Chapter 46
Viewers 11k

💮Chapter 46



မက်မွန်ပွင့်ပွဲတော်နေ့တွင် ဝမ်လျန် စောစီးစွာနိုးလာခဲ့သည်။ 


မိသားစုအတွင်း ပြသာနာများစွာ ရင်ဆိုင်နေရသောကြောင့် အိမ်တော်ထိန်းက အစေခံများနှင့် အမှုထမ်းအများအပြားကို အလုပ်ဖြုတ်ပစ်ခဲ့သည်။ ယခင်က အိမ်တော်ထဲတွင် သူ့ကို လုပ်ကျွေးပြုစုသော အစေခံအမြောက်အမြားရှိသော်လည်း ယခုတွင်မူ မိန်းမစိုးနှစ်ယောက်နှင့် အစေခံငါးယောက်သာ ကျန်ရှိလေသည်။ 


အစေခံက သူ့ဆံပင်အား ဘီးဖြီးပေးပြီးသည့်နောက်တွင် ဝမ်လျန်က ကြေးမုံမှန်ရှေ့တွင် ဆက်ထိုင်နေကာ မှန်ထဲတွင်ပေါ်နေသော သူ့ပုံရိပ်သူငေးကြည့်နေသည်။ 


ဝမ်လျန်က မိုးပြာရောင်တိမ်ပုံစံများနှင့် ချည်ပန်းထိုးအလှဆင်ထားသည့် ဖြူစွတ်စွတ်၀တ်စုံကို ၀တ်ဆင်ထားကာ အနက်ရောင်ဆံပင်ရှည်ကိုလည်း အဖြူရောင်ကျောက်စိမ်းလေးများပါသည့်  ငွေကလစ်ဖြင့်ချည်နှောင်ထားသည်။


မျက်ဝန်းနှင့်မျက်ခုံများက ဆွဲဆောင်မှုရှိလှပြီး နှုတ်ခမ်းပါးမှာနီရဲနေကာ သွားများသည်လည်း အမည်းစက်အနည်းငယ်မျှပင် မစွန်းထင်းသော တောင်ပေါ်ရှိကြာဖြူကဲ့သို့ ဖြူဖွေးနေ၍ နှုတ်ခမ်းထောင့်မှာမူ အနည်းငယ်တွန့်ကွေးနေ၏။ 


ဟာလာဟင်းလင်းဖြစ်နေသော လည်ပင်းကြောင့် အပိုင်းအစတစ်ခုပျောက်ဆုံးနေသလိုခံစားရပြီး မငြိမ်မသက်ဖြစ်နေသည့် စိတ်ခံစားချက်က သူ့ရင်ဘတ်ထဲတွင် အထပ်ထပ် တုန်ခါနေသည်။


အစေခံမလေးက သသခင်လေးဝမ်လျန် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအချိန်တွင် ပြုံးပြီးနှစ်သိမ့်ပေးသည်။ 

“သခင်လေး ဒီနေ့အရမ်းကြည့်ကောင်းတာပဲ…”


ဝမ်လျန်က ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။

“မင်း ထွက်သွားလို့ရပြီ…” 


အစေခံမလေးက ဦးညွတ်ပြီး တိတ်ဆိတ်စွာ ထွက်သွားလေသည်။


ခဏအကြာတွင် ဝမ်လျန်က တံခါးတွန်းဖွင့်လိုက်သည့် အသံကို ထပ်မံကြားလိုက်ရသောကြောင့် စိတ်မရှည်စွာ မျက်မှောင်ကြုတ်၍  မှန်စားပွဲပေါ်မှပစ္စည်းများကို မြေပြင်ပေါ်သို့ တွန်းချလိုက်ကာ အော်ဟောက်လိုက်သည်။

“မင်းကို ထွက်သွားဖို့ ငါမပြောထားဘူးလား…  မင်း နားကန်းလား… ဒါမှမဟုတ် ငါ့စကားကို နားမဝင်တာလား…" 


