"ပား ကအဲ့လိုလူမျိုးမလို့လားကွ..."
ကျောက်ဝမ်ယွီ သူ့သားကသူ့ကို အထင်သေးနေသည်ဟု ခံစားလိုက်ရသည်။
"မင်းရဲ့ကောက မင်းကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တာကွ... ပား တို့ရဲ့ဆက်ဆံရေးမှာ မင်းကောသာ တစ်ခုခုလိုချင်တယ်လို့ ပြောတာနဲ့ သူတို့ကုမ္ပဏီအတွက် မှတ်တမ်းရုပ်ရှင်ရိုက်ခိုင်းတယ်ဆိုရင်တောင် ရိုက်ပေးလိုက်မှာကွ...."
သေချာတာတော့ အဲ့အကြောင်းကိုသိသွားတာနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ဖို့က ပိုလွယ်မှန်း သိသွားမှာပဲ...
သူပြုံးလိုက်သော်လည်း ဘာမှမပြောလိုက်ပေ။ ဝမ်မင်ယီမှာ သူ့ကိုတလှည့် အဖေ့ကိုတစ်လှည့်ကြည့်ပြီး ထိုကိစ္စကိုသိသွားမည့်နေ့ကိုတွေးကြည့်မိနေသည်။
ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးနောက်တွင် ဝမ်ဝေ့နှင့် ကျိစစ်ယောင်တို့က ခြံဝန်းထဲတွင် မီးရှုးမီးပန်းတို့ စဖောက်ရန် ပြင်ဆင်နေကြလေသည်။
ဝမ်မင်ယီက စိတ်မဝင်စားသလို သရုပ်ဆောင်နေပြီး သူ့အခန်းကိုပြန်၍ခဏလောက် လှဲဦးမည်ဟုပြောကာ စစ်ကျွင်းတောက်ကို အပေါ်ထပ်ကို ဆွဲခေါ်သွားခဲ့သည်။
ဝမ်ဝေ့ သက်ပြင်းချလိုက်သည်။
"နှစ်တွေအများကြီးကြာပြီးနောက်မှာတောင် မင်မင်နဲ့ ကျွင်းကျွင်းတို့အတူတူ ဆက်ဆံရေးကောင်းနေသေးပြီး ပိုပြီးနီးကပ်လာတာကိုကြည့်ရတာ အတော်လေးပျော်စရာကောင်းတာပဲ..."
ကျိစစ်ယောင်က ပြုံးပြုံးလေးပြောလိုက်သည်။
"သူတို့က ငယ်ငယ်ကတည်းက ညီအစ်ကိုတွေလိုပဲ ကြီးပြင်းလာကြတာလေ... ဆက်ဆံရေးကောင်းတယ်ဆိုတာ ဖြစ်သင့်တာမျိုးပါပဲ..."
အမျိုးသားနှစ်ယောက် ရယ်မောစကားပြောရင်း ထွက်လာခဲ့ကြပြီး မီးရှုးမီးပန်းများထုတ်ကာ ထွန်းညှိလေသည်။
ဝမ်မင်ယီ အိမ်ထဲဝင်ပြီးသိပ်မကြာခင်တွင် မီးပန်းဖောက်သံတို့ကြားလိုက်ရသည်။ သူပြတင်းပေါက်နားသွား၍ ပြတင်းပေါက်ကိုဆွဲဖွင့်ပြီး ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင် အနီရောင် မီးရှုးမီးပန်းကြီးတစ်ခု ပေါက်ကွဲသွားကြောင်းတွေ့လိုက်ရသည်။
ဝမ်မင်ယီ အထဲပြန်ဝင်လာပြီး စစ်ကျွင်းတောက်ကို ခေါ်လာခဲ့သည်။
"လာခဲ့... မီးရှုးမီးပန်းအတူတူကြည့်ရအောင်..."
"မင်းလေးပဲ မကြည့်ချင်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား..."
စစ်ကျွင်းတောက်မှာ ပြတင်းပေါက်နားရောက်လာခဲ့သည်။
"ကြည့်ချင်ရင် အောက်ထပ်ဆင်းပြီး မင်းရဲ့မားနဲ့သွားကြည့်လေကွာ.."
