အပိုင်း ၁၀၈
Viewers 12k

စစ်ကျွင်းတောက် အသက်ပြင်းပြင်းရှုပြီး မီးဖွင့်လိုက်သည့်အခါ ဝမ်မင်ယီက သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
သူ့လက်များကတုန်ယင်နေဆဲဖြစ်ပြီး ထိုလက်ချောင်းများဖြင့် ဝမ်မင်ယီ၏ပါးကို ထိလိုက်သည်။ ၎င်း၏ နူးညံ့ပျော့ပျောင်းသော အထိအတွေ့ကြောင့် စစ်ကျွင်းတောက်ရင်ထဲ စိတ်အေးသွားရသည်။
သူ ကုတင်ပေါ်တွင် လှဲလ်ုက်ပြီး ဝမ်မင်ယီကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ ဝမ်မင်ယီက သူ၏အပြုအမူကို သတိထားမိသွားပုံရပြီး အိပ်ရာမှနိုးလာသည်။
" ကောကော ..."
စစ်ကျွင်းတောက်က အသံတိုးတိုးလေးဖြင့် ပြန်ထူးလိုက်ပြီး သူ့ကိုဖက်ထားကာ ပါးပြင်ကို အဆက်မပြတ်နမ်းနေသည်။
အိမ်မက်ထဲမှ မြင်ကွင်းများကို သူ့စိတ်ထဲမှ မထုတ်နိုင်သေးပေ။ ထိုအချိန်က သူ့အခြေအနေကို ပြန်မတွေးနိုင်သည်အထိ ဖြစ်နေသဖြင့် ဝမ်မင်ယီကိုသာ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး အကြိမ်ကြိမ်နမ်းနေသည်။ သူ၏ ဘေးတွင်တည်ရှိနေသည့် ဝမ်မင်ယီ၏ အထိအတွေ့များကို ခံစားနေမိသည်။
သူအလွန်ဖက်ထားသောကြောင့် ဝမ်မင်ယီအနည်းငယ်နာကျင်လာသည်။ မျက်လုံးများဖွက့်ကာ သူ့ကို "ကောကော" ဟု မသဲမကွဲခေါ်ပြီး မေးလိုက်သည်။
" မိုးလင်းပြီလား ..."
" မဟုတ်ဘူး ... မင်မင် ဆက်အိပ်ရင်အိပ်လေ ရတယ် ..."
စစ်ကျွင်းတောက်က နွေးထွေးသောအသံဖြင့်ပြောလိုက်သည်။
" ဘာလို့ အာရုဏ်မတက်ခင် နိုးလာတာလဲ ..."
ဝမ်မင်ယီ အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည်။
စစ်ကျွင်းတောက် သူ့နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ဝမ်မင်ယီက စစ်ကျွင်းတောက်၏အနမ်းများကို သဘောကျသူဖြစ်သဖြင့် သူ့ကိုပြန်ဖက်ထားပြီး စိတ်လိုလက်ရ တုံ့ပြန်နေမိသည်။
ဤတစ်ကြိမ် စစ်ကျွင်းတောက် နမ်းလိုက်သည့်အခါ ဝမ်မင်ယီ အသက်ရှုရပ်မတတ်ဖြစ်သွားသည်။ သူ ယခုအခါမှ အိပ်ရာက အပြည့်အဝနိုးလာပြီဖြစ်‌သည်။ စစ်ကျွင်းတောက်က မရပ်တန့်သည့်အတွက် ဝမ်မင်ယီက လူချင်းခွာလိုက်ပြီး သူ့ရှေ့မှလူကိုကြည့်ကာ မေးလိုက်သည်။
" ကောကော ဘာဖြစ်လို့လဲ ..."
သူ့ကိုကြည့်နေသော စစ်ကျွင်းတောက်၏ မျက်လုံးထဲတွင် တန်ဖိုးထားမှုကြောက်ရွံ့မှုများဖြင့် ပြည့်နေပြီး သူ့ကိုခေါ်လိုက်သည်။
" မင်မင် ..."
