💮Chapter 50
ဝမ်ချီက ထိုလူ့ကို မသိသော်လည်း သူ့ဘေးနားတွင်ရှိသော ဧည့်သည်များ၏ ဆူဆူညံညံ တီးတိုးပြောဆိုသံများကြောင့် ဤလူက မကြာသေးမီနှစ်များအတွင်း အလွန်နာမည်ကြီးခဲ့သော စစ်သူကြီးလင်းဟု သိရှိသွားခဲ့သည်။ ထိုလူ၏ မူလဇစ်မြစ်က ဝမ်ချီအတွက် အရေးမပါသော်လည်း ဤလူ မည်သည့်နေရာက ဗျပ်စောင်းတစ်လက် ရှာလာခြင်းဆိုသည့် အဖြေကမူ သူ့အတွက် အရေးကြီးလှသည်။
စစ်သူကြီးလင်းက အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေသော လူများ၏ အကြည့်အောက်မှာပင် အလယ်တည့်တည့်တွင် ရှိသော ကွက်လပ်နေရာသို့ လျှောက်လမ်းသွားသည်။
တော်ဝင်မင်းသမီးကြီးက လူပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သောကြောင့် ဤအဖြစ်အပျက်အား ပထမဆုံး တုံ့ပြန်နိုင်ပြီး အစေခံနှစ်ယောက်ကို စားပွဲနှင့်ကုလားထိုင်များ ပြင်ဆင်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။
စစ်သူကြီးလင်းက ဗျပ်စောင်းကို စားပွဲနိမ့်ပေါ်တွင် တင်၍ ခုံပေါ် ထိုင်ချလိုက်သည်။
"လူတစ်ယောက်ရဲ့ အကျည်းတန်ဘဝကို ဖော်ညွှန်းထားတဲ့ ‘လိပ်ပြာငယ်’ ဆိုတဲ့ သီချင်းကို တီးခတ်ပြပါမယ်…”
စစ်သူကြီးက ဤသို့ပြောပြီးသည့်နောက်တွင် ဓားလှံများသာ ကိုင်လေ့ရှိသော သူ့လက်ချောင်းက စောင်းကြိုးများပေါ်သို့ သွက်သွက်လက်လက် ခုန်ဆင်းသွားပြီး စောင်းကြိုးများကို အလွန်ကျွမ်းကျင်စွာ တီးခတ်နေလေသည်။
တစ်ချိန်တည်းမှာပင် နူးညံ့ညင်သာသော တေးဆိုသံက ပတ်ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။
တေးသံက နားထဲတွင် သာယာချိုမြိန်လှသော်လည်း အရပ်ရှည် ထွားကျိုင်းပြီး အလွန်စစ်ရေးကျွမ်းကျင်သည့် စစ်သူကြီးလင်း၏ စောင်းတီးပြနေသာ မြင်ကွင်းက သူနှင့် မအပ်စက်စွာ ပတ်ဝန်းကျင်ရှိ လူများကို ကြောက်လန့်စေခဲ့သည်။ စစ်သူကြီးလင်းကို စူးစိုက်ကြည့်နေသော ရှစ်ကျင်းနှင့် သူနှင့်မသက်ဆိုင်စွာ မည်သည့်အမူအရာမှ ရှိမနေသည့် ရှစ်ယဲ့တို့ နှစ်ယောက်မှလွဲ၍ ကျန်ရှိနေကြသူများမှာ သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေကြသည်။ အလွန်အမင်းထိန်းချုပ်၍ အတင်းပြုံးနေရသော တော်ဝင်မင်းသမီးကြီး၏ မျက်နှာမှ အပြုံးများပင် တဖြည်းဖြည်း ပြိုကျလာတော့သည်။
အတုန်လှုပ်ဆုံးသူမှာ ဝမ်ချီပင် ဖြစ်သည်။
