Chapter 155
"နင်းဝမ်မင်းသား..."
ဧကရာဇ် ယွင်ချင် သည် ရေထဲမှ ထွက်လာသောငါးကဲ့သို့ သူ့ပါးစပ်ကို အားယူဖွင့်လိုက်သည်။ ကြောက်လန့်ပြီး အားကိုးရာမဲ့သလို ဖြစ်နေတော့သည်။
"ခမည်းတော်၊ ကျွန်တော်က နင်းဝမ်မင်းသားမဟုတ်တော့ဘူးလေ၊ ဘာလို့မေ့နေတာလဲ"
ကျန်းလော သည် သူ့ဓားကို ဧကရာဇ် ယွင်ချင် ၏လည်ပင်းထက်ဝယ် တင်ထားလိုက်သည်။ သားဖြစ်သူက သူ့အဖေကိုသတ်ဖို့ ကြိုးပမ်းရင်း နန်းတော်ထဲကို တပ်ဖွဲ့ဝင်များ အလုံးအရင်းနှင့်ဝင်စီးခဲ့သည်။ဤကိစ္စမျိုးက သမိုင်းမှာ ပျောက်ကွယ်သွားနိုင်သော်လည်း ကျန်းလော ကတော့ လုပ်ခဲ့သည်။သူ့မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခုပင် ရှိနေသည်။
"လူယုတ်မာ၊ မင်း အဖေကိုသတ်ချင်တာလား"
ဧကရာဇ် ယွင်ချင် ဒေါသထွက်ပြီး အသက်ပင်မရှူနိုင်တော့။မျက်လုံးကြီးပြူးကာ သူ့သားကို ရူးသွပ်စွာ ကြည့်နေသည် ။
"မင်းရူးနေလား"
"ကျွန်တော်ရူးနေတာကြာပြီ၊ခမည်းတော်က အိမ်ရှေ့မင်းသားကိုကျ မျက်နှာသာပေးပြီး ကောင်းတဲ့ပစ္စည်းတွေချည်း ပေးနေတော့ ကျွန်တော် ရူးနေပြီ"
ကျန်းလော၏ အပြုံးသည် အဆုံးမဲ့ နာကြည်းမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ကျွန်တော်နဲ့ အိမ်ရှေ့စံက ညီအကိုတွေပါ၊ ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက ခမည်းတော်က အိမ်ရှေ့စံကိုပဲ ကောင်းတာမှန်သမျှ ပေးခဲ့တာ၊ ကျွန်တော့်ကို ခမည်းတော်ရဲ့ သားလို့ သတ်မှတ်သေးရဲ့လား"
ဧကရာဇ် ယွင်ချင် သည် ကျန်းလောကို စကားမပြောရဲပေ။
"ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဆင်ပြေပါသေးတယ်၊ နောက်တော့ အိမ်ရှေ့စံကိုတော့ ရှစ်မိသားစုနဲ့ လက်ထပ်ခိုင်းတယ်.. ရှဲ့မိသားစုလို ဘာမဟုတ်တဲ့ မိသားစုက သမီးနဲ့ကျ ကျွန်တော့်ကို လက်ထပ်ဖို့ပြောခဲ့တယ်၊ဒါပေမယ့် ကျွန်တော်နဲ့ လက်မထပ်ခင်ကတည်းက ရှံမိသားစုက အကြီးဆုံးသား ရဲ့ရာထူးကို ဘာလို့ ဖယ်ထားတာလဲ၊ခမည်းတော်ရဲ့ ဒုတိယသားက ဟာသသက်သက်ဖြစ်ပြီး ခမည်းတော်ရဲ့ နှလုံးသားထဲမှာ နေရာမရှိဘူးဆိုတာကို ကမ္ဘာကြီးပါ ပြချင်တာလား"
ဧကရာဇ်သည် သူ၏ ဒုတိယသားတော်က ဤမျှအငြိုးအတေးထားနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤနှစ်များအတွင်း သူသည် အိမ်ရှေ့စံကိုသာ လေ့ကျင့်သင်ကြားပေးပြီး တခြားသားတော်များကို ပစ်ထားခဲ့၏။ယခုလို ပြုလုပ်ခြင်းမှာ တခြားသားတော်များသည် ထီးနန်းလုလာမည်ကိုစိုးရိမ်တာကြောင့် အစကတည်းက မျှော်လင့်ချက်မပေးထားခြင်းပင်။ သူနှင့် သူ့ဘိုးဘေးတို့ ကြုံခဲ့ရသည့် အဖြစ်ဆိုးများကို ရှောင်နိုင်မည်ဟုညမူလက ထင်ခဲ့သည်။ဒါပေမယ့် ဒီလောက် ကြီးမားသော လျှို့ဝှက်အန္တရာယ်ကဖြစ်လာမယ်ဆိုတာ ဘယ်သူသိမလဲ...