ကျကွဲသံနှင့်အတူ ပစ္စည်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


“ရှောင်လျန် ဘာလို့အရမ်းဒေါသထွက်နေတာလဲ… အမေတစ်ယောက်အနေနဲ့ ကိုယ့်သားကိုယ် လာတွေ့ခွင့်မရှိဘူးလား…”

သခင်မရှုက မကျေနပ်သည့်အသံဖြင့် တုံ့ပြန်လေသည်။


ဝမ်လျန် ထိတ်လန့်တကြား လှမ်းကြည့်လိုက်သည့်အချိန်တွင် စောင်းကိုင်ထားသည့် အစေခံတစ်ယောက်နှင့်အတူ လျှောက်လှမ်းလာသော သခင်မရှုကို မြင်လိုက်ရသည်။


သူ လျင်မြန်စွာထရပ်ပြီး မေးလိုက်သည်။  

“အမေ ဘာလို့ ကျွန်တော့်ဆီလာတာလဲ…” 


သခင်မရှုက ဝမ်လျန်၏အမေးကြောင့် ဒေါသအနည်းငယ်ထွက်ကာ ဆွံ့အသွားပုံပေါ်သည်။

"မင်းဒီနေ့ တော်ဝင်မင်းသမီးရဲ့  မက်မွန်ပွင့်ပွဲတော်ကို သွားမှာမဟုတ်ဘူးလား… မင်းကိုပေးစရာရှိလို့ အမေလာခဲ့တာ…”


“ဘာများလဲ…” 

ဝမ်လျန်က မေးမြန်းလိုက်သော်လည်း သူ့၏မျက်လုံးက အစေခံလက်ထဲက ဗျပ်စောင်းထံသို့ ရောက်ရှိသွားပြီးဖြစ်သည်။


သူက ဤဗျပ်စောင်းကို ယခင်တည်းက မြင်ဖူးခဲ့သည်။ ထိုအရာက ဝမ်ချီမိခင်၏ ခန်းဝင်ပစ္စည်းဖြစ်သည်။ 


မိသားစုထဲတွင် တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သောကြောင့် ဝမ်ချီ့အမေက တန်ဖိုးကြီးပစ္စည်းများကို နှစ်ခြိုက်တတ်သည်။ ခန်းဝင်ပစ္စည်းဖြစ်သော ဤဗျပ်စောင်းကိုပင် ဝမ်ချီ၏ဘိုးဘွားများက အဆမတန်စျေးပေးပြီး ဝမ်ချီ့အမေစိတ်ကြိုက် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ဝမ်ချီအမေကလည်း ဤဗျပ်စောင်းကို အလွန်ပင်သဘောကျပြီး ဥယျာဉ်ထဲတွင် တီးခတ်လေ့ရှိသည်။ 


ဝမ်ချီ့အမေ ဆွဲကြိုးချသေဆုံးပြီးနောက်ပိုင်းတွင် ထိုဗျပ်စောင်းကို ထပ်မံမမြင်ရတော့ချေ။


အိမ်တော်ထိန်းက ထိုဗျပ်စောင်းကို ဖျောက်ပစ်လိုက်ခြင်းဟု ဝမ်လျန် မူလကထင်ထားခဲ့ကာ အကြိမ်များစွာ ရှာကြည့်သော်လည်း မတွေ့သောကြောင့် နှမြောစွာနှင့် လက်လျှော့ခဲ့ရသည်။ သို့သော်လည်း စောင်းကို အမှန်တကယ်ယူသွားသည်မှာ သူ့အမေဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။


သူ အကြိမ်များစွာရှာဖွေခဲ့ဖူးသော ဗျပ်စောင်းကိုထပ်မံမြင်လိုက်ရသောကြောင့် ဝမ်လျန်က အံ့အားသင့်ပြီး ပျော်ရွှင်နေသည်။