သူမှတ်မိသည်မှာ ဝတ္ထုထဲတွင် "လိပ်ပြာငယ်" သီချင်းကို ဝမ်လျန် တီးခတ်ခဲ့ခြင်းဖြစ်ပြီး သူအမှတ်မမှားပါက စစ်သူကြီးလင်း တီးခတ်နေသော ဗျပ်စောင်းကလည်း မူလဇာတ်ကောင် ဝမ်ချီ့အမေ ချန်ခဲ့သော ဗျပ်စောင်းအစစ် ဖြစ်သည်။ ၎င်းက ပန်းပွဲတော်တွင် ဝမ်လျန်အား ရှစ်ကျင်း၏ အာရုံစိုက်မှုရရန် ကူညီပေးခဲ့သော ပစ္စည်းတစ်ခုဖြစ်သည်။
ဒီစောင်းက ဘာလို့ စစ်သူကြီးလက်ထဲ ရောက်နေတာလဲ…
ဝမ်ချီ၏ ပြူးကျယ်နေသော ဗာဒံစေ့သဏ္ဍာန် မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများဖြစ်ပေါ်နေသည်။ သူက အဖြေရှာမရတော့ဘဲ လေဟာနယ်ထဲ ရောက်ရှိသွားသကဲ့သို့ ဝေဝေဝါးဝါး ခံစားနေရသည်။
စိတ်ဓာတ်ကျစွာဖြင့် ခေါင်းကိုကုတ်၍ သက်ပြင်းချလိုက်တော့ပြီး သူ နားမလည်နိုင်သည့်အရာကို ထပ်မံတွေးတော မနေချင်တော့ပေ။ သူက စားပွဲပေါ်ရှိ ရေနွေးကြမ်းခွက်ကို လှမ်းကိုင်ရန်သာ လက်လှမ်းလိုက်သည်။ မကြာသေးမီက အဆာပြေမုန့် အများအပြား စားထားမိ၍ လည်ချောင်း စိုစွတ်စေရန် ရေနွေးသောက်ချင်နေသည်။
သို့သော်လည်း သူ့လက်ချောင်းများ ကြွေခွက်မျက်နှာပြင်ကို ထိလိုက်မိသည်နှင့် ကျောက်စရစ်ခဲသဖွယ်မာကျောသော အရာတစ်ခုက သူ့လက်ဖမိုးကို လာရောက်ထိမှန်လေသည်။ သူ နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ကို ချက်ချင်း ပြန်ဆွဲယူလိုက်သည်။
သူက နာကျင်စွာ တုန်တုန်ယင်ယင်ဖြင့် လက်ဖမိုးကို ပွတ်သပ်ရင်း အောက်ကိုငုံ့ကြည့်လိုက်၏။ လက်ဖမိုးမှာ နီရဲသွားသော်လည်း စုတ်ပြဲသွေးထွက်ခြင်း မရှိပေ။ ဝမ်ချီက သူ့စိတ်ထဲက ဒေါသများကို ထိန်းပြီး ခေါင်းကိုလှည့်၍ တရားခံကို ပတ်ပတ်လည် ရှာဖွေသည်။
သို့သော်လည်း သူ့ဘေးတွင်ရှိသော ဧည့်သည်များက စောင်းတီးခတ်နေသည့် စစ်သူကြီးလင်းထံတွင်သာ အာရုံရောက်နေကြပြီး ဝမ်ချီကို သတိထားမိသောသူ မရှိချေ။ ဝမ်ချီ အချိန်အတန်ကြာအောင် ရှာဖွေခဲ့သော်လည်း သူ့အား ကျောက်စရစ်ခဲနှင့် ပစ်သောသူကို ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ဝမ်ချီက အသက်ပြင်းပြင်းရှူ၍ စိတ်လျှော့လိုက်ကာ စစ်သူကြီးလင်း၏ မျက်နှာကိုသာ စိုက်ကြည့်နေလေတော့သည်။ ခေတ္တအကြာတွင် သူ ရေနွေးကြမ်း မသောက်ရသေးကြောင်း သတိရသဖြင့် ခွက်ထံသို့ လက်ကိုတစ်ဖန် ပြန်ဆန့်ထုတ်လိုက်၏။