ဝမ်မင်ယီ ပြန်ဖြေလိုက်သည်။
စစ်ကျွင်းတောက်က သူ့မျက်နှာမှ အစိတ်အပိုင်းတစ်ခုစီကို ထိကြည့်နေသည်။ ဝမ်မင်ယီထိုအခါမှ တွေးမိသွားသည်။
" အိမ်မက်ဆိုးတွေ မက်လို့လား ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ဘာအိမ်မက် မက်ခဲ့လို့လဲ ..."
ဝမ်မင်ယီက လေတံတိုးတိုးဖြင့် မေးလိုက်သည်။
စစ်ကျွင်းတောက် မပြောပြနိုင်ဖြစ်နေသည်။ သူ့ရင်ထဲတွင် အိမ်မက်ထဲမှ မြင်ကွင်းများကို ငြင်းဆန်နေမိပြီး။ထပ်မတွေးချင်တော့ပေ။ သူ့ရှေ့မှကောင်လေးကိုကြည့်ကာ ခေါင်းငြိမ့်ပြီး ထပ်နမ်းလိုက်သည်။
ထိုအိမ်မက်ဆိုးက သူနှင့် ဆက်နွယ်နေမည်ဟု တွေးမိသွားသဖြင့် နမ်းနေစဉ်မှာပင် စစ်ကျွင်းတောက် စိတ်သက်သာရာရစေရန် သူ၏ကျောပြင်ကိုပွတ်ပေးနေသည်။
" ကျွန်တော်အဆင်ပြေပါတယ် ... ကျွန်တော်အခု ကောကောရဲ့ ဘေးမှာပဲလေ ..."
ဝမ်မင်ယီက နူးညံ့စွာပြောလိုက်သည်။
" ကိုယ့်ဘေးက ထွက်သွားမှာလား ..."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီ ခေါင်းခါပြလိုက်သည်။
" သေချာပေါက် မထွက်သွားဘူးပေါ့ ..."
သူက လက်ဦးမှုယူပြီး စစ်ကျွင်းတောက်ကို စနမ်းလိုက်သည်။
" ကျွန်တော် ကောကောနဲ့တစ်ဘဝလုံးတူတူနေချင်တယ် ... ဒီဘဝပြီးရင်လည်း နောက်ဘဝမှာ တူတူနေကြမယ်လေ ..."
စစ်ကျွင်းတောက်၏မျက်နှာက နောက်ဆုံးတွင် ပြုံးရိပ်သန်းလာပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ကျွန်တော်ထွက်သွားတယ်ဆိုတဲ့ အိမ်မက်မက်လို့လား ..."
ဝမ်မင်ယီက မေးလိုက်သည်။
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြပြီးနောက် ဘာမှမပြောပဲ တိတ်ဆိတ်နေသည်။
ဝမ်မင်ယီက သူ့ကိုဖက်ထားပြီး နူးညံ့သောအသံလေးဖြင့် ချော့မော့နေသည်။
" ဒါတွေက အတုအယောင်တွေပါ ... ကျွန်တော် ကောကောရဲ့ဘေးကနေ ဘယ်တော့မှ ထွက်မသွားဘူး ... အိမ်မက်ဆိုတာ ပြောင်းပြန် အဓိပ္ပါယ်ကောက်ရတယ်လေ ... ဒါဆိုရင် ကျွန်တော်တို့ တစ်သက်လုံးတူတူနေလို့ရပြီ ..."
" ကောင်းပါပြီ ..."
စစ်ကျွင်းတောက်က လေသံတိုးတိုးဖြင့်သာ ပြန်ဖြေလိုက်သည်။
ဝမ်မင်ယီကပြုံးပြပြီး သူ့လည်ပင်းကိုသိုင်းဖက်ကာ ချွဲ့နွဲ့ပြီးပြောလိုက်သည်။
" ဒါဆိုရင် ကျွန်တော့်ကို ထပ်နမ်းပါဦး ... ကောကောနမ်းတာကို သဘောကျတယ် ..."
