အပိုင်း ၁၂၃ ( The President 23 - extra 1 )
Viewers 10k


Life 


အစပိုင်းတွင် ယန်ကျင်းဇီက ကျန်းယွင်ရှိူ့နှင့် တနေကုန် အချိန်ဖြုန်းပြီး ကောင်းကောင်းမွန်မွန် အလုပ်မလုပ်သောအခါ၌ ယန်ကောချီသည် အလွန်မကျေမနပ်ဖြစ်လေသည်။


သူက ပိုက်ဆံအများကြီး ရှာထားပြီး နောက်ဆုံးမှာ သူ့သားကိုပဲ ပေးရမယ်ဆိုပေမယ့် သူ့သားက ကစားဖို့ပဲ သိမယ်ဆိုရင် မိသားစုစီးပွားရေးကို ထိန်းသိမ်းထားနိုင်ပါ့မလား?


ပြီးတော့ သူ့သားက ယောက်ျားတွေကို ကြိုက်တယ် ဆိုတော့ သူ့မှာ မြေး မရှိလာနိုင်ဘူး! ဒါဆို ပိုက်ဆံအများကြီး ရှာထားတာက ဘာအသုံးဝင်မှာလဲ?


သို့သော် သူနှင့် သူ့သားတို့၏ ဆက်ဆံရေးမှာ ဆိုးရွားပြီး သူသည် သူ့သားကို အပြစ်တင်ဝေဖန်ရန် မဝံ့ရဲသောကြောင့် သူကဲ့သို့ တူညီသော အခြေအနေနှင့် ရာထူးတို့ ရှိကြသည့် သူငယ်ချင်းဟောင်းများနှင့်သာ ညည်းညူပြောဆိုနိုင်သည်။


ယန်ကောချီ၏ သူငယ်ချင်းများ အားလုံးသည် စီမံခန့်ခွဲမှုကုမ္ပဏီက ပရော်ဖက်ရှင်နယ် မန်နေဂျာများကို ရှာဖွေနိုင်သည်ဟု ဆိုကြကာ ယန်ကောချီကို နှစ်သိမ့်ပေးကြသည်။ ကလေးမရှိသည့်ကိစ္စအတွက်မူ... အခု အငှားကိုယ်ဝန်ဆောင်အတွက် နိုင်ငံခြားသွားလို့ ရတယ်မလား?


ထို့အပြင် လူတိုင်းဟာ တူညီလုနီးပါးပင်။ သူတို့၏ သားသမီးများက ယန်ကျင်းဇီထက် အနည်းငယ် သာလွန်ပြီး ယောက်ျားများကို သဘောမကျသော်လည်း သူတို့က အသက်သုံးဆယ်ကျော်အရွယ်တွင်ပင် အိမ်ထောင်ပြုရန် ငြင်းဆိုနေဆဲဖြစ်သည်...


ယန်ကောချီသည် သက်ပြင်းသာချနိုင်သည် : “ အိုက်ယား၊ ကလေးကိစ္စက ငါ သူ့ကို အငှားကိုယ်ဝန်ဆောင် ငှားခိုင်းဖို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့် သူက ယောက်ျားနောက်လိုက်ဖို့ပဲ သိတယ်။ အနာဂတ်မှာ ပိုက်ဆံမရှိတော့တဲ့အချိန် ငါတို့က ဘယ်လိုဆက်ပြီး နေထိုင်ကြမလဲ? ”


“ ပိုက်ဆံမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ မင်း ကလေးအတွက် ပိုက်ဆံပိုချန်ခဲ့ရမယ်။ အတိုးတစ်ခုတည်းနဲ့တင် သူ ကုန်အောင် မသုံးနိုင်တော့ဘူး! ” ယန်ကောချီ၏ သူငယ်ချင်းများက တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။ သို့ရာတွင် သူတို့စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူနေကြသည် – သူတို့ရဲ့ ကလေးတွေမှာ ချို့ယွင်းချက်တွေ များပေမယ့် အနည်းဆုံးတော့ သူတို့က ယန်ကျင်းဇီထက် သာပြီး တောက်ပတဲ့ အနာဂတ် ရှိသေးတယ်!


မည်သို့ပင်ဖြစ်စေ မျက်စိတစ်မှိတ်အတွင်း နှစ်အနည်းငယ် ကုန်ဆုံးသွားသည်...


ဟား ဟား!


ယန်ကောချီက တစ်နေ့လုံး ညည်းတွားနေတယ်။ အချစ်နွံနစ်ပြီး ကုမ္ပဏီကို ဂရုစိုက်ဖို့ မသိဘူးလို့ ဆိုတဲ့ သူ့သားက ကုမ္ပဏီကို ပိုကြီးမား‌လာစေတယ်!


