Chapter 161
"ပျောက်သွားတာလား" ကျန်သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး တုန်လှုပ်သွားရသည်။ အကယ်၍ ကျားတံဆိပ် ပျောက်ဆုံးသွားခဲ့ပါက၊မည်သို့မည်ပုံ ကောကုန်းချမ်အမ်၏လက်ထဲသို့ ရောက်နေမှန်း မသိပေ။
ကျားတံဆိပ်သည် စစ်သူကြီးပန်း ၏လက်ထဲတွင်ရှိခဲ့သည်။ နောက်ပိုင်းတွင် စစ်သူကြီးပန်းသည် နယ်စပ်တွင် ဒဏ်ရာရ၍ မြို့တော်ကို ပြန်ရောက်ပြီးနောက် အငြိမ်းစားယူကာ အေးအေးလူလူပင် မြို့စားဖြစ်လာသည်။ ဧကရာဇ်ယွင်ချင် နန်းတက်ပြီးနောက် နယ်စပ်မှာ စစ်ပွဲ မရှိတော့၍ ကျားတံဆိပ် ကို ဘယ်တော့မှ မတွေ့ရတော့ချေ။
ဧကရာဇ်သည် လက်ရှိစစ်ဗိုလ်ချုပ်များကို ပုန်ကန်မည်စိုး၍ ကျားတံဆိပ်ကို အခြားမည်သူ့ကိုမျှ မပေးခြင်းဖြစ်မည်။ သို့သော်လည်း ဧကရာဇ်မှာပါ ကျားတံဆိပ် မရှိဘူးဟု သူတို့ မမျှော်လင့်ထားပေ။
"ကျားတံဆိပ်က အစကတည်းက စစ်သူကြီးပန်းရဲ့ လက်ထဲမှာလား...."
ယောင်ဖေးကျီ တိုးတိုးလေးပြောသည်။ "စစ်သူကြီးပန်း ဒဏ်ရာရသွားတဲ့အခါ ရုတ်တရတ်ကြီးဆိုတော့ ကျားတံဆိပ် ကို မလွှဲပေးဘဲ ခိုးခံရတယ်လို့ ဧကရာဇ်ကို ပြောခဲ့တာလေ..."
ဧကရာဇ်ဟောင်းက ဘုရင်မင်းမြတ်ကို မကြိုက်နှစ်သက်ဘဲ မင်းသားဟွေ့ကိုသာ နှစ်သက်သည်။ ထို့ကြောင့် ဧကရာဇ်သည် စစ်သူကြီးပန်း၏ ဇာတ်လမ်းကို အမှန်တကယ် ယုံခဲ့ပေမည်။ထို့ကြောင့်လည်း ဧကရာဇ်သည် မင်းသားဟွေ့ကို နှစ်ပေါင်းများစွာ သည်းခံခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ မင်းသားဟွေ့ ရုတ်တရက် ပုန်ကန်မည်ကို သူ စိုးရိမ်နေပုံရသည်။ မင်းသားဟွေ့နှင့် ကြင်ယာတော် ကွယ်လွန်ပြီးနောက် ဧကရာဇ်သည် တူမ၊နှင့်တူတို့အား နန်းတော်၌ ခေါ်ထားခဲ့သည်။ ပထမအချက်မှာ သူက တူတော်များအပေါ် စေတနာရှိကြောင်းပြသလိုသည်။ ဒုတိယအနေနှင့်၊ သူတို့ကို ထိန်းချုပ်ပြီး မိုက်မိုက်ရိုင်းရိုင်း ပြုမူလာမည်ကို တားဆီးချင်တာပင်။
ကျားတံဆိပ် ပေါ်လာပြီးနောက်မှာ မထင်မှတ်ထားသည့် အရာများက ရုတ်တရက် ရှင်းသွားခဲ့၏။
ပန်းမိသားစုသည် မျိုးဆက်ပေါင်းများစွာ သစ္စာရှိခဲ့တာကို စစ်သူကြီးပန်း က ဘာလို့ ဒီလောက်လိမ်ညာပြောရတာလဲ... ပြီးတော့ ဒီ ကျားတံဆိပ်ကို ပန်းဟွာကျွင်းကျူးက ရုံရှားကို ပေးခဲ့တာလား...
