မိသားစုတစ်ခုကပျော်ရွှင်နေပြီး တစ်ခုက ဝမ်းနည်းနေသည်။ ဝမ်မင်ယီက ခွေးနှင့်ကြောင်အဖြစ် မပြောင်းလဲတော့သည့်အတွက် ဇာတ်လမ်းတစ်ခုလုံး မူလလမ်းကြောင်းပေါ်မှ လုံးဝသွေဖယ်သွားခဲ့သည်။ ဝမ်မင်ယီ အလွန်ပျော်ရွှင်နေသည့်အတွက် ပျော်ပွဲရွှင်ပွဲပင်ပြုလုပ်ချင်နေသည်။ သို့သော် တစ်ဖက်က ကျန်းဇီမော့က မပျော်ရွှင်နိုင်ပေ။ သူ့ရှေ့မှ ဝမ်ပေါ်ကိုသာကြည့်ပြီး သူ့ဘဝကြီးတစ်ခုလုံး မည်သည့်အချိန် အဆုံးသတ်သွားမည်မသိဖြစ်နေသည်။
ဝမ်ပေါ်ကို သုံးရက်တာစောင့်ရှောက်ပေးပြီးနောက် ဝမ်စုက အလုပ်ပြန်တက်ရသဖြင့် ကျန်းဇီမော့ကိုစောင့်ကြည့်ရန် သက်တော်စောင့်များသာ ချန်ထားခဲ့သည်။ သက်တော်စောင့်များနှင့် ကျန်းဇီမော့က ထမင်းလည်းတူတူစား၍ တူတူနေရခြင်းဖြစ်ပြီး ဝမ်ပေါ်ကိုနေ့တိုင်း ပြုစုပေးနေသည်ကို စောင့်ကြည့်နေရသည်။ ကျန်းဇီမော့က ဂရုမစိုက်ပဲနေပါက သူ့ကိုပညာပေးပြီး ထမင်းမစားခိုင်းကြပေ။
ကျန်းဇီမော့က သူ့တို့နှင့်ယှဉ်ပြိုင်ပြီး မထိုးကြိတ်နိုင်သည့်အတွက် ဝမ်ပေါ်ကိုသာ ဂရုတစိုက်ပြုစုနေရသည်။
ဖုန်းမရှိ ၊ အားလပ်ချိန်မရှိ ၊ လွတ်လပ်ခွင့်မရှိပဲ ဝမ်ပေါ်ကိုသာ စောင့်ရှောက်နေရပြီး သူ့ခန္ဓာကိုယ်ကိုသာ သန့်စင်ပေးနေရသည်။
ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသည့် ဝမ်ပေါ်ကိုကြည့်ပြီး နေ့ရက်တိုင်း ဝမ်ပေါ်နိုးလာစေရန်သာ မျှော်လင့်နေရသည်။ အကယ်၍ ဝမ်ပေါ်နိုးလာပါက သူဤသို့ တောင့်ခံနေရန် မလိုအပ်တော့ပေ။ ဝမ်ပေါ်က သူ့ကိုခွင့်လွှတ်ပေးမည်သာဖြစ်ပြီး အပြစ်တင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဝမ်ပေါ်က နိုးမလာခဲ့ပေ။
ကျန်းဇီမော့ စိတ်ဓာတ်ကျလာသည်။ ထိုသို့နေထိုင်ရခြင်းက မည်သို့သောအဓိပ္ပါယ်ဖြစ်သည်ကိုပင် သူမသိတော့ပေ။
ညကိုးနာရီတွင် ဝမ်စုက ဆေးရုံကို အချိန်မှန်ရောက်လာသည်။ ထိုအချိန်မှသာ တစ်နေ့တာကုန်ဆုံးသွားပြီး ကျန်းဇီမော့ အနားယူနိုင်သည်။ သူနှင့် သူ့ကိုစောင့်ကြပ်နေသူက ဘေးကပ်လျက်မှ နားနေခန်းထတွင် လှဲလျောင်း အနားယူနိုင်သည်။