သူက မနက်တိုင်း နှစ်နာရီ၊ သုံးနာရီလောက်ပဲ ကုမ္ပဏီကို သွားတယ်လို့ သူတို့ ကြားတယ်!


နှစ်နာရီ၊ သုံးနာရီအတွင်းတွင် သူက အစည်းအဝေးများ လုပ်နေစဉ် စာရွက်စာတမ်းများကို ဖတ်ရှုနိုင်ပြီး အရာရာကို ပြီးပြည့်စုံအောင် ကိုင်တွယ်နိုင်ဆဲဖြစ်သည်... ယန်ကောချီက သူ့သားနှင့် ပတ်သက်ပြီး တကယ် ညည်းညူနေတာ မဟုတ်ဘဲ သူ့သားကို ကြွားဝါနေတာမလား?


လူတိုင်းဟာ စိတ်အချဉ်ပေါက်နေပြီး နိုင်ငံရပ်ခြားမှ ရုတ်ချည်း ပေါ်ပေါက်လာသော အင်အားကြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူမှာ ယန်ကျင်းဇီ ဖြစ်သည်ကို ရုတ်တရက် သိရှိလိုက်ကြရသည်။


သူ့ရဲ့ ငွေရှာတဲ့ အရှိန်က မြင်းရိုင်းတစ်ကောင်လို မြန်တယ်!


ကောင်းပြီ၊ သူတို့သည် "မြင်းရိုင်း" ထက် ပိုကောင်းသော နာမဝိသေသနတစ်ခုကိုလည်း သုံးချင်ခဲ့သော်ငြား အဆင်မပြေဖြစ်ခဲ့ကြရသည်... တကယ်တော့ အစပိုင်းတွင် သူတို့သည် ယန်ကျင်းဇီကို ညွှန်းဆိုရန် "ခွေးရိုင်း" ကို သုံးချင်ခဲ့ကြသည်။


တစ်ချိန်က ယန်ကောချီကို နှစ်သိမ့်ပေးခဲ့ကြသော ထိုလူများသည် ယခု ယန်ကောချီကို မြင်လျှင် တစ်ယောက်ချင်းစီတိုင်းဟာ “ဟား ဟား ဟား ဟား” ဟုသာ အဆက်မပြတ် ပြုံးရယ်ကြသည်။


ယန်ကောချီထံမှ သူ့သား၏ ချီရှန်းကို စီမံခွင့်အား ငြင်းဆန်မှုအကြောင်း ညည်းညူသံကို ကြားရသော် သူတို့သည် ယန်ကောချီနှင့် တစ်ပွဲတစ်လမ်းပင် အနည်းငယ် နွှဲချင်မိကြသည်။ 


ဒီလူအိုကြီးက ကျေးဇူးမသိတတ်လိုက်တာ! ဒီလောက်ကောင်းတဲ့သားကို ရထားပြီး စိတ်မကျေနပ်နိုင်သေးဘူး!


ယန်ကျင်းဇီက ယောက်ျားတွေကို ကြိုက်လည်း... သူတို့ရဲ့ ကလေးတွေက လက်ထပ်ဖို့ ငြင်းနေကြတုန်းလေ!


ထို့ကြောင့် ယန်ကောချီသည် ကလေး၏ပညာရေးကို ပြင်ပမှ အခြားသူများနှင့် ဆွေးနွေးလိုသောအခါတွင် မည်သူကမျှ သူနှင့် လုံးဝ စကားမပြောချင်ကြောင်း တွေ့ရှိခဲ့သည်။


သူသည် အိမ်ပြန်ပြီး သူ့မိန်းမနှင့်သာ ဆွေးနွေးနိုင်သည်။


ဤနှစ်များအတွင်း ယန်ကောချီသည် အပျော်ရှာခြင်း မလျော့နည်းသွားပေ။ သို့ရာတွင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး စိုးရိမ်ပူပန်စိတ် မရှိဘဲ ခံစားပျော်မွေ့ချင်ရုံသက်သက်သာ ဖြစ်သည်။


သို့သော် သူသည် အရမ်းသတိရှိပြီး ဦးနှောက်ရှိသည်။


ဥပမာအားဖြင့် သူသည် ယောက္ခထီးကို မျက်နှာချိုသွေး၍ သူ့ဇနီးကို လက်ထပ်ခဲ့ခြင်းမှာ ပိုက်ဆံအတွက်သာ ဖြစ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ ဤလူများသည် သူ့ကို သနားစရာမလိုသော်လည်း ကြင်နာခဲ့ကြသည်။


