Chapter 53
Viewers 11k

💮Chapter 53



ရှစ်ယဲ့ကို သွားချော့ရမည်ဟု ကြားလိုက်သောအချိန်တွင် ဝမ်ချီ၏မျက်နှာ ပျက်ယွင်းသွားတော့သည်။ 


ဝမ်ချီက သက်ပြင်းချလိုက်ပြီး ပြောသည်။

“မိန်းမစိုးကျိုး ကျွန်တော် အိမ်ရှေ့စံကို ချော့ရင်းချောရင်းနဲ့ အလောင်းကောင်ဘဝရောက်သွားမှာ စိုးရိမ်တယ်…”


မိန်းမစိုးကျိုးက ဆွံ့အသွားပြီး ခေတ္တအကြာတွင် ပြန်နှစ်သိမ့်ပေးသည်။

"စိတ်မပူပါနဲ့ သခင်လေးဝမ်… အိမ်ရှေ့စံက သူ့ကို သွားရည်တွေစင်အောင်လုပ်မိလို့ စိတ်ဆိုးနေတာ မဟုတ်ပါဘူး… "


“သွားရည်စင်သည်” ဟူသော စကားလုံးက ဝမ်ချီကို အရှက်ရစေသည်။ ဝမ်ချီက အနည်းငယ် စဉ်းစား၍ မေးလိုက်သည်။

“ဒါဆို သူဘာလို့ စိတ်ဆိုးနေတာလဲ…”


မိန်းမစိုးကျိုးက သက်ပြင်းချပြီး ခြေဆောင့်၍ ဖြေသည်။

“အရှင့်သားက သူ့အတွေးတွေကို မျက်နှာပေါ်မှာ  ရေးထားသလို ဒီလောက်သိသာနေတာကို သခင်လေးဝမ်က မမြင်ဘူးလား…”


ဝမ်ချီ ကြောင်အသွားသည်။


မိန်းမစိုးကျိုးက ဝမ်ချီကို စိတ်မရှည်စွာဖြင့် စူးစိုက်ကြည့်ပြီး ညည်းတွားသည်။

“သခင်လေးက ဘာလို့ အဲ့ဟွားမျိုးနွယ်လူဖက်တာကို ငြိမ်ခံနေရတာလဲ… သခင်လေးသာ ငြိမ်မခံခဲ့ရင် အိမ်ရှေ့စံက အခုလိုမျိုး အရမ်းဒေါသထွက်နေမှာ မဟုတ်ဘူး…”


ထိုစကားကိုကြားပြီး ဝမ်ချီက ပို၍ ဇဝေဇဝါဖြစ်သွားရသည်။

“ဒါပေမယ့် ဟွားကျစ်ချန်က ကျွန်တော့်ကို လဲမကျအောင် ဖက်ထားပေးခဲ့တာလေ… အိမ်ရှေ့စံက အဲ့လောက်အထိတော့ စိတ်ထားမသေးသိမ်လောက်ပါဘူး…”


မိန်းမစိုးကျိုး : “…”


မိန်းမစိုးကျိုးက အရှင့်သားမှာ ဝမ်ချီပြောသကဲ့သို့ စိတ်ထားသေးသိမ်သောသူ ဟု ပြောချင်သော်လည်း ထိုကဲ့သို့ ပါးစပ်မှ ထုတ်မပြောဝံ့ချေ။ အိမ်ရှေ့စံက သခင်လေးဝမ် အမှားလုပ်သမျှကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးသော်လည်း သူတို့အစေခံများကိုမူ ခွင့်လွှတ်ပေးမည် မဟုတ်ချေ။


ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မိန်းမစိုးကျိုးက ဝမ်ချီ ယခုအထိ နားမလည်ဘဲ ကြောင်အအဖြစ်နေသည်ကို မြင်လိုက်သောကြောင့် မတတ်နိုင်ဘဲ သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်သည်။ မိန်းမစိုးကျိုးက မည်သို့ရှင်းပြရမည်ကို မသိတော့ဘဲ အဆုံးတွင် ဝမ်ချီကို ထပ်နားချသည်။

