အပိုင်း၁၅၆
Viewers 14k

Chapter 156



နင်းဝမ်မင်းသား နန်းတက်ပြီး ပဉ္စမမြောက်နေ့မှာ မယ်တော်ဧကရီဘွဲ့ကို ဧကရီအား စိတ်မရှည်စွာ အပ်နှင်းခဲ့သည်။သူနှစ်သက်သော ကိုယ်လုပ်တော်အချို့ကိုလည်း ရာထူးများအပ်နှင်းသည်။ သို့သော်လည်း သူ၏တရားဝင်ကြင်ယာတော် ရှဲ့ဝမ်ယွီသည် ဧကရီဘွဲ့ကိုပင် မရရှိသေးပေ။ သူမသည် နန်းတော်ထဲတွင်သာစောင့်နေသည်။ကျန်းလော၏နောက်လိုက်အရာရှိများအားလုံးသည် ဆုလာဘ်များစွာကိုရရှိခဲ့ကြသည်။ ဤအရာရှိများကလွဲရင် တခြားဘယ်သူမှ အသံမထွက်ရဲကြပေ။


 ဆုများပေးအပ်ပြီးနောက် ကျန်းလောသည် တော်ဝင်အမိန့်ပြန်တမ်းဖြင့် မနှစ်သက်သောသူများအား ပြစ်တင်ရှုတ်ချခဲ့သည်။ သူ အပြစ်တင်လိုသော ပထမဆုံးလူမှာ ရုံရှား ဖြစ်သည်။  သို့သော်လည်း ရုံရှားသည် ပညာရှင်တို့ကြားတွင် အဆင့်မြင့်မားလွန်းသောကြောင့် ကျန်းလော၏ယုံကြည်ရသော လက်ထောက်များက ဘာမှမလုပ်ရဲပေ။နောက်ဆုံးတွင်၊ သူသည် ပန်းဟွိုက်ကို ရာထူးမှ ဖယ်ရှားရန် အမိန့်သုံးခု ထုတ်ပြန်ခဲ့သည်။


 ပထမဆုံး အမိန့်မှာ ပန်းဟွိုက် ကို ကောကုန်း အဖြစ် ရာထူးမှ ဖြုတ်ချခြင်း ဖြစ်သည်။ ဒုတိယအမိန့်မှာ ပန်းဟွိုက်ကို နယ်စားမင်း ရာထူးအဖြစ် တစ်ဖန် ဖြုတ်ချသည်။တတိယအမိန့်မှာ ပန်းဟွိုက်ကို တိုက်ရိုက်ရာထူးမှ ဖြုတ်ချရန်ဖြစ်သည်။ ဧကရာဇ်မိသားစုက ပေးအပ်ထားသည့် သူ့နေအိမ်ကိုလည်း ပြန်ယူကာ သူ၏ပိုင်ဆိုင်မှုများကိုပါ စတင်သိမ်းယူခဲ့သည်။


 တယဲ့မင်းဆက်တွင် နှစ်ပေါင်းရာနှင့်ချီ ထွန်းကားခဲ့သော ပန်းမိသားစုသည် နောက်ဆုံးတွင် တခဏချင်း ပြိုကျသွားသည်။ သို့သော်လည်း ပန်းမိသားစု၏ ဥစ္စာပစ္စည်းများကို သိမ်းယူခြင်းမှတပါး ရာဇ၀တ်ကောင်များအဖြစ် မှတ်တမ်းမတင်ခဲ့ပေ။သို့သော် အခြားသူများ၏အမြင်တွင် ဤမထင်မှတ်ထားသောအဖြစ်အပျက်သည် ကြီးမားသောထိုးနှက်ချက်ဖြစ်နေပြီဖြစ်သည်။


အချို့လူများက သူတို့ကို စာနာကြပြီး အချို့က ပန်းဟွာကို စာနာကြသည်။သူမခမျာ ရာထူးလည်းဆုံးရသလို၊ ခင်ပွန်းသည် အသစ်စက်စက်၏ မိသားစုမှာ ခေါင်းပင်ဖော်နိုင်ဟန်မတူပေ။


