Chapter 45
Viewers 11k

💮Chapter 45



ရှစ်ယဲ့က သူတစ်ယောက်တည်း မက်မွန်ပွင့်ပွဲတော်ကို သွားလို့ရရဲ့သားနဲ့ ဘာကိစ္စ ငါ့ကိုပါ အတူခေါ်သွားဖို့ လုပ်ရတာလဲ...


ဝတ္ထုထဲတွင် ရှစ်ယဲ့က မက်မွန်ပွင့်ပွဲတော်သို့တက်ရောက်ခဲ့ခြင်းမရှိသည်ကို ဝမ်ချီမှတ်မိသည်။ ထို့အပြင် ဝမ်လျန်ကိုယ်စား မူလခန္ဓာကိုယ်ပိုင်ရှင်က ပွဲတက်ပေးခဲ့သည်။ ပွဲတက်ရန်အရည်အချင်းမပြည့်မီသော ဝမ်လျန်မှာမူ လီအိမ်တော်၏သခင်လေးတစ်ယောက်နောက်မှ လိုက်လာခဲ့သည်။


ဝမ်လျန်အတွက်နေရာကို အစွန်ဆုံးကျသော ထောင့်တစ်နေရာတွင် စီစဥ်ပေးထားသည်။ သူမည်မျှပင်ရုပ်ချောကာကြည့်ကောင်းနေစေကာမူ လူအများကသတိထားမိသွား၍ မဖြစ်ပေ။


သို့သော် ဇာတ်လိုက်၏အရှိန်အဝါကို ဖုံးကွယ်၍မရပေ။ ဝမ်လျန် မည်သည့်နေရာ၌ ထိုင်သည်ဖြစ်စေ ဇာတ်လိုက်ဖြစ်သောကြောင့် သူ့အရှိန်အဝါနှင့် ဖြစ်တည်မှုကို လူတိုင်းကအနည်းနှင့်အများ သတိထားမိကြသည်။


ဂီတအဖွဲ့က ထောင့်အစွန်တွင် ခပ်ကုပ်ကုပ်ထိုင်နေသည့်ဝမ်လျန့်အား လူအုပ်အလယ်သို့ တွန်းပို့လိုက်သည်။ စနစ်က ပြင်ဆင်ပေးထားသော ဒုံမင်းနှင့်အလားသဏ္ဍာန်တူသည့်  ကြိုးခုနစ်ကြိုးတပ်တူရိယာဖြစ်သည့် ဗျပ်စောင်းကို ထုတ်ကာ စနစ်၏အကူအညီဖြင့် သာယာနာပျော်ဖွယ်တေးဂီတတစ်ခုကို တီးခတ်လိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်လျန်က လူအားလုံး၏ အာရုံစိုက်ရာဗဟိုချက်ဖြစ်သွားပြီး စတုတ္ထမင်းသားရှစ်ကျင်း၏အာရုံကို ညှို့ယူဆွဲဆောင်နိုင်လိုက်သည်။


ဝမ်ချီ၏ မူလခန္ဓာကိုယ်ပိုင်ရှင်ကမူ လူအုပ်ကြားထဲတွင် မည်သူမှသတိမထားမိဘဲ ပုန်းကွယ်နေသည်။


ကံဆိုးသည့်ဖြစ်ရပ် တစ်သီတစ်တန်းကြီး ဖြစ်သွားပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ထိုပွဲတော်မှ ဝမ်းနည်းညှိုးငယ်စွာဖြင့် ထွက်လာရသည်။ ထို့နောက် မူလခန္ဓာကိုယ်ပိုင်ရှင်က ဝမ်လျန်အဖြစ်အယောင်ဆောင်ပြီး အရှေ့နန်းတော်၏အိမ်ရှေ့မင်းသားနှင့် လက်ထပ်ထိမ်းမြားလိုက်သည်ဟူသော ကောလဟလသတင်းများက နှစ်ရက်အတွင်း တဟုန်ထိုးပျံ့နှံ့သွားကာ သူ့ဂုဏ်သိက္ခာမှာ အဖတ်ဆည်၍မရတော့သည်အထိ တစ်စစီပြိုကွဲပျက်စီးသွားသည်။