"ကျွန်တော်သိတယ်"
ကျောက်ဝေ့ရှန်း သည် စစ်သူကြီးပန်း ၏ လက်အောက်ခံဟောင်းတစ်ဦးဖြစ်သည်။ တစ်ချိန်က အံ့အားသင့်စရာကောင်းသော စစ်သူကြီးပန်း အကြောင်းကို တွေးပြီး သူက ပြောပြသည်။
"စစ်သူကြီးပန်းက ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာမဟုတ်ဘူး၊ သူ့လူတွေကြောင့် ဒဏ်ရာရသွားတာပါ၊ ဗိုလ်ချုပ်တစ်ယောက်က သူ့ကို မနာလိုလို့ လုပ်ကြံခဲ့တာလေ၊ဒါကို အရင်ဧကရာဇ်(ယွင်ချင်မဟုတ်) လည်းသိပါတယ်၊ စစ်တပ်ရဲ့ သိက္ခာကို ထိခိုက်မှာစိုးလို့ သူ့မိသားစုကိုတောင် လျှို့ဝှက်ခဲ့တာ"
"သိပ်မကြာခင်မှာပဲ အရင်ဧကရာဇ်ဟာ အပြင်းဖျားခဲ့တယ်"
ကျောက်ဝေ့ရှန်း သည် အတိတ်ကို ပြန်သတိရသွားသည်။ သူ အေးအေးဆေးဆေး ပြောနေသော်လည်း၊ဤသည်က မရေမတွက်နိုင်သည့် လူများ သေဆုံးခြင်းဖြသ်ကာ သွေးချောင်းစီးသောဖြစ်ရပ်များပင်။
"နောက်ပိုင်းမှာ၊ အရင်ဧကရာဇ်ဟာ အမိန့်လည်းမထုတ်နိုင်သလို၊သေတမ်းစာတောင် မရေးနိုင်တော့ဘူး၊ဒီတော့ အိမ်ရှေ့စံက ထုံးစံအတိုင်း နန်းတက်ခဲ့ပြီး တယဲ့မင်းဆက်ရဲ့ ဧကရာဇ်ဖြစ်လာခဲ့တယ်"
ကျောက်ဝေ့ရှန်း သည် နောက်ပိုင်း သူ မည်မျှ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ပုံများကို မပြောတော့ပေ။ တခြားအရာရှိများကလည်း သူတို့အားလုံး အသုံးမဝင်တော့ဘူးဆိုတာ သူတို့စိတ်ထဲမှာ သိကြသည်။ပြည်သူများအတွက် အလုပ်လုပ်ဖို့ စေတနာရှိလျှင်တောင် သူတို့မှာ အင်အားမရှိတော့ပေ။
"အိမ်ရှေ့စံ နဲ့ နင်းဝမ်မင်းသားက ကမ္ဘာကြီးကို အုပ်စိုးနိုင်တဲ့ အရည်အချင်း မရှိပါဘူး၊ ကောကုန်းချမ်အမ် သာဆိုရင်..."
