Chapter 80
Viewers 5k

👥️Chapter 80




ထိုအချိန်တွင် အိမ်သာထဲမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ယန်အန်းယု ချက်ချင်းပင် ခုန်ပျံသွားလိုက်ရာ အိမ်သာဘေးတွင် လဲလျောင်းကာ အဆက်မပြတ် အန်နေသည့် အရက်မူးနေသော သခင်လေးအန်းကို တွေ့လိုက်ရသည်။


"တာ့ယု"

ယန်အန်းယုက စိုးရိမ်တကြီးခေါ်လိုက်ပြီး သူ့နောက်ကျောကို အလျင်စလို ပွတ်​ပေးလိုက်သည်။


"တာ့ယု မင်းဘာလို့ဒီ​လောက်မူးနေတာလဲ"


ရင်းနှီးသောအသံကိုကြားသောအခါ  ရှုပ်​ထွေးနေသော တာ့ယု၏ခေါင်းက ရုတ်တရက် ပိုကြည်လာပြီး သူ့ရှေ့မှ သက်တော်စောင့်သရဲလေးကို စိုက်ကြည့်နေသည်။

"ရှောင်... ရှောင်ယု မင်းဘယ်ကိုသွားနေတာလဲ"


"ငါ... မင်းထွက်သွား​ပြီလို့တောင် ထင်ခဲ့တာ...မင်း ငါ့ကို စကားတစ်ခွန်းမှမပြောဘဲ တိတ်တိတ်လေး လူဝင်စားဖို့ သွားပြီလို့ထင်​နေတာ" 

တာ့ယုက အော်ဟစ်လိုက်ပြီး မျက်ရည်များကလည်း စီးကျလာသည်။


ယန်အန်းယုက သူ့ကို ညင်သာစွာ ထူပေးလိုက်သည်။

"တောင်းပန်ပါတယ်...ငါ မင်းကို စိတ်ပူစေမိပြီ တာ့ယု"


"ရ... ရပါတယ်​... မင်းပြန်​လာပြီပဲ"


ထိုစကားကိုပြောပြီးနောက်၊ သခင်လေး​အန်းက ရုတ်တရက် ရူးကြောင်ကြောင် ခစ်ခစ်ခစ်ခစ်ထရယ်လိုက်ပြီး ယန်အန်းယု၏ ရင်ခွင်ထဲသို့ ပျော့ခွေလျက်  လဲကျသွားသည်။


ထို့နောက် မိန်းမောနေသော သခင်​လေးအန်းအား ယန်အန်းယုက အိပ်ရာဆီသို့ သယ်ဆောင်သွားခဲ့သည်။


"ရှောင်ယု ငါ...တကယ် ငါ့အမေကို အရမ်းလွမ်းတယ်...ယီချန်းယန်ကိုလည်း တကယ်...တကယ်သဘောကျတယ်" 


တာ့ယုက ငိုရင်းပြောနေပြီး မျက်ရည်များက အဆက်မပြတ် စီးကျလာသည်။


"အင်း ငါသိတယ်" 

ယန်းအန်းယုက အနည်းငယ် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြပြီး သခင်​လေးအန်း၏ မျက်နှာကို နွေးထွေးသော မျက်နှာသုတ်ပဝါဖြင့် သုတ်​ပေးလိုက်သည်။


အရက်မူးနေသော တာ့ယုက ခါတိုင်းလို မာနကြီးပြီး မောက်မာမနေသလို tsudereလည်းဖြစ်မနေဘဲ ဆက်ဆံရလည်းမခက်ပါချေ။ပြောင်းပြန်အနေဖြင့် နူးညံ့ပြီး ချစ်ရာကောင်းကာ ငိုရသည်ကိုကြိုက်သော လေအိုးလေးဖြစ်လာသည်။


"လိမ္မာတယ်... မငိုနဲ့တော့...ဒါကို မင်းက အငိုသန်တဲ့ကလေးမဟုတ်ဘူးလို့ ပြောနေသေးတယ်" 

ယန်အန်းယုမှာ သခင်လေးအန်းကို ပြစုပေးရင်း ချော့ပါ ချောနေရသည်။

"တာ့ယု မင်းက ငါ့ထက်​​ အသက်​ကြီး​မှန်းအသိသာကြီးပေမဲ့ အခု ဘယ်​သူကောကောလဲနော်"


"ဒါပေါ့ ...ငါလေ"

တာ့ယုက အနှိုင်းမဲ့သေချာ၍​နေသည်။


ယန်အန်းယု: "အင်း...မင်းပျော်ရင်ပြီးတာပဲ"


"တာ့ယု..." .

