတိုက်ဆိုင်လိုက်သည်နှင့် ကျန်းဇီမော့က သူ့ကိုအဖက်မလုပ်တော့ပေ။
ဝမ်ပေါ်နားမလည်နိုင်တော့ပေ။ ကျန်းဇီမော့ကသူ့ကို စစ်ကျွင်းတောက်‌ခန့် သဘောမကျသည်ကို ခံစားမိသည်။
ကျန်းဇီမော့က ဘာလို့ ဒီလိုဖြစ်နေရတာလဲ ...
ဤပြဿနာကြောင့် သူကိုယ်တိုင် ဇဝေဇဝါဖြစ်နေသည်။ သူ သူငယ်ချင်းများနှင့် နေ့တိုင်းသောက်စားနေမိသည်။ သူပို၍သောက်လေ နားမလည်နိုင်လေဖြစ်သည်။ည ၇နာရီခန့်တွင် ဝမ်ပေါ် ဘားမှထွက်လာပြီး အိမ်ပြန်ရန် တက္ကစီခေါ်လိုက်သည်။ ကျန်းဇီမော့သည်လည်း မကြာမီ အိမ်ပြန်ရောက်လာတော့မည်ဖြစ်၍ သူနှင့် စကားကောင်းကောင်းပြောမှဖြစ်လိမ့်မည်။
ထိုသို့တွေးပြီး အိမ်ပြန်လာစဉ် ကျန်းဇီမော့က ကားတစ်စီးပေါ်မှဆင်းလာသည်ကို မြင်လိုက်ရသည်။
ဝမ်ပေါ် သူ့ထံသို့လျှောက်သွားသည့်အခါ ကားထဲမှလူနှင့် သူစကားပြောနေသည်ကို မြင်လိုက်ရသည်။
ခဏအကြာတွင် ကားထဲမှ လူတစ်ယောက်ထွက်လာသည်။ ထိုလူက သပ်ရပ်သန့်ရှင်းသည့် အနက်ရောင်ကုတ်အင်္ကျီကိုဝတ်ထားပြီး ကျန်းဇီမော့ကို ပြုံးပြလိုက်သည်။
" မနက်ဖြန်မနက် လာခေါ်မယ်နော် ..."
" အလုပ်ရှုပ်စေမိပြီ..."
ကျန်းဇီမော့က သူ့ကိုပြောလိုက်သည်။
" အဲ့လိုမဟုတ်ပါဘူး ... မင်းဒီမှာနေမှန်းသိရင် အလုပ်သွားဖို့ နေ့တိုင်းလာခေါ်ပါတယ် ..."
ထိုလူက အလွန်နူးညံ့ညင်သာသည်။
ကျန်းဇီမော့ အနည်းငယ်ရှက်သွားပုံရသည်။
" ကျေးဇူးတင်ပါတယ် ..."
" ကိုယ်လည်း ကျေးဇူးတင်ပါတယ် မနက်ဖြန် ကိုယ်နဲ့အတူ ညစာလာစားလေ ..."
ထို့နောက် ခေါင်းငုံ့၍ ကျန်းဇီမော့အနားကိုကပ်ကာ တီးတိုးပြောလိုက်သည်။
" ဒါနဲ့ဆိုရင် ကိုယ်မေးတာ သုံးကြိမ်ရှိပြီနော် ကျေးဇူးပြုပြီး ကိုယ့်ကိုမျက်နှာသာပေးပါဦး ..."
ကျန်းဇီမော့ မလုံမလဲဖြစ်သွားမိသည်။ သူ့ရှေ့မှလူကို သူမနှစ်သက်သော်လည်း ထိုလူက သူ့နောက်လိုက်နေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။သူကလက်ဦးမှုရယူသည်က အလွန်မြန်ပြီး သူပေးသည့်လက်ဆောင်များကလည်း အလွန်ဈေးကြီးသည်။ အကြိမ်ပေါင်းများစွာငြင်းဆန်ပြီးနောက်တွင် ကျန်းဇီမော့ ယိမ်းယိုင်လာသည်။
ဝမ်ပေါ်က ဝမ်အိမ်တော်မှ နှင်ထုတ်ခံလိုက်ရပြီဖြစ်သည်။ အကယ်၍ အနာဂတ်တွင် ဝမ်အိမ်သို့ပြန်ရောက်သွားပါကလည်း သူ့မိသားစုက သဘောမတူသရွေ့ သူတို့နှစ်ယောက် နီးစပ်နိုင်မည်မဟုတ်ပေ။ သူ့ရှေ့မှလူက ဝမ်ပေါ်လောက် စိတ်ထားမကောင်းသော်လည်း နူးညံ့ပြီးစိတ်ရှည်သည်းခံတတ်သူဖြစ်သဖြင့် ကြိုးစားကြည့်ပါကလည်း အမှားမရှိနိုင်ဟု ထင်မိသည်။
ကျန်းဇီမော့က ချက်ချင်းပင် ရှင်းလင်းစွာတွေးလိုက်ပြီး ရှေ့ကလူကို ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းပါပြီ ..."