ထို့ကြောင့် နှစ်များကြာလာသည်နှင့်အမျှ သူသည် သူ၏ လူအိုကြီးကို အမြဲတစေ အလွန်လေးစားခဲ့သည်၊ သူ့ဇနီးကိုလည်း အလွန်လေးစားခဲ့သည်။ သူသည် သူတို့ လိုချင်တာမှန်သမျှ ပေးပြီး အိမ်တွင် ‌နှိမ့်ချစွာ နေထိုင်ရန်လည်း ဆန္ဒရှိသည်။ 


ဤအကြောင်းကြောင့်သာလျှင် အမေယန်သည် ကွာရှင်းရန် အစီအစဉ်မရှိခြင်းဖြစ်သည်။


လူအိုကြီးက ပိုအသက်ကြီးလာပြီး သူ(မ)က သူနှင့် မအိပ်ချင်တော့ပေ။ လုပ်ချင်တာသာ လုပ်တော့! သေချာတာပေါ့၊ ကွာရှင်းရန်မှာ မဖြစ်နိုင်ချေ။ အနာဂတ်တွင် လူအိုကြီး၏ ပိုင်ဆိုင်မှုကို သူ(မ)၏သားထံသို့ လွှဲပေးရမည်ဖြစ်သည်။


အမေယန်သည် ယခုအချိန်တွင် အဖေယန်နှင့် အတူမနေဘဲ သူ(မ)ဘာသာ နေထိုင်သည်။ တစ်ခါတစ်ရံတွင် လူအိုကြီးက ပြန်လာပြီး သူ(မ)နှင့် စကားစမြည် ပြောဆိုသည်။


ယခု သူ့သားက ချီရှန်းကို စီမံခန့်ခွဲရန် ဆန္ဒမရှိသောအခါ...


အမေယန် : “ ချောင်ချောင်က အသက်သုံးဆယ်ပဲ ရှိသေးတယ်။ တချို့လူတွေ ဒီအသက်အရွယ်မှာ ကျောင်းတက်နေကြတုန်း! ရှင် ဘာတွေအလျင်လိုနေတာလဲ? ”


အဖေယန် : “ ကျင်းဇီ ဘယ်လောက်ဉာဏ်ကောင်းလဲ မင်း မသိပါဘူး! သူ ကုမ္ပဏီကို တာဝန်ယူလိုက်ရင် ကုမ္ပဏီကို နောက်တစ်ဆင့် ရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ ” 


သို့သော် အမေယန်သည် ဤစကားကို စိတ်မဝင်စားပေ : “ ကျင်းဇီက အသက်ငယ်သေးတယ်! သူက သူ့ကိုယ်ပိုင်ကုမ္ပဏီကို စီမံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရတာနဲ့တင် ပင်ပန်းနေပြီ။ ရှင် ဘယ်လိုလုပ်ပြီး သူ့ကို ချီရှန်းကို တာဝန်ယူခိုင်းရဲတာလဲ? ”


အဖေယန်သည် အမေယန်၏ ‘သူက အသက်ငယ်သေးသည်’ ဟူသော စကား‌ကြောင့် မှင်တက်သွားရသည်။


သူ့ကို ပို၍ပင် ဆွံ့အသွားစေသည်မှာ အမေယန်က သူ(မ)၏သားဟာ အသက်ငယ်သေးသည်ဟု ပြောပြီးသွားချိန်တွင် ဆက်ပြောလေသည် : “ အခု အရေးကြီးဆုံးအရာက ချောင်ချောင်ကို ကလေးယူခိုင်းဖို့ပဲလို့ ထင်တယ်! ” 


မင်းရဲ့သားက အသက်ငယ်သေးတယ်ဆို၊ ဘာလို့ မင်း သူ့ကို ကလေးယူခိုင်းတာလဲ?


အမေယန်က ထပ်ပြောပြန်သည် : “ ရှင့်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့က ဒီရက်တွေထဲမလား? ငါတို့ ပွဲအကြီးကြီး ကျင်းပမယ်။ ဒါဆို ချောင်ချောင်က ကျိန်းသေ လာမှာပဲ။ ငါတို့ သူ့ကို မေးကြမယ်... ငါ မြေးချီချင်တယ်! အိုက်ယား၊ အားလီကိုလည်း ငါတို့ မေးဖို့လိုတယ်! ” အခု သူ(မ) အစိုးရိမ်ဆုံးကတော့ သူ(မ)ရဲ့ သားနဲ့ သမီးမှာ သားသမီး မရှိမှာကိုပဲ!


သူ(မ)ရဲ့ သမီးမှာ ကောင်လေးတစ်ယောက်တောင် မရှိသေးဘူး!