ထိုအကြောင်းကို ဝမ်ချီစဥ်းစားလေလေ ပို၍စိတ်မသက်မသာဖြစ်ရလေပင်။ ဝတ္ထုထဲတွင် သူက အမြှောက်စာဇာတ်ကောင်ဖြစ်ပြီး ရှစ်ယဲ့ကဗီလိန်ဖြစ်သည်။ သူတို့နှစ်ယောက်လုံး၏ အဓိကဇာတ်ရုပ်မှာ ဇာတ်လိုက်လက်စားချေသမျှ အလူးအလဲခံရန်ပင်။


မိန်းမစိုးကျိုးမပြန်မီ ဝမ်ချီ မဝံ့မရဲပြောလိုက်သည်။

"ကျွန်တော် ရုတ်တရက်ကြီး နေလို့မကောင်းတော့သလိုပဲ...အအေးမိတာနဲ့တူတယ်... မက်မွန်ပွင့်ပွဲတော်ကိုကျွန်တော် မတက်နိုင်တော့ဘူးထင်ပါရဲ့..."


မိန်းမစိုးကျိုးက သူ့အတွေးများကိုဖောက်ထွင်းမြင်နေသည့်နှယ် သက်ပြင်းချကာပြောလာသည်။ 

"သခင်လေးဝမ် ပွဲမတက်ချင်ဘူးဆိုရင် ကျွန်တော်အိမ်ရှေ့မင်းသားကို ပြန်လျှောက်တင်ပေးပါ့မယ်..."


ဝမ်ချီ အတော်လေးပျော်သွားသည်။

"တကယ်လား..."


မိန်းမစိုးကျိုးက ဆက်ပြောလာပြန်သည်။

"အမှန်အတိုင်းပြောရရင် ကျွန်တော်မျိုးလည်း အရှင့်သားရဲ့အမိန့်ကို မနာခံတဲ့လူက ဘယ်လိုဖြစ်သွားမလဲဆိုတာ ပထမဆုံးအကြိမ်အနေနဲ့ မြင်ဖူးချင်နေမိတာ..."


ဝမ်ချီ: "........."


........


မြို့တော်ထဲရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်...


ညဘက်ရောက်လာသောအခါ ထိုနေရာတွင် လူများပြည့်ကျပ်အုံခဲလာပြီး နောက်ဖေးခြံဝင်းက ညဈေးသဖွယ်ဖြစ်လာ၏။ ပိုးဇာလွှာများဖြင့် မျက်နှာကို ကာဆီးထားသောမိန်းမပျိုများက ညမီးရောင်ကိုအားပြုလျက် ဧည့်သည်များကြားတွင် ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသည်။


ပြတင်းပေါက်အနီးရှိ ပထမထပ်မှာ သီးသန့်အခန်းများဖြစ်သည်။ သီးသန့်အခန်းများက အနည်းငယ်ကျဥ်းမြောင်းသေးငယ်သော်လည်း အခန်းပုံစံကို လက်ရာမြောက်စွာအသေးစိတ်ဖွဲ့စည်းတည်ဆောက်ထားသည်။ ပါးလျလျလိုက်ကာနောက်တွင် အမျိုးသမီးနှစ်ဦးက ဗျပ်စောင်းတီးခတ်နေ၏။


ဝမ်လျန်က ထိုင်ခုံပေါ်တွင် ရှက်ကိုးရှက်ကန်းဖြင့်ထိုင်နေသည်။ နားဝင်ချိုလွန်းသည့် ဂီတတီးလုံးသံကပင် သူ့စိတ်ကို သက်သာမှုပေးနိုင်စွမ်း မရှိချေ။ သူ နှုတ်ခမ်းကိုဖိကိုက်ထားရင်း လက်သီးဆုပ်ထား၍ လက်သည်းတို့ကအသားထဲသို့စိုက်ဝင်ခါနီးပင်။


ထိုအခိုက်အတန့်တွင် လက်တစ်ဖက်က သူ့ပခုံးကိုလာထိကိုင်သည်။

"ဒီအစ်ကိုက မင်းကိုမကူညီချင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့အဓိက'က မင်းတို့ဝမ်မိသားစုကြောင့်လေ... အခုဆိုရင် လူတိုင်းက မင်းတို့ဝမ်မိသားစုကိုတွေ့ရင် ပလိပ်ရောဂါတွေ့သလိုမျိုး ရှောင်နေကြတာ... ဒီအစ်ကိုက မင်းကို မြတ်နိုးလွန်းလို့သာ ဒီလိုမျိုးဆက်တွေ့နေတာပေါ့…"