 သို့သော် မည်သူမျှ မမျှော်လင့်ထားသည့်အရာမှာ ဘန်မိသားစု၏ ပိုင်ဆိုင်မှုအသိမ်းခံရသည့်နေ့တွင်ပင် ပန်းမိသားစုသည် လုံးဝ မအံ့သြဘဲ ငြိမ်သက်သွားခြင်းပင်ဖြစ်သည်။ ပန်းမိသားစုမှ စောင့်ရှောင်ထားသော သက်ကြီးရွယ်အိုများကို  အခြားနေရာများသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့သည်။


 မကြာသေးမီက လူအများအပြားသည်လည်း သူတို့ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံခဲ့ရသည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျန်းလောကို မကောင်းပြော၊ စော်ကားခဲ့သူများသည် ပိုင်ဆိုင်မှုများကို သိမ်းယူခံရခြင်း သို့မဟုတ် ရာထူးမှ အဖန်ဖန်အထပ်ထပ် နှိမ့်ချခြင်းခံရမည်ဟု ဆိုသည်။သူတို့ခမျာ ပြောင်းလဲသွားသော ကံကြမ္မာကြောင့် ကောင်းကင်ကိုတိုင်တည်ကာ အော်ဟစ်ငိုယိုကြ၏။  သို့သော်လည်း ဘန်မိသားစု၏ ငြိမ်သက်ပြီး လျစ်လျူရှုသော တုံ့ပြန်မှုသည် ကြည်လင်ပြတ်သားသော နွေဦးကဲ့သို့ တည်ငြိမ်လျက်ရှိပေသည်။


ကျန်းလော ကိုပင် အေးဆေးစွာရင်ဆိုင်နိုင်သော ပန်းမိသားစု၏ တုံ့ပြန်မှုအား ချီးမွမ်းခံခဲ့ရသည်။  အာဏာကို မကြောက်ဘဲ ဆိုးသွမ်းသော လုပ်ရပ်ကို အေးစက်စွာ ရင်ဆိုင်ခဲ့ကြသည့်အတွက် ဘန်မိသားစုအား ချီးကျူးဂုဏ်ပြုသည့် ကဗျာနှစ်ပုဒ်ကို တချို့ပညာရှင်က အထူးရေးသားခဲ့ကြသည်။ကဗျာကို ကြားနာရသူတိုင်း ပန်းမိသားစုအတွက် ကြည်နူးနေကြတော့သည်။ ဘန်မိသားစုသည် တစ်ချိန်က အင်အားကြီးသူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်ကို သူတို့ မေ့လျော့နေသလိုပင်။


ပန်းမိသားစု၏ ပိုင်ဆိုင်မှုကို သိမ်းယူပြီးနောက် ၎င်းတို့ကို ကောကုန်းချမ်အမ်၏ အစေခံများက လာခေါ်ကြသည်။  သို့သော်လည်း ပန်းမိသားစုသည် ရုံရှား ကိုပါ ပတ်သက်မည်စိုး၍ ကောကုန်းချမ်အမ်တွင် နေထိုင်ရန် ဆန္ဒမရှိခဲ့ကြပေ။  နောက်ဆုံးတွင်၊ ရုံရှားသည် ဘန်မိသားစုအတွက် လက်ရှိနေထိုင်ရန် မြို့တော်ရှိ နေအိမ်ကြီးတစ်လုံးကို ဝယ်ယူရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။


ရုံရှားက ယခင်ထက် များစွာသေးသော နေအိမ်ကို ကြည့်လိုက်ပြီး 


" အဖေနဲ့‌အမေကို ကျွန်တော် တာဝန်မကျေပါဘူး"