အဖေယန်က သဘောတူသည်။


ယန်ကောချီ၏ နှစ် ၆၀ ပြည့်မွေးနေ့ကို အထူး clubhouse တစ်ခုတွင် ကျင်းပပြီး လူများစွာကို ဖိတ်ကြားထားသည်။ အမှန်ပင်၊ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည်လည်း ရောက်လာကြလိမ့်မည်။


ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် နှစ်နှစ်ကြာ လက်တွဲလာခဲ့ကြသည်။ သူတို့၏ ဘဝများဟာ တကယ့်ကို သက်တောင့်သက်သာ ရှိသောကြောင့် ဖြစ်နိုင်သည်၊ ကျန်းယွင်ရှိူ့၏ သန့်ရှင်းသပ်ရပ်မှု အစွဲအလမ်းဟာလည်း ပိုမိုသက်သာလာခဲ့သည်။


သူသည် အပြင်ထွက်ပြီး အိမ်ပြန်ရောက်ချိန်တွင် အဝတ်အစားများနှင့် ပစ္စည်းများကို လဲလှယ်ရန် လိုသေးသော်လည်း အိမ်တွင် ပိုမိုကောင်းမွန်သည်။ သူသည် ပစ္စည်းတစ်ခုတည်းကို ထိကိုင်ရန်အတွက် လက်သွားဆေးစရာ မလိုတော့ပေ။


သူ၏ သန့်ရှင်းမှု အလေ့အထတွင် စိတ်ပိုင်းဆိုင်ရာ အကြောင်းခံ ပါဝင်သည်။ စိတ်ပညာရှင်၏ အဆိုအရ ၎င်းက ပိုမိုမကောင်းမွန်လာလျှင်ပင် ရောဂါလက္ခဏာများကို သက်သာစေရန် မခက်ခဲချေ။


သို့သော် သန့်ရှင်းမှု အလေ့အထဟာ သက်သာလာသော်ငြား ကျန်းယွင်ရှိူ့၏ ကိုယ်ကျင့်စရိုက်က ရိုးရှင်းလွန်းနေသေးသည်။


ယန်ကျင်းဇီသည် သူ အနိုင်ကျင့်ခံရမည်ကို အမြဲစိုးရိမ်နေသည်။


သို့ရာတွင် တကယ်တော့... သူ ရှိနေတာကို ဘယ်သူက ကျန်းယွင်ရှိူ့ကို အနိုင်ကျင့်ရဲမှာလဲ?


ယန်ကောချီ၏ မွေးနေ့ပွဲသည် ညနေခင်းမှသာ ဖြစ်သော်လည်း လူများက နေ့လယ်ခင်းတွင် ရောက်ရှိလာကြပြီး ညနေခင်း ရောက်သောအခါ ဧည့်ခန်းမထဲတွင် လူဦးရေဟာ ပို၍ပင် များပြားလာသည်။


ကောင်းပေါ်ဟောင်သည် သူ့အဖေနှင့် အတူလိုက်လာ၏။


လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကောင်းပေါ်ဟောင်၏ ကုမ္ပဏီသည် ကောင်းမွန်စွာ လည်ပတ်နေခဲ့သော်ငြား သူသည် လုံးဝ နာမည်မကြီးပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ထက် သာလွန်သော ယန်ကျင်းဇီကြောင့် ဖြစ်သည်။


ဝိုင်ဖန်ခွက်တစ်ခွက်နှင့် ပွဲခန်းမတွင် မတ်တပ်ရပ်နေသော ကောင်းပေါ်ဟောင်သည် စိတ်ရှုပ်ထွေးနေလေသည်။


သုံ့ချင်းလင်က သူနှင့် အတူရှိနေစဉ် ယန်ကျင်းဇီကို တမ်းတလျက်ရှိကြောင်း သိလိုက်ရသည့်အချိန်တွင် သူသည် အလွန်ထိတ်လန့်သွားရသည်။ သို့သော် ထိုအချိန်တွင် သူသည် ထိတ်လန့်သွားသော်လည်း သူ့စိတ်ထဲတွင် အထင်သေးသော ခံစားချက် ရှိဆဲဖြစ်သည်။ သုံ့ချင်းလင်တွင် မကောင်းမွန်သော အမြင် ရှိသောကြောင့် သူ့ကို မကြိုက်ခြင်း ဖြစ်သည်ဟု သူသည် ခံစားရသည်။ သူက ယန်ကျင်းဇီထက် ပို၍ ထူးချွန်ထက်မြက်သည်ဟု ခံစားခဲ့ရသည်။


