အပိုင်း ၁၂၂ ( The President 22 - end )
Viewers 10k

မနေ့ညက တစ်ညလုံး ဆူဆူညံညံ ဖြစ်ခဲ့ပြီး ရေတပ်သည် တစ်ယောက်ပြီးတစ်ယောက် တိုင်တည်ပြော‌ဆိုခဲ့ကြသည်။ အင်တာနက်အသုံးပြုသူ အများအပြားသည် ကျန်းယွင်ရှိူ့၏ ခိုးကူးမှုဟာ တကယ့်အမှန်ဟု တွေးခဲ့ကြ၏။ ဒါပေမယ့် အခု ကြည့်လိုက်တော့ အကုန်လုံး အတုတွေချည်းပဲ!


ရေညစ်များဖြင့် ပက်ဖျန်းကြပြီး ပက်ဖျန်းမှုဟာ မရိုးမဖြောင့်။


သို့သော် ‘Lights’ မှ သီချင်းများကို သုံးလကြိုတင်ထားသော အချက်ကို ကိုင်စွဲထားသည့် လူများလည်း ရှိနေဆဲဖြစ်သည်။ ကျန်းယွင်ရှိူ့က အခွေအသစ်အတွက် သီချင်းများကို မကူးယူထားလျှင်ပင် ‘Lights’ တွင် ကူးယူထားသည်ဟု သူတို့က ယူဆထားကြသည်။


ဒါပေမယ့် ကျန်းယွင်ရှိူ့က ‘Lights’ ကို ဖန်တီးဖို့ဆိုရင် အခွေမထွက်ခင် သုံးလအလိုမှ စပြင်ဆင်တာနဲ့ သင်္ကေတနုတ်တစ်ခုတောင် မပြောင်းပဲ ကူးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား?


ဘယ်လိုလုပ်ပြီး ကျန်းယွင်ရှိူ့က အဲ့လောက်တုံးမှာတုန်း?


အဲ့ဒီ့ Twitter account ပိုင်ရှင်က တခြားသက်သေ မထုတ်ပြနိုင်ဘူးဆိုရင် ကျန်းယွင်ရှိူ့က ကူးယူတယ်လို့ ပြောရအောင် သူက ဘယ်သူမို့လို့လဲ?


ယန်ကျင်းဇီသည် ထိုလူက သက်သေမပြနိုင်ကြောင်း သိသည်။


ဤ Twitter acc ပိုင်ရှင်သည် ကျန်းယွင်ရှိူ့ကို မတ်တပ်ရပ်ပြီး ထိပ်တိုက်ရင်ဆိုင်ရန်ပင် သတ္တိမရှိချေ။


ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘာသက်သေမှ လုံးဝ မရှိလို့ပဲ!


မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဤအဖြစ်အပျက် ဖြစ်ပြီးနောက် ကျန်းယွင်ရှိူ့သည် တရားစွဲဆိုချင်ပြီး ထို Twitter acc ပိုင်ရှင်ကိုလည်း ဆက်သွယ်ချင်ခဲ့သည်။ သို့သော် ထို Twitter acc ပိုင်ရှင်က ကျန်းယွင်ရှိူ့ကို ကူးယူမှုကြောင့် ပြစ်တင်ရှုတ်ချကြောင်း ပို့စ်တင်ခဲ့ပြီး သူ့အတွက် သီချင်းရေးစပ်ခြင်းဟာ ဝါသနာတစ်ခုသာ ဖြစ်ကာ အပျော်တမ်းအတွက်သာ ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် နိုင်ငံရပ်ခြားမှာ အရမ်းကွာဝေးလွန်းသောကြောင့် ကျန်းယွင်ရှိူ့နှင့် တရားရုံးကို မသွားတော့ဟု ပြောသေးသည်။


ထို့နောက် သူက တိတ်ဆိတ်သွား၏။


ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရခြင်းမှာ အလွန်ခက်ခဲသည်။ ထို့အပြင် မူလပိုင်ရှင်သည် ကျန်းယွင်ရှိူ့အတွက် ပြဿနာများစွာကို ဖြစ်ပေါ်စေပြီး ရှေ့နေငှားခြင်းကို ဟန့်တားခဲ့သည်။ အင်တာနက်ပေါ်ရှိ လူအများ၏ သ‌ဘောထားမှာ ပိုမိုပြင်းထန်လာပြီး ကျန်းယွင်ရှိူ့၏ နေအိမ်ကို ဝိုင်းရံထားကြဆဲဖြစ်သည်...


ကျန်းယွင်ရှိူ့သည် နောက်ဆုံးတွင် သည်းမခံနိုင်ဘဲ အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့သည်။


ရလဒ်ကမူ ‌နောက်ဆုံးတွင် သူ့ကို ကယ်တင်နိုင်ခဲ့ပြီး သူက သူ့အမှားကို ဝန်မခံချင်သောကြောင့် ကိုယ့်ကိုယ်ကို သတ်သေဟန်ဆောင်သည်ဟု လူတချို့က ထေ့ငေါ့စွာ ပြောဆိုခဲ့ကြသည်။


ကံကောင်းတာကတော့ မူလပိုင်ရှင်က မရှိတော့ဘဲ ဒီနေရာမှာ သူ ရှိနေတာပဲ!


ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး မနက်စာကို သယ်လျက် အပေါ်ထပ်သို့ တက်သည်။


သူသည် အခန်းထဲသို့ ဝင်ပြီး ကျန်းယွင်ရှိူ့က သွားတိုက်နေသည်ကို တွေ့လိုက်ရသဖြင့် ငုံ့ပြီး နမ်းလိုက်သည်။


“ ဘာလို့ မင်း ဒီလိုလုပ်တာလဲ... ” ကျန်းယွင်ရှိူ့က အနည်းငယ် မကျေမနပ်ဖြင့် ဝိုးတဝါး ပြောသော်လည်း သူ့မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေသည်။


“ တစ်နေ့ ကိုယ် ဒီလိုမလုပ်တော့ရင် မင်း စိတ်ဆိုးလိမ့်မယ်! ” ယန်ကျင်းဇီက ရယ်သည် : “ မနေ့ညက သဝန်တိုတာ ဘယ်သူပါလိမ့်? ”


ကျန်းယွင်ရှိူ့သည် သွားဆက်တိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။


ယန်ကျင်းဇီ : “ ကိုယ် မင်းအတွက် မနက်စာ ယူလာတယ်။ သွားတိုက်ပြီးရင် စားဖို့ သတိရဦး။ ”


“ မင်း ငါ့ကို မနက်စာ သယ်လာပေးစရာ မလိုပါဘူး။ ငါ အောက်ထပ်ဆင်းပြီး စားလို့ရတယ်။ ” ကျန်းယွင်ရှိူ့က ရေရွတ်သည်။


“ ကိုယ် မင်းအတွက် သယ်ပေးရတာကို ကြိုက်တယ်။ ” ယန်ကျင်းဇီက သူ့ကို ထပ်နမ်းလိုက်သည်။


ကျန်းယွင်ရှိူ့သည် သွားတိုက်နေချိန်တွင်ပင် သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားရသည်။


သူသည် သူ့နှလုံးသားထဲတွင် ပျားရည်၊ အချိုပွဲများ၊ ကိတ်မုန့်များနှင့် အခြားချိုမြန်သော အရာများဖြင့် ပြည့်နှက်နေပြီး ပြည့်လျှံကျတော့မည်ဟု ခံစားရသည်...


သွားတိုက်နေစဉ် ကျန်းယွင်ရှိူ့သည် ကြွေသွားတိုက်တံခွက်ပေါ်တွင် သူ့လက်ချောင်းများနှင့် တီးခေါက်လိုက်သည်။


ဒီသွားတိုက်တံခွက်ကို ခေါက်နေတဲ့အသံက အရမ်းကောင်းတယ်!


မနေ့ညက သူ့ကို ခိုးကူးတယ်လို့ ပြောနေတဲ့ လူကို... ကျန်းယွင်ရှိူ့ မေ့သွားတာ ကြာပေါ့!


သို့သော် ယန်ကျင်းဇီကတော့ မှတ်မိနေသေးသည်။


ယန်ကျင်းဇီသည် Weibo ကို ဖွင့်ပြီး သူ့ Weibo အောက်တွင် ကျန်းယွင်ရှိူ့ ခိုးကူးသည်ဟု ပြောနေကြသော ကောမန့်များမှာ ဖိနှိပ်ခံလိုက်ရသော်ငြား ကျန်းယွင်ရှိူ့ကို ချစ်ရေးဆိုနေကြသော လူအများအပြား ရှိနေကြောင်း တွေ့လိုက်ရသည်။


သူသည် သွားတိုက်ပြီး၍ ရေတစ်ကျိုက်ငုံကာ ခံတွင်းရှင်းနေသော ကျန်းယွင်ရှိူ့ကို ဓာတ်ပုံရိုက်လိုက်ပြီး တင်လိုက်သည် : “ငါ ဒီမနက် အိပ်ရာနိုးမှပဲ ယွင်ရှိူ့ကို လူတစ်ယောက်ယောက်က စွပ်စွဲထားတာကို တွေ့လိုက်ရတယ်။ ယွင်ရှိူ့ရဲ့ သီချင်းကို ခိုးပြီး ယွင်ရှိူ့ကို စွပ်စွဲတဲ့ လူ၊ မင်း စောင့်နေ! ငါ့မှာ မင်းနဲ့ ရှင်းစရာရှိသေးတယ်!

PS : ယွင်ရှိူ့ကို ချစ်ရေးဆိုမနေကြနဲ့၊ သူက ငါ့လူ!”


ယန်ကျင်းဇီ ဤပို့စ်တင်လိုက်သည်နှင့်တပြိုင်နက် အင်တာနက်သုံးစွဲသူများက ချက်ချင်း ဟစ်အော်ကြသည် : “အာာာာာား! ဘာလို့ ကျန်းယွင်ရှိူ့က အရမ်းချစ်စရာကောင်းနေနိုင်ရတာလဲ!”


“ငါ အရမ်းဝန်ခံချင်တယ်! ငါ မင်းကို ချစ်တယ်၊ မင်းကို အချစ်ဆုံးပဲ။ ယွင်ရှိူ့၊ ငါ မင်းကို ချစ်တယ်!”


“မစ္စတာယန်လို လူဖြောင့်တစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာတောင် ယွင်ရှိူ့က အရမ်းကြည့်ကောင်းနေတုန်းပဲ။ ချစ်တယ် ချစ်တယ် ချစ်တယ်!”


“သွားတိုက်တံနဲ့ ဒီချစ်စရာလေးက ဘယ်သူလဲ!”


“အရမ်းချစ်ဖို့ကောင်းတယ်!”


“ယွင်ရှိူ့ အရမ်းပျော်နေတဲ့ပုံပဲ!”


“ငါ မနာလိုလိုက်တာ!”



အစပိုင်းတွင် လူတိုင်းသည် ကျန်းယွင်ရှိူ့၏ ဓာတ်ပုံများကိုသာ အာရုံစိုက်ကြပြီး နောက်မှသာ ယန်ကျင်းဇီ တင်ထားသော အသေးစိတ် အကြောင်းအရာကို သွားတွေ့ကြသည် : “မစ္စတာယန် ဆိုလိုတာက ယွင်ရှိူ့ရဲ့ သီချင်းကို လူတစ်ယောက်က ခိုးသွားတာလား?”


“အဲ့လူရဲ့ သီချင်းက တကယ်ပဲ ယွင်ရှိူ့စီက ပေါက်ကြားလာတာလား?”


“သူများရဲ့ သီချင်းကို ခိုးပြီးတော့ သူများက ခိုးယူသွားတယ်လို့ ပြောတာက အရှက်မမဲ့လွန်း‌ဘူးလား?”


