Chapter 48
Viewers 11k

💮Chapter 48



လီဟောက်၏ ပုံပန်းသွင်ပြင်က လူအများကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသော်လည်း လက်တွေ့တွင် လီဟောက်က ရုပ်ဆိုးခြင်း မဟုတ်ပေ။ 


ထိုသခင်လေးက အလွန်ချမ်းသာသော မိသားစုတွင်  ကြီးပြင်းလာခဲ့ပုံရပြီး မိသားစု၏ အလိုလိုက် မြှောက်စားမှုကိုခံခဲ့ရမည်ဖြစ်ကြောင်း ရှစ်ကျင်းက သဘောပေါက်လိုက်သည်။  သူက တစ်နှစ်ပတ်လုံး ဆောင်ကြာမြိုင်များသို့ လှည့်လည်သွားလာနေသူ ဖြစ်ကြောင်းလည်း ပေါ်လွင်နေသည်။ သူ့ခန္ဓာကိုယ်တွင် သေရည်အနံ့များ၊ မိတ်ကပ်မှုန့်အနံ့များနှင့် ရစ်ပတ်နေ၍ အလွန်ပိန်ပါးပြီး ပါးရိုးကလည်း ထင်ထင်ရှားရှား ချောင်ကျနေသည်။


ရှစ်ကျင်းက လူတယောက်ကို ၎င်း၏အသွင်အပြင်ဖြင့် အကဲဖြတ်ခြင်းကို မနှစ်ခြိုက်သော်လည်း လီဟောက်ကဲ့သို့ မောက်မာထောင်လွှား၍ ဘဝကို အချိန်ဖြုန်းရင်း ကုန်ဆုံးနေသည့် လူများနှင့် တွေ့ဆုံရသောအချိန်တွင်မူ  ဝေးဝေးရှောင်ရန်သာ ရွေးချယ်မည်ဖြစ်သည်။ ယခုကဲ့သို့ ရင်ခုန်သည့် အခြေအနေမျိုး ယခင်က မဖြစ်ခဲ့ဖူးပေ။ 


ရှစ်ကျင်း ရင်ဘတ်ကို ဖုံးအုပ်ထားပြီး သူ့နှလုံးသား ပြင်းပြင်းထန်ထန် မခုန်စေရန် ကြိုးစားသည်။ 


ကံမကောင်းစွာပင် သူ့ ကြိုးစားမှုက မအောင်မြင်ခဲ့ချေ။


သူ့မျက်လုံးများက လီဟောက်ထံသို့ လှမ်းကြည့်ရင်း သူ့ခြေထောက်များက ဆွဲဆောင်ခြင်းခံရ၍  သူ့အား လီဟောက်အရှေ့သို့ တန်းတန်မတ်မတ် ခေါ်ဆောင်သွားခဲ့သည်။ အဆုံးသတ်တွင် သူကိုယ်သူ မထိန်းချုပ်နိုင်ဘဲ လီဟောက်အား မေးမြန်းလိုက်မိသည်။

“မောင်မင်းက ဘယ်သူလဲ…”


ရှစ်ကျင်း၏ မေးခွန်းဆုံးသည်နှင့် ရှက်ရွံ့နေပုံရသော ဝမ်လျန်က  သတ္တိကို စုစည်းလိုက်ပြီး ထစ်အသောအသံနှင့် ပြန်ဖြေသည်။

 "မင်းသားရွှမ် ကျွန်တော်က သာသနာရေး လက်ထောက်ဝန်ကြီးဟောင်း ဝမ်ချန်ချင်းရဲ့ အကြီးဆုံးသား ဝမ်လျန်ပါ…”


ရှစ်ကျင်းက ဝမ်လျန်ကို အကြည့်တစ်ချက်မျှပင် မစွန့်ကြဲချေ။  သူက အံ့ဩထိတ်လန့်နေသော လီဟောက်ကိုသာ  စိုက်ကြည့်၍ ထပ်ပြောသည်။

“ ပန်ဝမ်က မောင်မင်းကိုမေးနေတာ…”


