အပိုင်း ၁၀၅
Viewers 12k

ဝမ်မင်ယီက နောက်တစ်နေ့တွင် ကားအသစ်ကိုစီးကြည့်ပြီး ညနေဘက်တွင် စစ်ကျွင်းတောက်ကို သွားကြိုသည့်အခါ ဝမ်ပေါ်၏ မတော်တဆမှုသတင်းကို ကြားလိုက်ရသည်။
" ဘယ်လိုဖြစ်တာလဲ ..."
" ကြည့်ရတာ ကျန်းဇီမော့နဲ့စကားများလို့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကားတိုက်ခံရတာထင်တယ် ... အခု လောလောဆယ် ဝမ်ပေါ်က ဆေးရုံမှာရှိနေတုန်းပဲ ... ဒီရက်ပိုင်းအတွင်း မနိုးလာရင် အသက်မရှင်နိုင်တော့ဘူးတဲ့ ..."
ဝမ်မင်ယီ ခဏတာ အံ့အားသင့်သွားပြီး သူ့ယခင်ဘဝကို တွေးမိလိုက်သည်။ သူသည်လည်း ကျန်းဇီမော့နှင့် စကားအချေအတင်များခဲ့ရာမှ ယာဉ်တိုက်မှုဖြစ်ခဲ့ရသည်ပင်။ မမျှော်လင့်ပဲ ဤဘဝတွင် ယာဉ်တိုက်မှုဖြစ်ခဲ့သူက ဝမ်ပေါ်ဖြစ်နေခဲ့သည်။
ဤကိစ္စက မကောင်းမှုအတွက် လက်စားချေတုံ့ပြန်ချက်တစ်ခုဖြစ်သည်ဟု ဝမ်မင်ယီ တွေးလိုက်မိသည်။ သူသေဆုံးခဲ့စဉ်အချိန်က ဝမ်ပေါ်က ကျန်းဇီမော့ကို ကာကွယ်ပေးခဲ့ရုံသာမက စစ်ကျွင်းတောက်ကိုပါ စွပ်စွဲခဲ့သည်။
" ဝမ်မင်ယီ ဆုံးရှုံးတာ ဘဝတစ်ခုတည်းပါ ... ရှောင်မော့ကတော့ သူ့အချစ်ကိုဆုံးရှုံးခဲ့တာလေ အဲ့ဒါကြောင့် ရှောင်မော့ကို ခွင့်လွှတ်ပေးလိုက်ပါ ...."
သို့သော် ယခုအခါ ဝမ်ပေါ်က မျက်လုံးများမှိတ်ကာ သတိမေ့နေပြီဖြစ်၍ ထိုကဲ့သို့မေးခွန်းမျိုး အမေးခံရတော့မည်မဟုတ်ပေ။
ဝမ်မင်ယီ ထိုအကြောင်းကိုတွေးမိတိုင်း ဒေါသထွက်လာပြီး ဝမ်ပေါ်ကို ထိုးပစ်ချင်လာသည်။ သို့သော် ဝမ်ပေါ်က မျက်လုံးများပိတ်နေပြီဖြစ်၍ ဘာမှခံစားနိုင်တော့မည်မဟုတ်ပေ။ သူ လက်စားသွားချေလျှင်ပင် ဝမ်ပေါ်က မြင်နိုင်ကြားနိုင်တော့မည်မဟုတ်သာ့်အတွက် ပျင်းစရာကောင်းလွန်းလှသည်။
" ကျွန်တော်တို့ သူ့ကိုသွားတွေ့ကြမှာလား ..."
ဝမ်မင်ယီမေးလိုက်သည်။
" မင်မင်သွားချင်လို့လား ..."
စစ်ကျွင်းတောက်သူ့ကိုမေးလိုက်သည်။
ဝမ်မင်ယီ အမှန်တွင် သွားချင်နေသည်။ သူက ဘဝနှစ်ခုတွင် နေထိုင်ခဲ့ရသည့်အတွက် ရန်သူနှစ်ယောက်ရှိသည်။ ပထမဆုံးရန်သူက ကျန်းဇီမော့ဖြစ်လျှင် ဒုတိယရန်သူကက ဝမ်ပေါ်ဖြစ်သည်။ ယခု ဝမ်ပေါ်က ကျဆုံးသွားပြီးဖြစ်၍ သူတကယ်နိုးလာနိုင် မနိုးလာနိုင်ကို သိချင်နေသည်။ ဝမ်ပေါ်၏ ကာကွယ်မှုမရှိတော့သည့် ကျန်းဇီမော့ကိုလည်း သူတွေ့ချင်နေသည်။
သူနှင့် ဝမ်ပေါ်တို့၏ မထင်မှတ်ပဲပြောင်းလဲသွားမှုက မူလစာအုပ်ကို မလွဲဧကန် သတ်ရောက်သွားမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူနှင့်စစ်ကျွင်းတောက်တို့ ကောင်းမွန်သည့်အဆုံးသတ်တစ်ခုကို ရနိုင်လောက်မည်ဟု သူတွေးနေမိသည်။
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော်တို့ သွားကြည့်ရအောင် ... ဒါပေမဲ့ ကျွန်တော်တို့သွားရင် ဝမ်မိသားစုက ကြောင်က ကြွက်အတွက် ငိုပေးနေတယ်လို့ ထင်ကြမှာပဲ ... ဝမ်ပေါ်နဲ့ ကျွန်တော်တို့ဆက်ဆံ‌ရေးက ဆိုးဝါးလွန်းတယ်လေ ..."
