👥️Chapter 78
"ဒီကမ္ဘာက တကယ်ကို ထူးဆန်းတယ်... လူတိုင်းရဲ့ အဝတ်အစားနဲ့ ဘဝနေထိုင်ပုံက ငါတို့နဲ့ မတူဘူး...ငါနားမလည်နိုင်တဲ့ စကားတွေလည်း အများကြီးပြောကြတယ်"
ယန်အန်းယုက သူ့ဘာသူ ရေရွတ်လိုက်၏။
သခင်လေးအန်း ရုတ်တရက် သူခေါင်းများထိသွားသလာဟု ခံစားလိုက်ရသည်။ မဟုတ်ရင် သူ ဘာကြောင့် ရုတ်တရက်ကြီး ထောင့်မှာ ထိုင်နေတဲ့ သက်တော်စောင့် သရဲက နည်းနည်းလေး သနားစရာကောင်းတယ်လို့ ခံစားနေရတာလဲ ....
သူ့နှုတ်ခမ်းများကို မတတ်သာစွာ မဲ့လိုက်ရင်း ခြေလှမ်းနှစ်လှမ်းရှေ့တိုးသွားလိုက်၏။
"ဟေး မင်းကြားနေရတာကို နားမလည်နိုင်တာက ပုံမှန်ပါပဲ... မင်းကို ရှေးခေတ်သရဲဖြစ်ဖို့ ဘယ်သူကပြောလို့လဲ...မင်းဘယ်လိုသေသွားတာလဲ...ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ"
"ငါ..."
ယန်အန်းယု အစွမ်းကုန် တွေးကြည့်ပေမဲ့ ခေါင်းခါလိုက်ရဆဲဖြစ်၏။
"မုန့်ဖော်ဟင်းရည် နည်းနည်းသောက်တာများသွားလို့နေမယ်... အားလုံးကို မေ့သွားတယ်"
သခင်လေးအန်း: "..."
ဖာ့ခ် ဘာလို့ တိုက်ရိုက် လူမဝင်စားဘဲသူနဲ့ လာရှုပ်နေတာလဲ...
"ဒါပေမဲ့ ငါ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရှိတယ်...ငါ့ရင်ဘတ်မှာလည်း ဓားကျိုးတစ်ချောင်း ရှိတယ်ဆိုတော့..."
ယန်အန်းယုက ခေါင်းငုံ့ပြီး သူ့ကိုယ်သူ ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
"ငါက ဓားနဲ့အခုတ်ခံရပြီးသေတာ ဒါမှမဟုတ် ဓားနဲ့အထိုးခံရပြီးသေတာ ဖြစ်မယ်"
"…"
သခင်လေးအန်း ပြောစရာစကားမဲ့နေသည်။
"မင်းပြောမှလား...ဒါကို ငါတောင် သိတယ်...မင်းရဲ့အဝတ်အစားတွေကို ကြည့်လိုက်ရင် မင်းကစစ်မြေပြင်မှာ သေသွားတာဖြစ်နိုင်တယ်...မင်းကရှေးခေတ်က စစ်သားမဟုတ်ဘဲ တော်ဝင်သက်တော်စောင့်တို့ဘာတို့ ဖြစ်နိုင်တယ်"
"အင်းးး မင်းပြောတာက အဓိပ္ပာယ်ရှိတယ်"
လူသစ် သက်တော်စောင့်သရဲလေးက ခေါင်းတညိတ်ညိတ်ပြုသည်။ နောက်ဆုံးမှာ လူတစ်ယောက်နှင့် ပုံမှန်စကားပြောခွင့်ရသွားသဖြင့် သူတကယ်ကို ပျော်နေသည်။
ယန်အန်းယု၏မျက်လုံးများက တောက်ပနေပြီး သူ့နှုတ်ခမ်းမှာပင် အပြုံးတစ်ပွင့်ရှိနေသေးသည်ကို့မြင်လျှင် သခင်လေးအန်း နောက်တစ်ကြိမ်ထပ်ပြီး သုန်မှုန်သွားပြန်သည်။သူဘယ်တုန်းက သရဲတွေကိုမကြောက်တော့တာလဲ...စကားတောင်ဖောင်ဖွဲ့လိုက်သေးတယ်...
