Chapter 51
Viewers 11k

💮Chapter 51



ဝမ်ချီ၏ခါးတွင် ရစ်ပတ်ထားသော ထိုလက်က အလွန်သန်မာနေပြီး ဝမ်ချီ အသိပြန်ဝင်လာသောအချိန်တွင် ထိုလူ့လက်ဖဝါးမှ သွေးကြောခုန်နှုန်းကို ပါးလွှာသော အရေအပြားထံမှ တစ်ဆင့် ခံစားလိုက်ရသည်။


ဝမ်ချီက မသိမသာရုန်း၍ ဘေးထွက်ရပ်လိုက်ပြီး သူ့ပါးပြင်များက ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာတော့သည်။ သူက သူ့လက်မောင်းသူ အသာအယာပွတ်၍ ကျေးဇူးတင်စကားဆိုသည်။

“ကျွန်တော် အဆင်ပြေပါတယ်…ကူညီပေးတာ ကျေးဇူးတင်ပါတယ်…”


“မင်း အဆင်ပြေတယ်ဆို ပြီးတာပါပဲ…”

ထိုလူက ပြုံး၍ ကိစ္စမရှိကြောင်း ပြောပြီးသည်နှင့် ဝမ်ချီ၏ ခါးတွင်ရစ်ပတ်ထားသော လက်ကိုလွှတ်လိုက်သည်။


ဝမ်ချီက ထိုလူနှင့် အလွန်နီးကပ်နေပြီး ထိုလူက သူနှင့်ယဉ်လျှင် အလွန်အရပ်မြင့်နေသောကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော ဤအမျိုးသား၏မျက်နှာကို သေချာမြင်ရရန် အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မော့ကြည့်လိုက်သည်။


မမျှော်လင့်ဘဲ ဝမ်ချီ ခြေတစ်လှမ်းဆုတ်လိုက်ကာမှ ၄င်းကျောက်တုံးကိုပင် ထပ်မံတက်နင်းမိပြီး ခြေချော်၍ နောက်သို့ လဲကျသွားပြန်သည်။


ဝမ်ချီက တုန်လှုပ်သွား၍ အော်လိုက်မိပြီး လက်များက လေထဲတွင် ကားယားဖြစ်နေတော့သည်။


ထိုလူက ဝမ်ချီလဲကျတော့မည်ကို မြင်၍ ဝမ်ချီ့လက်ကို အမြန်ဆွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ဘက်သို့ ပြန်ဆွဲယူလိုက်သည်။


ဝမ်ချီလည်း အရှိန်မထိန်းနိုင်တော့ဘဲ သူ့ရင်ခွင်ထဲ​ ရောက်သွားပြီး ခေါင်းနှင့် ထိုလူ့ရင်ဘက်အား သွားစောင့်မိတော့သည်။ အရှိန်ပြင်းသည့်အပြင် ထိုလူ့ရင်အုပ်က မာတောင့်နေ၍ ဝမ်ချီ ခေါင်းမူးပြီး နာကျင်သွားသည်။


ဝမ်ချီ ရင်ခွင်ထဲမှထွက်ရန် အနောက်သို့ပြန်ဆုတ်လိုက်သော်လည်း ခြေထောက်များက သေချာမရပ်နိုင်သေး၍ ထိုလူက ဝမ်ချီ့ခါးကို ပြန်ဆွဲဖက်ထားပြီး ပြောသည်။

“သတိထားလေ…မြက်ခင်းပေါ်မှာ ကျောက်တုံးတွေ အများကြီးရှိတာမို့ ဂရုမစိုက်ရင် ထပ်ချော်လဲလိမ့်မယ်…”


ဝမ်ချီက တစ်ကြိမ်ပြီးတစ်ကြိမ် အလွဲများ လုပ်မိနေသည်ကို တွေးမိသောအခါ အလွန်ရှက်သွားသည်။ လျင်မြန်စွာ ထိုလူ၏ ရင်ခွင်ထဲမှ ရုန်းထွက်မည့်အချိန်၌ နားထဲတွင် ရင်းနှီးသော အေးစက်စက် အသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။

"မင်းတို့ ဘာလုပ်နေတာလဲ…”


