စစ်ကျွင်းတောက်က မေးလိုက်သည်။
ကျိစစ်ယောင်က ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမဲ့ သားတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေဆိုပေမဲ့ အတူရှိသွားကြမယ်လို့ မထင်ထားခဲ့ဘူး.. တကယ့်ကို ကံကြမ္မာပါပဲ..."
စစ်ကျွင်းတောက်က ပြုံးလိုက်ပြီး ဘာမှမပြောပေ။
"သားရဲ့ ခေါင်းကိုင်အမေကဘယ်လိုတွေးမလဲမသိဘူး...."
ကျိစစ်ယောင်က စိုးရိမ်နေသည်။
"မင်မင်က သူယောက်ျားလေးတွေကိုကြိုက်တယ်လို့ တစ်ခါမှမပြောခဲ့ဖူးဘူးလေ... ဒါပေမဲ့ အခုသူက သားနဲ့တွဲနေပါတယ်လို့ပြောလိုက်တော့ သားရဲ့ခေါင်းကိုင်မိဘတွေက သေချာပေါက် အံ့ဩသွားကြမှာပဲ...."
စစ်ကျွင်းတောက်လည်း ထိုသို့တွေးမိလေသည်။
"ကျွန်တော်လည်း အဲ့လိုတွေးမိတယ်...."
ကျိစစ်ယောင်က သူ့ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
"သားရဲ့ ခေါင်းကိုင်မိဘတွေက လက်ခံပေးပါစေလို့ပဲ ဆုတောင်းမိတယ်... ဒါဆိုရင် အတော်လေးအဆင်ပြေသွားမှာ..."
"ကျွန်တော်လည်း အဲ့လိုပဲဖြစ်စေချင်တယ်.... ဒါပေမဲ့ မားတောင်လက်ခံပေးနိုင်တာပဲကို သူတို့လို အနုပညာလောကဘက်က လူတွေကပိုပြီးလက်ခံနိုင်မှာပဲမလား..."
ကျိစစ်ယောင်က သေချာတွေးကြည့်သောအခါ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။
"ဒါပေမဲ့ ကျွင်းကျွင်း မားသားကိုပြောပြစရာရှိသေးတယ်... သားနဲ့ မင်မင်တို့တွဲတာကို မားဘက်က ကန့်ကွက်စရာမရှိပေမဲ့ သားတို့သာ အနာဂတ်မှာ ကိစ္စတစ်ခုခုကြောင့် လမ်းခွဲခဲ့ရင် သားတို့နှစ်ယောက်တင် ပြတ်ဆဲမှာမဟုတ်ဘဲ မားတို့မိသားစုနှစ်ခုလုံး ပြတ်စဲသွားမှာနော်.. မားပြောချင်တာနားလည်တယ်မလား...."
စစစ်ကျွင်းတောက်က နားလည်၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်သိပါတယ်... ကျွန်တော်ငယ်ငယ်ကတည်းက သူနဲ့ခွဲပြီးနေရမယ်လို့ တစ်ခါမှမတွေးဖူးဘူး... အခုရော နောင်ရော ဘယ်သောအခါမှလည်း ခွဲသွားမှာမဟုတ်ဘူး..."
"အဲ့တာ အကောင်းဆုံးပဲပေါ့..."
ကျိစစ်ယောင်က ပြန်ဖြေလိုက်သည်။
ကျိစစ်ယောင်ခန့်မှန်းထားသလိုပင် ဝမ်ဝေ့နှင့် ကျောက်ဝမ်ယွီတို့မှာ ဝမ်မင်ယီ၏ဖွင့်ပြောလာမှုကြောင့် အံ့ဩသွားကြသည်။
"သားဘာပြောလိုက်တာ... "
ဝမ်ဝေ့ မယုံနိုင်ဖြစ်နေရသည်။
"သားနဲ့ ဘယ်သူနဲ့တွဲနေတာ..."
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်ပြောပြပြီးသလိုပါပဲ... အဖေတို့အမေတို့သာ လက်မခံနိုင်ဘူးဆိုရင် ကျွန်တော်ကို သားအဖြစ်ကနေ စွန့်လွှတ်ပြီး အိမ်ကနေ ကန်ထုတ်လို့ရပါတယ်... ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေမှာ ကျွန်တော်က အိမ်ကအခန်းမှာ မနေတော့ ထုပ်ပိုးစရာလည်း မရှိပါဘူး... ဘေးအိမ်ကိုပြောင်းနေရုံပါပဲ...."
