အပိုင်း ၁၀၄
Viewers 12k

ဒရိုင်ဘာက ထိတ်ထိတ်ပျာပျာဖြင့် ကားထဲမှ ပြေးထွက်လာသည်။ သူ့ရှေ့တွင်လဲကျသွားသောလူကိုကြည့်ကာ ကြောက်လန့်ပြီး နောက်သို့နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။ ထို့နောက် ရှေ့တိုးလာပြီး အသက်ရှုမရှု စမ်းကြည့်သည်။
အသက်ရှုနေသေးသဖြင့် ဒရိုင်ဘာက ထိုလူကိုချီပြီး ကားထဲထည့်လိုက်ကာ အနီးဆုံဆေးရုံတစ်ခုကို ခေါ်သွားရန်ပြင်လိုက်သည်။
တစ်ချက်ကြည့်လိုက်သည့်အခါ ကျန်း‌ဇီမော့က လမ်းဘေးတွင် မှင်သက်မိန်းမောနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ထို့ကြောင့် သူထိုနေရာသို့သွားပြီး ကျန်းဇီမော့ကို ဂုတ်မှဆွဲလိုက်သည်။
" ကျွန်တော်မလုပ်ဘူး‌ ..."
ကျန်းဇီမော့က အကြောက်အကန် ငြင်းလိုက်သည်။
" မင်းသာ သူ့ကို မတွန်းလိုက်ရင် သူဘယ်လိုလဲကျမှာလဲ ... မင်းသူ့ကိုတွန်းထုတ်လိုက်တာ ငါမြင်တယ် ..."
ဒါရိုက်ဘာက အော်လိုက်သည်။
" ကျွန်တော်မရည်ရွယ်ပါဘူး ... ကျွန်တော်က သူနဲ့ ခပ်ခွာခွာနေချင်လို့ လုပ်မိသွားတာ ..."
ကျန်းဇီမော့က သူ့ကိုရှင်းပြလိုက်သည်။
" ငါ့ကို လာပြောနေတော့ရော ဘာထူးလဲ ... အခု ငါနဲ့တူတူ ဆေးရုံလိုက်ခဲ့ ... ဒီကိစ္စကို ဒီတိုင်းထားလို့မရဘူး ..."
ဒရိုင်ဘာက ကျန်းဇီမော့ကို ကားထဲထည့်ပြီးပြောလိုက်သည်။
ကျန်းဇီမော့က အသည်းအသန်ရုန်းကန်နေပြီးနောက် ကားဒရိုင်ဘာ၏လက်ထဲမှလွတ်ကာ ထွက်ပြေးသွားသည်။
ထိုလူက ကျန်းဇီမော့ကို လိုက်ဖမ်းချင်သော်လည်း သူ့နောက်လိုက်ပါက ကားထဲမှလူ သေသွားမည်စိုး၍ အနီးဆုံးဆေးရုံတစ်ခုကိုသာ အမြန်သွားလိုက်သည်။
ကျန်းဇီမော့ အိမ်ကိုအမြန်ပြန်လာသည်။ အရေးကြီးစာရွက်စာတမ်းများနှင့် အဝတ်အစားများကို ထုတ်ပိုးပြီး လေဆိပ်သို့သွားရန် ကားခေါ်လိုက်သည်။ ဝမ်မိသားစုက သူ့ကိုသဘောမကျကြပေ။ ယခုအခါ ဝမ်ပေါ်က ထိုအခြေအနေရောက်သွားပြီဖြစ်၍ ဝမ်စုက သူ့ကိုအလွတ်ပေးတော့မည် မဟုတ်ပေ။ သူ တတ်နိုင်သမျှမြန်မြန် ထွက်သွားရမည်။ ဝမ်အိမ်နှင့်ဝေးရာသို့ ပို‌၍ဝေးဝေးသို့သွားလေ ကောင်းလေဖြစ်မည်။
သူ့နှလုံးသားထဲ တဒိန်းဒိန်းခုန်ပြီး စိုးရိမ်ပူပန်နေသည်။
သူ ဖြည်းဖြည်းလေးပဲ တွန်းလိုက်တာ ဝမ်ပေါ်ကဘာလို့ လဲကျသွားရတာလဲ ... ကားကလည်း ဘာလို့ရုတ်တရက်ကြီး သူ့ကိုဝင်တိုက်ရတာလဲ ... ဒါတွေအားလုံးက ဒရိုင်ဘာရဲ့အမှားပဲ ... ဝမ်ပေါ်ကို သူသာဝင်မတိုက်ဘူးဆိုရင် ဒီလိုဖြစ်မလာဘူး ... အဲ့ဒရိုင်ဘာကြောင့်သာမဟုတ်ရင် သူအခု ထွက်ပြေးစရာမလိုဘူး ...
