Chapter 47
Viewers 11k

💮Chapter 47



ဘာဖြစ်သွားတာပါလိမ့်…


ရှစ်ကျင်းက မသက်မသာ ခံစားလိုက်ရပြီး သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။ သူ ခံစားလိုက်ရသော ခံစားချက်ကို ထင်ယောင်ထင်မှား ဖြစ်ခြင်းဟု ထင်ခဲ့သော်လည်း ထင်ယောင်ထင်မှား ဖြစ်ခြင်းမဟုတ်ဘဲ နှလုံးခုန်နှုန်းက မြန်၍နေသည်။


သူက နဖူးကြောများကို ရှုံ့လိုက်ပြီး မျက်တောင်မခတ်ဘဲ လီဟောက်ကိုသာ စိုက်ကြည့်နေလိုက်သည်။


သူ အမြင်မှားနေသည်ဟု သံသယ ဝင်မိသော်လည်း လီဟောက် ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်နေရသည်။ ထိုအလင်းတန်းများက ညကောင်းကင်ယံက ကြယ်လေးများကဲ့သို့ သူ့ကို နက်နက်နဲနဲ စွဲဆောင်နေသည်။


“မင်းသားရွှမ်…”

နာမည်ခေါ်သံက သူ့ကို အတွေးထဲမှ ရုန်းထွက်နိုင်လိုက်စေပြီး သူနှင့် စကားပြောနေခဲ့သော အမတ်က သူ့အား စိုးရိမ်တကြီးနှင့် စိုက်ကြည့်နေလေသည်။

“အဆင်ပြေရဲ့လား မင်းသားရွှမ်…”


(T/N - မင်းသား၄ရဲ့ နောက်ထပ်နာမည်တစ်ခုပါ/ E translatorရဲ့ အပြောအရဆို မင်းသား၄‌ရဲ့ တော်ဝင်ရာထူးက ရွှမ်ဝမ်/ ဘုရင်ရွှမ်ဖြစ်နေလို့ သူကprince yuanဆိုပြီး ရေးလိုက်တာပါတဲ့)


ရှစ်ကျင်းက သံသယ ဝင်နေဆဲဖြစ်သော်လည်း ဤအချိန်တွင် ထုတ်ပြောရန် အဆင်မပြေသောကြောင့် လီဟောက်က်ို ဆက်မကြည့်တော့ဘဲ ခေါင်းခါလိုက်ပြီး ဖြေသည်။

“ဘာမှ မဖြစ်ဘူး…”


အမတ်လည်း စ်ိတ်သက်သာရာ ရသွားပြီး တဲထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။

“အပြင်မှာ နေပူပါတယ်… မင်းသား နေလောင်မှာကို ကျွန်တော်မျိုး စိတ်ပူလို့ ကျွန်တော်မျိုးတို့ အထဲဝင်ထိုင်ပြီး စကားပြောကြမလား…”


ရှစ်ကျင်းက နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်ပြီး ချိုမြိန်စွာ ပြုံးကာ ပြောသည်။

“ပန်ဝမ် အလိုရှိတာလည်း ဒါပါပဲ…”


အမတ်က ပြုံးပြီး ပြန်တုံ့ပြန်သည်။

“ကျေးဇူးပြုပြီး ဝင်ပါ မင်းသားရွှမ်…”


သူ့စကားအဆုံးတွင် ရှစ်ကျင်းလည်း မှူးမတ်များ၏ ဦးဆောင်မှုဖြင့် အထဲသို့ ဝင်လိုက်သည်။


အကွာအဝေးတစ်ခု လျှောက်လှမ်းလိုက်ပြီးနောက် သူ့နှလုံးခုန်နှုန်း ပြန်၍တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသော်လည်း လီဟောက်ရှိရာသို့ လှမ်းမကြည့်ဘဲ မနေနိုင်ပေ။


လီဟောက်က ဘေးနားက လူနှင့် စကားပြောဆိုပြီးနောက် ထိုင်ခုံပေါ်တွင် ပျင်းပျင်းရိရိ ပြန်ထိုင်ကာ ခေါင်းမော့၍ မျက်ခုံးကြားတွင်မှဲ့ရှိသည့် လှပသော ကောင်လေးတစ်ယောက်ကို စကားလှမ်းပြောနေ၏။


ထိုမှဲ့ပိုင်ရှင် ကောင်လေးက လီဟောက်ထံတွင် အာရုံ ရှိမနေဘဲ ရှစ်ကျင်းကိုသာ သနားစဖွယ် မျက်လုံးများနှင့် လှမ်းကြည့်နေသည်။