ထိုရင်းနှီးသောအသံကြောင့် ဝမ်ချီ၏မျက်နှာက ထိတ်လန့်ခြောက်ခြားပြီး ဖြူဖျော့သွားစေခဲ့သည်။ ဝမ်ချီက မည်သည့်အမှားမှ မလုပ်ခဲ့သော်ငြားလည်း စိတ်မလုံစွာဖြင့် ထိုလူ၏လက်မောင်းများကြားမှ လျင်မြန်စွာ ရုန်းထွက်လိုက်သည်။


ဝမ်ချ၏လှုပ်ရှားမှုက အလွန်လျင်မြန်သောကြောင့် သူ့ကိုထိန်းဖက်ထားသည့် ထိုလူမှာ မည်သည့်တုံ့ပြန်မှုမျှ မပြုလိုက်နိုင်ချေ။ သတိဝင်လာသောအချိန်၌ ထိုလူက လေထဲတွင် တန်းလန်းဖြစ်နေသော သူ့လက်မောင်းကိုသူ အောက်သို့ချလိုက်ပြီး တဲထဲမှ ထွက်လာသော ရှစ်ယဲ့ကို လှည့်ကြည့်၍ ပြုံးပြီးနှုတ်ဆက်သည်။

“အိမ်ရှေ့စံကို နှုတ်ခွန်းဆက်သပါတယ်…”


ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ့မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ ရှစ်ယဲ့က ထိုလူ့အား  စိတ်မဝင်စားသော အကြည့်တစ်ချက်သာ စွန့်ကြဲ၍ သူ့ဘေးတွင်ရပ်နေပြီး အမှားလုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ခေါင်းငုံ့ထားသော ဝမ်ချီကို ကြည့်လိုက်ပြီး အေးစက်စွာဖြင့် လှမ်းပြောသည်။

“ဒီနားလာခဲ့…”


ဝမ်ချီက ခေတ္တကြောင်အမ်းသွားပြီး ရှစ်ယဲ့က သူ့ကိုပြောနေခြင်းဖြစ်မည်ဟု မှန်းဆ၍ လိပ်ကဲ့သို့ သေးငယ်သော ခြေလှမ်းများဖြင့် ရှစ်ယဲ့နား လျှောက်သွားခဲ့သည်။


ဝမ်ချီက ခေါင်းငုံ့၍ လျှောက်သွားသောကြောင့်  ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေတာ ရှစ်ယဲ့နှင့် အကြည့်ချင်းဆုံသွားသည်။


အတိအကျပြောရမည်ဆိုပါက ရှစ်ယဲ့၏ အေးစက်သော မျက်လုံးများက  ဝမ်ချီထံသို့ ကျရောက်နေပြီး  ဝမ်ချီ အမှတ်မထင် ထိုအကြည့်နှင့် ဆုံသွားသည့်အချိန်တွင် အေးစက်နေသော ရေကန်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။


ဝမ်ချီ့ တစ်ကိုယ်လုံးရှိ ကြက်သီးမွှေးညင်းများ ထလာပြီး အလိုအလျောက် ပခုံးနှစ်ဖက်ကျုံ့ဝင်၍ လင်းယုန်၏ ဖမ်းဆီးခြင်းခံရသော ကြက်လေးကဲ့သို့ တုန်လှုပ်နေတော့သည်။ ဝမ်ချီက ခြေချောင်းများကို တုန်တုန်ယင်ယင် စိုက်ကြည့်နေပြီး မြက်ခင်းထဲသာ တိုးဝင်ပျောက်ကွယ်သွားချင်တော့သည်။


ရှစ်ယဲ့က ဝမ်ချီကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး ဘီးတပ်ကုလားထိုင်ကို အနောက်ပြန်မလှည့်မီ မိန့်ဆိုလိုက်သည်။

“လိုက်ဝင်လာခဲ့…”


ဝမ်ချီက ရှစ်ယဲ့ တဲထဲသို့ ဝင်သွားသည်ကို မြင်သောအချိန်တွင် အနောက်လှည့်ပြီး ထိုလူကို ကျေးဇူးတင်စကား ပြောချင်သော်လည်း အရဲမစွန့်ဝံ့သောကြောင့် ရှစ်ယဲ့နောက်မှ လိုက်၍ တဲထဲသို့ အလျင်အမြန် ဝင်သွားသည်။


