အပိုင်း ၁၀၇
Viewers 12k

ဆေးရုံမှ ပြန်လာပြီးနောက် သူတို့နှစ်ယောက်၏ရင်ထဲတွင် လေးလံနေခဲ့သည်။ ဝမ်မင်ယီကလည်း အတိတ်ဘဝမှစစ်ကျွင်းတောက်ကိုသာ စဉ်းစားနေမိပြီး စစ်ကျွင်းတောက်ကလည်း ဝမ်မင်ယီအပေါ်တွင် ထိုသို့သောကိစ္စမျိုးဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။
ထိုသို့သော စိတ်ခံစားချက်များ၏လွှမ်းမိုးမှုအောက်ကြောင့် ညဘက်အိပ်ရာဝင်သည့်အခါ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်တင်းကြပ်စွာ ဖက်ထားမိပြီး ပြင်းရှသည့်အနမ်းများ ပေးနေမိကြသည်။ စစ်ကျွင်းတောက်က သူ့ခန္ဓာကိုယ်ကိုဖက်၍ အနမ်းများခြွေနေပြီး တစ်ချိန်တည်းမှာပင် လက်များကိုလည်း လှုပ်ရှားနေမိသည်။ ပထမဆုံးအကြိမ်အဖြစ် သူ လုံလောက်မှုမရှိဟု ခံစားလာရသည်။ သူ ဝမ်မင်ယီကို အမှန်တကယ်ပိုင်ဆိုင်ချင်သည်။ ဝမ်မင်ယီနှင့် တစ်သားတည်းဖြစ်လိုပြီး သူ့ရင်ခွင်ထဲ၌ပင် ဝမ်မင်ယီကို ချုပ်နှောင်ထားချင်သည်အထိ သူ့ကိုအပြည့်အဝပိုင်ဆိုင်လိုသည်။
သူ၏အနမ်းများ ပိုပြင်းထန်လာပြီး ဝမ်မင်ယီ၏ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုပြီးတစ်ခု ချန်ထားမိသည်။
ခဏအကြာတွင် စစ်ကျွင်းတောက်က မီးဖွင့်ကြည့်လိုက်သည့်အခါ ဝမ်မင်ယီ၏ ပခုံးနှင့် လည်ပင်းတို့တွင် အနီရောင် အမှတ်အသားများကို မြင်လိုက်ရသည်။
" အရမ်းနာသွားလား ..."
စစ်ကျွင်းတောက်က သူ့ပခုံးပေါ်မှ အမှတ်အသားတစ်ခုကိုထိလိုက်သည်။
ဝမ်မင်ယီက ခေါင်းခါပြီး သူ့ရင်ခွင်ထဲကိုမှီကာ ပြောလိုက်သည်။
" မနာပါဘူး ..."
စစ်ကျွင်းတောက် မလုံမလဲဖြစ်သွားမိသည်။
" ကိုယ် ဒီနေ့ အရမ်းစိတ်လှုပ်ရှားနေလို့ပါ ... နောက်တစ်ခါဆို အာရုံစိုက်ပါ့မယ် ..."
ဝမ်မင်ယီ ခေါင်းမော့ပြီး သူ့မေးစေ့ကို နမ်းလိုက်ကာ မေးလ်ုက်သည်။
" ဘာကို အာရုံစိုက်မလို့လဲ ... အမှတ်အသားတွေ မချန်ထားဖို့လား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
၎င်းကို မလိုအပ်ဟု ဝမ်မင်ယီထင်လိုက်မိသည်။
" ကျွန်တော်အခု လောလောဆယ် ရိုက်ကူးရေးလုပ်နေတာမှ မဟုတ်တာ တခြားလူတွေ မမြင်နိုင်ပါဘူး ရပါတယ် ..."
" ပြီးတော့ ..."
ဝမ်မင်ယီ စစ်ကျွင်းတောက်ကိုကြည့်ပြီး မကြားတကြားပြောလိုက်သည်။
" ကျွန်တော့်ကိုယ်ပေါ်မှာ အမှတ်အသား မချန်ထားချင်ဘူးလား ..."