ယခုတစ်ကြိမ်တွင် ဝမ်ချီက ချက်ချင်း ခွက်ကိုမထိသေးဘဲ ကျောက်စရစ်ခဲနှင့် ပစ်မည့်သူအား သေချာစောင့်ကြည့်နေလေသည်။ အရိပ်အယောင်မတွေ့ရသောကြောင့် ရေနွေးကြမ်းခွက်ကို ရဲရဲဝံ့ဝံ့ကောက်ယူကာ နှုတ်ခမ်းနှင့်ထိလိုက်သည့်အချိန်တွင် သူ့လက်ဖမိုးကို ကျောက်စရစ်ခဲများ နောက်တစ်ကြိမ် ထပ်လာမှန်သည်။
ရုတ်တရက် ကျောက်စရစ်ခဲဖြင့် ထပ်မံပစ်ပေါက်ခံရသောကြောင့် ဝမ်ချီ၏လက်များ တုန်ခါသွားကာ လက်ထဲရှိ ရေနွေးကြမ်းခွက်က ချက်ချင်းပင် ပြုတ်ကျသွားသည်။
ဝမ်ချီ၏ ခြေထောက်ပေါ်သို့ ရေနွေးခွက် ပြုတ်ကျလုနီးပါး အခိုက်အတန့်တွင် ရုတ်တရက်ဆန့်ထွက်လာသော လက်တစ်ဖက်က ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ဤလက်က အောက်မှရုတ်တရက်ထွက်လာပြီး ရှည်လျားသွယ်လျသော လက်ချောင်းများက ခွက်တစ်ခုလုံးကို ရစ်ပတ်ထားသည်။
ရေနွေးခွက်မှာမူ အပြာနှင့်အဖြူရောင် ရောစပ်ထားသော ကြွေထည်ဖြစ်ပြီး ခွက်ပုံမှာ ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ သို့သော် ယခုတွင် ဤလှပသောလက်ဖြင့် ဆုပ်ကိုင်ထားခံရသော ထိုခွက်က တန်ဖိုးကြီး ရတနာတစ်ခုကဲ့သို့ တောက်ပြောင်နေသည်။
ထိုအချိန်တွင် ဝမ်ချီက ယခုခေတ် လက်မော်ဒယ် တစ်ယောက်၏ အရေးပါမှုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဤလက်ပိုင်ရှင်က မော်ဒယ် မဖြစ်ခဲ့သည်မှာ နှမြောစရာပင် ဖြစ်သည်။
အိုး…ဒါက အရေးမကြီးပါဘူး…
ဝမ်ချီက ပျံ့လွင့်သွားသည့် အတွေးများကို အလျင်အမြန် ရပ်တန့်လိုက်ပြီး သူ့ဗာဒံစေ့မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်၍ မျက်မှောင်ကြုတ်ကာ ဤလက်ပိုင်ရှင်ကို မေးမြန်လိုက်သည်။
"ခုနက ငါ့ကို ခဲနဲ့ပေါက်တာ မင်း…"
မေးခွန်းမဆုံးမီ ဝမ်ချီ ရုတ်တရက် ငြိမ်သက်သွားသည်။ အကြောင်းရင်းမှာ ရှစ်ယဲ့၏ အေးစက်စက် မျက်နှာကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
ယနေ့တွင် ရှစ်ယဲ့က အနက်ရောင်မျက်နှာဖုံးတစ်ခြမ်းဖြင့် မျက်နှာကို ဖုံးထားသော်လည်း သူ့မျက်နှာက ဆွဲဆောင်မှုရှိနေဆဲပင် ဖြစ်သည်။ လှစ်ဟထားသော ကျန်မျက်နှာတစ်ဝက်က ရေကန်ထဲရှိ ကြာပွင့်ကဲ့သို့ လှပနေပြီး အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှုရှိလှသည်။ သို့သော်လည်း သူ့ မျက်လုံးများကမူ အလွန်အေးစက်ပြီး ကြောက်စရာကောင်း၏
ရှစ်ယဲ့နှင့် ဝမ်ချီကြား အကွာအဝေးအနည်းငယ် ခြားသော်လည်း ရှစ်ယဲ့ထံမှ အေးစက်သော အငွေ့အသက်များကို ဝမ်ချီ ခံစားသိရှိနိုင်သည်။