သို့သော်လည်း ရှစ်ကျင်းက ထိုကောင်လေးကို တစ်ချက်မျှပင် မကြည့်ပေ။


သူ့တွင် အခြားအရာကို အာရုံစိုက်ရန် ခွန်အား မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့နှလုံးခုန်နှုန်း ပြန်၍ မြန်ဆန်လာကြောင်း ခံစားလိုက်ရသောကြောင့် ဖြစ်သည်။


ဒုတ်.. ဒုတ်…


ဒုတ်… ဒုတ်…


ရင်ဘတ်ထဲမှ ခုန်ထွက်သွားလုနီးပါး တုန်ခါနေ၏။


လီဟောက်ကို ကြည့်လိုက်မိသည်နှင့် သူ့ခန္ဓာကိုယ်ထဲ တစ်ခုခု မှားယွင်းနေပြီး ဝိညာဉ်ကပ်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။


အဆုံးသတ်တွင် ရှစ်ကျင်းက အကြည့်လွှဲနိုင်ရန် ကြိုးစားလိုက်ရသည်။


တဲထဲရောက်သောအချိန်တွင် သူက အခြားမှူးမတ်များ အချင်းချင်း နှုတ်ဆက်နေသည်ကို အခွင့်ကောင်း ယူလိုက်ပြီး သူ့ကိုယ်ရံတော်ကို လှမ်းခေါ်လိုက်သည်။


“ဟိုနေရာမှာ ထိုင်နေတဲ့ အပြာရောင်ဝတ်ထားတဲ့ လူငယ်လေးရဲ့ နာမည်ကို စုံစမ်းလာခဲ့…အသေးစိတ် သိရရင် ပိုကောင်းတယ်…”

ရှစ်ကျင်းက ခပ်တိုးတိုး ပြောလိုက်၏။


ကိုယ်ရံတော်က အမိန့်နာခံကာ ထွက်သွားသည်။


ကိုယ်ရံတော် ထွက်သွားသော်လည်း ရှစ်ကျင်းက အနည်းငယ်မျှပင် သက်သောင့်သက်သာ ဖြစ်မနေဘဲ မျက်နှာထားက တင်းမာနေ၏။


အချိန်အတန်ကြာပြီးနောက် ခပ်တိုးတိုး သက်ပြင်းချကာ မျက်နှာပေါ်တွင် အပြုံးကို ထပ်မံဆင်မြန်းလိုက်ပြီး အမတ်များကို လှည့်ကြည့်လိုက်သည်။


ဝမ်လျန်က တဖြည်းဖြည်း အဝေးသို့ရောက်သွားသော ရှစ်ကျင်းကို မျက်လုံးမခွာဘဲ လိုက်ကြည့်နေသည်။ ရှစ်ကျင်း အမတ်နောက်မှလိုက်၍ တဲထဲသို့ ဝင်သွားသောအချ်ိန်တွင် တဲက လိုက်ကာ ကာထားသောကြောင့် တဲထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ 


သူ မကျေမနပ်နှင့် အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်သော်လည်း မည်သည့်ကိုမှ မမြင်ရသောကြောင့် အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။


အတိတ်တွင် သူက စနစ်ပြောပြခဲ့သော အကြောင်းအရာများကို နားထောင်ခဲ့ဖူးသောကြောင့် မင်းသား(၄)ကို သူစိမ်းဟု မတွေးခဲ့ဖူးပေ။ သို့သော်လည်း ယခု သူနှင့် မင်းသား(၄)ကြားရှိ အကွာအဝေးက နှစ်ယောက်၏ အဆင့်အတန်း ကွာခြားမှုကို မီးမောင်းထိုးပြလိုက်သည်။


မင်းသား(၄)မှာ သူ့၏ ဖူးစာဖက်ဟု စနစ်က ပြောထားသော်လည်း မင်းသား(၄)ထံသို့ သွားရောက်ပြီး စကားပြောရန် သတ္တိ သူ့တွင်မရှိပေ။


ကံကောင်းတာက…


မင်းသား(၄)ကလည်း ငါတို့ကို သတိပြုမိနေပြီးတော့ အဝေးရောက်သွားတာတောင်မှ ဒီဘက်ကို မကြာခဏ လှည့်ကြည့်နေတယ်…


