Chapter 49
Viewers 11k

💮Chapter 49



တဲထဲတွင် တိတ်ဆိတ်သွားသည်။ 


ဝမ်လျန်၏ မြေကြီးကွဲအက်လုမတတ် ငိုသံကြောင့် ရှစ်ယဲ့ ခေါင်းကိုက်လာသဖြင့် မျက်လုံးမှိတ်၍ မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်သည်။


ရှစ်ကျင်းက သက်ပြင်းချလိုက်ပြီး ရေရွတ်သည်။

“အစ်ကိုတော်က ငိုရတာကို နှစ်သက်ကြတဲ့သူတွေကို အမြဲမုန်းတာဆိုတော့ အခုအခြေအနေက အစ်ကိုတော်အတွက် အရမ်းစိတ်ရှုပ်စရာကောင်းနေမှာပဲ…”


ဝမ်ချီ “…” 


ဝမ်ချီ မူလက အိမ်ရှေ့စံအား ဝမ်လျန်ကိုယ်စား သနားခံပေးရန် စဉ်းစားနေခဲ့သော်လည်း ရှစ်ကျင်း ပြောသည့်စကားကို ကြားပြီးသောနောက် သူ အလွန်ထိတ်လန့်သွားကာ လျှာဖျားတွင် ရစ်ဝဲနေသော စကားလုံးများကို အလျင်အမြန် ပြန်မျိုချလိုက်ရသည်။


ထားလိုက်ပါတော့ … သူကိုယ်တိုင်လည်း ငိုရတာကြိုက်တဲ့သူဆိုတော့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး အသေမခံတော့ပါဘူးလေ…


ဝမ်လျန် တဲထဲသို့ဝင်လာသောအချိန်နှင့်  ပြန်ဆွဲထုတ်ခံရသောအချိန်ကြား ကွာဟမှုက အမွှေးတိုင်တစ်တိုင်စာပင် ရှိမနေချေ။


ထိုကဲ့သို့ ရုတ်တရက်ဖြစ်ပျက်သွားမှုက ဝမ်လျန်နှင့် အတူဝင်လာသော လီဟောက်ကိုပါ  အံ့အားသင့်တုန်လှုပ်စေခဲ့သည်။ သူက တဲအတွင်းမှ ထွက်ပြေးချင်ဟန်ရှိသော ဖြူဖျော့ဖျော့မျက်နှာဖြင့် ရပ်နေခဲ့သည်။


ကံမကောင်းစွာပင် ဤနေရာက သူဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍ရသော နေရာမဟုတ်ပေ။


သူ့ခြေထောက်များက အားနည်းတုန်ခါနေပြီး ခန္ဓာကိုယ်အလေးချိန်ကိုပင် မထိန်းနိုင်တော့သော်လည်း  ဆက်လက်ရပ်နေနိုင်အောင် ကြိုးစားအားတင်းနေရသည်။


ထိုအချိန်တွင် ရှစ်ယဲ့၏ အကြည့်များက သူ့ဘက်သို့ လှည့်လာသည်။


လီဟောက်က ရှစ်ယဲ့၏အကြည့်ကို သတိပြုမိပြီး ဝမ်လျန်ကဲ့သို့ မြေပြင်ပေါ် လဲကျလုနီးပါးဖြစ်သွားသည်။


“ လီဟောက် မင်းကိုတော့…”

ရှစ်ယဲ့၏အသံ ထွက်ပေါ်လာပြီး ဆက်မပြောဘဲ တစ်စုံတစ်ခုကို တွေးတောနေသည်။

“ပန်ကုန်း ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးပုံရတယ်…”


မိန်းမစိုးကျိုးက ရိုကျိုးစွာ လျှောက်တင်သည်။

 "အရှင့်သား လီဟောက်ကို မေ့နေတာဖြစ်ပါလိမ့်မယ်… သူက ကျန်းနန်မှာရှိတဲ့ လီမိသားစုက လီဝမ်ရဲ့သားဖြစ်သူပါ..သူက လွန်ခဲ့တဲ့သုံးနှစ်က အမျိုးသမီးငယ်တစ်ဦးကို ပြန်ပေးဆွဲဖမ်းချုပ်ခဲ့တဲ့ တရားခံတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်… အမှုထမ်းတချို့က အရှင့်သားကို ဒီအမှုအကြောင်း လျှောက်တင်ဖူးပါတယ်…အဲ့တုန်းကတော့ သူ့ကိုအကျဉ်းချလိုက်တလို့ ပြောကြပေမဲ့ ဘာလို့ အခုလို မြန်မြန်ပြန်လွတ်လာလဲဆိုတာတော့ မသိပါဘူး အရှင့်သား…”