ကျန်းဇီမော့ ကြောက်လန့်နေသော်လည်း စကားပြောရမည့်သူ ရှာမတွေ့ပေ။
စစ်ကျွင်းတောက်ကလည်း သူ့ကိုမကူညီတော့ပေ။ ဝမ်ပေါ်လည်း ဒုက္ခရောက်နေသည်။
သူ့ကိုဘယ်သူက ကူညီတော့မှာလဲ ...
သူ့ကို ခုရက်ပိုင်းလိုက်နေသည့် ဝေ့ဟန်ကို တွေးမိသွားပြီး အကြံတစ်ခုရသွားသည်။ သို့သော် တစ်ဖက်လူက နောက်မှပိုးပန်းရုံအဆင့်သာရှိသေးသဖြင့် မသင့်တော်ပေ။ ထိုကိစ္စမျိုးဖြစ်လာပါက သူ့ကိုကူညီပါက တိုင်ကြားပြီး ထွက်သွားလိမ့်မည်ဖြစ်သည်။
ဝမ်ပေါ်ကသာ မည်သည့်အခြေအနေတွင်မဆို သူ့ကို လိုလိုလားလားကူညီသည့်လူဖြစ်သည့်အပြင် သူ့ကိုစိတ်အေးလက်အေးဖြစ်နေနိုင်သည့်လူဖြစ်ကြောင်း ယခုအချိန်မှသာ ကျန်းဇီမော့ ပထမဆုံးအကြိမ် သဘောပေါက်သွားသည်။
သို့သော် ယခုအခါတွင် ဝမ်ပေါ် သေမလားရှင်မလားပင် မသိတော့သည့် အခြေအနေဖြစ်နေသည်။
ဝမ်ပေါ် ပြန်ကျန်းမာလာစေရန် သူ့စိတ်ထဲတွင် တိတ်တဆိတ်ဆုတောင်းနေမိသည်။
ဒရိုင်ဘာက ကားရပ်ပြီး ဝမ်ပေါ်ကိုဆေးရုံထဲအလျင်စလို ခေါ်သွားပြီး အကူအညီပေးရန် အော်နေသည်။ ထိုအခါ ဆေးရုံမှ ဝန်ထမ်းများက သူ့ကို‌အရေးပေါ်ခန်းထဲ ခေါ်သွားပေးကြသည်။
" ရှင်က သူ့မိသားစုဝင်လား ..."
သူနာပြုက မေးလိုက်သည်။
" မဟုတ်ပါဘူး ..."
" ဒါဆို သူ့မိသားစုကို ဆက်သွယ်ပြီးတော့ လာခိုင်းလိုက်ပါ ..."
ဒရိုင်ဘာက ခေါင်းငြိမ့်ပြီး ဝမ်ပေါ်၏အိပ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်သည်။ သို့သော် ဖုန်းကိုကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏ lock screen passwordကို မသိပေ။ ထို့ကြောင့် သူ့မိသားစုကို မည်သို့ဆက်သွယ်ရမည်မသိဖြစ်နေသည်။ ထိုအချိန်တွင် အရေးပေါ်ခန်းထဲတွင်လှဲနေသည့်လူအတွက် ဆေးရုံစရိတ်မည်မျှပေးရမည်မသိဖြစ်နေသည့်အတွက်လည်း သူအလျင်စလိုဖြစ်နေမိသည်။
ထိုအချိန်တွင် လက်ထဲတွင်ကိုင်ထားသည့်ဖုန်းက ရုတ်တရက်ထမြည်လာသဖြင့် သူအမြန်ကိုင်လိုက်သည်။ တစ်ဖက်လူက ဘာပြောသည်မသိသော်လည်း သူအမြန်ဖြတ်ပြောလိုက်သည်။
" မင်းက ဒီဖုန်းပိုင်ရှင်ရဲ့ အသိလား ... အခု သူ မတော်တဆမှုဖြစ်လို့‌ဆေးရုံရောက်နေတယ် မိသားသုတွေကို ဆက်သွယ်ပြီး အမှတ်သုံးဆေးရုံကိုလာခိုင်းလိုက်ပါ ..."
ဝမ်ပေါ်သူငယ်ချင်းက ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ပေ။ စကားတစ်ခွန်းမှမပြောပဲ ဖုန်းချလိုက်ပြီး ချက်ချင်းပင်ဝမ်စုကို ဖုန်းခေါ်လိုက်သည်။
" အစ်ကိုကြီးဝမ် မကောင်းတော့ဘူး ... ဝမ်ပေါ် မတော်တဆမှုဖြစ်တယ်တဲ့ အခု အမှတ်သုံးဆေးရုံမှာရောက်နေပြီ ..."
