💮Chapter 52
ထိုသိုင်းဖက်လာသောလက်က ရှစ်ယဲ့၏လက်ဖြစ်ကြောင်း ဝမ်ချီ သိလိုက်ရသောအချိန်တွင် တစ်ကိုယ်လုံး စိတ်မသက်မသာခံစားရပြီး ရှစ်ယဲ့၏ လက်နှစ်ဖက်ကြားမှ ချက်ချင်းရုန်းထွက်ရန် ကြိုးစားသည်။
သို့သော် ရှစ်ယဲ့၏လက်က အလွန်သန်မာပြီး သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ လွတ်မြောက်ရန် အခွင့်အလမ်း အနည်းငယ်မျှ မပေးချေ။
ဝမ်ချီ ရုန်းကန်လေလေ သူ့ခါးပတ်လည်ရှိ လက်က ပို၍တင်းကျပ်လာလေလေ ဖြစ်သည်။
အဆုံးတွင် ဝမ်ချီက လက်လျှော့လိုက်ပြီး ရှစ်ယဲ့၏ ပေါင်ပေါ်၌သာ စိတ်ပျက်လက်ပျက်မျက်နှာထားဖြင့် ထိုင်နေ၏။
ခဏအကြာတွင် လက်တစ်ဖက်က ရုတ်တရက်ထွက်လာပြီး ဝမ်ချီ့မေးစေ့ကိုညှစ်၍ ခေါင်းကိုဆွဲလှည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချီက အေးစက်သော ဇာမဏီမျက်ဝန်းတစ်စုံနှင့် ထိပ်တိုက်ဆုံတွေ့လိုက်ရသော့သည်။
ရှစ်ယဲ့က အေးစက်စွာပြောသည်။
“ပန်ကုန်းကို ဖြေစမ်း…”
ဝမ်ချီက ရှစ်ယဲ့၏ အေးစက်နေသော မျက်နှာကို ကြောင်တက်တက်ဖြင့်ကြည့်၍ နားမလည်စွာ ပြန်မေးသည်။
“ဘာကိုဖြေရမှာလဲ…”
ရှစ်ယဲ့: “…”
ရှစ်ယဲ့၏မျက်နှာက ချက်ချင်း မည်းမှောင်သွားလေသည်။
ထိုသို့ မည်းမှောင်သွားသည်ကို ဝမ်ချီ မြင်သောအချိန်တွင် အန္တရာယ်ကို ချက်ချင်းသတိပြုမိသွားပြီး မသိစိတ်မှ နောက်သို့ဆုတ်ထိုင်လိုက်သည်။
သို့သော်လည်း ရှစ်ယဲ့က ဝမ်ချီ့ခါးကို နောက်တစ်ကြိမ် ဆွဲဖက်လိုက်ပြီး နှစ်ယောက်ကြားက အကွာအဝေးကို ပြန်နီးစေခဲ့သည်။
ဝမ်ချီက တုန်လှုပ်စွာဖြင့် ရှစ်ယဲ့၏ ရင်ဘတ်ကို လက်နှစ်ဖက်နှင့် တားထားကာ အော်ပြောသည်။
"အရှင့်သား စိတ်အေးအေးထားပါဦး..."