သူ ခေါင်းမော့ပြီး စစ်ကျွင်းတောက်၏ နားရွက်ကိုနမ်းပြီး တီးတိုးပြောလိုက်သည်။
" ကျွန်တော် အဲ့ဒါကို တကယ်သဘောကျတယ် ..."
ကျီစယ်ခြင်းခံလိုက်ရသည့် စစ်ကျွင်းတောက်မှာ တစ်ဖက်သို့လှည့်ကာ သူ့ရင်ခွင်ထဲမှကောင်လေး၏ နှုတ်ခမ်းကို နမ်းလိုက်သည်။
ဝမ်မင်ယီ ရယ်လိုက်မိသည်။ စစ်ကျွင်းတောက်က ပုံမှန်အချိန်တွင် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်သူတစ်ယောက်ဖြစ်သည်။ သို့ရာတွင် စိတ်ခံစားချက်များအလွန်ပြင်းထန်နေချိန်တွင် တုံ့ပြန်မှုက ကျိုးကြောင်းဆီလျော်မှုကို အနိုင်ယူသွားတတ်သည်။ စစ်ကျွင်းတောက်၏ ထိုအပိုင်းကို သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်ခြင်းဖြစ်သည်။
ယခင်ဘဝမှ ယခုဘဝအထိ သူက စစ်ကျွင်းတောက်၏ အနှစ်သက်ဆုံးလူဖြစ်သည်။
စစ်ကျွင်းတောက်ကို မော့ကြည့်လိုက်ပြီး နူးညံ့သောအသံတစ်ခုဖြင့် ပြောလိုက်သည်။
" ကျွန်တောအရင်တုန်းက ကောင်းတဲ့ကိစ္စတွေအများကြီး လုပ်ခဲ့မိတယ်ထင်တယ် အဲ့ဒါကြောင့် ကောကောနဲ့တွေ့ရတာ ... "
စစ်ကျွင်းတောက်ပြုံးမိသွားပြီး သူ့ပါးကိုလိမ်ဆွဲကာ ရင်ခွင်ထဲတွင် ဖက်ထားလိုက်မိသည်။
" ကောင်းတဲ့ကိစ္စတွေလုပ်ခဲ့မိတာ ကိုယ်ပဲနေမှာပါ ... မဟုတ်ရင် ကိုယ်ငယ်ငယ်လေးတည်းက မင်းကိုတွေ့မှာ မဟုတ်ဘူး ..."
ဝမ်မင်ယီလည်းပြုံးပြ၍ သူ့ကိုပြန်ဖက်ထားလိုက်ပြီး သူနှင့် စကားစမြည်ပြောနေသည်။
ဝမ်မင်ယီ အိပ်ငိုက်လာသည့်အခါ စစ်ကျွင်းတောက်လည်း သူ့အကျင့်အရ ဖုန်းမှအချိန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းမီးကို မပိတ်ပဲထားလိုက်သည်။
" မီးမပိတ်သေးဘူးလား ..."
ဝမ်မင်ယီက သူ့ကိုမေးလိုက်သည်။
စစ်ကျွင်းတောက် သူ့ကိုကြည့်ပြီး ဖုန်းကိုလက်ထဲထည့်လိုက်သည်။ ဝမ်မင်ယီက ယူကြည့်လိုက်သည့်အခါ အချိန်က ၁၂နာရီ ၂၄မိနစ် ရှိနေပြီဖြစ်သည်။
ဝမ်မင်ယီ ထိတ်လန့်သွားသည်။
" ၁၂နာရီကျော်နေပြီလေ ..."
" ဟုတ်တယ် ..."
" ဒါပေမဲ့ ကျွန်တော် ကြောင်နဲ့ခွေးပုံလည်းမပြောင်းသွားဘူး ..."
သူ နားမလည်နိုင်ပေ။
စစ်ကျွင်းတောက်လည်း မရှင်းမလင်းဖြစ်နေသည်။
" အချိန်က ထပ်ပြောင်းသွားတာများလား ..."
ထို့နောက် သူအိပ်ရာပေါ်မှ ထလာပြီး ကင်မရာကို night mode onထားလိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။
" အရင် အိပ်ရာဝင်ကြတာပေါ့ ... ကိုယ် ကင်မရာဖွင့်ထားလိုက်တယ် မနက်မှ ပြန်ကြည့်ကြတာပေါ့ ..."