“ဥက္ကဌယန်က အရမ်းကြီးစိုးနိုင်တယ်! ယွင်ရှိူ့အတွက် တရားမျှတမှုကို ရှာပေးရမယ်နော်!”



‘မင်း စကားတစ်လုံးပြော၊ ငါက ‌နောက်စကားတစ်လုံးပြော’ သော လူအားလုံးတို့သည် ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့ဘက်တွင် ရပ်‌တည်နေကြသည်။ ရေတပ်ကမူ “ကျန်းယွင်ရှိူ့က အရှက်မဲ့စွာ နိုင်ငံခြားမှ ကူးယူနေသည်” နှင့် အလားတူတို့ကို ပြောဆိုနေကြဆဲဖြစ်သည်။


လူတိုင်းသည် မနေ့ညက ဤကိစ္စကို တွေ့ခဲ့ကြပြီး တကယ် စိတ်ဆိုးခဲ့ကြရသည် – ကျန်းယွင်ရှိူ့၊ ဒီရှက်စရာကြောင့် နိုင်ငံခြားမှာ မျက်နှာပျက်ရပြီ!


ယခု ကြည့်လိုက်သော် စိတ်အတွေးများဟာ လုံးဝကို ခြားနားသွားလေပြီ : “ကျန်းယွင်ရှိူ့က နိုင်ငံခြားကနေ ဘာကိုကူးနေတာလဲ! အဲ့လူကသာ ကျန်းယွင်ရှိူ့ရဲ့ သီချင်းကို ခိုးသွားတာ အသိသာကြီး!”


“မနေ့က ငါ အရူးဖြစ်ခဲ့ပြီး အဲ့လူကိုတောင် နှစ်သိမ့်ခဲ့တယ်။ ဒီနေ့တော့ ငါ သူ့ကို ပြန်ကျိန်ဆဲတော့မယ်!”


“သူ့မျက်နှာကိုတောင် ထုတ်မပြရဲဘူး။ အရမ်းသိသာတယ်၊ တစ်ခုခုမှားနေပြီမှန်း!”


“သူ့မှာ အဲ့အရည်အချင်း တကယ်ရှိရင် ဘယ်လိုလုပ် သူက လူမသိတဲ့သူ ဖြစ်နေမှာလဲ?”



အင်တာနက်ပေါ်မှ လူအများ၏ ထင်မြင်ယူဆချက်ဟာ ချက်ချင်းပြောင်းသွားသည်။


သုံ့ချင်းလင်သည် ဤအရာများကို ကြည့်ပြီး လူတစ်ကိုယ်လုံး ပြိုလဲသွားသည် : “ မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး... ”


သူသည် သူ့တွင် ရှိသမျှ ပိုက်ဆံများအားလုံးကို အသုံးပြုပြီး ရေတပ်ကို ငှားခဲ့ရသည်။


ကျန်းယွင်ရှိူ့သာ ကံမကောင်းနိုင်ဘူးဆိုရင် ဒါတွေအကုန်လုံးက ထိုက်တန်တယ်လို့ သူ ခံစားရပေမယ့် အခု ဘာတွေဖြစ်နေတာလဲ?


ကျန်းယွင်ရှိူ့တွင် လုံးဝ ပြဿနာမရှိချေ။ သူက အလွန်အကျွံ လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ တကယ် ဖြစ်သွားတာက ကျန်းယွင်ရှိူ့အစား သူက အခွေအသစ်ကို ပရိုမိုးရှင်းလုပ်ပေးမိလိုက်တာလား?


သုံ့ချင်းလင်သည် page များစွာကို အရူးအမူး refresh လုပ်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားသည် – ‘Waning’ အခွေကို တကယ် ထုတ်ဝေလိုက်တယ်!


တုန်ယင်နေသော လက်များနှင့် သူသည် မောက်စ်ကို ကိုင်ပြီး အခွေကို ကလစ်နှိပ်ကာ တိုတောင်းသော်ငြား နာကျင်စွာ အော်ဟစ်လိုက်သည်။


ဤအခွေသည် ‘Waning’ အမည်ရှိပြီး “Moonlight Sonata” နှင့် အစရှိသည်တို့ကို ကျန်းယွင်ရှိူ့ တီးခတ်ထားသည့် ခက်ခဲသော စန္ဒရားသီချင်း အမျိုးမျိုးတို့ ပါဝင်နေသည်။


ယခုလေးတင် မွေးမြူထားသော “မျှော်လင့်ချက်” လေးဟာ ချက်ချင်း ကွဲအက်သွားရသည်။


ထိုမျှတင်မကဘဲ ဤအခိုက်အတန့်တွင် နောက်ထပ်သီချင်းတစ်ပုဒ် ထပ်ထွက်လာသည်။


ရိုက်ကူးရေး ပြီးဆုံးပြီး နှောင်းပိုင်းထုတ်လုပ်ရေးအဆင့် ရောက်နေသော အလွန်အမင်း မျှော်လင်စောင့်စားခံရသည့် နိုင်ငံခြားရုပ်ရှင်၏ ထုတ်လုပ်ရေးအဖွဲ့က အမှန်တကယ်ပင် ကျန်းယွင်ရှိူ့၏ သီချင်းများ တင်ထားသော @Twitter acc ကို နာမည်တပ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုသီချင်းများ မည်သည့်နေရာမှ လာကြောင်းတို့ကို မေးမြန်းခဲ့သည်။


သူတို့သည် ကျန်းယွင်ရှိူ့ထံမှ သီချင်းတချို့ကို အသုံးပြုခွင့် ဝယ်ယူထားပြီး ယခုအခါတွင် ၎င်းတို့အချို့၌ ကူးယူခြင်းများ ပါဝင်နေသည်ဟု တချို့သော လူများက ပြောနေကြသည်။ သူတို့က သေချာပေါက် ရှင်းရှင်းလင်းလင်း မေးချင်တာပေါ့!