မင်းသား(၄)ရဲ့ စိတ်ထဲမှာ ငါ ရှိနေတာ နေမယ်… စနစ် တစ်ခါက ပြောဖူးတဲ့ စီစဉ်မှုတစ်ခုလည်း ဖြစ်နိုင်တယ်…


ဝမ်လျန်က ထိုသို့ တွေးမိပြီး အနည်းငယ် ပျော်ရွှင်သွားသော်လည်း သူ့ခံစားချက်များကို လီဟောက် သိသွားမည်ကို စိုးရိမ်သောကြောင့် ပျော်နေခြင်းကို ထုတ်မပြနိုင်ပေ။


ဝမ်လျန်က လက်ဖဝါးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်လိုက်သည်။


သူ့ကို လီဟောက်က လှမ်းစကား ပြောနေသော်လည်း လီဟောက်၏ စကားများက်ို နားထောင်ချင်စိတ် ရှိမနေဘဲ  သူ့မျက်ဝန်းနှင့် နှလုံးသားထဲတွင် ရှစ်ကျင်း၏ နူးညံ့သော အပြုံးများနှင့်သာ ဖုံးလွှမ်းနေသည်။


မင်းသား(၄)အကြောင်း တွေးလိုက်သည်နှင့် သူ့နှလုံးသားထဲ ချိုမြိန်သွားပြီး ဘဝ၏ ခါးသီးမှုများ ပျောက်ကွယ်သွားလေသည်။


ထိုအချိန်တွင် လီဟောက်၏ စကားသံ ရပ်တန့်သွားလေသည်။


ဝမ်လျန်က လီဟောက်မှာ သူ့လို သစ်သားတုံးနှင့် စကားပြောရသောကြောင့် ပင်ပန်းသွားခြင်း ဖြစ်မည်ဟု တွေးလိုက်သော်လည်း လီဟောက်က ခုံပေါ်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ကာ အဝေးတစ်နေရာသို့ ခေါင်းပြူပြီး ကြည့်နေသည်။


တစ်ချိန်တည်းတွင် သူ့ဘေးနားက လူများကလည်း အသီးသီး ခုံပေါ်မှ ထလိုက်ကြပြီး ဆူညံသံများ ဝမ်လျန့်နားထဲသို့ ဝင်ရောက်လာ၏။


“အိမ်ရှေ့စံလည်း ဒီရောက်နေတာပဲ…”


“အမှန်ပဲလား… ပြောတာ ကြားရတာတော့ အိမ်ရှေ့စံနဲ့ မင်းသား(၄)တို့…”


ထိုအမျိုးသားက စကားတစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီး စကားမှားပြောမိလိုက်သည်ကို သဘောပေါက်ကာ အလျင်အမြန် ရပ်လိုက်သည်။ ခဏကြာမှသာ ထပ်မံပြော၏။

“ဒီနေ့ မင်းသား(၄)လည်း ဒီမှာ ရှိနေတာ အိမ်ရှေ့စံကပါ ဒီကို ဘာလို့ ရောက်လာပါလိမ့်…”


လူကြီးမင်းချန်က ဝေါယာဉ်ထဲမှ ထွက်လာသော အိမ်ရှေ့စံ၏ ပုံရိပ်ကို မြင်ပြီး ပြောလိုက်သည်။

“အိမ်ရှေ့စံ အမှန်ပဲ… အိမ်ရှေ့စံက တစ်ယောက်တည်း ရောက်မလာပဲ ဝမ်မျိုးနွယ် သခင်လေးတစ်ယောက်ကိုပါ ခေါ်လာတာပဲ…”


ထိုစကားများ ထွက်လာသည်နှင့် နားစွင့်နေသော ဝမ်လျန်လည်း ထိတ်လန့်သွားတော့သည်။


သူက အံ့ဩတကြီးဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်နှာက ဖြူဖျော့သွားလေသည်။

ဝမ်မျိုးနွယ် သခင်လေးဆိုတာ ဝမ်ချီများ ဖြစ်နေမလား…


လီဟောက်က မျက်နှာအမူအရာ တင်းနေသော ဝမ်လျန်ကို စောင်းကြည့်ကာ စိတ်လှုပ်ရှားစရာ တွေ့သွားသကဲ့သို့ အနားကပ်ပြီး တုံ့ဆိုင်းမှု မရှိဘဲ မေးလိုက်သည်။


“လူကြီးမင်းကို မေးပါရစေ… အဲ့ ဝမ်မျိုးနွယ် သခင်လေးရဲ့ နာမည်ကို သိပါလား…”