လီဟောက်က မူးမူးရူးရူးနှင့် ဝမ်လျန့်ပေါ်သို့ မှီချလာသည်။ သူစကားပြောလိုက်တိုင်း အရက်နံ့က မွှန်ထူနေ၏။ 

"မက်မွန်ပွင့်ပွဲတော်က သာမာန်ဂုဏ်ပြုစားပွဲတွေလိုမျိုးမဟုတ်ဘူး... မင်းသမီးကြီးတွေနဲ့ ဘုရင့်သားတော်တွေကိုယ်တိုင်ရောက်လာကြမှာ...ငါက ဘယ်လိုလုပ်ပြီးတွေ့ကရာခွေးတွေကြောင်တွေကို ခေါ်ဝင်လို့ရမှာလဲ..."


ဝမ်လျန်က အလွန်တရာကြောက်ရွံ့ကာ တစ်ကိုယ်လုံးတုန်ရီနေသော်လည်း သူ့ခံစားချက်တို့ကိုချုပ်တည်းကာ လီဟောက်နှင့်ဝေးရာဘက်သို့ ခန္ဓာကိုယ်ကို အနည်းငယ်စောင်းငဲ့လိုက်သည်။

"အစ်ကိုလီဟောက် ကျွန်တော့်ကို ဒီတစ်ခေါက်ပဲထပ်ပြီးကူညီပေးပါ...အစ်ကို့ရဲ့ကြင်နာမှုကို ကျွန်တော် ဒီတစ်သက်မမေ့ပါဘူး…"


လီဟောက်က ပြုံးရင်း သူ့နား ကပ်ပြောသည်။

"အဲဒါပြီးတော့ရော..."


ဝမ်လျန်က ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံးခိုက်ခိုက်တုန်ကာ ဘေးဘက်သို့ပိုပြီး တိုးကပ်သွားသော်လည်း သူ့ပခုံးပေါ်ရှိ လီဟောက်၏လက်ကို မဖယ်ချနိုင်ပေ။ စိတ်လှုပ်ရှားမှုနှင့်အတူ သူ့မျက်ဝန်းတို့က အနီရောင်ပြောင်းလာသည်။

"ဘာကိုပြောတာလဲဟင်..."


လီဟောက်က နတ်ဆိုးဆန်ဆန်ပြုံးကာ ဝမ်လျန်၏ မေးစေ့ကိုဆွဲညှစ်တော့သည်။

"မင်းရဲ့ တစ်သက်လုံးမမေ့ဘူးဆိုတဲ့စကားက ငါ့အကူအညီနဲ့ တန်မယ်ထင်လို့လား..."


လီဟောက်က အားနှင့်ဆွဲညှစ်ထားသောကြောင့် ဝမ်လျန်၏မေးစေ့နှင့် ပါးပြင်ဖွေးဖွေးတစ်ဝိုက်တွင် နီရဲနေသောလက်ရာများက ချက်ချင်းလက်ငင်း အရာထင်လာ၏။


နာကျင်လွန်းသဖြင့် ဝမ်လျန်၏မျက်လုံးထောင့်မှ မျက်ရည်များစီးကျလာကာ အရက်မူးနေသည့် လီဟောက်အား ကူကယ်ရာမဲ့စွာ သတိတကြီး ငေးစိုက်ကြည့်နေမိသည်။


သို့သော် ဝမ်လျန် ပို၍ငိုလေလေ လီဟောက်က ပို၍ကျေနပ်လာလေလေဖြစ်သည်။

"အကူအညီတောင်းတဲ့အခါမှာ အသနားခံတဲ့ပုံစံလေးနဲ့ အကူအညီတောင်းရမယ်လေ...ဒီအစ်ကိုက မင်းကိုမက်မွန်ပွင့်ပွဲတော်ဆီ မခေါ်သွားနိုင်တာမဟုတ်ဘူး...ခေါ်သွားလို့ရတယ် ဒါပေမဲ့ မင်းကိုခေါ်လာမှန်းသိသွားရင် သေချာပေါက်အဆူခံရတော့မှာ...အဲဒီတော့ ငါ့အတွက် ဘာကောင်းကျိုးမှမရှိဘူးလေ..."