ဝမ်မင်ယီကပြုံးလိုက်ပြီး တစ်ဖက်လူက အချစ်အကြောင်းဘာမှနားမလည်ဟု ခံစားလိုက်ရသည်။
"မီးရှုးမီးပန်းကြည့်တယ်ဆိုတာ ကိုယ်သဘောကျတဲ့လူနဲ့မှ အတူတူကြည့်ရတာလေ... ဒါဆိုရင် မီးပန်းတွေအောက်မှာ သူ့ကိုနမ်းလို့ရမှာပေါ့...."
၎င်းက ယနေ့သူအပေါ်ထပ်သို့ တက်လာရသည့်တကယ့်အကြောင်းပြချက်ဖြစ်သည်။
စစ်ကျွင်းတောက် ပြုံးမိသွားပြီး ဝမ်မင်ယီကသူ့ကို မထင်မှတ်ထားသည့်နည်းလမ်းများဖြင့် အမြဲတမ်းလိုလို ပျော်အောင်လုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။
သူဝမ်မင်ယီကိုကြည့်လိုက်ပြီး နောက်ထပ်မီးပန်းတစ်ခု ကောင်းကင်ပေါ်တက်သွားသသည်နှင့် ခေါင်းငုံ့၍နမ်းချလိုက်သည်။
ဘန်းခနဲမြည်သံနှင့် မီးပန်းမှာ ပေါက်ကွဲသွားလေသည်။ ဝမ်မင်ယီက စစ်ကျွင်းတောင်ကိုဖက်ကာ အနမ်းပင်လယ်ထဲတွင် နစ်မျောသွားပြီး ဗိုက်ထဲတွင် လိပ်ပြာလေးများ ပျံဝဲနေသလို ခံစားနေရသည်။
သွားတို့ နှုတ်ခမ်းတို့ ထိတွယ်နေကြချိန်တွင် စစ်ကျွင်းတောက်၏ "ပျော်ရွှင်စရာနှစ်သစ်ပါ...."ဟူသော စကားနှင့်အတူ "ကိုယ်မင်းကိုချစ်တယ်...."ဟူသော စကားသံတိုးတိုးကိုပါ ကြားလိုက်ရသည်။
"ကျွန်တော်လည်းကောကိုချစ်တယ်..."
သူ့ဘက်ကလည်း ပြန်ပြောလိုက်သည်။
လပြက္ခဒိန်၏ နှစ်သစ်၏ ပထမဦးဆုံးသော မနက်ခင်းလေးတွင် ဝမ်မင်ယီက စစ်ကျွင်းတောက်နှင့် ဒီနေ့ပြောမလား မနက်ဖြန်ပြောမလား ဆွေးနွေးနေကြဆဲဖြစ်သည်။ ထိုအချိန်တွင် ကျိစစ်ယောင်က စစ်ကျွင်းတောက်ကို ပြောလိုက်သည်။
"နောက်ရက်နည်းနည်းကြာရင်... မား သူငယ်ချင်းရဲ့သားလေး လာမှာလေ... သူတို့ကို ကြိုဖို့ကူပေးပါဦး...."
ထိုစကားထွက်လာသည်နှင့် ဝမ်ဝေ့နှင့် ကျိစစ်ယောင်တို့ကို ကူညီလုပ်ကိုင်ပေးနေသော ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က အချင်းချင်း အကြည့်ဆုံသွားကြသည်။
ဝမ်မင်ယီက ဤဖြစ်ရပ်မှာ အတော်လေး ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။
စစ်ကျွင်းတောက်မှာ တိုက်ရိုက်သာငြင်းဆိုလိုက်သည်။
"ကျွန်တော်မသွားချင်ဘူး...."
ကျိစစ်ယောင်မှာ မကျေမနပ်ဖြစ်သွားရသည်။
"ဘာလို့လဲ..."
စစ်ကျွင်းတောက်က သူမကိုကြည့်ပြီး ပြောလိုက်သည်။
"မား ဘာသာသိပါတယ်..."
