Chapter 67
Viewers 5k

👥️Chapter 67



စားပွဲပေါ်ရှိ ခမ်းနားသော နှစ်သစ်ကူးအကြိုညစာက သူတို့နှစ်ဦးလုံးပြင်ဆင်ထားခြင်းဖြစ်လေသည်။မည်သို့ပင်ဖြစ်စေ ယီချန်းယန်နှင့်ယန်အန်းယုနှစ်ယောက်စလုံးက ဟင်းချက်အတော်ကောင်းသည်လေ။သို့ပေမဲ့ ပါဝင်ပစ္စည်းအနေဖြင့်ဆိုရလျှင် ယန်အန်းယုက ဘဲသားဟင်းလျာများချက်ရာတွင်ပိုတော်သည်။ထို့ကြောင့် သူတို့နှစ်ယောက် အလုပ်ခွဲကာ ပူးပေါင်းချက်ပြုတ်ခဲ့ကြပြီး မီးဖိုခန်းထဲမှာ အချိန်အတော်ကြာ ဆူညံပွက်လောရိုက်နေခဲ့သည်။


ညစာစားပြီးနောက် ယန်အန်းယုက ပြိုးပြိုးပြက်ပြက် ရောင်စုံမီးပန်းများကိုကြည့်ရသည်အား ကြိုက်မှန်းသိသဖြင့် ယီချန်းယန်က သူနှင့်အတူ မီးရှုးမီးပန်းများဖောက်ခဲ့သည်။


ညရှစ်နာရီမှာ နှစ်ယောက်သား TVမဖွင့်ခဲ့ကြပေ။တခြားကိစ္စများနှင့်ယှဥ်လျှင် သူတို့က အချင်းချင်းကို ပိုစိတ်ဝင်စားကြပြီး...စာအိတ်နီများလည်းအပါအဝင်ဖြစ်လေသည်။


ဤအချိန်မျိုးမှာ ယန်အန်းယုနှင့်ယီချန်းယန်တို့ နှစ်ယောက်လုံးက နာမည်ကျော်များဖြစ်သဖြင့် ဖန်များကို အချိန်မီ စာအိတ်နီများပို့ပေးရလေသည်။


ယီချန်းယန်က အမြဲ ဖန်ဆယ်သန်းကျော်ရှိသည့်နာမည်ကျော်ဖြစ်ပြီး ယန်အန်းယု၏အကောင့်ကမူ ယနေ့ညမှ ဆယ်သန်းကိုရောက်ခဲ့ခြင်းဖြစ်သည်။


"ဟားဟား...စာအိတ်နီတွေ ပို့ပြီးရင် ကျွန်တော့်ဖန်တွေလည်း ဆယ်သန်းကျော်သွားလိမ့်မယ်"


ယန်အန်းယုတစ်ယောက် ရင်ထဲအသည်းထဲကနေစိတ်လှုပ်ရှားနေပြီး  မျက်လုံးထောင့်စွန်းများကိုပွတ်သုတ်လိုက်မိတော့သည်။တကယ်ကို အလွန်ကိုမှ ရင်ထဲထိရ၏။


"ဇွန်ဘီအကောင့်တွေလည်းအများကြီးရှိမှာ သေချာပေါက်ပဲ...ပြီးတော့ ကုမ္ပဏီက မင်းကို ရေတပ်တွေလည်းဝယ်ပေးထားသေးတယ်"


ယီချန်းယန်က ယခုလိုပြောသည်ကိုကြားပြီး ယန်အန်းယု မနေနိုင်ဘဲ နှုတ်ခမ်းမဲ့ကျသွားသည်။

"အိုင်း...ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တတ်နိုင်တာဘာမှမရှိဘူးလေ...နာမည်ကြီးတွေရဲ့ဖန်တွေကြားထဲမှာ ဇွန်ဘီအကောင့်တွေအပုံလိုက်ကြီးရှိနေတာက ပုံမှန်ပဲဟာ"


"ကိုယ်သာဆို ပုံမှန်ကြိုကြားကြိုကြားရှင်းထုတ်ပစ်မှာ"

ယီချန်းယန်က ပွင့်ပွင့်လင်းလင်းဆို၏။


"ဟမ်"

ယန်အန်းယု ကြောင်သွားသည်။

"ချန်းယန်မှာ OCDရှိလိမ့်မယ်လို့ ထင်မထားဘူးဗျာ"


ယီချန်းယန်:"..."