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့စိတ်ထဲတွင်လည်း သိချင်မှုများဖြင့် ပြည့်နေသည်။
ထိုညက စစ်ကျွင်းတောက် အိမ်မက်တစ်ခုမက်သည်။
❗ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့စာပိုဒ်တွေက အိမ်မက် မက်နေတာပါ အဲ့တာကြောင့် တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိသလိုလည်း ဖြစ်သွားနိုင်ပါတယ် ❗
( အချိန်များ နောက်ပြန်ရောက်သွားပြီး ဝမ်မင်ယီ ကကောလိပ်ပထမနှစ်တက်သည့်အချိန်သို့ ပြန်ရောက်သွားခဲ့သည်။ ဝမ်မင်ယီက သူ့ကိုကြည့်ပြီး ထေ့ငေါ့သောစကားများကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြောခဲ့သည်။ )
(စစ်ကျွင်းတောက်က သူ့စကားများကြောင့် အကြိမ်ပေါင်းများစွာ နာကျင်ခဲ့ပြီး ဝမ်းနည်းခဲ့ရသည်။ )
( မကြာမီ ဝမ်မင်ယီက တံခါးဘဲလ်ကိုတီးပြီး သူ့အိမ်တွင် လာနေသည့် မြင်ကွင်းကို တွေ့လိုက်ရပြန်သည်။ ထို့နောက် သူနှင့် စကားအချေအတင်များပြီး အိမ်ပြောင်းနေတော့မည်ဟုဆိုတာ အိမ်တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားသည်။ )
( ထိုအခါမှ သူနှင့် ဝမ်မင်ယီမကြာမီ ပြန်အဆင်ပြေတော့မည်ကိုသိ၍ စိတ်အေးသွားသည်။ ‌သို့ရာတွင် သူ အလုပ်မှပြန်လာသည့်အခါ သူထင်ခဲ့သည့်အတိုင်း ဝမ်မင်ယီက သူ့ကိုပြေးမဖက်ပဲ သူမှားခဲ့ကြောင်းလည်း မပြောသည့်အပြင် သူတို့နှစ်ယောက် ထပ်မံရန်ဖြစ်ကြသည်။ )
( စစ်ကျွင်းတောက် ဤပြဿနာကို သိချင်မိလာသည်။ ၎င်းက ထိုသို့ဖြစ်ရမည် မဟုတ်ပေ။ )
( ဝမ်မင်ယီက အိမ်တံခါးကိုဆောင့်ပိတ်၍ ထွက်သွားသည်ကိုကြည့်ပြီး ကျန်းဇီမော့နှင့်အတူ ရုပ်ရှင်ကြည့်ရန် ထွက်သွားခဲ့သည်။ ဝမ်မင်ယီက ထွက်သွားပြီးနောက်ပိုင်းတွင်‌ ကြောင်အဖြစ်ပြောင်းသွားမည်ကိုစိုးရိမ်၍ ထိတ်ထိတ်ပြာပြာဖြစ်နေသည်။ အရာအားလုံးက သူမှတ်မိထားသည်နှင့် အဘယ့်ကြောင့် ကွာခြားနေကြောင်း နားမလည်နိုင်ပေ။ သူ့စိတ်ထဲတွင် ဝမ်မင်ယီ မည်သည့်နေရာသို့ ရောက်နေသည်ဟူသော ‌အတွေးဖြင့်သာ ပြည့်နေခဲ့သည်။ )
( မကြာမီ ဝမ်မင်ယီက ခရီးဆောင်အိတ်တစ်လုံးကိုဆွဲကာ အိမ်မှ ထွက်ပြေးရန်လုပ်နေသည်ကို မြင်ခဲ့သည်။ )( ထိုမြင်ကွင်းကြောင့် သူအလွန်ဒေါသထွက်နေခဲ့သဖြင့် ထွက်သွားတော့မည့် ဝမ်မင်ယီကို မတားမြစ်ခဲ့ပေ။ ဝမ်မင်ယီက သူ့မြင်ကွင်းထဲမှ ထွက်သွားခဲ့ပြန်သည်။ )
( ထိုကိစ္စက လုံးဝမဖြစ်သင့်ဟု သူတွေးနေခဲ့မိသည်။ ထိုအချိန်တွင် သူတို့ဆက်ဆံရေးက တဖြည်းဖြည်း တည်ငြိမ်လာရမည်သာဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှ ဝမ်မင်ယီက ဘာလို့ထွက်သွားချင်ရတာလဲ ... သူ ညဘက်ကျမှ ကြောင် သို့မဟုတ် ခွေးတစ်ကောင်ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ...)