“သခင်လေးဝမ် ဝါးပုလွေအိမ်တော်ကို အလျင်စလို အရင်မပြန်ဘဲ ကျွန်တော်မျိုးနဲ့အတူတူ အိမ်ရှေ့စံဆီ အခစားဝင်လိုက်ရင် ပိုကောင်းမယ်…”


“…” 


ဝမ်ချီ၏ မျက်ခုံးများက ချက်ချင်းပင် တွန့်ကွေးသွားပြီး ခံစားချက်ကို မထိန်းလိုက်နိုင်ဘဲ အလိုမရှိသည့် အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ရေးထားသကဲ့ ပေါ်လွင်နေပြီး ငြင်းဆန်သည်။

“မိန်းမစိုးကျိုး ဒါက သိပ်ကောင်းတဲ့ အကြံတော့ မဟုတ်ဘူးနဲ့တူတယ်… အစတည်းက အိမ်ရှေ့စံက ဒေါသထွက်နေပါတယ်ဆိုမှ သူ့ကိုစိတ်ဆိုးအောင် လုပ်ထားတဲ့ ကျွန်တော်က သူ့ရှေ့ သွားနေရင် ပိုဆိုးသွားမှာ မဟုတ်ဘူးလား…ကိုယ့်အသက်ကိုယ် ရန်ရှာနေသလို ဖြစ်မှာပေါ့…”


မိန်းမစိုးကျိုး အာပေါက်လုနီးပါး ဖျောင်းဖျနေသော်လည်း ဝမ်ချီက မတုန်မလှုပ် ဖြစ်နေရုံသာမက သူ့ အကြောင်းပြချက်ကလည်း ယုတ္တိရှိနေသောကြောင့် မိန်းမစိုးကျိုးက မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။


ဝမ်ချီဆိုသောလူက အတင်းအကျပ်စေခိုင်း၍မရဘဲ ချော့ပြောမှအဆင်ပြေသည့်သူ ဖြစ်သောကြောင့် မိန်းမစိုးကျိုးက ငိုဟန်ဆောင်ပြီး ထပ်ဖျောင်းဖျသည်။

“ကျွန်တော်မျိုးတို့ အစေခံတွေကို ငဲ့ညာပါဦး သခင်လေးဝမ်…အရှင့်သား စိတ်ဆိုးမပြေဘူးဆိုရင် အစေခံတွေ ဒုက္ခရောက်မှာ… အခုလို ပြောနေရတာကလည်း ကျွန်တော်မျိုးတို့ တကယ်အခက်တွေ့နေလို့ပါ…”


ထိုကဲ့သိုပြောပြီးနောက် မိိန်းမစိုးကျိုးက စူးစူးရှရှ အသံဖြင့် ငိုယိုဟန်ဆောင်ပြီး မျက်ရည်များကို အင်္ကျီလက်ဖြင့်သုတ်နေသည်။


ဝမ်ချီက မိန်းမစိုးကျိုး ဝမ်းနည်းပက်လက် ငိုနေသည်ကို စိတ်ဝင်တစားစိုက်ကြည့်ပြီး  ခပ်တိုးတိုးဖြင့်သာ နှစ်သိမ့်ပေးလိုက်သည်။ 


မိန်းမစိုးကျိုးက ဝမ်ချီ၏ သဘောထား ပျော့ပျောင်းသွားသည်ကို သတိပြုမိ၍ သူ့တောင်းဆိုချက်ကို ဝမ်ချီ သဘောတူသည်ဟု ထင်ပြီး သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို လက်နောက်ပြန် သုတ်၍ ပြုံးကာပြောသည်။

 " သခင်လေးဝမ်က တကယ် လူကောင်းလေးပဲ… ခဏနေရင် အိမ်ရှေ့စံကို အခစားဝင်ဖို့ သခင်လေးကိုပဲ အားကိုးတော့မယ်…”