မြို့ထဲမှ လေဆိပ်အထိ ‌မောင်းရသည်မှာ အချိန်တစ်နာရီခန့် ကြာမြှင့်လှသည်။ ကျန်းဇီမော့က ကားထဲတွင် ထိုင်နေဆဲဖြစ်ပြီး ထိုအချိန်တွင် ဖုန်းမြည်လာသည်။ သူကြည့်လိုက်သည့်အခါ ဖေးဟန်ဖြစ်နေသည်။
ကျန်းဇီမော့ ဖြေရမလား မဖြေရမလား မသိတော့ပေ။ အတော်ကြာတွေးနေသည့်အတွက် ဖုန်းချသွားသည်။ ထို့နောက် တစ်ကြိမ်ထပ်ခေါ်ပြန်သည်။
သူ မနက်ဖြန်လာခေါ်မည်ကို ကျန်းဇီမော့ သတိရသွား၍ ဖုန်းကိုင်ကာ နွေးထွေးသောအသံဖြင့်ပြောလိုက်သည်။
" ဟဲလို ..."
" မင်းဘာလို့ ကိုယ့်ဖုန်းကိုမကိုင်တာလဲ ..."
ဖေးဟန်က မေးလိုက်သည်။
" ကျွန်တော်မမြင်လိုက်လို့ပါ ... ဘာကိစ္စရှိလို့လဲ ..."
" ကိစ္စရှိမှ ဖုန်းဆက်ရမှာလား ..."
ဖေးဟန် ရယ်လိုက်သည်။
ကျန်းဇီမော့ ဘာပြောရမည်မသိဖြစ်နေသည်။ သူ့စိတ်အခြေအနေအရ သူနဲ့ကလူကျီစယ်ချင်စိတ်လည်းမရှိပေ။
" ကျွန်တော် နည်းနည်းအလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်နော် ... ပြီးတော့ မနက်ဖြန်မနက် ကျွန်တော့်ကို လာမခေါ်လို့ရတယ် ကျွန်တော်ဒီမှာလုပ်စရာရှိလို့ မနက်ဖြန် ကုမ္ပဏီကို မလာနိုင်လောက်ဘူး ... အဲ့ဒါကြိုပြီး ခွင့်တောင်းတာပါ ..."
ဖေးဟန် နားမလည်နိုင်ဖြစ်သွားသည်။
" ဘာကိစ္စရှိလို့လဲ ... မင်း မနက်ဖြန် အလုပ်တောင်မလာဘူးပေါ့ ... ရှောင်မော့ ကိုယ့်ကိုပြောပြလေ ကိုယ်ကူညီပေးမယ် ..."
" အရေးတကြီးတော့ မဟုတ်ပါဘူး ..."
" အသေးအဖွဲကိစ္စလေးဆိုလည်း ကိုယ်ကူညီပေးလို့ရပါတယ် ... မင်းက ကိုယ့်အတွက် ဘယ်လိုဆိုတာသိရဲ့သားနဲ့ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး ... မင်းကိုကူညီရမှာ ဝမ်းသာပါတယ် ..."
ဖေးဟန်က နူးညံ့စွာပြောလိုက်သည်။ကျန်းဇီမော့ ခဏတာ တုန်လှုပ်သွားသည်။
သူ့ကိုပြောလိုက်ရင်ရပါ့မလား ... ဖေးဟန်က သူ့ကိုတကယ် ကူညီပါ့မလား ...
စက္ကန့်အနည်းငယ် တွေးလိုက်ပြီးသည့်နောက်တွင် ငြင်းဆန်ရန် ပြင်လိုက်သည်။ ယခုက သူ့အတွက် နောက်ဆုံးအချိန်မဟုတ်သေးပေ။ အကယ်၍ ဝမ်မိသားစုနှင့် ပဋိပက္ခဖြစ်လာမှသာ ဖေးဟန်ကို ကူညီခိုင်းတော့မည်ဖြစ်သည်။
" မင်းအခု အပြင်မှာလား ..."
ဖေးဟန်က ရုတ်တရက်မေးလာသည်။
" မင်း အိမ်မပြန်ဘူးလား ... ရုတ်တရက်ကြီး ဘာလို့အပြင်ရောက်နေတာလဲ ... ကိုယ်ထွက်သွားပြီးတော့ ဘာဖြစ်လို့လဲ ..."
" ဘာမှ မဖြစ်ပါဘူး ..."
ကျန်းဇီမော့ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ် ... ရက်အနည်းငယ်ပဲ အချိန်ယူရမှာပါ ... ပြီးတော့ ကျွန်တော် ကုမ္ပဏီကို အချိန်တစ်ခုအထိ မလာနိုင်တော့ဘူးထင်တယ် ..."