ထိာလူက ပြုံးပြလိုက်သည်။
" ကိုယ်မျှော်လင့်နေမယ်နော် ..."
သူက ကျန်းဇီမော့နှင့် ခဏတာစကားစမြည်ပြောနေပြီးနောက် ကားပေါ်ပြန်တက်သွားသည်။
ကျန်းဇီမော့က ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းပြီး နှုတ်ဆက်လိုက်သည်။
" လမ်းမှာ ဂရုစိုက်ပါ ..."
" အိုကေ မနက်ဖြန်မှတွေ့မယ်နော် ..."
" မနက်ဖြန်မှတွေ့မယ် ..."
ကျန်းဇီမော့က သူ့ကိုလက်ပြပြီးနောက် ကားထွက်သွားသည်အထိ ကြည့်နေသည်။
ကားက သူ့မြင်ကွင်းထဲမှ ပျောက်သွားချိန်မှ ကျန်းဇီမော့ အိမ်ပြန်ရန် နောက်လှည့်လိုက်သည့်အခါ ဝမ်ပေါ်က သူနှင့်မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းဇီမော့ မလုံမလဲဖြစ်သွားသော်လည်း စိတ်ငြိမ်ငြိမ်ထားပြီး။ဝမ်ပေါ့်ဆီသို့သွားလိုက်သည်။
" မင်းအရက်သောက်လာတာလား ..."
ဝမ်ပေါ်၏အနားရောက်သည့်အခါ ဝိုင်နံ့ရလိုက်သည်။
" ဒီနေ့ အလုပ်မသွားဘူးလား ..."
" အဲ့ဒါဘယ်သူလဲ ..."
ဝမ်ပေါ်က သာမန်ကာလျှံကာမေးခွန်းများကို ဂရုမစိုက်ပေ။
ကျန်းဇီမော့က ပြန်ဖြေလိုက်သည်။
" ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်လေ ..."
လူတွေ့စစ်ဆေးချက်ကျပြီးနောက် တတိယမြောက်နေ့တွင် ကျန်းဇီမော့ အင်တာဗျူးဖြေခဲ့သည့် ကုမ္ပဏီကောင်းတစ်ခုက သူ့က်ု အလုပ်ဝင်ရန် ဆက်သွယ်လာသည်။ ကျန်းဇီမော့က ကုမ္ပဏီအသစ်တွင် စိတ်လှုပ်ရှားစွာနှင့် အလုပ်လုပ်နေစဉ် ထိုလူနှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ သူက ငယ်ရွယ်ပြီး ချောမောခံ့ညားသည့်အပြင် ထိုကုမ္ပဏီ၏ပိုင်ရှင်ဖြစ်ကာ သူ့ကိုလည်း အလွန်ဂရုစိုက်သည်။
ပထမက ကျန်းဇီမော့ စိတ်မသက်မသာဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဂရုစိုက်မှုများဖြင့် အသားကျသွားပြီး ထိုလူက ဝမ်ပေါ်နှင့်ပင် နှိုင်းယှဉ်မိလာသည်။
" လုပ်ဖော်ကိုင်ဖက်တဲ့လား ..."
ဝမ်ပေါ်က မယုံကြည်ကြောင်း သိသာထင်ရှားလှသည်။
" လုပ်ဖော်ကိုင်ဖက်တွေက အလုပ်သွားတာ အကြိုအပို့လုပ်ဖို့ တာဝန်ရှိလို့လား ..."
" လမ်းမှာ တွေ့ခဲ့တာပါ ..."
" ပြီးတော့ မင်းကို ညစာစားဖို့ခေါ်တယ်ပေါ့ ..."
" လုပ်ဖော်ကိုင်ဖက်တွေက ညစာတူတူစားလို့ မရဘူးလား ... ငါကရော ငါ့လုပ်ဖော်ကိုင်ဖက်နဲ့ ထမင်းတစ်နပ်တောင် အတူမစားရဘူးလား ..."
ကျန်းဇီမော့ သူ့ကိုမေးလိုက်သည်။
ဝမ်ပေါ်က လူ့လက်မောင်းကို ဆွဲလိုက်သည်။ ယမကာ၏လှုံ့ဆော်မှုကြောင့် သူ၏အသံက ပုံမှန်ကဲ့သို့ နူးညံ့ညင်သာမနေပေ။
" လုပ်ဖော်ကိုင်ဖက်နဲ့ဆိုရင်တော့ သေချာပေါက် ထမင်းတစ်နပ်တူတူစားလို့ရတာပေါ့ ... ဒါပေမဲ့ သူနဲ့မင်း စကားပြောပုံက လုပ်ဖော်က်ိုင်ဖက်နဲ့လည်း မတူပါလား ..."