ရှစ်ယဲ့က ရေနွေးခွက်ကို တွန်းကာ ဝမ်ချီရှေ့သို့ ပို့ပေးလိုက်သည်။ ခွက်ကိုတွန်းလိုက်ခြင်းကြောင့် ကြွေထည်နှင့် စားပွဲ ရိုက်ခတ်သောအသံ ထွက်လာလေသည်။
ဝမ်ချီက နီရဲနေသော လက်ဖမိုးကို ပွတ်သပ်ရင်း သူ့ခြေထောက်နားတွင်ကျနေသော ကျောက်စရစ်ခဲများကို အနီးကပ်ကြည့်လိုက်ရာ ၄င်းတို့က ကျောက်စရစ်ခဲများမဟုတ်ဘဲ သကြားလုံးများသာဖြစ်ကြောင်း သတိထားမိသွားသည်။
ဝမ်ချီ : “…”
ကောင်းပြီ…အရင်က ရွှံ့ခဲ အခုကျ သကြားလုံး သူ့လက်ထဲမှာရှိတဲ့ ဘယ်ပစ္စည်းပဲဖြစ်ဖြစ် ပစ်ပေါက်ကစားဖို့ပဲ တွေးနေတာပဲ… ဒါမှလည်း ရှစ်ယဲ့ ပီသမှာ…
ဝမ်ချီက အနည်းငယ် ယစိတ်တိုသွားပြီး မျက်ခုံးများ ရှုံ့တွလိုက်သည်။ ရှစ်ယဲ့ သူ့ကို သကြားလုံးများနှင့် ပစ်ပေါက်ရခြင်း အကြောင်းရင်းကို သိချင်သော်လည်း သူ ရှစ်ယဲ့ကို မမေးဝံ့ချေ။ ရေနွေးကြမ်းလည်း မသောက်ဝံ့ဘဲ အဆုံးတွင် ပခုံးနှစ်ဖက်ကိုသာ ကျုံထားရင်း မျက်စိအရှေ့တွင်ရှိသော ရေနွေးခွက်ကို ကူကယ်ရာမဲ့ စိုက်ကြည့်နေသည်။
ဝမ်ချီ အတွေးထဲတွင် ငိုနေတော့သည်။
ငါ တကယ်ကြီး ရေသောက်ချင်တယ်လို့ ...
ဝမ်ချီ၏အကြည့်များက အလွန်အမင်းသနားဖွယ် ကောင်းလှပြီး မကြာမီ ရေနွေးခွက်ကိုင်ထားသည့် လှပသောလက်က ဝမ်ချီရှေ့သို့ ဆန့်ထွက်လာပြန်သည်။
ဝမ်ချီ၏ပါးစပ်က အလွန်ခြောက်သွေ့နေသဖြင့် ခွက်ပေးသောသူကိုပင် မကြည့်ဘဲ ကမ်းလာသည့်ခွက်ကို လှမ်းယူကာ ရေနွေးအားလုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ဝမ်ချီ ရေနွေးခွက်ကို လက်နှစ်ဖက်နှင့် ကိုင်ပြီး ပြန်ချထားလိုက်သောအချိန်တွင် ခွက်က သူ့ခွက်မဟုတ်ဘဲ ရှစ်ယဲ့ သောက်လက်စခွက်ဖြစ်ကြောင်း သတိထားမိသွားတော့သည်။
ဝမ်ချီက ရေနွေးခွက်ကို စိုက်ကြည့်၍ ထိုကိစ္စအား မသိဟန်ဆောင်၍ ရှစ်ယဲ့ကို ကျေးဇူးတင်ကြောင်း လေးနက်စွာ ပြောသည်။
“အိမ်ရှေ့စံကို ကျေးဇူးအများကြီးတင်ပါတယ်…”
သူ့ ကျေးဇူးတင်စကားကို ပြန်တုံ့ပြန်မည့်အစား ရှစ်ယဲ့က ရုတ်တရက် မေးခွန်းထုတ်သည်။
"ကြည့်လို့ကောင်းလား…”
ဝမ်ချီက ရှစ်ယဲ့၏ အမေးအား နားမလည်ချေ။
ရှစ်ယဲ့က နောက်တစ်ကြိမ် စိတ်ရှည်ရှည်နှင့် ထပ်မေးလေသည်။
“လင်းကျယ် ဗျပ်စောင်းတီးတာ ကြည့်လို့ကောင်းလား…”
လင်းကျယ်က ဝတ္ထုဇာတ်လမ်းထဲတွင် ဇာတ်လိုက် Shou နေရာကို အစားထိုးယူသွားသော စစ်သူကြီး၏နာမည် ဖြစ်မည်။