ယောင်ဖေးကျီ က ရုံရှား၏ အရည်အချင်းကို သဘောကျနေတာကြောင့် ဘက်လိုက်မိလေသည်။ ကံကောင်းထောက်မစွာ၊ သူ့မှာ ဆင်ခြင်တုံတရားရှိသည်။ သူ ဤအတိုင်းသာ ဆက်ပြောလျှင် ပုန်ကန်သည်ဟု သံသယဖြစ်လိမ့်မည်။
"မင်းဘာကိုဆိုလိုတာလဲ ငါသိတယ်" ကျောက်ဝေ့ရှန်း ပြုံးရင်း ပြောလိုက်သည်။ "တကယ်တော့ ငါတို့ဟာ တရားရုံးကို သစ္စာစောင့်သိပြီး ပြည်သူတွေအတွက် အလုပ်လုပ်ပေးဖို့ တစ်ဘဝလုံး သင်ယူခဲ့တာ မဟုတ်ဘူးလား၊ သဘာဝတရားကပဲ တနေ့မှာ လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ပေးမှာပါလေ၊ခုလောလောဆယ်တော့ ကောင်းကင်မှာ မျက်လုံးတွေရှိတယ်၊ ငါတို့ကို စောင့်ကြည့်နေတယ်လေ"
အစောပိုင်းနှစ်များတွင် တရားရုံးရှိ ပဍိပက္ခများနှင့် ရုန်းကန်ရမှုများအားလုံးကို မြင်တွေ့ခဲ့ရသည်။ သူသည် အမှန်တကယ် သစ္စာစောင့်သိသော အရာရှိတစ်ဦးမဟုတ်ပေ။ သူသည် မဟာရဲမင်းဆက်အပေါ် သစ္စာစောင့်သိသည်ဟု ပြောမည့်အစား တယဲ့မင်းဆက်၏ အုပ်ချုပ်မှုအောက်၌ရှိသည့် ပြည်သူများအပေါ် သစ္စာစောင့်သိသည်ဟု ဆိုခြင်းက ပိုကောင်းသည်။
ကောင်းကင်မှာ အမှန်တကယ် မျက်လုံးများရှိနေပါ၏။
မတ်လတွင် မက်မွန်ပွင့်များ အပြည့်ပွင့်သောအခါ မြို့တော်၏ဆင်ခြေဖုံးများ၌ ရုတ်တရက်ငလျင်လှုပ်သွားခဲ့သည်။မကြာမီ ထူးဆန်းသောကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ဤကျောက်တုံးသည် ကောင်းကင်သို့ပျံတက်နေသော အပြာရောင်ငှက်တစ်ကောင်ကဲ့သို့ ထူးဆန်းသော ပုံစံအနေအထားတွင် ရှိနေသည်။ အပြာရောင်ငှက်သည် နတ်ဘုရားမနှင့်အတူ လိုက်ပါလာသည့် ငှက်ပြာဖြစ်သည်ဟု ဒဏ္ဍာရီက ဆိုထားသည်။ကမ္ဘာကြီးကို ပြောင်းလဲစေမည့် သတင်းများကို
ယူဆောင်လာမည်ဟု သတင်းမွှေးလျက်ရှိသည်။
ကင်းလှည့်အဖွဲ့သည် ထိုကျောက်တုံးအနီးကို သာမာန်ကာလျှံမည်ကာ ဖြတ်ကျော်သွားသော်လည်း ကျောက်တုံးပေါ်တွင် ရေးထွင်းထားသည့် စကားလုံးများကို တွေ့လိုက်သောအခါ၊ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။
"ကျန်းမိသားစုဟာ နှလုံးသားမဲ့ခဲ့ပါတယ်၊ ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပါတယ်၊ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ လူတွေကို ကယ်တင်ခဲ့တဲ့ စေတနာကောင်းရှိတဲ့ အုပ်စိုးရှင်တစ်ယောက် ပေါ်လာပါပြီ"