ဝမ်မင်ယီ တွန့်ဆုတ်နေမိသည်။
" ပြဿနာမရှိပါဘူး ... ဝမ်စုက တွေးခေါ်တတ်တဲ့လူတစ်ယောက်ပါ ... ဒီလိုကိစ္စတွေကို သူကဂရုစိုက်နေမယ့်လူ မဟုတ်ဘူး ..."
" ဒါဆိုလည်း အဆင်ပြေပါတယ် ..."
ပြောပြီးသည်နှင့် ဝမ်မင်ယီ ကားစက်နှိုးလိုက်သည်။
ပိုမိုကောင်းမွန်သည့် ဆေးကုသမှုခံယူရန်အတွက် ဝမ်ပေါ်ကို အမှတ်တစ်ဆေးရုံသို့ လွှဲပြောင်းထားသည်။ ဝမ်စုက CCTVကင်မရာမှတစ်တစ်ဆင့် ဒရိုင်ဘာ၏ပြောကြားချက်များကိုအတည်ပြုပြီးသည့်နောက် သူ့ကိုအရှက်မကွဲစေတော့ပဲ လျော်ကြေးပေးခိုင်းကာ ပြန်လွှတ်လိုက်သည်။
ဖေးဟန်က ထိုကိစ္စကို မလိုအပ်ဟု ထင်နေသည်။
" မင်းမိသားစုက ငွေမရှိတာလည်း မဟုတ်ပဲနဲ့ ဘာလို့ သူ့ကိုလျော်ကြေးပေးခိုင်းရတာလဲ ..."
လိုလို မလိုလို လျော်ကြေးကတော့ ပေးရမှာပဲ ... သူက ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ပေမယ့် ပျက်စီးမှုကတော့ ဖြစ်ပြီးသွားပြီ ... ပြီးတော့ သူက တိုက်ရိုက်အပြစ်ကျူးလွန်တဲ့လူလေ ... ငါတို့မိသားစုက ငွေရှိလို့ သူ့ကိုလျော်ကြေးမပေးခိုင်းရင် ချမ်းသာတဲ့လူတွေကို ကားနဲ့တိုက်မိလည်း လျော်ကြေးပေးစရာမလိုဘူး အဆင်ပြေတယ်လို့ သူ့စိတ်ထဲ ထင်သွားမှာပေါ့ ... သူက ရိုးသားလို့ ငါသူ့ကို ထောင်ချချင်စိတ်မရှိပါဘူး ဂရုလည်းမစိုက်ဘူး ... ဒါပေမဲ့ နောက်တစ်ကြိမ်သာ ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင် တခြားလူတွေက ငါ့လိုမျိုးပဲ ပြီးသွားလိမ့်မယ်လို့ အာမခံလား ..."
ဝမ်စုက ဝမ်ပေါ်၏လက်များကို အဝတ်သိုတစ်ခုဖြင့် သန့်စင်ပေးနေပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
" အဲ့တော့ ငါတို့ပိုက်ဆံမလိုအပ်ပေမယ့်လည်း သူကတော့ ပေးကိုပေးရမယ် ..."
" မင်းက အများကြီးတွေးထားတာပဲ ..."
" မင်းလည်း အိမ်ပြန်တော့လေ ... မင်းငါနဲ့နေပေးနေတာ နှစ်ရက်တောင်ရှိပြီ ... ငါဒီမှာတစ်ယောက်တည်းနေလည်းရပါတယ် ..."
ဝမ်စုပြောလိုက်သည်။
ဖေးဟန်ကိုကြည့်ပြီး သူက တည်ကြည်စွာပြောလိုက်သည်။
" ရှောင်ပေါ် မတော်တဆမှုဖြစ်တာ မင်းနဲ့ ဘာမှမဆိုင်ပါဘူး ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ခံစားမနေနဲ့ ..."