"ရှောင်ယု...အခုမင်းမှာ ဖန်တွေအများကြီးရှိနေပြီ...ပျော်လား"


"ပျော်တာပေါ့"

ယန်အန်းယုက မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နှင့်ဆိုလေသည်။သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူ့လေသံကပြောင်းသွား၏။

"ဒါပေမဲ့ တစ်ခါတလေ ဖိအားတကယ်များတယ်...တချို့ကဏ္ဍတွေမှာ ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ၊ရူးသွပ်မှုတွေကို စိတ်ပျက်စေမိမှာစိုးတယ်"


"ကြောက်စရာမလိုပါဘူး"

ယီချန်းယန်က ခပ်ဟဟရယ်လိုက်၏။

"အချိန်အများစုမှာ သူတို့က မင်းဘယ်လောက်ဝေးဝေး၊ဘယ်လောက်မြင့်မြင့်ကို ပျံသန်းနိုင်လဲဆိုတာကိုစိတ်မပူကြဘူး...မင်း ပျံသန်းရတာပင်ပန်းနေမှာကိုစိတ်ပူကြတာ...မင်း စင်ပေါ်ရောက်နေချိန်မှာ သူတို့က မင်းကို လက်ခုပ်တီးအားပေးကြလိမ့်မယ်...ဒါပေမဲ့ မင်းဒဏ်ရာရပြီး အကူအညီမဲ့နေချိန်မှာလည်း သူတို့က မင်းကို သေချာပေါက် ကူညီဖေးမပေးကြမှာ"


"အင်း...သိပါတယ်"

ယန်အန်းယုက ခေါင်းညိတ်လိုက်၏။နာမည်ကြီးတစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းမှာ ဤမျှချစ်ခြင်းမေတ္တာများနှင့်ယုံကြည်မှုများရရှိသည်က မည်မျှ အဖိုးတန်လိုက်သနည်း။


"ရှောင်ယု...မင်းအတွက်ဆို ကိုယ်လည်းအတူတူပဲ"

ယီချန်းယန်က ယန်အန်းယုကိုစိုက်ကြည့်ကာ လေးနက်သောအမူအရာဖြင့်ဆိုလေသည်။


ယန်အန်းယုမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး ၎င်းနောက် အလျင်အမြန်ပင် ယီချန်းယန်ကို ခုန်အုပ်ပြီး ဖက်ကာ ပွတ်သပ်နေတော့သည်။


ယီချန်းယန် ငိုရမလိုရယ်ရမလိုဖြစ်သွား၏။သူ၏ သစ္စာရှိသောမျက်လုံးများဖြစ်စေ၊ပုံမှန် လူကိုတွယ်ကပ်တတ်သည့် အမူအရာများက​ဖြစ်စေ ယန်အန်းယုက သူတို့မိသားစုက Cocoလေးနှင့် ပိုပိုတူလာသည်ဟုခံစားရ၏။


နှစ်သစ်အကြိုမှာ စာအိတ်နီများပို့ပေးခြင်းက ပျော်ရွှင်မှုတစ်မျိုးဖြစ်ပြီး စာအိတ်နီများလုခြင်းက သာ၍ပင်ပျော်စရာကောင်းလေသည်။


Wechatမှာ ယန်အန်းယုနှင့်သူ၏သူငယ်ချင်းကောင်းများက အချင်းချင်း စာအိတ်နီများအတွက် ယှဥ်ပြိုင်နေကြပြီး ပျော်ပျော်ပါးပါးဆော့ကစားနေကြသည်။


ယန်အန်းယုက ကုရှင်း၊ယဲ့လင်းတို့တတွေနှင့်ဆိုလျှင် ယဲ့လင်းက အမြဲတမ်းအောက်ဆုံးကဖြစ်ပြီး ပမာဏအနည်းဆုံးကိုလုမိလေသည်။ယန်အန်းယု ချင်နွော်ရှီ၊ကောင်းလီရှုတို့နှင့်ဆိုလျှင် သခင်လေးကောင်းက သူ ဘာမှကိုမလုပ်ရသေးခင်မှာပဲ စာအိတ်နီကတစ်ခုမှမရှိတော့ပေ။ယန်အန်းယု သူ့ကိုသနားလည်းသနားသလို မရပ်နိုင်အောင်လည်းရယ်နေမိ၏။