ထိုအချိန်တွင် ဝမ်လျန်က တုန်လှုပ်၍ အေးခဲသွားသည်။


ဝမ်လျန်က ရှစ်ကျင်းနှင့် လီဟောက်အား မယုံကြည်နိုင်စွာဖြင့် အကြိမ်ကြိမ်ကြည့်၍ ထိုအခိုက်အတန့်တွင် အတွင်းစိတ်ခံစားချက်များကို မဖုံးကွယ်ထားနိုင်တော့ဘဲ ဝမ်းနည်းလာပြီး  စိတ်ပျက်မှုနှင့် တုန်လှုပ်ခြောက်ခြားမှုများက သူ့မျက်နှာတွင် ရှင်းရှင်းလင်းလင်း ပေါ်နေခဲ့သည်။


သို့သော်လည်း သူ့ရှေ့တွင်နေသော ရှစ်ကျင်းကမူ သူ့အမူအရာကို သတိမထားမိချေ။ သူ့အား လေဟာနယ်တစ်ခုကဲ့သို့ မသိကျိုးကျွန်ပြုထားသည် ။


ရှစ်ကျင်း၏မြင်ကွင်းထဲတွင် လီဟောက်တစ်ယောက်သာ ရှိခဲ့သည်။


လီဟောက်က ရှစ်ကျင်း၏ စူးစိုက်ကြည့်မှုဒဏ်ကို ခံနိုင်ရည်မရှိချေ။ ထိုအကြည့်များက သူ့အား တစ်စုံတစ်ယောက်၏ တပ်မက်ခြင်းကိုခံရသော အသားမုန့်တစ်ခုကဲ့သို့ ခံစားရစေကာ ကြက်သီးထသွားတော့သည်။ 


ရှစ်ကျင်း၏ စူးရှသောအကြည့်နှင့် ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ခေါင်းကိုငုံ့ပြီး လေးလေးစားစားပြန်ဖြေသည်။

“မင်းသားရွှမ် ကျွန်တော်မျိုးနာမည်က လီဟောက်ပါ… ကျန်းနန် လီအိမ်တော်ကဖြစ်ပြီး လီဝမ်ရဲ့ သားဖြစ်သူပါ အရှင့်သား… ကျွန်တော့်အဖေက အရေးကြီးကိစ္စများနဲ့ အလုပ်ရှုပ်နေတာကြောင့် အဖေ့ကိုယ်စား တော်ဝင်မင်းသမီးရဲ့မွေးနေ့ပွဲကို လာရောက်တက်ရောက်ခြင်းပါ..”


“လီဟောက်တဲ့လား…”

ရှစ်ကျင်းက လီဟောက်၏ နာမည်ကို ရေရွတ်ရင်းတွေးတောနေသည်။ 


ဒီ လီဟောက်ကို အရင်က မသိကျွမ်းသလို တစ်ကြိမ်တစ်ခါမှလည်း မမြင်ဖူးတာ သေချာပါတယ်…ဒါနဲ့ ဘာဖြစ်လို့များ …


လီဟောက်ကိုမြင်သည့်အချိန်တိုင်း သူ့နှလုံးခုန်နှုန်းမြန်လာပြီး သူ့မျက်လုံးများက တစ်ဖက်သားကို မကြည့်ဘဲမနေနိုင်သည့်အထိ ထိန်းမနိုင်သိမ်းမရ ဆွဲဆောင်ခံနေရသည်။ 


ရှစ်ကျင်း အကြောင်းရင်း ရှာမတွေ့မီအချိန်မှာပင် မိန်းမစိုးက သူ့အနောက်သို့ ရောက်ရှိလာခဲ့သည်။


မိန်းမစိုးက အထဲသို့ဝင်ရန် ဖိတ်ခေါ်သော အမူအရာဖြင့် ရှစ်ကျင်းကိုပြောသည်။

“အိမ်ရှေ့စံက တဲထဲမှာ အနားယူနေတာမို့ မင်းသားရွှမ် အထဲကို ဝင်သွားလိုက်ပါ…"