ဝမ်ချီ ခေတ္တတုံ့ဆိုင်းသွားပြီး ပြန်ပြောသည်။

“ကျွန်တော် သွားမယ်လို့ မပြောသေးဘူးလေ…ကျွန်တော်သွားလိုက်ရင် မင်းတို့ ဒုက္ခမရောက်တော့ဘူး ဆိုပေမဲ့ ဒုက္ခရောက်မဲ့သူက ကျွန်တော်ဖြစ်သွားမှာပေါ့…”


ဝမ်ချီ၏ အလွန်ယုတ္တိရှိသော စကားကြောင့် မိန်းမစိုးကျိုး ဆွံ့အသွားရသည်။


ထို့နောက် ဝမ်ချီက အားနာစွာပြုံးလိုက်ပြီး ထပ်ပြောသည်။ 

“မိန်းမစိုးကျိုး ဒါဆို ဒီညအတွက် မင်းတို့ပဲ ဒုက္ခခံပေးပါဦး…”


မိန်းမစိုးကျိုး "...."


ဝမ်ချီက မိန်းမစိုးကျိုးလှည်းထဲသို့ အတင်းပြန်တွန်းပို့ ခြင်း ခံရမည်ကို စိုးရိမ်သောကြောင့် မိန်းမစိုးကျိုးကို တုံ့ပြန်ရန်အချိန်ပင် မပေးဘဲ ဝါးပုလွေအိမ်တော်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။


မိန်းမစိုးကျိုး အသိပြန်ဝင်သည့်အချိန်တွင် ဝမ်ချီ၏ပုံရိပ်က ဝါးပုလွေအိမ်တော် တံခါးမကြီး အနောက်၌ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။


မိန်းမစိုးကျိုးက တံခါးပိတ်သွားသည်ကို အချိန်အတော်ကြာသည့်အထိ တွေဝေစွာ ရပ်ကြည့်ပြီးနောက် လှည်းထံသို့ နှေးကွေးစွာ ပြန်လျှောက်သွားလိုက်သည်။


လှည်းထဲတွင် ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်ပေါ်၌ ငြိမ်သက်စွာထိုင်နေ၍ မျက်လုံးများကို မှိတ်ထားပြီး အနားယူနေပုံရသည်။ ဝမ်ချီနှင့် မိန်းမစိုးကျိုး ပြောသည့်စကားများကို ရှစ်ယဲ့ကြားလိုက်သည်လား မသေချာချေ။


မိန်းမစိုးကျိုးက လှည်းထဲရှိ အေးစိမ့်နေသော လေထုကို ခံစားလိုက်ရပြီး ဂရုတစိုက် ဦးညွှတ်၍ မူလနေရာတွင် ပြန်ထိုင်လိုက်သည်။


ထိုအချိန်တွင် ရှစ်ယဲ့က ရုတ်တရက် ထမေးသည်။

"သူ သွားပြီလား…"


မိန်းမစိုးကျိုးက ခပ်တိုးတိုး လျှောက်တင်သည်။

“အရှင့်သားကို လျှောက်တင်ပါတယ်… သခင်လေးဝမ်က တစ်နေ့လုံး ပင်ပန်းထားတာကြောင့် ကျွန်တော်မျိုး သခင်လေးဝမ်ကို စောစောပြန်နားဖို့ ပြောလိုက်တာပါ…"


ရှစ်ယဲ့က ခေတ္တမျှ တိတ်ဆိတ်သွားပြီး ခြောက်ကပ်ကပ်ရယ်၍ မိန့်ဆိုသည်။

“ပန်ကုန်း မြင်ပြီးပြီ… တခြားအချိန်တွေမှာသာ သူက နှေးကွေးနေတာ အခုလိုအချိန်ကျ ပြေးသွားတာဖြင့် ယုန်ထက်တောင် မြန်သေးတယ်…သူ့ပုံကိုကြည့်ပြီး ပန်ကုန်းကပဲ လူတွေကို ကိုက်စားတဲ့ နတ်ဆိုးဆိုပြီး မသိတဲ့သူတွေက ထင်ကြလိမ့်မယ်။