ပြုံးရွှင်စွာဖြင့် ဗျပ်စောင်းကိုကိုင်ကြည့်နေသော ဝမ်လျန်ကိုမြင်ရ၍ သခင်မရှုမှာ ကျေနပ်သွားရတော့သည်။ သခင််မရှုက ဝမ်လျန်၏ လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ တိုးညှင်းစွာပြောလေသည်။ 

“အခုလို မိသားစုထဲ ပြသာနာတက်နေတဲ့အချိန်မှာ ငါလို အမျိုးသမီးတစ်ယောက်က မင်းကို မကူညီနိုင်တော့ဘူး… ဒါကြောင့် ဒီဗျပ်စောင်းကို ရှာခဲ့တာ… မက်မွန်ပွင့်ပွဲတော်မှာ ဒီပစ္စည်းက မင်းကိုကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်…”


ဝမ်လျန်က သူ့အမေကိုကြည့်ပြီး မျက်ရည်စိုစွတ်လာကာ တိုးတိုးဖွဖွရေရွတ်လိုက်သည်။

“အမေ…”


“အဖေနဲ့အမေမှာ သားတစ်ယောက်တည်းပဲရှိတာ..”

သခင်မရှုက ဝမ်လျန်၏ခေါင်းကို ညှင်သာစွာပုတ်၍ ပြောသည်။


ဝမ်လျန်က ခေါင်းညိတ်ပြပြီး သူ့အမေဖြစ်သူ သခင်မရှုကိုဖက်လိုက်သည်။ 


သခင်မရှုနှင့် သူမအစေခံ ထွက်သွားပြီးသည့်အချိန်တွင် ဝမ်လျန်က ထိုင်ချလိုက်ကာ ဗျပ်စောင်းကို လေးလေးနက်နက်ကြည့်နေသည်။


သူ ဤဗျပ်စောင်းကိုအလွန်နှစ်ခြိုက်၏။ ထို့သို့မဟုတ်ပါက သူ ထိုဗျပ်စောင်းအကြောင်းကို နှစ်ပေါင်းများစွာ ကြာမြင့်စွာ တွေးခဲ့မိမည်မဟုတ်ချေ။ 


မူလတွင် သူက ပျော်ရွှင်မှု၌ နှစ်မြုပ်နေပြီး များများစားစား မစဉ်းစားမိချေ။ ယခု စိတ်တည်ငြိမ်သွားပြီးနောက်မှသာ ဝမ်ချီသည်လည်း အိမ်ရှေ့စံမင်းသားနှင့်အတူ မက်မွန်ပွင့်ပွဲတော်သို့ သွားမည်ကို သတိရလိုက်မိသည်။


တကယ်လို့ ဝမ်ချီသာ ငါ ဒီဗျပ်စောင်းယူလာခဲ့တာကို တွေ့ခဲ့မယ်ဆိုရင်…


ဝမ်လျန်က ဝမ်ချီအတွက် ဤ‌ဗျပ်စောင်း၏အရေးပါမှုကို အထင်အရှားသိသောကြောင့် ရုတ်တရက်တုံ့ဆိုင်းသွားသည်။ ဝမ်ချီက သူ့ကို အပြစ်မြင်မည်ကို ဝမ်လျန်စိုးရိမ်၏။


၎င်းကိုတွေးပြီး ဝမ်လျန် ​​အနည်းငယ် ကြောက်ရွံ့လာခဲ့သည်။ သူ ကြိုးများကို လက်ချောင်းထိပ်များနှင့်ကြိမ်ဖန်များစွာ ပွတ်သပ်ပြီး စည်းချက်မညီသည့်သံစဉ်ကို တီးခတ်ပြီးနောက် အံကြိတ်ကာ ဗျပ်စောင်းကို ကောက်ယူ၍ အပြင်သို့ ထွက်သွားခဲ့သည်။


အစေခံမိန်းကလေးနှစ်ယောက်က အပြင်တွင် ရပ်စောင့်နေသည်။


“ငါ့အမေ ပြန်သွားပြီလား …” 