ဤရွက်ဖျင်တဲက  ရှစ်ယဲ့၏တဲထက် အဆများစွာ ပိုကြီးပြီး အတွင်းခန်းနှင့် အပြင်ခန်းကို နံရံပန်းချီကားဖြင့် ပိုင်းခြားထားသည်။


အပြင်ခန်းတွင် လူလေးယောက်က  တစ်ယောက်တစ်နေရာစီ ထိုင်နေကြပြီး  ထိုသူတို့နောက်တွင် မိန်းမစိုးကျိုးအပါအဝင် အခြားအစေခံများက မတ်တပ်ရပ်နေကြသည်။


ဝမ်ချီက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်နောက်မှ လိုက်သွားပြီး မျက်လုံးထောင့်မှတစ်ဆင့် ထိုလူလေးယောက်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့ထဲမှ တစ်ယောက်က သူတစ်ကြိမ်တွေ့ဖူးသော တော်ဝင်မင်းသမီးကြီး ဖြစ်ပြီး ကျန်သုံးယောက်ကိုမူ သူ မသိပေ။


ဒီတဲက တော်ဝင်မင်းသမီးကြီးရဲ့ တဲပဲဖြစ်မယ်…

ဝမ်ချီ တွေးနေချိန်တွင် မကြာသေးမီက သူတို့ကို လမ်းပြခေါ်ဆောင်လာခဲ့သည့် အစေခံက ကုလားထိုင်တစ်လုံး ယူလာပြီး သူ့နောက်တွင် ညင်သာစွာ ချလိုက်သည်ကို တွေ့လိုက်ရသည်။


ထို့နောက်တွင် တော်ဝင်မင်းသမီးကြီးက အနည်းငယ်ပြုံး၍ ဝမ်ချီကို ပြောသည်။

“သခင်လေးဝမ် ကျေးဇူးပြုပြီး ထိုင်ပါ…”


“ကျေးဇူးတင်ပါတယ် မယ်မယ်…"

ဝမ်ချီက တော်ဝင်မင်းသမီးကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်သော်လည်း ထိုင်ရန်မရည်ရွယ်ဘဲ သူ့ကိုကျောပေးထားသည့် ရှစ်ယဲ့ကိုသာ စိုးရိမ်တကြီး ကြည့်နေသည်။


ထိုအချိန်တွင် ရှစ်ယဲ့က နောက်ကျောတွင် မျက်စိပါသကဲ့သို့ သူကြည့်နေသည်အား သိကာ ဝင်ပြောသည်။

“သူ မပင်ပန်းဘူးမို့ မတ်တပ်ရပ်နေပါစေ…”


ဝမ်ချီ : “…”

ဘာလို့ ဒီခွေးမင်းသားလေးက မူလတန်းကျောင်းသားလေးလို တစ်နေကုန် ဒေါသတကြီးဖြစ်ပြီး တစ်ချိန်လုံး စိတ်တိုနေရတာလဲ…


အဓိကအချက်မှာ ရှစ်ယဲ့ ဒေါသထွက်ရခြင်း အကြောင်းရင်းကို ယခုထိ မသိရှိရဘဲ ရှစ်ယဲ့၏ ဒေါသကိုသာ အချိန်တိုင်း တစ်နည်းနည်းဖြင့် ခံယူနေရခြင်းကြောင့်ဖြစ်သည်။


ကံကောင်းထောက်မစွာပင် ဝမ်ချီကလည်း ထိုင်နေချင်စိတ်မရှိ၍ ရှစ်ယဲ့ပြောသည့်အတိုင်း နောက်မှီပြီးသာ ရပ်နေသည်။


ဤတဲလေးထဲတွင် အစေခံများအပါအဝင် လူအများအပြားရှိနေပြီး ထိုင်နေသူက ရှစ်ယဲ့အပါအဝင် စုစုပေါင်း ငါးယောက်သာဖြစ်၍ သူသာ ထိုင်လိုက်မည်ဆိုပါက အတော်လေးပင် ပေါ်လွင်ထင်ရှားနေလိမ့်မည်။