နှစ်အနည်းငယ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော စစ်သားတစ်ဦးသည် ဤစာတိုကို ဖတ်ပြပြီးနောက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ အပေါ်နှင့် အောက်သွားများကလည်း တဆတ်ဆတ်တုန်နေကာ အသံပင်ထွက်နေ၏။ ကျောက်တုံးကြီးသည် တုနှိုင်းမရလောက်အောင် ကြီးကျယ်ခမ်းနားသည်ဟု သူ ခံစားရပြီး သေချာပင် မကြည့်ဝံ့ပေ။
"အဓိပ္ပာယ်မရှိဘူး၊ ဒါက သူပုန်စစ်တပ်ရဲ့ အကြံအစည်တစ်ခုပဲ၊ "မင်းဘာလို့ အဲဒီ့စကားလုံးတွေကို မဖျက်တာလဲ" ကင်းလှည့်ခေါင်းဆောင်က ဧရာမကျောက်တုံးကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့!" စစ်သားတစ်ယောက်က သူ့ဓားကိုဆွဲထုတ်ပြီး ရှေ့ကိုတက်စွားသော်လည်း၊ ထူးဆန်းသည်က သူ့ပါးစပ်နှင့် နှာခေါင်းများ ရုတ်တရက် ပိတ်ရိုက်ခံလိုက်ရသလိုဖြစ်ကာ တစ်ကိုယ်လုံး တုန်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားလေတော့သည်။ ကျန်ကင်းလှည့်တပ်သားများပါ ရှေ့သို့မလှမ်းဝံ့။ တစ်စုံတစ်ယောက်က တုန်လှုပ်ကာ အကြောဆွဲသလိုဖြစ်နေသော စစ်သားကို အမြန်ဆွဲထုတ်ပြီး သမားတော်ပြရန် မြို့ထဲသို့ ခေါ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာသည့် နတ်ဆိုး လေပြင်းကြောင့် ထိတ်လန့်သွားသည်ဟု သမားတော်မှ ပြောလေသည်။
ထူးဆန်းသောကျောက်တုံးကြီးကို မြင်လိုက်ရသော ကင်းလှည့်တပ်သားများသည် ပို၍ပင် သံသယဖြစ်နေကြ၏။ စစ်သားနိုးလာသော်၊သူ မြင်ရသမျှကို အလုံးစုံပြန်မေးသည်။
"ကျုပ် နဂါးတစ်ကောင်ကိုတွေ့တယ်၊နဂါးကြီးက ကျောက်တုံးတစ်ဝိုက်မှာ လှည့်ပတ်နေတယ်၊ သူ့မျက်လုံးတွေကလည်း မီးတောက်လိုရဲနေတာပဲ"
စစ်သားက စကားမဆုံးခင်မှာ ခေါင်းကို ကိုင်ပြီး အော်ဟစ်လိုက်ပြန်၏။
နောက်တစ်ရက်ကြာသော် ဧကရာဇ်နက္ခတ္တဗေဒပညာရှင် အရာရှိများက စစ်သားကို ထပ်တွေ့သည့်အခါ သူရူးသွားပြီဖြစ်သည်။ သူ့စကားများက ရှေ့နောက်မညီတော့။ စောစောက ငှက်တစ်ကောင်တွေ့သည်၊တစ်ဖန် သရဲတွေ့သည်ဟု အမျိုးမျိုးပြောနေတော့သည်။သူရူးနေပြီးဖြစ်ကာ ဘာမှ အသုံးမဝင်တော့။
ဤထူးဆန်းသည့် ကျောက်တုံးကြီးအကြောင်း သတင်းက တစ်ရက်အတွင်းမှာပင် မြို့တော်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ ဧရာမကျောက်တုံးကြီးကို မြင်ဖူးသူအနည်းစုက ရူးသွပ်သွားသည်ဟု သတင်းထွက်နေ၏။ကောလဟာလများလည်း ပိုပိုပြီး ပြင်းထန်လာသည်။ အချို့က ကျန်းမင်းဆက် ပျက်တော့မည် ဟုဆိုသည်။ အချို့က လက်ရှိဧကရာဇ်သည် ကြင်နာစိတ်ကင်းမဲ့ပြီး ကမ္ဘာကြီးကို မငြိမ်မသက်ဖြစ်စေသည်ဟု ဆိုကြသည်။ စေတနာကောင်းနှင့် ဖြောင့်မတ်သောအုပ်စိုးရှင်သည် ပေါ်လာပြီး ကျန်းမင်းဆက် အစားထိုးမည့်နေ့ကို စောင့်ဆိုင်းနေသည်ဟု အချို့ကလည်း ပြောကြသည်။
