အပိုင်း ၁၀၆
Viewers 14k

" ကျွန်တော့်ဘဝကို ဒီလိုဆုံးဖြတ်ပစ်လိုက်လို့ဘယ်ရမလဲ ... ဒါ တရားဥပဒေကို ဆန့်ကျင်တာပဲ ..."
" အဲ့တော့ဘာဖြစ်လဲ ... မင်းက ရဲခေါ်ချင်တာလား ... ဟုတ်သားပဲ ငါရှောင်ပေါ်ရဲ့ကိစ္စ ရဲစခန်းကိုအကြောင်းမကြားရသေးဘူး ... မင်းသာအခု ရဲခေါ်လိုက်ရင် မကြာခင် ထောင်ကျမှာပဲ ... ဘယ်လိုထင်လဲ ..."
ဝမ်စုက ပြောလိုက်သည်။
ကျန်းဇီမော့၏မျက်နှာက ချက်ချင်းညှိုးနွမ်းသွားသည်။ သူ မသေချင်သကဲ့လို့ ထောင်လည်းမကျချင်ပေ။ သူက ဘဝကိုကောင်းကောင်းဖြတ်သန်းချင်ရုံပဲလေ ဘာလို့ဘုရားသခင်က ဒီလိုမျိုးလုပ်ရတာလဲ ... သူတကယ်ကို မရည်ရွယ်ခဲ့ပါဘူး ...
ဝမ်စုက သူ၏သနားစရာပုံစံကိုကြည့်ပြီး ရင်ထဲတွင် တဖြည်းဖြည်းစက်ဆုပ်လာသည်။
" ဘာလို့ ငေးငိုင်နေတာလဲ ... သူ့ခန္ဓာကိုယ်ကို သုတ်ပေးနေဦးလေ ... ပြီးရင် သူနဲ့စကားပြောပေးနေ အဲ့ဒါမှ သူစောစောသတိရချင်ရလာမှာ ..."
ကျန်းဇီမော့က ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာဖြင့် ဝမ်ပေါ်၏ တစ်ကိုယ်လုံးကိုသုတ်ပေးနေသည်။
စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီ ဝင်လာသည့်အချိန်တွင် ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။
ကျန်းဇီမော့က စစ်ကျွင်းတောက်ကို မြင်သည့်အခါ ကောက်ရိုးမျှင်ကို တွေ့လိုက်ရသကဲ့သို့ အကူအညီလှမ်းတောင်းရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဝမ်မင်ယီက စစ်ကျွင်းတောက်ရှေ့မှ ပိတ်ရပ်လိုက်သည်။
ဝမ်မင်ယီ သူ့ကိုစူးစူးရဲရဲကြည့်နေပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
" ငါ့ကောကောကို အဲ့ရွံစရာမျက်လုံးတွေနဲ့ စိုက်ကြည့်မနေနဲ့ ..."
ကျန်းဇီမော့ စိတ်တိုသွားသည်။
" ဝမ်မင်ယီ မင်း ..."
" ကျန်းဇီမော့ ..."
ဝမ်စုက သူ့ကို ဖြတ်ပြောလိုက်သည်။
" မင်း ဘာစကားမှဝင်ပြောစရာမလိုဘူး ... ကိုယ်လုပ်စရာရှိတာလုပ် ... စကားမပြောနဲ့ ..."
ကျန်းဇီမော့က ပါးနပ်စွာဖြင့် စစ်ကျွင်းတောက်ကို ဒုက္ခရောက်နေသည့်ပုံ အရိပ်အခြည်ပြနေသော်လည်း စစ်ကျွင်းတောက်က သူ့ကိုကြည့်မနေပေ။ ဝမ်စုကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် စကားတစ်ခွန်းစပြောလိုက်သည်။
" မတွေ့ရတာကြာပြီ ..."