 "ငါတို့က မိသားစုပဲ၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး"  ပန်းဟွိုက် သည် သူ့ခါးပတ်ထဲမှ ငွေစက္ကူအနည်းငယ်ကို ဝမ်းသာအားရ ဆွဲထုတ်လိုက်သည်။ဤငွေစက္ကူများအား အင်္ကျီလိုချုပ်ဝတ်ရန် အပ်ချုပ်သမားကို  အထူးတောင်းဆိုခဲ့သည်။ ပစ္စည်းဥစ္စာကို သိမ်းယူသော စစ်သည်များသည်လည်း ‌သဘောကောင်းသူများဖြစ်နေ၍၊သူသည် ချုပ်ထားသော ငွေစက္ကူဖြင့် အဝတ်အစားများ ဝတ်ဆင်ကာ ထွက်လာနိုင်ခဲ့သည်။


 သူက ယင်းရှစ်၏လက်ထဲကို ငွေစက္ကူများအား ထည့်ပြီး "သခင်မလေး၊ ဒါတွေကို မင်းဆီ ထားခဲ့လိုက်မယ်"


ယင်းရှစ်က ငွေစက္ကူများကို ယူဖို့ တွန့်ဆုတ်မနေဘဲ ရုံရှားကိုကြည့်ပြီး ပြောလိုက်သည်။


"ချမ်အမ်မြို့စားမင်းရဲ့ အိမ်တော်ကို အခုသွားဖို့ အမေတို့ အဆင်မပြေဘူး။ ကျေးဇူးပြုပြီး ဟွာဟွာ ကို ဂရုစိုက်ပါ"


" အမေ စိတ်မပူနဲ့၊ကျွန်တော် သူမကို သေချာဂရုစိုက်မှာပါ"  


ရုံရှား ဦးညွှတ်လိုက်သည်။  ပန်းမိသားစု ဒုက္ခရောက်နေသော်လည်း သူ လျစ်လျူမရှုရက်ပေ။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဟွာဟွာရဲ့ ကျန်းမာရေးက အများကြီး တိုးတက်လာပါတယ်၊အခုဆို ထမင်းပန်းကန်လုံးတစ်ဝက်နဲ့ အသားလည်း အချိန်တိုင်း စားနိုင်နေပါပြီ"


 "ဒီကလေးက ငယ်ငယ်ကတည်းက ဇီဇာကြောင်တာ၊ ဒီရက်တွေမှာ သူမ နေကောင်းအောင် မင်းကပဲ ချော့မော့ပြီး ကျွေးပါကွယ်"


 "ဟွာဟွာက အရမ်းကောင်းပါတယ်၊သိပ်ပြီး ဒုက္ခမများစေပါဘူး"  ရုံရှား ပြုံးလိုက်သည်။


သမက်ဖြစ်သူ၏ စိတ်ထားကြောင့် ယင်းရှစ် စိုးရိမ်နေသော နှလုံးသားလေးက ပြေလျော့သွားသည်။


ပန်းမိသားစုကို အခြေချပေးပြီးနောက်၊ ရုံရှား အိမ်သို့ အမြန်ပြန်လာခဲ့သည်။အား ပန်းမိသားစု၏ ပိုင်ဆိုင်မှုအသိမ်းခံရကြောင်း မည်သို့ပြောရမှန်း သူ မသိ။မသက်သာသေးသော သူမ၏ ခန္ဓာကိုယ်သည် ဤကိစ္စကြောင့် နောက်တစ်ကြိမ် ထိခိုက်လာမည်ကို သူစိုးရိမ်နေမိသည်။


 "ပြန်လာပြီလား..."  


ပန်းဟွာသည် ထူထဲသော ဘရိုကိတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး ကုလားထိုင်တွင် ရိုးရာအနုပညာရှင်များ၏ ဖျော်ဖြေမှုကို ကြည့်ရှုနေသည်။ ရုံရှား ဝင်လာသည်ကိုမြင်သော် သူမက  လက်ယပ်ခေါ်လိုက်သည်။သူမ၏ အင်္ကျီက နည်းနည်းချောင်နေ၍  လက်ကို ဆန့်လိုက်သောအခါ လက်တဝက်က ပေါ်သွားရသည်။