ထိုအမျိုးသားက ဖြေသည်။

“အရှေ့နန်းဆောင်ထဲမှာ ဝမ်သခင်လေး နောက်တစ်ယောက်များ ရှိသေးလို့လား… ဝမ်ချန်ချင်းက တရားဝင်သားရဲ့ နေရာမှာ ကိုယ်လုပ်တော်က မွေးတဲ့သားတော် ဝမ်ချီကို အစားထိုးပြီး အရှေ့နန်းဆောင်ထဲ ဆက်သလိုက်လို့ ပြသာနာတွေတောင် ဖြစ်သွားသေးတယ်… အဲ့ဒါကြောင့်ပဲ မင်းကြီးက သူ့ကို ရာထူးချလိုက်တာ…”


အခြားသူများက ခေါင်းခါပြီး ရေရွတ်လိုက်ကြသည်။

“ဝမ်ချန်ချင်းက ဘယ်လိုတွေတွေးခဲ့လဲ မသိပါဘူး… သူကတော့ သူရဲ့ တရားဝင်သားအတွက် လုပ်ခဲ့တာဆိုပေမဲ့ အဲ့မျက်ခုံးကြားထဲ မှဲ့နီရှိတဲ့ သားကြီးကိုလည်း အချိန်တန်ရင် လက်ထပ်ပေးလိုက်ရမှာပဲ… အစားထိုးပြီး ဆက်သလိုက်တာမို့ တရားဝင်သားအနေနဲ့ ဆက်ပြီးသတ်မှတ်လို့လည်း မရတော့ဘူး… သူဘာလို့များ ဒီလို လုပ်ခဲ့ပါလိမ့်…”


ထိုလူများက အချင်းချင်း ဆွေးနွေးနေကြ၏။


ဝမ်လျန်က တစ်ဖက်မှာ နားထောင်နေပြီး ထိုလူများ၏ အတင်းအဖျင်းစကားများနှင့် ဝမ်ချီ ရောက်ရှိလာမှုကြောင့် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေသည်။ 


သူက ဝမ်ချီ ရောက်လာလိမ့်မည်ဟု ကြိုတင်ပြင်ဆင်ထားသော်လည်း ယခု အမှန်တကယ် ရောက်ရှိလာသော အချိန်တွင် မကျေမနပ် ဖြစ်နေမိသည်။

အစက ဝမ်ချီ မလာလောက်ဘူးလို့ နည်းနည်း မျှော်လင့်ထားသေးတာ…


ဝမ်ချီက မက်မွန်ပွင့်ပွဲတော်ကို စိတ်မဝင်စားသည့်အပြင် ပွဲတော်ထဲ ခြေမချပါဟုလည်း သူကိုယ်တိုင် ကတိပေးထားသေး၏။ သို့သော်လည်း အဆုံးသတ်တွင် ဝမ်ချီက ကတိကို ချိုးဖောက်သွားလေသည်။


ဝမ်လျန်က သွေးအရသာကို ခံစားလိုက်ရသောကြောင့် အသိပြန်ဝင်သွားကာ မတော်တဆ နှုတ်ခမ်းကိုက်ထားမိကြောင်းကို သတိထားမိသွားသည်။ သေးငယ်သော နာကျင်မှုလေးက မိုးရေစက်များ စင်ခြင်း ခံရသကဲ့သို့ နှုတ်ခမ်းပေါ်တွင် ထုံကျဉ်နေပြီး နာကျင်မှုဒဏ်ကြားတွင် သူက အရှေ့သို့ စူးစိုက်ကြည့်နေသည်။


မကြာမီတွင် ရင်းနှီးသောပုံရိပ်တစ်ခု လူအုပ်ထဲ ဖြတ်လျှောက်လာသည်ကို မြင်လိုက်ရသည်။


ယနေ့ပွဲတွင် ဝမ်ချီက အဖြူရောင်အင်္ကျီလက်အရှုံ့ကို ဝတ်ဆင်ထားပြီး တိမ်ပုံစံချည်ထိုးထားသော အပြာနုရောင် ပိုးခါးပတ်ပြားအကြီးကို ခါးတွင်ပတ်ထားလေသည်။ သူက အလွန်အရပ်ရှည်၍ ယခင်သာမန်အဝတ်အစားများကပင် သူ့ချောမောမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။  ယခု သူ့ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သော ဤအဝတ်အစားများကြောင့် ချောမောမြင့်မြတ်သော တော်ဝင်သခင်လေးကဲ့သို့ ထည်ဝါခမ်းနားနေသည်။