စစ်ကျွင်းတောက်က တွန့်ဆုတ်မနေပေ။ ဝမ်မင်ယီ၏စကားဆုံးသည်နှင့် သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။
သူတို့ အနမ်းပင်လယ်ထဲ နစ်မြောနေရာမှ စစ်ကျွင်းတောက်က နာရီကြည့်လိုက်သည်။ မနက်လေးနာရီကျော်သာရှိသေးသဖြင့် မီးပြန်ပိတ်လိုက်ပြီး ဝမ်မင်ယီကိုဖက်ထားလိုက်သည်။
" ပြန်အိပ်ကြမယ်လေ ..."
ဝမ်မင်ယီက ပြန်ဖြေလိုက်သည်။
" ဟုတ် ... ကောကောက အမြဲတမ်းအတွက် ကျွန်တော့်ဘဝမှာ အရေးအကြီးဆုံးလူနဲ့ အချစ်ရဆုံးလူပဲနော် ..."
စစ်ကျွင်းတောက်ကသူ့ကို ပြုံးပြလိုက်သည်။
စစ်ကျွင်းတောက်က သူ့မျက်နှာကိုအမှောင်ထဲတွင် ကြည့်နေပြီး အိမ်မက်ထဲမှ ဝမ်မင်ယီကို ပြန်မြင်ယောင်လာသည်။
" ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ် မင်း ဘက်ကပဲနေမယ်၊ မင်းကိုလည်းကာကွယ်ပေးမယ် ... မင်းတစ်ယောက်တည်းကိုပဲ ..."
" ကျွန်တော်သဘောပေါက်ပါပြီ ..."
စစ်ကျွင်းတောက် ရုတ်တရက်ကြီး ဤသို့ပြောရသည့်အကြောင်းအရင်းကိုမသိသော်လည်း စစ်ကျွင်းတောက်အပေါ်သူ၏ အရေးပါပုံကို မည်သည့်အခါကမှ သံသယမဝင်ခဲ့မိပေ။
" ကိုယ့်ကို မင်းထက်ပိုပြီး ဘယ်သူမှ မချစ်နိုင်ဘူး ..."
ဝမ်မင်ယီက သူ့ကို တီးတိုးပြောလိုက်သည်။
" ဒါဆို ကျွန်တော်က ကောကောကိုအချစ်ဆုံးပေါ့ ..."
ဤကမ္ဘာကို လူများ ရောက်လာပြီး အချိန်တန်လျှင်ပြန်ထွက်သွားကြသည်။ လူအားလုံးက သေမျိုးများဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် တစ်နည်းတစ်ဖုံ ပတ်သက်ဆက်နွယ်နေကြသည်ပင်။ သို့ရာတွင် သူကစစ်ကျွင်းတောက်နှင့် ကွဲပြားသည်။ သူတို့က မြေဆီလွှာတစ်ခုထဲတွင် ရှိနေကြသည့် အမြစ်များဖြစ်သည်။ အကိုင်းအခက်နှင့် သစ်ရွက်များသာမက ပင်စည်များပါ ဆက်နွယ်နေကြသည်။ အချိန်အတော်ကြာပြီးနောက် သူတို့က သစ်ပင်တစ်ပင်အဖြစ် ‌ပေါင်းစည်းသွားကြသည်။
တစ်ဖက်က ထွက်သွားလျှင် အခြားတစ်ဖက်က ညှိုးနွမ်းခြောက်သွေ့ပြီး ကျန်ခဲ့မည်သာ။
၎င်းက သူတို့နှစ်ယောက်လုံး၏ ဘဝဖြစ်သည်။
စစ်ကျွင်းတောက်၏ရင်ခွင်ထဲတွင်မှီလျက် သူ၏ နှလုံးခုန်သံကို နားထောင်လျက် ဖြေးညှင်းစွာ အိပ်မောကျသွားသည်။မကြာမီ စစ်ကျွင်းတောက် နောက်တစ်ကြိမ် အိမ်မက်မက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ့နှလုံးသားမှ ငြင်းပယ်မှုကြောင့် သူမြင်တွေ့နေရသည့်အရာများကို အိမ်မက်ဖြစ်ကြောင်း ရှင်းလင်းစွာသိသည်။
(T/N - ဒီနေရာကစပြီး ခုနအိမ်မက်ရဲ့အဆက်ပါ )
( ထိုအိမ်မက်၏ ပုံရ်ိပ်များက လျင်မြန်စွာဖြတ်သန်းသွားသည်။ ဝမ်မင်ယီ၏ ခန္ဓာကိုယ်ကို ငိုကြွေးချက်ကြည့်နေသည်ကို မြင်လိုက်ရပြီးနောက် ကျန်းဇီမော့ကို သူ့အသက်နှင့်ပြန်ပေးဆပ်ရန်ပြောသည့်အခါ ဝမ်ပေါ်က သူ့ကိုကာကွယ်ထားသည်။
ဝမ်ညီအစ်ကိုများ မသင့်မမြတ်ဖြစ်ကြပြီး ဝမ်ပေါ်၏လက်ချက်ကြောင့် ဝမ်စုက ထောင်ကျလုနီးပါးဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူ၏ဇာတိမြို့မှ ထွက်သွားခဲ့သည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ... ဝမ်ပေါ်က ဝမ်စုကို အဲ့လိုလုပ်နိုင်တဲ့အစွမ်းကို ဘယ်က ရထားတာလဲ ဖြစ်ကို မဖြစ်နိုင်တာ ..."