သူတို့သည် ကျန်းယွင်ရှိူ့ ကူးယူထားသည်ဟု လုံးဝ မခံစားရသည်မှာ အမှန်ပင် ဖြစ်သည်။


ဤ Twitter သည် ကျန်းယွင်ရှိူ့ ရောင်းချချိန်ထက် သုံးလစောပြီး သီချင်းတင်ထားသော်ငြား ကျန်းယွင်ရှိူ့က ၎င်းတို့ဟာ ပြီးခဲ့သည့်နှစ် သို့မဟုတ် လွန်ခဲ့သော နှစ်အနည်းငယ်က ရေးစပ်ထားသော သီချင်းများ ဖြစ်ကြောင်းကို ယခင်က ပြောကြားခဲ့သည်။


ထို့အပြင် ဤသို့သော သီချင်းများကို ရေးဖွဲ့လျှင် ဂီတတတ်မြောက်မှု အဆင့်မြင့်မားရန် လိုအပ်သောကြောင့် တေးရေးဆရာကို မည်သူမျှမသိခြင်းမှာ မဖြစ်နိုင်ချေ။


သူတို့သည် ဤလူက ကျန်းယွင်ရှိူ့၏ သီချင်းများကို ခိုးယူပြီး တီးခတ်ကာ အင်တာနက်ပေါ်တွင် တင်ခဲ့သည်ဟု ပို၍ ထင်မြင်သည်။


အမှန်ပင်၊ ဤကိစ္စကို မဆုံးဖြတ်ရသေးသဖြင့် သူတို့သည် ယခုအခါတွင် ရှင်းလင်းချက်ကို ဦးစွာမေးမြန်းနေခြင်း ဖြစ်သည်။


ခိုးယူခံရသော လူများဟာ ဤအချိန်တွင် ဒေါသတကြီးဖြင့် သူတို့၏ ကိုယ်ပိုင်သက်သေများကို ထုတ်ပြကြလိမ့်မည်မှာ သာမန်သာ ဖြစ်သော်ငြား ယခုမူ... 


သုံ့ချင်းလင်သည် ဤသတင်းကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။


ကျန်းယွင်ရှိူ့က နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဒီသီချင်းတွေရဲ့ အသုံးပြုခွင့်တွေကိုပါ ရောင်းထားခဲ့တယ်တဲ့လား?


သူသည် သူ့ယခင်ဘဝတွင် ထိုဇာတ်ကားကို တစ်ခါမှ မကြည့်ဖူးခဲ့ပေ။ ထိုအချိန်တွင်လည်း ကျန်းယွင်ရှိူ့၏ သီချင်းကို အသုံးပြုခဲ့ခြင်း ရှိ၊မရှိ မသိချေ။ သူသည် မည်သည့်အချိန်တွင် ကျန်းယွင်ရှိူ့က တခြားသူများကို သီချင်းပေးခဲ့မှန်းကိုပင် မသိပေ။ ဒီအခြေအနေမျိုးမှာ ဘယ်လိုလုပ် သူက ခံရသူပုံစံကို သုံးပြီး ရပ်တည်ရဲပါ့မလဲ?


ထို့အပြင် tweet နောက်ကွယ်မှ လူဟာ သူ ဖြစ်ကြောင်းကို ရှာမတွေ့စေရန်အတွက် အွန်လိုင်း‌တွင် လူအနည်းငယ်သာ ရှိသည့်အချိန် နံနက်ခင်းစောစော၌ tweet တင်ပြီးနောက် သူသည် ထို Twitter acc ကို log in ဝင်လေ့ရှိခဲ့သော ဖုန်းကို ဖျက်ဆီးခဲ့သည်။ အခုတော့ သူ log in ဝင်ဖို့ တခြားစက်ပစ္စည်းတွေကို မသုံးရဲတော့ဘူး!


လူမည်မျှ စုံစမ်းသည်ဖြစ်စေ၊ မေးမြန်းသည်ဖြစ်စေ ထို Twitter တွင် လှုပ်ရှားမှုမရှိတော့ချေ။


မူလဇာတ်ကြောင်းတွင် အင်တာနက်အသုံးပြုသူများသည် ၎င်းကား ပိုင်ရှင်က တခြားသူများကို ဂရုမစိုက်သောကြောင့်ဖြစ်သည်ဟု စဉ်းစားခဲ့ကြသည်။ ယခုမူ...


“အဲ့လူက ရွံစရာကောင်းလိုက်တာ!”


“အဲ့သီချင်းတွေအကုန်လုံးကို ကျန်းယွင်ရှိူ့ ဖန်တီးထားတာပဲ။”


“ကျန်းယွင်ရှိူ့အတွက် စိတ်ဖိစီးမိတယ်!”


“ကံကောင်းတာက ကျန်းယွင်ရှိူ့ရဲ့ စိတ်ကူးစိတ်သန်းတွေ အသစ်ထွက်ပေါ်လာတာပဲ။ အခွေသစ်မှာ အသုံးပြုထားတဲ့ သီချင်းတွေ အကုန်လုံးက အသစ်တွေချည်းပဲ။ မဟုတ်ရင် သူက အပြောခံနေရလောက်တုန်းပဲ!”




ထို့နောက်... ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့၏ Weibo အောက်တွင် ခံစားချက်များကို လာရောက်ဝန်ခံသော လူများဟာ ပိုပိုများပြားလာသည်။


ယန်ကျင်းဇီ : “ ...... ”


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို အင်တာနက်ပေါ်မှ ဖြစ်ရပ်အကြောင်း ပြောပြသည်။


ကျန်းယွင်ရှိူ့သည် ပြန်လည်တုံ့ပြန်ပြီး လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ယန်ကျင်းဇီကို ကြည့်သည် : “ မင်း ငါ့သီချင်းအသစ်ကို နားထောင်ချင်လား? ”


သေချာတာပေါ့၊ ယန်ကျင်းဇီ နားထောင်ချင်သည်။


သို့ရာတွင် နားထောင်နေစဉ် သူသည် အနည်းငယ်လည်း စိတ်ပူသွားသည်။


ကျန်းယွင်ရှိူ့က စွပ်စွဲခံရတာကို လုံးဝ ဂရုမစိုက်ဘူး၊ သူက အရမ်းအပြစ်ကင်းပြီး အနိုင်ကျင့်ခံရဖို့ လွယ်လွန်းတယ်!