သို့ရာတွင် သူသည် ပိုမိုမထူးချွန်ခဲ့ပေ။


ယန်ကျင်းဇီက အရာရာတိုင်းတွင် သူ့ထက်သာလွန်သော ဖြစ်ရပ်မှာ သူ့ကို နောက်တစ်ကြိမ် ထိုးနှက်ခံရစေခဲ့သည်။


ယခုဆိုလျှင် သူ့၌ သူ၏ ယခင်အားမာန်တက်ကြွမှုနှင့် ထက်မြက်မှုတို့ပင် မရှိတော့ပါချေ။


“ ယန်ကျင်းဇီ ခဏနေ ထွက်လာရင် မင်း သူနဲ့ စကားကောင်းကောင်း ပြောနိုင်တယ်။ မင်းတို့က အသက်တူတူပဲ။ မင်းတို့ သူငယ်ချင်းတွေ ဖြစ်လာနိုင်တယ်။ ” ကောင်းပေါ်ဟောင်၏ အဖေက ကောင်းပေါ်ဟောင်ကို ပြောသည်။ သူသည် သူ့သားတွင် သုံ့ချင်းလင်ကြောင့် ယန်ကျင်းဇီနှင့် ပဋိပက္ခများ ရှိခဲ့ကြောင်း သိထားသည်။ သို့သော် အချိန်နှစ်နှစ်ပင် ကြာသွားပြီဖြစ်သည်။ သူ့သားက ယန်ကျင်းဇီကို ဘာမှမလုပ်ခဲ့လေရာ ပြဿနာမရှိသင့်ချေ။


ကောင်းပေါ်ဟောင်က ခါးသီးသော အပြုံးဖြင့် ခေါင်းညိတ်သည်။


ကောင်းပေါ်ဟောင်သည် ယန်ကျင်းဇီနှင့် အမှန်တကယ်ပင် စကားပြောချင်သော်ငြား အခွင့်အရေး မရရှိခဲ့ပေ။


ယန်ကျင်းဇီက သူ့အဖေနှင့် အသက်အရွယ်တူပြီး၊ အဆင့်အတန်းတူသော လူတချို့နှင့် စကားပြောနေခဲ့သည်။


သူသည် ဝင်မတိုးနိုင်သောကြောင့် ဘေးကနေသာ ရပ်ကြည့်နိုင်သည်။


ရုတ်တရက် ငြိမ့်ညောင်းသော စန္ဒရားတီးသံ ထွက်ပေါ်လာသည်။


ကောင်းပေါ်ဟောင်သည် ခေါင်းမော့ပြီး ကျန်းယွင်ရှိူ့က စန္ဒရားရှေ့တွင် တီးခတ်နေသည်ကို တွေ့လိုက်ရသည်။ ယန်ကျင်းဇီကလည်း ကျန်းယွင်ရှိူ့စီကို ရောက်ရှိနေပြီးဖြစ်သည်။


ကျန်းယွင်ရှိူ့က စန္ဒရားတီးနေစဉ် ယန်ကျင်းဇီကို ကြည့်ကာ သူ့မျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေသည်။


သူတို့နှစ်ဦးက အတူတကွ ရပ်နေကြပြီး သိသိသာသာကို လိုက်ဖက်ညီကြကာ ကျန်းယွင်ရှိူ့၏ စန္ဒရားတီးသံက ကောင်းကင်ဘုံတေးသံကဲ့သို့ ပိုမိုကောင်းမွန်လာသည်။


ကောင်းပေါ်ဟောင်သည် ချမ်းသာသော မိသားစုမှဖြစ်ပြီး ငယ်စဉ်ကတည်းက ဂီတကို လေ့လာခဲ့သည်။ သူသည် အစပိုင်းတွင် သုံ့ချင်းလင်ကို သဘောကျ‌ခဲ့ပြီး အကြောင်းရင်းတစ်ချက်မှာ သုံ့ချင်းလင်က စန္ဒရားကို ကောင်းစွာ တီးခတ်နိုင်သောကြောင့် ဖြစ်သည်။


ယခုမူ ကျန်းယွင်ရှိူ့ကို တွေ့လိုက်ရသော်.. သူသည် သုံ့ချင်းလင်နှင့် ကျန်းယွင်ရှိူ့တို့၏ ကွာခြားချက်ဟာ ဘဲတစ်ကောင်နှင့် ငန်းတစ်ကောင်ကြားမှ ကွာခြားချက်နီးပါး ရှိသည်ကို ‌ရုတ်တရက် သိလိုက်ရသည်။ 


ဘယ်လိုလုပ်ပြီး သူက သုံ့ချင်းလင်ကို တွေ့တွေ့ချင်း ချစ်မိသွားခဲ့တာပါလိမ့်?