ရုံရှားက လမ်းလျှောက်လာပြီး သူမ လက်ဖဝါးကို ကိုင်လိုက်သည်။ လက်ဖဝါးက အေးစက်မနေကြောင်း အတည်ပြုပြီးနောက် သူက "ဒီနေ့ အဆာပြေမုန့် တိတ်တိတ်လေး ခိုးစားခဲ့တာလား" 


 "ကျွန်မက ပါးစပ်ကို မထိန်းနိုင်တဲ့သူနဲ့တူနေလား၊ နှစ်နှစ်သုံးနှစ်အရွယ် ကလေးလည်း မဟုတ်ဘူး"


 "ဟုတ်တယ်၊မင်းက ဆယ့်ခုနစ်နှစ် ၊ဆယ့်ရှစ်နှစ်အရွယ် ကလေးမှန်း ကိုယ်သိတယ်"  


ရုံရှား ပြုံးပြီး နှစ်ယောက်သား အိပ်ခန်းဆီသို့ ပြန်သွားကြသည်။ရုံရှားက သူမကို စောင်ခြုံပေးလိုက်ကာ "နေ့လည်စာ ဘာစားချင်လဲ၊ မင်းအတွက် လုပ်ခိုင်းလိုက်မယ်"


 "ဒီနေ့  ကျွန်မ စားချင်စိတ်မရှိတော့ဘူး၊ အရသာရှိပြီး လန်းဆန်းစေဖို့အတွက် တစ်ခုခုလုပ်ခိုင်းလိုက်ပါ"


ပြောပြီးနောက် သူမက သူ့ကို သံသယဖြင့် ကြည့်ကာ "ရှင် ကျွန်မကို  တစ်ခုခု ဖုံးကွယ်ထားတာလား"


 သူသည် တစ်ခုခုကို ပြောချင်နေပုံရသော်လည်း ထုတ်မပြောပြချင်နေပေ။


"ဟွာဟွာ..." ရုံရှားက သူမ၏ နူးညံ့သော ပါးပြင်များကို ပွတ်သပ်ကာ "ဒီနေ့ ကိစ္စတစ်ခု ဖြစ်သွားတယ်၊ မင်း အရမ်းစိတ်မပူပါနဲ့နော်"


 "အို၊တစ်ယောက်ယောက်က ထီးနန်းလုယူတာလား၊ ဒါမှမဟုတ် ကျွန်မအဖေ ပြဿနာရှာပြန်တာလား"


ရုံရှား: "…"


"ကျွန်မပြောတာ မှန်ရဲ့လား"


 မဟုတ်ရင် ရုံရှားက ဘာလို့ ဘာမှ မပြောတာလဲ။


 "လွန်ခဲ့တဲ့ ရက်က ဧကရာဇ်က နင်းဝမ်မင်းသားကို နန်းတက်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်"


 စောင်ကို ကိုင်ထားသည့် ပန်းဟွာ၏လက်သည် ရပ်တန့်သွားပြီး  ရုံရှား ကို မျက်လုံးပြူး၍ ကြည့်ကာ "ရှင်ဆိုလိုတာက နင်းဝမ်မင်းသား လား"


ရုံရှား အမူအရာက အလွန်တည်ငြိမ်သည်။ ရာဇပလ္လင်ကို နန်းတက်သူသည် သူ့ကို ရန်ငြိုးထားသော မင်းသားမဟုတ်သလို၊ သူနှင့် ဘာမှမဆိုင်သော သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။


 "အိမ်ရှေ့စံကကော"


“အိမ်ရှေ့စံကို ဘယ်သူမှ မတွေ့မိကြဘူး၊ရှစ်ချုံးဟိုင်ကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီး စီရင်စုနယ်တစ်ခုအနေနဲ့ တခြားနေရာကို ပြောင်းရွှေ့ထားတယ်၊ ရှစ်ကျင်းကိုလည်း နယ်စပ်ကို ပို့ထားတယ်"