ဝမ်ဝေ့ နားမလည်နိုင်သေးပေ။
"သားက မိန်းကလေးတွေပဲကြိုက်တာ မဟုတ်ဘူးလား...."
"ကျွန်တော်လည်း အဲ့လိုပဲထင်ခဲ့ပေမဲ့ မဟုတ်ဘူးဖြစ်နေတာ... တခြားမိန်းကလေးတွေထက် ကောကိုပဲ ပိုသဘောကျနေမိတာလေ...."
"သား သဘောကျတဲ့ ကောင်မလေးမျိုးနဲ့ မတွေ့သေးလို့များလား...."
ကျောက်ဝမ်ယွီက ခွဲခြမ်းစိတ်ဖြာပြလာသည်။
"သားက အခုမှငယ်ငယ်လေးရှိသေးတာ... သားသဘောကျတဲ့ကောင်မလေး ပေါ်မလာသေးတာ ဖြစ်နိုင်တယ်လေ..."
"ဒါပေမဲ့ ကျွန်တော်က ကောကိုပဲပိုသဘောကျနေတာ.... ကောကို ဘယ်သူနဲ့မှအတူမရှိစေချင်ဘူး... ကျွန်တော်နဲ့ပဲအတူရှိစေချင်တာ..."
"သားရဲ့ သူ့အပေါ်ပိုင်ဆိုင်လိုစိတ်ကြောင့်လည်း ဖြစ်နိုင်တာပဲလေ...."
ကျောက်ဝမ်ယွီက အကြံထပ်ပေးလိုက်သည်။
"သားတို့က ငယ်ငယ်ကတည်းက အတူတူရှိလာကြတာလေ.. ဒီတော့ သူ့အပေါ် ပိုင်ဆိုင်လိုစိတ်ရှိတာမျိုးဖြစ်လောက်မှာ... အဲ့တာအချစ်မဟုတ်ဘူးလေ... သူနဲ့ ရပ်အတော်ကြာလောက် မတွေ့ဖြစ်အောင်နေလိုက်ရင် အချစ်လိုလိုပိုင်ဆိုင်ချင်စိတ်လိုလို ခံစားချက်တွေပျောက်သွားမှာ...."
ဝမ်ဝေ့ကလည်း ခေါင်းငြိမ့်လာသည်။
"သားအဖေပြောတာမှန်တယ်..."
ဝမ်မင်ယီမှာ သူပြောတာ မမှန်သေးကြောင်းတွေးမိပြီး ပိုရှုပ်မသွားစေရန် တိုက်ရိုက်သာပြောလိုက်သည်။
"ကျွန်တော်သူနဲ့အိပ်ချင်တယ်..."
ဝမ်မင်ယီက သူ့မိဘတွေကိုကြည့်လိုက်သည်။
"အဲ့တာကတော့ ပိုင်ဆိုင်လိုစိတ်မဟုတ်ဘူးမလား... ကျွန်တော်က သူကလွဲလို့ ဘယ်သူနဲ့မှ မအိပ်ချင်ဘူးလေ.."
ကျောက်ဝမ်ယွီ "...."
အခန်းကြီးတစ်ခုလုံး ခဏမျှတိတ်ဆိတ်သွားသည်။
ဝမ်မင်ယီ သူ့ရှေ့တွင် ငူငူကြီးထိုင်နေသော လူနှစ်ယောက်ကိုကြည့်ပြီး ထိုနှစ်ယောက် ထိုအချက် လက်ခံနိုင်ရန် ဘာအသံမှမထွက်ဘဲ တိတ်တိတ်လေး နေနေလေသည်။
ဝမ်ဝေ့နှင့်ကျောက်ဝမ်ယွီတို့မှာ မည်မျှပင်တွေးနေပါစေ အံ့ဩနေဆဲဖြစ်လေသည်။
"သားတို့နှစ်ယောက်တွဲနေကြပြီလား...."