"ကောင်းပြီ ငါတို့ရဲ့နာမည်တွေက အတူတူပဲ...ငါတို့ရဲ့ ရုပ်ရည်နဲ့ အသံကလည်း အတူတူပဲ... မင်းကို ငါက ဘယ်လိုခေါ်ရမှာလဲ"
ရုတ်တရက် ယန်အန်းယုက သူ့ကိုမေးခွန်းထုတ်လိုက်၏။
"ငါ့ကို 'သခင်လေးအန်း' လို့ခေါ်..." ရွှေရောင်ဆံပင်နှင့် 'အန်းယု' က ဂုဏ်ယူစွာဖြင့် မေးကိုချီလိုက်သည်။
"'အန်းကော' လို့ ခေါ်ချင်လည်းခေါ်... ငါတို့က အသက်အရွယ် မတူတဲ့အတွက်ကြောင့်မလို့... ငါက အသက်နှစ်ဆယ်ရှိပြီ ...ဒါပေမဲ့ မင်းငါ့ထက် သုံးနှစ်ငယ်တယ်"
ထိုသို့ပြောပြီးသည့်နောက်မှာ သူကအစ်ကိုကြီးတစ်ယောက်၏ဟန်ပန်ပင် ပြုလိုက်သေးသည်။
ယန်အန်းယုက အံ့အားသင့်သွားပြီး သိလိုစိတ်ဖြင့်မေးသည်။
"မင်းရဲ့မျိုးရိုးနာမည်က ယန်မဟုတ်ဘူးလား"
"လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လုံး ငါအမေရဲ့ မျိုးရိုးနာမည် 'အန်း' ကို အမြဲသုံးခဲ့တာ... နောက်ပြီး ယန်ဆိုတဲ့ မျိုးရိုးနာမည်ကိုလည်း ငါ မုန်းတယ်..."
ထိုသို့ပြောနေချိန်မှာ သခင်လေးအန်း၏ မျက်လုံးများက ခက်ထန်လာပြီး လက်သီးများ တင်းတင်းကြပ်ကြပ် ဆုပ်ထားလေသည်။
ယန်အန်းယုက တစ်ခုခုမှားနေသည်ကို တန်းသတိပြုမိလိုက်သည်။သည်လူ ရုတ်တရက် ဒေါသထွက်လာပြီး သူ့ကို လျစ်လျူရှုမှာစိုး၍ ယခုချိန်မှာ အလွန်ကြီး မမေးရဲတော့ပေ။
"အင်းပါ တာ့ယု"
ယန်အန်းယုက နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ဟမ် ဒါကဘာကြီးလဲ"
သခင်လေးအန်းက မျက်မှောင်ကြုတ်လိုက်သည်။သူ့ကို ယခုလို ဘယ်သူမှ မခေါ်ဖူးပေ။
"တာ့ယု တာ့ယု,က ခေါ်ရတာ ပိုအဆင်ချောတယ်လေ... မင်းငါ့ကို 'ရှောင်ယု' လို့ ခေါ်လို့ရတယ်"
၎င်းကိုပြောရင်း ယန်အန်းယုက ရူးကြောင်ကြောင်ပြုံးလိုက်လေသည်။
နောက်ရက်အနည်းငယ်ကြာသောအခါ ညသန်းခေါင်မှာ ရှူးထထပေါက်တတ်သည့် သခင်လေးအန်း သူ့ကြောင့် လန်မသွားအောင် ယန်အန်းယု ရိုးရိုးရှင်းရှင်းပဲ ကိုယ့်ကိုယ်ကို သပ်ရပ်အောင်လုပ်လိုက်၏။
ဓားကျိုးကို ရင်ဘတ်မှ ဆွဲထုတ်ကာ ဆံပင်နှင့် အဝတ်အစားများကို သန့်ရှင်းရေးလုပ်ကာ ရှင်းလိုက်သည်။သူ မသေခင်က ဒဏ်ရာတွေ ကျန်နေသေးပေမဲ့ အလွန်ကြီး စိတ်မလှုပ်ရှားသရွေ့ ထိုနေရာများက စိတ်ကူးပေါက်သလို သွေးများ ပန်းထွက်ပြီး သူများတွေကို ခြောက်မိမှာမဟုတ်တော့ပေ။