ယီချန်းယန် အကြောင်းတွေးမိပြီး ယန်အန်းယုက ထပြောလိုက်သည်။


"ယီချန်းယန်ကိုလိုက်ပိုးပြီး သူနဲ့ချိန်းတွေ့ရာမှာ မင်းတကယ်အောင်မြင်ခဲ့ရင် မင်းရဲ့ အမုန်းတွေကို စွန့်လွှတ်နိုင်မလား"


"..."

တာ့ယုက ကြောင်အသွားသည်။


"လုံးလုံးလျားလျားကြီး မေ့ပစ်လိုက်တာမျိုး မဟုတ်ဘူးလေ...ဒါပေမဲ့ မင်းအဖေနဲ့ ယန်မိသားစုအပေါ်ထားတဲ့ မင်းရဲ့ အမုန်းတွေကို နည်းနည်း​လေးလျော့​ပေးနိုင်မလား"


"ဖြစ်... ဖြစ်နိုင်ပါတယ်"


တာ့ယုက ခပ်တိုးတိုးပြောလိုက်ပြီး ဘာမှမစဉ်းစားချင်တော့​ပေ။ သူ့စိတ်တွေ မူးဝေလာပြီး မကြာခင်မှာပင် အိပ်ပျော်သွားခဲ့သည်။


သို့သော် ယန်အန်းယုက အတွေးထဲမှာနစ်သွားခဲ့၏။ချစ်ခြင်းမေတ္တာ၏ စွမ်းအားသည် ကြီးမားပြီး အရာအားလုံးကို အမြဲခွင့်လွှတ်ပေးနိုင်ကာ အမုန်းတရားကိုပင် အနိုင်ယူနိုင်ခဲ့သည်။နှစ်ဦးနှစ်ဘက်အပြန်အလှန်ချစ်ကြသည့် သူများဆိုလျှင်  ပိုပြီး ရိုးသားပြီးလှပကြလိမ်မည့်မှာအ​​သေအချာပင်။


အချစ်ရေးမှာ အဓိကလိုအပ်ချက်က အပြန်အလှန်နားလည်မှုဖြစ်​ပေသည်။ ဒါဆို ယီချန်းယန်ရဲ့ အရာအားလုံးကိုဥပေက္ခာပြုထားတဲ့ အမူအရာအောက်က နှလုံးသားက ဘယ်လိုဖြစ်နိုင်မလဲ...  တာ့ယုက ထိုလူကို ပိုနားလည်အောင် သူကူညီပေးချင်သည်။


ဤတစ်​ကြိမ်တွင်၊ တာ့ယုအား နားလည်မှုလွဲခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းမျိုး ထပ်မံမဖြစ်စေလိုသောကြောင့် ယန်အန်းယု မထွက်သွားခင် သူ တစ်ခုခုလုပ်စရာရှိ၍ ရက်အနည်းငယ်ကြာအောင်ထွက်သွားမည်ခဲ့မည်ဟုစာတစ်စောင်ရေးချန်ထားခဲ့လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ယီချန်းယန် အကြောင်းအာရုံစိုက်တွေးပြီး ချက်ချင်း ထိုနေရာကို လွင့်မျှောသွားလိုက်သည်။


ယီချန်းယန် ယနေ့ သူ အပြင်ထွက်တုန်းက မတော်တဆတစ်ခုဖြစ်ခဲ့သည်။သူတစ်ခုခုဖြစ်​ခြင်းမဟုတ်ပါဘဲ မူလပိုင်ရှင်က စွန့်ပစ်ထားသော သေလုမြောပါး Akita ခွေးလေးကို သူက ကယ်တင်ခဲ့ခြင်းဖြစ်လေသည်။


သူ့ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ​ခေါ်သွားသည့်အခါ ဆရာဝန်က ခေါင်းခါပြပြီး ဒီကလေးက အရမ်းနေမကောင်းဖြစ်​နေပြီး တစ်ညပင်​တောင်ခံမှာမဟုတ်ဘူးဟု ပြောလေသည်။