ဝမ်ချီက ရှစ်ယဲ့ ပြောချင်သည်ကို နားမလည်သော်လည်း ပြန်မမေးရဲသောကြောင့် ပုခုံးနှစ်ဖက်ကို ကျုံ့လိုက်ပြီး ခေါင်းညိတ်၍ ဖြေလိုက်သည်။
“ကြည့်ရတာ အဆင်ပြေပါတယ်…”
ဝမ်ချီ ထိုကဲ့သို့ ဖြေလိုက်သည်နှင့် ရှစ်ယဲ့၏ မျက်လုံးများက သိိသိသာသာ အေးစက်သွား၍ စိတ်မရှည်စွာ ပြောသည်
”ဒါဆိုလည်း သူ့ကိုပဲ ဆက်ကြည့်နေလိုက်…”
ရှစ်ယဲ့က ဆက်ကြည့်ရန် မပြောလျှင်လည်း ဝမ်ချီက စစ်သူကြီးလင်း အဘယ်ကြောင့် ဝမ်လျန် ဇာတ်ကောင်နေရာတွင် အစားထိုးနေရာယူသွားသည်ကို အံ့ဩနေ၍ စူးစမ်းချင်ခဲ့သည်ဖြစ်ရာ ယခု ရှစ်ယဲ့က ဆက်လက်ကြည့်ရှုရန် ခွင့်ပြုထား၍ ဝမ်ချီက လင်းကျယ် ဖျော်ဖြေသည်အား တိတ်တဆိတ် ကြည့်ရင်း လေးလေးနက်နက် တွေးတောနေခဲ့သည်။
အတွေးထဲ နစ်မြုပ်တော့မည့်အချိန်တွင် သူ့ လက်ဖမိုးတွင် နာကျင်မှု ထပ်မံခံစားလိုက်ရသည်။ သုံးလုံးမြောက် သကြားလုံးက သူ့လက်ဖမိုးကို လာရောက်ထိမှန်ခြင်းဖြစ်သည်။
ဝမ်ချီက နာကျင်လွန်း၍ မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။ နီရဲနေသော လက်ဖမိုးကိုအုပ်၍ ရှစ်ယဲ့ကို ဒေါသတကြီး စိုက်ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
မထင်မှတ်ထားသည်မှာ ရှစ်ယဲ့၏ အမူအရာက သူ့ထက် ပို၍ ဒေါသထွက်နေပုံပေါ်ပြီး အေးစက်လျက်ရှိသော ဇာမဏီမျက်လုံးများက နှင်းအထပ်ထပ် ဝန်းရံထားသကဲ့သို့ အေးခဲနေသည်။ နှုတ်ခမ်းထောင့်တွင်လည်း အေးစက်စက် အပြုံးတစ်ခုကို ချိတ်ဆွဲထား၍ ဝမ်ချီကို တုန်လှုပ်စရာကောင်းသော အသံဖြင့် မေးမြန်းသည်။
"မင်း လင်းကျယ် ဖျော်ဖြေတာကို ကြည့်ရတာ အရမ်း နှစ်သက်သဘောကျနေမှတော့ ပန်ကုန်း မင်းအတွက် သူ့ကိုဖိတ်ခေါ်ပေးရမလား… ဒါမှ သူ့ကိုပဲ တစ်ချိန်လုံး ထိုင်ကြည့်လို့ရအောင်လေ…”
“…”
ဝမ်ချီ ထိုလေသံကို ယခင်က တစ်နေရာရာတွင် ရင်းရင်းနှီးနှီး ကြားဖူးသယောင် ခံစားရသည်။
ဝမ်ချီ၏ အလွန်ကြောက်ရွံ့သွားသည့် မျက်နှာကို မြင်၍ ရှစ်ယဲ့အကြည့်များ ပို၍ အေးခဲသွားတော့သည်။ ရှစ်ယဲ့ အသံကို မြှင့်တင်၍ မိန်းမစိုးကျိုးကို ထပ်မံအော်ခေါ်သည်။
မိန်းမစိုးကျိုး၏ ကျယ်လောင်သော ထူးသံကြောင့် ဝမ်ချီ အသိပြန်ဝင်လာပြီး တုန်လှုပ်ခြောက်ခြားသွား၍ စစ်သူကြီးလင်းအား သွားရောက်ခေါ်ဆောင်တော့မည့် မိန်းမစိုးကျိုးကို အလျင်အမြန်တားဆီးလိုက်သည်။
“မိန်းမစိုးကျိုး ခဏလေးပါ…”
တားဆီးပြီးသည်နှင့် ဝမ်ချီက ရှစ်ယဲ့ကို တုန်လှုပ်စွာ ရှင်းပြသည်။