( သို့ရာတွင် ဝမ်မင်ယီက နောက်သို့ ပြန်မလှည့်လာခဲ့ပေ။ )
( စစ်ကျွင်းတောက် သူ့ကိုယ်သူ ပြန်ကြည့်နေမိသည်။ သူ့ပုံစံက ကူကယ်ရာမဲ့ကာ နွမ်းလျနေသည့်ပုံပေါ်သည်။ )
( ကျန်းဇီမော့က ထပ်ပေါ်လာပြီး ပင်ပန်းနေသည့်သူ့ကို နှစ်သိမ့်ပေးနေခဲ့ပြီး ဝမ်မင်ယီကြောင့် ဝမ်းမနည်းရန် ပြောခဲ့သည်။ ထို့နောက် ဝမ်မင်ယီက သူ့ရှ့တွင် ထပ်ပေါ်လာပြီ ကျန်းဇီမော့က လူကောင်းမဟုတ်သည့်အတွက် သူနှင့် ကင်းရှင်းအောင်နေရန် ပြောခဲ့သည်။ )
( သူတို့နှစ်ယောက်ကြားမှ ဝိရောဓိဖြစ်မှုကို ညှိယူရန်ကြိုးစားကြည့်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ကျန်းဇီမော့နှင့် အဆက်အသွယ်ဖြတ်ခဲ့သော်လည်း ဝမ်မင်ယီက မပျော်မရွှင်ဖြစ်နေဆဲဖြစ်ပြီး သူ့ကိုလျစ်လျူရှု့ထားခဲ့သည်။ )
( ဝမ်မင်ယီ့နောက်သို့ သူအချိန်တစ်ခုအထိလိုက်ခဲ့ပြီး ကြာရှည်နေသည့် မသင့်မြတ်မှုများကို ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း ဝမ်မင်ယီက သူ့ကိုရွံရှာစက်ဆုပ်သည့် မျက်လုံးများဖြင့်ကြည့်မည်ကို ကြောက်ရွံ့နေခဲ့မိသည်။ )
( သူအလွန်ပင်ပန်းခဲ့ရသည်။ ကျန်းဇီမော့နှင့် အဆကိအသွယ်ဖြတ်ခဲ့သော်လည်း သူက စစ်ကျွင်းတောက်ကို ကောင်းမွန်ကြင်နာစွာ ဆက်ဆံဆဲဖြစ်သဖြင့် ကျန်းဇီမော့နှင့် နောက်တစ်ကြိမ် သူငယ်ချင်းဖြစ်ခဲ့ပြန်သည်။ )
( ကျန်းဇီမော့ထံတွင် သူ၏အရိပ်ကို သူပြန်မြင်နေရသဖြင့် သူ၏ပင်ပန်းနွမ်းနယ်မှုများကြောင့် ကျန်းဇီမော့အတွက်လည်း ခက်ခဲလိမ့်မည်ကို သိခဲ့ရသည်။ )
( သို့ရာတွင် ကျန်းဇီမော့နှင့် အဆင်ပြေသွားပြီး မကြာမီ ဝမ်မင်ယီက ထပ်ပေါ်လာခဲ့ပြီး သူ၏ယခင်စကားများအတိုင်းသာ ကျန်းဇီမော့ကို အဆက်အသွယ်ဖြတ်ရန်ပြောခဲ့သော်လည်း သူလက်မခံနိုင်တော့ပေ။ )
( သူက ဝမ်မင်ယီ၏ တောင်းဆိုချက်များကိုငြင်းပယ်ကာ သူနှင့် သူ့ သူငယ်ချင်းများကြားတွင် ဝင်နှောင့်ယှက်သည့်အတွက် ရှုတ်ချခဲ့မိသည်။ )
( ဝမ်မင်ယီက မယုံကြည်နိုင်သေးပဲ သူ့ရှေ့တွင်ပင် ကျန်းဇီမော့နှင့် ရန်ဖြစ်ရန်ပြင်ခဲ့သည်။ )
( စစ်ကျွင်းတောက်က သူ့လက်မောင်းကို ဖမ်းဆွဲထားလိုက်ပြီး သူ့မျက်လုံးများထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နေသည်။
" ငါ မင်းကို အဲ့လို သင်ပေးခဲ့တာလား ..." )
( ဝမ်မင်ယီ အံ့အားသင့်သွားပြီး မရုန်းကန်တော့‌ပဲ သူ့မေးခွန်းကို မဖြေကာ ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် ပြန်ပြောခဲ့သည်။
" သူ့ကို ကာကွယ်ပေးနေတာလား ..."