ယီချန်းယန်၏ အထီးကျန်ဆန်သော အသွင်အပြင်ကို မြင်လျှင် ယန်အန်ယု၏ နှလုံးသား ပျော့ပျောင်းသွားပြီး၊ သူသည် သူ့ကိုယ်သူ အနှီAkita ခွေးလေးဆီ ပူးကပ်ကာ ခွေးလေးကို မထင်မှတ်ဘဲ  ပြန်လည်ကောင်းမွန်လာစေလိုက်သည်။


ထို့ကြောင့်၊ ရုပ်ရှင်ဧကရာဇ်၏အိမ်တွင် အလွန်ချစ်စရာကောင်းသော Akitaခွေးလေးတစ်ကောင် ရုတ်တရက်ရှိလာခဲ့သည်။


"တွေ့တာ နှစ်ရက်ပဲ ​​ရှိသေးတယ်...ဒီလောက်တောင် မင်းကို နာခံနေပြီပေါ့" 

လီယဲ့က မယုံကြည်နိုင်စွာနှင့် ပြောလိုက်၏။


ယီချန်းယန်က အစာကျွေးသောအခါ၊ ဤခွေးကလေးက သူ့လက်ဖဝါးကို ညင်သာစွာ လျက်တတ်သည်။ အထူးသဖြင့် ရေချိုး​ပေးသည့်အခါတွင်လည်း လိမ်လိမ်မာမာ​နေပြီး သူ့ကို ဘယ်တော့မှ မကိုက်ပေ။ထို့အပြင်၊ သူ၏အမြီးအား အစွမ်းကုန်လှုပ်ကာ ယီချန်းယန်ကို ပျော်​အောင်လုပ်တတ်​​သေးသည်။ယီချန်းယန်ကို မကြာခဏပစ္စည်းများပါးစပ်ဖြင့် ကူကိုင်ပေးပြီး တံခါးဖွင့်ရာတွင်လည်း စမတ်ကျကျ ကူညီပေးနိုင်​လေသည်။ ဤသည်မှာ လုံးဝကို အိမ်မှာနေရန် လုပ်ထားသော သစ္စာရှိ ခွေးလိမ္မာ​ဖြစ်သည်။


"အင်း သူကအရမ်းနာခံတယ်" 

ထိုသို့ပြောပြီးနောက် ယီချန်းယန်က ခွေးလေး'ယန်အန်းယု'၏ခေါင်းလေးကို ပုတ်​​ပေးလိုက်သည်။


"သူက မင်းကို အများ​ကြီးသဘောကျပုံပဲ...သဘောကျလွန်းလို့ အသိစိတ်ရှိလာတော့မဲ့အတိုင်းပဲ"

လီယဲ့ မနေနိုင်ဘဲ သရော်လိုက်၏။


"ငါလည်း သူ့ကိုအများကြီးသဘောကျတယ်"


ယီချန်းယန်၏ ပြတ်ပြတ်သားသားလေသံ လီယဲ့ကို နင်သွားစေသည်။

"အဟွတ် အဟွတ် မင်းက ခွေးကို ဖွင့်​ပြောလိုက်တယ်ဆိုတာကိုသာ မင်းရဲ့ဖန်တွေ သိသွားခဲ့ရင် သူတို့ အရမ်း စိတ်မကောင်း ဖြစ်မှာ သေချာတယ်"


"မတတ်နိုင်ဘူး...တကယ်သဘောကျတာကိုး"


ယီချန်းယန်က ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းများ အနည်းငယ် ကွေးသွားကာ သူ့မျက်လုံးများကလည်း အပြုံးများနှင့် ပြည့်နှက်လာသည်။


လီယဲ့: "..."


သူတို့ ခွေးတစ်ကောင်ရဲ့ ကိုယ့်ကိုကိုယ်ပျိုးထောင်ရေးကို တကယ်ကြီး ဆွေးနွေးခဲ့ကြတာပဲ...


မန်နေဂျာလီယဲ့တစ်ယောက် ​နဖူးပေါ် လက်တင်ပြီး ပြောစရာစကားမဲ့နေချိန်မှာ သည်ဘက်ခြမ်းမှာတော့ ခွေးလေး'ယန်အန်းယု' ယီချန်းယန်၏ မယုံနိုင်လောက်အောင်ဖျက်စီးနိုင်စွမ်းရှိသောအပြုံးကို ပီတိများနှင့်စိုက်ကြည့်နေခဲ့သည်။


သူ... သူက ပြုံးလိုက်တိုင်း အရမ်းချောတာပဲ....