“အခု မင်း နောက်ပြန်ဆုတ်ရင် ငါမင်းကို ဘာမှမလုပ်ဘူး"
ကျန်းလော ရွဲ့ပြီး ရယ်လိုက်သည်။ "ဟားဟား၊ ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကလေးလို့ ထင်နေသလား၊ ခမည်းတော်ပြောသမျှကို ယုံမယ်ထင်လား"
လွန်ခဲ့သောဆယ်နှစ်က အိမ်နီးချင်းနိုင်ငံများက ဂုဏ်ပြု လက်ဆေင်ပစ္စည်းအဖြစ် ပေးသော အသုံးအဆောင်လေးများကို သူ အတော်သဘောကျခဲ့သည်။ခမည်းတော်ကလည်း သူ့ကို ပေးမယ်လို့ ပြောသည်။သို့သော်လည်း အဆုံးတွင်၊ အိမ်ရှေ့စံက အိမ်စာကောင်းကောင်းလုပ်၍ ထိုပစ္စည်းများကို အိမ်ရှေ့စံအား ပေးပစ်လိုက်တော့သည်။
နောက်ပိုင်းတွင် အိမ်ရှေ့စံက သူ သဘောကျနေကြောင်း သိလာသည့်အခါ တောင်းပန်စကားဆိုပြီး တစ်ယောက်ယောက်ကို ပြန်လာပို့ခိုင်းလိုက်သည်။သို့ရာတွင် ခမည်းတော်က သူ့ကို ဒေါသထွက်ပြီး ရိုက်နှက်ခဲ့သည်။ ဤအဖြစ်မျိုး များစွာဖြစ်ပျက်ခဲ့၍ သူပြန်မမှတ်မိချင်တော့။
"ခမည်းတော် မုသားစကားမပြောပါနဲ့၊ ခမည်းတော် အခုပဲ နန်းစွန့်မယ်ဆိုတဲ့ အမိန့်စာကို ရေးပေးစေချင်တယ်"
ကျန်းလောက သူ့ဓားကို ဖိချလိုက်ရာ ဧကရာဇ်၏ လည်ပင်းမှာ သွေးများထွက်ကာ ဒဏ်ရာတစ်ခု ပေါ်လာသည်။ ကျန်းလော ဒဏ်ရာကို မြင်လိုက်သော်လည်း သူ လုံးဝနောင်တမရခဲ့ပေ။
"မရေးချင်ဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံက ကျွန်တော့်လက်ထဲမှာလေ၊ စိတ်မရှည်ရင် အိမ်ရှေ့စံကို ဆင်းခိုင်းပြီး ဒီလမ်းကိုပဲ လျှောက်ခိုင်းလိုက်မယ်၊ ခမည်းတော်လည်း အထီးမကျန်တော့ဘူးလေ"
"ကျန်းလော၊ ငါက မင်းအဖေပါ၊ အိမ်ရှေ့စံက မင်းရဲ့အစ်ကို!"