ရှစ်ယဲ့က စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားပုံရပြီး သူ့လက်က ဝမ်ချီ၏ ခါးတစ်ဝိုက်တွင် လျှောက်သွားနေ၍ အသက်ရှုသံပြင်းပြင်းဖြင့် ထပ်မေးသည်။
"ဟွားကျစ်ချန်ရဲ့လက်တွေက မင်းရဲ့ဘယ်နားကို ထိသွားတာလဲ...ဒီနေရာလား…ဒါမှမဟုတ် ဒီနေရာ…”
ဝမ်ချီ၏ စိတ်အာရုံအလုံးစုံက ခါးကိုပွတ်နေသော ထိုလက်ပေါ်တွင်သာ ရှိနေပြီး ရှစ်ယဲ့ အဘယ်ကြောင့် ဟွားကျစ်ချန်ကို ထည့်ပြောလာသည်ကို နားမလည်နေချေ။
ဝမ်ချီလည်း စိတ်ရှုပ်ထွေးစွာဖြင့် ရှစ်ယဲ့၏ လက်ထံမှ ရှောင်ကာ ပြန်မေးသည်။
“အရှင့်သား ဘာကိုဆိုလိုတာပါလဲ… အရှင့်သားပြောတာကို ကျွန်တော်နားမလည်ဘူး… "
သူပြောပြီးသည်နှင့် ရှစ်ယဲ့၏လက်က ပို၍ အားပါလာသည်ကို ခံစားလိုက်ရသည်။
"မင်း ဘာလို့ ငါ့လက်တွေကြားက ရှောင်နေတာလဲ… ပန်ကုန်း မင်းကိုထိမှာကိုကျ မင်းက အရမ်းခါးသီးနေတယ်ပေါ့… ဟွားကျစ်ချန် မင်းကို ထိတုန်းကကျ မင်း အဲ့လို ရှောင်နေတာ ပန်ကုန်း မမြင်မိဘူး…”
ရှစ်ယဲ့၏အသံက ရေခဲပုံးထဲသို့ ပြုတ်ကျသွားသကဲ့သို့ အလွန်အေးစက်နေပြီး ဝမ်ချီ၏မေးစေ့တစ်ဝိုက်ကို ကိုင်ထားသော သူ့လက်က ဝမ်ချီ့ခေါင်းအနောက်ဘက်သို့ ရွှေ့သွားကာ ဝမ်ချီ့ခေါင်းကို တင်းကြပ်စွာကိုင်ထားသည်။
သနားစရာကောင်းသော ဝမ်ချီက ယခုမှသာ ရှစ်ယဲ့ မူမမှန်ဖြစ်နေရခြင်း အကြောင်းရင်းကို နားလည်သွားတော့သည်။
ခွေးမင်းသားက ငါလဲကျတုန်းက ဟွားကျစ်ချန် ထူပေးတာ ခံလိုက်မိတဲ့ကိစ္စကို အခုထိ အမှတ်သည်းခြေထားနေသေးတယ်ပေါ့လေ…
ဒါကြောင့် ရှစ်ယဲ့က ဆွေးနွေးပွဲမှာတုန်းက ဟွားကျစ်ချန် ကို တောက်လျှောက်အတိုက်အခံလုပ်နေပြီး ဟွားကျစ်ချန် တစ်ခွန်းလောက်ဝင်ပြောမိတာနဲ့ ကျိုးကြောင်းဆီလျော်တဲ့ စကားဖြစ်နေလည်း ဆန့်ကျင်ပြီး ငြင်းခုံနေတာကိုး…
“အရှင့်သား ကျွန်တော်တို့ကို အထင်လွဲနေတာပါ…”
ဝမ်ချီ ဖြေရှင်းချက်စကား ပြောလိုက်သည်နှင့် တပြိုင်နက် သူ့နှုတ်ခမ်းမှာ အနမ်းဖြင့် ရုတ်တရက် ပိတ်ဆို့ခံလိုက်ရသည်။
ဝမ်ချီက အလွန်အံ့အားသင့်သွားပြီး ပြူးကျယ်သော မျက်လုံးများဖြင့် ရှစ်ယဲ့၏မျက်နှာကို ကြည့်လိုက်သည်။