တကယ်တမ်းတွင် ယန်အန်းယု ဤခွေး၏အသက်က သေလုမျောပါးဖြစ်​နေပြီး အကြာကြီးနေနိုင်တော့မှာမဟုတ်ဘူးဆိုသည်ကို ကောင်းကောင်းသိ​လေသည်။သူသာ ဤအ​​သေး​လေး၏ခန္ဓာကိုယ်ထဲကထွက်လာလျှင် တန်းသေသွားမှာ သေချာလေသည်။


ယီချန်းယန်၏ အပြုံးကို ကြည့်ပြီး ယန်အန်းယု မကြည့်ရက်နိုင်တော့ပေ။ ခဏလောက်ဆက်နေပြီး ယီချန်းယန်ကို ရက်အနည်းငယ်လောက် ပျော်အောင်လုပ်​ပေးပြီးလျှင် သူ တိတ်တိတ်လေးထွက်ပြေးခဲ့လိုက်မည်။


ထိုအပြင် အကြောင်းတစ်ခုခုကြောင့် သူလည်း ဤလူ၏အနားမှာ နေချင်နေသည်၊ ခဏလောက် ပိုကြာကြာနေချင်သည်။


သုံးရက်အကြာတွင် သခင်နှင့် အိပ်နေသော ခွေးလေး'ယန်အန်းယု'သည် ယီချန်းယန်၏ အိပ်ရာပေါ်မှ တိတ်တဆိတ် ခုန်ဆင်းပြီး တာ့ယုဆီ အလည်သွားရန် ကြိုးစားခဲ့သည်။


ယန်အန်းယု အိပ်ခန်းထဲက မထွက်နိုင်ခင်မှာ  ယီချန်းယန်က သူ့ကို ဖမ်းမိသွားလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ...

"ဘယ်ကို ပြေးချင်​နေတာလဲ...ဘာလို့ ရုတ်တရက်ကြီး ထဆိုးနေတာလဲဟမ်"


ယန်အန်းယု: "..."


ထို့နောက် ယီချန်းယန်က ယန်အန်းယု၏ အမွေးများကို နွေးထွေးသော လက်ဖဝါးပြင်ကျယ်​ကြီးဖြင့် ပွတ်သပ်​ပေး​လေသည်။ယန်အန်းယု အပွတ်ခံကောင်းကောင်းနှင့်ခံလိုက်ရာ ပိုပို၍ အိပ်ငိုက်လာပြီး မျက်လုံးများ တဖြည်းဖြည်းမှိတ်သွားသည်။


သူနိုးလာသောအခါတွင် ရက်အတော်ကြာကုန်သွား​ပြီ​ဖြစ်မှာကို စိုးရိမ်နေသော်လည်း ကံကောင်းထောက်မစွာပင် ဤတစ်ကြိမ်တွင် နာရီအနည်းငယ်မျှသာ အိပ်မောကျသွားပုံရသည်။


သို့ပေမဲ့ ယခုအချိန်မှာ သူ့၏ဦးခေါင်းက ယီချန်းယန်၏ခြေထောက်များကြားမှာ ​ရောက်နေခဲ့သည်။ အင်း ဒီလိုအနေအထားက...


ယခု သူက ခွေးတစ်ကောင်ဖြစ်​နေပေငြား အနေရခက်ပြီး ရှက်ရွံ့သလို ခံစားရဆဲဖြစ်လေသည်။


"နိုးပြီလား အ​သေးလေး" 

ယီချန်းယန်က ယန်အန်းယုကို ပုတ်လိုက်၏။


"ဝုတ် ဝုတ် ဝုတ်" 

ယန်အန်းယုက ပြန်ဟောင်​ပြီးတုံ့​ပြန်ပြီးနောက် အမြန်ထလိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်ရာ ဤအခန်းက စာ​ကြည့်ခန်းဖြစ်သည်ကိုသတိပြုမိလိုက်၏။