မိန်းမစိုးကျိုးက အေးစက်သော ချွေးများဖြင့် ရွှဲနေပြီး ရှစ်ယဲ့ကို လျှောက်တင်သည်။

“သခင်လေးဝမ်က အနားယူဖို့ အလျင်လိုအပ်နေလို့ ဖြစ်ပါလိမ့်မယ် အရှင့်သား…”


******


ဝမ်ချီက မောမောပန်းပန်းဖြင့် အိမ်ထဲသို့ ပြေးသွားခဲ့သည်။


ယောဖန်း နှင့် ယောထောင်တို့က စားပွဲတွင် ထိုင်စောင့်နေကြပြီး ဝမ်ချီ အလောတကြီး ပြေးဝင်လာသည်ကို တွေ့သောအချိန်၌ ဝမ်ချီတွင် အရေးတကြီးကိစ္စရှိသည်ဟု ထင်ပြီး အမြန်ထ၍ ဆီးကြိုလိုက်ကြသည်။


ဝမ်ချီက ယောထောင် ငှဲ့ထားသည့် ရေနွေးကြမ်းကို သောက်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ ကိစ္စမရှိကြောင်း ပြောသည်။

“ငါ ဘာမှမဖြစ်ဘူး… မင်းတို့ ဘာလို့ ဒီအချိန်ထိ မအိပ်ကြသေးတာလဲ…”


ယောထောင်က ဖြေသည်။

"ကျွန်တော်မျိုးမနဲ့  ယောဖန်းက သခင်လေး ညမိုးချုပ်တဲ့အထိ ပြန်မလာသေးလို့… မိိန်းမစိုးကျိုးဆီကလည်း ဘာသတင်းမှ မကြားရလို့ စိတ်ပူနေတာ…”


ဝမ်ချီက ပြုံး၍ ပြောသည်။

“မက်မွန်ပွင့်ပွဲတော်က အရမ်းစည်ကားပြီး  အိမ်ရှေ့စံကလည်း ပွဲတော်မှာ ညနေအထိနေပေးရတော့ နောက်ကျမှ ပြန်လာနိုင်တာ…”


“သခင်လေး အန္တရာယ်ကင်းတယ်ဆို ပြီးတာပါပဲ…”

ယောထောင်က ပြောသည်။

"ဒါနဲ့ သခင်လေးဝမ်… ဒီဟာက အိမ်ရှေ့စံရဲ့ အစေခံတွေ ယူလာပေးတဲ့ဗျပ်စောင်းပါ… သခင်လေးဝမ် တစ်ချက်လောက် ကြည့်ကြည့်ပါဦး… " 


ယောထောင်က မည်သည့်နေရာမှ ယူလာသည်မသိသော စောင်းတစ်လက်ကို ယူဆောင်လာပြီး ဝမ်ချီ၏ အရှေ့တွင် တင်လိုက်သည်။


ဝမ်ချီ အနည်းငယ် အံ့အားသင့်သွားသည်။ မူလက ရှစ်ယဲ့ သူ့ကို သာမန်ဗျပ်စောင်းတစ်လက် ပို့ပေးလိုက်သည်ဟု ဝမ်ချီထင်မိသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါတွင်  ထိုမျှမရိုးရှင်းကြောင်း သိလိုက်သည်။


သူ အမှတ်မမှားပါက ထိုစောင်းက ဝမ်လျန်  ပန်းပွဲတော်သို့ အထူးတလည် သယ်ဆောင်လာသည့် ဗျပ်စောင်းပင်ဖြစ်မည်။ ပန်းပွဲတော်တွင် စစ်သူကြီးလင်း တီးခတ်ပြသွားသည့် စောင်းဖြစ်ပြီး ဤခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သော မူလဝမ်ချီ့ မိခင်၏ အမွေအနှစ်လည်းဖြစ်သည်။


" ဒီဗျပ်စောင်းကို…တကယ်ပဲ အိမ်ရှေ့စံက ပို့ပေးခဲ့တာလား … "