မိန်းမစိုး၏အသံက လေးလေးနက်နက် တွေးတောနေသော ရှစ်ကျင်းကို ပစ္စုပ္ပန်သို့ ပြန်ခေါ်ဆောင်လာခဲ့သည်။ ရှစ်ကျင်းက သူ့အား မကြည့်ဝံ့သော လီဟောက်ကို စေ့စေ့စပ်စပ်ကြည့်၍ အ၀တ်အစားများကို  ပုတ်ခါကာ တဲထဲသို့ ဝင်သွားသည်။


မိန်းမစိုးကျိုးက စိတ်လှုပ်ရှားနေသော လီဟောက်နှင့် စိတ်ပျက်အားငယ်နေသော ဝမ်လျန်ကို ကြည့်၍ ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်စလုံးလည်း ဝင်သွားလို့ရပြီ…" 


ဝမ်ချီက တဲထဲတွင်ထိုင်ရင်း အလွန်စိုးရိမ်နေလေသည်။ သူ့ လက်နှစ်ဖက်လုံးတွင် လက်ဖက်ရည်ပူပူတစ်ခွက်ကို  ကိုင်ထားသော်လည်း မသုံးဆောင်ရသေးချေ။ လက်ဖက်ရည်ခွက်တွင် ထင်ဟပ်နေသော မျက်မှောင်ကြုတ်နေသည့် သူမျက်နှာကိုသူ ငုံ့ကြည့်ကာ တိတ်တိတ်လေး သက်ပြင်းသာချနိုင်သည်။


သူ နားမလည်ချေ။


ရှစ်ယဲ့က ဘာကြောင့်များ ဝမ်လျန်ကို အမြဲရန်စချင်နေရတာလဲ…


ရှစ်ယဲရဲ့ ပင်ကိုယ်စရိုက်ကိုသာ သေချာမသိခဲ့ရင် ရှစ်ယဲ့က ဝမ်လျန်ကို စိတ်ဝင်စားနေသလားလို့ သံယဝင်မိလောက်တယ်… ဝတ္ထုထဲနဲ့ မတူတော့ပဲ ဇာတ်အိမ်က တဖြည်းဖြည်းပြောင်းလာတာဆိုတော့ ရှစ်ယဲ့ ဝမ်လျန်ကိုကြိုက်သွားတာလည်း ဖြစ်ချင်ဖြစ်လာနိုင်တာပဲ…


သို့သော် ခဏအကြာတွင် ဝမ်ချီ့အတွေးများက ပို၍ရယ်စရာကောင်းလာတော့သည်။


ထိုအချိန်တွင် မိန်းမစိုးကျိုးက လီဟောက်နှင့်ဝမ်လျန်ကို တဲအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။


လီဟောက်က တစ်နေ့တွင် အခုကဲ့သို့ ကံထူးပြီး အိမ်ရှေ့စံနှင့် တွေ့ခွင့်ရမည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ သူက အလွန်စိတ်လှုပ်ရှားနေပြီး လက်ကို မည်သို့ထားရမည်ပင် မသိတော့ဘဲ ဝမ်လျန်နှင့်အတူ အိမ်ရှေ့စံကို အလောတကြီး ဦးညွှတ်လိုက်သည်။


လီဟောက်နှင့်ယှဉ်ပါက အနောက်မှလိုက်လာသည့် ဝမ်လျန်က ပို၍တည်တည်ငြိမ်ငြိမ်ရှိသည်ဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်ပါကမူ သူက နေ့ခင်းအိပ်မက် မက်နေသကဲ့သို့ ကြောင်တက်တက် ဖြစ်နေသည်ကို တွေ့နိုင်သည်။ ရံဖန်ရံခါ သူ့မျက်လုံးများက ရှစ်ကျင်းရှိရာသို့ ကြည့်နေသည်။ ရှစ်ကျင်းက သူ့အား သတိမထားမိဘဲ လီဟောက်ထံသာ အာရုံရောက်နေလေသည်မှာ နှမြောစရာပင်။