ယီချန်းယန်က တွေးတွေးဆဆ မျက်နှာဖြင့် စစ်တုရင်ခုံရှေ့မှာ ရှိနေသည်။ စစ်တုရင်အပိုင်းအစများက ဘုတ်​ပြားပေါ်တွင် ရှိနေသော်လည်း ယီချန်းယန်က အချိန်အ​တော်ကြာသည့်တိုင် မလှုပ်ရှားသေးဘဲ တစ်စုံတစ်ခုကို စောင့်မျှော်နေပုံရလေသည်။


ယန်အန်းယုက နားမလည်နိုင်စွာ ခေါင်း​လေး​စောင်းလိုက်သည်။ ရုတ်တရက် ယီချန်းယန်၏ဖုန်းက မြည်လာသည်။


လီယဲ့ကဖုန်း​ခေါ်​ခြင်းဖြစ်၏။

"ချန်းယန် ဆေးရုံကို မြန်မြန်လာ"


ယန်မိသားစုခေါင်းဆောင် ယန်ဖန်း အသည်းအသန်ဖြစ်၍  ယန်အန်းယု  ခွေးလေးအား ချန်ထားခဲ့ပြီး ယီချန်းယန်နှင့်အတူ ဆေးရုံသို့ အပြေးအလွှားသွားခဲ့ရသည်။


လူနာဆောင်ထဲမှာ ယန်ဖန်းက ယန်ကျွယ့်နှင့်မဒမ်ယန်ကို စကားအနည်းငယ်ပြောပြီးနောက် သူ့သားငယ်'အန်းယု'ကို ခေါ်လိုက်၏။


သို့သော် ယန်ဖန်းက မည်သို့ပင်ပြောစေကာမူ သခင်လေးအန်းက ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး သူ့ကိုကြည့်ရန် ငြင်းဆန်နေလေသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သူက လုံးဝဥပေက္ခာပြုထားပြီး အမှန်တကယ် နှလုံးသား​အေးစက်နေပုံပေါ်လေသည်။


သူ အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုသည်ကို သိသဖြင့် ယန်ဖန်းက ယန်မိသားစုဝင်တစ်ယောက်ချင်းစီကို စကားအနည်းငယ်စီ အနည်းနှင့်အများပြောခဲ့၏။ထို့နောက် ယန်ဖန်းက တစ်ခုတည်းသော အပြင်လူဖြစ်သော ယီချန်းယန်ကို ခေါ်လိုက်သည်။


နှစ်ယောက်သား အထဲမှာ အကြာကြီး စကားတွေပြောကြသည်။ရုတ်​တရက်​ပင်​ ​လူနာဆောင်ထဲမှ နှလုံးတိုင်းစက်က ​မြည်လာသည်။


ဆရာဝန်နှင့် သူနာပြုအချို့ ကမန်းကတမ်း ပြေးလာကြသော်လည်း နောက်ကျသွားလေပြီ။ နှလုံးမော်နီတာက မျဉ်းဖြောင့်ပြောင်းနေပြီး ယန်ဖန်းထာဝရ 'အိပ်ပျော်သွားပြီ' ဖြစ်သည်။


စိတ်နှလုံးပူဆွေးရခြင်းအပြင်ကို ယန်ကျွယ့်က ယီချန်းယန်ကိုမကျေမနပ် စိုက်ကြည့်ကာ ယီချန်းယန်က ယန်ဖန်းကိုလှုံ့ဆော်ခဲ့သည်ဟု ယူဆသဖြင့် သူ့အဖေကို ပြောခဲ့သည့် အကြောင်းကို စစ်ဆေးမေးမြန်းခဲ့သည်။


သို့သော် စိတ်အထိန်းအကွပ်မဲ့နေသောယန်ကျွယ့်နှင့် နှိုင်းစာလျှင် ယီချန်းယန်က တိတ်ဆိတ်နေပြီး သူ့အမူအရာမှာလည်း ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့မရှိဘဲ ရေကဲ့သို့ ငြိမ်သက်နေသည်။


အခြားသူများ၏မျက်လုံးများတွင် ယီချန်းယန်က အလွန်ထုံထိုင်းပြီး ခံစားချက်မဲ့ပုံပေါ်သော်လည်း ယန်အန်းယုကမူ ယီချန်းယန်က သူ့မှာဖုံးကွယ်ထားသည့် ခံစားချက်များစွာရှိ​ပေမဲ့ မည်သည့်အရာမှထုတ်ပြီး မဖော်​ပြဟုခံစားခဲ့ရသည်။သူက အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မြင်ကွင်းတစ်ခု၏ ရုပ်ပုံလွှာဖြစ်​လေသည်။