ဝမ်ချီ မထိုင်သည်မှာ ဖြစ်သင့်သောအရာဟု ထင်ထားသော်လည်း တော်ဝင်မင်းသမီးကြီး၏ မျက်နှာတွင် အဘယ်ကြောင့် အနေရခက်သည့် အမူအရာ ဖြစ်ပေါ်နေသည်ကို သူ နားမလည်ပေ။


သူ့တူလေးက အမြဲသီးသန့်ဆန်၍ တွေ့ဆုံခွင့်ရရန် အလွန်ခက်ခဲသည်။ သူမက ဤတူကို လွန်ခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း နှစ်ကြိမ်သာ တွေ့ခဲ့ရပြီး ထိုနှစ်ကြိမ်လုံးတွင် ဝမ်ချန်ချင်း၏ ဒုတိယသားဖြစ်သူအား သူနှင့်အတူတကွ ခေါ်လာခဲ့သည်။


လူတစ်ယောက်အား ဘေးတွင်အမြဲ ခေါ်ထားသည်က မထူးဆန်းသော်လည်း ယခုတွင် သူတို့တဲထဲအထိပါ ခေါ်လာသေးသည်။


ဝမ်ချန်ချင်းရဲ့ ဒုတိယသားကို တူလေးရဲ့ လူယုံတော်လို့အစက ထင်ထားခဲ့တာ ဒါပေမဲ့ အခုတော့…

တော်ဝင်မင်းသမီးကြီး၏ စိတ်ထဲတွင် အတွေးပေါင်း ထောင်နှင့်ချီ လည်ပတ်နေသော်လည်း သူမ မျက်နှာပြင်ပေါ်တွင် နူးညံ့လှပသော အပြုံးတစ်ခု ပန်ဆင်ထားဆဲပင် ဖြစ်သည်။


သူမက အေးအေးဆေးဆေး စကားလမ်းကြောင်း ပြောင်း၍ ပြောလိုက်သည်။

“ကျစ်ချန်ကတော့ တကယ်ပါပဲ… သူ့ကို မြန်မြန်လာဖို့ ပြောထားတာတောင် အခုထိမရောက်လာသေးဘူး…"


သူမ ထိုကဲ့သို့ ပြောပြီးသည်နှင့်တပြိုင်နက် တဲအပြင်ဘက်ရှိ ခန်းဆီးအကာမှာ ရုတ်တရက် ပွင့်သွားသည်။


ဝမ်ချီက အခြားသူများ၏ ဦးတည်ရာအတိုင်း လိုက်ကြည့်သောအချိန်တွင် သူ့အား နှစ်ကြိမ်တိတိ ကယ်တင်ခဲ့သော ထိုလူ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။


မူလက အပြင်တွင် မှောင်နေသောကြောင့် ဝမ်ချီက ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရခဲ့သော်လည်း ယခုတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ထိုလူက ရှစ်ယဲ့နှင့် အသက်မတိမ်းမယိမ်းဖြစ်ပြီး အဖြူရောင် ဝတ်စုံ၀တ်ဆင်ထား၍ သရဖူကျောက်စိမ်းကဲ့သို့ မျက်နှာသွင်ပြင်ရှိပြီး အရပ်မြင့်သည်။ ထိုသူ၏ နှုတ်ခမ်းထောင့်များမှ နူးညံ့သောအပြုံးတစ်ခု ထွက်ပေါ်လာပြီး နှလုံးသားကို နွေးထွေးစေသည်။


ထိုသူက ရှစ်ကျင်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ချောမောသော ယောက်ျားလေး ဖြစ်သည်။ ရှစ်ကျင်းက မည်သို့ပင် နူးညံ့ပါစေ တော်ဝင်မင်းသားတစ်ဦး ဖြစ်သောကြောင့် အနည်းငယ် စိမ်းသက်သော အငွေ့အသက်ပေးသော်လည်း ဤယောကျာ်းသားထံတွင် ထိုကဲ့သို့ စိမ်းကားသော ခံစားချက်မရှိချေ။


ထိုလူ လျှောက်လမ်းသွားသည့်လမ်းတွင် တဲထဲရှိလူများကို ကြည့်ရင်း ဝမ်ချီ့အရှေ့မှ ဖြတ်သွားသောအခါတွင် ဝမ်ချီ့ကို ခေတ္တမျှစိုက်ကြည့်ပြီး လျင်မြန်စွာ အကြည့်ပြန်လွှဲသွားသည်။