သူတို့နှစ်ယောက် မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သည်။ သူတို့ကြားထဲတွင် ဖုန်းဖြင့် အကြိမ်ပေါင်းများစွာဆက်သွယ်မှုရှိခဲ့သော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သည်က ရှားပါးလွန်းသည်။
ဝမ်စုက သူ့ရှေ့မှလူကိုကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ပြန်ဖြေလိုက်သည်။
" အင်း မတွေ့ရတာကြာပြီ ..."
စစ်ကျွင်းတောက်က သူ့ထက်ပိုငယ်ပြီး ဝမ်ပေါ်နှင့် ရွယ်တူခန့်ဖြစ်သည်။ ဝမ်စု သူ့ညီ၏ သူငယ်ချင်းစစ်ကျွင်းတောက်ကို မြင်ခဲ့စဉ်က သူ့ညီထက်ပိုပြီး အလုပ်လုပ်ရာတွင် ယုံကြည်အားထားရသူဖြစ်ကြောင်း သိခဲ့သည်။ ထို့နောက်ပိုင်းတွင်မှ သူက စစ်မိသားစု၏သားဖြစ်ကြောင်း သိခဲ့ရသည်။
စစ်ကျွင်းတောက် လာမည်ဟု သိခဲ့စဉ်က ဝမ်စု၏ ပထမဆုံးတုံ့ပြန်ချက်က ငြင်းဆိုရန်ဖြစ်သည်။ စစ်ကျွင်းတောက်က မည်သည့်အဓိပ္ပါယ်ဖြင့်ရောက်လာမှန်း မသိခဲ့ပေ။ အကယ်၍ သူက ဝမ်မိသားစု၏ စီးပွားရေးကိစ္စများကို ဝင်မရှုပ်ခဲ့လျှင် သူသည်လည်း ဝမ်ပေါ်ကု အိမ်မှ နှင်ထုတ်ခဲ့မည်မဟုတ်သောကြောင့် ဤသို့သော စိတ်မကောင်းစရာကိစ္စမျိုးဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စတွင် စစ်ကျွင်းတောက်လည်း တာဝန်ရှိသည်ဟု ခံစားနေရသည်။
သို့သော်လည်း အချိန်တိုအတွင်း သူ၏အတွေးက ရယ်စရာကောင်းသည်ဟု ဝမ်စုထင်လိုက်မိသည်။
စစ်ကျွင်းတောက် မရှိလျှင်ပင် သူက ထိုသို့လုပ်မည်သာဖြစ်သည်။ သူက ကျန်းဇီမော့ကို အစတည်းက သဘောမကျခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါ်နှင့် ဆက်ဆံရေးကို ပြတ်တောက်သွားစေရန်အတွက် ဖေးဟန်ကို ကျန်းဇီမော့အားဆွဲဆောင်ခိုင်းခဲ့သည်။ ဤ မတော်တဆမှုက စစ်ကျွင်းတောက်နှင့် ဖေးဟန် နှစ်ယောက်လုံးနှင့် လုံးဝမသက်ဆိုင်ပဲ ကျန်းဇီမော့နှင့်သာဆိုင်သည်။ ထို့ကြောင် သူနှင့် ကျန်းဇီမော့နှစ်ယောက်သာ ပေးဆပ်ရမည်ဖြစ်သည်။