ဝမ်စုက သူ့ညီကိုကြည့်ပြီး တစ်နေ့တာအဖြစ်အပျက်များကို နေ့တိုင်းပြောပြသည်။ ထိုညတွင် ဝမ်ပေါ်၏ဆေးရုံခန်းထဲမှ ကုတင်အပိုတစ်ခုပေါ်တွင်သာ အနားယူသည်။
နေ့ရက်များက ဤကဲ့သို့ပင် ကုန်ဆုံးသွားပြီး မသိလိုက်မီမှာပင် လဝက်ကျော်သွားပြီဖြစ်သည်။
တစ်နေ့တွင် ကျန်းဇီမော့က ဝမ်ပေါ်၏ ခန္ဓာကိုယ်ကို သုတ်ပေးနေချိန်၌ ဝမ်စုက လူနာဆောင်၏အပြင်ဘက်မှ ပြန်လာသည်။ သူက အလွန်ဒေါသထွက်နေပြီး ကျန်းဇီမော့ကို စူးစူးရဲရဲကြည့်ပြီး မယုံကြည်နိုင်သော အသံဖြင့်ပြောလိုက်သည်။
" မင်း အဲ့လိုလုပ်ရဲတယ်ပေါ့ ... ဘာလို့ အဲ့လိုလုပ်ရတာလဲ ..."
ကျန်းဇီမော့ ဘာမှန်းမသိသောကြောင့် အဝတ်ဖြင့် သုတ်ပေးနေရာမှ ရပ်သွားသည်။
ဝမ်စုက ဝမ်ပေါ်နားကပ်လာပြီး ဒေါသတကြီးပြောလိုက်သည်။
" သူ့ကြောင့်လား .."
သူက ကျန်းဇီမော့ကိကြည့်ကာပြောလိုက်သည်။
" ဒီကောင့်ကြောင့်လား ... အပြင်လူတစ်ယောက်အတွက်နဲ့ ကိုယ့်အစ်ကိုကို ဒီလိုကိစ္စကြီးကြံစည်ထားတယ်ပေါ့ ..."
သူ ဝမ်ပေါ်ကိုကြည့်ပြီး အံကြိတ်နေကာ မယုံကြည်နိုင်ဖြစ်နေသညိ။
" မင်းငယ်ငယ်လေးကနေ အခုချိန်ထိ ငါမင်းအပေါ်မှာ မကောင်းခဲ့လို့လား ... မင်း ပြဿနာတက်တိုင်း ငါရှင်းပေးတယ် ... အခုကျမှ ဒီလို အပြင်လူအတွက် တခြားလူတွေနဲ့ပူးပေါင်းပြီး ငါ့ကိုအကောက်ကြံတယ်ပေါ့ ... မင်း လုပ်ရက်လိုက်တာ ..."
ကျန်းဇီမော့ ထိတ်လန့်သွားပြီး ကုတင်ပေါ်တွင် လှဲလျောင်းနေသူကို ကြည့်လိုက်မိသည်။
ဝမ်ပေါ်က သူ့အတွက် လုပ်ပေးခဲ့တာလား ...
ဝမ်စုက ဝမ်ပေါ်ကို နိုင်ထက်စီးနင်းလုပ်ပြီး အိမ်မှနှင်ထုတ်ခဲ့သဖြင့် သူမကျေမနပ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝမ်ပေါ်ကို ဝမ်စုမကောင်းကြောင်းများ ပြောခဲ့သော်လည်း သူက သူ့အစ်ကိုကြီးကို အလွန်ကြောက်သဖြင့် သူ့စကားများကို နားမထောင်ခဲ့ပေ။
ဒါပေမဲ့ သူ့စကားကိုနားထောင်ပြီး ဝမ်စုကိုတိုက်ခိုက်ဖို့ တစ်ယောက်ယောက်ကို ရှာခဲ့တာများလား ... အဲ့လိုတော့ မဖြစ်နိုင်လောက်ဘူး ... ဝမ်ပေါ်က သူ့အစ်ကိုကို တော်တော်ချစ်တာလေ ...