ဝမ်လျန်က အပြင်တွင်ရပ်နေသော အစေခံမလေးနှစ်ယောက်ကိုကြည့်၍ မေးလိုက်သည်။ 


“သခင်မပြန်သွားတာ နည်းနည်းကြာပါပြီ…” 

အစေခံမလေးတစ်ယောက်က ပြန်ဖြေ၏။ 


“ဗျပ်စောင်းကို ငါ့အမေကိုပြန်ပေးပြီး ငါ့မှာတခြားနည်းလမ်းရှိတယ်လို့ ပြောလိုက်ပါ…”

ဝမ်လျန်က စောင်းအား အစေခံမလေးကို ကမ်းပေးလိုက်ကာ အမိန့်ပေးလိုက်သည်။


ဝမ်လျန်က​ ပြောပြီးသည့်နောက် အခန်းထဲသို့ပြန်ဝင်ရန် လှည့်လိုက်သည်။ 


ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် ရုတ်တရက်ရပ်လိုက်ကာ တုံ့ဆိုင်းသွားသည်။ 


သူ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး အလျင်စလို ပြန်ပြေးထွက်လာခဲ့သည်။

“ခဏလေး…” 


ဝမ်လျန်က ဗျပ်စောင်းကိုပိုက်ကာ လမ်းလျှောက်သွားသည့် အစေခံကိုမြင်သည့်အခါ အော်လိုက်လေသည်။


“သခင်လေး ဘာများ အမှာပါးချင်ပါလဲ…”

အစေခံမိန်းကလေးက နားမလည်သော်ငြား ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လေသည်။ 


"ငါစိတ်ပြောင်းသွားပြီ၊ ဗျပ်စောင်းကို ငါ့ဆီပြန်ပေး…”

ဝမ်လျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မှာကြားသည်။ 


အစေခံထံမှ စောင်းကို ယူပြီးနောက် ဝမ်လျန်က နောက်ပြန်လှည့်မကြည့်ဘဲ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။ ဝမ်လျန်က စောင်းကို မှန်တင်ခုံပေါ်တင်လိုက်ပြီး ကြေးမုံမှန်ပေါ်မှ သူ့၏အံ့ကြိတ်ထားသည့်မျက်နှာကို မြင်လိုက်ရသည်။


"ဝမ်ချီ မင်းပဲ ငါ့ကို ဒီလိုရက်စက်တတ်အောင်လုပ်တာ…"

ဝမ်လျန်က မှန်ထဲမှပုံရိပ်ကို စိုက်ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်နေသည်။

“မင်းဘက်ကစပြီး ဝမ်မိသားစုကို မကြင်နာတဲ့အတွက်ကြောင့် ငါ့ဘက်က ဒီလိုတုံ့ပြန်တာကို အပြစ်မမြင်ပါနဲ့…”


အကယ်၍ ဝမ်ချီသာ မင်းကြီးထံသို့သွားပြီး စောဒကတက်ခြင်း မလုပ်ခဲ့ပါက ဝမ်မိသားစုက ဤမျှအတိုင်းအတာအထိ ဒုက္ခရောက်မည်မဟုတ်ပေ။


ဝမ်ချီလုပ်ခဲ့သည့်အရာနှင့် နှိုင်းယှဉ်လိုက်လျှင် ဝမ်ချီ၏အမေထားခဲ့သော ဗျပ်စောင်းကို သူအသုံးပြုခြင်းက ပြစ်မှုကြီးတစ်ခုမဟုတ်ချေ။ 


စနစ်၏ အပြောအရဆိုလျှင် သူ့အမေက သူ့အား ပွဲတော်မသွားမီတွင် ‌ဗျပ်စောင်းတစ်ခုပေးလိမ့်မည်။ အကယ်၍ သူ။ထိုဗျပ်စောင်းကို မက်မွန်ပွင့်ပွဲတော်ကိုယူသွားပြီး အများရှေ့၌ သံစဉ်တီးခတ်ပြနိုင်ခဲ့လျှင် စတုတ္ထမင်းသား၏ နှစ်ခြိုက်ခြင်းကို ရနိုင်ပြီး ဝမ်မိသားစုတစ်ခုလုံးကိုလည်း ကယ်တင်နိုင်ပေလိမ့်မည်။