ထို့ကြောင့် စစ်ကျွင်းတောက်လာကြည့်မည်ကို ဝမ်စုသဘောတူခဲ့သည်။ အကြောင်းအရင်းကို မသိသော်လည်း အကယ်၍ ဆရာဝန်ပြောသည့်အတိုင်း ဝမ်ပေါ်က သတိမေ့နေသော်လည်း စကားသံများကို ကြားနိုင်ပါက စစ်ကျွင်းတောက်အသံကိုကြားပြီး တုံ့ပြန်လာနိုင်မည်ဟု တွေးခဲ့မိသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ညီငယ်လေးက ကျန်းဇီမော့ကိုသဘောကျပြီး ကျန်းဇီမော့က စစ်ကျွင်းတောက်ကို သဘောကျသောကြောင့်ပင်။
ဆေးရုံကုတင်ပေါ်တွင်လှဲလျောင်းနေသည့်ဝမ်ပေါ်ကို ဝမ်မင်ယီကြည့်လိုက်မိသည်။ ကျန်းဇီမော့က သူ့ဘယ်ဘက်တွင်ထိုင်နေပြီး လက်မောင်းကိုအဝတ်စိုဖြင့် သုတ်ပေးနေသည်။ မျက်လုံးများပိတ်နေသည့်ဝမ်ပေါ်က အလွန်အေးချမ်းနေသကဲ့သို့ပင်။
ယခုလက်ရှိအချိန်၌ မည်သို့ခံစားနေရသည်ကို ဝမ်မင်ယီ မပြောပြ‌တတ်ပေ။
ဝမ်ပေါ်ကို သူမေးချင်တာကတော့ အချစ်တစ်ခုနဲ့ အသက်တစ်ချောင်းက လဲလှယ်ဖို့ထိုက်တန်ရဲ့လားဆိုတာပဲ ... ကျန်းဇီမော့ကိုရောမုန်းလား ...ကိုယ်တိုင်က ဒါမျိုးကို လိုလားတာလား ...
ကံဆိုးတာတစ်ခုကတော့ သူမေးရင်တောင်မှ ဝမ်ပေါ်က မဖြေနိုင်တော့တာပဲ ...
ဝမ်မင်ယီ မသိမသာ သက်ပြင်းချလိုက်မိသည်။ ဝမ်ပေါ်က အမှန်ပင်သေသွားသည်လားဟု သူမေးချင်နေသည်။ ဗီလိန်များက စကားများသွာမပြောလိုက်ရပဲ တိုက်ရိုက်သေဆုံးသွားသည်က အံ့ဩစရာမဟုတ်တော့သော်လည်း သူက တစ်ဖက်လူကို သူ၏ဝမ်းနည်းခဲ့ရမှုများအတွက် တစ်ခုချင်း ပြန်ပေးဆပ်စေလိုသည်။
" သူ ပြန်ပြီးနိုးလာနိုင်သေးလား ..."
စစ်ကျွင်းတောက် မေးလိုက်သည်။
ဝမ်စုက ဝမ်ပေါ်ကိုတစ်ချက်ကြည့်လိုက်ပြီး အလွန်ပူဆွေးသွားသည့်ပုံပေါ်နေသည်။
ဝမ်စု၏ မျက်နှာပေါ်တွင် အထီးကျန်ဆန်ခြင်းနှင့် ပူဆွေးဝမ်းနည်းမှုတို့ကို မြင်‌လိုက်ရသည်။ ယခုအချိန်၌ သူ၏ပုံက အလွန်သနားစဖွယ်ဖြစ်နေသည်။
ဝမ်စုကဲ့သို့ သူသည်လည်း အစ်ကိုတစ်ယောက်ပင်ဖြစ်သည်။ ဝမ်ပေါ်နှင့်သူ တွေ့စဉ်အချိန်အတော်များများတွင် ဝမ်စုနှင့်လည်း သူတွေ့ခဲ့ဖူးသည်။ သူတို့ တွေ့ဆုံချိန်တိုင်း ဝမ်ပေါ်အလုပ်မလုပ်သည့်အတွက် အမြဲပြစ်တင်နေပြီး။သူ့လေသံက ကူကယ်ရာမဲ့နေသည့်ပုံပင်။