သခင်လေးအန်းက ကျေနပ်စွာ ခေါင်းညိတ်လေသည်။ ဤနည်းဖြင့်ဆိုလျှင် သူက ထိုမျှကြောက်စရာ လန့်စရာကောင်းသည့်ပုံမပေါ်တော့ပေ။ ထို့အပြင် ရှောင်ယု၏ မျက်နှာက သူနှင့်တူသည်။ ကြည့်လေလေ မျက်စိပသာဒဖြစ်လေလေဟု သူ ခံစားရသည်။ ရုတ်တရက် အမြွှာညီလေးတစ်ယောက်ကောက်ရလိုက်သည့်အတိုင်းပင်။
သို့ပေမဲ့ ယန်အန်းယုက 'စပ်စုတတ်တဲ့ကလေး' ဖြစ်လာပြီး အိမ်ထဲက နေရာတိုင်းမှာ အမြဲလွင့်မျောကာ တာ့ယုနောက်ကနေ တကောက်ကောက်လိုက်ပြီ ဟိုဟိုသည်သည် မပြီးနိုင်အောင်မေးတော့သည်။
"တာ့ယု မင်းဆံပင်က ဘာလို့ ဝါနေတာလဲ"
"ဒီစာကြောင်းက ဘာကိုဆိုလိုတာလဲ တာ့ယု"
"တာ့ယု ဒီသတ္တုသေတ္တာက ဘာအတွက်လဲ...အဲဒါကို ဘယ်လိုသုံးရမလဲ သင်ပေးပါလား"
သခင်လေးအန်း ဒေါသထွက်ပြီး အကြိမ်ပေါင်းမရေတွက်နိုင်အောင် ယန်အန်းယုကို ရိုက်ချင်စိတ်ပေါက်ခဲ့သော်လည်း ယန်အန်းယုက ရှေးခေတ်ကဖြစ်ပြီး ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် သရဲလေးဖြစ်သည်ကို တွေးမိလိုက်သည်နှင့် သူ ထိုဆန္ဒကို ထိန်းထားနိုင်ခဲ့သည်။
တစ်ပတ်ကြာသွားသောအခါ သခင်လေးအန်း သူ့ဒေါသက ပိုပို၍ကောင်းလာသည်ဟု ခံစားလိုက်ရသည်။ကောင်းလွန်း၍ နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားသည်အထိ။ သရဲတစ္ဆေကြောက်သော သူ၏ရောဂါလည်း ပျောက်ကင်းသွားပုံရသည်။
"တာ့ယု တာ့ယု..."
ထိုနေ့မှာ ယန်အန်းယုက အပြုံးတစ်ခုနှင်ရောက်လာပြန်သည်။
"စကားမပြောနဲ့...စာများများဖတ်"
သခင်လေးအန်းက ပြောရင်းဆိုရင်း ထူထဲပြီး လက်ရာမြောက်သည့် စာအုပ်တစ်အုပ်ကို သူ့ထံပစ်ပေးလိုက်သည်။ "တကယ်လို့ မင်းမှာ မေးခွန်းတွေရှိရင် ပိုင်တု(Baidu)အွန်လိုင်းမှာ သွားကြည့်လို့ရတယ်...ငါမင်းကို ဒါတွေအကုန်သင်ပေးပြီးသွားပြီ မဟုတ်လား"
"အိုး"
ထိုသိုဖြင့် သူရှောင်ဖယ်ခံနေရသည် သိလိုက်ရသော ယန်အန်းယုက သူ့စာအုပ်ကို နာခံစွာဖတ်ပြီး သတင်းကြည့်နေလိုက်သည်။ ဤရက်တွေအတွင်းမှာ သူ အသိပညာနှင့်ဘဝတွက်တာကျွမ်းကျင်စရာများကိုပင် အွန်လိုင်းမှာ ဝီရိယရှိရှိ သင်ယူခဲ့လေသည်။
"ရှောင်ယု ငါ့ကို မင်းကို ညဘက် အပြင်ခေါ်သွားပေးစေချင်လား"
ထိုအချိန်တွင်၊သခင်လေးအန်းက အကြံပြုချက်တစ်ခုပေးလာသည်။ဒီသက်တော်စောင့် သရဲလေးကို သူ့အခန်းထဲမှာ တချိန်လုံး နေခိုင်းရင် ပျင်းနေမှာပဲ...