ရထားလှည်းပေါ်တွင် ဖယောင်းတိုင်နှစ်တိုင်သာ ထွန်းထားသောကြောင့် အလင်းရောင်က တောက်ပလွန်းမနေဘဲ ရှစ်ယဲ့၏ မျက်နှာကို ရွှေအလွှာနှင့် အုပ်ထားသကဲ့သို့ ဖြစ်နေပြီး သူတို့နှစ်ဦးအပေါ် နွေးထွေးသည့်အလင်းရောင်များ ရောင်ပြန်ဟပ်နေသည်။
မျက်နှာတစ်ခြမ်းသာဖော်ထားသော ရှစ်ယဲ့၏ မျက်နှာကို အနီးကပ်ကြည့်သောအချိန်တွင် သူ့အသားအရည်က အလွန်ကြည်လင်ကောင်းမွန်နေသည်ကို တွေ့ရသည်။ သူ၏ အနက်ရောင်မျက်ခုံးအောက်ရှိ ဇာမဏီမျက်လုံးများက မျက်မှောင်ကြုံ့သည့်အချိန်တွင် မှိုင်းပျပျပုံစံဖြင့် ကျဉ်းမြောင်းသွားပြီး ရှည်လျား၍ တဖျတ်ဖျတ် ခတ်နေသော မျက်တောင်များက လိပ်ပြာအတောင်ပံများကဲ့သို့ ဖြစ်နေပြီး ဝမ်ချီ့ပါးပြင်ကို လာရောက်ထိနေသည်။ ဝမ်ချီ့ပါးပြင်ကို လာထိသော ထိုမျက်တောင်များကြောင့် အသည်းယားသွား၍ တုန်သွားသည်။
သို့သော် သူ့အာရုံလွှဲသွားသည်နှင့် တပြိုင်နက် ရှစ်ယဲ့က သူ့နှုတ်ခမ်းကို လာကိုက်သည်ကို ထပ်မံခံစားလိုက်ရသည်။
ရှစ်ယဲ့၏ အနမ်းစွမ်းရည်က အလွန်ညံ့ဖျင်းပြီး တော်ရုံတန်ရုံမဟုတ်ဟု ပြော၍ရသည်။
ရှစ်ယဲ့က သူ့ကို စိတ်ပါ၍ နမ်းခြင်း မဟုတ်ကြောင်း ဝမ်ချီ ခံစားရသည်။ ဒေါသဖြေဖျောက်ရန် အတွက်သာ အနိုင်ကျင့်နေခြင်းဖြစ်သည်။
မြွေတစ်ကောင်ကဲ့သို့ အတင်းတိုးဝင်လာသော ရှစ်ယဲ့၏လျှာကြောင့် ဝမ်ချီက သူ့ပါးစပ်ကို အတင်းဟလိုက်ရပြီး ပါးစပ်ထောင့်မှသွားရည်များ စီးကျလာသည်။
ဝမ်ချီက သူ့မေးစေ့ပေါ်တွင် ကျနေသော သွားရည်များကို သုတ်ရန် လက်ကိုမြှောက်လိုက်သော်ငြား ရှစ်ယဲ့က သူ့လက်ကောက်ဝတ်ကို အတင်းချုပ်ပြီး အနောက်သို့ပို့လိုက်သည်။
ထိုသို့ သူလက်မြှောက်ရန် ကြိုးစားလိုက်ခြင်းက ရှစ်ယဲ့ကို မပျော်မရွှင်ဖြစ်စေပုံရ၍ ရှစ်ယဲ့က ရုတ်တရက် သူ့နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ ချွန်ထက်သော သွားများက ဝမ်ချီနှုတ်ခမ်းထံမှ သွေးများ စီးကျလာသည်အထိ ဖိကိုက်နေသည်။
ဝမ်ချီက ခေါင်းမော့လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး နှာသီးဖျားနှင့် ပါးစပ်တွင် ရှစ်ယဲ့ထံမှ အရက်နံ့များနှင့် ပြည့်နှက်နေသောကြောင့် မူးနောက်လာတော့သည်။
မကြာမီတွင် သူ ရုတ်တရက် နာကျင််မှုကို ခံစားလိုက်ရပြီး ပါးစပ်ထဲတွင် သွေးနံ့များ ဖုံးလွှမ်းသွားသည်။