ကောင်းပေါ်ဟောင်သည် ရုတ်တရက်ကြီး ယန်ကျင်းဇီကို သွားစကားမပြော‌ချင်တော့ပေ။


ယန်ကောချီ၏ မွေးနေ့ပွဲဟာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။


မွေးနေ့ပွဲပြီးသွားပြီးနောက် ဧည့်သည်များ ထွက်ခွာပြီးသွားသည့်အချိန်တွင်ပင် ယန်မိသားစုက သိပ်စိတ်မကျေနပ်ကြပေ။


ယနေ့တွင် မိသားစုဝင်တိုင်းဟာ ဤနေရာတွင် ရောက်ရှိနေကြပြီး ယန်ကောချီသည် ယန်ကျင်းဇီကို ကလေးယူရန် လူရှာခိုင်းလေသည်။ ရလဒ်ကမူ ယန်ကျင်းဇီက ငြင်းဆိုလိုက်ပေသည် : “ မလုပ်ဘူး။ ”


“ ချောင်ချောင်၊ မင်း စိတ်ချလို့ရတယ်။ မင်းရဲ့ အငှားကိုယ်ဝန်ကိစ္စ ပြီးသွားရင် ငါတို့က မင်းအစား ကလေးရဲ့ အမေကို ဂရုစိုက်ပေးမှာပါ။ မင်း ယွင်ရှိူ့ကိုလည်း ကလေးယူခိုင်းလို့ရတယ်။ ” အမေယန်က ဝင်ပြောသည်။ သူ(မ)ရဲ့သားကိုပဲ ကလေးယူခိုင်းတာ မတရားရာကျတယ်၊ ဒါကြောင့် ကျန်းယွင်ရှိူ့လည်း အငှားကိုယ်ဝန်နဲ့ ကလေးယူနိုင်တယ်! ဘာပဲဖြစ်ဖြစ် သူတို့မိသားစုက တတ်နိုင်တယ်!


“ မဟုတ်ဘူး။ ကျွန်တော်တို့ ကလေးမလိုချင်ဘူး။ ” ယန်ကျင်းဇီက ဆိုသည်။ သူ ကလေးမလိုချင်ဘူး။ သူသည် ကလေးများကို လုံးဝ မလိုချင်ပေ။


ကျန်းယွင်ရှိူ့၏ အငှားကိုယ်ဝန်ဆောင်ကိစ္စအတွက်မူ... တွေးတောင် မတွေးနဲ့! ကျန်းယွင်ရှိူ့က သူတစ်ယောက်တည်းရဲ့အပိုင်!


“ မင်းက ကလေးမလိုချင်ဘူး။ ဒါဆို မိသားစုပိုင်ဆိုင်မှုတွေကိုရော ဘယ်လိုလုပ်မလဲ? ချီရှန်းကို မင်းကို ပေးမယ်လို့ ကတိပေးပြီးသားလေ! ” ယန်ကောချီသည် စိုးရိမ်ပူပန်နေသည်။ သူသည် အင်တာနက်ပေါ်မှ လူတချို့၏ စကားများကို ဖတ်ရှုဖူးသည်။ မိသားစုတွင် နန်းပလ္လင် မရှိလျှင် သူတို့၌ သားသမီးများ ရှိခြင်း၊မရှိခြင်းဟာ အရေးမကြီးတော့ချေ။ ဒါပေမယ့် သူတို့မိသားစုနဲ့ မတူဘူးလေ! သူတို့မိသားစုက အရမ်းချမ်းသာတယ်!


ယန်ကောချီ၏ စဉ်းစားပုံဟာ ခေတ်ဟောင်းဆန်သည်။ မဟုတ်လျှင် သူသည် သူ့သားကို သူ၏ မျိုးရိုးနာမည် “ယန်” အဖြစ် ပြောင်းလဲခိုင်းခဲ့မည် မဟုတ်ချေ။


သူ့သားက သူ့မျိုးရိုးကို ပြောင်းသည့်အချိန်၌ အနာဂတ်တွင် သူတို့၏ ယန်မိသားစုမှ ပိုင်ဆိုင်မှုများကို သူ့သားက အမွေဆက်ခံပြီး ဝမ်မိသားစု၏ ပိုင်ဆိုင်မှုများကို သူ့သမီးက အမွေဆက်ခံလိမ့်မည်ဟု သူက ပြောခဲ့ပေသည်။


သေချာတာပေါ့၊ သူ့ဇနီး၏ မိသားစုပိုင်ဆိုင်မှုများမှာ သူ့တွင် ရှိသလောက် မကောင်းမွန်သောကြောင့် သူသည် သူ့သမီးကို ပိုင်ဆိုင်မှုတချို့ဖြင့် လျော်ကြေးပေးမည်ဖြစ်သည်။