ဝမ်ပေါ်က သူအလုပ်ကြိုးစားရန်မလိုအပ်ကြောင်း။ပြောခဲ့ဖူးသည်။ သူ့မိသားစုတွင် အစ်ကိုကြီးရှိသည့်အတွက် ကုမ္ပဏီကို သူ့ထံလက်လွှဲရမည်က ကံစီမံရာအတိုင်းပင်ဖြစ်သည်။ သူ့အစ်ကိုက အလွန်စွမ်းအားကြီးသည်ဟု ခံစားရသည့်အတွက်သူက ပြဿနာမရှာသည့် ဒုတိယမျိုးဆက်သခင်လေးဖြစ်ရန်သာလိုသည်ဟု တွေးခဲ့မိဖူးသည်။ မည်သို့ပင်ဖြစ်စေ သူ့အစ်ကိုကလည်း သူ့ကို ဆိုးရွားစွာဆက်ဆံနေသည်မဟုတ်ပေ။သို့သော် ယခုအခါ ဝမ်ပေါ်က ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေရပြီး ဝမ်စုက သူ၏အသက်ရှင်သန်နိုင်စွမ်း ထက်ဝက်ခန့် ဆုံးရှုံးသွားသကဲ့သို့ဖြစ်နေသည်။
စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီက ကြာကြာမနေခဲ့ပေ။ ဆေးရုံခန်းအတွင်းမှလေထူက အလွန်လေးလံနေသည်။ သို့ရာတွင် စစ်ကျွင်းတောက်က နှစ်သိမ့်သည့်စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ ဝမ်စုကို စကားအနည်းငယ်ပြောပြီးသည့်နောက် ဝမ်မင်ယီနှင့်တူတူထွက်လာခဲ့သည်။
ဝမ်ပေါ် အမှန်ပင် မနိုးလာတော့ကြောင်းကို ဝမ်မင်ယီ သေချာချင်နေခြင်းဖြစ်ရာ ယခု သူကိုယ်တိုင်မြင်လိုက်ရ၍ စိတ်အေးသွားပြီဖြစ်သည်။ သူက စစ်ကျွင်းတောက်၏နောက်မှလိုက်ပြီး အပြင်ထွက်လာသည်။ တံခါးပိတ်ခါနီးအချိန်တွင် ဝမ်စုက ဝမ်ပေါ်၏ကုတင်ဘေးတွင်ရပ်ကာ ဝမ်ပေါ်ကို ပူနွေးဝမ်းနည်းကာ အပြစ်မကင်းသောပုံဖြင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထိုအချိန်၌ သူသေဆုံးပြီးချိန်က စစ်ကျွင်းတောက်ကို သတိရသွားမိသည်။ စစ်ကျွင်းတောက်သည်လည်း သူ့ကို ထိုသို့ပင်ကြည့်ခဲ့သည်။ သူက ဝမ်းနည်း၍ ကူကယ်ရာမဲ့နေပြီး အပြစ်ရှိသလိုပင် ခံစားခဲ့ရသည်။
အမှန်တွင် ဝမ်စုက မိမိကိုယ်ကို အပြစ်တင်နေရန် မလိုအပ်ပေ။
ယခင်ဘဝက ဝမ်မင်ယီသေဆုံးပြီးနောက်တွင် ဝမ်ပေါ်က ဝမ်မိသားစုတစ်ခုလုံး၏ အင်အားကို အသုံးပြုပြီး ကျန်းဇီမော့ကို ကာကွယ်ပေးခဲ့သည်။
ဝမ်စုက စစ်ကျွင်းတောက်နှင့် မတိုက်ခိုက်လိုသည့်အပြင် ကျန်းဇီမော့က အပြစ်ကင်းကြောင်းလည်း မယုံကြည်ခဲ့ပေ။ သူသည်လည်း ကျန်းဇီမော့ကို ထောင်ထဲပို့ချင်ခဲ့သည်။ ကျန်းဇီမော့ ထောင်ထဲရောက်သွားပါက ဝမ်ပေါ်နှင့် လမ်းခွဲပြီးသားဖြစ်သွားလိမ့်မည်။