သို့သော် သူ့အိမ်မက်ထဲတွင်ဖြစ်နိုင်သွားခဲ့သည်။ သူက ဝမ်စုကို ပြိုလဲအောင်လုပ်ပြီး ကိုယ်တိုင်တိုက်ခိုက်ခဲ့ခြင်းပင်။
စစ်ကျွင်းတောက်၏ မိဘများက လေယာဉ်ပျက်ကျချိန်တွင် သေဆုံးသွားခဲ့ကြပြီး ဝမ်မင်ယီ၏မိဘများက သားဖြစ်သူ သေဆုံးသွားခဲ့သော်လည်း ကျန်းဇီမော့ကို ခွင့်လွှတ်ပေးခဲ့ကြသည်။
ဤကိစ္စတစ်ခုလုံးက ဖြစ်နိုင်ချေမရှိသည့်အပြင် ဝမ်းနည်းစရာကောင်းနေသော်လည်း သူရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ဟည်။
နောက်ဆုံးတွင် သူနှင့်ဝမ်ပေါ် တစ်ယောက်နှင့်တစ်ယောက် ဓားနှင့်ထိုးနေကြသည်ကို မြင်လိုက်ရသည်။ ထိုအချိန်မှသာ စစ်ကျွင်းတောက်က လွတ်မြောက်ရာတစ်ခု ရရှိသွားသည်ဟု ခံစားလိုက်ရသည်။
သူ့ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးခဲ့ရသည်။ ဝမ်မင်ယီ၊ သူ၏မိဘနှစ်ပါး ကုမ္ပဏီ အရာအားလုံးပင်ဖြစ်သည်။ သူ လမ်းလျှောက်ရန်ပင် ပင်ပန်းနေသည်။ တစ်ချိန်က သူသယ်ဆောင်ထားခဲ့သည့် ပခုံးအထက်မှ တာဝန်ယူမှုများက မတော်တဆမှုများထဲ ရောက်ကုန်သည်။ သူ အသက်ရှင်လိုစိတ်မရှိတော့ပေ။
သူကိုယ်တိုင် ဝမ်မင်ယီအတွက် လက်စားချေလိုခဲ့သည်။ သူ၏ဆန္ဒပြည့်မြောက်သွားပါက သူသေဆုံးသွားလျှင်လည်း ကြောက်စရာရှိတော့မည်မဟုတ်ပေ။
ဒါကပိုပြီး စိတ်သက်သာရာ ရသွားတာပဲ ...