 "ကျန်းလော ရူးနေတာပဲ၊ အိမ်ရှေ့စံကို ထောက်ပံ့တဲ့ ရှစ်မိသားစုကို ဒီအချိန်မှာ ဘာကြောင့် ထွက်သွားခိုင်းရတာလဲ" သူမတွင် နိုင်ငံရေးအသိမရှိမှန်းသိသော်လည်း ယခုအချိန်တွင် ရှစ်မိသားစုကို လုံးဝထွက်ခွာခွင့်မပြုနိုင်ကြောင်း သူမ သိသည်။ဤသည်က  ကျားကို တောင်ပေါ်ပြန်လွှတ်လိုက်သလိုပင်။


 "နင်းဝမ်မင်းသားကတော့ ဒီလိုလုပ်ရင် ရှီမိသားစုကို ပိုလို့တောင် အရှက်ရစေမယ်လို့ ထင်နေတာ"


 "ဒါပေမယ့် သူ ရူးနေမှန်းအားလာံး သိသွားတာပေါ့" 


 " နောက်ထပ် ရှိသေးလား"


ရုံရှားသည် ခဏမျှ နှုတ်ဆိတ်နေပြီး "နင်းဝမ်မင်းသား နန်းတက်ပြီး သုံးရက်အကြာမှာ ယောက္ခမကို ရာထူးချအမိန့်သုံးစောင် ထုတ်ပြန်ခဲ့တယ်၊ ဒီနေ့ သူတို့ ကျင့်ထင်အိမ်တော်ကို သိမ်းယူလိုက်တယ်..."


ပန်းဟွာက ရုံရှားကို ကြောင်စီစီ ကြည့်ပြီး ရုတ်တရက် ခေါင်းညိတ်ပြ၏။ "ဒီလိုလား.."


 သူမ အိပ်မက်များ၏ အစီအစဥ်က ဖရိုဖရဲဖြစ်ပြီး ယုတ္တိမတန်တော့ပေ။ ပန်းမိသားစု၏ မြင့်မြတ်သော ရာထူးကို ဖယ်ရှားခဲ့သူမှာ ဧကရာဇ်အသစ်မဟုတ်ဘဲ ပန်းမိသားစုနှင့် အမြဲသဘောထားကွဲလွဲနေသည့် ကျန်းလော ဖြစ်သည်။


"ဟွာဟွာ၊ စိတ်မပူပါနဲ့၊ ကိုယ် ဒီမှာရှိနေသရွေ့ ပန်းမိသားစုကို ကာကွယ်ပေးမှာပါ၊ယုံပါ ကိုယ် ရှိနေသရွေ့ အဖေနဲ့အမေ ဘာမှမဖြစ်‌စေရပါဘူး"


ပန်းဟွာက ရုံရှားကိုကြည့်ပြီး ပြုံးလိုက်သည်။ "ကျွန်မ ရှင့်ကိုယုံတယ်"


ပန်းဟွာ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေပြီး နားမလည်နိုင်သော တောက်ပမှုတစ်ခု ရှိနေသည်။ သူမ၏ မျက်နှာလေးကို ရုံရှား ကြည့်မဝနိုင်အောင် ဖြစ်ရ၏။

  

"ဟွာဟွာ၊ မင်းပြောစရာရှိရင် ကိုယ့်ကိုပြော...စိတ်ထဲမှာ မထားနဲ့"


 "ဒါဆို ဒီနေ့ ငန်းခြေထောက် စားချင်တယ်၊ ချက်ဖို့ပြောပေး"


 "ကောင်းပြီ"  


ရုံရှား ချက်ချင်း သဘောတူကာ အပြင်မှာစောင့်နေသည့် အစေခံများအား အမိန့်ပေးဖို့ လှည့်ထွက်သွားလေသည်။


ပန်းဟွာ အိပ်ယာမှထကာ ဗီရိုဆီသို့ လျှောက်သွားသည်။ ပန်းနှစ်ပွင့်ပုံထွင်းထားသည့် တံခါးကိုဖွင့်ပြီး အောက်ခြေက သစ်သားသေတ္တာကို ထုတ်ယူလိုက်၏။