လီဟောက်  “…”


ရှစ်ယဲ့က သက်ပြင်းရှည်ကြီးချကာ ဆိုသည်။

"အခုမှ သတိရတော့တယ် လတ်စသတ်တော့ မင်းက အဲ့လီဟောက်ကိုး…"


လီဟောက် ဆွံ့အထိတ်လန့်သွားရသည်။

ပန်းပွဲတော်ကို လာဆင်နွှဲကာမှ အရင်က ဖြစ်ပျက်ခဲ့ပြီးသား ကိစ္စသေးသေးလေးကို ပြန်အစဆွဲထုတ်ခံရပြီး အခုလိုပြသာနာကြီးနဲ့ ကြုံရမယ်လို့ ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ… ဒါ့အပြင် ပြသာနာရှာတဲ့သူက အိမ်ရှေ့စံဖြစ်နေလိမ့်မယ်လို့ပေါ့ …


လီဟောက်က မြေကြီးပေါ်တွင် ဒူးထောက်၍ ဦးညွတ်ပြီး တောင်းဆိုသည်။

"အရှင့်သား ကျွန်တော်မျိုးအသက်ကို ချမ်းသာပေးပါ… ကျွန်တော်မျိုး ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုလည်း ခံယူပြီးပါပြီ စိတ်သစ်လူသစ်နဲ့ ကြိုးစားပြောင်းလဲနေပါပြီ…" 


ရှစ်ယဲ့က မျက်လုံးအောက်ချ၍ လီဟောက်ကို ငုံ့ကြည့်ပြီး မိန့်ဆိုသည်။

"အပြစ်ဒဏ်ခံယူတဲ့အချိန်သုံးနှစ်တည်းနဲ့ မင်းရဲ့အကျင့်စရိုက်ကို  ဘယ်လောက်များ ပြုပြင်ပြောင်းလဲနိုင်မယ် ထင်လဲ…”


ရှစ်ယဲ့က လီဟောက်ကို ပြောပြီးသည်နှင့် မိန်းမစိုးကျိုးကို ထပ်ခေါ်လိုက်သည်။

“ကျိုးရှန့်…”


မိန်းမစိုးကျိုးက လျင်မြန်စွာပြန်ဖြေသည်။

“ကျွန်တော်မျိုး ရှိပါတယ်... အရှင့်သား…”


ရှစ်ယဲ့က လီဟောက်အား ပြန်ဖမ်းချုပ်ရန် ပေါ့ပေါ့တန်တန် အမိန့်ပေးလိုက်သည်။ 

“သူ့ကို ထောင်ထဲပြန်ထည့်လိုက်ပြီး နောက်ထပ် အနှစ်သုံးဆယ်လောက်ကြာအောင် ချုပ်ထားလိုက်…”


လီဟောက်က ထိုစကားကိုကြားသောအချိန်တွင် သူ့မျက်ခွံများ မှိတ်သွားကာ နေရာတွင်ပင် ချက်ချင်းမေ့လဲလုနီးပါး ဖြစ်သွားသည်။


သို့သော်လည်း ထိုသို့မေ့လဲခြင်းက အစောင့်များကို ဟန့်တားနိုင်ခြင်းမရှိပေ။ ရဲမက်များ ချက်ချင်းရှေ့သို့ ရောက်လာကာ သူ့ကို ငါးသေတစ်ကောင်ကဲ့သို့ ဆွဲထုတ်သွားခဲ့သည်။


လီဟောက်ကို ရဲမက်နှစ်ယောက် ဆွဲထုတ်သွားသောအချိန်၌ လီဟောက်၏ လည်ပင်းတွင် ဆွဲထားသော အနီရောင်ကြိုးလေး မြက်ခင်းပြင်ပေါ်သို့ တိတ်တဆိတ် ပြုတ်ကျသွားသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။


ရဲမက်များ လီဟောက်ကို ဆွဲထုတ်သွားပြီးသောအချိန်တွင် အနက်ရောင်ဖိနပ်ပိုင်ရှင်က ထိုပြုတ်ကျနေသော ကျောက်တုံးရှေ့ ရပ်လိုက်၍ လက်တစ်ဖက်က ကျောက်တုံးကို ကောက်ကိုင်လိုက်သည်။