ကျိစစ်ယောင်မှာ သူ့ကိုထပ်မံနားချချင်ပါသော်လည်း ဝမ်ဝေ့နှင့်ဝမ်မင်ယီတို့ရှိနေ၍ ပြောချင်နေသည့်စကားများကို ပြန်မျိုချလိုက်ရသည်။
သူမဖက်ထုပ်များချက်ပြုတ်ချိန်တွင် ဝမ်ဝေ့ကိုသွားနားခိုင်းလိုက်ပြီး စစ်ကျွင်းတောက်ကို မီးဖိုချောင်ထဲ ခေါ်သွင်းလိုက်သည်။
"ရှင်သွားနားလိုက်ပြီး မင်မင်နဲ့စကားပြောနေလေ..."
ဝမ်ဝေ့မှာ အများကြီးမတွေးလိုက်ပဲ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ...."
ဝမ်မင်ယီမှာ စစ်ကျွင်းတောက်နှင့် ကျိစစ်ယွမ်တို့ မီးဖိုချောင်ထဲဝင်သွားသည်ကိုကြည့်ပြီး နှုတ်ခမ်းလေးဆူလိုက်မိသည်။ သူက အထဲသို့သွားကာ စပ်စုချင်ပါသော်လည်း ကျိစစ်ယောင်မှာ တစ်နှစ်မှတစ်ခါသာ ပြန်လာသူဖြစ်၍ အချို့အရာများက သူဝင်ပါ၍မရပေ။စစ်ကျွင်းတောက်မှာလည်း သည်းမခံနိုင်တော့ဘဲ မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် ချက်ချင်းပြောလိုက်တော့သည်။
"ကျွန်တော်ကို တခြားလူတွေနဲ့ မိတ်မဆက်ပေးပါနဲ့တော့ဗျာ...ဟန်ဟန်တစ်ယောက်နဲ့တင် လုံလောက်ပါပြီ..."
"မား ကသားကောင်းဖို့အတွက်ပဲ လုပ်ပေးတာမဟုတ်ဘူးလား..."
ကျိစစ်ယွမ်မှာ ဖက်ထုပ်များကိုချက်ပြုတ်နေရင်း ပြောလိုက်သည်။
"မင်း ယောက်ျားလေးတွေကြိုက်ပါတယ်ဆိုတော့ မား ဘာပြောခဲ့လဲ.... ဘာမှမပြောခဲ့ဘူးလေ.. မားက အဆင်ပြေလိမ္မာပြီး သိတတ်တဲ့လူတစ်ယောက်နဲ့ သားကိုမိတ်ဆက်ပေးချင်ရုံပါ ဒါတောင်မရဘူးလား.."
"ကျွန်တော့်ဘာသာပဲဆုံးဖြတ်ပါ့မယ်ဗျာ..."
"မင်းဒီနှစ်တွေမှာ အဲ့အကြောင်းပြောတာလည်း တစ်ခါမှမကြားဖူးခဲ့ဘူး... နှစ်တွေအများကြီးကြာနေပြီ... သားရဲ့အခြေအနေတွေကလည်း မဆိုးပါဘူး ဒါတောင် လူလွတ်ဘဝကမကျွတ်နိုင်ဘူးလေ.. ပြောစမ်းပါဦး သားရဲ့အမြင်ကဘယ်လောက်တောင်မြင့်နေလို့လဲ... အဲ့လိုနဲ့တကယ်ပဲ အထီးကျန်နေရမယ်နော်..."
"အဲ့လိုတော့မဖြစ်ပါဘူး.... စိတ်မပူပါနဲ့..."
"မား စိတ်မချနိုင်ဘူးကွယ်...."
ကျိစစ်ယောင်က ငြင်သာစွာပြောလိုက်သည်။
"မား သာစိတ်ချနိုင်ရင် သားကိုဘာလို့ စိတ်ပူနေရဦးမှာလဲ..."
စစ်ကျွင်းတောက်မှာ သူ့အမေကအတော်လေးစိုးရိန်လွန်နေကြောင်း ခံစားလိုက်ရသည်။ အမှန်တကယ်တွင် သူမက ထိုကဲ့သို့သော ကိစ္စများကို အလွန်စိုးရိမ်နေစရာမလိုပေ....
