အပိုင်း ၁၁၀
Viewers 12k

ကျန်းဇီမော့က အဝေးသို့ခေါ်ဆောင်သွားခံရပြီး သူမည်မျှပင် ရုန်းကန်နေပါစေ ထောင်သွင်းအကျဉ်းချခံလိုက်ရသည်။ သူထပ်ကာထပ်ကာငိုကြွေးလေသော်လည်း မည်သူကမှသူ့ကိုလာမကြည့်ကြပေ။
ဝမ်ပေါ်က အိပ်ရာပေါ်တွင်လှဲလျောင်းနေပြီး သူ့မျက်လုံးများမှာ တောက်ပနေလျက်ရှိသည်။ ဝမ်စုက သူ့ကိုကြည့်လိုက်ပြီး အချိန်အတော်ကြာမှ ပြောလိုက်သည်။
"ဒါကိုကြည့်ပြီး သင်ခန်းစာယူ... နောက်ဆို အရမ်းမတုံးနဲ့တော့..."
ဝမ်ပေါ်က စကားပြန်မပြောခဲ့ပေ။ အချိန်အတော်ကြာမှသာ ပြန်မေးလိုက်သည်။
"သူဘယ်လောက်ကြာအောင် ထောင်ကျမှာလဲ.."
"အချိန်အကြာကြီးပေါ့...."
ဝမ်စုကပြောလိုက်သည်။
"ငါအကောင်းဆုံးရှေ့နေကိုငှားပြီး သူ့ကိုအကြီးဆုံးပစ်ဒဏ်ချခံရအောင် လုပ်လိုက်မယ်...."
ဝမ်ပေါ်က ဘာမှပြန်မပြောပေ။ ယခုအချိန်အထိ ကျန်းဇီမော့က သူ့ကိုသတ်ရန်ကြံခဲ့ကြောင်း မယုံကြည်နိုင်သေးပေ။
ဝမ်စုကသူ့ကို ဘာမှပြောရန်မလိုလိုက်ပေ။ ဝမ်ပေါ်က လက်တလောတွင် အတော်လေးပြန်ကောင်းမွန်လာပြီး ပြန်လည်ထူထောင်ရေးလုပ်နေသမျှ ပိုကောင်းလာရန်သာရှိသည်။
"မင်းရဲ့ခြေထောက်က အတော်လေးထိခိုက်ထားတယ် ဆိုပေမဲ့ အခြားနည်းမရှိဘူးလေ... ငါမင်းအတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆရာတစ်ယောက်ရှာပေးပါ့မယ်... မကြာခင် မင်းခန္ဓာကိုယ်က ရွေ့လျားနိုင်တော့မှာပါ..."
ဝမ်ပေါ်က ခေါင်းငြိမ့်ပြလိုက်ကာ တီးတိုးလေးပြန်ဖြေလေသည်။
"ကျေးဇူးတင်ပါတယ်..."
ဝမ်စုက သက်ပြင်းချလိုက်ပြီး သူ့ကိုနူးညံ့စွာကြည့်လိုက်သည်။
"ညီအစ်ကိုအချင်းချင်းပဲကို ယဉ်ကျေးမနေပါနဲ့....."
ဝမ်ပေါ်မှာ ထိုအချိန်တွင် အနည်းငယ်ဝမ်းနည်းသွားရသည်။ ဤနေ့များတွင် သူက အသိကပ်နေခဲ့သည်။
သူမနိုးထနိုင်သော်လည်း အသိစိတ်ကရှိနေသေးသည်။ သူက ဝမ်စုသူ့ကိုယ်သူနေ့တိုင်း အပြစ်တင်နေကာ နောင်တတကြီးရေရွတ်နေမှုများကို ကြားနေရပြီး သူ့ထံမှဂရုစိုက်မှုများကို ခံစားသိရှိခဲ့ရသည်။
သူက ကျန်းဇီမော့ကသာ သူ့ကိုအချစ်ဆုံးလူဟုထင်ခဲ့သည်။ သို့သော် အဆုံးတွင် သူ့ကိုအချစ်ဆုံးလူမှာ သူ့မိသားစုသာဖြစ်သည်။
"ကျွန်တော် အနာဂတ်မှာပိုပြီး လိမ္မာပါ့မယ်..."
ဝမ်ပေါ်က ပြောလိုက်သည်။
ဝမ်စုကပြုံးလိုက်မိသည်။
"ကောင်းတာပေါ့ကွာ..."