( ဝမ်မင်ယီ မယုံကြည်နိုင်ဖြစ်သွားသည်။
" စစ်ကျွင်းတောက် ကျွန်တော့်ရှေ့မှာ သူ့ကိုကာကွယ်ပေးနေတာလား...)
( စစ်ကျွင်းတောက် သူ့စကားများကို နားထောင်ကာ ပူဆွေးမှုနှင့် ခေါင်းမာမှုများပြည့်နေသည့် မျက်ဝန်းများကိုကြည့်လိုက်သည်။ ဝမ်မင်ယီ ငိုတော့မည်စိုး၍ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့မိသည်။ )
( သို့ရာတွင် ဝမ်မင်ယီက မငိုခဲ့ပဲ သူကိုင်ထားသည့်လက်ကို ရုန်းပြီး ပြန်ထွက်သွားသည်။ )
( စစ်ကျွင်းတောက် သူ့နောက်မှလိုက်ကာ သူ့ကိုဖက်ထားပြီး နှစ်သိမ့်ပေးခဲ့ချင်သော်လည်း မလှုပ်ရှားနိုင်ခဲ့ပေ။ )
(ကျန်းဇီမော့က နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
" သူက တမင်လုပ်တာမဟုတ်ပါဘူး ...")
( စစ်ကျွင်းတောက် ရွံရှာစက်ဆုပ်လာသဖြင့် ကျန်းဇီမော့ကို သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားစေချင်လာသည်။ သူ့ကို တွန်းထုတ်ပြီး ဝမ်မင်ယီ၏နောက်ကို ပြေးလိုက်သွားချင်နေမိသည်။ )
( မင်းဘာလုပ်နေတာလဲ ... သူငိုတော့မှာကို မင်းမမြင်ဘူးလား ...)( သူ၏ခံစားချက်များက အိမ်မက်ထဲမှ စစ်ကျွင်းတောက်ထံသို့ ရောက်သွားသည့်ပုံပင်။ စစ်ကျွင်းတောက်က ဝမ်မင်ယီကို အော်ခေါ်ပြီး သူ့နောက်မှလိုက်သွားသည်။ )
( ဝမ်မင်ယီက သူ့ကို ပြန်မဖြေခဲ့ပေ။ စစ်ကျွင်းတောက်က ဝမ်မင်ယီ ငှားနေသည့်အိမ်ကိုလိုက်သွားကာ အိမ်ရှေ့တွင် အချိန်အတော်ကြာသည်အထိ ထိုင်စောင့်နေခဲ့သည်။ )
( ဝမ်မင်ယီ အရက်မူးနေသည်ဟု သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ခေါ်၍ သူပို့ပေးသည့် လိပ်စာအတိုင်း ဘားကိုလိုက်သွားခဲ့သည်။ )
( ဘားကိုရောက်သည့်အခါ ဝမ်မင်ယီကို တက္ကစီပေါ်တင်ပြီးနောက် ဒရိုင်ဘာကို အိမ်လိပ်စာပေးလိုက်သည်။ )
( ဝမ်မင်ယီက အရက်မူးနေပြီး သူ့ကိုမမှတ်မိနိုင်သည်အထိ ဖြစ်နေသော်လည်း နူးညံ့စွာခေါ်လိုက်သည်။
" ကောကော ...")