“အရှင့်သား၊ ကျွန်တော်က သူ့ကို ဒီတိုင်းပဲ ကြည့်မိတာပါ အခုလောလောဆယ် ကြည့်စရာဆိုလို့ စောင်းတီးနေတဲ့ စစ်သူကြီးလင်းပဲ ရှိတာမို့ ပျင်းပျင်းနဲ့ ကြည့်မိတာပါ အရှင့်သား…”
ဝမ်ချီ ထင်ယောင်ထင်မှားဖြစ်ခြင်းပေလား မသေချာသော်လည်း ရှစ်ယဲ့၏ အေးစက်သောအမူအရာမှာ သူ့အဖြေကို ကြားပြီးသည့်နောက် အနည်းငယ် လျော့ကျသွားသည်။
ထို့နောက် ရှစ်ယဲ့က ကျေနပ်စွာပြောသည်။
“ဒါဆိုလည်း ပန်ကုန်းကို ကြည့်လေ မင်းကိုကြည့်ခွင့်ပေးမယ်…”
ဝမ်ချီ စိတ်ပျက်စွာ တွေးနေသည်။
သူ့ကို ဘာလို့ ကြည့်ရမှာလဲ… ထိုင်ကြည့်နေစရာအကြောင်းမှမရှိတာ...
ရှစ်ယဲ့က ဝမ်ချီ၏ မလိုလားသော အရိပ်အယောင်ကို သတိပြုမိ၍ သူ့မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး မေးခွန်းထုတ်သည်။
“ပန်ကုန်းကို ကြည့်ဖို့ ဆန္ဒမရှိတာလား…”
ဝမ်ချီက ရှစ်ယဲ့ကို အလျင်အမြန် ရှင်းပြသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော် အရမ်းဆန္ဒရှိပါတယ်… အိမ်ရှေ့စံကို ကြည့်နေခွင့်ရတာ ကျွန်တော်မျိုးအတွက် ရှစ်ဘဝစာလောက် ကောင်းမှုပြုခဲ့လို့ ရရှိတဲ့ ကောင်းချီးတစ်ခုလိုပါပဲ… တကယ်လို့သာ အချိန်တွေ ထပ်ပြီး ကြည့်ခွင့်ရမယ်ဆိုရင်ဖြင့် ကျွန်တော်မျိုး ဘဝပေါင်း ရာနဲ့ချီပြီး ကောင်းမှုတွေလုပ်ခဲ့ရမယ်နဲ့တူတယ်…”
ဝမ်ချီက လေးလေးနက်နက်ပြောနေပြီး သူ့မျက်လုံးထဲက ရိုးသားမှုက အတုအယောင်နှင့် မတူချေ။ သူ အရှေ့က ပြောသွားသည့်စကားများက နှလုံးသားထံမှ အမှန်ထွက်လာသည့်အတိုင်း ရှစ်ယဲ့အား မျက်လုံးရွဲများဖြင့် စိုက်ကြည့်နေသည်။
“သူများအား မလိမ်မီ ကိုယ့်ကိုကိုယ် အရင်လှည့်စားရမည်” ဆိုသည့်အတိုင်း ဝမ်ချီက ပိရိစွာပြောဆိုခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်က မှောင်စပြုလာကာ ပွဲ၌ ဖယောင်းတိုင်မီးများဖြင့် အလင်းပေးထားသည်။ ဝမ်ချီ၏ တောက်ပကြည်လင်သော မျက်လုံးများတွင် ဖယောင်းတိုင်မီးအလင်းက အရောင်ထင်ဟပ်၍ ကြယ်ပင်လယ်ကဲ့သို့ တဖျတ်ဖျတ်လက်နေသည်။
ဝမ်ချီက ကမ္ဘာတစ်ခုလုံးတွင် ရှစ်ယဲ့တစ်ယောက်တည်းသာ ရှိနေသကဲ့ လေးလေးနက်နက် စိုက်ကြည့်နေလေသည်။
ရှစ်ယဲ့က ထိုအကြည့်အောက်တွင် နစ်မြော၍ ဘာမှမတုံ့ပြန်နိုင်ဘဲ အချိန်အတန်ကြာမှသာ ခေါင်းကို ဘေးသို့လှည့်ရင်း အကြည့်လွှဲလိုက်တော့သည်။
ဝမ်ချီက ရှစ်ယဲ့ထံမှ သက်ပြင်းချသံကိုသာ ကြားလိုက်ရသည်။