ဝမ်ဝေ့က ရုတ်တရက်မေးလိုက်သည်။
"ဟုတ်ကဲ့...."
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။
ဝမ်မင်ယီက ခဏမျှစဉ်းစားလိုက်သည်။
"အရင်နှစ်လောက်က ဟန်ဟန်လာတည်းက ကျွန်တော် အတော်လေး သက်တောင့်သက်သာမရှိခဲ့ဘူး.... ကျွန်တော် ကောကအခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ တွေးလိုက်မိတော့ ပိုပြီးမသက်မသာဖြစ်လာတယ်... ကျွန်တော်ပိုပြီး စိတ်မချမ်းမသာဖြစ်လာတော့ သူ့အိမ်ကနေ ထွက်သွားဖို့တောင် လုပ်လိုက်သေးတယ်... နောက်ပိုင်းကြတော့ ကျွန်တော် သူ့ကိုဖွင့်ပြောလိုက်တယ်... သူကလည်းလက်ခံတယ်... ဒီလိုနဲ့ ကျွန်တော်တို့ တွဲဖြစ်သွားကြတယ်...."
"သားရဲ့ခေါင်းကိုင်အမေသိလား..."
ဝမ်ဝေ့ကမေးလိုက်သည်။
ဝမ်မင်ယီက ပြုံးလိုက်သည်။
"သူအခုပဲသိလောက်ရောပေါ့... ကောက သူ့ကိုပြောပြနေလောက်ပြီ... မဟုတ်ရင် ခေါင်းကိုင်အမေက ဒီနှစ်လည်း ကောကိုဘလိုင်းဒိတ်စီစဉ်ပေးလိမ့်မယ်... ကျွန်တော်အဲ့တာတော့ သည်းမခံနိုင်ဘူး...."
"သားရဲ့ ခေါင်းကိုင်အမေ ဒေါသထွက်မှာမကြောက်ဘူးလား..."
ဝမ်ဝေ့က အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
"သားရဲ့ခေါင်းကိုင်မိဘတွေက သားကိုငယ်ငယ်ကတည်းက စောင့်ရှောင့်ပေးခဲ့တာ သားကလည်း သားရဲ့ကောနဲ့ အရမ်းကိုရင်းနှီးပြီး ဝမ်းကွဲတွေထက်တောင် ရင်းနှီးကြသေးတယ်.... ဒါပေမဲ့ သားအရွယ်ရောက်လာတာနဲ့ သူတို့ရဲ့သားကို ကွေးအောင်လုပ်ချလိုက်တယ်လေ..."
ဝမ်မင်ယီတစ်ယောက် သူ့အမေက သူ့ကောအကြောင်း ဘာမှမသိဟု တွေးလိုက်မိသည်။
"ကောက ယောက်ျားလေးတွေကိုပဲကြိုက်တာလေ... ခေါင်းကိုင်အမေကလည်း မနှစ်ကတည်းက သိပြီးသား... ဒါကြောင့်ပဲ ကောက ဟန်ဟန်နဲ့ မဆက်သွယ်တာလေ... ဟန်ဟန်သူကို ကြိုက်သွားရင် မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို အလွဲသုံးစားလုပ်တာဖြစ်သွားမှာလေ..."
"သူ မား ကို ဘာမှမပြောခဲ့ဘူး..."
"ဒါပေါ့ အဲ့လိုကိစ္စမျိုးက ပြောဖို့မှမလွယ်တာ...".
"ဒါဆိုသားကရော...."
ဝမ်ဝေ့က သူ့ကို စူးစိုက်ကြည့်လာသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို ချက်ချင်း ကာကွယ်ပေးလိုက်သည်။
"ကျွန်တော့်ဘာသာကွေးသွားတာပါ.... ကောနဲ့ ဘာမှမဆိုင်ပါဘူး.... ကောကဖြင့် ကျွန်တော့်ကို လက်တောင်ခံချင်တာမဟုတ်ဘူး.. ကျွန်တော်က သူ့နောက်ကိုတကောက်ကောက်လိုက်ပြီး အတင်းအကျပ်ပြောလို့သာ လက်ခံပေးခဲ့တာ..."
ဝမ်ဝေ့က ခေါင်းငြိမ့်လိုက်သည်။
"သားဘာသာကွေးသွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်လေ..."