မကြာသေးမီက စစ်တုရင်ခုံကို မကြာခဏ စိုက်ကြည့်နေတတ်သည့် ယီချန်းယန်အကြောင်း သူတွေးနေမိသည်။ သူသည် တစ်စုံတစ်ယောက်အား စောင့်ဆိုင်းနေပြီး ယန်ဖန်း သူနှင့်အတူအဖော်ပြုပြီး ထိုစစ်တုရင်ဝိုင်းကို အဆုံးသတ်ပေးမည်အားစောင့်နေခဲ့သည်။


 á€á€…်စုလတစ်ယ္ဏက်က သူ့အဖော်​ပြု​ပေးနေသရွေ့ ဘယ်သူအနိုင်ရလဲ ဘယ်သူကရှုံးလဲဆိုသည်က အရေးမကြီးပါချေ။


ထို့နောက် ယန်မိသားစု၏ ဦးလေးများက ယန်ကျွယ့်ကို ဆွဲခေါ်သွားကြပြီး ယီချန်းယန်သည်လည်း လီယဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။


ယီချန်းယန်နှင့် ယှဉ်လျှင် ယန်အန်းယု သူ့ရှေ့က တာ့ယုကို ပိုစိတ်ပူလေသည်။

သူ့မှာ ဝမ်းနည်းမှုအနည်းငယ်မျှပင်မရှိရုံတင်မကဘဲ နှုတ်ခမ်းများ ကွေးညွှတ်ပြီး ရယ်မောနေခဲ့သည်။


"ရှောင်ယု မင်းပြန်လာပြီ သူလည်းသေသွားပြီ...ဟားဟား ဒီနေ့က တကယ်ကောင်းတဲ့နေ့ပဲ"


ယန်အန်းယု ချက်ချင်းဆိုသလိုပဲ ထိတ်လန့်လာသည်​။ မျှော်လင့်ထားသည့်အတိုင်း တာ့ယုက ဝမ်းသာအားရဖြစ်နေပြီး မူမမှန်သောဝမ်းသာအားရဖြစ်မှုဖြစ်လေသည်။


တာ့ယုကို အလွန်အမင်း  စိုးရိမ်သည့်အမူအရာနှင့် စိုက်ကြည့်ရင်း ယန်အန်းယုကပြောလိုက်၏။

"တာ့ယု မင်းဒီလိုဖြစ်လို့မရဘူး... ဘာပဲဖြစ်ဖြစ် သူက မင်းအဖေလေ"


"ဟုတ်​တယ်​လေ... အတိအကျကို သူက ငါ့အ​ဖေမို့လို့ ​ငါအမေနောက်ကို လိုက်​သွားသင့်​တာကြာပြီ"


"..." 


ယန်အန်းယု၏ နှလုံးသားသည် ပို၍ပင် ထိတ်လန့်လာသည်။တာ့ယု၏ စိတ်အခြေအနေက အလွန်မတည်မငြိမ်ဖြစ်နေသည်။ စိတ်ရောဂါကု ဆရာဝန်နှင့် ပြမှရမည်။ သူကိုယ်တိုင်လည်း သူ့ကို တည့်မတ်ပေးရမည်။


ထို့နောက် ယန်အန်းယု တာ့ယုနှင့်အိမ်သို့ လိုက်သွားခဲ့သည်။ သူ့ကို စောင့်ရှောက်​ပေးပြီး သူငြိမ်သက်စွာ အိပ်ပျော်နေသည်ကို တွေ့ပြီးနောက် Akitaခွေးလေးအကြောင်း တွေးမိသွား၏။


ညဆယ်နာရီဝန်းကျင် S မြို့တော် အရှေ့ပိုင်းခရိုင်၌ ယန်အန်းယု ယီချန်းယန်ဆီသို့ အလောတကြီး လွင့်မျောလာသော်လည်း သူ ခြေတစ်လှမ်းနောက်ကျနေဆဲဖြစ်လေသည်။