( အိမ်မက်ထဲမှ စစ်ကျွင်းတောက်၏ပုံရိပ်တွင် ထိတ်လန့်မှုနှ့် ပျော်ရွှင်မှုများကို မြင်လိုက်ရသည်။ ဝမ်မင်ယီက သူ့ကို ကောကောဟု မခေါ်တော့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဝမ်မင်ယီကို ကြည့်နေပြီး သူ့နားသူ မယုံနိုင်ဖြစ်နေသည်။ သို့ရာတွင် ဝမ်မင်ယီက သူ့ကိုကောကောဟုသာ ဆက်တိုက်ခေါ်နေသည်။ )
( သူက ဝမ်မင်ယီကို ရင်ခွင်ထဲတွင် ခပ်တင်းတင်း ဖက်ထားလိုက်သည်။ )
( ဝမ်မင်ယီ မည်သို့သောကိစ္စများလုပ်ခဲ့ပါစေ သူ့ကိုကောကောဟုခေါ်ကာ သူ့ထံသို့ ပြန်လာနေသရွေ့ ဝမ်မင်ယီကို သူအမြဲတမ်း ခွင့်လွှတ်ပေးနိုင်သည်။ )
( သူက ဝမ်မင်ယီကို အမြဲအလျှော့ပေးလိုစိတ်ရှ်ိသည်။ သူတို့နှစ်ဦးကြား စကားအချေအတင်ဖြစ်တိုင်း ဝမ်မင်ယီကို သူအမြဲတမ်းအလျှော့ပေးသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကျွင်းတောက်ကသူ့ဘဝတစ်လျှောက်လုံးတွင် ဝမ်မင်ယီကို စိတ်အနှောင့်အယှက် ဖြစ်သည်ဟု တစ်ကြိမ်မှ မတွေးခဲ့ပဲ သူ၏စိတ်ရှည်သည်းခံမှုများကို သူ့ရှေ့မှလူကိုသာ ပေးအပ်ထားခဲ့သည်။ )
( ဝမ်မင်ယီက သူ၏တုံ့ပြန်ချက်ကိုကြားသည့်အခါ မျက်လုံးများ နီရဲသွားသည်။ စစ်ကျွင်းတောက်ကိုကြည့်နေသော မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နေသည်။ လက်မြှောက်ပြီး စစ်ကျွင်းတောက်၏ ပခုံးကိုလက်ဖြင့်ရိုက်နေသည်။
( စစ်ကျွင်းတောက်က သူ့လက်ကိုဖမ်းဆွဲထားလိုက်ချိန်တွင် ဝမ်မင်ယီ၏အော်သံကိုကြားလိုက်ရသည်။
" သူ့ကို ကာကွယ်ပေးတယ်ပေါ့ ... ကျွန်တော့်ရှေ့မှာ သူ့ကိုကာကွယ်ပေးရဲတယ်ပေါ့ ...")
( အရက်၏ လွှမ်းမိုးမှုကြောင့် ဝမ်မင်ယီ၏ရင်ထဲမှ ဝမ်းနည်းမှုများက ပေါက်ကွဲလုမတတ်ဖြစ်လာသည်။
" ကျွန်တော့်ကိုတားပြီး သူ့ကိုကာကွယ်ပေးရက်တယ်ပေါ့ ...")
( ဝမ်မင်ယီပြောနေလျက် မျက်ရည်များစီးကျလာသည်။
" ကျွန်တော်က ခင်ဗျားအတွက် အရေးကြီးဆုံးလူ မဟုတ်တော့ဘူးလား ... ကျွန်တော့်ကို အချိန်တိုင်းကာကွယ်ပေးခဲ့ပြီး ဘာလို့အခုမှ သူ့ဘက်ကပြောပေးနေတာလဲ ... ဘာလို့လဲ ...")
( စစ်ကျွင်းတောက် ဝမ်းနည်းသွားမိသည်။ ဝမ်မင်ယီကို သူ့ရင်ခွင်ထဲဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
" ကိုယ့်အမှားပါ မငိုပါနဲ့ ... ကိုယ် တောင်းပန်ပါတယ်နော် ..." )
( " ခင်ဗျားက သူ့ကိုကာကွယ်ပေးချင်နေတာလေ ..."