သူ အခုကဲ့သို့လုပ်ရခြင်းက သူ့တစ်ယောက်တည်းကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဝမ်မိသားစုအတွက်သာ လုပ်ရခြင်းဖြစ်သည်။


လီဟောက်က သူ စနစ်နှင့်ဆက်သွယ်ရာတွင် သုံးရသော ကျောက်တုံးကို လုသွားသော်ငြား သူအနေနှင့် ဤကဲ့သို့အခွင့်အရေးကောင်းကို လက်လွှတ်မခံနိုင်ပေ။ သူက စနစ်ပြောသည့်အတိုင်း လုပ်သင့်သည်ဟု တွေးလိုက်သည်။


မက်မွန်ပွင့်ပွဲတော်ကို မက်မွန်တောအုပ်ထဲတွင် ကျင်းပခဲ့သည်။ ပတ်ပတ်လည်တစ်ခွင်တွင် ပန်းရောင်များနှင့် ဖုံးလွှမ်းနေပြီး ရင်သပ်ရှုမောစွာ လှပလွန်းနေသည်။


ဝမ်လျန်က လီဟောက်၏မြင်းလှည်းထဲတွင် စီးနှင်းလိုက်ပါကာ သူတို့နှစ်ယောက် ဧည့်ခံပွဲသို့  ရောက်သောအချိန်၌ ဖိတ်ကြားခံထားရသော ဂုဏ်သရေရှိဧည့်သည် အမြောက်အမြားလည်း ရောက်ရှိနေပြီဖြစ်သည်။ ပွဲခင်းထဲတွင် ဧည့်သည်များက နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့စု၍ စကားပြောနေကြပြီး ဆူညံနေ၏။  


ဝမ်လျန် ယခင်က သခင်မရှုနှင့် ပွဲကြီးပွဲငယ်များစွာသို့ သွားဖူးသော်လည်း ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်သည်။ တော်ဝင်မင်းသမီးနှင့် အခြားဆွေမျိုးတော်များကို မကြာမီ တွေ့ရတော့မည်ဟု တွေးမိသည့်အချိန်တွင် သူ့လက်ဖဝါးနှစ်ဖက်လုံး ချွေးများထွက်ပြီး စိတ်လှုပ်ရှားနေသည်။ 


တော်ဝင်မင်းသမီးအပြင် စနစ်က သူ့အား အကြိမ်များစွာ ပြောခဲ့တဲ့ မင်းသား(၄) ရှစ်ကျင်း လည်းရှိသေးသည်။ နောက်ဆုံးတွင် သူ မင်းသား(၄)ကို တွေ့နိုင်တော့မည် ဖြစ်သည်။



“ရှစ်ကျင်း…” 

ဝမ်လျန်က သူ့အတွေးထဲတွင် မင်းသား(၄)၏ အမည်ကို ထပ်ခါတလဲလဲ ရေရွတ်ခဲ့သည်။ 


ဖြစ်နိုင်ချေနည်းပါးသော မျှော်လင့်ချက်စိတ်ခံစားမှုလေး နှလုံးသားထဲမှဖြစ်ပေါ်လာကာ သူ့ခြေလက်များဆီသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွား၍ သူ့လက်ကိုသူ တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။


စနစ်ပြောသည့်အတိုင်း အရာအားလုံး အဆင်ပြေချောမွေ့မည်ဟု သူမျှော်လင့်သည်။


လီဟောက်ကလည်း  မျှော်လင့်ချက်အပြည့်နှင့် ယခုပွဲကိုလာခြင်းဖြစ်သည်။ သူက ဧကရာဇ်မင်းမြတ်၏ ဆွေမျိုးများနှင့် သိကျွမ်းခွင့်ရရုံသာမက ဤအခွင့်အရေးကိုအရယူကာ အနာဂတ်တွင် ပိုမိုအဆင်ပြေလုပ်ဆောင်နိုင်စေရန် ရာထူးကြီးအမှုထမ်းအချို့နှင့် ရင်နှီးကျွမ်းဝင်ချင်ခဲ့သည်။ 