ဝမ်ဝေ့က ကျောက်ဝမ်ယွီကိုကြည့်လိုက်သော်လည်း တစ်ဖက်လူမှာ ငေးကြောင်ကြောင်ဖြစ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ကို တွေးလိုက်မိသည်။
အမှန်အတိုင်းပြောရလျှင် အပြင်လူသာကြည့်ပါက သူတို့နှစ်ယောက်မှာ အလွန်ရင်းနှီးနေကြပါသော်လည်း သူ့လိုကလေးနှစ်ယောက် အတူတူကြီးပြင်းလာသည်ကို ကြည့်လာရသူအတွက်မူ အများကြီးတွေးမိခြင်းမရှိပေ။
ယခုသူမ အမြင်တစ်မျိုးမြင်ကြည့်ချိန်တွင် မှားယွင်းနေသည်ဟု မတွေးမိပေ။
သူမ ဝမ်မင်ယီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"သားတို့နှစ်ယောက် တကယ်အတူရှိချင်ရင်တော့ မားမှာကန့်ကွက်စရာမရှိပါဘူး..."
ကျောက်ဝမ်ယွီ သူ့မိန်းမကို အံ့အားတသင့်ကြည့်နေချိန်တွင် ဝမ်ဝေ့ကဆက်ပြောလိုက်သည်။
"ဒီနှစ်တွေမှာ သူက သားကို ပားနဲ့မား အစား စောင့်ရှောက်ပေးခဲ့တာ... အခြားသူသာဆိုရင် မားတို့က စိုးရိမ်မိလိမ့်မယ်... ဘာပဲပြောပြော သားက အခုမှငယ်ငယ်လေးရှိသေးတာလေ... မင်းရဲ့ကောနဲ့ဆိုရင်တော့ မားတို့စိတ်ချပါတယ်... သူက မားတို့ထက်တောင်သားကို ပိုပြီးဂရုစိုက်ပေးနိုင်သေးတယ်..."
"ကျွန်တော်လည်း သူ့ကိုဂရုစိုက်ပေးနိုင်ပါတယ်နော်... သူ့ကို အနိုင်မကျင့်ပါဘူး..."
ဝမ်မင်ယီကပြောလိုက်သည်။
ဝမ်ဝေ့က ပြုံးလိုက်ကာ နူးနူးညံ့ညံ့လေးပြောလိုက်သည်။
"မင်မင်... သားက အခုမှ၁၉နှစ်ပဲရှိတာနော်... ပြီးတော့သားက တက္ကသိုလ်ကျောင်းသားပဲရှိသေးတာ... သားတို့အရွယ်ကလေးတွေက လွယ်လွယ်ချစ်မိတတ်ကြပေမဲ့ ရေရှည်မြဲအောင် မထိန်းသိမ်းနိုင်ကြဘူး.. သားနဲ့ သားရဲ့ကောတို့ တွဲမယ်လို့ ဆုံးဖြတ်ပြီးသွားတော့ ဒီဆက်ဆံရေးကို အကောင်းဆုံးထိန်းသိမ်းဖို့ကြိုးစားကြနော်... မဟုတ်ရင် သားတို့ တစ်နေ့မှာ လမ်းခွဲခဲ့ရင် မားတို့က သားရဲ့ခေါင်းကိုင်မိဘတွေနဲ့တွေ့ဖို့ ရှက်နေရလိမ့်မယ်..."
"စိတ်မပူပါနဲ့ ကျွန်တော်တို့က လမ်းမခွဲပါဘူး... ကျွန်တော်က သူ့ကိုအရမ်းသဘောကျလွန်းလို့ ဘယ်သူ့ကိုမှမပေးနိုင်ဘူး...."
ဝမ်မင်ယီက အလွန်သေချာစွာပြောနေသည်။
"ကောင်းတာပေါ့...."
ဝမ်ဝေ့က ခေါင်းငြိမ့်လိုက်သည်။
"သားတို့ လမ်းမခွဲသ၍ သားတို့ရဲ့ဆက်ဆံရေးက ကန့်ကွက်စရာကိုမရှိတာ... ကျွင်းကျွင်းက အရမ်းကြင်နာတတ်တော့ သားကသူ့ကိုငြီးငွေ့ပြီး သဘောမကျတော့ရင်တောင် သူကသားကို လမ်းခွဲမှာမဟုတ်ပါဘူးလေ..."