" မင်း အလုပ်ရှုပ်နေရင်လည်း ရပါတယ် ... ကိုယ့်အကူအညီလိုရင်တော့ ဘယ်အချိန်မဆို ဖုန်းခေါ်လိုက်လို့ရတယ်နော် ..."
" ကောင်းပါပြီ ..."
ကျန်းဇီမော့ ဖုန်းချလိုက်သည်။
အချိန်အားဖြင့် ညနေ ၆နာရီကျော် ၇နာရီခန့်တွင် လေဆိပ်သို့ရောက်လာသည်။ ကျန်းဇီမော့က နောက်အကျဆုံးလေယာဉ်လက်မှတ်လိုက်ပြီးနောက် နားနေခန်းထဲတွင် စောင့်နေသည်။ သူ ခေါင်းငိုက်စိုက်ကျကာ ထိုင်နေမိပြီး ကြမ်းပြင်ပေါ်တွင် ဝမ်ပေါ်၏မျက်နှာကို မြင်ယောင်မိလာသည်။
ဝမ်ပေါ် ဘာတွေဆက်ဖြစ်လဲ သူမသိခဲ့ဘူးပဲ ... ဒရိုင်ဘာက သူ့ကိုဆေးရုံခေါ်သွားတယ်ဆိုတော့ အဆင်ပြေမှာပါ ...
ဝမ်ပေါ် ငါ့ကို အပြစ်မတင်ပါနဲ့ ...
ကျန်းဇီမော့ ရင်ထဲတွင် တိတ်ဆိတ်စွာပြောနေမိသည်။
ငါ့မှာလည်း နည်းလမ်းမရှိလို့ပါ ...မင်းအဆင်ပြေတယ်ဆို မင်းနိုးလာတာနဲ့ ငါပြန်လာပါ့မယ် ... အဲ့ဒါ‌ြောင့် အမြန်ဆုံး သတိရလာပေးပါ ...
ဝမ်စု ဆေးရုံသို့ရောက်လာချိန်တွင် ဝမ်ပေါ်က ခွဲစိတ်ခန်းထဲမှ ထွက်မလာရသေးပေ။ သူရောက်လာသည်ကို မြင်သည့်အခါ ဒရိုင်ဘာက သူ့ကိုကြောက်လန့်စွာကြည့်ပြီး တောင်းပန်လိုက်မိသည်။
" ကျွန်တော် တောင်းပန်ပါတယ် ..."
" ဘာဖြစ်ခဲ့တာလဲ ..."
ထိုမေးခွန်းကိုကြားသည့်အခါ ဒရိုင်ဘာက ဝမ်းနည်းသွားမိသည်။ ယခုအခြေအနေက အမှန်ပင် မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ပြီး မမျှော်လင့်ထားသည့် ဘေးအန္တရာယ်တစ်ခုဟု ဆိုနိုင်ပေသည်။
သူက မသောက်စားထားသည့်အပြင် မီးနီဖြတ်မောင်းခဲ့ခြင်းလည်းမရှိပဲ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပြီး ပုံမှန်သာမောင်းနှင်နေခဲ့သည်။ ထိုလူက ရုတ်တရက်ထွက်လာသည့်အတွက် သူဘရိတ်နင်းသော်လည်း မမှီတော့ပေ။
" ကျွန်တော်ကားက လမ်းပေါ်မှာ ပုံမှန်အတိုင်းမောင်းနေတုန်း ရုတ်တရက်ကြီး ဒီလူက အတွန်းခံလိုက်ရတာ ... ကျွန်တော်လည်း သူ့က်ိုမြင်တာနဲ့ ဘရိတ်အမြန်နင်းလိုက်ပေမယ့် တိုက်မိသွားတယ် ... ကျွန်တော် မရည်ရွယ်ပါဘူး ... ကျွန်တော်မီးနီဖြတ်မောင်းတဲ့လူလည်း မဟုတ်ပါဘူး ..."
" ကျွန်တော် တကယ့်ကို မရည်ရွယ်ခဲ့ပါဘူး ..."
" မင်းပြောတော့ သူက အတွန်းခံလိုက်ရတယ်ဆို ... သူ့ကိုတွန်းလိုက်တဲ့လူရော ..."
" သူ ထွက်ပြေးသွားပါတယ် ..."