ကျစ်ချန်က လက်နှစ်ဖက်ကို ကွေးပြီး ဦးညွှတ်၍ နှုတ်ဆက်စကားဆိုသည်။

"ကျစ်ချန်က အိမ်ရှေ့စံမင်းသား၊ မယ်မယ်၊ ဦးရီးတော်(၄) နဲ့ ဦးရီးတော်(၅)တို့ကို ဂါရဝပြုပါတယ်…”


တော်ဝင်မင်းသမီးကြီးက ဤကလေးကို အလွန်သဘောကျပုံရပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည့်အထိ ပြုံး၍ နွေးထွေးစွာ နှုတ်ဆက်သည်။

“ကလေး၊ နေကောင်းတယ်မလား ဒီမှာလာထိုင်…”


ကျစ်ချန်က ရိုကျိုးစွာဖြေသည်။

"ဟုတ်ကဲ့…”


တော်ဝင်မင်းသမီးကြီးက အစေခံကို ကုလားထိုင် ယူလာခိုင်းလိုက်သည်။


ထိုတဲ၏ အပြင်ခန်းက မကျဉ်းသော်လည်း လူဆယ်ဦးထက်မနည်း တပြိုင်နက် နေရန်အတွက်မူ အနည်းငယ် သေးသည်။


အစေခံက ကုလားထိုင်ကို လက်နှစ်ဘက်နှင့် ကိုင်ထားပြီး ခေတ္တမျှ ဝေ့ကြည့်ပြီးသည့်နောက် ထိုင်ခုံကို ဝမ်ချီ့အရှေ့တွင် ချလိုက်သည်။


ထိုင်ခုံက ဝမ်ချီနှင့် အလွန်နီးကပ်နေပြီး ဟွားကျစ်ချန် ထိုင်လိုက်သည့်အချိန်တွင် သူ့နောက်ကျောက ဝမ်ချီ၏ အရှေ့တည့်တည့်တွင် အလွန်နီးကပ်နေသည်။


ဝမ်ချီက မျက်လုံးများကို ငုံ့ကြည့်လိုက်ရာ ဟွားကျစ်ချန်၏ ချောမွေ့သော အနက်ရောင်ဆံပင်ကို မြင်လိုက်ရသည်။ ဟွားကျစ်ချန် ၏ နောက်ကျောက အလွန်ဖြောင့်စင်းနေ၍ သူ့ပုံစံက အနည်းငယ်ပိန်သည်ဟု ထင်ရသော်လည်း သေချာကြည့်ပါက သန်မာသည့် ခန္ဓာကိုယ် ကောက်ကြောင်းကို မြင်နိုင်သည်။


ဝမ်ချီက ဟွားကျစ်ချန့်လက်တစ်ဖက်ဖြင့် သူ့၏ခါးကို ခိုင်ခံ့စွာ  သိုင်းဖက်ထားခံရသည့်အချိန်ကို ရုတ်တရက် သတိရလိုက်သည်။


သူ အတွေးများနေသည်ပေလား မသေချာသော်လည်း ထိုသူက ရှစ်ယဲ့ကဲ့သို့ပင် ကိုယ်ခံပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူ ဖြစ်မည်ဟု ခံစားရသည်။


ဝမ်ချီ အတွေးများနေသည့်အချိန်တွင် တဲထဲရှိလူများက စကားဝိုင်းကို စတင်လိုက်ကြသည်။ ဟွားမိသားစုနှင့် ဟွားမိသားစု၏ စီးပွားရေးလုပ်ငန်းများ အကြောင်းသာမက ကျင်းကျိုးဒေသတွင် ဖြစ်ပွားနေသော ကျိုင်းကောင်ကပ်ဘေး ကိစ္စကိုလည်း ဆွေးနွေးနေကြသည်။ မင်းကြီးက မင်းသား(၄) ကို တာဝန်ရှိရဲမက်များ ခေါ်ဆောင်၍ ကျင်းကျိုးဒေသသို့ သွားရောက်ဖြေရှင်းစေရန် ဆန္ဒရှိကြောင်းလည်း ပြောသည်။