ရှစ်ယဲ့၏ခွန်အားများ ပြင်းထန်လာသည်နှင့်အမျှ သွေး၏အနံ့က ပို၍ စူးရှလာသည်။
ဝမ်ချီ၏ မျက်နှာက နာကျင်မှုဒဏ်ကြောင့် ဖြူဖျော့လာပြီး အော်ဟစ်ချင်သော်လည်း သူ့ပါးစပ်က တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခံရသည်။ သူ၏ အပြင်းအထန် ရုန်းကန်မှုက ရှစ်ယဲ့စိတ်ကို ပို၍နှိုးဆွပေးခဲ့သည်။ ရှစ်ယဲ့က လက်တစ်ဖက်ဖြင့် ခါးကိုအတင်းဆုပ်ကိုင်ထားတာ ကျန်လက်တစ်ဖက်ဖြင့် ခါးတစ်ဝိုက်ကို ပွတ်သပ်နေသည်။
ရှစ်ယဲ့ မည်သည့်နေရာကို ပွတ်သပ်မိလိုက်သည် မသိချေ။ ပြင်းပြင်းထန်ထန် ရုန်းကန်နေသော ဝမ်ချီက အလွန်ယားသွားသောကြောင့် ရုတ်တရက် ကျယ်လောင်စွာ ထရယ်လိုက်သည်။
“ဟားဟားဟား...ဟားဟားဟား…”
ရှစ်ယဲ့ ဆက်ကိုင်ရန်ကြိုးစားသည်။
ဝမ်ချီက ရှစ်ယဲ့၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ပြီး နားရွက်များ နီရဲလာသည်အထိ မရပ်မနား ပြင်းထန်စွာ ရယ်မောနေသည်။
"ဟားဟားဟားဟား… ခါးကို ကလိထိုးတာ ယားလို့ … ဟားဟားဟားဟားဟားဟားဟား... ”
ရှစ်ယဲ့: “…”
ရှစ်ယဲ့၏အမူအရာမှာ သိသိသာသာ မည်းမှောင်သွားသည်။ သို့သော်လည်း ဝမ်ချီက ရယ်မောခြင်းနှင့် အလုပ်ရှုပ်နေသည်ကြောင့် ရှစ်ယဲ့၏ ပြောင်းလဲမှုကို လုံးဝသတိမထားမိပေ။
ဝမ်ချီက ရယ်မောရင်း မြေပေါ်သို့ မတော်တဆ ထိုင်လျက်ကျသွားသည်။
နောက်ဆုံးတွင် ဝမ်ချီက ရယ်မောခြင်းကို ရပ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအချိန်တွင် မိန်းမစိုးကျိုး၏ ဆွံ့အနေသော မျက်နှာကို မြင်လိုက်ရသည်။
ဝမ်ချီ : “…”
မိန်းမစိုးကျိုးက ရှစ်ယဲ့၏ အကြည့်ဦးတည်ရာကို တိတ်ဆိတ်စွာ သတိထားစိုက်ကြည့်ပြီးနောက် ဝမ်ချီကို ခပ်တိုးတိုးဆိုသည်။
“သခင်လေးဝမ် မြေပြင်မှာ အေးတာမို့ မြန်မြန်ထရင် ပိုကောင်းမယ်ထင်တယ်…”
ဝမ်ချီက သူ့မျက်နှာပေါ်မှ သွားရည်များကို သုတ်လိုက်ပြီး မြေပြင်ပေါ်မှ ထလိုက်သည်။
ဝမ်ချီက သူဒုက္ခရောက်တော့မည်ဟု တွေးလိုက်မိပြီး ခေါင်းကိုငုံ့၍ မဝံ့မရဲ ရပ်နေခဲ့သည်။
သွားပြီ ဒုက္ခပဲ…ဒီလို လူစိတ်တိုအပေါ်ကိုမှ ထပ်ပြီး အမှားလုပ်မိပြန်ပြီ…
လှည်းကလှုပ်ခါနေပြီး လှည်းအမြင့်က အလွန်မမြင့်လှသောကြောင့် ဝမ်ချီက ခါးကွေးပြီး ရပ်နေရကာ လှုပ်ရမ်းနေပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ပေ။