ဝမ်မင်ယီက သူ့ကိုအထင်လွဲနေသည်။ )
( " မဟုတ်ပါဘူး ..."
စစ်ကျွင်းတောက်က သူ့ကိုရှင်းပြရန် ကြိုးစားလိုက်သည်။ )
( " သူနဲ့ကိုယ်က သူငယ်ချင်းတွေလေ ... ကိုယ့်ကြောင့်နဲ့ မင်းကသူ့ကိုပြဿနာရှာတော့မှာကို ကြည့်မနေနိုင်ဘူးလေ ... မင်းနဲ့ကိုယ်နဲ့ကြားမှာ စကားပြေအဆင်မပြေဖြစ်ရင် စိတ်မဆိုးဘူးဆိုတာ ကိုယ်တို့နှစ်ယောက်ကြားက ကိစ္စမို့လို့လေ ... ဒါပေမဲ့ ကိုယ့်ကြောင့် သူများတွေကို ပြဿနာရှာမယ်ဆို သူဆို့အပေါ် မတရားဘူးလေ ...")
( ကောကောနားမှာ သူရှိနေတာကို ကျွန်တော်မကြိုက်ပါဘူးဆို ... အရင်က ကျွန်တော့်ကို ကတိပေးထားရဲ့သားနဲ့ ဘာလို့ သူနဲ့ အဆက်အသွယ်လုပ်နေရသေးတာလဲ ...")
( စစ်ကျွင်းတောက် သူ့ကို လေးနက်စွာကြည့်ပြီး မေးလိုက်သည်။
" ကိုယ်သူနဲ့ အဆက်အသွယ်ဖြတ်လိုက်မယ်ဆို မင်းပြတ်လာမှာလား ...")
( သူ ဝမ်မင်ယီကို ဖက်ထားပြီး မျက်လုံးများထဲသို့စိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
" ကိုယ့်ဆီ ပြန်လာမှာလား ... မင်း ကတိပေးလိုက်တာနဲ့ ကိုယ်သူနဲ့ ချက်ချင်းအဆက်ဖြတ်မယ် ...")
( ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်ရသည်။ သူက လိမ္မာပြီး ကျိုးနွံမှုရှိသော ကလေးတစ်ယောက်ဖြစ်သဖြင့် စစ်ကျွင်းတောက် ဘာပြောပြော သူသဘောတူသည်။ )
( စစ်ကျွင်းတောက်က သူ့ကိုယ်လုံးလေးကို ဖျစ်ညှစ်ထားလိုက်ပြီး တီးတိုးပြောလိုက်သည်။
" ကောင်းပြီ ကိုယ်ကတိပေးပါတယ်...")
( ဝမ်မင်ယီက သူ့ကို ပြန်ဖက်ထားပြီး အငိုရပ်သွားကာ စကားပြောနေသည်။ )
( စစ်ကျွင်းတောက်က သူ့ကိုစိုက်ကြည့်နေသည်။ ဝမ်မင်ယီက သူပြောခဲ့သည်များကို မမေ့ပဲ သူ့ကတိကို တည်နိုင်မည်လားကိုလည်း သူမသိပေ။ )
( သူ့ရင်ခွင်ထဲ မှီနေသော ဝမ်မင်ယီက အိပ်ငိုက်လာပုံရသည်။ သူ ခေါင်းငုံ့လိုက်ပြီး နားနားကပ်ကာ ပြောလိုက်သည်။
" ကိုယ့်ဆီကမထွက်သွားနဲ့တော့နော် ... ကိုယ်က တခြားလူတွေကဘက်က ကာပြောပေးပြီး ကာကွယ်ပေးတာမျိုး မလုပ်ချင်ပါဘူး ... မင်းကို ဂရုစိုက်ပြီး မင်းပြန်လာမှာကိုပဲ လိုချင်တာပါ ..." )
( " အင်း ..."