အစေခံတစ်ဦးရောက်လာပြီး သူ့ကိုလာရောက်မနှိုးဆော်မီအထိ လီဟောက်က ထိုအရာရှိများနှင့် ခဏတာ စကားစမြည်ပြောနေဆဲဖြစ်၏။ ထို့နောက် ငြိမ်သက်နေသောဝမ်လျန်ကို ကွင်းထဲသို့ ခေါ်သွားခဲ့သည်။ 


ကွင်းထဲတွင်မှု ဧည့်ပရိတ်သတ်များ၏ ရာထူးအဆင့်အတန်းအလိုက် နေရာထိုင်ခင်းစီစဉ်ထားသည်။ မိသားစုနောက်ခံနှင့်ရာထူးပေါ်မူတည်ပြီး စီစဉ်ပေးထားသည့်နေရာသည်လည်း မတူညီပေ။ 


တော်ဝင်မင်းသမီးနှင့် ဧကရာဇ်သားတော်တို့က အရှေ့တည့်တည့်တွင်ရှိသော ရွက်ဖျင်တဲထဲတွင်နေရာယူထားသည်။ ဤရွက်ဖျင်တဲများကို ယာယီအတွက်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ပိုးထည်များနှင့် ဖုံးအုပ်ထားသည်။ ထိုရွက်ဖျင်တဲများနောက်တွင် မက်မွန်ပွင့်အပင်များ ဖြန့်ကျက်ထားတာကြောင့် ပို၍ ထူးခြားလှပနေ၏။ 


ဆွေတော်မျိုးတော်များ နေမည့်နေရာက အနောက်အနည်းငယ်ကျ၏။ နေရောင်ခြည်ဒဏ်မှကာကွယ်ရန် အမိုးအကာများပါရှိသော်လည်း ၎င်းက ပိုးထည်အကာနှင့်ယှဉ်လျှင် အလွန်ရိုးရှင်းလှသည်။ 


ကျန်လူများအားလုံးအတွက်မူ အမိုးအကာမရှိသော ကွင်းပြင်တွင် နေရာစီစဉ်ပေးထား၍  နေရောင်ခြည်ကိုအံတုကာ ကြွေကျနေသော မက်မွန်ပွင့်များကြား ပတ်ဝန်းကျင်အလှကို ရှုစားနေရန်သာတတ်နိုင်သည်။ 


ဖိတ်ခေါ်ခံရသူများကြားတွင် လီဟောက်၏ ရာထူးအဆင့်အတန်းက မမြင့်မားသောကြောင့် သူတို့ရရှိထားသောနေရာက ပို၍ပင်အစွန်ကျ၏။ ပတ်ဝန်းကျင်တွင် မက်မွန်ပွင့်အပင်များ မရှိသည့်အပြင် နေက တိုက်ရိုက်တောက်ပနေသဖြင့် ဝမ်လျန် မျက်လုံးမဖွင့်နိုင်ဖြစ်နေသည်။


ပွဲတော်က ထိုသို့သောပုံစံဖြစ်မည်ကို ဝမ်လျန် မမျှော်လင့်ထားချေ။ သူက ထည်ဝါခမ်းနားစွာ ၀တ်ဆင်ထားသောကြောင့် သူ့အဝတ်အစားက အလွန်ထူနေ၍ နေပူထဲတွင် ခေတ္တခဏဆိုလျှင် သည်းခံနေနိုင်သော်ငြား အချိန်ကြာကြာ မနေနိုင်လောက်ပေ။