ပြောနေစဉ်မှာပင် ဒရိုင်ဘာက စိတ်တိုလာပုံရသည်။
" ကျွန်တော်သူ့ကို ဆေးရုံကို အတူတူလိုက်ခဲ့ခိုင်းပေမယ့် သူက မလိုက်ချင်ပဲ ထွက်ပြေးသွားတယ် ... ကျွန်တော်လည်း ဆေးရုံကို အလာနောက်ကျသွားမှာစိုးလို့ သူ့ကိုခေါ်ပြီး ဆေးရုံကို အရင်မောင်းလာခဲ့တာပါ ..."
ဒရိုင်ဘာက ဝမ်စုကိုကြည့်ပြီး ထပ်မံတောင်းပန်လိုက်သည်။
" ကျွန်တော် တကယ်တောင်းပန်ပါတယ် ..."
ဝမ်စုက မျက်ခုံးများကို ဖိလိုက်ပြီး သူ့ဒေါသကိုထိန်းချုပ်ရန် ကြိုးစားနေသည်။
" ရပါတယ် ... ခင်‌ဗျားပြောတာ မှန်တယ်ဆိုရင် ဒီကိစ္စကို အဓိက တာဝန်ယူရမယ့်သူက ခင်ဗျားမဟုတ်ဘူး ..."
ပြောပြီးသည်နှင့် သူ့ဖုန်းမြည်လာသဖြင့် ကိုင်လိုက်သည်။ တစ်ဖက်လူပြောသည်ကို နားထောင်ပြီးနောက် သူတည်ငြိမ်စွာပြောလိုက်သည်။
" သူ့ကို အမှတ်သုံးဆေးရုံ ခေါ်လာခဲ့ ..."
သူအလွန် ပင်ပန်းနေသဖြင့် ခုံတွင် ထိုင်ချလိုက်သည်။ ဤကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သူက ဝမ်ပေါ်ကို အခက်အခဲများကြုံတွေ့စေပြီး ကျန်းဇီမော့အကြောင်းများကိုသာ သိစေချင်ခဲ့ခြင်းဖြစ်သည်။ သူ့ညီဖြစ်သူကို ယာဉ်တိုက်မှုဖြစ်ပြီး ခွဲစိတ်ခန်းထဲတွင် လှဲလျောင်းနေရသည့်အဖြစ်ကို မြင်လိုခဲ့ခြင်းမဟုတ်ပေ။
ဖေးဟန် ရောက်လာသည့်အခါ ဝမ်စုနှင့် ဒရိုင်ဘာတို့ထိုင်နေကြသည်ကို တွေ့လိုက်သည်။ သူတို့နှစ်ယောက်လုံး စကားပြော‌မနေကြပေ။ ဒရိုင်ဘာက အသက်လေးဆယ်အရွယ်လူတစ်ယောက်ဖြစ်ပြီး မျက်လုံးများ နီရဲနေသည်။ ဝမ်စုက တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ပြီးထိုင်နေသည်။
"မင်း ..."
ဖေးဟန်က သူ့ကိုအဆင်ပြေရဲ့လားဟု မေးလိုက်ချင်သော်လည်း ယခုအချိန်တွင် ထိုစကားများက အပိုသာဖြစ်သည်ဟု တွေးလိုက်မိသည်။ သူ ဝမ်စုဘေးတွင် ထိုင်လိုက်ပြီး ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။
" မင်းညီလေး အဆင်ပြေသွားမှာပါ စိတ်မပူပါနဲ့ ..."
ဝမ်စုက ရင်ထဲတွင် ဝမ်းနည်းမှုတို့ ပြည့်လျှံနေလျက် ခွဲစိတ်ခန်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူစကားစပြောသည်။
" ငါ အစတည်းက မှားခဲ့တာထင်ပါတယ် ..."
" လူအားလုံးက ကိုယ့်ဘဝနဲ့ကိုယ်ရှိတယ် ... သူက အရွယ်ရောက်ပြီးသူတစ်ယောက်ပဲ ... ငါသူ့ကို အရာရာလိုက်ပြီး ချုပ်ကိုင်မနေခဲ့သင့်ဘူး ... ငါသာ အိမ်ကနေ နှင်မထုတ်ခဲ့ရင် သူက ကျန်းဇီမော့နဲ့ အနေနီးသွားမှာလည်း မဟုတ်ဘူး ... ဒါဆိုရင် အခုလိုကိစ္စမျိုးလည်း ဖြစ်လာမှာမဟုတ်ဘူး ... အခုတော့ သေမလား ရှင်မလားတောင် မသေချာတော့ဘူး ... ငါသူ့ကို အစတည်းက ဘာမှမလုပ်ခဲ့သင့်ဘူး ... ငါ့ကိုယ်ငါ အရမ်းတွေ ယုံကြည်ချက်ရှိနေခဲ့တာပဲ ..."
" မင်း ဘာတွေပြောနေတာလဲ ..."