Challenge First Time၏အထူးဧည့်သည်များထဲတွင် ဟုန်ယောင်​ကော၏လက်က အမြဲအလွန်ကိုနှေးလေသည်။ရှဲ့ယန်ကျဲကမူ သူတို့ထဲမှာ ကံအကောင်းဆုံးဖြစ်ပြီး အကြိမ်ပေါင်းများစွာအနိုင်ရတတ်သည်။မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားပြီး သူမက အကုန်လုံးကို ရှေးဟောင်းနှောင်းဖြစ်များပြောရန် ထမင်းတစ်နပ်ဖိတ်ကျွေးလေသည်။


သို့ပေမဲ့ ယန်အန်းယုက ဖျော်ဖြေရေးပလက်ဖောင်းမျိုးစုံက ကျဲသောစာအိတ်နီများဖြစ်စေ ဘလော့ဂါများforwardလုပ်လိုက်သော ကံစမ်းမဲများဖြစ်စေ တစ်ခါမှမရခဲ့မပေါက်ခဲ့ပေ။သူ၏ပင်မအကောင့်ကို သုံး၍မရသဖြင့် ရွေးချယ်စရာမရှိဘဲ အရန်အကောင့်ကိုသုံးကာ တိတ်တိတ်လေး ခိုးforwardလုပ်ရလေသည်။သို့ပေမဲ့ ဆုကိုရနိုင်ချေက အမှန်ပင်အလွန်နိမ့်လေသည်။


"ချန်းယန်...စာအိတ်နီတစ်ခုမှ မဖမ်းမိလိုက်ဘူး..."

ယန်အန်းယုက မျက်တောင်လေးပုတ်ကာပုတ်ကာနှင့် အလွန်ကိုသနားစရာကောင်းစွာဆိုလေသည်။


"တစ်ခုမှမရတာပုံမှန်ပါပဲ"


တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးက ၎င်းကိုလျော့တွက်နေသည်။အမှန်တွင် သူ့မှာ အရန်အကောင့်များစွာလည်းရှိပြီး တရုတ်နှစ်ကူးအတွင်းနှင့်တခြားပွဲတော်များအတွင်းတွင် ပို့စ်မျိုးစုံကို shareခဲ့သည်။ကံမကောင်းစွာပဲ သူ ဘာတစ်ခုမှမရခဲ့သလို ထို'အယောက်တစ်သန်းထဲက တစ်ယောက်'လို အဖြစ်မျိုးလည်းမကြုံခဲ့ရပေ။


"နှစ်သစ်မှာ ပျော်ရွှင်ပါစေ ချန်းယန်...စာအိတ်နီပေးပါ"

ယန်အန်းယုက ထိုသို့ပြောရင်း သူ့ဘက်ကနေစကာ ယီချန်းယန်၏ ပေါင်ပေါ်တက်ထိုင်လိုက်လေသည်။


ယီချန်းယန်က သူ့ပါးကိုဆွဲကာရယ်လိုက်၏။

"ကောင်းပါပြီဗျာ...၅၂၀ပေးမယ်"


"ဒသမပါသေးလား"


ယီချန်းယန် အလိုလိုရယ်မိသွားသည်။

"မပါဘူး... အနောက်မှာ သုညတစ်လုံးတောင်အပိုပါသေးတယ်"


"ဝိုး"

ချက်ချင်းပဲ ယန်အန်းယု၏မျက်လုံးလေးများ သောက်ရှူးကြယ်ပမာလင်းလက်သွားပြီး ယီချန်းယန်ကို ထပ်​ပြီးနမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဘော့စ်"


'ဘော့စ်ယီ'က သိသာထင်ရှာစွာပဲ အကျိုးကျေးဇူးများ ခံစားနေရလေသည်။သူက မျက်ခုံးပင့်လိုက်၏။

"မင်းကိုယ့်ကို တစ်ခါနမ်းတိုင်း သုညတစ်လုံးထပ်တိုး​ပေးမယ်"


ယန်အန်းယုက ထပ်ပြီးရယ်လိုက်ပြန်သည်။မည်သို့ပင်ဖြစ်စေ သူလည်း သူတို့မိသားစုက ရုပ်ရှင်ဧကရာဇ်ကြီးကို နမ်းရသည်အားကြိုက်​ပေသည်။