"တကယ်လား"
ယန်အန်းယုက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
"ငါ မင်းကို ဒုက္ခပေးမိရင် ဘယ်လိုလုပ်မလဲ"
"မင်းငါ့ကို ဒုက္ခအများကြီးပေးပြီးနေပြီ"
ထို့နောက် သူတို့နှစ်ဦးသည် တောင်ပိုင်းခရိုင်၏ အရက်ဘားများရှိသည့် လမ်းတစ်ခုသို့ သွားကြသည်။သခင်လေးအန်းက ယန်အန်းယုအတူခေါ်သွားကာ သူသွားလေ့ရှိသော ဆိုင်များသို့ မသွားဘဲ ထိုအစား ကြုံရာဆိုင်တစ်ဆိုင်ကိုဝင်လိုက်၏။
ယခု ယန်အန်းယုက သူ့နားမှာ တချိန်လုံးရှိနေသောကြောင့် သခင်လေးအန်းလည်း ထိုလူဆိုးဂိုဏ်းကို လှမ်းခေါ်ရန် စိတ်မပါဖြစ်နေသည်။အမှန်တော့ သည်ကနေ့ သူ့စိတ်အခြေအနေမကောင်းသဖြင့် မူးအောင်သောက်နေခြင်းဖြစ်လေသည်။
ယန်အန်းယုလည်း သောက်ချင်ပေမဲ့ သူက သေပြီးသားလူဖြစ်သဖြင့် ဗိုက်မဆာသလို အစားအသောက်ကိုလည်းအရသာမခံနိုင်တော့ပေ။ ယခု သူ သွေး၏အရသာကိုပဲ ခံစားနိုင်၏။
"တာ့ယု အရမ်းမသောက်နဲ့...မင်းခန္ဓာကိုယ်ကို ထိခိုက်ဖို့ လွယ်တယ်... မင်းမူးရင် ငါမင်းကို ပြန်သယ်သွားပါပြီးတဲ့ တခြားသူတွေက ငါ့ကို မမြင်ရဘူးလေ... အဲတော့ အဲဒီမြင်ကွင်းက..."
ယန်အန်းယုက စိတ်ညစ်ညစ်နှင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ...ဒီအရက်နည်းနည်းက ငါ့ကို မူးအောင်မလုပ်နိုင်ပါဘူး"
သခင်လေးအန်းက သဘောမတူပေ။
"တာ့ယု ဟိုမှာကြည့်"
ရုတ်တရက် ယန်အန်းယုက သူ့ကို ပုတ်ပြီး အနီးနားတစ်နေရာကို လက်ညှိုးထိုးပြလေသည်။
သခင်လေးအန်း လှမ်းကြည့်လိုက်သောအခါ ခုနက စင်ပေါ်တက်ထားသည့် အဆိုတော်တစ်ယောက်ကို လူတစ်စု ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ သူတို့၏ စကားများက ပိုပို၍ ရိုင်းစိုင်းပြီး အကျင့်ပျက်လာနေသည်။ထိုလူကို သဘောကျပြီး သူ့ကို သူတို့ထဲက လူအနည်းငယ်နှင့် အိပ်စေချင်နေမှန်း ထင်ရှားလေသည်။
"သူများကိစ္စကို ဝင်မစွက်ဖက်နဲ့"
အနည်းငယ်ဒေါသထွက်နေသော ယန်အန်းယုကို သခင်လေးအန်းက ဆွဲထားလေသည်။
ယန်အန်းယုက သူ့ကို ခါချပြီး ခေါင်းယမ်းလိုက်သည်။
"အဲဒီ ကောကောက ကြည့်ကောင်းတယ်...သူသီချင်းဆိုတာကလည်း ကောင်းတယ်...တာ့ယူ သူ့ကို သွားကူညီပေးပါနော်"
ဤလူများသည် ရပ်ကွက်ထဲက လူရမ်းကာများဖြစ်ကြပြီး အပျော်အပါးလိုက်စားရေးဝါဒီ 'အန်းယု' က ငယ်စဉ်ကပင် နိုက်ကလပ်များကို ခဏခဏ သွားရောက် လည်ပတ်လေ့ရှိသည်။သူတို့ သူ့ကို မှတ်မိမည်က မလွဲမသွေဖြစ်ပြီး သူက ရန်စ၍မရသောသူမှန်းသိလျှင် လေးစားမှုတချို့ပေးရမှာဖြစ်သည်။