ဝမ်ချီက တိတ်တဆိတ် မျက်လုံးလှန်၍ ကြည့်လိုက်သည်။
ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်တွင် မူလအတိုင်း ထိုင်နေသေးသော်လည်း မျက်နှာတွင်မူ အလွန်တုန်လှုပ်ချောက်ချားစရာ တစ်စုံတစ်ရာကို တွေ့ကြုံလိုက်ရသကဲ့သို့ စိတ်နှင့်လူနှင့် မကပ်သည်ကို ဝမ်ချီမြင်လိုက်ရသည်။
ရှစ်ယဲ့ကို ဒီလိုမြင်ရဖို့ တော်တော်ရှားတယ်… မှတ်မှတ်ရရဆို ရှစ်ယဲ့ ဒီလိုမျိုး တုန်လှုပ်နေတဲ့ ပုံကို လွန်ခဲ့တဲ့ညက စျေးမှာပဲ မြင်ဖူးခဲ့တာ… အဲ့ညက ရှစ်ယဲ့ ငါ့ကို အရင်ပြေးခိုင်းခဲ့ပေမဲ့ ပြေးပြီးခဏအကြာမှာပဲ စွမ်းအားတစ်ခုရဲ့ ထိန်းချုပ်မှုကြောင့် အနောက်ပြန်ဆွဲခံရပြီး ရှစ်ယဲ့ဘေးနားကို ပြန်ရောက်သွားခဲ့တယ်…အဲ့အချိန်တုန်းကလည်း ရှစ်ယဲ့က သရဲတစ္ဆေမြင်ရသလိုမျိုး အကြည့်နဲ့ နောက်ပြန်ရောက်လာတဲ့ ငါ့ကိုကြည့်နေခဲ့တာ…
ဝမ်ချီ၏ အတွေးများက ကြာရှည်မခံပေ။
ဘေးနားရှိ မိန်းမစိုးကျိုးက တစ်နေရာမှ သန့်ရှင်းသော လက်ကိုင်ပုဝါကို ယူလာပြီး ရှစ်ယဲ့၏ မျက်နှာကို သေချာသုတ်လိုက်သည်။
လက်ကိုင်ပုဝါက အဖြူရောင်ဖြစ်ပြီး ရှစ်ယဲ့မျက်နှာကို သုတ်ပြီးသည့်နောက်တွင် ပဝါပေါ်၌ နီရဲနေသော သွေးကွက်များကို တွေ့လိုက်ရသည်။ ထိုအကွက်များက ရှစ်ယဲ့မျက်နှာကို စင်သွားသည့် ဝမ်ချီ၏ သွားရည်များနှင့် သွေးများ ရောနေခြင်း ဖြစ်သည်။
ဆိုလိုသည်က သူ ရယ်လိုက်သောအချိန်တွင် သူ့တံတွေးများ ရှစ်ယဲ့၏ မျက်နှာတစ်ပြင်လုံးကို စင်သွားခြင်း ယဖြစ်မည်။
ရှစ်ယဲ့က အလွန်အသန့်ကြိုက်သည်ဟု ဝတ္ထုထဲတွင် ရေးထားသည်ကို သူ မှတ်မိသည်။ စာအုပ်ထဲတွင် ရှစ်ယဲ့ နန်းတက်ပြီးသည့်နောက် မောင်းမတော်တစ်ဦးက ရှစ်ယဲ့၏ အင်္ကျီလက်ပေါ်သို့ ဟင်းရည် မတော်တဆ ဖိတ်ကျစေမိသောကြောင့် ရှစ်ယဲ့က ထိုနေရာမှာပင် သူ့မအား လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရေးထားသည်။
ရှစ်ယဲ့၏ အပြုအမူအချို့ကို ကြည့်ပါကမူ အထူးဆိုးရွားသော အသန့်ကြိုက်ရောဂါ ရှိသည်ဟု မထင်ရသော်လည်း ထိုထင်မြင်ချက်က ရှစ်ယဲ့၏ သူ့ကိုသတ်နိုင်ချေအပေါ် သက်ရောက်မှု မရှိချေ။