“ အစ်မကို ပေးလို့ရတာပဲ။ ” ယန်ကျင်းဇီက ပြောသည်။


ယန်ကောချီက သဘောမတူ : “ မရဘူး၊ သူ(မ)ရဲ့ မျိုးရိုးနာမည်က ဝမ်! ”


ယန်ကျင်းဇီသည် ဆွံ့အသွားရှာသည်။ သူသည် အဘယ့်ကြောင့် ယန်ကောချီက မျိုးရိုးနာမည်လေးတစ်ခုကို ဂရုစိုက်နေမှန်း နားမလည်နိုင်ပေ : “ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကလေးမယူချင်ဘူး။ ပြီးတော့ ကျွန်တော် ချီရှန်းကိုလည်း မလိုချင်ဘူး။ ”


“ ကောင်စုတ်ကလေး! မင်းက ချီရှန်းကိုတောင် မလိုချင်ဘူးလား?! ” ယန်ကောချီသည် လူကိုပင် ရိုက်ချင်လာသည် : “ ငါ နောက်ထပ်ကလေးတစ်ယောက် ထပ်ယူပြီး သူများကို ပေးပစ်လိုက်မှာကို မင်း မကြောက်ဘူးလား? ” သူ့အသက်က ခြောက်ဆယ်ဆိုပေမယ့် သူ ကလေးမယူနိုင်တော့တာမျိုး မဟုတ်ဘူး! ပြီးတော့ သူ့အတွက် ကလေးမွေးပေးချင်တဲ့လူတွေက အများကြီး ရှိတယ်!


“ ရှင်က ကလေးထပ်ယူချင်သေးတာလား? ” အမေယန် ပေါက်ကွဲသွားသည်။ သူ(မ)တွင် ကလေးမွေးနိုင်စွမ်း မရှိတော့ပေ။ သူ(မ)သည် ကလေးမွေးရန်လည်း မလိုလား။ ဒီလူက တရားမဝင်ကလေး လိုချင်တာလား?


“ ဒါဆို သူ့ကို ဘာလုပ်မလဲ? ဒါတွေအကုန်လုံး မင်း သူ့ကို အလိုလိုက်ခဲ့လို့ပဲ! ” အဖေယန်က ပြန်ပြောသည်။ ယခင်က သူသည် သူ့ဇနီးဟာ ကျန်းယွင်ရှိူ့ကို မောင်းထုတ်နိုင်လိမ့်မည်ဟု အပိုင်တွက်ခဲ့သော်လည်း သူ့ဇနီးက ရုတ်တရက်ကြီး ထိုကျန်းယွင်ရှိူ့ထံမှ ဆွဲဆောင်ခံလိုက်ရသည်။


အမေယန်သည် မိသားစုပိုင်ဆိုင်မှုကို တခြားသူများအား မပေးချင်ဘဲ ချက်ချင်း ပြောသည် : “ အားလီကို ကလေးနှစ်ယောက် မွေးခိုင်းလိုက်ပါ။ တစ်ယောက်ကို ယန်၊ တစ်ယောက်ကို ဝမ်။ အနာဂတ်မှာ ကုမ္ပဏီကို အားလီရဲ့ ကလေးနှစ်ယောက်ဆီ ပေးလိုက်မယ်! ” သူ(မ)၏ သမီးကလည်း သူ(မ)ကဲ့သို့ပင်။ သေချာပေါက် သူ(မ)က ပိုက်ဆံလိုချင်လိမ့်မယ်!


အဖေယန်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သူ့သမီးကို လှမ်းကြည့်သည် – သူသည် သူ့မျိုးရိုးနာမည်နှင့် မြေးတစ်ဦး လိုချင်သည်။ သူ(မ)၏ ကလေးက သားဖြစ်စေ၊ သမီးဖြစ်စေ အရေးမကြီးချေ။


ယန်ကျင်းဇီကလည်း ဝင်ပြောသည် : “ အကြံကောင်းပဲ။ အစ်မ၊ မင်း ဆန္ဒရှိလား? ”


ဝမ်ယင်းလီသည် အနည်းငယ် အံ့အားသင့်သွားသည် : “ ယန်ကျင်းဇီ၊ နင် ရူးနေပြီလား? ငါ့ကို ပိုက်ဆံအများကြီး ပေးတယ်လား? ”


“ ကျွန်တော့်မှာ သုံးစရာ ပိုက်ဆံအလုံအလောက် ရှိတယ်။ ” ယန်ကျင်းဇီက ဆိုသည်။


“ နင် တကယ် သေချာလား? ” ဝမ်ယင်းလီသည် သူ(မ)၏မောင်ကို ကြည့်သည်။


“ သေချာတယ်! ” ယန်ကျင်းဇီက ဖြေသည်။


“ ဒါဆို ငါ အခုချက်ချင်း ကလေး‌သွားမွေးမယ်! ” ဝမ်ယင်းလီက ပြောသည်။ ကလေးတစ်ယောက် ထပ်မွေးပြီး ပိုက်ဆံတွေ အများကြီး ပြန်ရမယ့်ဟာကို အရူးပဲ မလုပ်ချင်မှာ! သူ(မ)ရဲ့မောင်က အရူး!