"သောက်ရမ်း စိတ်ရှုပ်စရာကောင်းတယ်ကွ"
သခင်လေးအန်း အလွန်အမင်းဒေါသထွက်နေသည်။သူက မလုပ်ချင်သောမျက်နှာပေးဖြင့် ခေါင်းကိုငုံ့ကာ အရက်ဆက်သောက်လေသည်။
၎င်းကိုမြင်သောအခါ ယန်အန်းယု မျက်မှောင်ကြုတ်သွား၏။ သူ့အတွေးများ ပြောင်းသွားပြီး အပြုံးများနှင့် ပြည့်နေသောမျက်နှာကြီးဖြင့် သခင်လေးအန်းနားကို ရုတ်တရက် ကပ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကလည်း သွေးများစတင်ထွက်နေပြီဖြစ်၏။
"တာ့ယု မင်းတကယ်မကူညီဘူးလား" လူသေကောင်လို ဖြူဖွေးစုတ်နေသောယန်အန်းယုက ပြုံးချင်ပြုံးနေလိမ့်မည်ဖြစ်သော်လည်း သူ့လေသံက ခြောက်ခြားစရာကောင်းနေသည်။
သခင်လေးအန်း ချက်ချင်းပင် တုန်ယင်သွားသည်။သွေးများတစ်ကိုယ်လုံးယိုစီးကျနေသည့် သရဲတစ်ကောင်က သင့်ကို ထူးဆန်းသည့် အပြုံးပြုံးပြနေမည်ဆိုလျှင် မြင်သူတိုင်း ကြောက်လန့်သွားကြမှာ သေချာလေသည်။
"အေးပါ... အေးပါ ငါကူညီပါမယ်... မင်း... မင်းသာ စိတ်အေးအေးထား.. သွေးတွေပန်းထုတ်မနေနဲ့"
"ကျေးဇူးတင်ပါတယ်...တာ့ယုက အရမ်းချောပြီး လိမ္မာလိုက်တာ"
ယန်အန်းယုက ချက်ချင်းပင် ကြယ်ရောင်စုံမျက်လုံးများနှင့်ဖြစ်သွားပြီး ပီဘိကလေးလေးတစ်ဖန် ပြန်ဖြစ်သွားသည်။
သခင်လေးအန်း: "..."
အဆိုပါ လူရမ်းကားများကို မောင်းထုတ်ပြီး အနှီအဆိုတော်အား ကူညီရန် အတင်းအကြပ် ခိုင်းစေခံရပြီးနောက် လှပသော မက်မွန်ပွင့်မျက်လုံးတစ်စုံရှိသည့် အမျိုးသားအဆိုတော်က မျက်လုံးများကွေးနေအောင်ပြုံးပြီး သူ့အား ကျေးဇူးတင်စကားပြောလေသည်။
"ကျေးဇူးပါ...ငါ့ရဲ့မျိုးရိုးနာမည်က ချင်ပါ"
"အင်း"
သခင်လေးအန်းက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။
"အမှန်တော့ ငါ မင်းလို့typeမျိုး မကြိုက်ဘူး...ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့"
"စိတ်မပူပါနဲ့ အဲလိုမဖြစ်ပါဘူး"
မစ္စတာချင်၏အကြည့်များပြောင်းသွားကာ ဤသခင်လေး 'အန်းယု'ကို မှတ်မှတ်ထင်ထင်ဖြစ်သွားခဲ့၏။
နောက်ပိုင်းတွင် သခင်လေးအန်းသည် အရက်သောက်ရန် စိတ်မပါတော့သဖြင့် လက်ကိုဝှေ့ယမ်းကာ ထွက်လာခဲ့သည်။
"မင်းက ဒီလိုပုံစံမျိုးကို စိတ်ဝင်စားတာလား"