သူ့ညီလေးက အပြင်လူတစ်ယောက်ကို ကူညီပေးနေသည်ကို ဝမ်စု နားမလည်နိုင်ပေ။ ကျန်းဇီမော့ကိုကယ်တင်ရန်အတွက် ဝမ်ပေါ်က အခြားလူများနှင့်ပူးပေါင်းကာ သူ့ကိုကျဉ်းထဲကျပ်ထဲရောက်အောင်ပြုလုပ်ခဲ့သည့်အပြင် ဝမ်မိသားစု၏ ခေါင်းဆောင်အသစ်ဖြစ်လာခဲ့သည်။
ကျန်းဇီမော့ကဲ့သို့ လူတစ်ယောက်အတွက် သူ့ညီအရင်းက သူ့ကိုထောင်ထဲပို့ရန်ကြံခဲ့သည်ကို ဝမ်စုံမယုံကြည်နိုင်ခဲ့ပေ။ ထို့အပြင်သူ့မိဘများကလည်း ကျန်းဇီမော့ကို လက်ခံပေးခဲ့သည်။ ဝမ်စုလည်း သူကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်သွားသည့်အတွက် အခြားမြို့တစ်မြို့သို့သွားရောက်ပြီး လုပ်ငန်းသစ်တစ်ခု ထူထောင်လိုက်သည်။
သူ လေယာဉ်ပေါ်မတက်မီက ဝမ်ပေါ်က သူ့ဆီရောက်လာပြီး ခွင့်လွှတ်ရန် တောင်းပန်ခဲ့သည်။ သူ့ချစ်သူကို ကာကွယ်ရန်မှလွဲ၍ တခြားနည်းလမ်းမရှိခဲ့ကြောင်းပြောပြခဲ့ပြီး ဝမ်စုကိုအရှက်မခွဲစေချင်ခဲ့ပေ။
သူ့ကိုကြည့်နေသော ဝမ်စု၏မျက်လုံးများက အေးစက်နေသည်။
" ငါ့ကို အစ်ကိုလို့မခေါ်နဲ့ ... မင်းနဲ့ မထိုက်တန်ဘူး ..."
ဝမ်မင်ယီက ထိုအချိန်ကာလများကို အမှတ်ရနေဆဲဖြစ်သဖြင့် သက်ပြင်းချလိုက်မိသည်။ ဝမ်စု၏ စကားများကိုကြားပြီးနောက် သူ့ရင်ထဲတွင် စိတ်မကောင်းဖြစ်လာမိသည်။ သူနှင့်စစ်ကျွင်းတောက် မသင့်မြတ်စဉ်အချိန်ကပင် " ငါ့ကို အစ်ကိုလို့မခေါ်နဲ့ " ဟု မပြောခဲ့ဖူးပေ။
" အစ်ကို အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး ..."
ဝမ်မင်ယီ သည်းမခံနိုင်တော့ပဲ တံခါးဖွင့်ကာ အခန်းထဲပြန်ဝင်သွားပြီးပြောလိုက်သည်။
ဝမ်စုထံသို့လျှောက်သွားပြီး သူ့မျက်လုံးများကိုစိုက်ကြည့်ကာ ဖြေးညှင်းစွာပြောလိုက်သည်။
" ကျွန်တော့ကောကောနဲ့ ရန်ဖြစ်တုန်းက ကျွန်တော်လည်း မတော်တဆမှုဖြစ်ပြီး ဒီမှာလှဲနေခဲ့ရဖူးတယ် ... ကောကောကို ကျွန်တော့်ရဲ့ယာဉ်တိုက်မှုအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်စေချင်ခဲ့ဘူး ..."
ဝမ်စုကိုကြည့်လိုက်ချိန်တွင် သူ၏အလောင်းရှေ့တွင် မတ်တပ်ရပ်နေခဲ့သည့် စစ်ကျွင်းတောက်ကို မြင်ယောင်လာခဲ့သည်။
" သူနဲ့ အ‌ဆင်မပြေနိုင်ခဲ့လိုပဲ ကျွန်တော် နောင်တရခဲ့မိတယ် ... ဒါပေမဲ့သူ့ကို အပြစ်မတင်ခဲ့ဘူး ... သူနဲ့သက်ဆိုင်တယ်လို့လည်း မတွေးခဲ့မိဘူး ..."