ဝမ်ချီက သူ့မျက်နှာတွင် မည့်သို့သောစိတ်ဝင်စားမှုမှ ထွေထွေထူးထူး ဖော်ပြထားခြင်းမရှိချေ။  သူ့ကို နှုတ်ဆက်ရန် လာသောလူများအား စိတ်မဝင်စားသည့် အကြည့်နှင့်သာ ပြန်ကြည့်နေသည်။ သူ၏ ကြည်လင်သော ဗာဒံမျက်လုံးများကသာ နေရောင်ကြောင့် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။


ဝမ်လျန် ထင်ယောင်ထင်မှားဖြစ်ခြင်းပေလား  မသေချာသော်လည်း ဝမ်ချီ၏ ကိုယ်အလေးချိန် အနည်းငယ်တက်လာသည်ဟု သူခံစားရသည်။


ဝမ်လျန်က ငယ်စဉ်ကပင် သခင်မရှု၏ စည်းကမ်းထိန်းချုပ်မှုအောက်တွင် နေခဲ့ရပြီး  သူမက သူ့ရုပ်သွင်နှင့်ခန္ဓာကိုယ်ကို ထိန်းသိမ်းရန် အလွန်တင်းကြပ်ခဲ့သည်။ သခင်မရှုက သူ ထမင်းနှစ်လုတ် ပိုစားမိသည့်အချိန် သို့မဟုတ် အလေးချိန်နှစ်အောင်စမျှ တက်လာသည့်အချိန်မျိုးတွင် အစေခံများရှေ့၌ သူ့အား ဆူပူပြောဆိုလေ့ရှိသည်။ 


ဝမ်လျန် အတွက် "အလေးချိန်တိုးခြင်း" ဟူသည့်ကိစ္စက အလွန်မနှစ်မြို့ဖွယ်ကောင်းသော စကားလုံးနှစ်လုံးဖြစ်သော်လည်း ထ်ိုစကားက ဝမ်ချီအပေါ်တွင်မူ မည်သည့်သက်ရောက်မှုမှ ရှိမည့်ပုံမပေါ်ချေ။ ဝမ်ချီ၏ ယခုပုံစံက ယခင်ထက် များစွာသာလွန်သည်ဟု သူခံစားရသည်။


အိမ်ရှေ့စံက ဝမ်ချီကို အလွန်ချစ်မြတ်နိုးသောကြောင့် အိမ်တော်တွင် ဝမ်ချီအား သီးသန့်ခစားရန် မိန်းမစိုး ထားရှိပေးသည့်အပြင် ပန်းပွဲတော်အထိပါ  ခေါ်လာသေး၏။ နန်းတော်ထဲတွင် ဝမ်ချီ နေထိုင်ရသောဘဝက ဝမ်အိမ်တော်တွင် နေရသည်ထက် ပို၍သာယာသည်ဟု ယူဆရသည်။


ဝမ်လျန် ရင်ထဲတွင် တင်းကြပ်နေသောကြောင့် နှုတ်ခမ်းကိုဖိကိုက်ထား၍ အသက်ပြင်းပြင်းရှူလိုက်သည်။


သူက ဝမ်ချီကို မနာလိုဖြစ်နေခြင်း မဟုတ်ပေ။ ဝမ်ချီက သူတို့၏ဝမ်မိသားစုအား ယခုကဲ့သို့ ဖြစ်အောင် ဒုက္ခပေးခဲ့ပြီး ဝမ်မိသားစုတစ်စုလုံး ခက်ခဲနေချိန်တွင် ဝမ်ချီ ကိုယ်တိုင်ကမူ နန်းတော်ထဲတွင် ပျော်ရွှင်စွာဖြတ်သန်းနေခဲ့သည်။  


အတွေးထဲတွင်နစ်မြုပ်နေသော ဝမ်လျန်ကို စူးရှသည့်အကြည့်တစ်စုံက အာရုံပြောင်းစေခဲ့သည်။ ထိုအကြည့်ပိုင်ရှင်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာမှီနေ၍ ဝမ်လျန်အား ခေါင်းအစခြေအဆုံး အကဲခတ်နေ၏။


ဝမ်လျန် သတိဝင်လာသည့်အချိန်တွင် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားနှင့် မျက်လုံးချင်းဆုံမိ၍ ခေတ္တမျှ ထိတ်လန့်သွား၏။