ဖေးဟန်က ခွန်းတုံ့ပြန်လိုက်သည်။
" သူက မင်းရဲ့ညီလေ ... မင်းသူ့ကိုဂရုစို.က်ရမှာသဘာဝပဲ ... ကျန်းဇီမော့က စက်ဆုပ်စရာကောင်းတဲ့လူပဲ သူအခုလိုဖြစ်သွားတာတောင် ဂရုမစိုက်ဘူး ... အဲ့ဒီခွေးလိုကောင်က သူ့အတွက် အကျိုးမရှိတဲ့လူတွေဆို ကန်ထုတ်လိုက်တာပဲ ... သူ့ကကိုယ်ကျင့်တရားလည်းမကောင်းဘူး ... သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာတောင်မှ ဒီလိုဖြစ်နေတ်ာလေ ဒါက လူတစ်ယောက် လုပ်သင့်တဲ့အလုပ်လား ... မင်း ကိုယ့်ညီကိုယ် ဂရုစိုက်တာ ပုံမှန်ပါပဲ ... ဂရုမစိုက်မှသာ ပုံမှန် အခြေအနေ မဟုတ်မှာ ..."
သူ အနည်းငယ် ဆူလိုက်ပြီးနောက် ပြန်နှစ်သိမ့်လိုက်သည်။
" အခုလိုဖြစ်ရတာတွေက မင်းကြောင့်မဟုတ်ပါဘူး ... ကိုယ့်ကိုယ်အရမ်းတွေ အပြစ်မတင်နေပါနဲ့ မင်းက အပြစ်ရှိတဲ့လူမှ မဟုတ်တာ ... "
ဝမ်စု ဘာမှမပြောတော့ပေ။ ကျန်းဇီမော့က ဤကိစ္စများဖြစ်လာရသည့် အကြောင်းအရင်းဖြစ်သည်။ အကယ်၍ ဝမ်ပေါ်ကို အိမ်မှ နှင်မထုတ်ခဲ့ပါက ဖေးဟန်က ဝမ်စု၏ ညွှန်ကြားမှုကြောင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့မည်မဟုတ်ပေ။
ဝမ်ပေါ် ယာဉ်တိုက်မှုဖြစ်ပြီးသွားချိန်က သူနှင့်ဝမ်စုတို့ ဖုန်းပြောနေခဲ့ကြသေးသည်။
" မင်းညီလေးကို ငါတွေ့ခဲ့တယ် ... သူက ငါနဲ့ ကျန်းဇီမော့ကြားက မပြတ်သားတဲ့ ဆက်ဆံရေးကို တွေ့သွားတဲ့ပုံပဲ ... နှစ်ရက်အတွင်း ကျန်းဇီမော့က ဘယ်လိုလူမျိုးဆိုတာ သူသိတော့မယ် ..."
ဝမ်ပေါ်က ကျန်းဇီမော့နှင့် ချက်ချင်းလမ်းခွဲလိုက်မည်ဟု ထင်ခဲ့သော်လည်း သူ့ကြောင့်သာ သူတို့နှစ်ယောက် စကားအချေအတင်များခဲ့ကြပုံပေါ်သည်။
ဝမ်စု တိတ်ဆိတ်စွာထိုင်နေသည်။ အ‌ချိန်အတန်ကြာပြီးနောကိယ် ခြေသံများကို ကြားလိုက်ရသည်။ မော့ကြည့်လိုက်သည့်အခါ ကျန်းဇီမော့ကို သူ့လူများက ခေါ်လာသည်ကို တွေ့လိုက်သည်။
လေယာဉ်ပေါ်မတက်မီအချိန်မှာပင် သယ့ရှေ့မှ လူများက သူ့ကိုဖမ်းမိသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ သူ့ရှေ့မှ လူများကိုကြည့်ပြီး တုန်ယင်လာသည်။
" ကျွန်တော် ..."