" ဝမ်ပေါ်နဲ့ကျွန်တော်က ညီလေးတွေပဲ ... ဒီလိုဆိုရင် သူ့အတွေးကလည်း ကျွန်တော်နဲ့တူတူပဲနေမယ် ..."
သူက နူးညံ့စွာပြောလိုက်သည်။ ဝမ်စုက‌သူ့ကို နွေးထွေးစွာကြည့်နေသည်။ယခုအချိန်ထိ လူအတော်များများက သူ့ကိုထိုစကားများ ပြောခဲ့သည်။ ဖေးဟန်နှင့် ဝမ်ပေါ်၏ သူငယ်ချင်းများကလည်း တူညီသော စကားများပင်ပြောခဲ့သည်။ သို့သော် ဝင်မင်ယီက ထိုစကားများကို ညီငယ်တစ်ယောက်အနေဖြင့် နှလုံးသားထဲမှ ခံစားကာပြောနေခြင်းဖြစ်သည်။
ဝမ်စု စိတ်ထဲတွင် ခေါင်းခါလိုက်မိသည်။ ထိုစကားများကြားလိုက်ရချိန်တွင် သူ၏ အပြစ်များ အနည်းငယ်သက်သာရာရသွားသည်ဟု ထင်လိုက်မိသည်။
သူက မည်သူတစ်ဦးတစ်ယောက်၏ ခွင့်လွှတ်မှု၊ နှစ်သိမ့်မှုများမလိုအပ်ပဲ သူ့ညီလေးကိုသာ သတိပြန်ရလာစေခြင်းဖြစ်သည်။ယခု သူ့ညီက သတိမရသေးသော်လည်း အခြားတစ်ယောက်သူ့ညီနေရာမှဝင်ပြီး သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ ဝမ်စု၏နှလုံးသားကို နူးညံ့စွာကိုင်တွယ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ့ရှေ့က လူငယ်လေးကို ကြည့်လိုက်သည့်အခါ သူ၏မျက်ဝန်းထဲတွင် ရိုးသားမှုနှင့် အမြော်အမြင်ရှိမှုတို့ကို တွေ့လိုက်ရသည်။ အချိန်အတန်ကြာပြီးနောက် သူ တိုးညင်းစွာပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ..."
" ရပါတယ် ... အစကနေအဆုံးအထိ အစ်ကိုက မမှားခဲ့ဘူးလေ ..."
ယခင်ဘဝတွင်ဖြစ်စေ ယခုလက်ရှိဘဝတွင်ဖြစ်စေ အစ်ကိုကြီးဖြစ်သည့် ဝမ်စုက ဝမ်ပေါ်၏အပေါ်တွင် အမှားမလုပ်ခဲ့ပေ။ အမြဲတမ်းမှားနေခဲ့သည်က ဝမ်ပေါ်သာဖြစ်သည်။
ဆေးရုံထဲမှ ထွက်လာသည့်အခါ ဝမ်မင်ယီက စစ်ကျွင်းတောက်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
သူသေဆုံးပြီးသည့်နောက် စစ်ကျွင်းတောက်က သူ့ကိုယ်သူအပြစ်တင်ခဲ့သည်ကို တွေးမိသွားသည်။ ထိုအချိန်က ကျန်းဇီမော့နှင့် ကင်းရှင်းစွာမနေခဲ့သည့် စစ်ကျွင်းတောက်ကို အပြစ်တင်လိုခဲ့သော်လည်း သူ့ကိုယ်သူပို၍ အပြစ်တင်ခဲ့မိသည်။ ၎င်းက စစ်ကျွင်းတောက်၏အမှားမဟုတ်သည့်အပြင် သူ၏နောင်တနှင့် အပြစ်တင်ခြင်းများကိုလည်း သူမလိုချင်ခဲ့ပေ။ စစ်ကျွင်းတောက်ကို သူ့အတွက် လက်စားမချေပေးပဲ ဘဝတွင်ပျော်ရွှင်စွာစာ နေထိုင်စေချင်ခဲ့သည်။
" ဝမ်ပေါ်ယာဉ်တိုက်မှုဖြစ်တာ ကြားတုန်းက ကျွန်တော်ပျော်သွားခဲ့မိတယ် ..."