ဝမ်စုငှားထားသော ပြန်လည်ထူထောင်ရေးဆရာမှာနောက်တစ်နေ့တွင် ရောက်လာခဲ့သည်။ တစ်ဖက်လူမှာ အလွန်ကျွမ်းကျင်ကာ စိတ်ရှည်ပေသည်။ ဝမ်ပေါ်နိုးလာသည်နှင့် သူနှင့်အတူ လေ့ကျင့်ခန်းသေချာလိုက်လုပ်သည်။ တဖြေးဖြေးချင်းဖြင့် သူ့လက်များက လှုပ်ရှားနိုင်လာပြီး ထထိုင်လာနိုင်ခဲ့သည်။
သူ့ခြေထောက်များက ဆိုးဆိုးဝါးဝါးထိခိုက်သွား၍ ဘဝတစ်လျောက်လုံး ဝှီးချဲပေါ်မှ မထဘဲနေရတော့မည်ဖြစ်သည်။ သို့သော် သေဆုံးရသည်နှင့်ယှဉ်လျှင် ဝှီးချဲပေါ်ထိုင်ရသည်မှာ ဘာမှမဟုတ်ပေ။
ဝမ်ဖေဖေက သူ့ကိုအကြိမ်ရေများစွာဖုန်းခေါ်ခဲ့သည်။ သူက လွန်ခဲ့သည့်နှစ်များတွင် ကျန်းမာရေးမကောင်းသဖြင့် အားပြန်ဖြည့်ရန် နိုင်ငံခြားသို့ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဝမ်စုက သူ့ကိုကားမတော်တဆမှုအကြောင်းမပြောပေ။ ဝမ်ပေါ်ကလည်း သူနှင့်အတူပူးပေါင်းပြီး ထိုကိစ္စကိုဖုံးကွယ်ပေးခဲ့သည်။ ဝမ်ဖေဖေမှာ ဘာမှမသိပေ။
ဝမ်ပေါ် တရားဝင်ဆေးရုံမှဆင်းပြီး ဝမ်အိမ်ကိုပြန်သွားခဲ့သည်။
ဝမ်မင်ယီမှာ စစ်ကျွင်းတောက်ထံမှ ကျန်းဇီမော့ထောင်ကျသွားပြီဖြစ်ကြောင်း ကြားစဉ်က သူ့လက်ထဲမှ အာလူးကြော်ပင် ပြုတ်ကျသွားလုလုဖြစ်ခဲ့သည်။ စစ်ကျွင်းတောက်မှာ ခေါင်းလေးငုံ့ရင်း အာလူးကြော်စားနေပါသည့် ဝမ်မင်ယီ့ခေါင်းလေးကို ထိကာ ရှင်းပြလိုက်သည်။
"သူက ဝမ်ပေါ်ကိုသတ်ချင်တာလေ..."
"ဘယ်လိုဖြစ်သွားရတာလဲ..."
ဝမ်မင်ယီ ပဟေဠိဖြစ်သွားရသည်။
စစ်ကျွင်းတောက်က သူ့ဘေးတွင်ထိုင်ချလိုက်ပြီး ဇာတ်လမ်းတစ်ခုလုံးကိုရှင်းပြလေသည်။ ဝမ်မင်ယီက ကျန်းဇီမော့တစ်ယောက် ထိုမျှရက်စက်လိမ့်မည်ဟုမထင်ခဲ့ပေ။
ဝမ်ပေါ်ကို မစောင့်ရှောက်ချင်တော့တာနဲ့ သူ့လက်နဲ့ကိုယ်တိုင်သတ်ဖို့ ကြိုးစားတယ်တဲ့လား... သူ့မှာအသိတရားဆိုတာရှိသေးရဲ့လားပဲ...
သို့သော် အရင်ဘဝကသူ၏သေဆုံးမှုအပေါ် အကဲဖြတ်ကြည့်ရလျှင် ကျန်းဇီမော့တွင် အသိတရားမရှိသည်မှာ သေချာသလောက်ရှိပေသည်။
"သူကကကြောက်ဖို့ကောင်းတာပဲ...."
ဝမ်မင်ယီကပြောလိုက်သည်။
"သူက ဝမ်ပေါ်ကို သူ့လက်နဲ့ကိုယ်တိုင်သတ်မယ်လို့ မထင်ထားခဲ့ဖူးဘူး...."