ထိုအချိန်တွင် စကားတစ်ခွန်းမျှ ဝင်မပြောခဲ့သော ရှစ်ယဲ့က ဖြတ်ပြောသည်။

“ဝမ်ချီ…”


ရှစ်ယဲ့ထံမှ ဝမ်ချီနာမည် ထွက်လာသည်နှင့် တပြိုင်နက် စကားပြောနေကြသည့်သူများ အံ့အားသင့်သွား၍ ရှစ်ယဲ့ကို တညီတညွတ်တည်း လှည့်ကြည့်ကြသည်။


ဝမ်ချီက ချက်ချင်းပင် သတိပြန်ဝင်လာပြီး လျင်မြန်စွာ ထူးလိုက်သည်။

“အမိန့်ရှိပါ…”


ရှစ်ယဲ့က ထိုင်ခုံကို ညွှန်ပြ၍ ပြောသည်။

“ဒီမှာထိုင်…”


ဝမ်ချီလည်း ဆွံ့အသွားတော့သည်။ ရှစ်ယဲ့ ဘာဖြစ်ချင်ပြန်သည်ကို ဝမ်ချီနားမလည်သော်လည်း သူက ဤပွဲတော်တွင် အရံလူမျှသာ ဖြစ်ကြောင်း သဘောပေါက်၍ စိတ်အေးလက်အေးနှင့်ပင် အစေခံ ပြင်ဆင်ပေးထားသည့် ထိုင်ခုံတွင် ထိုင်လိုက်သည်။


ထိုင်ခုံက ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ဘေးတွင်ရှိပြီး ဟွားကျစ်ချန်နှင့် အကွာအဝေးတစ်ခု ခြားသွားတော့သည်။


ဝမ်ချီ ထိုင်ပြီးသည့်အချိန်တွင် ရှစ်ယဲ့၏ မေးရိုးတင်းမာမှု အနည်းငယ် ပြေလျော့သွားသည်ကို သူ သတိပြုမိလိုက်သည်။


သူက ယခုထိနာကျင်​​နေ​ဆဲဖြစ်သော လက်ဖမိုးကို ထိလိုက်ပြီး အကြောင်းမရှိတုန်လှုပ်သွားသည်​။


အခြားသူများက ရှစ်ယဲ့၏ ဖြတ်ပြောခြင်းကို ခံရပြီးနောက် စကားထပ်မစဝံ့တော့ချေ။ တော်ဝင်မင်းသမီးကြီးပင် ရှစ်ယဲ့ကို စိတ်အားထက်သန်စွာ ကြည့်နေပြီး ရှစ်ယဲ့ တစ်ခုခုပြောရန် စောင့်ဆိုင်းနေသည်။


အဆုံးတွင် ရှစ်ယဲ့က သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

"ဆက်ပြောပါ…”


တော်ဝင်မင်းသမီးကြီး၏ ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားပြီး ရှစ်ယဲ့ကို တစ်ခုခု ပြောချင်သော်လည်း အဆုံးတွင် သူမက လက်လျှော့ပြီး အခြားသူများနှင့်သာ မူလက အကြောင်းရာအား ဆက်လက်ပြောဆိုလိုက်သည်။


ဝမ်ချီက လုပ်စရာကိစ္စမရှိသောကြောင့် သူတို့စကားပြောနေသည်ကို ဂရုတစိုက်နားထောင်ပြီး တော်ဝင်မင်းသမီးကြီး၏ ရည်ရွယ်ချက်က ယခင်တစ်ခေါက်နှင့် အတူတူပင်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အဓိကအားဖြင့် ရှစ်ယဲ့ကို ဆေးကုသမှုခံယူရန် ဖျောင်းဖျပြီး အပြင်တွင် လျှောက်သွားနေသော ဟွားကျစ်ချန်ကိုလည်း နန်းတော်သို့ ခေါ်သွားရန် ဖြစ်သည်။


ဟွားကျစ်ချန်က ဆေးကုသရာတွင် ကျွမ်းကျင်သောကြောင့် ရှစ်ယဲ့ကို ကူညီပေးနိုင်မည် ဖြစ်သည်။