စစ်ကျွင်းတောက် ဖြည်းညှင်းစွာ မျက်လုံးပိတ်သွားသည့် သူ၏အိမ်မက်ထဲမှပုံရိပ်ကို အမုန်းတရား၊ အမျက်ဒေါသများ မရှိပဲ တည်ငြိမ်စွာ ကြည့်လိုက်သည်။
၎င်းကို အချိန်အတော်ကြာကြည့်နေခဲ့ပြီးနောက် သူ၏မျက်နှာက အေးစက်လာသည်ကို တွေ့လိုက်ရသည်။
( T/N - အိမ်မက်မက်ပြီးပါပြီ )
နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ခန်းစီးများကိုကျော်ဖြတ်ကာ မျက်နှာပေါ်သို့ ဖြာကျလာသည်။ သူက တည်ငြိမ်၍ ဝမ်းနည်းနေလျက် မျက်လုံးများပွင့်လာသည်။
အိမ်မက်ထဲမှ မြင်ကွင်းများက အမှန်မဟုတ်ပေ။ ၎င်းပုံရိပ်များကို သူလျင်မြန်စွာမြင်လိုက်ရသော်လည်း အိမ်မက်ထဲမှစစ်ကျွင်းတောက်၏ ဝမ်းနည်းပူဆွေးမှုနှင့် အထီးကျန်ဆန်မှုများကို ခံစားနေရဆဲဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ ဆောင်းရာသီတွင် နှင်းတောထဲ လမ်းလျှောက်နေသည့်လူနှင့်တူသည်။ အပြင်ဘက်မှ ရာသီဥတုက မည်သို့ပင်ဖြစ်နေပါစေ သူ့အတွက် အမြဲဆောင်းရာသီဖြစ်နေသကဲ့သို့ပင်။ ထိုအိမ်မက်က ယုတ္တိမရှိသည်ဟု စစ်ကျွင်းတောက် ခံစားမိသည်။
ဝမ်ပေါ်က ဝမ်စုကို အဲ့အခြေအနေထိရောက်အောင်လုပ်နိုင်စွမ်း။ဘယ်က ရလာတာလဲ ...
ထိုအိမ်မက်က အလွန်အင်မတန် ယုတ္တိမရှိလှသဖြင့် သူထပ်မတွေးလိုတော့ပေ။
နေ့ခင်းပိုင်းတွင် တွေးတောခဲ့သည်များက ညဘက်တွင် အိမ်မက်မက်တတ်သည်ဟုသာ သူတွေးလိုက်သည်။ ဝမ်ပေါ်က အိပ်ရာပေါ်လဲနေပြီး ဝမ်စုက ဝမ်းနည်းနေခဲ့သည်ကို တွေ့မြင်ခဲ့၍ မသိစိတ်ထဲတွင် ဝမ်ပေါ်၏နေရာ၌ ဝမ်မင်ယီကိုတွေးမိပြီး စိုးရိမ်ပူပန်သွားခြင်း ဖြစ်လိမ့်မည်။ ၎င်းက အိမ်မက်တစ်ခုဖြစ်သော်လည်း အတုအယောင်တစ်ခုသာ။
ခေါင်းစောင်း၍ဘေးကိုကြည့်လိုက်သည့်အခါ ဘေးတွင် ဝမ်မင်ယီ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရ၍ သူ့နှဖူးကို နမ်းလိုက်သည်။
သူက အဆင်ပြေပြေနဲ့ အသက်ရှည်ရှည်နေရမှာပါ ...
စစ်ကျွင်းတောက် သူ့ကိုထပ်မံနမ်းလိုက်ပြီးနောက် အိပ်ရာထကာ ကိုယ်လက်သန့်စင်တော့သည်။ရုတ်တရက် သူသတိရပြီး ဝမ်မင်ယီကိုကြည့်လိုက်သည်။ ထို့နောက် အိပ်ရာဘေးရှိစားပွဲပေါ်မှ လက်ပတ်နာရီကိုကြည့်လိုက်သည့်အခါ ၇နာရီ ၅၅မိနစ်အချိန်ကို ရှင်းလင်းစွာ ညွှန်ပြနေသည်။
စစ်ကျွင်းတောက် အံ့ဩတကြီးဖြင့် ဝမ်မင်ယီကိုကြည့်လိုက်သည်။ သူ၏ခေါင်းတွင်လည်း ခွေးနားရွက် သို့မဟုတ် ကြောင်နားရွက်များ ရှိမနေပေ။ စောင်ပုံထဲ လက်နှိုက်ကြည့်သော်လည်း အမြီးကို မစမ်းမိပေ။
ဘာတွေ ဖြစ်ကုန်တာလဲ ...