"ကျွန်တော်သိပါတယ်ဗျာ.. အဲ့တာကြောင့် ကျွန်တော်လည်း သူ့ကိုဂရုစိုက်ပေးမယ်ပြောတာ.. ကျွန်တော်တို့ ဘယ်တော့မှ လမ်းမခွဲကြဘူး...."
ကျောက်ဝမ်ယွီမှာ အမေနှင့်သားအတိုင်အဖောက်ညီနေသည်ကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလိုနဲ့ ပြီးသွားတာလား...."
ဝမ်မင်ယီက သူ့ကိုကြည့်လာသည်။
"ဒါရိုက်တာကျောက်မှာ တခြားပြောစရာများရှိသေးလို့လား.."
ဒါရိုက်တာကျောက်အတွက် ထိုကိစ္စနှင့်ပတ်သတ်၍ ပြဿနာမရှိသော်လည်း ရုတ်တရက်ကြီးဖြစ်နေ၍ လက်မခံနိုင်သေးရုံသာဖြစ်သည်။
ဝမ်မင်ယီက သူ့ကိုကြည့်၍ပြောလိုက်သည်။
"ပါးပဲ မနေ့က ကောပြောသမျှလုပ်ပေးမှာဆို..."
ကျောက်ဝမ်ယွီ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ပား သဘောတူမယ်ဆိုတာ အဲ့လိုမျိုးမဟုတ်ဘူးလေ...ဒာပေမဲ့ အခုလည်း ရုတ်တရက်ကြီးမလို့ စိတ်မပြင်ဆင်ရသေးတာပါ... ပား ကို အဲ့လို စိတ်သဘောထားသေးသိမ်တဲ့လူများထင်နေတာလား..."
ဝမ်မင်ယီက ပျော်ရွှင်သွားတော့သည်
"ဒါဆိုရင်တော့ မိသားစုအစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ..."
ဝမ်ဝေ့ကပြုံးလိုက်ပြီး သူ့ခေါင်းလေးကိုထိလိုက်သည်။
"မျက်စိတစ်မှတ်အတွင်းမှာပဲ မင်မင်လေးက ချစ်ကြိုက်တတ်တဲ့အရွယ်တောင် ရောက်သွားခဲ့ပြီပဲ.. မင်မင်လေး အရွယ်ရောက်လာခဲ့ပြီ..."
ကျောက်ဝမ်ယွီလည်း သက်ပြင်းချလိုက်သည်။
"ဟုတ်ပါ့ မင်မင်ကို အခုထိကလေးလေးလို့ မြင်နေသေးပေမဲ့.... မျက်စိတ်တစ်မှိတ်အတွင်း အချစ်ရေးကိစ္စတွေကိုပါ ဆွေးနွေးနေရပြီပဲ..."
ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့တို့က ဝမ်မင်ယီကိုဖက်လာပြီး ဝမ်ဝေ့ကသူ့ နှဖူးလေးကိုနမ်းလိုက်သည်။
ဝမ်မင်ယီက မျက်လုံးလေးပြူးသွားသော်လည်း သူမကိုတွန်းမထုတ်လိုက်ပေ။ ဝမ်ဝေ့က သူ့ကိုကြည့်လိုက်ပြီး နူးနူးညံ့ညံ့လေးကြည့်လာခဲ့သည်။
ဝမ်မင်ယီက သူ့မိဘများကိုကြည့်ပြီး မလှုပ်ရှားတော့ဘဲ သူတို့နှစ်ယောက်၏ အနွေးဓာတ်လေးကို ခံစားနေလိုက်သည်။
လူကြီးများက ကလေးနှစ်ယောက်တွဲနေကြကြောင်း သိသွားသည်နှင့် နောက်တစ်နေ့တွင် အချင်းချင်း မပြောပြပဲ နားလည်နေဟန်ဖြင့် ပြုံးပြနေကြကာ သူတို့နှစ်ယောက်၏ဆက်ဆံရေးအကြောင်း စပ်စုကာ အတင်းတုပ်ကြလေသည်။
စစ်ကျွင်းတောက်က လူကြီးတွေလက်ခံမည်မှန်းသိသော်လည်း ဤမျှမြန်မြန်ကြီး လက်ခံမည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူနှင့်ဝမ်မင်ယီမှာ ကံကောင်းလှသည်ဟု ထင်မိလေသည်။
"ဘာမှမဖြစ်ဘူးလို့ ကျွန်တော်ပြောပါတယ်... ကျွန်တော့်မိဘတွေက ကောကိုသဘောကျကြတယ်.. ကောရဲ့မိဘတွေကလည်း ကောယောက်ျားလေးတွေကို သဘောကျတဲ့ကိစ္စကို လက်ခံပေးတယ်... ကျွန်တော်ကလွဲရင် ကောနဲ့သင့်တော်တဲလူဆိုတာ ရှိပါဦးမလား..."