ဧကရာဇ် မလှုပ်ဝံ့ချေ။ ကျန်းလော လိမ်နေတာမဟုတ်မှန်း သူမြင်လိုက်ရသည်။သူတကယ် သူ့ကို သေစေချင်နေတာပင်။
ကျန်းလောက အေးစက်စွာ ရယ်မောလိုက်သည်။
"ခမည်းတော်နဲ့ အစ်ကိုတော်က ကျွန်တော့်အတွက် ဘာများကောင်းလို့လဲ၊ ငယ်ငယ်တုန်းကတည်းက ကျွန်တော် ခမည်းတော်ရဲ့အချစ်ကိုတောင့်တခဲ့တာ၊ခမည်းတော်က ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဘူးလေ၊ အခုကျမှ အရေးမပါတဲ့ သွေးသားဆိုတာကို ပြောနေသေးတယ်၊ ကျွန်တော် အဲဒါကို မကြားချင်တော့ဘူး"
"မင်း မဟုတ်တာ မပြောနဲ့"
ကျန်းလောသည် ဧကရာဇ်ကို အိပ်ရာပေါ်မှ ဆွဲထူပြီး မိန်းမစိုး နှစ်ယောက်ကိုခေါ်ကာ စားပွဲခုံဆီသို့သွားနိုင်အောင် ကူညီခိုင်းခဲ့သည်။
"ရေးပါ..."
"ခွေးကောင်!"
ဧကရာဇ် ယွင်ချင်သည် ပါးလွှာသောအဝတ်အစားကိုသာ ၀တ်ဆင်ထား၍ ဒီ အအေးဒဏ်ကြောင့် တဆတ်ဆတ်တုန်နေသည်။ သူသည် မိန်းမစိုးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ မိန်းမစိုးနှစ်ယောက်လည်း ထိတ်လန့်စွာ ဒူးထောက်လိုက်သည်။
"ခမည်းတော် အခုဘယ်အချိန်ရှိပြီလဲ၊ခမည်းတော်ရဲ့အာဏာကို မိန်းမစိုးနှစ်ယောက်ကို ပြဖို့ကြိုးစားတုန်းပဲလား"
ကျန်းလော သည် စုတ်တံကို ဧကရာဇ် ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ "မြန်မြန်ရေးပါ၊ အမွှေးတိုင်တစ်တိုင် ကုန်လို့ ခမည်းတော် အချိန်မီ စာမရေးရင် အိမ်ရှေ့စံရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်ခိုင်းလိုက်မယ်"
"ကျန်းလော၊ ထီးနန်းစွန့်တဲ့ အမိန့်က ငါ တစ်ယောက်တည်း ရေးလို့မရဘူး၊ လက်ဝဲလက်ယာ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးခြောက်ယောက် တစ်ပြိုင်နက်တည်း ရှိနေဖို့ လိုအပ်တယ်၊ နောက်ဆုံးတော့ ကမ္ဘာကို ကြေညာရမယ်မဟုတ်လား၊ အခုရေးလိုက်လည်း ဘာအကျိုးရှိမလဲ"
"ရှိရှိ၊ မရှိရှိ ကျွန်တော် ဆုံးဖြတ်မှာပါ"
ဧကရာဇ်ယွင်ချင်သည် စာရေးချင်စိတ်မရှိသဖြင့် လျှောက်ပြောနေမှန်း ကျန်းလော သိလိုက်သည်။ "အိမ်ရှေ့စံဟာ ခမည်းတော်ရဲ့ညနှလုံးသားထဲမှာ နေရာမရှိဘူးထင်တယ်၊ ခမည်းတော် အချစ်ဆုံးက အိမ်ရှေ့စံမဟုတ်ဘဲ ထီးနန်းပဲ"
ဧကရာဇ်သည် ကျန်းလောကို ဒေါသတကြီး စိုက်ကြည့်နေသည်။ "ပါးစပ်ပိတ်ထား"
"အခု ခမည်းတော်က ငါးဖြစ်နေပြီ၊ ကျွန်တော်က ဓားပဲ...."