သခင်လေးအန်းသည် သူ့နောက်မှလိုက်လာသော သက်တော်စောင့်သရဲလေးကို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲမသိဘူး တာ့ယု...အနာဂတ်မှာ မင်းနဲ့မစ္စတာချင်က အရမ်းကောင်းတဲ့ သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်တယ်လို့ ခံစားရတယ်"
ယန်အန်းယုက အနည်းငယ်ပြုံးလိုက်သည်။
"သူငယ်ချင်းကောင်းလား ဟားဟား" သို့သော် သခင်လေးအန်းက ရယ်စရာကောင်းသည်ဟု ခံစားကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်း အတွေးလွန်နေတာ သေချာတယ်...ငါက ဘာသူငယ်ချင်းမှမလိုအပ်ဘူး"
ယန်အန်းယုက နှုတ်ဆိတ်နေသည်။ တစ်ခါတစ်ရံတွင် တာ့ယုက ရိုးရိုးအအ ပြုံးရယ်နေတတ်သော်လည်း တကယ်တမ်းမှာ သူက အထီးကျန်ဆန်နေသော ကလေးတစ်ယောက်ဖြစ်မှန်း သူသိသည်။
*****
S မြို့တော် ချန်းယွီရုပ်ရှင်အကယ်ဒမီ၌
ထိုနေ့တွင် ယန်အန်းယု သခင်လေးအန်းနှင့်အတူ ကျောင်းသို့ လိုက်သွားခဲ့သည်။ သခင်လေးအန်းက နေ့တိုင်း သောက်စားပျော်ပါးနေပြီး ရိုးရိုးသားသားပြောရလျှင် ကျောင်းလာခဲသည်ဟု ဆိုနိုင်သည်။လာသည့်အကြိမ်တိုင်းမှာ သူ့အဖေ သို့မဟုတ် အစ်ကိုဖြစ်သူ၏ အတင်းအကြပ် ခိုင်းစေမှုကြောင့် ဖြစ်သည်။
သို့ပေမဲ့ စာသင်ခန်းထဲမှာ ဆရာများ ဟောပြောပို့ချနေချိန်များတွင် သခင်လေးအန်းက အမြဲတမ်း စားပွဲပေါ်မှောက်ပြီး အိပ်လေသည်။ပြောင်းပြန်အနေဖြင့် ယန်အန်းယု ဖျော်ဖြေခြင်းအနုပညာနှင့်ပတ်သက်သည့် အချက်အလက်များစွာကို ကြားသိခဲ့ရသည်။လက်တန်းနှင့် လက်တွေ့သင်ခန်းစာများတွင်ပါ၀င်သောအခါတွင်၊သခင်လေးအန်းကလည်း အင်မတန်ပေါင်းသင်းဆက်ဆံရေးမကောင်းသူဖြစ်၍ ဟိုးနောက်မှာ တစ်ယောက်တည်း ပျင်းရိစွာ နေတတ်သည်။သူ့အကြည့်ကပဲ ဟိုဟိုသည်သည်ရွေ့နေပြီး တလျှောက်လုံး စကားမပြောပေ။
ယန်အန်းယု ခေါင်းအနည်းငယ် ကိုက်လာပြီး ထိုပုန်ကန်တတ်သော သခင်လေးကို 'သင်ခန်းစာ'တကယ်ကို ပေးရန် လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။
သရုပ်ဆောင်မေဂျာတွင်လည်း ယန်အန်းယု သခင်လေးအန်းနောက်ကလိုက်သွားရာ ဘေးအတန်းမှ ကောလီရှုတို့နှင့် ဆုံခဲ့သည်။
သခင်လေးအန်းနှင့် ကောလီရှုတို့သည် အမြဲတစေ ဆက်ဆံရေးဆိုးရွားခဲ့ကြပြီး သူတို့နှစ်ဦး ဆုံချိန်တိုင်း ယမ်းနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေတတ်သည်။သို့သော်လည်း ယခုတစ်ကြိမ်တွင် သူ့ဘေးက ယန်အန်းယု၏ အကြံပေးမှုဖြင့် တာ့ယုက ကောလီရှုကို လုံးဝ လျစ်လျူရှုကာ အရင်ဆုံး ထွက်သွားသူဖြစ်ခဲ့လေသည်။