ဝမ်မင်ယီက ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကျွန်တော် ကြီးပြင်းလာတာကို ကောရဲ့မိဘတွေကကြည့်ခဲ့ရတာလေ... ဒီတော့ သူတို့ကအခြား ယောက်ျားလေးတွေအများကြီးနဲ့ယှဉ်ရင် ကျွန်တော့်ကို စိတ်တိုင်းအကျဆုံးဖြစ်မှာပေါ့လို့..."
စစ်ကျွင်းတောက်မှာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားရနေသော မျက်နှာဖြစ်နေသည့် ဝမ်မင်ယီ၏မေးစေ့ကို ညှစ်လိုက်သည်။
"ဒါဆို မင်းလေးက အရမ်းဉာဏ်ကောင်းတာပဲ...."
"ဒါပေါ့လို့... "
ဝမ်မင်ယီက ပြုံးပြုံးလေးပြောလိုက်သည်။
"ဒါနဲ့ ကောအမေရဲ့သူငယ်ချင်းရဲ့သားက လာဦးမှာလား..."
စစ်ကျွင်းတောက်က ခန့်မှန်းလိုက်သည်။
"အခုအမေက ကိုယ်တို့နှစ်ယောက်တွဲနေမှန်းသိတော့ ကိုယ့်ကိုအခြားလူတွေနဲ့ မိတ်မဆက်ပေးလောက်တော့ဘူး..."
"အဲ့တာ အကောင်းဆုံးပဲ...."
သို့သော်လည်း တစ်ဖက်လူက အမှန်တကယ်ရောက်လာခဲ့၍ သူတို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။
ကျိစစ်ယောင် မှာ သူမသားကိုတစ်လှည့် သူမရဲ့အမည်ခံသားလေးကိုတစ်လှည့်ကြည့်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"သူက ဒီကိုလည်ပတ်ဖို့ပဲလာတာပါ... တကယ်လည်ပတ်ဖို့ပဲလာတာ... လက်မှတ်တွေကလည်းဝယ်ပြီးသားဆိုတော့ မားက သူ့ကို မင်းရဲ့အခြေအနေကိုပြောပြပြီး တောင်းပန်ပြီးပြီ.. သူက ကစားရုံပဲလာတာပါ... စိတ်မပူနဲ့ သားသွားကြိုစရာမလိုဘူး... သူကလည်း ဒီမှာမနေဘူး ဟိုတယ်တောင် ဘိုကင်ချိတ်ပြီးပြီ.."
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကျိစစ်ယောင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် စစ်ကျွင်းတောက်မှာ အခြေကျသွားခဲ့ပြီဖြစ်ပြီး သူမဘက်ကလည်း ဘလိုင်းဒိတ်များစီစဉ်ပေးစရာမလိုတော့ပေ။
နွေဦးပွဲတော်ပြီးသည်နှင့် ဝမ်ဝေ့နှင့် ကျိုးဝမ်ယွီတို့မှာ အိမ်တွင် ရက်အနည်းငယ်နေပြီး ထွက်သွားပြန်သည်။ ကျိစစ်ယောင်က သူတို့ထွက်သွားသည်ကိုကြည့်ပြီး ဝမ်မင်ယီကိုပြုံး၍ပြောလိုက်သည်။
"နောက်ဆုံးတော့ သား ကျွင်းကျွင်းနဲ့အတူနေရပြီပေါ့...သား ၁၂နှစ်သားကတည်းက မားတို့အိမ်မှာနေခဲ့ပေမဲ့ တကယ့်မိသားစုဝင်တစ်ယောက်မဖြစ်ခဲ့ဘူးလေ အခုတော့ တကယ့်မိသားစုဖြစ်လာပြီပဲ...."