ဝမ်မင်ယီ တီးတိုးပြောလိုက်သည်။
စစ်ကျွင်းတောက် ဝမ်မင်ယီကိုကြည့်လိုက်သည့်အခါ သူကခေါင်းငုံ့ထားသဖြင့် သေသေချာချာမမြင်ရပေ။
" ဒါပေမဲ့ သူသတိမရလာတာ မဖြစ်သင့်ဘူးလို့ တွေးနေမိတယ် ... တကယ်လို့ သူသတိမရလာရင်တော့ သူဘဝကြီးက အေးချမ်းသွားမှာ သူ့အစ်ကိုကတော့ တစ်ဘဝလုံး အပြစ်ရှိတဲ့စိတ်ကြီးနဲ့ နေသွားရတော့မယ် ..."
ထိုစကားများကြားသည့်အခါ စစ်ကျွင်းတောက်၏ရင်ထဲ တုန်လှုပ်သွားသည်။ ဝမ်မင်ယီ့ကို အနီးမှ အခန်းတစ်ခုထဲခေါ်သွားပြီး တံခါးပိတ်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
အခန်းထဲမှ လေထုက အလွန်းသိပ်သည်းလှသည်။
ဝမ်မင်ယီ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးနေမိတယ် ... ဒီနေ့ ကုတင်ပေါ်မှာလှဲနေတာ ဝမ်မင်ယီသာဖြစ်ခဲ့ရင် ...
ဝမ်မင်ယီကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူ၏ပါးပြင်နှင့် နားရွက်များကို အနမ်းခြွေနေမိသည်။
ဝမ်မင်ယီကလည်း သူ၏အတွေးကိုသိနေသည့်အလား နာခံစွာဖြင့် သူ၏အနမ်းများကို တုံ့ပြန်နေခဲ့သည်။ ထို့နောက် သူကိုယ်တိုင်က လက်ဦးမှုယူပြီး နှုတ်ခမ်းများကို စတင်နမ်းတော့သည်။
" ကျွန်တော် အဆင်ပြေနေတာပဲလေ ... အရမ်းစိတ်မပူပါနဲ့ ကျွန်တော်တကယ်အဆင်ပြေတယ် ..."
သူက နူးညံ့စွာပြောလိုက်သည်။
ကမ္ဘာပေါ်တွင် သူအချစ်ရဆုံးလူဖြစ်သည့် စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။ သူကပြုံးပြလိုက်ပြီး စစ်ကျွင်းတောက်၏ နဖူးပြင်ကိုနမ်းလိုက်သည်။
" ကျွန်တေိာအဆင်ပြေပါတယ် ... ကျွန်တော် ကောကောကို အရမ်းချစ်လွန်းလို့ တစ်ယောက်တည်း။ထားခဲ့ပြီး ထွက်သွားမှာမဟုတ်ဘူး ..."
စစ်ကျွင်းတောက်က သူ့ကို ရင်ခွင်ထဲတွင် ဖျစ်ညှစ်ထားလိုက်မိသည်။
" ကိုယ်မင်းကိုချစ်တယ် ..."
ပထမဆုံးအနေဖြင့် သူက အချစ်ဟူသည့် စကားလုံးကို သုံးခဲ့သည်။ ဝမ်မင်ယီကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး နူးညံ့ညင်သာစွာပြောလိုက်သည်။
" ကိုယ်မင်းကိုချစ်တယ် မင်မင် ..."