နာရီဝက်မပြည့်မီမှာပင် သူ့အတွင်းအဝတ်အစားများက ချွေးများနှင့် စိုရွှဲနေပြီဖြစ်သည်။


သူ့နဖူးကို လက်နှင့်ထိလိုက်သည့်အချိန်တွင် လက်ပေါ်ရှိချွေးများကို ခံစားလိုက်ရသည်။


သူ့ဘေးတွင် ထိုင်နေသည့်လီဟောက်က မျက်လုံးထောင့်ကတစ်ဆင့် သူ့၏လှုပ်ရှားမှုကို သတိထားမိပြီး ခေါင်းကိုလှည့်၍ ကျေနပ်စွာစိုက်ကြည့်ရင်း မေးသည်။ 

“မင်းနောင်တရသလား…”


ဝမ်လျန်က လီဟောက်၏အသံကို မကြားချင်ယောင်ဆောင်ကာ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။


"မင်းဒီကိုရောက်နေပြီပဲ… ဘာတွေများဟန်လုပ်နေသေးတာလဲ…”

လီဟောက်က မထီမဲ့မြင်ပြုကာပြောလိုက်သည်။


"မင်းဆက်မနေနိုင်ရင် ငါ့ကိုကြိုပြော.. အဲ့ဒါမှမင်းကိုထွက်သွားဖို့ စီစဉ်ပေးလို့ရမှာ ငါ့ကိုမျက်နှာမပျက်စေနဲ့…"


ဝမ်လျန်က တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။


လီဟောက်က ဝမ်လျန်ကို ခဏတာစိုက်ကြည့်ပြီး ပျင်းသွားပုံရကာ သူ့ဘေးနားကလူနှင့် စကားပြောရန် ပြန်လှည့်လိုက်သည်။ 


ထိုမှသာ ဝမ်လျန်က သူ့ကျောက်တုံးကို ဝတ်ဆင်ထားသည့် လီဟောက်၏လည်ပင်းကို မော့ကြည့်လိုက်သည်။


အဘယ်ကြောင့်ဆိုသော် လီဟောက်၏လည်တိုင်တွင် သူအလွန်ရင်းနှီးသော အနီရောင်ကြိုးတစ်ချောင်း ပတ်လျက်ရှိနေသောကြောင့်ဖြစ်သည်။


ဝမ်လျန်က လီဟောက်၏လည်ပင်းမှ ထွက်လာသော အနီရောင်ကြိုးကို အနီးကပ် စိုက်ကြည့်နေသည်။ သူက စနစ်နှင့် စကားပြောရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်ပေ။


စနစ်က ကျောက်တုံးကို သူ့ခန္ဓာကိုယ်ပေါ်တွင် အမြဲဆောင်ထားရန် တစ်ချိန်က ပြောခဲ့ဖူးသည်။ မဟုတ်ပါက သူ့အနေဖြင့် စနစ်နှင့်အဆက်အသွယ် ပြတ်တောက်ပြီး မထင်မှတ်ထားသည့် မတော်တဆမှုများ အများအပြား ဖြစ်လာနိုင်သည်။ 


ကျောက်တုံးကို အမြန်ပြန်လုရမယ်…


ဤအခိုက်အတန့်တွင် မိန်းကလေးအချို့၏ တီးတိုးအော်သံနှင့်အတူ အနီးအဝေးတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။


"မင်းသား(၄) ရောက်လာပြီ…”


"မင်းသား(၄) ဒီနှစ်တော့လာမယ်ဆိုတာ ငါသိတယ်၊ ငါ မှန်းထားတာ မှန်တယ်၊ ဟားဟား…”


"မင်းသား(၄) ဒီကိုရောက်နေပြီဆိုတော့ အိမ်ရှေ့မင်းသားက အရင်နှစ်တွေလို ပေါ်မလာတော့မှာ သေချာတယ်…"


“…”


မင်းသား(၄)…


ဝမ်လျန်က ဤစကားသုံးခွန်းကို ကြားလိုက်သောအချိန်တွင် သူ့နှလုံးသားက အထိမ်းအကွပ်မရှိ ခုန်နေတော့သည်။


လည်ချောင်းထဲမှ ထွက်လုနီးပါးဖြစ်နေသည့် စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး ခေါင်းကိုခါယမ်းကာ မိန်းကလေးများ ကြည့်သည့်နေရာကို လိုက်ကြည့်သည်။