အိမ်ရှေ့စံ၏ပုံရိပ်က သူစိတ်ကူးထားသည်နှင့် အလွန်ကွာခြားသည်ဟု ဆိုရပေမည်။


သူက အိမ်ရှေ့စံကို အရုပ်ဆိုးမည့် လူထူးဆန်းဟု ယခင်က ထင်ခဲ့သည်။ သို့သော်လည်း မျက်နှာဖုံးတစ်ခြမ်း ဝတ်ဆင်ထားသော အိမ်ရှေ့စံက သာမန်လူတစ်ယောက်အတိုင်းပင် ဖြစ်သည်။ လှစ်ဟထားသော အိမ်ရှေ့စံ၏ မျက်နှာတစ်ဝက်က  မင်းသား(၄)ထက် ပို၍ချောမောနေမည်ဟု သူ မထင်မှတ်ခဲ့ပေ။


သို့သော်လည်း မင်းသား(၄)၏သွင်ပြင်က ပို၍နူးညံ့ညင်သာပြီး သူ့အပြုံးက နွေဦးတွင်တိုက်ခတ်သွားသော လေပြေညှင်းနှင့် ဆင်၏။


အိမ်ရှေ့မင်းသားကမူ မျက်နှာအမူအရာကင်းမဲ့ပြီး သူ့အား လာရောက်နှုတ်ဆက်သည့် ဧည့်သည်များကိုပင် ဂရုမစိုက်ချေ။ အိမ်ရှေ့စံ သူ့ကို စိုက်ကြည့်သောအကြည့်တွင် မည်သည့်အမူအရာမျှ မဖော်ပြထားသော်လည်း၊ မျက်လုံးများထဲရှိ အေးခဲမှုကို သူအာရုံခံစားနိုင်ခဲ့သည်။


ဝမ်လျန် ထိတ်လန့်သွားပြီး အိမ်ရှေ့စံ၏အကြည့်ကို ရှောင်ရန် အလျင်အမြန် မျက်လွှာချလိုက်သည်။ သူက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ လက်ဖဝါးနှစ်ဖက်လုံး ချွေးစေးများဖြင့် ဖုံးလွှမ်းသွားသည်။



**


ပန်းပွဲတော်က အလွန်အသက်ဝင်သော်လည်း ထိုစိတ်လှုပ်ရှားမှုက ဝမ်ချီနှင့် အနည်းငယ်မျှမသက်ဆိုင်ချေ။ 


ဝမ်ချီက  ရှစ်ယဲ့၏ဘီးတပ်ကုလားထိုင်ကို တွန်းကူရန်သာ အာရုံစိုက်နေပြီး တစ်ဖက်တွင်လည်း သူ့ထံသို့ အကြည့်များရောက်မလာစေရန် သူ့တည်ရှိမှုအား  သေးငယ်သည်ထက်သေးငယ်ရန် ကြိုးစားနေသည်။  


ဝမ်လျန်အစား သားကောင်အဖြစ်ခံပြီး အနစ်နာခံပေးရန် ဝမ်ချီ ဆန္ဒမရှိပေ။ 


ဝမ်ချီ ထိုအကြောင်းကို တွေးနေရင်း တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်အား တိတ်တဆိတ် လေ့လာအကဲခတ်နေခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်းပင် ဝမ်လျန် ထောင့်တစ်နေရာတွင် ရပ်နေသည်ကို သူ တွေ့ရှိခဲ့သည်။


ဝမ်မိသားစု၏ အပြောင်းအလဲများကလည်း မူလဇာတ်လမ်းကို ရပ်တန့်နိုင်မည့်ပုံ မပေါ်ချေ။ မူရင်းဇာတ်ညွှန်းထဲကသို့ပင် ဝမ်လျန်က လီမိသားစု၏ သခင်လေးကို ရှာတွေ့ခဲ့သည်။ 


ဝမ်ချီက ဝမ်လျန်၏ တည်ရှိမှုကို မျက်ကွယ်ပြုကာ မသိကျွမ်းသည့်ဟန်ဆောင်ပြီး ငြိမ်သက်စွာ မျက်လုံးမှိတ်လိုက်သည်။


ဤဧည့်သည်များ မေးမြန်းနှုတ်ဆက်ပြီးသောအခါ၌ ဝမ်ချီက အစေခံတစ်ဦး၏ လမ်းပြမှုအောက်တွင် ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကိုတွန်း၍ ပိုးပုဝါများဖြင့် ဖုံးအုပ်ထားသော ရွက်ဖျင်တဲထဲသို့ လိုက်ပါသွားခဲ့သည်။ 