ကံကောင်းလို့ သူ့မှာ သူ့ရဲ့ အကာအကွယ် ရှိနေတာ!


ယန်ကျင်းဇီသည် အသက်ပြင်းပြင်းရှူပြီး ပိုက်ဆံဆက်သုံးကာ သုံ့ချင်းလင်ကို စုံစမ်းရန် လူလွှတ်လိုက်သည်။


ပြန်လည်မွေးဖွားလာသူ သုံ့ချင်းလင်က ကျန်းယွင်ရှိူ့ကို ပစ်မှတ်ထားနေသည်။ သူ သေချာပေါက် ဒီလူကို ဖယ်ရှားရမယ်!


အဘယ့်ကြောင့်ဆိုသော် သုံ့ချင်းလင်သည် တခြားသူများ၏ မဖွယ်မရာ ဓာတ်ပုံများကို အသုံးပြု၍ ကျန်းယွင်ရှိူ့ကို သိက္ခာချခဲ့ပြီး ကျန်းယွင်ရှိူ့ကို ခိုးကူးမှုဖြင့် စွပ်စွဲခဲ့သည်။ ဒီကိစ္စတွေကို ရှေ့နေတစ်ဦးနဲ့ လေးလေးနက်နက် လုပ်ဆောင်လိုက်ရင် သုံ့ချင်းလင်ကို အကြွေးအများကြီး တင်ပြီး နှစ်နှစ်လောက်တော့ ထောင်ထဲပို့နိုင်လိုက်မှာ သေချာတယ်!


အမှန်ပင်၊ ရဲကို ဦးစွာဖုန်းဆက်ပြီးမှ သက်သေရှာကာ သုံ့ချင်းလင်ကို ဖမ်းရမည်ဖြစ်သည်။


ဤကိစ္စကို ယန်ကျင်းဇီသည် တခြားသူများကို လုပ်ခိုင်းသည်။


ယခင်အတိတ်ကာလတွင် ယန်ကျင်းဇီသည် သူကိုယ်တိုင်က ရဲအရာရှိ မဟုတ်သောကြောင့် သုံ့ချင်းလင်ကို မစုံစမ်းခဲ့ခြင်းဖြစ်သည်။ ကိစ္စအများအပြားဟာ စစ်ဆေးရန် အလွန်အဆင်မပြေဘဲ သူ့တွင် သဲလွန်စလည်း မရှိခဲ့သဖြင့် စုံစမ်းရန် ခက်ခဲခဲ့သည်။


ဒါပေမယ့် အခု မတူတော့ဘူး!


ယခု သူသည် သက်သေအချို့ကို ရှာဖွေတွေ့ရှိထားပြီး ထို့နောက် ရဲကို ဖုန်းဆက်၍ အင်တာနက်ပေါ်တွင် ကျန်းယွင်ရှိူ့၏ မဖွယ်မရာ ဓာတ်ပုံများကို ပို့စ်တင်သူဟာ သုံ့ချင်းလင် ဖြစ်ကြောင်း သတင်းပေးလိုက်သည်။ ရဲဘက်မှ စတင်စုံစမ်းပြီး သုံ့ချင်းလင်၏နောက်သို့ လိုက်စစ်ဆေးသည်...


သုံ့ချင်းလင်၏ ရန်ပုံငွေများ ရောက်ရှိ‌သွားသော နေရာကို အလွန်လွယ်ကူစွာ ရှာတွေ့သည်။ မကြာခင်မှာတင် သူက ကျန်းယွင်ရှိူ့ကို ဖျက်စီးရန် ရေတပ်ကို အကြိမ်ပေါင်းများစွာ ဝယ်ယူခဲ့ကြောင်းနှင့် ထိုဓာတ်ပုံများကိုလည်း သူက ဝယ်ယူကာ ဖြန့်ခဲ့ကြောင်းတို့ကို ရှာတွေ့သွားကြသည်။


အထောက်အထားများ ခိုင်လုံပြီး သုံ့ချင်းလင်ဟာ ဖမ်းဆီးခံလိုက်ရသည်။


သို့ရာတွင် ရဲများက သုံ့ချင်းလင်၌ စိတ်ပိုင်းဆိုင်ရာပြဿနာများရှိကြောင်း တွေ့ရှိခဲ့သောကြောင့် သုံ့ချင်းလင်သည် ထောင်သို့မသွားခဲ့ရချေ။


“ ဒီသုံ့ချင်းလင်က စိတ်အခြေအနေ ဆိုးရွားနေတယ်။ မစ္စတာယန်က သူ့လူ၊ ကျန်းယွင်ရှိူ့က တတိယလူ ဆိုတာနဲ့ သူက ပြန်လည်မွေးဖွားလာတယ် ဆိုပြီး သူက အမြဲတမ်း ပြောနေတယ်... သူ့ကို ရူးနေတယ်လို့ ကြိုပြီး ဆုံးဖြတ်ထားကြတယ်။ ” ရဲများသည် ယန်ကျင်းဇီနှင့် စကားပြောသောအခါ သူတို့က ယန်ကျင်းဇီကို ဂရုဏာသက်စွာ ကြည့်ကြသည်။


အစပိုင်းတွင် သူတို့သည် သုံ့ချင်းလင်၏ ပိုက်ဆံကို ယန်ကျင်းဇီ ပေးခဲ့ကြောင်းကို တွေ့ရှိသောအခါ ယန်ကျင်းဇီက ဆန်ကုန်မြေလေးတစ်ဦးဟု ထင်မိခဲ့သော်ငြား ထပ်မံစုံစမ်းကြသည်...