သူက ကျန်းဇီမော့ကို ဝမ်းနည်းစွာကြည့်လိုက်သည်။
" မင်း ကိုယ့်ကို ခုနောက်ပိုင်း မပြုံးပြတော့ပေမယ့် ... သူနဲ့ စကားပြောတော့တစ်ချိန်လုံး ပြုံးနေတယ်နော် ... မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လောက်တောင် ကိုယ်က မကောင်းဘူးလား ..."
ကျန်းဇီမော့ သူ့လက်ကိုဖယ်လိုက်သည်။
" မင်း မူးနေတာပဲ ..."
" ကိုယ်မမူးဘူး ..."
ဝမ်ပေါ်က အမူးပြေသွားပြီဖြစ်သည်။
" ကိုယ်ဘာလုပ်နေလဲဆို ကိုယ်သိတယ် ... ပြီးတော့ မင်းဘာတွေ တွေးနေတယ်ဆိုတာလည်းသိတယ် ... မင်းက ကိုယ့် အသုံးမဝင်တော့လို့ ကိုယ်နဲ့လမ်းခွဲပြီး တခြားလူနဲ့တွဲချင်နေတာပဲ ..."
" ငါအဲ့လို မလုပ်ပါဘူး ..."
" သူနဲ့က ဘယ်လိုပတ်သက်တာလဲ ..."
" ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ပြောနေတယ်လေ ..."
" သူက မင်းရဲ့ လုပဖော်ကိုင်ဖက်ဆိုရင် သူ့ကိုနက်ဖြန် လာမကြိုခိုင်းနဲ့ ငါမင်းကိုလိုက်ပို့မယ် ..."
ကျန်းဇီမော့က သူပြဿနာရှာနေသည်ဟု ထင်လာသည်။
"ဝမ်ပေါ် ငါသူများနဲ့ သဘောတူထားပြီးပြီ ... မင်းက ခုမှ ဖုန်းဆက်ပြီး အကြောင်းအရင်းမရှိငြင်းခိုင်းတော့ ဘယ်လိုလုပ်ရမလဲ ..."
" ငါက မင်းချစ်သူလေ ... မင်းကို မနက်ဖြန် အလုပ်လိုက်ပို့မယ် ... အဲ့ထက်ကောင်းတဲ့ အကြောင်းအရင်းရှိသေးလား ..."
" ငါ သူနဲ့ ကတိပေးပြီးပြီလို့ပြောတယ်လေ မင်းကငါ့ကို လူလိမ်ဖြစ်အောင်လုပ်နေတာလား ..."
ဝမ်ပေါ် ခါးသီးစွာပြုံးလိုက်မိသည်။
" ငါ မင်းကို မနက်ဖြန်မနက် အလုပ်ကိုလိုက်ပို့ချင်တယ်လေ အဲ့ဒါအရမ်းများသွားလား ... ဘာလို့ တွန့်ဆုတ်နေရတာလံ ..."
" ငါမသွားချင်လို့မဟုတ်ဘူး ... တစ်ဖက်လူကို ငါကတိပေးထားပြီးပြီ မင်းလိုက်ပို့ချင်ရင် သန်လက်ခါမှလိုက်ပို့လေ ..."
ကျန်းဇီမော့ ပြောပြီးနောက် လှည့်ထွက်သွားရန်ပြင်နေသည်။
ဝမ်ပေါ်က သူ့ကိုပြန်ဆွဲထားလိုက်သည်။ကျန်းဇီမော့က သူ့ကိုပြန်တွန်းထုတ်လိုက်သည်။
" ငါ့ကိုလွှတ်စမ်း ..."
" ကိုယ့်ကို အရင်ဆုံး ကတိပေး ..."
" ဘာကို ကတိပေးစေချင်သေးတာလဲ ... ငါက မင်းလက်အောက်မှာ အလုပ်လုပ်နေတဲ့သူ မဟုတ်ဘူး ..."
ကျန်းဇီမော့က ရုန်းကန်နေသည်။
တွန်းထိုးရုန်းကန်နေကြစဉ် ကျန်းဇီမော့က ဝမ်ပေါ်ကို အရှိန်ပြင်းစွာ တွန်းလိုက်မိသဖြင့် ဝမ်ပေါ် ဟန်ချက်မညီဖြစ်ပြီး ယိုင်ကျသွားသည်။ ခဏအကြာတွင် ဘန်းခနဲအသံတစ်ခုကိုကြားရ၍ ကျန်းဇီမော့ လှည့်ကြည့်လိုက်သည့်အခါ ဝမ်ပေါ်က သူ့ရှေ့တွင် လဲကျနေသည်ကို မယုံနိုင်စွာတွေ့လိုက်ရသည်။
ထိုအချိန်တွင် ကျန်းဇီမော့ ဆံပင်များပင်ထောင်လာသည်။