ဝမ်ချီက သူတို့သုံးယောက်ကြားတွင်ရှိသည့် ထူးဆန်းသောလေထုကို သတိပြုမိပြီး အနည်းငယ် သံသယစိတ်လေး ဝင်လာတော့သည်။ 


ရှစ်ယဲ့ရဲ့ ပံ့ပိုးမှုကြောင့် အဓိကဇာတ်ဆောင်နဲ့ ဇာတ်လိုက်ဖြစ်သူ နှစ်ယောက်  ဇာတ်ညွှန်းထဲကအချိန်ထက်စောပြီး ဆုံခဲ့တာပဲ… 


ဒါပေမဲ့ ရှစ်ကျင်းက သူ့လက်တွဲဖော်ဖြစ်လာမဲ့ ဝမ်လျန်ကို ရှိတယ်လို့တောင် သဘောမထားဘဲ ဘာလို့ သူ့ရဲ့အာရုံအားလုံးက လီဟောက်ပေါ်မှာပဲ ရောက်နေရတာလဲ….


ပြီးတော့ လီဟောက်အပေါ် ကြည့်နေတဲ့အကြည့်ကလည်း နက်နဲပြီး အဖြေရှာရခက်လိုက်တာ…ဇာတ်ကွက် ပြောင်းသွားတာများလား…


ဒါမှမဟုတ် ရှစ်ကျင်းက ဝမ်လျန် စောင်းတီးတာကို ကြားတဲ့အချိန်မှ ဝမ်လျန်အပေါ် ခံစားချက်ရှိလာမှာလား…


ဝမ်ချီက အတွေးများစွာနှင့် နစ်မြုပ်နေတော့သည်။


တဲထဲတွင်ရှိသော လေထုက ထူးဆန်းသော်လည်း ရှစ်ယဲ့က ဂရုမစိုက်ချေ။ ရှစ်ယဲ့က လက်ဖက်ရည်ငှဲ့ပေးရန်  အးနားရှိ အစေခံများကို လက်ဝှေ့ယမ်းပြီး အမိန့်ပေးရင်း အလွန်အေးဆေးသောလေသံဖြင့် ရှစ်ကျင်းကိုမေးမြန်းသည်။

“ညီတော်(၄) ပန်ကုန်းကိုရှာတာ ကိစ္စရှိလို့လား…”


နာမည်ခေါ်ပြီးမေးမြန်းခံလိုက်ရသော ရှစ်ကျင်းက သူ့အကြည့်အား လီဟောက်ထံမှ ပြန်ရုတ်သိမ်းကာ ပြုံး၍ပြန်ဖြေသည်။

“အရေးကြီးကိစ္စတော့ မရှိပါဘူး…ကျွန်တော် ဘာမှလုပ်စရာ အထွေအထူးမရှိလို့ အစ်ကိုတော်ရဲ့ တဲကလည်း ကျွန်တော့်တဲဘေးမှာပဲဆိုတော့ စကားစမြည်လာပြောတာ…”


“ဘာများ ပြောချင်လို့လဲ…” 

ရှစ်ယဲ့က ထပ်မေးသည်။


ထိုသို့မေးသည်ကိုကြားသည့်အချိန်တွင် ရှစ်ကျင်းက အတွေးအိမ်ထဲတွင် နစ်မြုပ်နေသာဝမ်ချီကို တိတ်တဆိတ်  လှမ်းကြည့်လိုက်သည်။ မူလတွင် သူက အစ်ကိုတော်ထံသို့ လာရောက်နှုတ်ဆက်ပြီးသည်နှင့် အခွင့်ရှာ၍ ဝမ်ချီနှင့် ကျင်းကျိုးတွင်ဖြစ်ပွားနေသော ကျိုင်းကောင်ပိုးမွှားအကြောင်း ဆွေးနွေးရန်  စိတ်ကူးထားခဲ့သည်။ ဝမ်ချီထံမှ အကြံဥာဏ်ကောင်းများ ရနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။