စစ်ကျွင်းတောက်မှာလည်း ကျန်းဇီမော့ကို ပထမဆုံးတွေ့ချိန်က တစ်ဖက်လူက သိမ်မွေ့ကာ သနားညှာတာတတ်သူဟု ခံစားခဲ့ရသည်။ သို့သော်မကြာမီတွင် ထိုနှစ်ယောက်၏ လှည့်ကွက်တို့ပြည့်နေသော ဆက်ဆံရေးတွင် ကျန်းဇီမော့၌ ချို့ယွင်းချက်တို့ရှိနေပါသော်လည်း သူ့ကိုယ်သူအရူးဖြစ်အောင်လုပ်ပြီး သူ့အပေါ်အကောင်းဆုံးလူဖြစ်သည့် ဝမ်ပေါ်ကိုပါ သတ်ရန်ကြိုးစားလာခဲ့မည်ဟု မထင်ခဲ့ပေ။
"သူထောင်ထဲကထွက်လာဖို့ ခက်လိမ့်မယ်..."
စစ်ကျွင်းတောက်ပြောလိုက်သည်။
"ဝမ်မိသားစုက သူ့ကိုအလွှတ်ပေးမှာမဟုတ်ဘူးလေ... သူကံကောင်းလွန်းလို့ ထောင်ထဲကထွက်လာရမယ့်နေ့ရှိလာရင်တောင် အနာဂတ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး..."
ဝမ်မင်ယီက အရင်ဘဝက သူသေဆုံးစဉ်ကလည်း စစ်ကျွင်းတောက်က ကျန်းဇီမော့ကို ထောင်ထဲပို့ရန် ကြိုးစားခဲ့၍ သူကထိုအကြောင်းကိုနားလည်ပေသည်။ ထိုအချိန်ကလည်း စစ်ကျွင်းတောက်က ကျန်းဇီမော့ကို ကျန်းဇီမော့ကို ထောင်ထဲမှ အသက်ရှင်လျက်ထွက်မလာအောင်လုပ်ရန် ပြင်ဆင်ခဲ့သေးသည်။ သူက ကျန်းဇီမော့ကို တစ်သက်လုံးထောင်ထဲတွင်နေလျှင်နေ မနေလျှင်ထောင်ထဲ၌သေဆုံးအောင် လုပ်ချင်ခဲ့သည်။
ဝမ်စုမှာလည်း ထိုသို့တစ်ပုံစံတည်းလုပ်မည်သာဖြစ်ပြီး အထူးသဖြင့် ကျုးဇီမော့မှာ ဝမ်ပေါ်ကိုနှစ်ကြိမ်နှစ်ခါပင် သတ်ရန်ကြိုးစားခဲ့သေးသည်။
"ဝမ်ပေါ်အတွက်တော့ခက်ခဲနေမှာပဲ...."
ဝမ်မင်ယီက ပျော်ရွှင်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။
"အတော်လေးသက်တောင့်သက်သာမရှိဘဲ သနားစရာကောင်းနေလောက်မှာ...."
"နာကျင်နေရမှာပေါ့ကွာ... ဒီကိစ္စပြီးတော့ သူလည်း ကျန်းဇီမော့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သွားပြီမလို့ သူ့ရဲ့ချစ်ခင်မှုတွေလည်း မရှိလောက်တော့ဘူး... ဝိဉာဉ်ပါလွင့်သွားသလိုဖြစ်လောက်မှာ...."
"အဲ့လိုဖြစ်သင့်တာလေ.. သူနဲ့ထိုက်တန်ချက်ပဲ..."
ဝမ်မင်ယီက မှတ်ချက်ချလိုက်သည်။
စစ်ကျွင်းတောက်မှာ ဝမ်မင်ယီက ဝမ်ပေါ်ကိုမကြိုက်ကြောင်းသိသလို ဝမ်ပေါ်က ဝမ်မင်ယီအပေါ်တွင်လုပ်ခဲ့သော အရာများကိုလည်း မကြိုက်၍ ဘာမှဆက်ပြီးမှတ်ချက်မပေးတော့သော်လည်း စကားတစ်ခွန်းသာပြောလိုက်သည်။
"မင်း သူတို့ကိုတွေ့ချင်ရင်ကိုယ့်ကိုပြောလေ... ကိုယ်မင်းနဲ့အတူတူလိုက်ခဲ့မယ်...."ဝမ်မင်ယီကပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းသူနဲ့စကားပြောမှာ... ကောလိုက်မလာရဘူးနော်..."
စစ်ကျွင်းတောက်မှာ သူ့ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။
"ကိုယ်သိလို့မရတဲ့အရာမျိုး ရှိနေလို့လား...."
ဝမ်မင်ယီကခေါင်းခါပြလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်သူ့ကို သွားပြီးလှောင်ချင်လို့ပါ... အဲ့လိုမကောင်းတဲ့ဘက်အခြမ်းကို မပြချင်ဘူးလေ... မဟုတ်ရင် ကောက ကျွန်တော့်ကို အပြစ်တင်ပြီး သင်ခန်းစာတွေပေးမှာစိုးလို့ပါ..."