ကျန်းလောသည် နဂါးကုတင်ဘေးသို့ လျှောက်သွားပြီး ခေါင်းအုံးအောက်မှ အိတ်တစ်လုံးကို ထုတ်လိုက်သည်။
"ပန်းဟွာကျွင်းကျူး လုပ်ပေးတဲ့ အိတ်ကခမည်းတော်နဲ့ ထိုက်တန်လို့လား၊ပန်းဟွာ က ခမည်းတော်ရဲ့တူမဖြစ်နေတာ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်တော် ခမည်းတော်ကို သံသယစိတ်တွေတောင်ဖြစ်မိလိမ့်မယ်"
"လူယုတ်မာ၊ မင်းဘယ်လိုပြောလိုက်တာလဲ"
ဧကရာဇ် ယွင်ချင်သည် ကျန်းလော၏ လက်ထဲမှ အိတ်ကို စိုက်ကြည့်နေသည်။သူ့မျက်နှာသည် ဒေါသနှင့်နီမြန်းနေသည်။သို့သော် ဓားရှည်ကိုင်တပ်သား နှစ်ယောက်က သူ့ကို တားထားသောကြောင့် မထဝံ့ပေ။
ကျန်းလောသည် နန်းတော်တစ်ခုလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ယခုအချိန်တွင် သူ မောက်မာနိုင်သည်။
"စစ်သူကြီးယန် နဲ့ ရှစ်ကျင်း ဘယ်ရောက်သွားတာလဲ"
ဤတပ်သားနှစ်ယောက်တည်းနှင့်၊ ကျန်းလော သည် နန်းတော်တစ်ခုလုံးကို တိတ်တဆိတ် ထိန်းချုပ်နိုင်မည်ဟု ဧကရာဇ် ယွင်ချင် မယုံနိုင်ပေ။
"စစ်သူကြီးယန်လား"
ကျန်းလော မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးသည် ထူးဆန်းလာသည်။ "ခမည်းတော် ပြောနေတာက ခမည်းတော်ရဲ့လက်ပါးစေကိုလား၊သူက ခမည်းတော်ကို နတ်ပြည်သွားတဲ့လမ်းမှာ စောင့်နေတာဖြစ်ကောင်းဖြစ်မယ်"
"ရှစ်ကျင်းကတော့..." ကျန်းလောက ဟက်ကနဲ ရယ်မောလိုက်သည်။ "သူ ဒီည တာဝန်မကျလေဘူး၊ ခမည်းတော် ဘာလို့ မသိတာလဲ"
ဧကရာဇ်ယွင်ချင်သည် သူ့ဘဝ၏ အကြီးမားဆုံးအမှား ကျန်းလောကို ကြည့်နေ၏။
ကျန်းလောသည် သူ့အကြည့်ကို လုံးဝ ဂရုမစိုက်။ ဧကရာဇ် ယခုထိ ဘမှမရေးရသည်ကို မြင်လျှင် နောက်လှည့်ပြီး
"လာ၊ ဒီကို ယူခဲ့"
သံချပ်ကာဝတ်ထားသည့် အစောင့်တစ်ယောက်က ဗန်းတစ်လုံး ယူလာပေးသည်။ဗန်းကို ဖုံးအုပ်ထားသော အနက်ရောင် လက်ကိုင်ပုဝါတစ်ခုရှိသည်။ အထဲမှာ ဘာပါမှန်း မသိရ။ ကျန်းလောသည် ဧကရာဇ် ယွင်ချင်ရှေ့မှာ လက်ကိုင်ပုဝါကို ဖွင့်လိုက်ရာ အတွင်း၌ သွေးစွန်းနေသော လက်သုံးချောင်းရှိသည်။
ဧကရာဇ် အလွန်စက်ဆုပ်သွားပြီး အော့အန်လုနီးပါးဖြစ်သွားသည်။
"ဒါ ခမည်းတော်ရဲ့ မိန်းမစိုးရဲ့ လက်ချောင်းပဲ၊ခမည်းတော် အချိန်ဆွဲရင် နောက်ဆို လက်သုံးချောင်းကတော့မှာမဟုတ်ဘူး"