သို့သော် လီဟောက်ကို မြင်လိုက်သည့်အချိန်ကစ၍ သူ့အာရုံက ပျံ့လွင့်နေပြီး တစ်စုံတစ်ခုမှားယွင်းနေသကဲ့သို့ ခံစားနေရသောကြောင့်  ကျိုင်းကောင်ပိုးမွှားများနှင့် ပတ်သက်ပြီး ဝမ်ချီနှင့် ဆွေးနွေးရန် အာရုံမရှိတော့ချေ။


ရှစ်ကျင်းက လီဟောက်ထံသို့သာ လှမ်းကြည့်ချင်နေသော ဆန္ဒကို ကြိုးစားထိန်းချုပ်၍ ရှစ်ယဲ့ကို ပြုံးပြကာပြန်ဖြေသည်။

“အစ်ကိုတော်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရှိနေမှတော့ ကျွန်တော် နောက်မှပဲ ထပ်လာခဲ့လိုက်ပါမယ်…”


ရှစ်ယဲ့က သူ့မေးစေ့သူကိုင်ကာ ကျောင်းသားလေးနှစ်ယောက်ကဲ့သို့ ငြိမ်သက်စွာ ရိုရိုကျိုးကျိုး ရပ်နေသာ  လီဟောက်နှင့်ဝမ်လျန်ကို ဘေးတစောင်းကြည့်ရင်း စိတ်မရှည်စွာ ပြောသည်။

 “မင်းနေချင်ရင် နေလို့ရတယ် သူတို့က ဘာဧည့်သည်မှ ဟုတ်မနေဘူး… ပန်ကုန်း စစ်မေးစရာရှိလို့ ခေါ်ထားတဲ့ သာမန်လူနှစ်ယောက်ပဲ…”


ရှစ်ယဲ့ထံမှ ထိုစကားကြားလိုက်ရသည်နှင့်တပြိုင်နက် လီဟောက်နှင့်ဝမ်လျန်၏ ခန္ဓာကိုယ်များ သိသိသာသာ တုန်လှုပ်သွားတော့သည်။


ဝမ်ချီပင် အနည်းငယ် စိတ်မောသွားရသည်။


ရှစ်ယဲ့၏ပုံစံက ဇာတ်လမ်းအစပိုင်းတွေ ပါလေ့ရှိသော လူယုတ်မာတစ်ယောက်၏ အသွင်အပြင်ကို အပြည့်အဝထင်ဟပ်စေသည်။ 


မူလအစတွင် လူများအား အနိုင်ကျင့်ထားလေလေ နောက်ပိုင်းတွင် ရှစ်ယဲ့ အဆများစွာ ပြန်ခံရမည်ကို ဝမ်ချီက စိုးရိမ်နေသည်။  


ရှစ်ကျင်းက မည်သည့်စကားတစ်ခွန်းမှ မတုံ့ပြန်ဘဲ ပြုံး၍သာနေသည်။ သို့သော်လည်း သူ့အကြည့်များက လီဟိုထံသို့ မကြာခဏ ရောက်နေဆဲပင်ဖြစ်သည်။


ရှစ်ယဲ့က ရှစ်ကျင်း၏ နူးညံ့သိမ်မွေ့သော အမူအရာကို ကျင့်သားရနေပုံရသောကြောင့် ရှစ်ကျင်းကို လျစ်လျူရှုပြီး လီဟောက်နှင့် ဝမ်လျန်ကိုသာ  လှည့်ကြည့်လိုက်သည်။ တိတိကျကျဆိုရပေမူ သူ့မျက်လုံးများက လီဟောက်ရှေ့မှ ဖြတ်သွားကာ ဝမ်လျန်ကိုသာ စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။


“ဝမ်လျန်…”

ရှစ်ယဲ့က ဝမ်လျန်၏ နာမည်ကိုခေါ်လိုက်သည်။


“အမိန့်ရှိပါ အရှင့်သား…”

ဝမ်လျန်က သူ့နာမည်ကိုကြားသောအချိန်တွင် ကြောက်ရွံ့ထိတ်လန့်သွားပြီး လျင်မြန်စွာ ပြန်ဖြေသည်။