ရွက်ဖျင်တဲကို နေချင်စဖွယ် အလှဆင်ထားပြီး စိမ်းစိုသောအပင်များ၊ စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းလျားများအပြင် သုံးဆောင်ချင်စဖွယ်ကောင်းသော လက်ဖက်ရည်နှင့် သရေစာများလည်း ရှိသေး၏။


ဝမ်ချီက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို စားပွဲရှေ့သို့ တွန်းလိုက်ပြီး ရှစ်ယဲ့အနောက်တွင် တိတ်တဆိတ် ရပ်နေခဲ့သည်။


ရှစ်ယဲ့က မေးစေ့ပင့်လိုက်ရင်း နောက်ပြန်မလှည့်ဘဲ ပျင်းရိစွာဖြင့် ဝမ်ချီအား ပြောလိုက်သည်။

“ထိုင်…”


ရှစ်ယဲ့က သူ့ကိုပြောနေခြင်းဖြစ်ကြောင်း  ဝမ်ချီ အလိုအလျောက် သဘောပေါက်၍ မငြင်းဆန်ဘဲ ရှစ်ယဲ့ဘေး၌ရှိသော ကုလားထိုင်ပေါ် တွင် နာခံစွာ ထိုင်လိုက်သည်။


ရှစ်ယဲ့က ခေါင်းလှည့်ပြီး ဝမ်ချီကို ကြည့်၍ပြောသည်။ 

“စားပွဲပေါ်က အဆာပြေမုန့်များကို မင်းစားချင်သလောက်စား…”


ငါ ဒီမုန့်တွေကို ကြည့်နေတာကို ရှစ်ယဲ့ ဘယ်လိုသိတာလဲ…


ဝမ်ချီ အနည်းအကျဉ်း စဉ်းစားပြီး ငြင်းဆိုလိုက်သည်။

 â€œá€Ąá€›á€žá€„အ်သဏးရဲအ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ပေမဲ့ ကျွန်တော် ဗိုက်မဆာသေးပါဘူး…”


ဝမ်ချီ၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသည့်အချိန်တွင် ရှစ်ယဲ့က တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး မျက်ဝန်းထဲတွင် ရယ်ရိပ်သန်းကာ  မျက်ခုံးပင့်၍ ဝမ်ချီ့ကို မေးလိုက်သည်။

"ဘာလဲ… ဝဖြိုးပြီး ဗိုက်ပူသွားရင် ကလေးမွေးပေးရမှာ စိုးရိမ်လို့လား…”


သူ့အားနည်းချက်ကို အဆွခံလိုက်ရသော ဝမ်ချီက  အမြီးနင်းခံရသော ကြောင်လေးတစ်ကောင်ကဲ့သို့ ချက်ချင်း တုံ့ပြန်လိုက်မိသည်။

 â€œá€á€ąá€Źá€şá€žá€„်အပဟဎ အရှင့်သား…”


ဝမ်ချီက သူ့လေသံ တင်းမာသွားကြောင်း ချက်ချင်း သတိထားမိပြီး မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူက ကြောက်လန့်တကြားဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်၍ ရှစ်ယဲ့၏ အမူအရာကို ဂရုတစိုက်ကြည့်သည်။


ကံကောင်းထောက်မစွာပင် ရှစ်ယဲ့က သူပြောသည်ကို ဂရုမစိုက်ဘဲ တဲအပြင်ကို စူးစိုက်လှမ်းကြည့်နေသည်။


ရှစ်ယဲ့ သတိမထားမိသည်ကိုမြင်သောကြောင့် ဝမ်ချီက စိတ်ပေါ့ပါးသွား၍ ကိုက်ထားသည့်နှုတ်ခမ်းကို ပြန်ဖြေလျှော့လိုက်၏။ 


ထိုအချိန်တွင် ရှစ်ယဲ့က ထပ်ပြောသည်။

“အဲ့လူလည်း ပွဲကိုရောက်နေတာကိုး…”


ဝမ်ချီက  အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး ရှစ်ယဲ့ကို နားမလည်နိုင်စွာ မေးလိုက်သည်။ 

 â€œá€Ąá€›á€žá€„အ်သဏး ဘယ်သူ့ကိုဆိုလိုချင်တာပါလဲ…”