လီဟောက်က ဝမ်လျန်၏မျက်နှာကို သူ့လက်မနှင့်ပွတ်ဆွဲလိုက်သည်။ ထို့နောက် အနှီနှုတ်ခမ်းသားလေးကို နမ်းရှိုက်ရန် အနားတိုးကပ်သွားမိစဥ်တွင် ထူးဆန်းလွန်းလှသည့်ရောင်စုံတန်းလေးကို သူ့မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ သူအံ့ဩသွားပြီး ဝမ်လျန့်လည်ပင်းပေါ်တွင် ဆွဲထားသည့်ကျောက်လေးကို ဆွဲဖြုတ်ယူလိုက်သည်။

"ဒါက ဘာလဲ...."


လည်ပင်းတစ်ဝိုက်တွင် ဗလာဖြစ်သွားချိန်မှ ရောက်စုံကျောက်လေးမှာ လီဟောက်လက်ထဲရောက်နေကြောင်း ဝမ်လျန် သတိထားမိသည်။


သူ့ကျောက်တုံးလေး...


ဝမ်လျန်၏မျက်နှာ ဖြူဖျော့သွားပြီး လီဟောက်လက်ထဲမှကျောက်တုံးကိုပြန်ယူရန် လက်လှမ်းလိုက်သော်လည်း သူ့ခန္ဓာကိုယ်က အားနည်းလွန်းသောကြောင့် တစ်ဖက်လူ၏လှုပ်ရှားမှုကို လိုက်မမီပေ။ ထို့အပြင် လီဟောက်က  သူ့ကိုစိတ်မရှည်စွာဖြင့် တွန်းထုတ်လိုက်သေးသည်။


ရုတ်တရက် အတွန်းခံလိုက်ရသောကြောင့် ဘေးတွင်ရှိနေသော သစ်သားခုံနှင့်ခေါင်း ဆောင့်မိသွားကာ စူးအောင့်နေသောနာကျင်မှုနှင့်အတူ မျက်ရည်တို့က ထိန်းမရစွာကျဆင်းလာ၏။

"အဲဒါကျွန်တော့်ဟာပါအစ်ကို ပြန်ပေးပါနော်...ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ပစ္စည်းမို့လို့ပါ..."


လီဟောက်က ကျောက်တုံးကို သေသေချာချာကြည့်ကာ ပြန်ပြောလာသည်။

"ဒါက ဒီအတိုင်းပျက်စီးနေတဲ့ သာမာန်ကျောက်ကြီးကို..."


ဝမ်လျန်၏ရှိုက်ငိုသံတို့က ပိုကျယ်လာသည်။

"ကျွန်တော့်ကို ပြန်ပေးပါ..."


လီဟောက်က ချမ်းသာသောမိသားစုအသိုင်းအဝိုင်းမှပေါက်ဖွားလာသူဖြစ်ပြီး တစ်အူထုံဆင်း မွေးချင်းညီလေးကလည်း အရှေ့နန်းတော်၌ အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်တစ်ဦးဖြစ်သည်။ သူက ဘဝကိုချမ်းချမ်းသာသာဖြတ်သန်းကြီးပြင်းခဲ့ပြီး ရတနာများစွာမြင်ဖူးခဲ့သည်။ 

"ဒီကျောက်က ဘယ်လိုလုပ်ပြီး ရှားပါးတန်ဖိုးကြီးတဲ့ကျောက် ဖြစ်နိုင်မှာလဲ..."


အငိုမရပ်နိုင်သေးသော ဝမ်လျန်ကို မျက်စောင်းထိုးရင်း ထိုကျောက်အား သူ့အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။


ထို့နောက် ဝမ်လျန်၏ခန္ဓာကိုယ်ကိုဖိချလျက် အပေါ်မှအုပ်မိုးထားလိုက်သည်။

"မင်းကို မက်မွန်ပွင့်ပွဲတော်ဆီ ခေါ်သွားပေးမယ်လို့ ငါကတိပေးတယ်...ဒီကျောက်ကိုတော့ အာမခံပစ္စည်းအနေနဲ့ ငါသိမ်းထားပေးမယ်လေ... နောက်ကျရင် မင်း တခြားပစ္စည်းတွေနဲ့ အလဲအလှယ်လုပ်လို့ရတာပေါ့..."




💮💮💮