"ပန်ကုန်းကိုပြောစမ်း… ပန်ကုန်း ဘာလို့ မောင်မင်းကို ရှာလဲဆိုတာ… " 

ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်က တွန့်ကွေးကာ ကြွက်တစ်ကောင်ကို ချောင်ပိတ်ဖမ်းနေသော ကြောင်တစ်ကောင်ကဲ့သို့ လှောင်ပြောင်ပြုံးရင်း မေးမြန်းနေသည်။

 

“ကျွန်တော်မျိုး…”

ဝမ်လျန်က အလွန်ကြောက်လန့်နေပြီး နှလုံးသား သူ့လည်ချောင်းထဲတွင် တင်းကြပ်ကာ အသက်ပင် ကောင်းစွာ မရှူနိုင်တော့ချေ။ သူက  စိုးရိမ်တကြီးနှင့် ပြန်ဖြေသည်။

“ကျွန်တော်မျိုး မသိပါဘူး အရှင့်သား…”


ရှစ်ယဲ့က ရုတ်တရက် ကျယ်လောင်စွာ ရယ်မော၍ပြောသည်။

 "မောင်မင်းတို့ ဝမ်မိသားစုက ကတိတွေကို ချိုးဖောက်ပြီး ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့အပြင် သူတို့ရဲ့အဖိုးတန်သားလေး မင်းအစား တခြားတစ်ယောက်ကို လူစားထိုးပြီး ပန်ကုန်းဆီ ပေးတယ်လေ... မင်းရဲ့ညီဖြစ်သူ ဝမ်ချီ့မျက်နှာကြောင့်သာ မင်းတို့ကို လွှတ်ထားပေးတာ… ဒါပေမဲ့ အခု မင်းက ကိုယ့်ခြေထောက်နဲ့ကိုယ် ငါ့ဆီရောက်လာမှတော့ ပန်ကုန်း မင်းကို ဒီပန်းပွဲတော်ကနေ အေးဆေး ထွက်သွားခွင့်ပေးမယ်လို့ မင်းထင်လား…”


ဝမ်လျန်၏မျက်နှာက အလွန်ဖြူဖျော့သွားပြီး အားနည်းနေသောခြေထောက်များကို မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့လဲကျသွားတော့သည်။ အသိပြန်စုစည်း၍ လျင်မြန်စွာ ဒူးထောက်လိုက်ပြီး တုန်ယင်သောအသံဖြင့် ကရုဏာအသနားခံ တောင်းဆိုသည်။

 “အရှင့်သား ကျွန်တော့်အသက်ကိုချမ်းသာပေးပါ … ခဏတာ မှားသွားမိတာပါ အခုလည်း ကျွန်တော်မျိုးအမှားကို ကျွန်တော်နားလည်နေပါပြီ…”


ရှစ်ယဲ့က ပြုံးပြီး ပြန်တုံ့ပြန်သည်။

"ပန်ကုန်းကတော့ မင်းအခုထိ ကိုယ့်အမှားကိုယ် လုံးဝသတိမထားမိဘူးလို့ပဲ မြင်တယ်…"


ဝမ်လျန်က အလွန်ထိတ်လန့်သွားပြီး စကားမပြောနိုင်ဘဲ တုန်သွားတော့သည်။


ရှစ်ယဲ့က ဝမ်လျန် ထိုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေသည်ကို သဘောကျပုံရပြီး ခဏအကြာတွင် အေးစက်သော အသံနှင့် ထပ်ပြီး ခြိမ်းခြောက်သည်။

“ဒီလိုအမှားကြီးကျူးလွန်ထားပြီးတာတောင်မှ ပန်ကုန်းရှေ့ ထပ်ပေါ်လာရဲသေးတယ်ဆိုတော့… ပန်ကုန်းက မောင်မင်းအပေါ် အရမ်းသဘောကောင်းမိသွားပုံပဲ…ဝမ်ချန်ချင်းက  မင်းကို မသွန်သင်နိုင်မှတော့ ပန်ကုန်းက သူ့အစား ဆုံးမပေးရမှာပေါ့… "


“အရှင့်သား အသက်ကို ချမ်းသာပေးပါ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ အရှင့်သား…”