ယန်ကောချီ ကြောင်အသွားသည် : “ မင်း သိပ်မကြာခင် ကလေးမွေး‌တော့မှာလား? ”


ယန်ကျင်းဇီသည်လည်း အနည်းငယ် မှင်တက်သွားသည် — သူ့အစ်မက ဆင်ဂယ်မဟုတ်ဘူးလား? ဒီကိစ္စကြောင့် သူ့အမေက အများကြီး ပြောနေခဲ့တာလေ။


ဝမ်ယင်းလီ : “ သမီးက အစက ကလေးတစ်ယောက်ပဲ ယူဖို့ စီစဉ်ထားတာ ဆိုတော့ နောက်ထပ်နှစ်နည်းနည်း နောက်ကျလည်း ကိစ္စမရှိဘူးလေ။ အခု ကလေးနှစ်ယောက် ယူဖို့ စီစဉ်ရမယ်ဆိုတော့ သိပ်မကြာပဲ စပြီး ပြင်ဆင်ရမယ်! ”


“ ကလေးရဲ့ အဖေကော? ” ယန်ကောချီ ထိတ်လန့်သွားသည် : “ မင်း သွားရှာဖို့ တွေးတဲ့နေရာက... သုက္ကဘဏ်မှာတော့ မဟုတ်ဘူးမလား? ”


“ သမီး တွေ့ထားတာ ကြာပြီ။ သူပဲ။ ” ဝမ်ယင်းလီသည် သူ(မ)နောက်သို့ အမြဲလိုက်နေသော အမျိုးသား အတွင်းရေးမှူးကို ညွှန်ပြလိုက်သည်။ ဤလူက ရုပ်ရည်ချောမောပြီး IQ မြင့်မားသည်။ သူက သူ(မ)ကလေး၏ ဖခင် ဖြစ်ရန် အထူးသင့်လျော်သည်။ သူ(မ)သည် ဟိုးယခင်ကတည်းက သူ့ကို ရွေးချယ်ထားခဲ့သည်။


ဝမ်ယင်းလီဘေးတွင် အမြဲတစေ တည်တည်ငြိမ်ငြိမ် ရှိနေတတ်သော အမျိုးသား အတွင်းရေးမှူးက အဖေယန်ကို ရှက်ရွံ့စွာ ပြုံးပြလာသည် : “ မင်္ဂလာပါ ဦးလေး။ ကျွန်တော်က ယင်းလီရဲ့ချစ်သူပါ။ ”


အဖေယန် : “ ... ” အိုကေ... သူ့သမီးမှာ ရည်းစားရှိတယ်!


ယန်ကျင်းဇီ : “ ... ” သူ့အစ်မ နေ့တိုင်း အတူခေါ်သွားတတ်တဲ့ အတွင်းရေးမှူးက တကယ်ကြီး သူ့ယောက်ဖလား? တကယ် မထင်ထားဘူး!


အဖေယန်သည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ယန်ကျင်းဇီကို ထပ်ကြည့်လိုက်သည် : “ မင်းအစ်မက ကလေးယူတော့မယ်။ သူ(မ) အလုပ်များတော့မှာ။ မင်း ကုမ္ပဏီကို စီမံဖို့ ကူညီပေးနိုင်လား? ”


ယန်ကျင်းဇီက ထပ်ငြင်းပြန်သည် : “ အဖေ၊ ကျွန်တော် ငယ်သေးတယ်! ”


ယန်ကောချီ : “ ... ” မင်းက ငယ်သေးတယ်လား? ဒါဆို မင်းမှာ အရည်အချင်း ရှိရင် “ခွေ

းပေါက်လေးအချစ်” တွေ မလုပ်နဲ့စမ်း!


ဘယ်သူက ကျန်းယွင်ရှိူ့ရဲ့ လက်တွေနဲ့ ကစားရင်း ငါ့ကို စကားပြောနေတာလဲ?


သူ့အတွက် အရမ်းခက်ခဲတယ်! သူက ဒီလောက်ကြီးတဲ့ မိသားစုစီးပွားရေးကို ပေးချင်နေပေမယ့် သူ့သားက မလိုချင်ဘူး!