ဝမ်မင်ရီက သူ့လက်မောင်းကိုဖက်ရင်း ပြောလိုက်သည်။
"နော်လို့.. ဒီတစ်ခါတည်းပါ..."
စစ်ကျွင်းတောက်မှာ သူ့နှဖူးလေးကို နမ်းလိုက်ပြီးပြောလိုက်သည်။
"ကောင်းပါပြီဗျာ..."
"ကောကောအကောင်းဆုံးပဲ...."
ဝမ်မင်ယီက သူ့ကို ပျော်ရွှင်စွာ နမ်းလိုက်သည်။
ကျန်းဇီမော့မှာ ဝိတ်အတော်ကျသွားပြီး သူ့မျက်နှာတွင် အရိုးတို့ငေါထွက်နေပြီး အသားအရည်မှာလည်း အနည်းငယ်ညစ်ထေးသွားသည်။ သူက ဝမ်မင်ယီကိုကြည့်ပြီး သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။
"ငါ့ကို ပထမဆုံးလာတွေ့တဲ့လူက မင်းဖြစ်နေမယ်လို့ မထင်ခဲ့ဘူး...."
ဝမ်မင်ယီက သူ၏စိတ်ဓာတ်ကျနေသော ပုံကိုကြည့်ပြီး အတော်လေးစိတ်သက်သာရာရသွားသည်။ သူက ဂုဏ်ယူစွာပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်းကိုယ်မင်း ဘယ်လောက် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းလဲ သိသွားပြီလား...."
ကျန်းဇီမော့မှာ ရုတ်တရက်ကြီး တိတ်ဆိတ်သွားကာ သူ့မျက်နှာမှာ တင်းမာသွားခဲ့သည်။
"ငါ့ကိုဘာလို့လာတွေ့တာလဲ.... ငါ့ကိုလာလှောင်တာလား..."
"ဒါပေါ့... မဟုတ်ရင်ငါကလာလို့လာရမှာလဲ... မင်းကိုနှစ်သိမ့်ပေးဖို့လာရမှာလား..."
ဝမ်မင်ယီမှာ ပြုံးပြလိုက်သည်။
"မင်းဘာတွေများတွေးနေလဲ... ငါကအဲ့လိုလူမျိုးပဲလေ...."
ကျန်းဇီမော့မှာ ဤစကားဝိုင်းကို အဆုံးသတ်ချင်သည့်အလား မတ်တတ်ထလိုက်ပြီး သူ့ကိုစူးစိူက်ကြည့်လေသည်။
"မင်းမသိတာတစ်ခုကို ငါပြောပြမလို့ နားထောင်ချင်လား...."
ဝမ်မင်ယီကပြောလိုက်သည်။
ကျန်းဇီမော့က ထိုစကားကိုကြားသည်နှင့် တိတ်ကျသွားပြီး ပြန်ထိုင်လိုက်သည်။
"ပြောကြည့်လေ..."
"ငါ ကျောက်ဝမ်ယွီရိုက်တဲ့ ဇာတ်ကားအတွက် လူရွေးပွဲဝင်ဖြေထားတာ အောင်သွားတာကို မင်းသိမှာပေါ့..."
.....
"ငါသိတယ်...."
ကျန်းဇီမော့ အံတင်းတင်းကြိတ်လိုက်သည်။
"ဒါဆိုရင် ကျောက်ဝမ်ယွီက ငါ့အဖေဆိုတာတော့ မင်းသိမှာမဟုတ်လောက်ဘူး...."
ကျန်းဇီမော့မှာ မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မင်းရဲ့မျိုးရိုးနာမည်က ဝမ်လေ... သူ့မျိုးရိုးနာမည်က ကျောက်လေ..."
"ငါက ငါ့အမေရဲ့ မျိုးရိုးနာမည်ကို ယူထားတာလေ...."
ဝမ်မင်ယီက ဆက်ပြောလိုက်သည်။
"ငါ့အမေရဲ့ တရုတ်နာမည်က ဝမ်ဝေ့တဲ့.. ဒါပေမဲ့ လူတွေက သူ့ကို သူ့ရဲ့အင်္ဂလိပ်နာမည်ဖြစ်တဲ့ ဗီဗီယန်ဆိုတဲ့နာမည်နဲ့ပဲ ခေါ်ချင်ကြတာလေ... မင်းလည်း အဲ့တာကိုသိလောက်မှာပါ..."
ကျန်းဇီမော့မှာ မယုံကြည်နိုင်ဖြစ်နေသည်။
"မင်းရဲ့မိဘတွေကသူတို့လား...."