နောက်ဆုံးတွင်၊ ကျန်းမင်းဆက် ဆက်လက်အုပ်ချုပ်မည်ဆိုပါက ဘေးဥပဒ်တစ်ခုပြီးတစ်ခု ဖြစ်လာလိမ့်မည်ဟူသော ကောလဟာလများ ဖြစ်လာခဲ့သည်။ လူတို့သည် အသက်မွေးဝမ်းကြောင်းပြု၍ လုပ်ကိုင်စားစရာမရှိတော့သည်အထိဖြစ်လာမည်။ စေတနာနှင့် ဖြောင့်မတ်သော အုပ်စိုးရှင်သာလျှင် ကောင်းကင်၏သားတော် ဖြစ်လာလိမ့်မည်။
ကျန်းလော ဒေါသထွက်သွားပြီး ဧရာမကျောက်တုံးကြီးကိုကြည့ဖို့ နာမည်ကြီးဘုန်းကြီးများနှင့် တာအိုဝါဒီတချို့ကို ဖိတ်ကြားခဲ့သည်။ သို့သော်လည်း သတင်းက ပြန့်နေပြီဖြစ်၏။ ကျွမ်းကျင်သူတွေ ကိုင်တွယ်ဖြေရှင်းရင်တောင် ဘယ်လိုလုပ်အကျိုးရှိမလဲ။
"ဆရာတော်ယွင် ဒီကျောက်တုံးကို ဘယ်လိုထင်လဲ" ပိန်လှီသော တာအိုဆရာတစ်ဦးသည် ဆရာတော်ယွင်ကို ကြည့်လိုက်သည်။
ဆရာတော်ယွင်က "ဒီကျောက်တုံးပေါ်မှာ လူတစ်ယောက်ရဲ့ နှလုံးသားရှိတယ်"
တာအိုဆရာကြီးက ရယ်မောရင်း “လူ့နှလုံးသားပဲ ဖြစ်ဖြစ်၊တခြား အံ့သြစရာပဲ ဖြစ်ဖြစ်၊ ဆရာတော်တို့က အပြင်လူသက်သက်ပဲ၊ ဒီကိစ္စကို ဝင်မစွက်ဖက်ချင်ဘူး၊ ကံမကောင်းစွာနဲ့ပဲ၊ ဧကရာဇ်မင်းကြီးက ဘုန်းကြီးကျောင်းမှာရှိတဲ့ ကိုယ်တော့်ရဲ့ ငယ်သားတပည့်တွေရဲ့ အသက်ကို ခြိမ်းခြောက်ခဲ့တယ်၊ဒီတော့ ကိုယ်တော်လည်း နာခံဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး"
ဆရာတော်ယွင်က ပြုံးပြလိုက်သည်။
" ဆရာတော်က တကယ်စေတနာကောင်းတာပဲ"
တာအိုဆရာကြီးသည် ထူးထူးခြားခြား သက်ပြင်းချကာ "ကျေးဇူးပြု၍ ဆရာတော်ယွမင်..သွားရအောင်..."
သို့နှင့် တာအိုဆရာသည် ဆရာတော်ယွမ်နှင့် သာမာန်လူများသုံးသော ရိုးစင်းသည့် လှည့်ကွက်ကို သုံးလိုက်လေသည်။တိုက်ဆိုင်စွာပင်၊ သူနှင့် ဆရာတော်ယွင်သည် လွန်ခဲ့သော နှစ်ရက်ကပင် ကျမ်းစာများကို ဆွေးနွေးပြီး လေပေးတည့်နေကြတာပင်။သို့ဖြစ်၍ နှစ်ယောက်သားရွေးချယ်မှုတစ်ခု လုပ်လိုက်သည်။ သူတို့သည် တိုင်းပြည်ရေးနှင့်မဆိုင်သော်လည်း လူသားပုထုဇဉ်များပင်။ လူအများကို မကယ်တင်နိုင်ခဲ့လျှင်တောင် အနည်းဆုံးတော့ လူဆိုးများကို ကူညီဖို့ ဆန္ဒမရှိပေ။
လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်တွင် ဆရာတော်ကြီး ယွမ်နှင့် တာအိုဝါဒီတို့သည် အမည်မသိ နည်းလမ်းအချို့ကို အသုံးပြုခဲ့ကြသည်။မကြာမီ ဧရာမကျောက်တုံးကြီးပေါ်က စကားလုံးများ ပျောက်ကွယ်သွားခဲ့၏။သို့သော် မြို့တော်ရှိ အကျော်ကြားဆုံး ဘုန်းတော်ကြီးနှစ်ပါးနှင့် တာအိုဝါဒီတို့သည် သွေးအန်ကာ မေ့လဲသွားကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ မူလက သံသယရှိခဲ့သော တရားရုံးအရာရှိများသည် ဘုန်းကြီးနှစ်ပါး၏ ကံကြမ္မာကို မြင်ပြီးနောက် ဧရာမကျောက်တုံးကြီးပေါ်ရှိ စကားကို ယုံမှားသံသယ မရှိရဲကြတော့ပေ။