စစ်ကျွင်းတောက်က ၈နာရီ၅မိနစ်အထိ စောင့်နေသည်။ ဝမ်မင်ယီ၏ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိပေ။ တိရစ္ဆာန်အဖြစ်ပြောင်းလဲထားသည့် ခြေရာလက်ရာတစ်ခုမှမရှိပဲ သာမန်လူတစ်ယောက်ဟုသာ ထင်ရသည်။
မနေ့ညက ညလယ်ခေါင်တွင် သူတစ်ကြိမ်နိုးလာခဲ့သည်ကို စစ်ကျွင်းတောက် သတိရသွားသည်။ ထိုအချိန်ကလည်း ဝမ်မင်ယီက လူပုံစံအဖြစ်သာရှိနေပြီး ကြောင် သို့မဟုတ် ခွေးပုံစံ မပြောင်းသွားခဲ့ပေ။ ထိုကိစ္စကို မဖြစ်နိုင်ဟုတွေးနေလိုက်မိသည်။ ယခင်ကဆိုလျှင် ၆နာရီမှ ၈နာရီအထိ သူအသွင်ပြောင်းတတ်သည် ။
ဘာလို့ ရုတ်တရက်ကြီး လုံးဝကို သာမန်လူဖြစ်သွားရတာလဲ ...
သူ ကုတင်ပေါ်မှထပြီး ကင်မရာမှ stop buttonကိုနှိပ်လိုက်ပြီး ကင်မရာကို ကွန်ပျူတာဖြင့်joinပြီး ညက ဗီဒီယိုများကို ကြည့်လိုက်သည်။
Progress barကို သေချာနှိပ်ပြီး ကွန်ပြူတာဖန်သားပြင်ပေါ်မှ ဝမ်မင်ယီကို ဂရုတစိုက်ကြည့်နေသည်။ ဗီဒီယို၏အဆုံးထိရောက်သည်အထိ ဗီဒီယိုထဲတွင် အိပ်မောကျနေသည့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကိုသာ မြင်လိုက်ရ၍ မယုံကြည်နိုင်ဖြစ်သွားသည်။
တစ်ညလုံး ဝမ်မင်ယီထံတွင် ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။ သူ၏ လူသားပုံစံဖြင့်သာ ရှိနေခဲ့သည်။ သူက တိရစ္ဆာန်ငယ်လေးအဖြစ်မပြောင်းလဲသွားသည့်အပြင် တိရစ္ဆာန်နားရွက်နှင့် အမြီးများလည်း ပြောင်းလဲမလာပေ။
"မှော်ပညာက ဒီနေ့မှ ဘာလို့အစွမ်းမပြတော့တာလဲ" ဟု စစ်ကျွင်းတောက်ထင်မိလာသည်။ သူ နားမလည်နိုင်တော့ပေ။ ထိုနားမလည်နိုင်မှုက ဝမ်မင်ယီ လိမ္မော်ရောင်ကြောင်လေးအဖြစ် ပထမဆုံးအကြိမ် ပြောင်းသွားသည့်အချိန်က ဝမ်မင်ယီ ကြောင်ဖြစ်သွားရသည့်အကြောင်းအရင်းကို နားမလည်နိုင်သကဲ့သို့ပင်။
ဝမ်မင်ယီက သူ့ထက်နောက်ကျပြီးမှ နိုးလာသည်။ စစ်ကျွင်းတောက်က ရေချိုးပြီးသွား၍ ကုတင်အစွန်းတွင်ထိုင်ပြီး သူ့အခြေအနေကို ရှင်းပြလိုက်သည်။ ဝမ်မင်ယီ အလွနိထိတ်လန့်သွားပြီး ခဏတာတိတ်ဆိတ်သွားသည်။
သူနှင့် စစ်ကျွင်းတောက်ကြားမှ ကွာခြားချက်တစ်ခုက သူနေထိုင်ရသည့်ကမ္ဘာက စာအုပ်တစ်အုပ်ထဲတွင်ဖြစ်ကြောင်း သူသိသည်။ သူ ယာဉ်တိုက်မှုဖြစ်ရမည့် နေရာတွင် ဝမ်ပေါ်ဖြစ်သွားသည့်အတွက် ဇာတ်လမ်းက ပြောင်းလဲသွားသည်။ ထို့ကြောင့် ခွေးနှင့်ကြောင်ဖြစ်လာရမည့် မှော်အစွမ်းသည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
ဒီနှစ်ခုကြားမှာ ဘာတွေ ဆက်နွယ်နေတာပါလိမ့် ...