"ဟုတ်တာပေါ့...."
ဝမ်မင်ယီကခေါင်းငြိမ့်ပြလိုက်သည်။
"ငါ့အဖေနဲ့အမေက သူတို့လက်ထပ်ထားတာကို ဖုံးကွယ်ထားကြတာလေ... အများစုက သူတို့ကို လင်မယားမှန်းမသိကြဘူး... ဒီတော့ အစကတည်းက ငါကငွေရောကျော်ကြားဖို့ရော မလိုချင်ခဲ့ဘူး... ငါက ငါ့မိဘတွေရဲ့ အာရုံစိုက်မှုကို ခံချင်ရုံပဲ... သူတို့က ငါ့ကိုဂရုမစိုက်ခဲ့တာ အတော်ကြာနေခဲ့လိုပဲ..."
ကျန်းဇီမော့က သူဝမ်မင်ယီနှင့် အရင်ကတည်းက စကားများရန်ဖြစ်ခဲ့ရပြီး အစကနေအဆုံးအထိ ဝမ်မင်ယီက သူ့ကိုလိုက်ရှုပ်နေခဲ့သူဟုသာ ထင်ခဲ့သော်လည်း အမှန်တကယ်မှာ သူကိုယ်တိုင်ကသာ သူ့ကိုယ်သူ ဤအခြေအနေအထိ ရောက်သွားစေသူဖြစ်သည်။
"ငါအဓိကပြောချင်တာ ငါ့မိဘတွေအကြောင်းမဟုတ်ဘူး.... စစ်ကျွင်းတောက်အကြောင်းပဲ..."
ကျန်းဇီမော့က မော့ကြည့်လိုက်သောအခါတွင် မျက်စိနောက်စရာကောင်းအောင် ပြုံးနေသော ဝမ်မင်ယီ၏မျက်နှာကို မြင်လိုက်ရသည်။
"ငါတို့ကတွဲနေကြတာလေ...."
ဝမ်မင်ယီကတက်ကြွစွာပြောလိုက်သည်။
"အရင်တစ်ခေါက်က မင်းက ငါသူ့ကိုနမ်းတာကိုမြင်လိုက်တယ်မလား... မင်းက ငါ့အစ်ကိုကိုပြန်ပြောပြမှာမှန်းသိတော့ ငါကတမင်လုပ်လိုက်တာပေါ့.. မင်းကိုပြဖို့တမင်လုပ်ခဲ့တာလေ...."
သူက အခြားတစ်ဖက်မှလူကိုကြည့်ပြီး တမင်တကာပြောလိုက်သည်။
"မင်းက သူနဲ့တကယ်ချစ်ကြိုက်ချင်နေတာမလား... ငါနားလည်ပါတယ်လေ.. သူနဲ့ချစ်ကြိုက်ရတာ တကယ်ကောင်းတာကိုးကွ... အထူးသဖြင့် ဖက်တာ နမ်းတာနဲ့ လျှို့ဝှက်အပ်တဲ့အရာတွေလုပ်ရတာ အကောင်းဆုံးပဲ... ကံဆိုးစွာနဲ့ မင်းကတော့ အဲ့တာတွေကို မကြုံရဘူးပေါ့... အရင်ကရော အခုရော နောင်ရော မကြုံရတော့ဘူး...."
ကျန်းမော့ဇီက အံတင်းတင်းကြိတ်ပြီး သူ့ကိုကြည့်လာသည်။
ဝမ်မင်ယီက ပြုံးပြုံးလေးပြောလိုက်သည်။
"ငါတို့ အနာဂတ်မှာ လက်ထပ်ခဲ့ရင် ငါတို့လက်ထပ်ပွဲရဲ့ cdတစ်ချက်ကို ကော်ပီပွားပြီးပေးမယ်လေ... ဒီတော့ ငါတို့ရဲ့အချစ်ကို မင်းကိုယ်တိုင်မြင်တွေ့ခံစားရတာပေါ့.... မင်းကိုအခုလည်းပြနိုင်တယ်ဆိုပေမဲ့လည်း သူက မင်းကိုပြချင်မှာမဟုတ်ဘူးလေ... မင်းသိလား သူက ငါကလွဲတို့ တခြားသူတွေအပေါ် ရက်စက်တတ်တယ်... သူက ငါကလွဲလို့ အခြားလူကို နောက်လှည့်မကြည့်မယ့်လူစားမျိုး... "
"တကယ်တော့ ဒီနေ့သူက ငါနဲ့လိုက်လာတယ်လေ...."