သို့သော် သူတို့၏ အတွေးများကို ထုတ်မပြကြပေ။ ကျန်းလောက သူပုန်များကို သတ်ပစ်ဖို့ တပ်ဖွဲ့ စေလွှတ်ဖို့ ပြင်သောအခါ၊ တရားရုံးက ဘယ်သူမှ တပ်ဖွဲ့ကို ဦးဆောင်လိုစိတ် မရှိကြတော့။
လူအချင်းချင်းသာ ယုတ်မာရဲပေမယ့် ကောင်းကင်ဘုံကို လွန်ဆန်လိုတဲ့လူ ဘာ်သူရှိမလဲ...မင်းမှုထမ်းများတောင် ကောင်းကင်က အပြစ်ပေးခံရမှာကို ကြောက်နေကြသည်။
ကျန်းလော ဒေါသထွက်ပြီး လူအနည်းငယ်ကို သတ်ပစ်လိုက်သည်။ နန်းတော်သို့ပြန်ရောက်ပြီးနောက်လည်း၊ မိန်းမစိုများအပေါ် သူ၏ဒေါသကိုပုံချခဲ့သည်။ ယခုထိ သူ မကျေမနပ်ဖြစ်နေဆဲပင်။
"အရှင်မင်းကြီး၊ ရှစ်ကျင်းက အသုံးတည့်မယ်လို့ ကျွန်တော် ထင်ပါတယ်"
ကျန်းလော က လာပြောသော အမတ်ငယ်ကို ကန်ထုတ်လိုက်ပြီး
"သူ ဘာအကျိုးရှိနိုင်မှာလဲ၊ မင်းနောက်ဆုံးတခါကလည်း ရုံရှားက သင့်တော်တယ်လို့ ပြောတာပဲလေ ၊အခုကြည့် သူ ဘာဖြစ်သွားလဲ"
"ကျွန်တော့မှာ အပြစ်ရှိပါတယ်"
အမတ်ငယ်က ထပ်ခါတလဲလဲ ဦးညွတ်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်သည်။
"မင်းမှာ အပြစ်ရှိတယ်၊ ငါ စောစောကသိခဲ့ရင် ရုံရှား ကို ငါသတ်ပြီး မြို့ပြင်ကတပ်တွေကိုလည်း အပြင်ကို မထွက်အောင်လုပ်မှာပေါ့"
"ပန်းဟွာကျွင်းကျူးရဲ့ မိသားစုကို သူ လုံးဝ ဂရုမစိုက်ဘူးလို့ ကျွန်တော် မထင်ထားပါဘူး၊ ပန်းဟွာကျွင်းကျူးကို သူ မုန်းတီးနေတာလားမှ မသိတာ၊သူမလည်း တော်ဝင်သွေးသားပဲလေ၊ဒီတော့ ကျွန်တော်တို့ ပန်းဟွာကျွင်းကျူးကို ဆက်သွယ်ဖို့ နည်းလမ်းရှာပြီး သူလျှိုလုပ်ခိုင်းတာက ဘယ်လိုပါလဲ"
ကျန်းလောက ပန်းဟွာကိုနှိမ့်ချပြောဆိုသည်။
"ပန်းဟွာ၊ အဲဒီမိန်းကလေးက ငယ်ငယ်ကတည်းကတည်းက စားသောက်ဖိ့ ၊ပျော်ပါးဖို့ပဲ သိတာ၊ သူ့ဝက်ဦးနှောက်နဲ့ ဘာတတ်နိုင်မလဲ၊သူမ ငါ့ကိုဘာကူညီနိုင်မလဲ၊ ငါ့ကိုဆွဲချဖို့ပဲ လုပ်မှာပေါ့"
အမတ်ငယ်က ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ ပြောသည်။ "အရှင်မင်းကြီး၊ ပန်းဟွာကျွင်းကျူး ရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုပဲဖြစ်ဖြစ်၊သူမက မိန်းမသားပါပဲ"
"မိန်းမသားဆိုတော့ ဘာဖြစ်လဲ"