ဤခွေးလေးက အလွန်အမင်းအားနည်းနေပြီး သူ၏ဝိညာဥ်ကလည်း အကြာကြီး ထွက်ခွာသွားခဲ့သည်။အကောင်ငယ်လေးက နောက်ဆုံးထွက်သက်ကိုရောက်နေပြီး ယန်အန်းယု သူ့ခန္ဓာကိုယ်ထဲကို ထပ်မံမဝင်ရောက်နိုင်တော့ပေ။


ယီချန်းယန်က ဘာစကားမှမဆိုဘဲ ခွေးလေး၏ အေးစက်​နေသော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ  ခေါင်းငုံ့ထား၏။လေးလံရှည်ကြာသော ဝမ်းနည်းပူဆွေးမှုက တစ်ခန်းလုံးကို လွှမ်းခြုံထားလေသည်။


ကောင်ငယ်လေးက သေသွား​လေပြီ။သူတို့ အတူရှိခဲ့သည်မှာ တစ်ပတ်ပင်မကျော်ခဲ့။သူသေသွားချိန်တွင် ယီချန်းယန်မှာ ချစ်စရာကောင်းပြီး နားထောင်ကောင်းသော နာမည်​လေးပေးနိုင်ရန်ပင် အချိန်မရှိခဲ့ပေ။


လီယဲ့က ယီချန်းယန်ဘေးတွင် ရပ်နေသည်။ယနေ့မှာ ယန်ဖန်းလည်း သေသွားခဲ့သည်။ သူ့စိတ်ထဲမှာ အချိန်အတော်ကြာအောင် တွေးဆပြီးသည့်တိုင်အောင် နှစ်သိမ့်စကား ဘယ်လိုပြောရမလဲ မသိသေးပေ။


"ချန်းယန် သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရဘူး...ဒါကြောင့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့...အခွင့်အရေးရရင် ပိုကျန်းမာပြီး ပိုတက်​ကြွတဲ့ တစ်ကောင် မင်းမွေးလို့ရပါသေးတယ်....မင်းလုပ်လို့ရ—"


"မမွေးဘူး"


ယီချန်းယန်က လီယဲ့၏ စကားကို ဖြတ်ပြောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူ့နှလုံးသားက သေဆုံးသွားသည့်အတိုင်းပင်။


"ငါတစ်ယောက်ထဲ ကောင်းကောင်းမှမမွေးနိုင်ဘဲ"


ချက်ချင်းပင်၊ယန်အန်းယု၏ မျက်လုံးထောင့်များ စိုစွတ်လာပြီး သူ့နှလုံးသားသည်လည်း နာကျင်ကိုက်ခဲလာသည်။


သူကသေပြီး​နေ​ပြီမဟုတ်ဘူးလား...သူ့နှလုံးသားက ဘာကြောင့် နာကျင်နေရသေးတာလဲ...


ဤအချိန်တွင်၊ယန်အန်းယု သူ၏အရင်ဘဝက ယီချန်းယန်နှင့် သိခဲ့ပြီး ယီချန်းယန်က သူ့အတွက် အလွန်အရေးကြီးသောသူတစ်ယောက်ဖြစ်ကြောင်း အလွန်ကိုမှ ​သေချာ​နေပြီ ဖြစ်လေသည်။


သူ့မျက်လုံးများ မည်းမှောင်သွားကာ ယန်အန်းယု အမှောင်ထဲသို့ တစ်ဖန်ထပ်ကာ နစ်မြုပ်သွားခဲ့လေသည်။သို့ပေမဲ့ ယခုတစ်ကြိမ်တွင်တော့ သူ နွေးထွေးမှု အားလုံးကို ဆုံးရှုံးသွားခဲ့သည်။ဤ​နေရာမှာ အေးပြီး မှောင်နေ၏။ တစ်​​ယောက်​တည်း​နေရမှာကို သူတကယ်​​ကြောက်​မိသည်...