ဝမ်ချီက ကြောက်လွန်း၍ သူ့မှာ အမြီးသာရှိလျှင် ခြေထောက်များကြား ကုပ်ဝင်နေလောက်မည်။ ရှစ်ယဲ့၏မျက်နှာကို ပြန်သုတ်ပေးရန် သတ္တိစုစည်းပြီး မိန်းမစိုးကျိုးထံမှ လက်ကိုင်ပုဝါအသစ်တစ်ထည်ကို တောင်းယူ၍ ရှစ်ယဲ့နားသို့ တိုးလိုက်သည်။
"အရှင့်သား ကျွန်တော်မျိုး သုတ်ပေးပါရစေ…"
ဝမ်ချီက အလေးအနက်ထား၍ သုတ်နေသော်လည်း ကြောက်ရွံ့တုန်လှုပ်နေသောကြောင့် သူ့လက်များက တုန်ယင်ပြီး လက်ကိုင်ပုဝါဖြင့် ရှစ်ယဲ့၏ မျက်လုံးထဲကို ထိုးလုနီးပါးဖြစ်သွားသည်။
ရှစ်ယဲ့: “…”
ဝမ်ချီ၏ မျက်နှာက ဖြူဖျော့နေသည်။ သူက သေချာ တွေးကြည့်ပြီးနောက် သေရနိဖြစ်နိုင်ချေ ပိုတိုးစေမည့် ကိစ္စကို ဆက်မလုပ်ရန် ဆုံးဖြတ်ကာ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့လက်များကို နောက်ဆုတ်လိုက်သည့်အချိန်တွင် ရှစ်ယဲ့က သူ့လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။
ရှစ်ယဲ့၏မျက်လုံးထဲတွင် လူသတ်ချင်သည့် အရိပ်အယောင်များ ထင်ရှားပေါ်လွင်နေပြီး သူ့မျက်နှာပေါ်တွင် သွားရည်များ စီးကျနေသည်ကို တွေးလိုက်ရုံဖြင့် သူ အသက်ရှုရခက်လာသည်။
သူ့သွားများကိုအံကြိတ်ပြီး ဝမ်ချီ့ကို အေးစက်စွာ ပြောလိုက်သည်။
“ဝမ်ချီ… မင်းက သေဖို့ လမ်းရှာနေတာလား…"
ဝမ်ချီက အလွန်ထိတ်လန့်သွားပြီး သူ့လက်ထဲမှ လက်ကိုင်ပုဝါ ပြုတ်ကျသည်ကိုပင် သတိမထားမိလိုက်ချေ။ သူ ပါးစပ်ဟပြီး ထိတ်လန့်မှုအပြည့်ဖြင့် ရှစ်ယဲ့ကို ကြည့်လိုက်သည်။
ရှစ်ယဲ့၏ ဇာမဏီမျက်လုံးများတွင် အေးစက်မှုများ ပြည့်နေပြီး သူက ဝမ်ချီကို အနားသို့ဆွဲခေါ်ပြီး မေးလိုက်သည်။
"မင်းက အခုလိုလေး သုတ်ပေးလိုက်ရုံနဲ့ အဆင်ပြေသွားပြီလို့ ထင်နေတာလား…”
ဝမ်ချီက အန္တရာယ်အငွေ့အသက်ကို ခံစားမိ၍ အလွန်ထိတ်လန့်နေပြီး ကပေါက်တိကပေါက်ချာ ဖြေလိုက်သည်။
“မဟုတ်ဘူး ကျွန်တော်က သွားရည်တွေကို သုတ်လိုက်တာမဟုတ်ဘူး… ဒီအတိုင်း ပိုပြန့်အောင် လုပ်ပေးတာ…”
ရှစ်ယဲ့: “…”
အလွန်နီးကပ်နေသောကြောင့် ဝမ်ချီက ရှစ်ယဲ့၏ ပါးစပ်ထောင့် လှုပ်သွားသည်ကိုပါ မြင်လိုက်ရသည်။ ထိုအခါမှ သူ ပြောခဲ့သည့်စကားကို ပြန်သတိထားမိသွားသည်။
အားးး ငါ ဘာတွေပြောလိုက်တာလဲ…
ယခုအချိန်တွင် ဝမ်ချီက သူ့ပါးစပ်ကိုသူ အပ်ဖြင့်ချုပ်ထားရန် ဆန္ဒရှိသော်လည်း သူ့ပါးစပ်က ထိုဆန္ဒနှင့် ဆန့်ကျင်စွာ ဆက်လက်ပြီး ကယောင်ခြောက်ချား ပြောဆိုနေမိသည်။