"တာ့ယု မင်းက တကယ်ကို ရိုင်းတယ်"
ယန်အန်းယု ဒေါသထွက်ပြီး အလွန်အလေးအနက်ပြောနေမှန်း သိလိုက်ရသည့်အခါ သခင်လေးအန်း၏နှုတ်ခမ်းများ တွန့်သွားသည်။
"ကျစ် သူကရော ငါ့အပေါ် အဲလောက် ယဉ်ကျေးနေလို့လား"
"အိုင်း လူဆိုတာ အချင်းချင်း အဆင်ပြေအောင်နေရတယ်"
ယန်အန်းယုက သက်ပြင်းချလိုက်ပြီး ၎င်းနောက် ဆိုလေ၏။
"ဘာမှ မပြောနဲ့...ဒီနေ့ ကျောင်းသားကော ကနေတာတွေ့တယ်...သူ့ကတာက အရမ်းမိုက်တယ်"
၎င်းကိုကြားသောအခါ 'တာ့ယု'သခင်လေး စိတ်ဆိုးသွားပြီး အေးစက်စွာ နှာမှုတ်လိုက်လေသည်။
"ဟမ့်...အဲလောက်ကိုမိုက်တယ်ပေါ့...အဲလောက်တော့ ငါလည်းကတတ်တယ်"
"ဟင် တကယ်လား"
ယန်အန်းယုက အံ့အားသင့်စွာပြောသည်။
"လုံးဝ တကယ်"
ထိုသို့ဖြင့် အကမှလွဲ၍ အခြားမည်သည့်အရာကိုမျှ စိတ်မဝင်စားတော့သော သခင်လေးအန်းက ယန်အန်းယုကို သူကနေချိန်မှာ အဖော်ပြုပေးရန် မကြာခဏ ဆွဲခေါ်သွားလေ့ရှိသည်။ယန်အန်းယုက ၎င်းကိုအလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရပြီး သူ့ကိုလည်း အနည်းဆုံး ခန္ဓာကိုယ်ကို ကြုံ့ခိုင်စေမည့်် အခြေခံသိုင်းကွက်အချို့ကို သင်ပေးတတ်သည်။
အပြန်အလှန်ပြောဆိုမှုများအတွင်း ယန်အန်းယုက သခင်လေးအန်းအား ဆေးလိပ်ဆက်မသောက်ရန်၊ ရန်မဖြစ်ရန် ၊ငယ်ရွယ်သော ကျောင်းသူလေးများအား အနိုင်ကျင့်ခြင်းပြောင်နောက်ခြင်းများမပြုရန်နှင့် မိမိထက်အသက်ကြီးသူများကို လေးစားရန် အကြံပေးလေ့ရှိသည်။သူသည် သခင်လေးအန်း၏ လောကအမြင်များကို ဖြည်းဖြည်းချင်း ပြုပြင်ပေးချင်ခဲ့သည်။
သခင်လေး'တာ့ယု'လည်း ဤသရဲလေးက ကြည့်လိုက်လျှင် တုံးအအလေးပုံပေါက်ချင်ပေါက်လိမ့်မည်၊သို့သော်လည်း လက်တွေ့တွင် သူက ထိုမျှလောက် ဖြူစင်ပြီး တုံးအသူမဟုတ်ကြောင်းသိလာရသည်။တစ်ခါတစ်ရံတွင် သူသည် တခဏတွင်းချင်း မည်းနက်သွားကာ သူ့ကို ခြောက်ရန် သွေးများ ပန်းထုတ်နိုင်သူဖြစ်သည်။
ယန်အန်းယုက အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး တကျီကျီ ကျီထိုးနေတတ်သော်လည်း သူ့နှလုံးသားထဲရှိ လစ်ဟာနေမှုများနှင့် ဗလာဖြစ်နေမှုများက ထိုမျှလောက် ကြီးပုံမပေါ်တော့ပေ။ ဘဝကလည်း ထိုမျှ စိတ်ဝင်စားစရာမကောင်းသည်မျိုး ပျင်းစရာကောင်းသည်မျိုးမဟုတ်တော့ပါချေ။