ဝမ်မင်ယီက တံခါးကိုလက်ညှိုးထိုးပြလိုက်သည်။
"ဒါပေါ့ တံခါးအနောက်မှာရှိတယ်လေ.. ဒါပေမဲ့ မင်းနဲ့မတွေ့စေချင်လို့ ငါကသူ့ကိုမဝင်လာခိုင်းတာ....ကျန်းဇီမော့ မင်းသိထားရမှာက... မင်း သူ့ကိုဘယ်သောအခါမှ ထပ်မတွေ့ရတော့ဘူး ဆိုတာကိုပဲ..."
ဝမ်မင်ယီက မတ်တတ်ရပ်လိုက်သည်။ ကျန်းဇီမင်က သူ့ကိုစူးစိုက်ကြည့်နေပြီး သူ့မျက်လုံးများက အနည်းငယ်နီမြန်းလို့နေသည်။
ဝမ်မင်ယီက ခေါင်းလေးစောင်းကာ ပြုံးပြလိုက်ပြီး အပြင်ထွက်လိုက်သည်။
အရင်ဘဝက ငါ့ရဲ့သေဆုံးမှုကစခဲ့တဲ့အရာက အခုတော့ အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီပဲ...
ဝမ်မင်ယီမှာ အတော်လေး သက်တောင့်သက်သာရှိကာ ပျော်ရွှင်နေသည်။ သူကျန်းဇီမော့ကို ထောင်ထဲတွင် တွေ့လိုက်ရ၍ အတော်လေး စိတ်သက်သာရာရသွားပြီဖြစ်သည်။
ဝမ်မင်ယီက နေရောင်ခြည်ကိုငေးကာ သက်ပြင်းချလိုက်ပြီး နေရောင်ခြည်အောက်တွင် ရပ်နေသောစစ်ကျွင်းတောက်ဆီပြေးဖက်ကာ ရယ်မောလိုက်လေသည်။
သူ့ကိုယ်သူ စစ်ကျွင်းတောက်ရင်ခွင်ထဲတွင် နစ်မြုပ်စေလိုက်သည်။
သို့သော် ဝမ်မင်ယီက အရာတိုင်းက လွယ်လွယ်ကူကူပြီးဆုံးမသွားကြောင်း မသိလိုက်ပေ။ဝမ်ပေါ်က အတော်ကြာအောင် အိပ်စက်မရအောင်ဖြစ်နေမိသည်။ မူလက ကား အက်စီးဒင့် ကြောင့် ဖြစ်သည်ဟုထင်ခဲ့သော်လည်း ၎င်းနှင့်တူသော်လည်းကွဲပြားနေကြောင်းတွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ဆိုးများစွာကို မက်နေခဲ့၍ဖြစ်သည်။
သူ့အိပ်မက်ထဲတွင် သူ့ကိုယ်သူအပြင် သူ့အစ်ကိုနှင့် စစ်ကျွင်းတောက်တို့ကို မြင်ရလေသည်။
သူက အပြင်လူနှင့်ပူးပေါင်းက ဝမ်စုကိုလုပ်ကြံပြီး ထောင်ထဲပို့လုနီးနီးဖြစ်သွားခဲ့သည်။ သူကဝမ်စုကိုပြောလိုက်သေးသည်။
"အစ်ကိုကြီး ကျွန်တော်လည်း မတတ်နိုင်ဘူး...ကျွန်တော့် ဘဝပုံစံကို ပြန်ပြင်တော့မလို့ ဒီတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့...".
ဝမ်စုမှာ သူ့ကိုဘာမှပြန်မပြောဘဲ အေးစက်စက်နှာမှုတ်လိုက်ကာ ဝမ်းနည်းမှုတို့အပြည့်ဖြစ်နေသော မျက်လုံးများကို အကြည့်လွှဲချလိုက်သည်။
ဝမ်စုက သူ့ကိုဘာမှမပြောပဲ မြို့ထဲမှထွက်သွားခဲ့သည်။ သူဝမ်စုကို နောက်ဆုံးအကြိမ်သွားတွေ့သည့် အချိန်တွင်လည်း သူစိမ်းတစ်ယောက်ကို ကြည့်သလို ကြည့်လာခဲ့သည်။
"ငါ့ကိုအစ်ကိုလို့မခေါ်နဲ့... ငါနဲ့မထိုက်တန်ပါဘူး..."
ဝမ်ပေါ်က ဝမ်စုလေယာဉ်ပေါ်တက်သွားသည်ကို ကြောက်လန့်တကြား ကြည့်နေမ်သည်။ သူတားလိုက်ချင်ပါသော်လည်း သူ့ကိုယ်သူ လှုပ်မရကြောင်း တွေ့လိုက်ရသည်။ ဝမ်စုထွက်ခွာသွားသည်ကိုသာ တမေ့တမောကြည့်နေခဲ့ရလေသည်။
အဲ့လိုမဖြစ်သင့်ဘူး... အဲ့လိုမဖြစ်သင့်ဘူး...