ကျိစစ်ယောင်မှာ သူစကားပြန်မပြောတော့ကြောင်းသိ၍ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။
"မား နဲ့တကယ်မလိုက်ဘူးလား...."
"မလိုက္ဘူး...."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
"ဒါဆို မားဘာသာပဲသွားတော့မယ်...."
"ဟုတ်ကဲ့..."
စစ်ကျွင်းတောက်မှာ အမူအရာသေးသေးလေးပင် မပြောင်းလဲပေ။
ကျိစစ်ယောင်က စိုးရိမ်ပေးနေကြောင်းသိသော်လည်း ဤကိစ္စမျိုးက သူမဝင်ပါသင့်သည့် အရာမျိုးမဟုတ်ပေ။
ဖက်ထုပ်များကျက်သွားသည်နှင့် လူတိုင်းက အတူတူစားကြလေတော့သည်။ စားပြီးသွားသည်နှင့် ဝမ်မင်ယီက စစ်ကျွင်းတောက်ကို အပေါ်ထပ်ဆွဲခေါ်ကာ စစ်ကျွင်းတောက်အခန်းထဲဝင်၍ လေးလေးနက်နက်ပြောလိုက်သည်။
"ကျွန်တော် ဒီနေ့ ကျွန်တော့်မိဘတွေနဲ့ ကောရဲ့ မိဘကိုပြောတော့မှာ... စိတ်ကိုပြင်ဆင်ပြီးသွားပြီ... ကောမိဘတွေက ကောယောက်ျားလေးတွေကို ကြိုက်တာကို လက်ခံပေးနိုင်တော့ ဒီကိစ္စကိုလက်ခံပေးနိုင်မှာပဲ... ကျွန်တော့်မိဘတွေကတော့ အရမ်းကြီးရှေးရိုးစွဲတာမျိုးမရှိတော့ လက်ခံပေးလောက်မှာပါ.. ကျွန်တော်တော့ ဒီလိုပဲဆုံးဖြတ်ချက်ချလိုက်တယ်... ကောကရော... ဆင်ခြေတော့မပေးနဲ့တော့နော်..."
စစ်ကျွင်းတောက်မှာ ဝမ်မင်ယီက ပါးစပ်ဖွင့်သည်နှင့် ထိုစကားအတွဲလိုက်ကြီးပြောလာမည်ဟု မထင်ခဲ့ပေ။
"ဆင်ခြေမပေးရတော့ဘူးတဲ့လား...."
"ဟုတ်တယ်လေ..."
ဝမ်မင်ယီမှာ သူသာအမှန်ဆုံးဟူသောလေသံဖြင့် ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
"ကျွန်တော်ပြောပြမယ်... ကောမှာ အတော်လေးတာဝန်ယူမှုရှိကြောင်းသိပါတယ်... ဒါပေမဲ့ မနက်ဖြန်၊ မနက်ဖြန်ရဲ့မနက်ဖြန်၊ မနက်ဖြန်ရဲ့ မနက်ဖြန်ရဲ့ မနက်ဖြန်နဲ့... မနက်ဖြန်တွေဆိုတာက ကုန်ဆုံးခြင်းမှမရှိတာ... ဒီတော့ ကျွန်တော်တို့ မြန်မြန်ပြောမှရမယ်... ကျွန်တော်တို့ အမြန်ဆုံးအတူတူရှိနိုင်ဖို့အတွက် ကျွန်တော့စကားကိုနားထောင်ရမယ်..."
စစ်ကျွင်းတောက်မှ ရယ်မောရင်းပြောလိုက်သည်။
"ယုံကြည်ချက်ရှိနေပါ့လား..."
"ဘာပြဿနာရှိလို့လဲ...."
ဝမ်မင်ယီက မျက်ခုံးတစ်ဖက်ပင့်၍ပြောလိုက်သည်။
"ဘာဆင်ခြေပေးပေး အသုံးမဝင်ဘူးနော်... ကျွန်တော်နားမထောင်ဘူး..."