ယန်ကျင်းဇီက သုံ့ချင်းလင်ကို ပိုက်ဆံပေးနေချိန်တွင် သုံ့ချင်းလင်က ကောင်းပေါ်ဟောင်နှင့် တွဲနေပြီးဖြစ်သည်။


သုံ့ချင်းလင်က ကျန်းယွင်ရှိူ့ကို သတ်ချင်ရသော အကြောင်းအရင်းကို သူတို့ စုံစမ်းစစ်ဆေးသောအခါ သူတို့သည် ယန်ကျင်းဇီက ကောင်းပေါ်ဟောင်ထံသို့ ပို့ထားသော email ကိုလည်း ကောင်းပေါ်ဟောင်ထံမှ တွေ့လိုက်ရသည်။


သူတို့သာ အထင်မမှားလျှင် ယင်းကား ဤသို့ဖြစ်သင့်သည်၊ ယန်ကျင်းဇီက သုံ့ချင်းလင်၏ စန္ဒရားတီးခတ်မှုကို နားထောင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုခန့် သုံ့ချင်းလင်ကို ပျိုးထောင်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် ကျန်းယွင်ရှိူ့နှင့် ဆက်ဆံရေးကို အတည်ပြုပြီးနောက် သူက သုံ့ချင်းလင်ကို မလိုအပ်တော့ပေ။ ထို့ကြောင့် သုံ့ချင်းလင်က ကောင်းပေါ်ဟောင်ထံမှ စွန့်ပစ်ခံရပြီးနောက်တွင် ယန်ကျင်းဇီထံသို့ ပြန်သွားချင်သည်။ ၎င်းကြောင့် သူက ကျန်းယွင်ရှိူ့ကို စတင်ဖြေရှင်းခြင်းပင်။



သူက ကျန်းယွင်ရှိူ့ကို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ပြီး ရူးသွပ်ခြင်းနှင့်သာ အဆုံးသတ်သွားလေသည်။


ယန်ကျင်းဇီ : “ ... ” ရူးသွားတဲ့လူက သုံ့ချင်းလင်ပါ။ ဘာလို့ သူတို့က သူ့ကို သနားသလို ကြည့်နေကြတာလဲ? 


ရဲများကလည်း မှားနေမှန်း သတိထားမိသွားကြသည် — ဘာလို့ သူတို့က ယန်ကျင်းဇီကို သနားရမှာလဲ? ယန်ကျင်းဇီက ပိုက်ဆံအိတ်တွေ အများကြီးကို အေးအေးဆေးဆေးနဲ့ ထုတ်သုံးနိုင်တဲ့ လူတစ်ယောက်ပဲ၊ သူတို့ရဲ့ ကြင်နာသနားမှုကို မလိုအပ်ဘူး!


ယခုလက်ရှိ အရေးအကြီးဆုံး မေးခွန်းဟာ... သုံ့ချင်းလင်ကို ဘာလုပ်သင့်သလဲ?


တခြားဘာလုပ်နိုင်မှာလဲ? သေချာတာပေါ့၊ သူ့ကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့လိုက်ရသည်။ ရန်လိုနေသေးသရွေ့ သူ့ကို အပြင်ပေးမထွက်နှင့်။


ယန်ကျင်းဇီသည်လည်း ၎င်းက ကောင်းမွန်သည်ဟု ထင်သည်။


သူသည် သုံ့ချင်းလင်၏ ယခင်ဘဝမှ အတွေ့အကြုံများကို မသိဘဲ သိဖို့လည်း စိတ်မဝင်စားပေ။ သို့သော် သုံ့ချင်းလင်က သူ့ယခင်ဘဝတွင် အလွန်သံသယများခဲ့လျှင် ဆိုးရွားသော ဘဝတွင် နေထိုင်ရခြင်းမှာ သာမန်သာ ဖြစ်သည်။


ယန်ကျင်းဇီသည် သုံ့ချင်းလင်၏ ကိစ္စများကို ဖြေရှင်းပြီးသောအခါတွင် ပျော်ရွှင်စွာဖြင့် ကျန်းယွင်ရှိူ့ကို သွားရောက်အဖော်ပြုပေးသည်။


သုံ့ချင်းလင်က သူ့ကိုယ်ပိုင်ပိုက်ဆံကို အသုံးပြုပြီး “ပရိုမိုရှင်း” အတွက် အစွမ်းကုန် ကြိုးစားခဲ့ပေးသောကြောင့် ကျန်းယွင်ရှိူ့၏ အခွေအသစ်များဟာ အလွန်ကောင်းမွန်စွာ ရောင်းချနေရပြီး သူ့ပရိသတ်များလည်း အ‌များအပြား တိုးပွားလာသည်။


ကျန်းယွင်ရှိူ့သည် လူအများနှင့် ဆက်သွယ်ရခြင်းကို မနှစ်သက်ဘဲ Weibo တွင် ပို့စ်တင်ခဲသည်။ ပရိသတ်များကို ထိန်းသိမ်းထားရန်ဟာ ယုတ္တိနည်းအရ မဖြစ်နိုင်ချေ။ သို့သော် သူသည် ယန်ကျင်းဇီ၏ အပြုအမူကို မတားမြစ်နိုင်ပေ။


ယန်ကျင်းဇီသည် တစ်ရက်လျှင် နှစ်နာရီ သို့မဟုတ် သုံးနာရီမျှသာ အလုပ်လုပ်ရန် ကုမ္ပဏီသို့ သွားခဲ့ပြီး ကျန်အချိန်များကို ကျန်းယွင်ရှိူ့နှင့် ကုန်ဆုံးသည်။ သူသည် ကျန်းယွင်ရှိူ့ကို ဝန်ခံနေသော အင်တာနက်ပေါ်မှ လူများစွာအား ကြည့်ရှုနေပြီး အမြဲတစေ ကြွားဝါချင်နေလေသည် – ကျန်းယွင်ရှိူ့က သူ့အပိုင်!