နှစ်ရက်အကြာတွင်၊ ယန်မိသားစုက ဤအပျော်အပါးလိုက်စားရေးဝါဒီ သခင်လေးကို ဆက်လက်အလိုမလိုက်နိုင်တော့ဘဲ သက်တော်စောင့်အမျိုးမျိုးကို အမြဲ စီစဉ်ပေးလာသည်။
"အဲဒီ သက်တော်စောင့်တွေက တော်တော့်ကို ဒုက္ခပေးတယ်... သူတို့ တစ်ယောက်ချင်းစီတိုင်းက ထုံထုံထိုင်းထိုင်းနဲ့ ငါ့ကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြတယ်...ငါ့ကို တစ်နေ့လုံး စောင့်ကြည့်နေကြတာ...ငါ ဘာမှ လုပ်မရဘူး...အမြဲတမ်း ငါ့အမှားချည်းပဲ"
သခင်လေးအန်းက အော်ဟစ်လိုက်ပြီး သူ့ပါးစပ်ထဲမှာ မကျေမနပ်ညည်းညူမှုများ ပြည့်နေကာ သူ့စိတ်အခြေအနေကလည်း အလွန်အမင်း မွန်းကြပ်နေသည်။
"တာ့ယု မင်း စိတ်တိုင်းမကျတဲ့သူကို ပြောင်းပစ်လို့ရတယ်လေ"
ယန်အန်းယုက သူ့ကို တိုးတိုးလေး နှစ်သိမ့်လိုက်၏။
"ငါ တော်တော်များများ ပြောင်းပြီးပြီ... ဒါပေမဲ့ သူတို့က အသုံးမကျဆဲအသုံးမကျမြဲပဲ"
"အလျင်မလိုနဲ့...အေးဆေးပေါ့"
ယန်အန်းယုက သူ့ကို ပြုံးပြသည်။ ထို့နောက် သူက တွေးကာ ပြောသည်။
"တာ့ယု... ငါသာ နေ့တိုင်း ငါ့နောက်လိုက်မဲ့ သက်တော့စောင့်ကို ရှာရမယ်ဆိုရင် သူ့နာမည်က မှတ်မိရ ပိုလွယ်ဖို့ မျှော်လင့်မိမှာ... သူ့ပုံစံကလည်း နူးညံ့သိမ်မွေ့ရမယ် ပြီးတော့..."
တာ့ယုက ယန်အန်းယုကို ဖြတ်ပြောလိုက်၏။
"ပြီးတော့ သူတို့က ငါ့ထက် အရပ်ပိုမရှည်ရဘူး... ငါနဲ့လည်း စကားပြောနိုင်ရမယ်"
"အင်းဟုတ်တယ် အဲဒီလိုမျိုး"
"ဒါပေမဲ့ ရှာတွေ့နိုင်ပါ့မလား"
သခင်လေးအန်းက မျက်မှောင်ကြုတ်လိုက်ပြီး ယုံကြည်မှုမရှိဖြစ်နေသည်။
"ဒါပေါ့ ရှာတွေမှာပါ... မင်းအနားကို တစ်နေ့မှာ သူရောက်လာလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်"
နောက်တစ်နေ့တွင် သူ့အဖေနှင့်အစ်ကိုဖြစ်သူက လာလည်သည်။တာ့ယုက လျစ်လျူရှုထားဟန်ဖြင့် သူတို့အပေါ် အလွန်အေးစက်စွာ ပြုမူနေသည်။ပြောင်းပြန်အနေဖြင့် သူတို့မမြင်ရသော ယန်အန်းယုက အလွန်တလေးတစားရှိနေပြီး ဆက်တိုက်ဆိုသလို ခေါင်းတညိတ်ညိတ် ဦးတညွှတ်ညွှတ်လုပ်နေ၏။
ယန်ကျွယ့်က သူ့ညီ၏ သဘောထားကို သည်မခံနိုင်ပေ။ခဏလောက်အငြင်းပွားပြီးနောက် ဒေါထပြီးထွက်သွားသည်။အဖေယန်က သူ့သားငယ်ကို စိတ်ရှည်သည်းခံပြီး အကောင်းဆုံး သည်းခံပေးခဲ့ပေမဲ့ ညီအစ်ကိုနှစ်ယောက်ကြားက ပဋိပက္ခများနှင့် ရင်ဆိုင်ရသည့်အခါ သူလည်း အကျပ်တွေ့နေပေသည်။
👥️