ဝမ်မင်ယီက မသဲမကွဲအသံဖြင့် ပြန်ဖြေလိုက်ပြီး အိပ်ပျော်သွားသည်။ )
( သူ့ကိုရင်ခွင်ထဲတွင် ဖက်ထားလျက် စစ်ကျွင်းတောက် အကြောင်းအရင်းမရှိပဲ ဝမ်းနည်းလာသည်။ )
( နောက်‌တစ်နေ့ ဝမ်မင်ယီ နိုးလာသည့်ခါ ညဘက်က အဖြစ်အပျက်များကို မေ့သွားခဲ့သည်။ စစ်ကျွင်းတောက်၏ အိမ်မှ သူ့အိပ်ခန်းကိုကြည့်နေသည်။ ထို့နောက် ရေချိုး အဝတ်အစားလဲကာ ထွက်သွားရန်ပြင်လိုက်သည်။ )
( စစ်ကျွင်းတောက်က သူ့ကိုတားလိုက်ပြီး မနက်စာအတူစားရန်ပြောသော်လည်း ဝမ်မင်ယီက ငြင်းဆန်လိုက်သည်။ )
( " ညတုန်းက ကိုယ် ကျန်းဇီမော့နဲ့ အဆက်အသွယ်ဖြတ်ရင် မင်းကိုယ်နဲ့တူတူပြန်လာနေမယ်လို့ ကတိပေးခဲ့တယ်လေ ..."
စစ်ကျွင်းတောက်က သူ၏ကျောပြင်ကိုကြည့်ပြီး ပြောလိုက်သည်။ )
( ဝမ်မင်ယီက အေးစက်စက်အသံဖြင့် သရော်လိုက်သည်။
" သူနဲ့အဆက်အသွယ် မဖြတ်ရင်လည်း ခံစားရမှာ ကျွန်တော်မဟုတ်ဘူး ...")
( သူတံခါးဖွင့်ပြီး အပြင်ထွက်သွားသည်။ စစ်ကျွင်းတောက်က သူ့ကိုကြည့်ရုံသာကြည့်နေပြီး မတားမြစ်တော့ပေ။ )
( ထိုကဲ့သို့ ရလဒ်မျိုးကို သူညတည်းက ထင်ထားပြီးသားဖြစ်သည်။ )
( ၎င်းက သူတို့ နောက်ဆုံးအကြိမ် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။ )
( ထို့နောက်တွင် သူ၏ အိမ်မက်ထဲမှမြင်ကွင်းများက မရှင်းလင်းတော့ပဲ ရုပ်ရှင်ထဲမှ အခန်းများကို ကျော်လိုက်သကဲ့သို့ဖြစ်သွားသည်။ ထိုနေ့ကို ရောက်လာသည့်အခါမှာ ရပ်တန့်သွားပြီး အားလုံးကို သဲသဲကွဲကွဲ မြင်လာရသည်။ )( ဝမ်မင်ယီနှင့် ကျန်းဇီမော့တို့ လမ်းပေါ်တွင် စကားများနေသည်ကို စစ်ကျွင်းတောက်ကြည့်နေသည်။ ဝမ်မင်ယီက အေးစက်သောအသံဖြင့် ကျန်းဇီမော့ကို စစ်ကျွင်းတောက်ဘေးမှထွက်သွားရန် ပြောနေသည်။ သူတို့နှစ်ယောက် အဆက်မပြတ် စကားများနေပြီး တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးနေကြသည်။ ထို့နောက် ဝမ်မင်ယီ အတွန်းခံလိုက်ရသည်ကို မြင်လိုက်သည်။ )
( ထိုအခိုက်အတန့်တွင် စစ်ကျွင်းတောက်၏ နှလုံးသားတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်သွားသည်။ သူ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီးနောက် ဝမ်မင်ယီ၏ လဲကျသွားသည်ကို မြင်လိုက်ရသည်။ )
( သတိပေးခြင်းတစ်စုံတစ်ရာမရှိပဲ ကားအလင်းတန်းတစ်ခု လင်းလာပြီးသည့်နောက်တွင် ဝမ်မင်ယီက မြေပြင်ပေါ် လဲကျသွားပြီး သွေးများစီးကျလာသည်။ )
❗ဒီနေရာမှာ အိမ်မက်မက်တာ ပြီးသွားပါပြီ ❗
စစ်ကျွင်းတောက်က ကျောပြင်တစ်ခုလုံးတွင် ချွေးများရွှဲလျက် အိပ်ရာမှလန့်နိုးလာသည်။