ဟွားကျစ်ချန်…

ဝမ်ချီက ထိုနာမည်ကို အကြိမ်ကြိမ် တိတ်တဆိတ် ရေရွတ်နေသည်။ သူသာမက ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ပင် ထိုနာမည်ကို ကြားဖူးမည်မဟုတ်ပေ။ မည်သည့်နေရာမှ မည်သို့သော အကြောင်းရင်းကြောင့် ဤဇာတ်ကောင် ထွက်လာခြင်းကို  သူနားမလည်နိုင်ချေ။


ဝမ်ချီ စ်ိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်၏။ဇာတ်လမ်းက မည်သည့်နေရာကိုဦးတည်နေသည်ကို သူ နားမလည်နိုင်ပေ။ အကယ်၍ ထိုဟွားကျစ်ချန်သာ ရှစ်ယဲ့ကို ကုသနိုင်မည်ဆိုပါက စနစ်ကိုယ်တိုင်ပင် အံ့အားထိတ်လန့်သွားလောက်သည်။


သို့သော်လည်း ရှစ်ယဲ့က ထိုကုသမှုများ လုံးဝ မလိုအပ်ချေ။ ရှစ်ယဲ့က ဟန်ဆောင်ဇာတ်ကပြနေခြင်းသာဖြစ်သည်။


တော်ဝင်မင်းသမီးကြီးနှင့် အခြားသူများအားလုံးက အာပေါက်မတက် ဖျောင်းဖျနေသော်လည်း ရှစ်ယဲ့က မတုန်မလှုပ်ဖြင့် သေရည်ကိုသာ စိမ်ပြေနပြေ သောက်နေသည်။


ဝမ်ချီက တိတ်ဆိတ်စွာဖြင့် သေရည်အိုးကိုကိုင်ကာ ရှစ်ယဲ့ခွက်ထဲ ငှဲ့ပေးပြီး ရှစ်ယဲ့ တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်ကို ထိုင်ကြည့်နေရသည်။


နောက်ဆုံး သေရည်များ ကုန်လုနီးပါးအချိန်တွင်  ရှစ်ယဲ့က မျက်ခွံများကို လှန်ကြည့်၍ အေးစက်သောမျက်လုံးများဖြင့် တော်ဝင်မင်းသမီးကြီးနှင့် အခြားသူများကို မေးသည်။

“ပြောလို့ပြီးပြီလား…”


တော်ဝင်မင်းသမီးကြီးနှင့် အခြားသူများ၏ မျက်နှာများက ပျက်ယွင်းနေပြီး ဟွားကျစ်ချန် တစ်ယောက်သာလျှင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။

" ပန်ကုန်းက မင်းတို့ရဲ့ မိုက်မဲတဲ့ စကားတွေကို နားထောင်ဖို့ ဒီကိုလာခဲ့ပေးတာနဲ့တင် သဘောကောင်းပေးရာ ကျနေပြီ… မင်းတို့ရဲ့ ဟွားမိသားစုတွင်းကိစ္စတွေကို မင်းတို့ဘာသာ ကိုင်တွယ်ကြ… နောက်ဆို ဒီအသေးအဖွဲကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ကို လာမနှောင့်ယှက်နဲ့…”


ရှစ်ယဲ့၏အသံမှာ အလွန်အေးစက်လွန်းလှပ၍ ဇာမဏီမျက်ဝန်းများထဲတွင် အေးစက်သော အငွေ့အသက်များ ပြည့်လျှံနေသည်။ သူက တော်ဝင်မင်းသမီးကြီး၏ ဖြူဖျော့နေသော မျက်နှာကို ခေတ္တစိုက်ကြည့်ပြီးနောက် ပြောသည်။

“ဝမ်ချီ ပြန်မယ်…”


ဝမ်ချီက ကိုင်ထားသည့် သေရည်အိုးကို အလျင်အမြန်ချ၍ ရှစ်ယဲ့၏ ဘီးတပ်ကုလားထိုင်ကိုတွန်းရန် ထရပ်လိုက်သည်။


သူ့တာဝန် အလုခံလိုက်ရသော မိန်းမစိုးကျိုးက အစောင့်များနှင့်အတူ ဝမ်ချီ့အနောက်မှ လိုက်သွားခဲ့သည်။