"ကျန်းလော မင်းဘာလုပ်ချင်တာလဲ"
“ခမည်းတော်ကို နန်းစွန့်ဖို့ အမိန့်စာ ရေးခိုင်းနေတာလေ၊ဘာလို့မေးတာလဲ"
စုတ်တံကိုကိုင်ထားသော ဧကရာဇ် ၏လက်သည် တုန်လှုပ်သွားသည်။မကြာမီ အမိန့်ပြန်တမ်းဗလာစာရွက်မှာ မှင်များဖြင့် စွန်းထင်းသွားသည်။
ကျန်းလောက ဧကရာဇ်အမိန့်စာ အလွတ်ကို ယူလိုက်ပြီး "ခမည်းတော် လက်ကို မတုန်စေနဲ့လေ၊ ကျွန်တော် ဒေါသကြီးနေတာနော်၊ ခမည်းတော် ဆက်ပြီး လက်တုန်နေရင် ကျွန်တော် ဘာလုပ်မယ်ဆိုတာ မသိနိုင်ဘူးနော်"
ဧကရာဇ်သည် နန်းတော်တံခါးကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ အပြင်မှာ မည်းမှောင်နေပြီး တိတ်ဆိတ်နေ၍ သင်္ချိုင်းဂူတစ်ခုလိုပင်။သူသည် စကားလုံးတစ်လုံးချင်း ရေးနေရင်း “နန်းစွန့်” ဆိုသည့် စကားလုံးကို ရောက်သောအခါ ရုတ်တရက် ရပ်သွား၏။
"လောအာ.... ဒီကမ္ဘာကြီးက မင်းအတွက် ဘာအဓိပ္ပာယ်လဲ"
"ဟုတ်ပါတယ်၊ အမြင့်ဆုံးအာဏာပေါ့"
ဧကရာဇ်အခြားစကားလုံးကို မရေးနိုင်သေး။ "တစ်နေ့ မင်း နောင်တရလိမ့်မယ်လို့ မင်းတွေးဖူးလား"
"နောင်တရတယ် ဟုတ်လား....." ကျန်းလောက တဟားဟား ရယ်မောလိုက်သည်။ "ခမည်းတော်ရော တော်ဝင်မင်းသမီးရဲ့ခင်ပွန်းကို အဆိပ်ခတ်ခဲ့တာကို နောင်တရမိသလား၊ပြီးတော့ ချမ်အမ်မြို့စားမင်းဟောင်းလည်း ခမည်းတော် လက်ချက်နဲ့သေရတာပဲလေ"
ဧကရာဇ်၏ မျက်နှာအမူအရာမှာ အလွန်ပြောင်းလဲသွားသည်။ “မင်း… ဘယ်လိုသိတာလဲ”
"တော်ဝင်မင်းသမီးရဲ့ခင်ပွန်းကို သတ်ဖို့ ဧကရာဇ် အမိန့်ပေးတုန်းက ကျွန်တော် ခန်းမဆောင်ထောင့်မှာ ပုန်းနေတာ၊ ချမ်အမ်မြို့စားမင်းကို ကျတော့....ရုံရှားက ခမည်းတော်ရဲ့ တရားမဝင်သားမဟုတ်ဘူးလား၊ ချမ်အမ်မြို့စားမင်း သေဆုံးရတဲ့အကြောင်းရင်းက လျှို့ဝှက်ဆန်းကြယ်ပါတယ်၊ သူ့သားအကြီးဆုံးက သူ သေတဲ့အထိ ရာထူးမရသွားဘူးလေ၊ ဖြစ်နိုင်တာက ခမည်းတော်က မြို့စားမင်းရာထူးကို ရုံရှားကိုပဲ ပေးချင်တာမလား"
"ခမည်းတော်က ပန်းဟွာကို ချစ်နေပေမယ့် သူမ အဘ်ိုးကိုသာ ခမည်းတော် သတ်ခဲ့တာကိုသာသိရင် သူမ ခမည်းတော်ကို မုန်းမယ်လို့ ထင်လား"
ကျန်းလောသည် အိတ်ကို ဖယောင်းတိုင်မီးအောက်တွင် မီးရှို့လိုက်သည်။