သူ ပြန်လည်မွေးဖွားလာချိန်တွင် ဇာတ်လမ်းက ဆက်သွားနေဆဲဖြစ်သဖြင့် ဤအကြောင်းအရာအားလုံးကိုသိနေသည့် ဝမ်မင်ယီက တစ်နေ့တာ၏ အချိန်ထက်ဝက်ခန့်နီးပါး ခွေး သို့မဟုတ် ကြောင် ဖြစ်နေရသည်။
ယခုအခါ ဇာတ်လမ်းတစ်ခုလုံးက အဓိကလမ်းကြောင်းမှ လုံးဝသွေဖယ်သွားပြီဖြစ်၍ ဇာတ်ကွက်၏ လွှမ်းမိုးမှု မခံရတော့ပဲ ပုံမှန်အခြေအနေတစ်ခုကို ပြန်ရောက်သွားခြင်းဖြစ်သည်။
၎င်းက အဖြစ်နိုင်ဆုံးနှင့် ကျိုးကြောင်းဆီလျော်မှုအရှိဆုံး ဖြေရှင်းချက်တစ်ခုဟု ဝမ်မင်ယီ တွေးလိုက်မိသည်။
သူ စစ်ကျွင်းတောက်ကိုကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခုကို သတိရသွားသည်။
အခု ဇာတ်လမ်းတစ်ခုလုံးက အဓိကလမ်းကြောင်းကနေ လုံးဝသွေဖယ်သွားပြီဆိုတော့ စစ်ကျွင်းတောက်ကို သူပြန်လည်မွေးဖွားလာတာကို ပြောလိုက်သင့်လား ...
စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တွန့်ဆုတ်နေမိသည်။
မူလက သူပြန်လည်မွေးဖွားလာရသည့်အကြောင်းကို စစ်ကျွင်းတောက်ကို ပြောပြချက်ခဲ့သည့်အကြောင်းက ကျန်းဇီမော့နှင့် ဝေးဝေးနေစေချင်လို၍ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူက ကျန်းဇီမော့နဲ့ စကားမပြောတော့ဘူးဆိုတော့ ပြောစရာလိုသေးလား ...
ဝမ်မင်ယီအတွက် သူကိုယ်တိုင်ခံစားခဲ့ရသည်များက သူမသေဆုံးမီနှင့် သေဆုံးပြီနောက်မှ အရာများသာဖြစ်သည်။ သူ့အဖြစ်က 3Dစာအုပ်များကို ကြည့်ရှု့နေသူတစ်ယောက်နှင့် တူနေသည်။ အချို့အကြောင်းအရာများကို မကြည့်ခဲ့ရသော်လည်း စကားလုံးများက ခေါင်းထဲတွင်ရှိသည်။ စစ်ကျွင်းတောက်၏ နာကျင်မှုများမှလွဲ၍ သူအမှန်တကယ် မခံစားရခဲ့သည်က များစွာရှိသည်။ သို့ရာတွင် စစ်ကျွင်းတောက် နာကျင်နေသည်ကို သူ မတွေ့ချင်ဆုံးဖြစ်သည်။
ယာဉ်တိုက်မှုမဖြစ်မီက မူရင်းစာအုပ်၏ လွှမ်းမိုးမှုကြောင့် စစ်ကျွင်းတောက်ကို ကလန်ကဆန်လုပ်ခဲ့မိပြီး အကြိမ်ကြိမ်အခါခါ နာကျင်စေ‌ခဲ့သည်။ သူတို့ နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်ကလည်း မသင့်မြတ် မပျော်ရွှင်စွာဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကျွင်းတောက်က နာကျင်နေခဲ့ရသည်။ ယာဉ်တိုက်မှုဖြစ်ပြီးနောက်တွင် နောင်တနှင့် အပြစ်တင်မှုများဖြင့် နေထိုင်ခဲ့ရပြီး ဝမ်မင်ယီကို နေ့စဉ်နေ့တိုင်း လွမ်းဆွတ်နေခဲ့သည်။
ဤကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်ခံစားရရုံဖြင့် လုံလောက်နေပြီဖြစ်သည်။ အကယ်၍ ဖြစ်နိုင်ခဲ့ပါက ထိုတစ်ကြိမ်ကိုပင် စစ်ကျွင်းတောက်အား မခံစားစေချင်ခဲ့ပေ။ သို့ဖြစ်၍ စစ်ကျွင်းတောက်က ယခင်ဘဝအကြောင်း သိရှိရန် မလိုအပ်သကဲ့သို့ သူတို့ကြားထဲမှ နောင်တများကိုလည်း ပြန်အစဖော်ရန် မလိုအပ်ပေ။
သူရယ်လိုက်ပြီး စစ်ကျွင်းတောက်ကို ပြောလိုက်သည်။
" ဘာတွေဖြစ်နေလဲတော့ မသိပေမယ့် ... အခု ကျွန်တော် ပုံမှန်ပြန်ဖြစ်သွားတယ်ဆိုတော့ ကောင်းတဲ့ကိစ္စပဲလေ ..."
စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါလည်း ဟုတ်ပါတယ်လေ..."
ဝမ်မင်ယီက သူ့ကိုဖက်ပြီး ပါးတစ်ဖက်ကိုနမ်းလိုက်ကာ အားရပါးရ ရယ်လိုက်မိသည်။ သူတို့ ဘဝတစ်ခုကို ဆုံးရှုံးခဲ့ရသော်လည်း ထိုဘဝအတွက် ပြန်လည်ပြင်ဆင်ခွက့်အနေဖြင့် ဘဝနောက်တစ်ခု ရရှိခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့် ပထမဆုံးနေ့တွင်ပင် စစ်ကျွင်းတောက်နှင့်အတူ ကောင်းမွန်စွာအသက်ရှင်နေထိုင်မည်ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယခု သူလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ဒါဆိုရင် လုံလောက်ပါပြီ ...
ဝမ်မင်ယီက သူ့ကိုယ်သူ ရည်မှန်းချက်မရှိသည့်လူတစ်ယောက်ဖြစ်နေခဲ့ကြောင်းကို ယနေ့မှသိလိုက်မိသည်။ သူလိုချင်သောအရာက အလွန်ရိုးစင်းပြီး သာမန်မျှသာဖြစ်သည်။
သူ့မိဘများ၏ ချစ်ခင်မှု ၊ ပြီးပြည့်စုံသောဘဝနှင့် စစ်ကျွင်းတောက်နှင့်အတူ အသက်ရှည်စွာနေထိုင်နိုင်ရန်တို့ဖြစ်သည်။
ယခု သူ့ထံတွင် အရာအားလုံးရှိနေပြီဖြစ်သည်။ဝမ်မင်ယီ အလွန်စိတ်ကျေနပ်သွားသဖြင့် ယခင်ဘဝမှ နာကျင်မှုများကို ဤဘဝအထိ မသယ်ဆောင်လာချင်တော့ပေ။ သူသိရှိသမျှကိုလည်း စစ်ကျွင်းတောက်က သိရန်မလိုအပ်ပေ။ သူတို့နှစ်ယောက်က အချိန်တိုင်းအတွက် တစ်‌ဦးအတွက်တစ်ဦး အရေးကြီးဆုံးလူများဖြစ်နေကြောင်းကိုသာ သိရှိရန်လိုအပ်သည်။ သူတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦး ချစ်ခင်မြတ်နိုးကြပြီး အသက်ရှည်ရှည်နေရန်သာလိုသည်။
" ကောကောကို ကျွန်တော်အရမ်းချစ်တာပဲ ..."
ဝမ်မင်ယီက ချိုသာသောအသံဖြင့်ပြောလိုက်သည်။
ကျွန်တော် ကောကောကို ဘဝနှစ်ခုလုံးမှာ အချစ်ခဲ့ဆုံးပဲ ...
ဝမ်မင်ယီ သူ့ကိုဖက်လိုက်ပြီး ပြုံးကာပြောလိုက်သည်။
" ကောကောကို ကျွန်တော်အချစ်ဆုံးပဲ ..."