ထိုနှစ်သစ်ကူးနေ့တွင် သူတို့နှစ်ယောက်

နေမြင့်သည်အထိအိပ်ခဲ့ကြပြီးမှ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာကြသည်။မည်သို့ပင်ဖြစ်စေ၊ မနေ့ညက 

'အိပ်ရာပေါ်ကလေ့ကျင့်ခန်း'က ပြင်းထန်လွန်းသည်လေ။


ယီချန်းယန်နှင့်အတူ တစ်အိပ်ရာထဲမှာလှဲလျောင်းရင်း တစ်ကိုယ်လုံး ပျော့ခွေနေသလို ခံစားနေရဆဲဖြစ်သော ယန်အန်းယုတစ်ယောက် သူ့မျက်နှာကို ယီချန်းယန်၏လည်ပင်းကြားမှာ မြုပ်ထားပြီး နည်းနည်းမှ မလှုပ်ချင်ဖြစ်နေသည်။


"ရှောင်ယု...ပင်လယ်ကိုသဘောကျလား"


ယီချန်းယန်က ရုတ်တရက် မေးလာ၏။


သူ အိမ်တစ်လုံးထပ်ဝယ်ချင်သည်။ဝမ်ရှင်းကျင်းယွမ်လို အနှီသစ်တော်ဗီလာလိုမျိုးမဟုတ်ဘဲ သူတို့နှစ်ယောက်လုံးနှင့် အမှန်တကယ် သက်ဆိုင်သည့်အိမ်ဖြစ်သည်။


"သဘောကျတယ်"

ယန်အန်းယုက တန်းပြန်ဖြေလာပြီး ချက်ချင်းပဲ စိတ်အားတက်ကြွလာသည်။

"ကောင်းကင်ကြီးကိုလည်း သဘောကျတယ် ...ပင်လယ်ကြီးကိုလည်း သဘောကျတယ်...ဒါပေမဲ့ ကျွန်တော်က လှိုင်းအရမ်းမူးတတ်တာတကယ်ကိုဆိုးတယ် ဟူး..."


ယီချန်းယန်က သူ့ခေါင်းကိုပုတ်ကာ ပြုံးလိုက်၏။

"အဆင်ပြေပါတယ်... ဘာပဲဖြစ်ဖြစ် အခုကနေစပြီး မင်းဘေးမှာကိုယ်ရှိနေတော့မှာလေ"


"ခင်ဗျားအပေါ်မှာအန်ချနိုင်ချေ အတော်လေးများတယ်လေ ချန်းယန်ရဲ့"

ယန်အန်းယု တွေးပြီးစိတ်ညစ်၍နေသည်။


"ကိုယ်ရွံမယ်လို့ မင်းထင်နေတာလား"

ယီချန်းယန်က ထိုသို့မေးလိုက်ပြီး ယန်အန်းယု၏နားရွက်နားကပ်ကာ ဆို​လေသည်။

"အိပ်ရာထဲမှာဆိုရင် ကိုယ့်တစ်ကိုယ်လုံးပေါ်မှာ မင်းရဲ့..."


"အားးးး"

ယန်အန်းယုက ယီချန်းယန်၏ ပါးစပ်ကို အလျင်စလိုပိတ်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးနီရဲနေသည်။

"ဒီလိုဟာမျိုးကို ပါးစပ်ကနေထုတ်ပြီး ပြောစရာမလိုဘူးလေဗျာ"


တတိယနေ့မှာ နှင်းများ ထူထဲစွာကျဆင်းလေသည်။နောက်တစ်​နေ့မှာ ယီချန်းယန်က ယန်အန်းယုကို နှင်းလူသားလုပ်ရန် အပြင်ခေါ်ထုတ်လာသည်။ယန်အန်းယုမှာ တလျှောက်လုံး ကလေးလိုအကျင့်စရိုက်ရှိပြီး အမှန်အားဖြင့် ဆော့ရသည်အားအင်မတန်ကြိုက်ကြောင်း သူကောင်းကောင်းသိလေသည်။