ဖေးဟန်က ဤကဲ့သို့သောကိစ္စမျိုးအတွက် သူ့ကိုအပြစ်မတင်ပေ။
" မင်းလည်း ကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ဘူး ... ငါနဲ့မဆိုင်တာ မင်းသိသလို မင်းနဲ့မဆိုင်ဘူးဆိုတာလည်း ငါသိတယ် ... မင်း အိမ်က နှင်မထုတ်ခဲ့လို့ ကျန်းဇီမော့နဲ့ အနေမနီးခဲ့လို့ ခုချိန်မှာ မတော်တဆမှုမဖြစ်ရင်တောင် တစ်ချိန်ချိန်တော့ ဖြစ်လာမှာပဲ ... ကိုယ့်ဘာကိုယ် အရမ်းအပြစ်တင်မနေနဲ့ ..."
ဝမ်စု သက်ပြင်းချပြီး တိတ်တဆိတ်ပြောလိုက်သည်။
" အိမ်ပြန်တော့လေ ..."
ထိုစကားများကို ဝမ်စု နားမထောင်ချင်သည်ကိုသိ၍ ဝမ်စုကို ကူကယ်ရာမဲ့စွာကြည့်ပြီးနောက် ဆေးရုံမှ ပြန်သွားသည်။
ဝမ်စုက ဝမ်ပေါ်၏ လက်များကို သန့်စင်အောင်သုတ်ပေးနေပြီးနောက် တဘက်ကို ဘေစင်ထဲထည့်လိုက်ကာ ဝမ်ပေါ်၏ နောက်လက်တစ်ဖက်ကို သုတ်ပေးနေသည့် ကျန်းဇီမော့ကို ကြည့်လိုက်သည်။
ကျန်းဇီမော့က သူ့ထံမှ အထိုးနှက်ခံရပြီးချိန်မှစ၍ သူ့ကိုအလွန်ကြောက်နေသည်။ ဖေးဟန်လည်း ထိုနေရာတွင် ရှိနေခဲ့သည်ဖြစ်၍ သူ ရှိနေကြောင်း အသံပင်မပြုရဲပေ။ ယခုအခါ ဖေးဟန်ပြန်သွားပြီဖြစ်၍ ဝမ်စုကို ကြည့်ပြီး စကားပြောရန်ပြင်လိုက်သည်။
" ကျွန်တော် မရည်ရွယ်ပါဘူး ... ကျွန်တော် တကယ်ကို မရည်ရွယ်ခဲ့တာပါ ..."
" ငါ မင်းကို စကားပြောခိုင်းလို့လား ..."
ဝမ်စုသူ့ကိုမေးလိုက်သည်။
ကျန်းဇီမော့ ချက်ချင်းပင် ပါးစပ်ပိတ်ထားလိုက်သည်။
သူ့ကိုကြည့်နေသော ဝမ်စု၏ မျက်လုံးများထဲတွင် အထင်‌အမြင်သေးမှု စက်ဆုပ်မှုများဖြင့် ပြည့်နေသည်။
" ရှောင်ပေါ် ဒီလိုဖြစ်ရတာ မင်းကြောင့်ပဲ ... သူက မင်းကို အရမ်းချစ်လို့ ... မင်းတို့က ချစ်သူဖြစ်နေလို့ သူဒီလိုဖြစ်ရတာ ... မင်း သူ့တစ်ဘဝလုံး ဒီလိုပဲဖြစ်နေတော့မယ်ဆိုဂရုစိုက်ပေးနိုင်မှာလား ..."
ကျန်းဇီမော့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ဖြတ်သန်းသွားသည်။
သူ၏ စိတ်မပါသည့်အမူအယာကိုကြည့်ပြီး ဝမ်စုပို၍ ဒေါသထွက်လာသည်။
" မလုပ်နိုင်ဘူးပေါ့ ... ဘယ်တတ်နိုင်မလဲ မင်းမလုပ်ချင်ရင်တောင် သူ့ကိုတစ်ဘဝလုံး ဂရုစိုက်ရတော့မှာပဲ ... တကယ်လို့ ရှောင်ပေါ်အသက်ရှင်ခဲ့ရင် သူ့ဘေးမှာနေပြီး ကောင်းကောင်းဆက်ဆံပေးရမယ် ... ရှောင်ပေါ်သေသွားရင် မင်းရဲ့ အပြစ်အတွက် ပေးဆပ်ဖို့ သူနဲ့တူတူလိုက်သေရမယ် ..."