ဝမ်မင်ယီကလည်း ပြုံးရင်းသဘောတူလိုက်သည်။
"ကျွန်တော်လည်း အဲ့လိုထင်တာပဲ...."
"ဒါပေမဲ့ သားနဲ့သားကောက မားကိုလျှိုထားတာရှိတယ်နော်... သားရဲ့အမေသာမပြောရင် သားကစတားတစ်ယောက်ဖြစ်နေမှန်းတောင် သိမှာမပါဘူး...."
ဝမ်မင်ယီမှာ မလုံမလဲဖြစ်သွားရပြီး အသည်းအသန်ရှင်းပြလေတော့သည်။
လဝက်မျှအကြာတွင် ကျိစစ်ယောင်နှင့် စစ်ချီတို့မှာ နိုင်ငံခြားသို့ ပြန်သွားရန်ပြင်လေတော့သည်။ စစ်ချီက စစ်ကျွင်းတောက်ကို ကြည့်ကိုပြောလိုက်သည်။
"နိုင်ငံခြားက ကုမ္ပဏီမျာ အခြေအနေတွေ တည်ငြိမ်တာနဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ကိုငှားပြီး ပားတို့က ပြန်လာပြီးနားတော့မယ်..."
စစ်ကျွင်းတောက်မှာ မငြင်းဆန်ခဲ့ပေ။
"ပါးဘောပါ..."
ဝမ်မင်ယီက ကျိစစ်ယောင်နှင့် စစ်ချီတို့ကို သတိပေးလိုက်သည်။
"Xလေကြောင်းလမ်းမှာ ပြဿနာရှိတယ်လို့ ကျွန်တော်ကြားထားတယ်... မား တို့ အဲ့လေကြောင်းလိုင်းကို မစီးဖြစ်ဖို့ သတိထားပေးပါနော်..."
ကျိစစ်ယောင်က ပြန်ဖြေလိုက်သည်။စစ်ကျွင်းတောက်က ထိုစကားကိုကြားသည်နှင့် သူ့မိဘများလေယာဉ်ပျက်ကြပြီး သေသွားသည့် မြင်ကွင်းက ချက်ချင်းခေါင်းထဲရောက်လာသည်။
"ကိုယ်ပိုင်လေယာဉ်ဝယ်တာ ပိုကောင်းမယ်..."
စစ်ချီနှင့် ကျိစစ်ယောင်တို့က သိပ်ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"သားဝယ်ချင်ဝယ်လေ သားသဘောပဲ..."
"ဟုတ်ကဲ့... "
စစ်ကျွင်းတောက်က ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းအစီအစဉ်ဆွဲလေတော့သည်။
ဝမ်မင်ယီနှင့်အတူ သူ့မိဘများကို လေဆိပ်အထိလိုက်ပို့ပြီး အိမ်ပြန်လာခဲ့သည်။
ဝမ်မင်ယီက တိတ်ဆိတ်နေသော အိမ်ကိုကြည့်လိုက်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်ခဲ့ပြန်ပြီ..."
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး... သူတို့အလုပ်တွေပြီးတဲ့နေ့ကြရင် ပြန်လာပါလိမ့်မယ်...."