ဝမ်စုက သူ့ညီကို စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
" ဒီနေ့ကစပြီး ငါမင်းကို ဂရုမစိုက်တော့ဘူး ... မင်းရဲ့ အကောင်းအဆိုး ကိစ္စတွေအားလုံးက ငါနဲ့မဆိုင်ဘူး ... မင်း သူ့ကိုကြိုက်တယ်မလား ..."
ဝမ်စုက ဝမ်ပေါ်ကိုကြည့်ပြီး ထေ့ငေါ့ပြောလိုက်သည်။
" ဒါဆိုရင် ငါသူ့ကို မင်းသေတဲ့နေ့အထိ မင်းကိုကောင်းကောင်းဂရုစိုက်ထားခိုင်းလိုက်မယ် ..."
" မင်းသေရင် ငါမင်းကို လွှတ်ပေးလိုက်မယ် ... မင်းနဲ့တူတူရှိခဲ့တဲ့ အမှတ်တရတွေကို သူ့တစ်ဘဝလုံး သိမ်းထားနိုင်မလား ဒါမှမဟုတ် ... နှစ်အနည်းငယ်အတွင်းမှာပဲ ချစ်သူအသစ်တစ်ယောက်ရှာပြီး မင်းအုတ်ဂူမှာ ပန်းစည်းတူတူလာချပေးမလား ကြည့်ကြသေးတာပေါ့ ..."
ထို့နောက် သူက ကျန်းဇီမော့ဘက်ကိုလှည့်လိုက်သည်။
" ငါ စိတ်ပြောင်းသွားပြီ ..."
ကျန်းဇီမော့ သူ့နားကိုသူ မယုံနိုင်ဖြစ်သွားသည်။
သူ့ကို အခုလွှတ်ပေးမယ်လို့ ပြောလိုက်တာလား ...
အံ့အားသင့်နေသောမျက်နှာနှင့် ဝမ်စုကို မျှော်လင့်တကြီး ကြည့်လိုက်သည့်အခါ ဝမ်စုက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောသည်ကို ကြားလိုက်ရသည်။
" မင်း သူနဲ့တူတူမသေနဲ့တော့ ... သူသေတာနဲ့ မင်းထွက်သွား ... သူ ဘယ်လိုလူမျိုးကိုကြိုက်ခဲ့တယ်ဆိုတာ သိစေချင်တယ် ... မင်းလိုလူအတွက်နဲ့ ငါ့ကိုတောင် အကောက်ကြံခဲ့သေးတာပဲ ... သူအဲ့လိုလုပ်ခဲ့တာတွေနဲ့ ထိုက်တန်ရဲ့လားဆိုတာ ပြရသေးတာပေါ့ ..."
ဝမ်စုပြောပြီးသည်နှင့် လူနာဆောင်မှ ထွက်သွားသည်။
ကျန်းဇီမော့ ထိတ်လန့်သွားသည်။ ကုတင်ပေါ်တွင်ထိုင်ချလိုက်ပြီး နောက်လှည့်ကာ ဝမ်ပေါ်ကိုကြည့်လိုက်သည်။ သူ၏ရင်ထဲတွင် မီးတောက်အစုအပြုံကြီးတစ်ခု လောင်ကျွမ်းနေသကဲ့သို့သာ ခံစားနေရသည်။ ရင်ထဲမှ မီးတောက်ကို ငြှိမ်းသတ်ရန်ကြိုးစားသော်လည်း တစ်ခု ငြိမ်းသွားသည်နှင့် နောက်တစ်ခုက ထပ်မံလောင်ကျွမ်းလာသည်။
ထိုသို့ မလုပ်သင့်ကြောင့် သူ့ကိုယ်သူ သတိပေးနေမိသော်လည်း ရင်ထဲတွင် စကားသံတစ်ခုက ပဲ့တင်ထပ်နေသည်။
အရေးမကြီးပါဘူး ငါလွတ်မြောက်သွားမှာပဲလေ ... ငါဒီလို ဘဝမျိုးမှာမှ တစ်သက်လုံးမှ မနေချင်တာ ...