ယီချန်းယန်က သူ့ကိုအဖော်ပြုပေးရန်အတွက်နှင့် ကလေးတစ်ယောက်လိုဘေးမှာ နှင်းဘောလုံးလှိမ့်နေသည်ကိုမြင်လျှင် ယန်အန်းယုတစ်ယောက် သဘောတကျ ရယ်လိုက်မိရင်း အချိန်ကာလတစ်ခုလောက် အာရုံတို့လွင့်ပျံသွားခဲ့၏။


ထမင်းစား၊မီးရှူးမီးပန်းအတူတူဖောက်၊

နှင်းလူသားလုပ်ခြင်းတို့က ပုံမှန်အားဖြင့် သူတစ်ခါကလုပ်ဖူးသည့်အရာများဖြစ်ပေသည်။ယခုအချိန်မှာ သူက မတူကွဲပြားသော အထောက်အထား၊စိတ်အ​ခြေအ​နေတို့နှင့် စိတ်သစ်လူသစ်ဖြစ်နေပြီဖြစ်ကာ အရာအားလုံးကလည်းပြောင်းလဲသွားခဲ့သည်။


ရုတ်တရက် ယန်အန်းယု၏ခေါင်းက ထပ်ပြီးနာကျင်လာသည်။ထို့အပြင် သူ့စိတ်ထဲမှာ အသံတစ်ခုရှိနေလေသည်။သူချက်ချင်း နားထင်များကိုနှိပ်လိုက်ပြီး နာကျင်မှုကိုသက်သာအောင်လုပ်ချင်ခဲ့သည်။


"ယန်အန်းယု..."

တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေပြန်သည်။ထိုအသံကို သူ အလွန် အလွန်မှ ရင်းနှီးနေသည်...


သူ ဘယ်သူလဲအဖြေရှာချင်ပေမဲ့၊သူ့ခေါင်းက ပိုပို၍မူးလာသည်။


မူးဝေမှုလှိုင်းလုံးကြီးက သူ့ကို ရုတ်ချည်း ရိုက်ခတ်၍လာ၏။ယန်အန်းယု၏ အမြင်အာရုံက မည်းမှောင်သွားပြီး သူချက်ချင်း သတိလစ်သွားကာ သူ့ခန္ဓာကိုယ်က  နှင်း​ပြင်ပေါ်လဲကျသွားခဲ့လေသည်။



"ရှောင်ယု..."


ဘယ်သူက သူ့ကိုခေါ်နေမှန်းမသေချာပေ။ယန်အန်းယု ဘောလုံးလေးကိုကွေးရင်း သူ့ကိုယ်ပိုင်စိတ်ကမ္ဘာထဲကိုဝင်ရောက်လာပုံရလေသည်။


"ယန်အန်းယု...ယန်အန်းယု...ယန်အန်းယု..."


အသံက ထပ်ခါထပ်ခါထွက်ပေါ်၍လာနေသည်။ယန်အန်းယုက ရှုပ်ယှက်ခတ်ကာ ဖရိုဖရဲဖြစ်နေသော မှတ်ဉာဏ်ဝင်္ကပါထဲမှာရောက်နေပြီး အသံပိုင်ရှင်ကိုလိုက်ရှာနေခဲ့သည်။


"ဘယ်သူလဲ...မင်းကဘယ်သူလဲ"


ယန်အန်းယု ကျယ်လောင်စွာ အော်လိုက်၏။သူက လမ်းလျှောက်၍မရသဖြင့် ဝင်္ကပါအပြင်ကလူက သူ့ကို လာကယ်ပေးနိုင်ရန်သာမျှော်လင့်ရလေသည်။


"ငါကဘယ်သူလဲ ဟုတ်လား...ဟား..."

အပြင်ဘက်ကလူက ခါးသီးစွာရယ်လိုက်ပြီး မေးခွန်းကိုအဖြေပေးလေသည်။

"ငါ့ကို မမှတ်မိဘူးလို့တော့မပြောနဲ့နော် ရှောင်ယု"


"ဒါ...ဒါက..."

သူ့ခေါင်းက မယှဥ်သာလောက်အောင် စူးစူးနစ်နစ်ထိုးကိုက်​နေခဲ့၏။ယန်အန်းယု၏မျက်နှာက ဖြူဖျော့၍နေကာ မြေပြင်ပေါ်လဲကျသွားပြီး သူ့ဘာသူရေရွတ်လိုက်လေသည်။


"ဒါက အသိသာကြီးကို ငါ့...ငါ့အသံပဲ..."