ယန်အန်းယု တစ်ဖန်ပြန်နိုးလာသောအခါ မည်မျှကြာသွား​ပြီ​ဖြစ်သည်ကို သူမသိ​ပေ။ ဤနေရာက ယီချန်းယန်၏အိမ်ဖြစ်ပုံရသည်၊ သို့သော် သူပထမဆုံးမြင်လိုက်ရသည်မှာ တာ့ယုဖြစ်နေ၏။


သို့သော် သူ့ရှေ့က တာ့ယုက ပို၍ပိန်သွားည်။သူ့မျက်လုံးများက မျက်ရည်များမကျန်တော့သလို မှုန်မှိုင်းကာ ဗလာဖြစ်နေသည်။ဘာအသက်ဝင်မှုမှရှိ​နေသလို ဒေါသအရိပ်အယောင်များလည်းမရှိမနေခဲ့ပေ။


ရုတ်တရက် တာ့ယုက သူ့လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။ နှုတ်ခမ်းနှင့် သွားတို့မှာ သွေးများဖုံးလွှမ်း​နေသော်လည်း သူက ရူးသွပ်သွားသကဲ့သို့ လက်မလျှော့ဘဲ ဓားတစ်ချောင်းကို ကောက်ကိုင်ကာ လက်ကောက်ဝတ်ကို အခါခါ လှီးလေသည်။


"မလုပ်နဲ့ တာ့ယု" 


ယန်အန်းယု ထိတ်လန့်လွန်း၍ သူ့တစ်ကိုယ်လုံး တင်းမာသွားကာ သူ့ကို တားရန် ချက်ချင်း ပြေးလာခဲ့သည်။


သို့ပေမဲ့ သူ သူ့ကို လုံးဝမတားနိုင်ခဲ့ပါချေ။ယန်အန်းယု ယခင်ကနှင့်မတူဘဲ သူ့တွင် ခွန်အားလုံးဝရှိမ​နေသည်ကို တွေ့လိုက်ရသည်။သူ၏ဗလာကျင်းနေသော ခန္ဓာကိုယ်က တာ့ယုကို တိုက်ရိုက်ဖြတ်သွားကာ ဘာကိုမှ မထိန်းချုပ်နိုင်တော့ပေ။


"တာ့ယု တာ့ယု" 


ယန်အန်းယုက အထိတ်ထိတ်အပျာပျာ အော်လိုက်သော်လည်း တာ့ယုက နားပင်းနေသလိုမျိုးပြုမူနေသည်။သူက သူ၏ လုပ်ရပ်များကို ဆက်လုပ်နေပြီး  သွေးများက ပိုပိုပြီး စီးကျလာ၏။သူ့အသားအရည်ကလည်း ပိုပိုဖြူစုတ်လာသည်။


"တာ့ယု ရပ်လိုက်... မင်း ဘာတွေ... ဘာ​တွေ ဖြစ်​​နေတာလဲ"


ယန်အန်းယုက စိုးရိမ်လွန်း၍ မျက်ရည်များ ကျလုနီးနီးဖြစ်နေသည်။တာ့ယုက ယခု သူ့ကို မမြင်နိုင်သလို သူ့ငိုသံများကိုလည်း မကြားနိုင်တော့ပေ။


ထိုသို့ သေရေးရှင်ရေးဖြစ်​နေချိန်မှာ  ယီချန်းယန်က ပြေးလာသည်။တာ့ယု​လက်ထဲက ဓားကို အတင်းလုယူသွားပြီးနောက် သူ့ကို ဆေးရုံကို တိုက်ရိုက်ခေါ်သွားခဲ့သည်။


တာ့ယုအတွက် စိုးရိမ်နေသော ယန်အန်းယုကလည်း သဘာဝအတိုင်း လိုက်သွားခဲ့သည်။ထို့နောက်မှာ သူလည်း အချိန်ကို တွက်ကြည့်လိုက်၏။ သူနောက်ဆုံးအသိစိတ်ရှိ​နေချိန်ကနေ သုံးလရှိပြီဖြစ်လေသည်။


ထိုသို့​ပရမ်းပတာဖြစ်နေချိန်မှာ သူက ဤကမ္ဘာနှင့် မကိုက်ညီတော့သလို ခံစားရလာသည်။ သူ၏ စိတ်ဝိညာဉ်၏ ခွန်အားက အလွန်အားနည်းလာ​နေပြီး သူကလည်း အချိန်အတော်ကြာအောင် ထွက်သွားခဲ့သည်။ သူနှင့်သိခဲ့ဖူးသော တာ့ယုက သူ့အကြောင်းကို တဖြည်းဖြည်း မေ့လျော့သွားကာ အတူရှိခဲ့သော အချိန်များက မှတ်ဉာဏ်များ ဆုံးရှုံးသွားခြင်း ဖြစ်နိုင်ချေအလွန်များလေသည်။



👥️