ဝမ်လျန်ဘဝတွင် ယခုကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မှုမျိုး တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။ သူက ဝိညာဉ်ထွက်သွားမတတ် တုန်လှုပ်နေလေသည်။


သူ့မျက်လုံးများ နီရဲလာပြီး မျက်စိတစ်မှိတ်အတွင်းပင် မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ အိမ်ရှေ့စံကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး မူးမေ့လဲမတတ်နီးပါး ကြောက်ရွံထိတ်လန့်ရသည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။ 


သို့သော်လည်း ရှစ်ယဲ့က ဝမ်လျန်၏ အသနားခံမှုကို ကြားပုံမပေါ်ချေ။ မိန်းမစိုးကျိုးကိုသာ အမိန့်လှမ်းပေးလိုက်သည်။

“ကျိုးရှန့်…”


မိန်းမစိုးကျိုးက ဝမ်လျန့်အနားသို့ ချက်ချင်းလျှောက်သွားပြီး နာခံစွာပြန်ဖြေသည်။

 "ကျွန်တော်မျိုး ဒီမှာပါ…”


ရှစ်ယဲ့က ငို၍မဆုံးနိုင်သော ဝမ်လျန်ကို ဆက်ကြည့်ရန်  စိတ်မ၀င်စားဘဲ လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

 “သူ့ကိုဖြေရှင်းလိုက်…”


မိန်းမစိုးကျိုးက ဖြေသည်။

"အမိန့်အတိုင်းပါ အရှင့်သား…”


ဝမ်လျန်က အစောင့်နှစ်ယောက်ဝန်းရံပြီး ရောက်လာသော မိန်းမစိုးကျိုးကို ကြည့်၍ အလွန်တုန်လှုပ်လာပြီး  အရှက်ကွဲမည်ကိုပင်  ဂရုမစိုက်နိုင်ဘဲ ဘေးတွင် ရပ်နေသော ရှစ်ကျင်းထံသို့ အသနားခံနေသော မျက်လုံးများဖြင့် လှည့်ကာ တောင်းဆိုလိုက်သည်။

“မင်းသားရွှမ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ… ကျွန်တော် မသေချင်သေးလို့ပါ ကျေးဇူးပြုပြီး…”


ရှစ်ကျင်းက လီဟောက်အကြောင်း တွေးနေသောအချိန်တွင် ရုတ်တရက် သူ့ခြေထောက်က ဝမ်လျန်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရ၍  အံ့အားသင့်သွားပြီး ဘာဖြစ်သွားမှန်းပင် မသိလိုက်ချေ။


ရှစ်ကျင်းက သူ့ကို ကယ်တင်ရန် အစီအစဉ်မရှိကြောင်း တွေ့မြင်လိုက်ရသောကြောင့် ဝမ်လျန် စိတ်ပျက်အားငယ်သွားရတော့သည်။ သူက ရွေးချယ်စရာလမ်း မရှိတော့သည်ဖြစ်၍ ဝမ်ချီကိုသာ တောင်းဆိုလိုက်ရသည်။ 


"ဝမ်ချီ ကျေးဇူးပြုပြီး အရှင့်သားကို ငါ့အတွက်ပြောပေးပါဦး… ဒီကိစ္စမှာ မင်းလည်း ပါဝင်ပတ်သက်နေရဲ့သားနဲ့  အဖေ အခုလိုမျိုး လူစားထိုးမယ်ဆိုတာ မင်းလည်းသိသားနဲ့..."


ရှစ်ယဲ့က စိတ်မရှည်စွာဖြင့် အမိန့်ပေးလိုက်သည်။

"ဆူညံနေတာပဲ သူ့ကိုဆွဲခေါ်သွားကြစမ်း…"


ရဲမက်နှစ်ယောက်က ဝမ်လျန့်ပခုံးများကို ဘယ်ညာမှ ချုပ်နှောင်ကာ ကူရာမဲ့နေသော ဝမ်လျန်ကို ဆွဲထုတ်သွားကြသည်။



💮💮💮