စစ်ကျွင်းတောက်က သူ့ကိုကြည့်လိုက်ပြီး သူ့အမေတွေးထားသည့်အရာမှာ ဤသို့မဖြစ်လောက်ဟုတွေးမိလိုက်သည်။
"ကောရဲ့မိဘတွေ ကိုပြောလိုက်မယ်... "
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
"အိုကေ...ဒါဆို ကျွန်တော်လည်း အိမ်ကိုပြန်ပြောလိုက်မယ်..."
"မနက်ဖြန်မနက်က နောက်ဆုံးပဲနော်... ကောပြောမပြီးသေးရင် ကျွန်တော်ကိုယ်တိုင် ခေါင်းကိုင်အမေကိုပြောလိုက်မယ်..."
"မင်းလေးက ဘယ်လိုပြောမှာတဲ့လဲ..."
"ဒီလိုလေ... ကျွန်တော် အမည်ခံသားလေးမလုပ်ချင်တော့ဘူး... နောက်ထပ်သားတစ်မျိုးပဲ လုပ်ချင်တော့တယ်လို့..."
"နောက်ထပ်သားတစ်မျိုးကဘာလဲ..."
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။
"သူ့ကို ကျွန်တော်အမည်ခံသားလေးမဖြစ်ချင်တော့ဘူး ချွေးမလေးပဲ လုပ်ချင်တော့တယ်လို့ပြောပေါ့..."
ဝမ်မင်ယီက အနည်းငယ်ရှက်သွားပြီးပြောလိုက်သည်။
"ကောမှာ ဇနီးလည်းမရှိဘဲနဲ့ ပေါက်ကရတွေမပြောနဲ့...."
စစ်ကျွင်းတောက်မှာ သူ၏ပါးပြင်လေးကို ပွတ်သပ်လိုက်ပြီး သူ့နားကပ်လာခဲ့သည်။
"ဇနီးလေးမဟုတ်ရင်ဘာတဲ့လဲ... ပြောပါဦး... မင်းက ကိုယ့်အတွက်ဘာလေးလဲ..."
ဝမ်မင်ယီမှာ စစ်ကျွင်းတောက်ဆီမှ အမေးခံလိုက်ရသည်နှင့် မျက်နှာအပူရှိန်တို့ မြင့်တက်လာကာ ဘယ်လိုပြန်ဖြေရမလဲမသိတော့၍ ဒေါသတကြီးသာ ပြောလိုက်တော့သည်။
"ကောရဲ့ ခင်ပွန်းပေါ့... ဇနီးမဟုတ်ဘူးလေ..."
စစ်ကျွင်းတောက်မှာ သူ့အဖြေကြောင့် ရယ်နေသော်လည်း ဝမ်မင်ယီမှာ ရှက်ရှက်နှင့်ပတ်ရမ်းလေသည်။
"ဘာတွေရယ်နေတာလဲ... ကျွန်တော်ပြောတာအမှန်ပဲလေ..."
ထိုသို့ပြောပြီးသည်နှင့် တံခါးဖွင့်ကာ ထွက်ပြေးလေတော့သည်။
ထိုနေ့ညတွင် စစ်ကျွင်းတောက် ကျိစစ်ယောင်ကိုမေးလိုက်သည်။
"ကျွန်တော့်မှာ ချစ်ရမယ့်သူရှိနေပြီပြောရင် မား စိတ်အနှောင့်အယှက်ဖြစ်မှာလား..."
ကျိစစ်ယောင်က သူ့ကိုမယုံပေ။
"မား ကိုလာလိမ်ချင်မနေနဲ့... မားအတင်းမတိုက်တွန်းတော့ပါဘူး..."
စစ်ကျွင်းတောက် သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုက်လိုက်ပြီး တည်ကြည်စွာပြောလေသည်။
"ကျွန်တော်လိမ်မပြောဘူး... မားကိုတစ်ချိန်လုံး မပြောပြခဲ့ရသေးတာ..."