“ အရှင့်သား ကျွန်တော်က မျက်နှာပေါ် သွားရည်တွေစင်သွားလည်း သုတ်လိုက်ရင် သန့်ရှင်းသွားပြီလို့ ထင်လိုက်မိလို့… အဲ့လိုမှမဟုတ်ရင် အဲ့သွားရည်တွေ ပါးစပ်ထဲရောက်သွားတဲ့အခါ အရှင့်သား မြိုချလိုက်မိမှာပေါ့… ဒါကြောင့် အရှင့်သား သွားရည်တွေ မမြိုချမိအောင် သုတ်ပေးလိုက်ရင် ကောင်းမယ်ထင်မိလို့ပါ…”
ဝမ်ချီ ကိုယ့်ပါးစပ်ကို ဆက်မပြောမိအောင် ပြန်ထိန်းနေသည်။
ရှစ်ယဲ့၏ မျက်နှာက ပြောစရာစကားမဲ့ကာ အလွန်မည်းမှောင်နေတော့သည်။
“…”
ဝမ်ချီက ရှစ်ယဲ့၏ ခန္ဓာကိုယ်မှ ထွက်လာသော အေးစက်သည့် အငွေ့အသက်များကြား အေးခဲသွားပြီး ကြက်သီးများပင် ထလာသည်။ သူက သေမင်းကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများကိုမှိတ်ထားသည်။
ထိုအချိန်တွင် ရှစ်ယဲ့က ရုတ်တရက် ထမေးသည်။
"ဒါဆို မင်းရဲ့သွားရည်တွေကို ဘယ်သူ့ကို မြိုချစေချင်တာလဲ…”
ဝမ်ချီက မျက်လုံးများကိုဖွင့်ကာ မျက်တောင်ခတ်လိုက်သည်။ ရှစ်ယဲ့က အဘယ်ကြောင့် ထိုသွားရည်မြိုချသည့် အကြောင်းကို ပြောနေရသည်အား သူ နားမလည်ချေ။
ရှစ်ယဲ့က ထပ်မေးသည်။
“ဟွားကျစ်ချန်ကိုလား…”
ဝမ်ချီက ထိုကိစ္စနှင့် ဟွားကျစ်ချန် မည်သို့ဆက်စပ်သွားသည်ကို နားမလည်သောကြောင့် နှုတ်ဆိတ်ပြီး တွေးနေ၏။
ဟွားကျစ်ချန်က တကယ်ကို သနားစရာကောင်းတယ်… ထဲထဲမှာတုန်းက အကြောင်းရင်းမရှိဘဲ ရှစ်ယဲ့ပစ်မှတ်ထားခံရတာ ထားပါဦး…အခု အပြင်ရောက်တဲ့အထိ တိုက်ခိုက်ခံနေရတုန်းပဲ…
ဝမ်ချီက ခေါင်းခါယမ်းလိုက်ပြီး ငြင်းဆိုသည်။
“မဟုတ်ဘူး မဟုတ်ဘူး…ကျွန်တော် သူ့ကို ကောင်းကောင်းမသိပါဘူး…”
ရှစ်ယဲ့၏ အသံက ပို၍အေးစက်လာပြီး ပြောသည်။
“ဒါဆို မင်းသိတဲ့လူကိုပဲ မင်းရဲ့သွားရည်ကို မြိုချစေချင်တာလား…"
ဝမ်ချီ :”…”
ဒါက ဘယ်ကလာတဲ့ ကောက်ချချက်မှုကြီးလဲ…ဒီခွေးမင်းသားရဲ့ တွေးခေါ်ပုံက ထူးဆန်းလွန်းတယ် တကယ်ကို ဥာဏ်ကြီးရှင်ပဲ…
ဝမ်ချီက ရှစ်ယဲ့၍ အေးစက်သောအကြည့်အောက်တွင် လဲကျလုနီးပါးဖြစ်ပြီး ငိုတော့မည့် မျက်နှာဖြင့် လျှောက်တင်သည်။