နေရောင်အောက်တွင် သွယ်လျသောရုပ်သွင်တစ်ခု ပေါ်လာလေသည်။ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သခင်လေးက အစေခံတစ်ဦး၏ လမ်းပြမှုနောက် လိုက်ပါသွားသော်ငြား ဝမ်းဗိုက်ပူပူအရာရှိတစ်ဦး၏ နှုတ်ဆက်ခြင်းကြောင့် ရပ်တန့်ကာ နှစ်ယောက်သား ရယ်မောပြောဆိုနေခဲ့သည်။


လူငယ်လေးက အရပ်ရှည်ရှည် ဖြောင့်စင်းပြီး ချောမောသောမျက်နှာလေးက နွေးထွေးသည့် နေရောင်ခြည်ကြောင့် မှုန်ဝါးနေသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော နူးညံ့သည့် အရှိန်အဝါက မိန်းကလေးများနှင့် သခင်လေးများစွာကို စိတ်လှုပ်ရှားစေဆဲဖြစ်သည်။


ဝမ်လျန် အံ့အားသင့်သွား၏။ 


ဒီလူက မင်းသား(၄)ပဲ…


ငါနဲ့ မဖြစ်မနေသိကျွမ်းဖို့ ရေစက်ပါလာတဲ့ မင်းသား(၄)ပဲ…


ဝမ်လျန်က သူ့အသက်ရှူသံများ တဖြည်းဖြည်းပူလာပြီး သူ့ရင်ဘတ်ထဲတွင် သမင်တစ်ကောင် ခုန်ပေါက်နေသည်ကို ခံစားလိုက်ရသည်။ မင်းသား(၄)ထံသို့ ရောက်ရှိရန် မည်သို့ကြိုးစားအားထုတ်ရမည်ကို သူ မသိပေ။ 


မင်းသား(၄)က ခေါင်းကိုလှည့်ပြီးလှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့ မျက်လုံးချင်းဆုံသွားသည်။


ဤအချိန်ခဏတွင် တစ်လောကလုံး တိတ်ဆိတ်သွားခဲ့သည်။


ဆယ့်ရှစ်နှစ်ကြာအသက်ရှင်ပြီးနောက် ဝမ်လျန်က ပုံပြင်စာအုပ်များတွင် ဖော်ပြထားသော "မြင်မြင်ချင်း အချစ်" ကို ရုတ်တရက် ယုံကြည်သွားခဲ့သည်။


တစ်ဖက်တွင်လည်း ရှစ်ကျင်း၏အကြည့်များက လူအုပ်ကြားကိုဖြတ်သွားကာ ဝမ်လျန်အပေါ်သို့ ရောက်ရှိသွားပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။


ဤလူ၏မျက်လုံးများက အလွန်ရဲတင်းလှသည်။ သားကောင်အဖြစ် ပစ်မှတ်ထားခံရသကဲ့သို့ ခံစားရသောကြောင့် သူ့အား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။


ဝမ်လျန်၏အကြည့်စူးစူးမှ ရှောင်ရှားရန် မျက်လုံးလွှဲလိုက်သည့်အချိန်တွင် ရှစ်ကျင်း၏အကြည့်များက ဝမ်လျန့်ဘေးတွင်ရှိသော လီဟောက်အပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။


ထိုအချိန်တွင် လီဟောက်က ရှစ်ကျင်း၏ဖြစ်တည်မှုကို သတိမထားမိဘဲ ရယ်ရိပ်သမ်းကာ တစ်စုံတစ်ယောက်နှင့် စကားပြောနေလေသည်။


ရုတ်တရက် ရှစ်ကျင်းက သူ့နှလုံးခုန်သံမြန်လာသည်ကို ကြားလိုက်ရသည်။




💮💮💮


( တလွဲတွေဖြစ်တော့မယ်လို့ အာရုံရနေပြီ🤣 )