ကျိစစ်ယောင်မှာ အံ့အားသင့်သွားရသည်။
"သားဘာကိုပြောချင်တာလဲ... တကယ်ကြီး တစ်ယောက်ယောက်နဲ့တွေ့နေတာလား..."
စစ်ကျွင်းတောက်က ခေါင်းငြိမ့်ပြလိုက်သည်။ကျိစစ်ယောင်မှ အတော်လေးသိချင်သွားတော့သည်။
"အသက်ဘယ်လောက်လဲ... ဘယ်ကျောင်းကဘွဲ့ရတာလဲ.. အိမ်အခြေအနေကဘယ်လိုလဲ... ကျွင်းကျွင်း သားသူ့ကိုတကယ်သဘောကျတာလား... အမေမြင်တာတော့ သားက အလုပ်ကနေအိမ် အိမ်ကနေ အလုပ်ပဲသွားနေတာပါ... ဘယ်လိုလုပ်တွဲဖြစ်သွားတာလဲ..."
"သူကလည်း အတော်လေးအလုပ်များတဲ့လူပဲ... တစ်ခါတစ်လေဆိုရင် ကောင်းကောင်းတောင် မတွေ့နိုင်ဘူး..."
"နှစ်ယောက်လုံးက အလုပ်အရမ်းများတဲ့လူတွေဆိုပြီး ဘယ်လိုလုပ်တွဲဖြစ်သွားတာလဲ..."
ကျိစစ်ယောင်မှာ ထိုကဲ့သို့သော အချစ်ရေးက အနှေးနှင့်အမြန်အဆုံးသတ်မည်ဟုသာ တွေးလေသည်။
"ဒီလိုတွေဆိုရင် သားတို့က ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်ပါ့မလဲ..."
စစ်ကျွင်းတောက်မှာ သူမအထင်လွဲနေသည်ဟု တွေးမိ၍ ရှင်းပြလိုက်သည်။
"ကျွန်တော်တို့က အချိန်အတော်ကြာအောင် အတူတူရှိဖြစ်ပါတယ်..."
"သားတို့နှစ်ယောက်လုံး အလုပ်ရှုပ်နေပြီးတော့ အတူတူရှိနေနိုင်သေးတာလား...."
ကျိစစ်ယောင်မှာ ခဏမျှတွေးပြီး ထိတ်လန့်တကြားပြောလိုက်သည်။
"သား အလုပ်ကလူနဲ့တွဲနေတာလား..."
"ရပါတယ်... မားက ရုံးတွင်းအချစ်ဇာတ်လမ်းမျိုးကို မဆန့်ကျင်ပါဘူး... သားရော သူရော အချိန်ရှိတဲ့နေ့... အဆင်ပြေတဲ့အချိန်မှာ မားနဲ့စကားပြောကြမယ်လေ..."
"ရုံးတွင်းအချစ်ဇာတ်လမ်းမဟုတ်ပါဘူးဗျာ..."
"အဲ့တာဆို ဘယ်သူလဲ.. သားက အိမ်နဲ့အလုပ်မှာပဲ အမြဲတမ်းရှိနေတာလေ.... ဘယ်သူနဲ့များ ကြိုက်နိုင်ဦးမှာလဲ.."
စစ်ကျွင်းတောက်မှာ သူ့အမေက သူနှင့်စစ်ကျွင်းတောင်ကို တကယ့်ညီအစ်ကိုဟုမြင်နေပြီး လုံးဝမဖြစ်နိုင်ဟုတွေးထားပုံပင်။
"ကျွန်တော် မင်မင်ကိုသဘောကျတာ.. ကျွန်တော်တို့တွဲနေကြပြီ..."
သူတိုက်ရိုက်သာပြောလိုက်တော့သည်။
ကျိစစ်ယောင်မှာ သူမနားကြားလွဲသည်ဟုပင် တွေးလိုက်မိသည်။
"မင်းဘာတွေပြောနေတာလဲ... မင်မင်တဲ့လား... သူက သားညီလေးလေ.. ဘယ်လိုလုပ်ကိုယ့်ညီလေးကို ပြန်ကြိုက်ရတာလဲ..."