ကျန်းဇီမော့၏ရင်ထဲတွင် ဝေခွဲမရဖြစ်နေသည်။
သူ၏ရင်ထဲမှ အတွေးက လေပြင်းတစ်ခုကဲ့သို့ ကြီးထွားလာပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပြင်းထန်လာသည်။ တစ်နေ့တွင် ဆရာဝန်က ပုံမှန်စစ်ဆေးမှုလာလုပ်သောအခါတွင် ဝမ်ပေါ်က အခြေအနေမကောင်းတော့ဟု ပြောခဲ့သည်။ဒါဆိုရင် ဝမ်ပေါ်သေတော့မှာပေါ့ ... သူ ဘယ်အချိန်ထွက်သွားရမှာလဲ ... ရက်အနည်းငယ်ကြာပြီးနောက်လား ... လအနည်းငယ်လား ...နှစ်အနည်းငယ်မှလား ...
သူ့အခြေအနေက ရက်ပိုင်းမဟုတ်လျှင်လည်း လပိုင်းသာခံတော့မည်ဟု ကျန်းဇီမော့ တွေးလိုက်မိသည်။ ထိုသို့မဟုတ်ပါက သူ့အခြေအနေဆိုးသည်ဟု ဆရာဝန်က ပြောမည်မဟုတ်ပေ။
သို့ရာတွင် ဤအတိုင်းစောင့်ဆိုင်းနေရခြင်းက စိတ်ထဲတွင် လှစ်ဟာလွန်းလှသည်။ နေ့ရက်တိုင်းက သူ့အတွက် ခံစားစရာဖြစ်နေသည်။ တစ်ရက်ကုန်ဆုံးသွားသည့်အချိန်တိုင်း နာကျင်မှုကို ပိုခံစားနေရသည်။ ကျန်းဇီမော့ ထိုသို့မနေချင်တော့ပေ။
အကယ်၍ ကံကောင်းပါက အခြေအနေက အကောင်းဘက်မရောက်လျှင်ပင် ဝမ်ပေါ်က နှစ်အနည်းငယ် နေနိုင်ဦးမည့်ပုံပင်။
သူကရော ဒီလူနာဆောင်ထဲမှာ အဲ့ဒီနှစ်အနည်းငယ်အထိ နေရမှာလား ... ဒါကလည်း ထောင်နဲ့ ပုံစံတူတာပဲ ... သူက ခုထိ ငယ်ရွယ်သေးတယ် သူ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ဒီမှာပဲ မကုန်ဆုံးနိုင်ဘူး ...
ဝမ်ပေါ်က ဘယ်လိုပဲဖြစ်ဖြစ်သေမှာဆိုတော့ စောသေတာက ပိုကောင်းပါတယ် ...
" ငါ့ကို ခွင့်လွှတ်ပေးပါ ...မင်းက ငါ့ကိုချစ်တယ်မလား ... ဒါဆိုရင် ငါဒီနေရာမှာ တစ်သက်လုံးပိတ်မိနေတာကို မြင်ချင်မှာ မဟုတ်ဘူး ..."
ကျန်းဇီမော့က နူးညံ့စွာပြောလိုက်သည်။
သူ ဝမ်ပေါ်ကိုကြည့်ပြီး ဘေးနားမှ ခေါင်းအုံးကိုယူလိုက်သည်။
" ငါ့မှာလည်း နည်းလမ်းမရှိလို့ပါ ငါ့ကို အပြစ်မတင်ပါနဲ့ ..."