ရှစ်ယဲ့က သေရည်အမြောက်အမြား သောက်ထား၍ သေရည်အနံ့များနှင့် ပြည့်နှက်နေသော်လည်း သူ့ကိုယ်ပေါ်ရှိ နံ့သာဖြူမွှေးရနံ့နှင့် ရောစပ်ကာ အနံ့သင်းသင်းလေးဖြစ်နေသည်။


ရှစ်ယဲ့ ယခုလေးတင်  တော်ဝင်မင်းသမီးကြီးနှင့် အခြားသူများကို ဆွံ့အသွားသည်အထိ ပြောဆိုခဲ့သည်ကို ကြည့်ခြင်းဖြင့် ရှစ်ယဲ့ အရက်မမူးဟု ဝမ်ချီက ထင်သည်။


သို့သော်လည်း လှည်းပေါ်တက်သည့်အချိန်တွင် ရှစ်ယဲ့က မျက်လုံးများကိုမှိတ်ပြီး မျက်မှောင်ကြုတ်၍ နေသည်။


ထိုအရာကိုမြင်သောအချိန်တွင် ဝမ်ချီက မသိမသာဖြင့် ခပ်ခွာခွာထိုင်နေလိုက်သည်။


ထိုအချိန်တွင်  ဝတ်ရုံတစ်ထည်ကို ကိုင်ထားသည့် လက်တစ်ဖက်က ဝမ်ချီ မျက်လုံးရှေ့တွင် ပေါ်လာသည်။


ဝမ်ချီက အံ့အားသင့်စွာဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ မိန်းမစိုးကျိုးက သူ့ကို မျက်လုံးဖြင့် အချက်ပြနေသည်ကို တွေ့လိုက်ရသည်။


ဝမ်ချီ: ”…”


ဝမ်ချီ မလှုပ်ရှားသေးသည်ကို မြင်လိုက်ရသဖြင့် မိန်းမစိုးကျိုးက ဒေါသအနည်းငယ်ထွက်ပြီး သွားများကို အံကြိတ်၍ ပြောသည်။

“သခင်လေးဝမ် မြန်မြန်သွားလေ…”


အတင်းအကြပ်ခိုင်းစေခံရသော ဝမ်ချီက ရွေးချယ်စရာမရှိ၍ ဝတ်ရုံကိုကောက်ယူပြီး ရှစ်ယဲ့ အနားသို့ သွားလိုက်ရသည်။ သူက ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ၀တ်ရုံကို အမြန်လွှမ်းလိုက်၍ နောက်လှည့်ပြီး ထွက်သွားရန်ပြင်သည်။


ဝမ်ချီ နောက်ပြန်မလှည့်မီ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။


ထိုလက်က အလွန်ခွန်အားကြီးမားလွန်းသဖြင့် ရုန်းမရချေ။ ဝမ်ချီ သူ့ရှေ့က ပုံရိပ် ခဏတာ လှုပ်ရမ်းသွားသည်ကိုသာ ခံစားလိုက်ရပြီး သတိထားလိုက်မိသောအချိန်၌ ရှစ်ယဲ့၏ ပေါင်ပေါ်တွင် ထိုင်လျက်သားဖြစ်နေကြောင်း သိလိုက်ရသည်။


ရှစ်ယဲ့၏ မဟူရာရောင်တောက်ပသော မျက်ဝန်းများက ဝမ်ချီကို စူးစိုက်ကြည့်နေပြီး သေရည်နံ့သင်းနေသည့် ပူပြင်းသော အသက်ရှုသံက ဝမ်ချီ့ပါးပြင်မှ ဖြတ်ပြေးသွားပြီး သူ့နားကပ်ပြီးမေးလာသည်။


"ဟွားကျစ်ချန် ခုနက မင်းရဲ့ ဘယ်နေရာကို ကိုင်သွားတာလဲ… ဒီနားကိုလား…"


ဝမ်ချီ၏မျက်လုံးများ ပြူးကျယ်သွားပြီး ခဏတာမျှ နားကြားမှားလိုက်သည်ဟု ထင််မိသွားသည်။


ထိုအခိုက်အတန့်တွင် သန်မာသောလက်တစ်စုံက သူ့ခါးကို သိုင်းဖက်လာသည်။



💮💮💮