"မိန်းမသားတွေဆိုတာ ယောက်ျားသားကိုမုန်းသွားရင် ဘာမဆို လုပ်နိုင်ပါတယ်" အမတ်ငယ်က ကြမ်းပြင်ပေါ်ကို နဖူးနှင့်ထိအောင် ဦးညွတ်လိုက်၏။
"အရှင်မင်းကြီး ဘာလို့ မကြိုးစားကြည့်တာလဲ"
"မိန်းမသားဆိုတာ ယောက်ျားတွေကို ဘယ်လောက်ပဲ မုန်းနေပါစေ၊ ယောက်ျားတွေရဲ့ အသုံးအဆောင်တစ်ပစ္စည်းခုပဲလေ၊ သူမ ဘာတတ်နိုင်မှာလဲ" ကျန်းလောသည် အမတ်ငယ်၏ အဓိပ္ပါယ်မဲ့သော စကားကြောင့် ရယ်မောနေသည်။ "မင်းက ငါ့ကို လာရှုပ်နေတယ်၊ သွား.. တံခါးရှေ့မှာ နှစ်နာရီလောက် ဒူးထောက်ပြီး ထွက်သွား"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" အမတ်က နာခံပြီး ထွက်သွားသည်။
စစ်တပ်တဲထဲတွင် ရုံရှားသည် လက်အောက်ငယ်သားများစွာနှင့်အတူ မြေပုံကိုကြည့်နေသည်။
ကျောက်ကျုံး သည် ရုံရှား ၏ မျက်နှာက စိတ်အားထက်သန်၍ နီရဲနေသည်ကို မြင်လိုက်ရသည်။ စစ်ရေးတွေ့ဆုံပွဲ ပြီးသွားသော် သူက ရယ်မောပြီး ရုံရှားကို ပြောသည်။
“သခင်၊ ကျေးဇူးပြုပြီး အနားယူပါ”
ရုံရှား က သူ့နဖူးကို ဖိထားလိုက်ပြီး စိတ်မရှည်စွာပြော၏။
"ငါ ဘယ်လို ကောင်းကောင်း အနားယူနိုင်မလဲ၊ ငါတို့ ပိုကြာလေ၊ ပြည်သူတွေ ပိုနစ်နာလေ၊ လွန်ခဲ့တဲ့ နှစ်တွေမှာလည်း မင်းအတွက် တော်တော် ခက်ခဲခဲ့တယ်နော်"
"ကျွန်တော့်သခင်ကို ထမ်းဆောင်ရတာက ဂုဏ်ယူစရာပါ"
ကျောက်ကျုံး မမျှော်လင့်ထားသည့် တစ်ခုတည်းသော အရာက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည့် သူ့ညီငယ်၏ စေ့စပ်ထားသူက သူ့သခင်နှင့် လက်ထပ်ခဲ့တာကိုပင်။ သူသည် ရွှယ်ကျိုး၏ ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်စဉ်က ပန်းဟွာကျွင်းကျူး နှင့်ပတ်သက်သည့် ကောလာဟလအချို့ကို သူ ကြားခဲ့ရသည်။
သူမ၏ စေ့စပ်ထားသူသည် သူမကိုမချစ်ဘဲ ပြည့်တန်ဆာတစ်ယောက်နှင့် ခိုးပြေးသွားသည်။လှပသောရုပ်ရည် ရှိသော်လည်း၊ ခင်ပွန်း ကံမကောင်းပေ။ သူမ၏ ပထမဆုံး စေ့စပ်သူက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသဖြင့် သူမက ကံဆိူးစေသည်ဟု သတင်းပြန့်လျက်ရှိသည်။
သူ၏ အမေက အဒေါ်ယင်းနှင့် ဆက်ဆံရေးကောင်းသည်။ ကျောက်မိသားစုနှင့် ပန်းမိသားစုကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်သည်။ ကျောက်မိသားစု ဘက်က သူမက ခင်ပွန်းလောင်းများကို ကံဆိုးစေသည်ဆိုသော ကောလာဟလများကို ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။ သူ့ညီလေးက ပန်းဟွာကျွင်းကျူး ကြောင့် သေရတာမဟုတ်ဘဲ နင်းဝမ်မင်းသား လက်ချက်ဖြင့် သေရခြင်းဖြစ်၏။
xxxxx