ရှစ်ကျင်းက လီဟောက် ဆွဲခေါ်သွားခံရသည်ကို မြင်ရသောအချိန်တွင် စိတ်ထဲ မသက်မသာခံစားရသော်လည်း ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းကိုမူ သူကိုယ်တိုင်ပင် သေချာမသိချေ။ သူက ရှစ်ယဲ့ကို နှုတ်ဆက်ကာ အနားယူရန် တဲထဲသို့ပြန်သွားခဲ့သည်။


ဝမ်ချီက  အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီး မထိန်းချုပ်နိုင်၍ ရှစ်ယဲ့ကိုမေးလိုက်သည်။

"ဝမ်လျန်ကို သတ်မှာလား အရှင့်သား…”


ရှစ်ယဲ့က ပြန်မဖြေဘဲ ဝမ်ချီကို မေးခွန်းပြန်ထုတ်သည်။

“မင်း သူ့ကိုသတ်စေချင်လား…”


ဝမ်ချီက သူ့ခေါင်းကိုခါယမ်း၍ ဖြေသည်။

“သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက လုံးဝမရင်းနှီးပေမဲ့လည်း သူ့ကို ကျွန်တော် ဒါမှဟုတ် အရှင့်သားရဲ့ လက်ထဲမှာ မသေစေချင်ဘူး…”


ဤအဖြေကိုကြားသည့်အချိန်တွင် ရှစ်ယဲ့က ခေတ္တရပ်၍ ခေါင်းကိုလှည့်ပြီး မှန်းဆမရသောအမူအရာဖြင့် ဝမ်ချီကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပျော်ရွှင်ခြင်း၊ဒေါသထွက်ခြင်း နှစ်ခုလုံးဖော်ပြထားခြင်း မရှိဘဲ အတက်အကျမရှိသော ရေကန်ကဲ့သို့ ငြိမ်သက်နေသည်။

"မင်း သူနဲ့ မခွဲခွာရက်လို့လား…”


ဝမ်ချီက ခေါင်းခါ၍ ငြင်းဆိုသည်။


ရှစ်ယဲ့က ခေါင်းမာစွာဖြင့် ထိုငြင်းဆန်းမှုကို လက်မခံပဲ ထပ်မေးခွန်းထုတ်သည်။

"ဒါဆို မင်း သူ့ကို မသတ်စေချင်တဲ့ အကြောင်းပြချက်က ဘာလဲ..."


သတ္တိနည်းခြင်းမဟုတ်သော်လည်း သူက စနစ်နှင့် ဝမ်လျန်၏ လက်တုံ့ပြန်ခြင်းခံရမည်ကို စိုးရိမ်ပြီး  အဓိက ဇာတ်ကောင်ဖြစ်သော ဝမ်လျန် တစ်စုံတစ်ခုဖြစ်ပါက အဓိကဇာတ်လိုက်၏ရောင်ဝါက သူ့အပေါ်အကျိုးသက်ရောက်မည်ကို ပို၍စိတ်ပူသည်။ သို့သော် ထိုကဲ့သို့ ယုတ္တိမရှိသည့် စကားများကို ထုတ်ပြောရန် လုံးဝမဖြစ်နိုင်သောကြောင့် ရိုးရိုးရှင်းရှင်း အဖြေတစ်ခုသာပေးနိုင်ခဲ့သည်။


“ ကျွန်တော်မျိုး လူမသတ်ချင်လို့ပါ အရှင့်သား…”


ဤအဖြေကိုရသောအခါ ရှစ်ယဲ့က တစ်ခဏမျှ အံ့ဩသွားပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောသံ ကျယ်လေလေ မျက်လုံးများ ပို၍ကျဉ်းမြောင်းသွားလေ ဖြစ်သည်။ ကျဉ်းမြောင်းသော မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ရာ အေးစက်သော အလင်းတန်းများ ရှိနေသည်။


ခေတ္တအကြာတွင် ရှစ်ယဲ့က သူ့လက်ကို မြှောက်ပြပြီး မေးခွန်းထုတ်သည်။

"ပန်ကုန်းရဲ့လက်နဲ့ လူ့အသက် ဘယ်နှစ်ချောင်းလောက် သတ်ခဲ့ပြီးပြီလဲဆိုတာ မင်းသိလား…”