ယန်ကျင်းဇီသည် သူ၏ နေ့စဉ်ဓူဝ ကိစ္စရပ်ကဲ့သို့ Weibo တွင် ပို့စ်တင်သည် : “ယွင်ရှိူ့က ငါ့အတွက် သီချင်းတွေ ရေးပေးနေပြန်ပြီ။” ကျန်းယွင်ရှိူ့၏ ဓာတ်ပုံတစ်ပုံနှင့် အတူတွဲလျက်။


“ဒီနေ့ ယွင်ရှိူ့က ငါ့ကို အချိုပွဲလုပ်ပေးတယ်။” ဓာတ်ပုံတွင် သူ ဖုတ်ထားသော ကွတ်ကီးများကို ပြသထားသည်။


“ငါ သွားမယ်ဆိုရင် အဲ့ဒီ့ဂီတပွဲတော်ကို သွားဖို့ ဆန္ဒရှိတယ်လို့ ယွင်ရှိူ့က ပြောတယ်။ ငါ ဘာလုပ်သင့်သလဲ?” ပုံကား နာမည်ကြီး ဂီတပွဲတော်တစ်ခုမှ ဖိတ်စာတစ်စောင် ဖြစ်သည်။




အင်တာနက်အသုံးပြုသူများ : “...” ဟဟ! မင်း ကြွားနေတာကို ငါတို့ မသိဘူးလို့ မထင်နဲ့!


ကျန်းယွင်ရှိူ့ရဲ့ ပရိသတ်တွေနဲ့ သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေ အကုန်လုံးက ယန်ကျင်းဇီရဲ့ Weibo အောက်မှာ ရှိနေကြတယ်!


ကြည့်လိုက်သော် သူတို့ကလည်း ယန်ကျင်းဇီ၏ ပရိသတ်များ ဖြစ်သွားသည်ပင်။


ဒီလိုမျိုး ချောမောချမ်းသာပြီး အလိုလိုက်အကြိုက်ဆောင်တတ်တဲ့ ယောက်ျားက ပရိသတ်တွေနဲ့ ထိုက်တန်နေတုန်းပဲ!


ထိုသို့ဆိုလျှင်ပင် ပရိသတ်များသည် အနည်းငယ် စိုးရိမ်ကြဆဲဖြစ်သည်။


“မစ္စတာယန်၊ မင်းက မနက်ပိုင်းမှာလည်း အိမ်ကနေ Weibo ပို့စ်တင်တယ်၊ နေ့လယ်ခင်းမှာလည်း အိမ်ကနေ Weibo ပို့စ်တင်တယ်၊ ညနေကျတော့လည်း အိမ်ကနေ Weibo ပို့စ်တင်တယ်။ မင်း အလုပ်မလုပ်ရဘူးလား?”


“မစ္စတာယန်၊ ကျန်းယွင်ရှိူ့မှာ အလုပ်တို့၊ လှုပ်ရှားမှုတို့ ရှိတာနဲ့ မင်းက နေရာတိုင်း နောက်ကနေ လျှောက်လိုက်တတ်တယ်။ မင်း အလုပ်လုပ်စရာမလိုဘူးလား?”


“မစ္စတာယန်၊ မင်းက နေ့တိုင်း Weibo မှာ ချစ်ခင်မှုကို ပြသနေတယ်။ မင်း အလုပ်မလုပ်ဘူးလား?”



နောက်ဆုံးတွင်တော့ ယန်ကျင်းဇီ၏ Weibo အောက်၌ ၎င်းသာ ရှိတော့သည် : “မင်း အလုပ်မလုပ်ရဘူးလား?”


ယန်ကျင်းဇီက တိတိကျကျ ဖြေရှင်းသည် : “လူတိုင်း၊ ငါ အလုပ်လုပ်နေဆဲပါ! ငါ တစ်နေ့ကို အနည်းဆုံး နှစ်နာရီလောက် အလုပ်လုပ်တယ်!”


အလုပ်က အနည်းဆုံး... တစ်နေ့ကို နှစ်နာရီ??


ငါတို့က တစ်နေ့ကို အနည်းဆုံး ရှစ်နာရီ အလုပ်လုပ်ရတယ်၊ 996 လူတွေတောင်* အရမ်းရှက်မိတယ်! 


( *996 လူတွေ = 9am-9pm အလုပ်လုပ်ရသူများ၊ တစ်ပတ်ကို 6 ရက်။ )


“ဥက္ကဌက အရမ်းခေါင်းမာတယ်လား?”


“ကြည့်ရတာ အချစ်နွံနစ်ပြီး ကုမ္ပဏီကို လျစ်လျူရှုထားတတ်တဲ့ ဥက္ကဌအချစ်ဝတ္ထုတွေထဲက ဥက္ကဌမျိုးက အပြင်မှာ တကယ် တည်ရှိ‌နေတာပါလား?”


“မစ္စတာယန်၊ မင်း ကုမ္ပဏီ ဒေဝါလီခံရမှာ မကြောက်ဘူးလား?”



လူများက ဤသို့မေးခွန်းထုတ်ပြီးနောက် နောက်ထပ်ထင်ကြေးပေးချက် ရှိလာသည် : “မစ္စတာယန်က ဥက္ကဌဖြစ်ဖို့ သူ့အဖေကို အားကိုးပြီး လုံးဝ အလုပ်မလုပ်တာ ဖြစ်နိုင်တယ်။”


“ဥက္ကဌယန်က ကုမ္ပဏီကို နှစ်နာရီကြာ သွားတယ်။ အချိန်တိုလေး သွားကြည့်တယ်လို့ ခန့်မှန်းရတယ်။ သူ့မှာ ကုမ္ပဏီကို ဂရုစိုက်ဖို့ ပရော်ဖက်ရှင်နယ် မန်နေဂျာတွေ ရှိကိုရှိရမယ်။”


“ငါ ကြောက်မိတာက မစ္စတာယန်ရဲ့ နေ့စဉ်ဘဝဟာ တစ်ခြားတစ်ခုခု လုပ်နေတာ ဖြစ်မှာကိုပဲ၊ ယွင်ရှိူ့ကို လုပ်တာလေ။”


“အပေါ်ထပ်က ညစ်ပတ်လွန်းတယ်၊ report!”


“ချမ်းသာတဲ့ ဒုတိယသူဌေးမျိုးဆက် ဖြစ်ရတာ အရမ်းမိုက်တယ်!”