ဗီလာခြံဝင်း၏အလယ်မှာ ယန်အန်းယုရုတ်ချည်း လဲကျသွားသည်ကိုမြင်လျှင် 

ယီချန်းယန်က အလျင်အမြန် ပြေးသွားပြီး သူ့ကိုကောက်ပွေ့လိုက်၏။

"ရှောင်ယု...ရှောင်ယု..."


ယီချန်းယန်က အထိတ်ထိတ်အပျာပျာ ခေါ်လိုက်ပြီး သူ၏ပုံမှန် တည်ငြိမ်အေးဆေးသော အမူအရာက ဘယ်မှာမှ ရှာမရအောင်ပျောက်ရှနေခဲ့သည်။ကံကောင်းထောက်မစွာဖြင့် မကြာခင်မှာပဲ ယန်အန်းယုက ရုတ်ချည်း မျက်ခုံးများတွန့်ချိုးကာ ဖြည်းညှင်းစွာ မျက်လုံးများ ပွင့်လာသည်။


"ချန်း...ချန်းယန်"

ယန်အန်းယု၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးမှုများနှင့်နားမလည်မှုများဖြင့်ပြည့်နေ၏။


"ကျွန်...ကျွန်တော် ဘာဖြစ်သွားတာလဲ"


ယီချန်းယန်၏မျက်လုံးများအောက်ခြေမှာ တစ်စုံတစ်ခုဖျက်ခနဲပေါ်လာပြီး ပြန်ပျောက်သွားသည်။သူက ယန်အန်းယု၏ပါးပြင်ကို ညင်သာစွာထိတွေ့လိုက်ပြီး ဆို၏။


"မင်းခုနက သတိလစ်သွားတာ"


"ဟမ်"

ယန်အန်းယုက သိသိသာသာပင် အံ့ဩသွားလေသည်။


"အခု ဘယ်လိုနေလဲ...တစ်​နေ​ရာရာအဆင်မပြေတာရှိလား"


၎င်းကိုကြားပြီးနောက် ယန်အန်းယုက သူ့နားထင်းများကို နှိပ်လိုက်၏။

"ဝူး...ခေါင်းက နည်းနည်းကိုက်နေတုန်းပဲ...ဒါပေမဲ့ အများကြီးမဟုတ်ပါဘူး"


ထိုသို့ပြောပြီးနောက် ယန်အန်းယုက ယီချန်းယန်ကို အပြုံးချိုချိုလေးပေးလိုက်လေသည်။သို့ပေမဲ့ ယီချန်းယန်ကမူ မပြုံးနိုင်ခဲ့ပါချေ။သူ့အမူအရာက အလေးအနက်ဖြစ်နေဆဲဖြစ်ပြီး ယန်အန်းယုကို တင်းတင်းကြပ်ကြပ်ဖက်ကာ အခိုင်အမာဆိုလေသည်။


"ဆေးရုံသွားကြမယ်"


****


Sမြို့တော် မြူနီစီပယ်ဆေးရုံ၌


လူနာဆောင်အတွင်းမှာ ယန်အန်းယုက ဆရာဝန်ကဆေးတစ်လုံးထိုးပေးထားပြီးနောက် အိပ်ပျော်​နေသည်။ထိုစဥ် လူနာဆောင် အပြင်ဘက်မှာ အမျိုးသားဆရာဝန်က သူ၏မိသားစုဝင်များကို တစ်စုံတစ်ခုရှင်းပြနေ၏။များမကြာမီ သူက သူနာပြုနှစ်ယောက်နှင့် ထွက်ခွာသွားပြီး ယီချန်းယန်၊လီယဲ့နှင့် အပြေးအလွှားရောက်လာသည့် ယန်ကျွယ့်တို့ကို နောက်မှာ ထားခဲ့သည်။


ယီချန်းယန်နှင့်ယန်ကျွယ့်တို့ တစ်နေရာထဲမှာ အတူရှိကြသည့်အခါတိုင်း သူတို့၏ဇာတာခွင်များက အစေးမကပ်၍လားဘာလားမသိပေမဲ့ လေထုက အမြဲတင်းမာနေသည်။အထူးသဖြင့် သူတို့ နှစ်ယောက်လုံးက စကားမပြောသည့်အခါတွင် သူတို့က တစောင်းစေးနှင့်မျက်ချေးဖြစ်နေသည့်အတိုင်း လေထုထဲကို ရန်လိုသည့်အငွေ့အသက်များထုတ်လွှင့်နေသည်။