“သိရှိထားသည့် အကြောင်းအရာများလေ အသေစောလေ” ဆိုသည့် ဆိုရိုးစကားအတိုင်း ဝမ်ချီက  ရှစ်ယဲ့ လူပေါင်းမည်မျှ သတ်ခဲ့သည်ကို သိလိုစိတ်မရှိပေ။


စကားအကြောင်းအရာက အခြားကိစ္စသို့ ဦးတည်တော့မည်ကို ဝမ်ချီ သိလိုက်၍ စကားလမ်းကြောင်းလွှဲရန် ရှစ်ယဲ့၏ မြှောက်ထားသော လက်နှစ်ဖက်အား ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။


ရှစ်ယဲ့က သူ့ကို အံ့သြစွာ စိုက်ကြည့်နေသည်။


ဝမ်ချီက တည်ငြိမ်စွာ ပြောလေသည်။

“အရှင့်သားက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လုပ်ခဲ့တာလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်…”


ဝမ်ချီ့ စကားဆုံးသည့်အချိန်တွင် ရှစ်ယဲ့က ဝမ်ချီ၏လက်ကောက်ဝတ်ကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး ဝမ်ချီ မတုံ့ပြန်မီတွင် လက်ကို အနည်းငယ်အားထည့်၍ ဝမ်ချီအား သူ့အရှေ့သို့ အလွယ်တကူဆွဲခေါ်လိုက်သည်။


ဝမ်ချီက ထိတ်လန့်သွားပြီး ရုန်းဆန်ကာ ဘေးဘက်သို့ ရှောင်တိမ်းချင်သော်ငြား အဆုံးသတ်တွင် ရှစ်ယဲ့၏ ပေါင်ပေါ်သို့ ထိုင်လျက်ကျသွားတော့သည်။


ဝမ်ချီ ထိတ်လန့်သွားကာ တွေးနေမိတော့သည်။

ဖက်ခ်… သောက်ကျိုးနည်းပြီ ငါတော့ သိပ်မကြာခင် ခေါင်းရိုက်ခွဲခံရတော့မှာပဲ…


ဝမ်ချီ မတ်တပ်ထရပ်တော့မည့် အချိန်တွင် မိန်းမစိုးကျိုးက အဝင်ပေါက်တွင် ကာဆီးထားသော လိုက်ကာကိုဖယ်ပြီး ဝင်လာသည်ကို သူ့မျက်လုံးထောင့်က ရုတ်တရက်တွေ့လိုက်ရသည်။


 "အရှင့်သား မကြာခင် ပွဲစတော့မှာမို့ ကျေးဇူးပြုပြီး ပြင်ဆင်ပေး…” 

မိန်းမစိုးကျိုး စကားမဆုံးမီပင် သူ့အသံက ရုတ်တရက် ရပ်တန့်သွားသည်။


မိန်းမစိုးကျိုးက တစ်စုံတစ်ခုမှားနေပြီဆိုသည်ကို သဘောပေါက်သည့်အချိန်တွင် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်က လေထဲတွင်ဝဲသွားပြီး မိန်းမစိုးကျိုး၏ နဖူးထံသို့ တည့်တည့်ထိမှန်သွားတော့သည်။


------


အချိန်အတန်ကြာ အနားယူပြီးသည့်နောက်တွင် ရှစ်ကျင်း၏ အခြေအမြစ်မရှိသော ရင်တုန်ခြင်းများ အနည်းငယ် သက်သာလာခဲ့သည်။ နေမကောင်းဖြစ်၍ သို့မဟုတ် မစားသင့်သောအရာကို စားမိသွား၍ ရင်တုန်ခြင်းဟုသာ ယူဆ၍ ညရောက်မှသာ သမားတော်နှင့် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။


ပန်းပွဲတော်စသည့်အချိန်တွင် တဲထဲရှိလူများအားလုံး အပြင်သို့ ထွက်လာကြသည်။


ရှစ်ကျင်းလည်း နှေးကွေးစွာထွက်လာကာ သူ့နေရာတွင်သူ ဝင်ထိုင်လိုက်သည်။ အကောင်းစားဝိုင်များ၊ အစားအသောက်များနှင့် စွဲမက်ဖွယ်ကောင်းလှသော အကသမားများကို မျက်စိရှေ့တွင် မြင်နေရသော်လည်း အနည်းငယ်မျှပင် စိတ်ဝင်စားမှု ဖြစ်မလာချေ။


အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက် တော်ဝင်မင်းသမီးကြီး၏ အစေခံက ကြိမ်ခြင်းလုံးအား သယ်ဆောင်လာလေသည်။ တော်ဝင်မင်းသမီးကြီးက လူအုပ်အား ကျောပေး၍ ဗုံးတီးမည်ဖြစ်ပြီး ဧည်သည်များကမူ ထိုခြင်းလုံးအား အချင်းချင်း လက်ဆင့်ကမ်းပေးရမည် ဖြစ်ကြောင်း အစေခံမလေးက ပြောသည်။ 


ဗုံသံရပ်သွားသည့်အချိန်တွင် ခြင်းလုံးရထားသောသူက ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ် ဖျော်ဖြေပေးရမည် ဖြစ်သည်။ 


ထိုစကားကိုကြားပြီး အားလုံးက လက်ခုပ်တီး၍ ထောက်ခံကြ၏။


တော်ဝင်မင်းသမီးကြီးက ဗုံကို အချိန်ကြာမြင့်စွာ စိတ်နှစ်တီးခတ်နေပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။


သူမက ဧည့်သည်များထံသို့ လှမ်းကြည့်၍ ပြုံးပြီး မေးမြန်းသည်။

"ခြင်းလုံးက ဘယ်သူ့လက်ထဲမှာပါလဲ… ခြင်းလုံးရတဲ့သူက ကိုယ့်ဘာသာ မတ်တပ်ထရပ်သင့်တယ်…”


တော်ဝင်မင်းသမီးကြီး၏ စကားဦးတည်ရာနေရာထံသို့ လူအုပ်ကြီးက အာရုံစိုက်၍ ကြည့်နေကြသည်။


ဝမ်ချီကလည်း ထိုလမ်းကြောင်းအတိုင်း စူးစူးစိုက်စိုက်ကြည့်နေသည်။


ဝတ္ထုထဲမှဇာတ်လမ်းအရ ဝမ်လျန်က ​​ဤကစားပွဲမှတး်ဆင့် ဗျပ်စောင်းတီးခတ်ခွင့်ကို ရရှိသွားရမည်ဖြစ်သော်လည်း ယခုတွင်မူ ဝမ်လျန်က ရှစ်ယဲ့၏ အစောင့်များ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသောကြောင့် ဇာတ်လမ်းကလည်း မူလဝတ္ထုနှင့်မတူစွာ ပြောင်းသွားလောက်သည်။


မကြာမီအချိန်တွင် ဝမ်ချီက ရှက်ရွံ့စွာ မတ်တပ်ထရပ်လိုက်သော အရပ်မြင့်မြင့် လူတစ်ယောက်ကို မြင်ရသည်။ ထိုသူမှာ ရှက်ရွံ့နေပြီး အချိန်အတန်ကြာ တုံ့ဆိုင်းပြီးနောက်တွင် ခက်ခက်ခဲခဲပြန်ဖြေသည်။


“ကျွန်တော်က လူကြမ်းမို့ အရည်အချင်းအများကြီးမရှိပါဘူး စောင်းပဲ တီးခတ်ဖျော်ဖြေရင်ရော အဆင်ပြေမလား…”


ဝမ်ချီ ပြောစရာ ပျောက်ဆုံးသွားသည်။

“…”


ထိုအချိန်တွင် စိတ်ပျံ့လွင့်နေပုံရသော ရှစ်ကျင်းက ရုတ်တရက် ခေါင်းမော့၍ ထိုလူအား ကြည့်လိုက်သည်။ ရှစ်ကျင်း သူ့ကို မှတ်မိသည်။ သူက နန်းတော်ထဲတွင် နာမည်ကြီးသော စစ်သူကြီးတစ်ဦး ဖြစ်သည်။ မကြာသေးမီနှစ်များက စစ်ပွဲအတွင်း၌ အောင်မြင်မှုများ ရယူနိုင်ခဲ့၍ ရှစ်ကျင်း၏ခမည်းတော်မင်းကြီး အားကိုးခြင်းခံရသော သူဖြစ်သည်။


ဒါနဲ့ဘာဖြစ်လို့များ ငြိမ်သက်ခါစဖြစ်နေတဲ့ ရင်ခုန်သံတွေက တစ်ဖန် ပြန်ခုန်လာပါလိမ့်… ခုနကထက်တောင် ပိုပြီး နှလုံးခုန်မြန်နေသေးတယ်…



💮💮💮


ရှစ်ကျင်းက shouဖြစ်သွားမလား စစ်သူကြီးကိုပဲ topမှာလား သိချင်နေပြီ🤣