ကျန်းဇီမော့က ပြောပြီးသည်နှင့် ခေါင်းအုံးကို ဝမ်ပေါ်၏မျက်နှာပေါ် ဖိချလိုက်သည်။ ဝမ်ပေါ်က သတိမေ့နေသည့်အတွက် မလှုပ်ရှားန်ိုင်ပဲ သေသွားမည်သာဖြစ်သည်။ ကျန်းဇီမော့၏လက်များတုန်ယင်နေကာ ခွင့်လွှတ်ရန်သာ အတွင်တွင်ပြောနေပြီး လက်ကို အားထည့်လိုက်သည်။
ရုတ်တရက် ခေါင်းအုံးအောက်မှ ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည်။
" မင်းက ငါ့ကိုသတ်ချင်နေတာလား ..."ထိုအသံက အလွန်ကြေကွဲဝမ်းနည်းနေသည့်ပုံပေါ်ကာ အားနည်းနေပြီး ပူဆွေးမှုနှင့် နာကျင်မှုများကို စောင့်ဆိုင်းနေပုံပေါ်သည်။
ကျန်းဇီမော့ အံ့အားသင့်သွားသည်။ သူအလွန်ကြောက်လန့်သွားသည့်အတွက် နောက်ဆုတ်သွားမိသည်။
ခဏအကြာတွင် တံခါးပွင့်ပြီး သက်တော်စောင့်များ ပြေးဝင်လာသည်။
ကျန်းဇီမော့ မတုံ့ပြန်နိုင်မီမှာပင် သက်တော်စောင့်များက ဝမ်ပေါ်၏မျက်နှာပေါ်မှ ခေါင်းအုံးကို ဖယ်လိုက်ပြီး ကျန်းဇီမော့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။
သူ့အကြည့်များကြောင့် ကျန်းဇီမော့ အလွန်တုန်လှုပ်သွားပြီး ခေါင်းငုံ့လိုက်သည်နှင့် ဝမ်ပေါ်၏ နီရဲနေသောမျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားသည်။
ဝမ်ပေါ် ယုံကြည်ရန် ခက်ခဲနေသည်။
" မင်းငါ့ကို သတ်ချင်နေတာလား ကျန်းဇီမော့ ... ငါ့ကိုသေစေချင်တယ်ပေါ့ ... ငါ မင်းကို အရမ်းကြင်နာခဲ့တာတောင် မင်းက ဒီလိုလုပ်တယ်ပေါ့ ..."
ကျန်းဇီမော့ အလျင်အမြန်ရှင်းပြတော့သည်။
" မဟုတ် ... ငါအဲ့လိုမရည်ရွယ်ပါဘူး ... မဟုတ်ဘူး ငါ ..."
" တမင်လုပ်တာမဟုတ်ဘူး ပြောမလို့လား ... အခုပဲ ငါ့ကို မင်းကိုယ်တိုင်သတ်ဖို့ ကြံနေခဲ့တာမလား ..."
ဝမ်ပေါ် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုကါသည်။
ဝမ်ပေါ်က သူ့ကို ခံပြင်းစွာကြည့်လိုက်သည်။ ပထမဦးဆုံးအနေဖြင့် သူ့ဘဝကြီးက ဟာသတစ်ခုဟု တွေးလိုက်မိသည်။
" ငါ နိုးနေခဲ့တာ အချိန်အတော်ကြာပြီ ဒါပေမဲ့ ထမလာခဲ့ဘူး ... အချိန်အများစုမှာ ငါအိပ်နေတာကို မင်းမသိခဲ့တာမလား ..."
သူက ခါးသီးစွာပြောလိုက်သည်။
" ငါ နိုးလာတဲ့နေ့က အစ်ကိုကြီးက ငါ့ကိုဆေးရုံပို့ခဲ့တာ မင်းမဟုတ်ပဲ ကားဒရိုင်ဘာဆိုတာကို ပြောပြခဲ့တယ် ... မင်းခေါင်းထဲမှာ ထွက်ပြေးဖို့ပဲရှိတယ်မလား ... ငါ့ရဲ့သေရေးရှင်ရေးကိုတောင် ဂရုမစိုက်နိုင်ဘူး ... မြေပေါ်လဲကျသွားရုံနဲ့ ပြဿနာတက်မှာစိုးလို့ ငါ့ကိုထားခဲ့ပြီး ထွက်ပြေးသွားတာမလား ..."