 "ဟွာဟွာ" ပြန်ရောက်လာသော ရုံရှားက သူမဆီသို့ လျှောက်သွားပြီး သစ်သားသေတ္တာကို စားပွဲပေါ်တင်ပေးလိုက်သည်။


 "အထဲမှာ ဘာရှိလို့လဲ"


 "အဝတ်တွေ....ရှင့်အတွက် အဝတ်တွေ ကျွန်မ ချုပ်ထားခိုင်းတာ"  


ပန်းဟွာက သေတ္တာအဖုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ထိုစကားကိုပြောပြီးနောက် ဗူးအဖုံးကိုဖွင့်လိုက်ရာ အတွင်းတွင် အလွန်လှပသော အနက်ရောင် ဘရိုကိတ် ၀တ်စုံများရှိသည်။ အင်္ကျီများတွင် တိမ်ပုံစံများ ရေးထိုးထားပြီး ချုပ်ရိုးနှင့် မျဉ်းကြောင်းတိုင်းသည် အဆင့်အတန်းမြင့်မားလှသည်။ 


ရုံရှားသည် ဤမျှ ခမ်းနားသော သေတ္တာထဲတွင် အဝတ်များသာ ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ရွှေရောင်အနားကွပ်သစ်သား သေတ္တာအတွင်းမှာ ဘရိုကိတ်အဝတ်အစားများဖြစ်သည်။


ပန်းဟွာက ရုံရှားကို ပြုံးပြပြီး လှည့်ကြည့်လိုက်သည်။


"ဒီဝတ်စုံကို ရှင့်ကို ဝတ်ပြခိုင်းရမလား  မသိဘူး၊ရှင်က အရောင်ဖျော့ဖျော့နဲ့ဆို အရမ်း ကြည့်ကောင်းလို့"


 "ဒါပေမယ့် ရှင် အနက်ရောင်အဝတ်အစားတွေ ၀တ်တာ မမြင်ဖူးဘူး ဆိုတာကို ပြန်တွေးကြည့်တော့ စမ်းမဝတ်ကြည့်ခိုင်းတဲ့ ကျွန်မကိုယ်ကျွန်မ နောင်တရမိတယ်.....အခု ဝတ်ပြလေ" 


သူမက အနက်ရောင် ဘရိုကိတ်အင်္ကျီကို သေတ္တာထဲမှ ထုတ်ပြီး ရုံရှားကို ပြုံးပြီး ပေးလိုက်သည်။  


 "ကောင်းပါပြီ " 


ရုံရှားသည် ဘရိုကိတ်အင်္ကျီကိုယူကာ ခန်းဆီးနောက်ဘက်သို့ ဝင်သွားသည်။


ပန်းဟွာက စားပွဲမှာ ဝင်ထိုင်ကာ မေးထောက်ထားရင်း သူမ မသေခင်မှာ မြေခွေးသားမွေးကုတ်အင်္ကျီ ပေးခဲ့သည့် အမျိုးသားအကြောင်း သူမ တွေးနေမိ၏။


သူမသည် အိပ်မက်ထဲမှ ဧကရာဇ်အသစ်နှင့်ပတ်သက်သော ခံစားချက်များ ရောထွေးနေသည်။တစ်ဖက်တွင်မူ သူမ၏ မိသားစုကို ပစ်ပစ်ခါခါကြီး မလုပ်သည့်အတွက် ကျေးဇူးတင်မိသည်။ တစ်ဖက်တွင်မူ ပန်းမိသားစုအား ရာထူးများကို ဖြုတ်ချခြင်းအတွက် သူ့ကို ဒေါသထွက်ခဲ့သည်။


 သူမ၏ နိဂုံးချုပ်က ရှန်းယွီဘက်မှ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းပြီးသည်နှင့် သူမအတွက် ခင်ပွန်းရှာမတွေ့တော့ဟုသာ ဖြစ်သင့်သည်။ အဆုံးတွင် သူမသည် ရာထူးပြုတ်ကာ ဘယ်သူပစ်မှန်းမသိသော မြှားတစ်စင်းကြောင့် သေဆုံးသွားမည်ဖြစ်သည်။သို့ရာတွင် သူမ အိပ်မက်ကနေ နိုးထလာချိန်မှာ လက်တွေ့က အိမ်မက်ထဲကလို မဟုတ်တော့။ 


 ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ဤလောကကို ဖြတ်သန်းပြီး ဘုန်းအသရေနှင့် စည်းစိမ်ကို ခံစားခဲ့ရသည်။ အကယ်၍ သူမသည် စောစီးစွာသေဆုံးသွားပါက၊ ထိုအရာသည် သူမ၏ ကံကြမ္မာဖြစ်သည်။  သူမ၏ မိသားစု လုံခြုံနေသရွေ့ သူမ နောင်တရစရာမရှိ။


အချိန်အနည်းငယ် ကြာပြီးနောက် ပန်းဟွာ ခြေသံကိုကြားလိုက်ရသည်။  သူမ လှည့်ကြည့်လိုက်သော် အနက်ရောင် ၀တ်စုံ ဝတ်ဆင်ထားသော မြင့်မြတ်သူ တစ်ယောက်က သူမဆီသို့ အေးအေးဆေးဆေး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် အဖြူရောင် ကျောက်စိမ်းသရဖူကိုဝတ်ဆင်ထား၏။လည်ပင်းကလည်း ဖြူဖွေးနေကော ပြီးပြည့်စုံသော မေးရိုးကလည်း ထင်းနေတော့သည်။ သူမ၏ အိမ်မက်ထဲက ယောက်ျားနှင့် အတူတူပင်။


သူမ ရုတ်တရက် ရယ်မောလိုက်ရာ ရယ်သံက အခန်းထဲမှာ ပဲ့တင်ထပ်သွားရ၏။ဘေးနားက အစေခံမလေးကတော့ သူမသည် ပန်းမိသားစု၏ကြမ္မာဆိုးကြောင့် ရူးသွားသည်ဟုပင် ထင်နေတော့သညါ။ 


 "ဟွာဟွာ၊ ဘာရယ်တာလဲ"


 "ကဗျာတစ်ပုဒ်ကို တွေးပြီး ရယ်တာပါ"


 "ဘာကဗျာလဲ"


 "ရည်ရွယ်ပြီး စိုက်ထားတဲ့ ပန်းတွေက မပွင့်ပေမယ့် မိုးမခက မရည်ရွယ်ဘဲ ထပွင့်တယ် ဆိုလား ၊ဘာဆိုလား"


ရုံရှားသည် သူမဘေးတွင် ထိုင်လိုက်သည်။  "ဒီကဗျာကို မင်းဘာလို့တွေးမိသွားတာလဲ၊ကိုယ် နားမလည်ဘူး"


 "အင်း၊ ရှင်က လင်းတဲ့အရောင်ထက် အနက်ရောင်နဲ့ ပိုကြည့်ကောင်းတယ်လို့ ထင်လို့"


"တကယ်လား?"ရုံရှား သူ့အဝတ်အစားကို ငုံ့ကြည့်နေမိသည်။ "ဟွာဟွာ သဘောကျတဲ့အတွက် နေ့တိုင်း ကိုယ် ဝတ်မယ်"


ပန်းဟွာက ခေါင်းခါသည်။  "မရဘူး၊ ရှင် သိပ်ချောနေတာကို တခြားမိန်းမတွေ မမြင်စေချင်ဘူး"


 "ဒါဆို အိမ်မှာ ဝတ်မယ်"


 "ကောင်းပြီ"


ပန်းဟွာက ရုံရှား၏ အဖြူရောင် ကျောက်စိမ်းသရဖူကို ထိလိုက်ရင်း "ရုံရှား" 


 "ဟမ်...."  ရုံရှား သည် သူမ၏လက်ဖဝါးတစ်ဖက်ကို နှင့်ကစားနေသည်။


 "ဒီမေးခွန်းကို တစ်ကြိမ်ပဲမေးမယ်"


 "ရှင် ကျွန်မဆီက တစ်ခုခု ဖုံးကွယ်ထားတာလား"



xxxxxx