ထိုကိုးရိုးကားယားအခြေအနေကြီးကိုလျော့ပါးစေရန် လီယဲ့ခင်ဗျာ ရှေ့တက်ပြီး ခပ်ဖွဖွပြုံး​ပြကာ ဆိုလိုက်ရ​တော့သည်။

"ချန်းယန်နဲ့ဥက္ကဠယန်...သခင်လေးယန်က လောလောဆယ်မှာအဆင်ပြေတယ်လို့ ဆရာဝန်ကပြောတယ်...ဒါကြောင့်စိတ်မပူကြပါနဲ့"


ဆရာဝန်ဆီကနေ ယန်အန်းယုက vasovagal syncope(ရုတ်တရက်မူးလဲခြင်း)မျိုးဖြစ်​နေကြောင်း ကြားသိခဲ့ရသည်။ဤသည်က စိတ်အခြေအနေမတည်ငြိမ်ချိန်၊ဖိအားအများကြီးရနေချိန်၊အလွန်အမင်း မောပန်းနွမ်းနယ်နေချိန်/နာကျင်နေချိန်/ထိတ်လန့်နေချိန်သို့မဟုတ် ကျဥ်းမြောင်းပိတ်လှောင်သောနေရာများတွင် ​နေရချိန်များတွင် အလွယ်တကူဖြစ်တတ်သည်။


မူးလဲခြင်းကာလမဖြစ်မီတွင် သွေးပေါင်ကျခြင်းတို့ နှလုံးခုန်နှုန်းကျခြင်းတို့ ရံဖန်ရံခါ ဖြစ်တတ်ပြီး တစ်ခါတလေတွင်မူ ဘာလက္ခဏာမှမပြဘဲ ကောက်ခါငင်ခါထပြီး မူးလဲသွားခြင်းမျိုးလည်းဖြစ်တတ်သည်။သို့ပေမဲ့ ထိုကာလအပြီး မိနစ်အနည်းငယ်အကြာမှာ သူ့ဘာသူပြန်ကောင်းတတ်​​လေသည်။


ယန်အန်းယုက နောက်ကတစ်မျိုးထဲမှာပါမှန်း သိသာလေသည်။သူ၏သိသိသာသာကောင်းမွန်သော ကျန်းမာရေးကြောင့် သူကမူးလဲပြီးနောက်  သူ့ဘာသာသူ အလျင်အမြန်ပဲ သတိပြန်ရလာ၏။


လီယဲ့က ဦးဆောင်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပေမဲ့ ယီချန်းယန်နှင့်ယန်ကျွယ့်က တစ်ခွန်းမှမဟဘဲရှိနေဆဲဖြစ်လေသည်။


ယီချန်းယန်၏ဣန္ဒြေမပျက်ရှိနေသောအမူအရာကို​မြင်လျှင် ယန်ကျွယ့်က မပျော်မရွင်နှင့် အနှီရုပ်ရှင်ဧကရာဇ်ကြီးကို စိုက်ကြည့်နေလေသည်။လီယဲ့ အမှန်တကယ် ခေါင်းကိုက်လာပေမဲ့ ယဥ်ယဥ်ကျေးကျေးပြုံးကာပြောလိုက်၏။

"ဥက္ကဋ္ဌယန်...ရုတ်တရက်ကြီး ပြေးလာရတာဆိုတော့ ဒုက္ခများမှာပဲ"


ယန်ကျွယ့်က ဂရုမစိုက်စွာဘဲ လက်ကိုပေါ့ပေါ့တန်တန်ဝှေ့ယမ်းလိုက်ကာ သူ့အကြည့်က လူနာဆောင်အတွင်းဘက်ကိုပြောင်းသွားပြီး ကုတင်ပေါ်မှာအိပ်ပျော်နေသော ယန်အန်းယုကို လှမ်းကြည့်နေပြန်လေသည်။


👥️


ဆမ်းသီးတော့ဆမ်းသီးပဲ အရင်လူပြန်ရောက်လာတာများလား