ဝမ်ပေါ် အိပ်မက်မှလန့်နိုးလာခဲ့သည်။ သူဘာကြောင့် ထိုကဲ့သို့ အိပ်မက်မျိုးမက်လာကြောင်း မသိတော့ပေ။
သူကဘယ်လိုလုပ်ပြီး အခြားသူနဲ့ပူးပေါင်းပြီး သူ့အစ်ကိုကို ဘာလို့ချောက်ချရတာလဲ... သူက ဝမ်မိသားစုကို ဘယ်သောအခါမှမထိန်းချုပ်ချင်ဘူးလေ... သူ့အစ်ကိုကို အပြည့်အဝထောက်ခံပေးတာကို...
နောက်တစ်နေ့တွင် သူအိပ်မက်တစ်ခုမက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူက အတော်ကြီးချွန်ထက်သည့် ဓားတစ်ချောင်းကိုယူပြီး စစ်ကျွင်းတောက်ကို ထိုးသတ်ခဲ့လေသည်။
ဝမ်ပေါ် ချွေးများရွဲစိုကာ နိုးလာခဲ့ရသည်။
သူကဘယ်လိုလုပ် စစ်ကျွင်းတောက်ကိုသတ်နိုင်ရမှာလဲ... ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ... သူ့အဖေနဲ့ သူ့အစ်ကိုက သူ့ကိုသတ်မှာပေါ့....
သို့သော် မကြာမီတွင် ဝမ်ပေါ်က ထိုအကြောင်းတွေးလိုက်သည်။ ဝမ်စုက သူ့ကိုထားသွားခဲ့ပြီး ထားသွားခဲ့သည်မှာလည်း ကြာလှပြီဖြစ်လေသည်။
သူ ထိုတောင်စဉ်ရေမရသော အိပ်မက်များကို ဆက်တိုက်မက်လေသည်။ သူက ကျန်းဇီမော့က ဝမ်မင်ယီကိုတွန်းလိုက်ကာ ကားမတော်တဆဖြစ်စေခဲ့ကြောင်း မက်ခဲ့သည်။ ဝမ်မင်ယီမှာ ကံမကောင်းခဲ့ဘဲ ပွဲချင်းပြီးသေဆုံးခဲ့သည်။ စစ်ကျွင်းတောက်က ကျန်းဇီမော့ကို ထောင်ထဲထည့်ရန် ကြိုးစားသော်လည်း သူက စစ်ကျွင်းတောက်ကိုတားဆီးရန် အစွမ်းကုန်ကြိုးစားခဲ့လေသည်။
ထိုအိပ်မက်များက ပိုမိုထူးဆန်းကာ အချိတ်အဆက်မိလာခဲ့သည်။ သူက ကျန်းဇီမော့ကိုကာကွယ်ရန်အတွက် ဝမ်မိသားစုတစ်ခုလုံးကို လက်ဝါးကြီးအုပ်ခဲ့ပြီး သူ့အစ်ကိုကိုထောင်ချောက်ဆင်က အဝေးသို့ထွက်သွားစေခဲ့သည်။
ဝမ်စုက သူ့ကိုလုံးဝစိတ်ပျက်သွားပြီး ထွက်သွားခဲ့သည်။
သူက စစ်ကျွင်းတောက်ကိုသတ်ခဲ့ပါသော်လည်း အပြစ်ဒဏ်မခံရဘဲ ကျန်းဇီမော့စိုးရိမ်နေရသည့် လူတစ်ယောက်ပျောက်ကွယ်သွားသလိုသာ ပျော်ရွှင်နေခဲ့သည်။
ဝမ်ပေါ်က ၎င်းကို မဖြစ်နိုင်သလို ယုတ္တိမရှိဟု တွေးလိုက်မိသည်။ သူ့တွင် သူ့အစ်ကိုကို ထောင်ချောက်ဆင်ပြီး ရာထူးမှဖြုတ်ချရန် အရည်အချင်းမရှိသလို စစ်ကျွင်းတောက်ကိုသတ်ရန်လည်း သတ္တိမရှိပေ။