" ဒါပေမဲ့ ငါမယုံကြည်နိုင်ခဲ့ဘူး ... ငါလုံးဝ မယုံကြည်ခဲ့တာ ... အစ်ကိုကြီးက ငါ့ကိုCCTVပြတုန်းကတောင် မင်းဘက်က ပြောပေးခဲ့တယ် ... မင်းက အံ့ဩသွားလို့ မရည်ရွယ်ပဲဖြစ်သွားပြီး အခုနောင်တရနေလောက်ပြီလို့ ပြောပေးခဲ့တယ် ..."
" အဲ့ဒီရလဒ်ကတော့ ငါ့ကို ဒီနေ့ မင်းကိုယ်တိုင်သတ်ဖို့ ကြိုးစားခဲ့တာပဲ ..."
ကျန်းဇီမော့ ခေါင်းခါပြီး သနားစဖွယ်ပြောလိုက်ငည်။
" မဟုတ်ဘူး ... အဲ့လိုမဟုတ်ပါဘူး ..."
" ဒါဆို ငါ့အပေါ်ခေါင်းအုံးတင်ပြီး ဖိသတ်ဖို့လုပ်တာ ဘယ်သူလဲ ... မင်း ဘာလို့ အဲ့လိုလုပ်နိုင်ရတာလဲ ... ငါမင်းကို ချစ်လွန်းလို့ ကောင်းကောင်းဆက်ဆံပေးခဲ့တယ်လေ ... မင်းက ငါ့ချစ်သူမဟုတ်ဘူးလား ... ဘာလို့ အဲ့လိုလုပ်ရက်ရတာလဲ ..."
ဝမ်ပေါ် စိတ်ဆိုး မာန်ဆိုးဖြင့်ပြောလိုက်သည်။
" ငါ့ကို အဲ့လိုဖြစ်အောင် တိုက်တွန်းခဲ့တာ ဝမ်စုပဲ ... သူက မင်းကို သေစေချင်တာ ... ငါ တကယ်မရည်ရွယ်ပါဘူး ..."
ကျန်းဇီမော့ မျက်ရည်များကျလာသည်။
" မင်း ပါးစပ်ပိတ်ထားစမ်း ..."
ဝမ်ပေါ် အော်ပြောလိုက်သည်။
" အခုတော့ ငါ့အစ်ကိုကြီးကိုပါ ချောက်ချတော့မယ်ပေါ့ ..."
ဝမ်ပေါ် အံကြိတ်ထားမိသည်။ သူက ခွန်အားကို အသုံးမပြုနိုင်သေးသဖြင့် သူ့ကို ခက်ထန်စွာသာ ကြည့်နေနိုင်သည်။
" ငါ သေရင် မင်းလွတ်သွားမယ်ထင်နေလား ... မင်းတော်တော်အတာပဲ ... မင်းငါ့ကို သတ်ချင်လားဆိုတာကို ငါက စမ်းသပ်လိုက်ရုံပဲ ..."
ဝမ်ပေါ်ရယ်လိုက်မိသည်။ သူ့ကိုကြည့်ရသည်မှာ သနားစရာကောင်းပြီး ဝမ်းနည်းနေသည့်ပုံပင်။
" ငါနိုးလာတဲ့နေ့က မင်းငါ့ကို တစ်ဘဝလုံး မစောင့်ရှောက်ပေးနိုင်ဘူးလို့ ပြောတယ်လို့ အစ်ကိုကြီးက ပြောပြတယ် ... တစ်ဘဝလုံးမပြောနဲ့ ... လအနည်းငယ် ရက်အနည်းငယ်တောင် မင်းက မစောင့်နိုင်ဘူး ... သူက ငါနဲ့ အလောင်းအစားလုပ်ခဲ့တာ ... ငါ့ကိုသတ်မှ မင်းဒီနေရာက ထွက်သွားလို့ရမယ်ဆို သတ်မှာပဲတဲ့ ... ငါက အဲ့လိုမတွေးနိုင်ခဲ့ဘူး ... ငါ့ရင်ထဲက မင်းက အဲ့လိုမဟုတ်ဘူး ... ငါတို့က ချစ်သူတွေလေ လအနည်းငယ်တောင် ငါ့ကိုမပြုစုပေးပဲ သတ်မယ်လို့ တွေးလိုက်ရတာလဲ ... မင်းသာ ပြုစုပေးမယ်လို့ လိမ်ပြောခဲ့ရင်တောင် မင်းကို ငါတစ်ဘဝလုံး ဂရုစိုက်သွားဦးမှာ ..."