သူ့စကားမဆုံးလိုက်ပေ။ ဝမ်စုက သူ့ကိုမြင်သည့်အခါ ထပြီး သူ့ဆီသို့လျှောက်လာပြီး ကျန်းဇီမော့ကို လက်သီးဖြင့်ထိုးလိုက်သည်။ ကျန်းဇီမော့ မတုံ့ပြန်နိုင်မီမှာပင် ဝမ်စုကြောင့် လဲကျသွားသည်။
သူ့ကိုစိုက်ကြည့်နေသော ဝမ်စု၏မျက်လုံးများထဲတွင် ‌အမျက်ဒေါသများပြည့်နှက်နေသည်။
သူ့ညီငယ်လေးက စိတ်အားတက်ကြွမှုမရှိတာ တိုးတက်ချင်စိတ်ရှိသူတစ်ယောက် မဟုတ်သော်လည်း ကျန်းဇီမော့နှင့် မတွေ့မီက မိသားစုဝင်များ၏စကားကိုနားထောင်ပြီး သူတို့၏ ထင်မြင်ချက်များကို စိုးရိမ်ပူပန်တတ်သည့်လူဖြစ်သည်။ ယခုအခါတွင် ဤလူကြောင့် သူ့ညီလေးက မိသားစုနှင့် အဆက်ဖြတ်ခဲ့သော်လည်း သူ၏ချစ်ခင်ခြင်းကို မခံခဲ့ရပေ။ သူ့ညီက သေရေးရှင်ရေး အခြေအနေဖြစ်နေသော်လည်း သူ့အသက်ကိုသာ ကယ်တင်ချင်နေခဲ့ပြီး ဝမ်ပေါ်၏အသက်ကို တန်ဖိုးမထားခဲ့ပေ။
ဘယ်လိုတောင် စက်ဆုပ်စရာကောင်းတဲ့ကောင်လဲ ... အစတည်းက သူကဝမ်ပေါ့်ဘဝထဲမှာ ပေါ်မလာခဲ့သင့်တာ ...
ဝမ်စု ထိုသို့တွေးလိုက်ပြီးနောက် ပို၍ ဒေါသထွက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ကျန်းဇီမော့၏ခေါင်းကို ကိုင်ထားပြီး တစ်ချက်ပြီးတစ်ချက်ထိုးနေမိသည်။
ဒရိုင်ဘာပင် ထိတ်လန့်သွားသည်။ ဝမ်စု ရောက်လာချိန်တည်းကစ၍ သူ့ကိုဒေါသမထွက်ခဲ့ပေ။ သူကြောက်နေခဲ့သော်လည်း နစ်နာသူ၏မိသားစုကို လူကောင်းများဟု ထင်ခဲ့မိသည်။ သို့သော် ဝမ်စုထိုးကြိတ်နေသည် ကြမ်းပြင်ပေါ်မှ ကောင်လေးကိုကြည့်ပြီး သူအနည်းငယ်ပင် တုန်ယင်လာမိသည်။
ဝမ်စု ၏လူများကလည်း သူ့ကိုမတားရဲကြပေ။ ဖေးဟန်သည်လည်း ဝမ်စု လူသတ်မိတော့မည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် သူဝင်ပါရတော့သည်။
" အိုကေ အိုကေ ... သူ့ကို အားရအောင်ထိုးပြီးပြီပဲ ထပ်မလုပ်နဲ့တော့ သေသွားလိမ့်မယ် ..."
" သူက သေသင့်တယ်လေ ..."
သူ၏ အသံတွင် အမုန်းတရားများ ပြည့်နေသည်။
ဖေးဟန်က နှစ်သိမ့်လိုက်သည်။
" သူက သေသင့်တာမှန်တယ် သူသေရင် မင်းပါဒုက္ခရောက်မှာ ..."
သူ ဝမ်စုကို မနည်းဆွဲထားလိုက်ရသည်။ ဝမ်စုက ဒေါသမပြေသေးသဖြင့် ကျန်းဇီမော့ကို ကန်ကျောက်နေသည်။
ကျန်းဇီမော့ နာကျင်နေသည့်ကြားမှ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့မှဖေးဟန်ကိုမြင်သဖြင့် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။
" ခင်ဗျား ဘယ်လို ..."
" ငါ ဘာလို့ ဒီမှာရှိနေတယ်လို့ မေးတာလား ..."
ဖေးဟန်က ဖြတ်ပြောလိုက်သည်။
" မင်း မသိသေးဘူးလား ... မင်းကိုချဉ်းကပ်ခဲ့တာ ဝမ်ပေါ်မင်းဘေးက မြန်မြန်ထွက်သွားအောင်လေ ... အဲ့လိုမှ မဟုတ်ရင် မင်းငါ့ကို ကြည့်လေ ငါရွံလေပဲ ..."ကျန်းဇီမော့က ဝမ်စုကို ထိတ်လန့်စွာကြည့်နေသည်။ ဝမ်စုဟဒေါသက အရှိန်မသေသေးပေ။ ကျန်းဇီမော့ကို မြင်သည်နှင့် သူ့ကိုထပ်ထိုးချင်လာသည်။ ဖေးဟန်က ဝမ်စုကိုအမြန်ထိန်းထားကာ သူ့လူများကို ပြောလိုက်သည်။
" ဘာလုပ်နေကြတာလဲ မင်းတို့သူဌေးကတောင် သူ့ကို မသေရုံတမယ်လုပ်ထားတာ မင်းတို့ကရော ထိုင်ကြည့်နေကြမလို့လား ..."