ယန်ကျင်းဇီဟာ သူ့အလုပ်ကို ကောင်းစွာ မလုပ်ဆောင်သော ချမ်းသာသည့် ဒုတိယသူဌေးမျိုးဆက် ဖြစ်သဖြင့် ဥက္ကဌရာထူးက အပျော်သဘောမျှသာ ဖြစ်သည်ဟု လူတိုင်းနီးပါးက ထင်ကြလေသည်။


ဤအချိန်တွင် သူဌေးတစ်ဦးက အင်တာဗျူးတစ်ခု၌ ဆိုသည် : “မျိုးဆက်သစ်လူငယ်တွေထဲမှာ ငါ အလေးစားဆုံးက ယန်ကျင်းဇီ။”


အင်တာနက်အသုံးပြုသူများ : “???” မင်း သူ့ကို ဘာအတွက် လေးစားတာလဲ? ဘာမှမလုပ်လို့ သူ့ကို လေးစားတာလား?


ခဏအကြာတွင် နောက်ထပ်သော စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးက ပြောလာသည် : “ငါ့သားမှာသာ ယန်ကျင်းဇီရဲ့ အရည်အချင်း ရှိမယ်ဆိုရင် မဟုတ်ဘူး၊ တစ်ဝက်လောက်ဆိုရင်တောင် ‌ကောင်းမှာပဲ။”


အင်တာနက်အသုံးပြုသူများ : “???” မင်းရဲ့သားက တစ်ချိန်လုံး ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်နေတာ မဟုတ်ဘူးလား? မင်းက သူ့ကို ယန်ကျင်းဇီလိုမျိုး တစ်နေ့လုံး ကစားစေချင်နေတာလား?


နောက်ဆုံးတွင် နိုင်ငံခြားမှ အရေးပါသူများပင် အပျော်ဝင်ပါလာကြသည် : “တရုတ်လူငယ်တွေထဲမှာ ငါ ယန်ကျင်းဇီကို သဘောအကျဆုံးပဲ။ ငါ သူနဲ့ ဆက်သွယ်ဖူးပြီး အများကြီး သင်ယူခဲ့ရဖူးတယ်။”


အင်တာနက်အသုံးပြုသူများ : “???” မင်းလည်း ကျန်းယွင်ရှိူ့လိုမျိုး ယန်ကျင်းဇီရဲ့ မှော်မန္တန်အောက်ကို ကျရောက်သွားတာ ဖြစ်နိုင်သလား? ကျန်းယွင်ရှိူ့က အင်တာဗျူးဖြေတာနဲ့ ယန်ကျင်းဇီအကြောင်း ကြွားတယ်။ မင်းက သူ့ကို ဘာအတွက် ချီးကျူးနေတာလဲဟ?


ရလဒ်ကမူ လူတိုင်းဟာ ပဟေဠိဖြစ်နေကြသည်။ သူတို့သည် ယန်ကျင်းဇီ၏ တစ်နေ့ကို နှစ်နာရီသာ အလုပ်လုပ်၍ စီမံခန့်ခွဲသော ကုမ္ပဏီက ပိုပိုကြီးမားလာသည်ကို တွေ့လိုက်ကြရသည်။


ထိုမျှတင်မကဘဲ ယန်ကျင်းဇီက ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံနေပြီး ရင်းနှီးမြှုပ်နှံမှုမှ ရရှိသောငွေသည် သူ့ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးထက်ပင် ပိုမိုမြင့်မားကြောင်း တစ်စုံတစ်ယောက်က ဖော်ပြလာသည်။


ဘယ်တတ်နိုင်မလဲ၊ သူက ချမ်းသာတဲ့ ဒုတိယသူဌေးမျိုးဆက် ဖြစ်နေတာကိုး။ တခြားလူတွေက မူလရံပုံငွေတွေကို စုဆောင်းဖို့လိုပေမယ့် သူကတော့ သူ့မိဘတွေစီက တောင်းလိုက်ရင် မူလရံပုံငွေ ရှိသွားရောလေ!


ဒါပေမယ့် အဲ့လိုဆိုရင်တောင် ယန်ကျင်းဇီ ပိုက်ဆံအများကြီး ရှာနိုင်တာက အရမ်းအစွမ်းထက်တာပဲ!


သူ့အလုပ်ကို သေသေချာချာ လုပ်နေပုံမပေါ်တဲ့ ဒီလူက တကယ်ပဲ... အရမ်းအရည်အချင်းရှိတာလား?


တစ်နေ့တွင် ယန်ကောချီကပင် Weibo တွင် ပို့စ်တင်လာသည် : “@ယွင်ရှိူ့ရဲ့ကျင်းဇီ၊ ကောင်စုတ်လေး၊ မင်း တစ်နေ့ကို နောက်ထပ်နှစ်နာရီ အလုပ်ပိုလုပ်ပြီး ချီရှန်းကိုရော ဂရုစိုက်နိုင်မလား?!!!”


ယန်ကျင်းဇီသည် ခွေးစာကျွေးရန်အတွက် Weibo တွင် ပို့စ်တင်ချိန်၌ ရှိသော သူ၏ ပုံမှန်စိတ်အားထက်သန်မှုကို ပြောင်းလဲပြီး ခပ်တည်တ

ည် စာပြန်သည် : “မရဘူး!”


“ဘာကြောင့်လဲ?!!!” ယန်ကောချီသည် စိတ်ဆိုးနေသည်။ သူ့သားက အရမ်းဉာဏ်ကောင်းပေမယ့် သူ့အလုပ်ကို လွှဲမယူချင်ဘူး! သူ့ကို ဒေါသထွက်စေတယ်!


ယန်ကျင်းဇီ : “ကျွန်တော် ယွင်ရှိူ့ကို အဖော်ပြုပေးချင်တယ်။ ကျွန်တော် မအားဘူး~”


ဒါက လူတွေကို စိတ်ဝိညာဉ်အထိ ရိုက်ခတ်တဲ့ လှိုင်းလက္ခဏာကို ခံစားရအောင် လုပ်နေတာပဲ အား!