" အဲ့ဒါကြောင့် ငါ မနိုးသေးသလို ဟန်ဆောင်နေခဲ့တာ ... အစ်ကိုကြီးကလည်း စိတ်ကုန်သွားသလို ဟန်ဆောင်ခဲ့ပြီး ဆရာဝန်ကလည်း ငါ့အခြေအနေဆိုးတယ်လို့ပြောပြီး သေခါနီးဖြစ်နေပြီလို့ လိမ်ခဲ့တာ ... ရလဒ်အနေနဲ့ကတော့ မင်းက စိတ်မရှည်နိုင်ဖြစ်ပြီး ငါ့ကိုသတ်ဖို့ အမြန်ကြိုးစားတော့တာပဲ ..."
ဝမ်ပေါ် အော်ပြောလိုက်သည်။
" ဆရာဝန်ကိုယ်တိုင်က ငါအခြေအနေဆိုးနေတယ်လို့ပြောတာတောင် မင်းက အရမ်းအလျင်လိုနေရလား ... ငါ့ကို သဘာဝအတိုင်းပေးမသေနိုင်တဲ့အထိကို သတ်ချင်နေတာလား ..."
ကျန်းဇီမော့ ငိုနေသည်။
" မဟုတ်ဘူး ... ငါ တမင်လုပ်တာမဟုတ်ပါဘူး .. ဝမ်စုကြောင့်ပါ ..."
သို့ရာတွင် ဝမ်ပေါ်က နားမထောင်တော့ပေ။ သေဆုံးခြင်းထက်ပူဆွေးစရာကောင်းသည်က မရှိတော့သည့်အတွက် သူက ကျန်းဇီမော့ကို လက်လျှော့လိုက်ပြီဖြစ်သည်။ သူ၏ဘဝတစ်ခုလုံးက ဟာသတစ်ခုသာဖြစ်သည်ဟု ခံစားလိုက်ရ၍ ဝမ်းနည်းသွားမိသည်။
ဝမ်စုနှင့် ရဲများရောက်လာချိန်အထိ ကျန်းဇီမော့က ငိုယိုနေပြီး ဝမ်ပေါ်ကို ခွင့်လွှတ်ရန် တောင်းပန်နေသည်။ သို့ရာတွင် ဝမ်ပေါ်က မျက်လုံးများမှိတ်ထားပြီး သူ့ကိုမကြည့်တော့ပေ။
ဝမ်စုက ဤအခြေအနေကို အလွန်ကျေနပ်နေသည်။ ဆေးရုံကုတင်နားကပ်သွားပြီး ကျန်းဇီမော့ကို မေးလိုက်သည်။
" ငိုလို့ ဝပြီလား ..."
ကျန်းဇီမော့ သူ့ကိုမော့ကြည့်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" မင်း ငါ့ကိုလိမ်တယ် လူလိမ်ကောင် ..."
ဝမ်စု ရယ်လိုက်မိသည်။ သူမရယ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
" မင်းက အတော်တုံးတာပဲ ... တုံးရုံမကဘူး ရက်စက်လွန်းတယ် ..."