သို့သော် သူထိုအိပ်မက်များကို ထပ်ကာထပ်ကာမက်ခဲ့ပြီး အသေအချာတွေးကြည့်သောအခါတွင် ကားတိုက်ခံရသည့်နေရာတွင် သူမဟုတ်ဘဲ ဝမ်မင်ယီဖြစ်သည့်နေရာမှစကာ စစ်ကျွင်းတောက်က ပြန်လည်လက်စားချေသည့် အခြေအနေအထိကဖြစ်နိုင်ပြီး သူကကျန်းဇီမော့ကိုကာကွယ်ပေးလိုသဖြင့် အခြားအရာများကိုလုပ်ခဲ့သည်ကို မဖြစ်နိုင်သလို သူကလည်းလက်မခံနိုင်ပေ။
အိပ်မက်ထဲမှဝမ်ပေါ်မှာ အကြောက်အလန့်ကင်းမဲ့သော်လည်း လက်တွေ့ဘဝမှဝမ်ပေါ်မှာ ၎င်းကို လက်မခံနိုင်ပေ။
သူက ဝမ်စုထွက်ခွာသွားပြီး သူက စစ်ကျွင်းတောကို သတ်လိုက်သည်ဟူသော အိပ်မက်များကို အဆက်မပြတ်မက်လေသည်။ ၎င်းက သူ့ကိုအိပ်စက်ရန်ပင် ကြောက်ရွံ့စေပြီး ဆေးများပင်သောက်နေရသည်။
ဝမ်စုမှာ သူဘာကြောင့်ဤသို့ဖြစ်နေရလဲ နားမလည်တော့ချေ။
"ဘာဖြစ်ရတာလဲ,.. အခုတလော မင်းကောင်းကောင်းအိပ်မပျော်ဘူးလို့ ဆရာဝန်ကပြောနေတယ်...."
ဝမ်ပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။
ဝမ်စုက သူကိုမေးလာပြန်သည်။
"ကြည့်ရတာ အိပ်မှာနေပြီး ဘာမှလုပ်စရာမရှိလို့နေမယ်... အစ်ကိုနဲ့ ကုမ္ပဏီကိုလိုက်ခဲ့..."
ဝမ်ပေါ်က ကုမ္ပဏီဟူသော အသံကိုကြားသည်နှင့် ချက်ချင်းငြင်းဆိုလိုက်သည်။
"ကျွန်တော်မလိုက်ချင်ဘူး...."
ဝမ်စုမှာ ထိုစကားကိုကြား၍ ပဟေဠိဖြစ်သွားသော်လည်း ဝမ်ပေါ်မှာ ခေါင်းကြီးငုံ့ကာ သူ့ကိုပြန်မကြည့်ရဲပေ။
သူကုမ္ပဏီကိုမသွားချင်သလို သွားလည်းမသွားရဲပေ။ ကျန်းဇီမော့က ထောင်ထဲရောက်နေပြီဖြစ်သော်လည်း တစ်နေ့တွင် သူအိပ်မက်ထဲကလိုဖြစ်လာပြီး သူကဝမ်စုကိုချောက်ချကာ ဝမ်စုက သူ့ကိုစိတ်ပျက်ကာ အေးစက်နေသောမျက်လုံးများဖြင့်ကြည့်လာမည်ကို မခံချင်ပေ။
"ကျွန်တော် နားပဲနားချင်တယ်...."
ဝမ်စုမှာ သဘောတူလိုက်သော်လည်း ဝမ်ပေါ်မျက်နှာကိုကြည့်လေလေ စိုးရိမ်လာလေလေဖြစ်သည်။
ဝမ်ပေါ်မှာ ဤရက်ပိုင်းအတွသ်း အိပ်မက်ဆိုးများကို ထပ်ကာထပ်ကာမက်လေသဖြင့် ဆေးပင်မသောက်ရဲတော့သလို သစ်သီးလှီးဓားကိုပင် ကြောက်ရွံ့လာတော့သည်။
သူ စိတ်ဆရာဝန်တစ်ယောက်နှင့်တွေ့ပြီး သူ့ကိုစိတ်သက်သာရာရအောင်လုပ်ပေးကာ သူ့အိပ်မက်ကို အကောင်းဘက်ကနေကြည့်နိုင်အောင် လုပ်ခဲ့သည်။
သို့သော် သူအကောင်းဘက်ကို လုံးဝမကြည့်နိုင်ပေ။ သူက အဆိုးဘက်ကိုသာတွေးပြီး မကောင်းမြင်စိတ်တို့များလာခဲ့သည်။ တစ်ညလုံးမအိပ်ဘဲနေနေပြီး ဆေးများလည်း မသောက်တော့ပေ။ သူ့တစ်ကိုယ်လုံးမှာ စိတ်ဝိဉာဉ်ပျောက်ဆုံးနေသည့်အလား ဖြစ်နေသည်။