"ကျွန်တော့်သွားရည်တွေကို တခြားသူတွေကို ဘာလို့မြိုချခိုင်းရမှာလဲ… ကျွန်တော် တခြားသူတွေရဲ့သွားရည်ကို မမြိုချချင်သလို တခြားသူတွေကိုလည်း ကျွန်တော့်သွားရည် မြိုချတာမျိုး မဖြစ်စေချင်ပါဘူး…”
ရှစ်ယဲ့က မည်သည်မျှ မတုံ့ပြန်ဘဲ အကြည့်စူးစူးဖြင့်သာ ဝမ်ချီကို စိုက်ကြည့်နေသည်။
ဝမ်ချီက ရှစ်ယဲ့၏အကြည့်ကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ခေါင်းကို အောက်ငုံ့ချထားသည်။
သူတို့နှစ်ဦးက အချိန်အတန်ကြာသည်အထိ ထိုကဲ့သို့ ရပ်တန့်နေခဲ့ကြသည်။
ဝမ်ချီလည်း ဤတစ်ကြိမ်တွင် အတည်ဒုက္ခရောက်ပြီဟု ထင်ထားသော်လည်း ရှစ်ယဲ့က ပြသာနာဆက်မရှာတော့ဘဲ သူ့လက်ကောက်ဝတ်ကို ကိုင်ထားရာမှ ရုတ်တရက် လွှတ်ချလိုက်သည်။
ဝမ်ချီက ရှစ်ယဲ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသော်လည်း ရှစ်ယဲ့က နှာမှုတ်၍ ခေါင်းကို အနောက်လှည့်သွားပြီး သူ့ကို နောက်ကျောပေးလိုက်သည်။
ဝမ်ချီလည်း ရှစ်ယဲ့ အဘယ်ကြောင့် သူ့ကို စိတ်ဆိုးသွားရသည်ကို တွေးတောရန် ခွန်အားမရှိတော့ချေ။ အလွန်ပင်ပန်းနေပြီ ဖြစ်သောကြောင့် ရှစ်ယဲ့ထံမှ လွတ်မြောက်သွားသည်နှင့် အဝေးဆုံးနေရာတွင် အမြန်ထိုင်ချလိုက်သည်။
သူတို့စီးလာသောလှည်းက တစ်လမ်းလုံး ခုန်ဆောင့်ပြီး နန်းတော်ထဲသို့ ဝင်သွားသည်။
ဝမ်ချီက လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် မျက်လုံးမှိတ်ထားပြီး နောက်ဆုံးတွင် အနည်းငယ် ပို၍ လန်းဆန်းလာသည်။
လှည်းက ဝါးပုလွေအိမ်တော်၏ တံခါးအပြင်ဘက်၌ ရပ်လိုက်သောအချိန်တွင် ဝမ်ချီက မစောင့်ဆိုင်းနိုင်စွာဖြင့် လှည်းပေါ်မှ အမြန်ဆင်းလိုက်သည်။
မိန်းမစိုးကျိုးက ဝမ်ချီ့အနောက်သို့ လိုက်လာပြီး ခပ်တိုးတိုး လှမ်းတားသည်။
“သခင်လေးဝမ် ခဏနေပါဦး…”
ဝမ်ချီက တုံ့ဆိုင်းစွာ ရပ်လိုက်ပြီး မေးသည်။
"ဘာကိစ္စကျန်သေးလို့လဲ မိန်းမစိုးကျိုး…"
မိန်းမစိုးကျိုးက ခေါင်းကိုလှည့်၍ လှည်းပြတင်းပေါက်သို့ လှမ်းကြည့်ပြီး ဝမ်ချီ့အနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
"သခင်လေးဝမ် သခင်လေးလည်း အရှင့်သားရဲ့ ဒေါသကိုသိပါတယ်…အရှင့်သားက အခုထိစိတ်ဆိုးနေတုန်းပဲ… ဒီအတိုင်းထားသွားရင် အရှင့်သား ဘယ်အချိန်အထိ ဒေါသထွက်နေအုံးမယ် မသိဘူး…ဒါကြောင့် သူ့ကို သွားပြီးချော့သင့်ပါတယ်…”
💮💮💮