ဝမ်ချီကလည်း သတ္တိနည်း၍ မျက်လုံးမလွှဲရဲဘဲ ရှစ်ယဲ့ ကြည့်ခိုင်းသည့်အတိုင်းသာ ဆက်တိုက်ကြည့်နေရသည်။
အစေခံတစ်ယောက်ရောက်ရှိလာပြီး ရှစ်ယဲ့ကို လာရောက် ဖိတ်ခေါ်မှသာ ဝမ်ချီ ထိုဒုက္ခမှ လွတ်မြောက်သွားတော့သည်။
ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကိုတွန်းရန် မိန်းမစိုးကျိုး ရောက်လာမှသာ ဝမ်ချီ စိတ်လွတ်လပ်သွားသည်။
ကောင်းလိုက်တာ နောက်ဆုံးတော့ အနားယူလို့ရပြီ…
ပန်းခင်းအလယ်တွင် ရေနွေးကြမ်းသုံးဆောင်ပြီး မိန်းမပျိုလေးများ၏ အကများကို ရှုစားရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။
ဝမ်ချီက ဤအကြောင်းကို တွေးလိုက်ရုံနှင့် အလွန်ပျော်ရွှင်သည်ဟုခံစားရပြီး စစ်သူကြီးလင်းကိုလည်း သေချာအကဲခတ်နိုင်မည်ဖြစ်ကြောင်း တွေးမိ၍ နှုတ်ခမ်းထောင့်များက မသိမသာ ကွေးညွတ်သွားသည်။
ရှစ်ယဲ့ ပြန်လှည့်ကြည့်သောအချိန်တွင် ဝမ်ချီ၏ မျက်နှာပေါ်၌ ရွှင်လန်းနေသောအပြုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၍ မျက်နှာကြီးမည်းသွားတော့သည်။
မိန်းမစိုးကျိုးနှင့် အစေခံနှစ်ဦးလုံးက အန္တရယ် အရိပ်အမြွက်ကို အနံ့ခံမိ၍ ခေါင်းခါလိုက်ကြပြီး ယခုထိ သတိမမူမိသေးသော ဝမ်ချီကို ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ဝမ်ချီက ပတ်ဝန်းကျင်အလှကိုပင် သေချာမခံစားရသေးပေ။ ထိုအချိန်တွင် ရှစ်ယဲ့၏ သူ့အား လှမ်းခေါ်သော အသံကို ကြားလိုက်ရသည်။
“ဝမ်ချီ ပန်ကုန်းနဲ့ လိုက်ခဲ့…”
ဝမ်ချီက လှပသော အိပ်မက်မှ ရုတ်တရက် လှုပ်နှိုးခံလိုက်ရသကဲ့သို့ ခံစားရသည်။
အဆုံးသတ်တွင် ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို တွန်းသူနေရာတွင် မိန်းမစိုးကျိုးအစား ဝမ်ချီ ဖြစ်သွားခဲ့သည်။ သို့သော်လည်း တဲနားသို့ ရောက်သောအချိန်တွင် မိန်းမစိုးကျိုးက ဝမ်ချီလက်ထဲမှ ဘီးတပ်ကုလားထိုင်ကို လက်ပြောင်းယူလိုက်သည်။
တဲအတွင်း၌ လူအချို့ ထိုင်နေသည်ကို အဖြူရောင် လိုက်ကာစကြားက ဝိုးတဝါး မြင်နေရသည်။
ဝမ်ချီက အထဲတွင် ထိုင်နေသာသူများအား သဲသဲကွဲကွဲ မမြင်ရသည့်အပြင် စူးစိုက်ကြည့်ရန်လည်း သတ္တိမရှိပေ။ သို့သော် သူတို့ကို ခေါ်ဆောင်လာသည့် အစေခံမိန်းကလေးကိုမူ ယခင်က မြင်တွေ့ဖူးသကဲ့သို့ ရင်းရင်းနှီးနှီး ခံစားနေရသည်။