ရှစ်ယဲ့က ဝမ်ချီကို ပြုံးစစဖြင့် စိုက်ကြည့်၍ ပြန်ဖြေသည်။ 

"မင်း အဝင်လမ်းတောက်လျှောက်မှာ ခုနစ်ခါ၊ ရှစ်ခါမက ကြည့်ခဲ့တဲ့သူ…”


ရှစ်ယဲ့၏အဖြေကြောင့် ဝမ်ချီဆွံ့အသွားသည်။


 â€œâ€Śâ€


“ဝမ်လျန်ကို ပြောနေတာပဲ…”


ရှစ်ယဲ့က ငါ့ကို တစ်ချိန်လုံး ကျောပေးထားခဲ့တာမဟုတ်ဘူးလား… အဲ့ဒါတောင် ငါ ဝမ်လျန်ကို ကြည့်နေခဲ့တာကို သိသွားသေးတယ်… ရှစ်ယဲ့ရဲ့ နောက်စေ့မှာ မျက်လုံးအပိုများ ပါနေတာလား…


ရှစ်ယဲ့က ဝမ်ချီ ငြိမ်သက်သွားသည်ကိုမြင်၍ သူ့မျက်နှာပေါ်ရှိ အမူအရာက တဖြည်းဖြည်း ရယ်မြူးလာသော်ငြား  စိတ်ခံစားချက်မပါသော လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။

“အဲ့လူကို မင်းအရမ်းဂရုစိုက်နေမှတော့ မင်းရဲ့ဆန္ဒကို ပန်ကုန်းက ဖြည့်ဆည်းပေးရမှာပေါ့… အဲ့လူကို မင်း အေးဆေးထိုင်ကြည့်လို့ရအောင် အထဲခေါ်လာဖို့ ငါကိုယ်တော်ခွင့်ပြုပေးမယ်…”


ဝမ်ချီက မျက်မှောင်ကြုတ်၍ ပြန်ဖြေသည်။

“မလိုပါဘူး အရှင့်သား…”


သို့သော် ရှစ်ယဲ့က သူ့စကားကို လျစ်လျူရှု၍ မိန်းမစိုးကျိုးအား ဝမ်လျန်နှင့်တကွ ဝမ်လျန်ကို ပန်းပွဲတော်သို့ခေါ်ဆောင်လာသူ လီဟောက်ကိုပါ ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။


မိန်းမစိုးကျိုးက အမိန့်ကိုလက်ခံ၍ အပြင်သို့ထွက်ခွာသွားခဲ့သည်။


ဝမ်ချီက ဇဝေဇဝါဖြစ်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ပြီးတွေးနေသည်။

ဒီနေ့ကျမှ ရှစ်ယဲ့က ဘာလို့ကလေးဆိုးတစ်ယောက်လို စိတ်ဆတ်ပြီး ဝုန်းဒိုင်းကြဲနေပါလိမ့်…ဒါပေမဲ့လည်း ငါ့မှာ ရှစ်ယဲ့နဲ့အပြိုင် စကားနိုင်လုဖို့ သတ္တိမရှိဘူးလေ…


မိန်းမစိုးကျိုးက အလွန်လျင်မြန်ကာ အမွှေးတိုင်တစ်ဝက်စာပင် မပြည့်သည့်အချိန်အတွင်းတွင်  ဝမ်လျန်နှင့်လီဟောက်တို့အား တဲအပြင်သို့ ခေါ်ဆောင်လာခဲ့ပြီး အရှင့်သားအား လှမ်းအကြောင်းကြားသည်။

 "အရှင့်သား ကျွန်တော်မျိုး ခေါ်ဆောင်လာခဲ့ပါပြီ…”


တဲအတွင်းရှိ ရှစ်ယဲ့ထံမှ တုံ့ပြန်သံမရသေးသည့်အချိန်တွင်  အနီးနားမှ ရှစ်ကျင်း၏အသံ ထွက်လာလေသည်။


ရှစ်ကျင်းက မိန်းမစိုးကျိုးထံသို့ လျှောက်လှမ်းလာ၍ မေးမြန်းသည်။

“မိန်းမစိုးကျိုး ငါ့အစ်ကိုတော် အထဲမှာလား…”


ရှစ်ကျင်းက မေးမြန်းနေရင်း မိန်းမကျိုး၏ အနောက်တွင်ရှိသော လီဟောက်ကိုမြင်ပြီး တစ်ခဏတွင်းချင်းမှာပင် သူ့နှလုံးသားက တဒုတ်ဒုတ် ခုန်လာတော့သည်။



💮💮💮