"ပထမအချက် သူကကျွန်တော့်ရဲ့ ညီအရင်းမဟုတ်ဘူး.... ဒုတိယအချက် သူက ကျွန်တော်တို့မိသားစုနဲ့ သွေးသားတော်စပ်ခြင်းမရှိဘူး.. တတိယအချက် ကျွန်တော်တို့က အတူတူကြီးပြင်းလာကြလို့သာ ခေါင်းကိုင်အမေတို့မိသားစုနဲ့ ကျွန်တော်တို့က တစ်မိသားစုတည်းလိုဖြစ်နေတာ... အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့မိသားစုနှစ်က သွေးသားဆက်နွယ်မှုမရှိသလို ဥပဒေအရတော်စပ်ခြင်းလည်းမရှိဘူး... မင်မင်နဲ့ကျွန်တော်မှာလည်း ကျွန်တော်ကသူ့ထက်ကြီးလို့သာ ကောလို့ခေါ်နေတာ...."
ကျိစစ်ယောင် အသိပြန်ဝင်လာခဲ့သည်။
"သူက သားကိုတကယ်သဘောကျတာရော ဟုတ်ရဲ့လား... သူက မိန်းကလေးတွေပဲကြိုက်တာ အသိအသာကြီးလေ..."
"သူ့ကို အတင်းအကြပ်ကြီးကွေးအောင်လုပ်လိုက်တာ မဟုတ်ဘူးမလား...."
ကျိစစ်ယောင်မှာ ထိုသို့ဖြစ်၍မရဟု တွေးလိုက်မိသည်။
ဝမ်မင်ယီမှာ သူမ၏သားအရင်းလေးလိုဖြစ်နေ၍ ထိုသို့အတင်းအကြပ်ကွေးအောင် အလုပ်ခံလိုက်ရပါက သူမလက်ခံနိုင်မည်မဟုတ်ပေ။
"မဟုတ်ပါဘူး...."
စစ်ကျွင်းတောက်က ပြန်ဖြေလိုက်သည်။
"အဲ့တာကောင်းတယ်..."
ကျိစစ်ယောင်မှာ ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။
"လျှောက်မတွေးပါနဲ့တော့ဗျာ..."
"သားသာ မင်မင်နဲ့အတူတူလာခဲ့ရင် မား က လျှောက်တွေးပါ့မလား... သားက မားသားရဲ့အချစ်ရေးမှာ ပါချင်လွန်းလို့ ဝင်ပါနေတယ်ထင်တာလား... မားလည်း သားကို ဘလိုင်းဒိတ်တွေ မပြင်ပေးချင်ပါဘူးနော်..."
"အခု မားလည်း ပြင်ပေးစရာမလိုတော့ပါဘူး..."
"အခြားလူသာဆိုရင် မားက စိတ်ပူပြီး သူ့ရဲ့နောက်ခံကိုသေချာစစ်ကြည့်မှာ.. ဒါပေမဲ့ မင်မင်ကတော့ မါးကိုယ်တိုင် သူလေးကြီးပြင်းလာတာကိုကြည့်ခဲ့ရတာ... မားရဲ့ အမည်ခံသားလေးက အရမ်းလိမ္မာမှန်း မားသိတယ်လေ.. ဒါနဲ့ သားရဲ့ခေါင်းကိုင်အမေက ဘယ်လိုတွေးမလဲမသိဘူးနော်...."
ကျိစစ်ယောင် မေးစေ့ပွတ်ရင်းပြောလိုက်သည်။
"မားတို့က သားတို့ကိုကတိကဝတ်ပြုခဲ့တာရှိတယ်..."
"အာ...."
စစ်ကျွင်းတောက် အံ့ဩသွားသည်။
"အကယ်၍ သူသာ သမီးလေးမွေးခဲ့ရင် မားတို့က သားတို့ကို အတူတူကြီးပြင်းစေပြီး လက်ထပ်ခိုင်းကြမယ်... အကယ်၍ သူသာ ယောက်ျားလေးမွေးခဲ့ရင် သားတို့ကို ညီအစ်ကိုတွေလို ကြီးပြင်းစေမယ်လို့ပေါ့..."