တော်ဝင်မင်းသမီးကြီး၏ ဘေးတွင် ထိုင်နေကြသည်ကို ကြည့်ခြင်းဖြင့် ထိုလူများက ရာထူးကြီး၍ အဆင့်အတန်းမြင့်သော ဆွေတော်မျိုးတော်များ ဖြစ်နိုင်သည်။
မိန်းမစိုးကျိုးက ဝမ်ချီထံမှ ဘီးတပ်ကုလားထိုင်ကို လက်လွှဲယူပြီး ဝမ်ချီကို တဲအပြင်တွင်နေခဲ့ရန် ပြောသည်။
“ဝမ်သခင်လေး ကျေးဇူးပြု၍ အပြင်မှာ စောင့်နေပေးပါ…"
မည်သို့ပင်ဆိုစေကာမူ ဝမ်ချီ ကိုယ်တိုင်လည်း တဲထဲလိုက်ဝင်ပြီး ထိုလူများ၏ အကဲခတ်သည့် မျက်လုံးများအောက်တွင် အောက်ကျို့ရန် မလိုလားချေ။ ဝမ်ချီက မိန်းမစိုးကျိုး၏ ထိုသို့သော စကားကိုကြားပြီး စိတ်သက်သာရာရ၍ ပြန်ဖြေသည်။
“ကောင်းပြီ…”
မိန်းမစိုးကျိုးက ခေါင်းညိတ်လိုက်ပြီး ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကို တဲထဲသို့တွန်း၍ ဝင်သွားသည်။
ရှစ်ယဲ့ ခဏအကြာတွင် ပြန်ထွက်လာလိမ့်မည်ဟု ဝမ်ချီက တွေးခဲ့သည်။ ရှစ်ယဲ့အကြောင်း သူသေချာသိသည်။ ရှစ်ယဲ့က မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ရှည်သည်းခံပေးသည်ကို သူတစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။ တစ်ချိန်က စားသောက်ဆိုင်တွင် ရှစ်ယဲ့က ထမင်းမသုံးဆောင်ရသေးသော တော်ဝင်မင်းသမီးကိုပင် မောင်းထုတ်ခဲ့ဖူးသေးသည်။
အဆုံးသတ်၌ ဝမ်ချီက တဲအရှေ့တွင် တစ်နာရီတိတိ ရပ်နေခဲ့ရပြီး တဲထဲရှိလူများမှာမူ ထွက်လာရန် အရိပ်အယောင် မရှိချေ။
ကောင်းကင်ကြီးက မှောင်စပြုလာပြီဖြစ်၍ ပတ်ဝန်းကျင်တွင် မြင်ရစေရန် မီးပုံးများ ထွန်းထားသည်။
ဝမ်ချီ၏ ခြေထောက်များက နာကျင်ပြီး ထုံကျင်နေသည်။ ဆောင့်ကြောင့်ထိုင်ရာမှ ပြန်မတ်တပ်ရပ်၍ ထုံကျင်ခြင်းများ သက်သာစေရန် လမ်းအနည်းငယ် လျှောက်လိုက်သည်။ သူ့အနီးနားတွင် အလင်းရောင် များများစားစားမရှိသောကြောင့် ရုတ်တရက် ခြေထောက်အောက်က ကျောက်တုံးသေးသေးလေးတစ်လုံးကို တက်နင်းမိပြီး ရှေ့သို့ လဲကျသွားသည်။
ဝမ်ချီက ရွှံ့ဗွက်ထဲ ပြုတ်ကျတော့မည်ဟု တွေးမိပြီး ကြောက်စိတ်ဖြင့် မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်သည်။
သို့သော်လည်း နာကျင်မှုဒဏ် မခံစားရပေ။
သူ့အား တစ်စုံတစ်ယောက်က အနောက်မှ လှမ်းထိန်း၍ ဆွဲဖက်လိုက်သည်။ သူ့ခါးကို အနောက်မှ လက်မောင်းဖြင့် ဖက်ကာ ထိန်းထားပေးသည်ကို ခံစားရသည်။
ခဏအကြာတွင်း ဝမ်ချီ့နားထဲ ထူးဆန်းပြီး နွေးထွေးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်း အဆင်ပြေလားရဲ့လား…”
💮💮💮