သူ့နောက်မှ ရဲသားများကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
" ကျန်းဇီမော့က လူသတ်ဖို့ နှစ်ကြိမ်တောင် ကြိုးပမ်းခဲ့ပါတယ် ... ပထမဆုံးတစ်ကြိမ်က မရည်ရွယ်ခဲ့ဘူးဆိုရင်တောင် မတော်တဆမှု ဖြစ်ပြီးတဲ့နောပိ ထွက်ပြေးဖို့ကြိုးစားခဲ့လို့ ကျွန်တော့်ညီရဲ့ ဆေးကုသမှု နှောင့်နှေးမလိုဖြစ်ခဲ့ပါတယ် ... အခုလည်း ကျွန်တော့်ညီလေးက ဆေးရုံကုတင်ပေါ်မှာ လှဲနေရပြီကို ဒုတိယအကြိမ်သတ်ဖို့ ကြိုးစားပါတယ် ... ကျွန်တော် ပထမဆုံးအကြိမ် ရဲခေါ်ခဲ့တုန်းကလည်း တိကျတဲ့ သက်သေကို တင်ပြခဲ့ပါတယ် ... အခု နစ်နာသူရဲ့ မိသားစုဝင်အနေနဲ့ ... သူနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ခံရအောင် တရားစွဲပါမယ် ..."
ရဲများက လမ်းတွင် CCTVကိုကြည့်ခဲ့၍ ဘာမှမပြောတော့ပဲ ကျန်းဇီမော့နားကပ်လာပြီး ပြောလိုက်သည်။
" ငါတို့နဲ့ ရဲစခန်းကို လိုက်ခဲ့ပါ ..."
ကျန်းဇီနော့ တစ်ကိုယ်လုံး တုန်ယင်လာပြီး နောက်ဆုတ်ကာ ခေါင်းကို အဆက်မပြတ်ခါယမ်းနေသည်။
" မရဘူး ကျွန်တော့်ကို ဖမ်းလို့မရဘူး ... ကျွန်တော် တမင်လုပ်တာမှ မဟုတ်တာ ... ဝမ်စုက ကျွန်တော့်ကို ချောက်ချတာ ..."
ရဲက လက်ထိပ်ကိုထုတ်လိုက်သည်။
ကျန်းဇီမော့က ဝမ်ပေါ်ကိုကြည့်ပြီး အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်တော့သည်။
" ဝမ်ပေါ်ရေ ဝမ်ပေါ် ငါ့ကိုကူညီပါဦး သူတို့ငါ့ကို ဖမ်းမလို့တဲ့ ... ငါ ထောင်မကျချင်ဘူး ... ငါတောင်းပန်ပါတယ် ငါ့ကိုကယ်ပါ ... မင်းငါ့ကို ချစ်တယ်မလား ... ငါမင်းကို တစ်ဘဝလုံး ဂရုစိုက်ပါ့မယ် ... တကယ်ပါ ..."
ဝမ်ပေါ်က သရော်လိုက်သည်။
" ဒါပေမဲ့ ငါ မလိုတော့ဘူးလေ ..."
သူက ကျန်းဇီမော့ကိုကြည့်လိုက်သည်။
" မင်းသာ ငါ့ကိုသတ်ဖို့ မကြိုးစားခဲ့ရင် ရက်အနည်းငယ်ကြာရင် ငါနဲ့တူတူ ထွက်သွားလို့ရပြီ ငါတို့ အတူတူဆက်ရှိနေကြပြီး မင်းကိုလည်း အရင်လို ချစ်နေဦးမှာပဲ ... ဒါပေမဲဘ မင်းက ငါ့ကို သေစေချင်တယ်လေ ... ထောင်ကျအောင်လုပ်တာလည်း မင်းကိုယ်တိုင်ပဲ ... မင်းရဲ့ လွတ်လပ်ခွင့်ကို ဖျက်ဆီးတာလည်း မင်းပဲ ... အခု ပျော်သွားပြီလား ..."
ကျန်းဇီမော့ အံ့အားသင့်သွားသည်။ ဝမ်ပေါ်ကိုကြည့်နေပြီး တောင့်မခံနိုင်တော့ပဲ မျက်ရည်များ ကျဆင်းလာသည်။
သူ အလွန်အော်ဟစ်ငိုယိုကာ ယူကြုံးမရဖြစ်နေသော်လည်း ထိုနေရာမှ မည်သူမျှ သူ့ကို မသနားကြပေ။