"တော်ဝင်မင်းသမီး ကသာ အမှန်တရားကိုသိခဲ့ရင် ခမည်းတော်ကိုကယ်တင်ဖို့ အသက်စွန့်ခဲ့တာကိာ နောင်တရနေမှာလား မသိဘူး"
ဧကရာဇ်၏ မျက်နှာသည် သေမင်းတမန်လို ဖြူဖျော့နေကာ သူ စကားတစ်ခွန်းမှ မပြောနိုင်တော့။
"ခမည်းတော်က ကျွန်တော့်ကို လူယုတ်မာလို့ခေါ်တယ်နော်၊ တကယ်တော့ ကျွန်တော်က ခမည်းတော်ဆီက သင်ယူနေတာပဲ"
အိတ်က တဖြေးဖြေး မီးလောင်နေသည်ကို ကြည့်ပြီး ကျန်းလော ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ကျွန်တော်က လူယုတ်မာဆို ခမည်းတော်က လူယုတ်မာအကြီးကြီးပဲ၊ ကျွန်တော်တို့ရဲ့ ကျန်းမိသားစုရဲ့သားတွေအားလုံးက ဒီလိုတွေကြီးပဲ"
"မင်း အစီအစဉ်ထဲမှာ အိမ်ရှေ့စံနဲ့ ကြင်ယာတော်တို့လည်း ပါသလား"
"ဘာလဲ၊ နောက်ဆုံးတော့ ဒီအကြောင်းမေးဖို့ သတိရသွားပြီလား" ကျန်းလောက ဧကရာဇ် ယွင်ချင်ကိုကြည့်ရင်း အေးစက်နေသည့် မျက်နှာဖြင့် "ခမည်းတော်က အိမ်ရှေ့စံကို တကယ်မယုံဘူး မလား"
"အိမ်ရှေ့စံရဲ့ စရိုက်ကို ငါမကြိုက်ပေမဲ့ သူ့လုပ်ပုံကိုင်ပုံက မင်းထက်စာရင် ပိုလူသားဆန်တယ်"
ဧကရာဇ်၏ မျက်နှာ နီရဲသွားကာ မှိန်ဖျော့နေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
"ခမည်းတော်ရဲ့ စိတ်အခြေအနေက သိပ်မကောင်းပုံရတယ်၊ဒါဆို ခမည်းတော် အသိစိတ်ကပ်သွားအောင် လုပ်ပေးမယ်"
ရေခဲတုံးများ စိမ်ထားသော ရေအင်တုံတစ်ခုကို ယူလာခဲ့သည်။ ကျန်းလော သည် ဧကရာဇ်၏ ခြေဗလာကို လက်ညှိုးထိုးပြရင်း ပြောသည်။
"လာကြ၊ ခမည်းတော်ကို ခြေထောက်စိမ်ဖို့ ကူညီပေးလိုက်ကြ"
သန်းခေါင်ကျော်လောက်မှာ ဧကရာဇ်ယွင်ချင်၏ သနားစရာကောင်းသည့် အော်ဟစ်သံက မဟာ ရွှေလမင်းနန်းတော်ကနေ ထွက်လာတော့သည်။
ဧကရီနန်းတော်တွင် ဧကရီကို အစောင့်များဖြင့် အထပ်ထပ်ပိတ်ဆို့ထားသည်။ အပြင်ကို သတင်းမပို့နိုင်သလို၊အပြင်မှာဘာဖြစ်နေမှန်းလည်း သူမ မသိရပေ။သူမကို စောင့်ကြပ်နေသည့် စစ်သားများက သူမကို ဘာမှမလုပ်သော်လည်း ခေါင်းမာကြသည်။ ဘာပဲပြောပြော သူမကို လွှတ်မပေးချေ။
"ဧကရီ"
နန်းတော်အစေခံတစ်ဦးသည် လဲပြိုကျလုနီးဖြစ်နေသော ဧကရီကို တွဲထားပေးသည်။
"ခဏလောက် အနားယူပါဦး..."