ကျန်းဇီမော့ကို အနုည်းဖြင့် ကိုင်တွယ်၍မရမှန်းသိသည်။ ထို့ကြောင့် ထပ်ပြောလိုက်သည်။
" သေစေနိုင်တဲ့ ဒဏ်ရာမရရင်တော်ပြီ ... လုံးဝတော့ မသေစေနဲ့နော် ကျန်တာတော့ ကြိုက်သလိုလုပ်လို့ရတယ် နာကျင်မှုဆိုတာ ဘယ်လိုမျိုးလဲလို့ သူ့ကို ခံစားခိုင်းလိုက်ပါဦး ..."
သူထံ့မှ ထိုစကားများထွက်လာမည်ဟု ကျန်းဇီမော့ မထင်ထားပေ။ ထိတ်လန့်ကြောက်ရွံ့နေသောမျက်လုံးများဖြင့် သူ့ကိုမော့ကြည့်နေသည်။ ထို့နောက် ခေါင်းငိုက်စိုက်ကျသွားသည် ။ သူလုံးဝ မယုံကြည်နိုင်သေးပေ။
သူထွက်သွားပြီးမကြာမီ ခွဲစိတ်ခန်းမှ မီးမှိတ်သွားပြီး အခန်းတံခါးပွင့်လာပြီး ဆရာဝန်ထွက်လာသည်။
ဝမ်စုက သူ့ဆီသို့ အမြန်ပြေးသွားလိုက်သည်။
" သူ ဘယ်လိုနေသေးလဲ ဆရာ ..."
" ကုသချိန်မီလို့ အသက်ကိုတော့ ကယ်လိုက်နိုင်ပါတယ် ... ဒါပေမဲ့ ခြေထောက်ဒဏ်ရာက ပြင်းထန်လွန်းလို့ နောက်ဆိုရင် မတ်တပ်ရပ်ဖို့ လမ်းလျှောက်နိုင်ဖို့ အဆင်မပြေလောက်ဘူး ..."
ဆရာဝန်ပြောသည်ကို ကြားသည့်အခါ ဝမ်စု ထိတ်လန့်သွားမိသည်။
" ဒါပေမဲ့ အဲ့ဒါက အဓိက မဟုတ်သေးဘူး ..."
ဝမ်စု ယုံကြည်ရန် အလွန်ခက်ခဲနေသေးသည်။ သူ့ရှေ့မှဆရာဝန်ကိုကြည့်ကာ လည်ချောင်းများပင် ခြောက်ကပ်လာသည်။
" ဘာကို ဆိုလိုတာလဲမသိဘူး ..."
ဆရာဝန်က သက်ပြင်းချ၍ ပါးနပ်စွာ ပြောလိုက်သည်။
" ဒီရက်တွေအတွင်း သူနဲ့ စကားများများပြောပေးပါ ... ဒီရက်ပိုင်းအတွင်းနိုးလာရင်တော့ အကောင်းဆုံးပေါ့ မဟုတ်ရင် ..."
ဆရာဝန်က ပြောနေရာမှရပ်သွားပြီး ဝမ်စုကိုကြည့်လိုက်သည်။ ဆရာဝန်၏ မျက်လုံးထဲတွင် စိတ်မကောင်း ဝမ်းနည်းနေမှုများဖြင့်ကြည့်နေသည်။
" တကယ်လို့ သူမနိုးလာတော့ရင်တော့ မိသားစုဝင်တွေအားလုံးရဲ့ စိတ်ကို ပြင်ဆင်ထားကြပါတော့ ..."
ထိုအခိုက်အတန့်တွင် ဝမ်စု ခွေလဲကျမတတ်ဖြစ်သွားသည်။ ယခုချိန်တွင် သူ့ရင်ထဲ၌ တစ်ခုကိုသာ တွေးနေမိသည်။ သူ ကျန်းဇီမော့ကို သတ်ချင်နေသည်။ ဝမ်ပေါ်မနိုးလာတော့ပါက ကျန်းဇီမော့ကိုပါ သူနှင့်အတူ မြေမြှုပ်ပစ်မည်ဖြစ်သည်။
ဝမ်ပေါ်က အသက်နှစ်ဆယ်ကျော်ပဲရှိသေးတာ အရမ်းငယ်သေးတယ် ... သူ မနိုးလာတာ မဖြစ်နိုင်ဘူး ...
ကျန်းဇီမော့ မင်းလိုကောင်က အစတည်းက ဝမ်ပေါ်ရဲ့ဘဝထဲကို ဝင်မလာခဲ့သင့်တာ ...