ဝမ်မင်ယီငယ်စဉ်က လူတိုင်းက ဘာကြောင့်အလွန်အလုပ်ရှုပ်ပြီး နားနားနေနေမနေကြသလဲကို နားမလည်ခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် လူများက လူ့ဘောင်တွင်နေသည်ဖြစ်၍ လူမှုဆက်ဆံရေးကောင်းမွန်အောင်လုပ်ပြီး လူ့ဘောင်လောကတွင် ကျင်လည်ကြရသည်မှန်း နားလည်သွားခဲ့သည်။ လူတိုင်းက တစ်စိတ်တစ်ပိုင်းမျှပါဝင်ကြရုံဖြစ်သော်လည်း လူတိုင်းတွင် သူတို့တည်ရှိနေရသည့် အဓိပ္ပါယ်များရှိကြပေသည်။
အထူးသဖြင့် သူ့မိဘများနှင့် စစ်ကျွင်းတောက်၏မိဘများဖြစ်ကြသည်။ သူတို့က အမြင့်ပိုင်းတွင်ရှိနေကြသူများဖြစ်၍ ပို၍ပို၍အလုပ်ရှုပ်ကြပေသည်။ လူသားများက အောင်မြင်မှုနှင့်တိုးတက်မှုလို လိုလားသူများဖြစ်ကြပြီး တာဝန်ယူမှု တာဝန်ခံမှုကို သိသူများဖြစ်ကြသည်။
သို့သော် ထိုအရာများပင်မဟုတ်ပေ။
တစ်ကမ္ဘာလုံးက သူ့ကိုစွန့်ပစ်သွားလျှင်ပင် စစ်ကျွင်းတောက်က သူ့ဘေးတွင်အမြဲရှိနေခဲ့သည်။ သူနှင့်အတူကြီးပြင်းလာပြီး သူနှင့်အတူတူခံစားမျှဝေပေးပြီး သူနှင့်အတူပျော်ရွှင်မှု ဝမ်းနည်းမှုတို့ကို တွေ့ကြုံခံစားပေးခဲ့သည်။
သူ့တွင် စစ်ကျွင်းတောက်ရှိနေ၍ အလွန်ကံကောင်းသည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကျွင်းတောက်က သူ၏ တယူသန်ဖြစ်ကာ ပုန်ကန်ထကြွနေသောအချိန်တွင်ပင် သူ့ဘေး၌ရှိပေးခဲ့ပြီး သူ့ကိုကာကွယ်ပေးခဲ့သည်။
နှစ်တိုင်း စစ်ကျွင်းတောက်၏ပုံရိပ်က သူ့ကိုယ်ထဲတွင် ပိုမိုအမြစ်တွယ်လာပြီး အချိန်ကြာလာသည်နှင့်အမျှသူ့၏ သဘောကျနှစ်သက်မှုများက တိုးပွားလာခဲ့ကာ သူ့နှလုံးသားထဲတွင် အချစ်ပန်းလေးပွင့်လာခဲ့သည်။
ဝမ်မင်ယီငုံ့ခေါင်းကြည့်လိုက်သည်နှင့် ပန်းတို့၏မွေးပျံ့ကာ ငွားငွားစွင့်စွင့်ပွင့်နေပုံကို မြင်ရလေသည်။
၎င်းက သူ၏ စစ်ကျွင်းတောက်အပေါ်တွင် ထားသော ချစ်ခြင်းတရားဖြစ်ပေသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကိုကြည့်၍ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော်တိုနှစ်ယောက်က အမြဲအတူရှိနေကြတာပဲလေ..."
စစ်ကျွင်းတောက်က ပြန်ဖြေလိုက်သည်။
"အွန်း..."
ဝမ်မင်ယီက သူ့ကိုဖက်တွယ်လိုက်ပြီး ခေါင်းမော့ကာ သူ၏နှုတ်ခမ်းများကို နမ်းရှိုက်လိုကိသည်။
"ကျွန်တော် ကောကိုချစ်တယ်..."
ထို့နောက်တွင်နှစ်ယောက်သား မွတ်သိပ်စွာနမ်းရှိုက်ကြတော့သည်။
ပြတင်းပေါက်အပြင်မှ နေဝင်ချိန်က လှပနေကာ ခြံဝန်းတစ်ခုလုံးကို နေရောင်ချည် ဖြိုးဖြိုးဖြဖြကလွှမ်းခြုံထားသည်။ ယခုအချိန်က နွေးထွေးတောက်ပသော နှစ်သစ်ဖြစ်ပြီး မရေမတွက်နိုင်သော မျှော်လင့်ချက်တို့ရှိနေသည့် နှစ်သစ်တစ်နှစ်ဖြစ်ပေသည်။
Extra ၁၀ပိုင်းတော့ကျန်ပါသေးတယ် (o^▽^o)