ဧကရီ ခေါင်းယမ်းကာ ပြတင်းပေါက်ဆီသို့ မောပန်းစွာ လျှောက်သွားသည်။ စစ်ကူတွေ ရောက်လာဖို့ စောင့်နေမိတာလား ဒါမှမဟုတ် မကြားဝံ့မနာသာကောင်းတဲ့ သတင်းဆိုးကို စောင့်နေတာလား...ဆိုတာ သူမကိုယ်တိုင်ပင် မသိတော့။
အချိန်များ တဖြည်းဖြည်း ကုန်သွားသည်။ အရှေ့ဘက်မှ နေထွက်ပြီး နန်းတွင်း တံခါးများ ပွင့်လာသောအခါ နန်းတွင်းသူများ၊အမှုထမ်းများ သို့မဟုတ် ပြန်လည် သက်သာလာခဲ့သော ဧကရာဇ်ကို ဘယ်သူမှ မတွေ့ရတော့ပေ။ ယင်းအစား နင်းဝမ်မင်းသားသည် နဂါးဝတ်ရုံကို ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။နင်းဝမ်မင်းသား ၏ နဂါးဝတ်ရုံသည် သူနှင့် လုံးဝ လိုက်ဖက်ပြီး အံဝင်ခွင်ကျဖြစ်သည်။ ပြင်ဆင်ရန် အချိန်မည်မျှကြာမှန်း မည်သူမျှ မသိခဲ့ကြပေ။
"နင်းဝမ်မင်းသား က ပုန်ကန်ချင်တာလား"
အတော်ပင် ခေါင်းမာသော အရာရှိ တစ်ဦးက နင်းဝမ်မင်းသားကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းခဲ့သည်။
"မြန်မြန် နဂါးပလ္လင်ပေါ်က ဆင်းလိုက်ပါ"
ကျန်းလော ခေါင်းမော့ထားလိုက်၏။
"ဒီနေ့ကစပြီး ငါကိုယ်တော်ဟာ တယဲ့မင်းဆက်ရဲ့ ဧကရာဇ်ပဲ၊ လာ၊ အငြိမ်းစားယူသွားတဉ့ ဧကရာဇ်ရဲ့ အမိန့်ကို ထုတ်ပြီး အသံထွက်ဖတ်ပါ"
"ဧကရာဇ် ကျန်းလောသည် ကြင်နာတတ်ပြီး ဖြောင့်မတ်သည်။ သူ့တွင် ကမ္ဘာကြီးကို အုပ်စိုးနိုင်သော အရည်အချင်းများရှိသည်"
အရာကှိများ၊ မှူးမတ်များသည် ဧကရာဇ်အမိန့်ကို မှင်တက်စွာ နားထောင်ကြသည်။ ဤသည်က ဧကရာဇ်သည် နင်းဝမ်မင်းသား ၏ဘွဲ့ကို အမိန့်ပေး၍ ချီးမြှင့်ရုံသာဖြစ်သည်။ ရာဇပလ္လင်ကို အမွေဆက်ခံရမည်ဟု မပါပေ။ အရာရှိအချို့က ဤသည်ကို လက်မခံဘဲ ဘုရင်မင်းမြတ်နှင့် တွေ့ဖို့ နန်းတော်ထဲကို ဝင်ချင်ကြသည်။ သို့သော် နန်းတော်အား တင်းတင်းကြပ်ကြပ် ကြပ်မတ်ထားသည်။
သို့သော် ဤကဲ့သို့ဖြစ်လေလေ၊ နန်းတော်၌ တစ်စုံတစ်ခုဖြစ်ခဲ့သည်ကို လူတိုင်းက သံသယများလေလေဖြစ်သည်။ မဟုတ်ရင် နန်းတော်တံခါးကိုတောင် ဘာလို့မဝင်နိုင်ကြတာလဲ။ ယခင်က မိန်းမစိုးများသည် နန်းတော်ထဲမှာ မကြာခဏ ကူးလူးနေကြသည်။သို့သော် ယနေ့တွင် သူတို့ကို မည်သည့်နေရာမှ မတွေ့ရတော့ပေ။နန်းတော်တစ်ခုလုံး ငြိမ်သက်သွားသလိုပင်။
နင်းဝမ်မင်းသားသည် နန်းတော်ကို သိမ်းပိုက်ခဲ့ပြီဖြစ်သည်။လူတိုင်း သဘောပေါက်သော်လည်း ပွင့်ပွင့်လင်းလင်း မပြောဝံ့ကြချေ။
နောက်ဆုံးတွင် အိမ်ရှေ့စံကို ထောက်ပံ့သူများသည် နင်းဝမ်မင်းသားကို မေးခွန်းထုတ်ကြသည်။ နင်းဝမ်မင်းသားသည် မင်းသား ဖြစ်စဉ်ကပင် အလွန် ဒေါသကြီးခဲ့၏။ယခု သူ ဧကရာဇ်ဖြစ်သောအခါ ပို၍ပင် စိတ်တိုလာသည်။ သူ့ကို စစ်ဆေးမေးမြန်းသည့် အရာရှိများကို ထောင်ထဲ ပို့ဖို့ ချက်ချင်း အမိန့်ပေးသည်။သို့ဖြင့် မြို့တော်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
xxxxx