*********


ဝမ်ချီက နာမည်လွဲမှားစွာကြားမိမည်ကို စိုးရိမ်သောကြောင့် သေချာစေရန် ယောဖန်းကို ထပ်မေးသည်။ 


ယောဖန်းက ခိုင်မာစွာ ပြောသည်။

“ ဗျပ်စောင်းလာပို့တဲ့ အဲ့အစေခံလေးက အိမ်ရှေ့စံကို အလုပ်အကျွေးပြုရတဲ့သူဆိုတာ ကျွန်တော်မျိုးမ သေသေချာချာ မှတ်မိတယ်… အဲဒါအပြင် ဒီ အရှေ့နန်း တော်မှာ အိမ်ရှေ့စံရဲ့ လူတွေကလွဲပြီး တခြားဘယ်သူမှ ဝါးပုလွေအိမ်တော်ထဲကို ဝင်ရဲမှာ မဟုတ်ဘူး…”


ထိုစကားကို ကြားပြီးနောက် ဝမ်ချီ့စိတ်က ရုတ်တရက် ရှုပ်ထွေးလာသည်။


မူလပိုင်ရှင်အတွက် ဗျပ်စောင်းကို ပြန်ယူပေးရန် သူ မစဉ်းစားခဲ့ခြင်း မဟုတ်ချေ။ သို့သော်လည်း သူ၏ မလိုအပ်သော ထိုလုပ်ရပ်များက စနစ်ကို  ဒေါသဖြစ်စေမည်ကို ကြောက်ရွံ့နေ၍ ဖြစ်သည်။ ထို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပေါ်လာသည့် အချိန်မှစပြီး ဝမ်ချီက တစ်ကြိမ်မျှပင် မတွေ့ဖူးသော စနစ်ကို အနည်းငယ် ကြောက်လန့်နေခဲ့သည်။ 


ကြောက်ရွံ့သော်လည်း ဝမ်ချီက မူလပိုင်ရှင်၏ စိတ်နေစိတ်ထား လွှမ်းမိုးမှုကြောင့်ပင်လားမသိ ပန်းပွဲတော်အတွင်း ၄င်းဗျပ်စောင်းကို စိတ်မထိန်းနိုင်ဘဲ အကြိမ်ပေါင်းများစွာ ကြည့်နေခဲ့သည်။


“ငါ ဒီစောင်းကို ကြည့်နေတာကို ရှစ်ယဲ့ သတိထားမိသွားမယ်လို့ မထင်ထားဘူး…”

ဝမ်ချီက သက်ပြင်းချပြီး ရှေ့ကိုလှမ်း၍ သူ့လက်ကို မြှောက်ကာ ဗျပ်စောင်းကြိုးများပေါ်တွင် ညင်သာစွာ တင်လိုက်သည်။ 


ဝမ်ချီက ဗျပ်စောင်းကို မည်သို့တီးရမည်ကို မသိသော်လည်း သူ့သူငယ်ချင်းများထံမှ ဂစ်တာတီးနည်းကို သင်ယူဖူးသည့် မှတ်ဥာဏ်ပေါ် အခြေခံ၍ စောင်းကြိုးများကိုထိပြီး အကြိမ်အနည်းငယ် တီးခတ်ရန် ကြိုးစားခဲ့သည်။ လက်ချောင်းထိပ်များမှ ခုန်ထွက်လာသော ကာရံမကိုက်သည့် သံစဉ်အချို့ကို ကြားလိုက်ရသည်။ 


သူက ဆိုးရွားစွာ တီးခတ်ခဲ့သော်လည်း ထိုဗျပ်စောင်း၏ အသံအရည်အသွေးက ကောင်းမွန်ကြောင်း သိနိုင်သည်။


ထိုကြောင့်လည်း သခင်မရှုက မူလဝမ်ချီ၏ အမေကို အလွန်မုန်းတီးခဲ့သော်ငြား သူမ သေဆုံးပြီးနောက်တွင်လည်း ထိုဗျပ်စောင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။


ဝမ်ချီက မျက်လုံးများကို မှိတ်လိုက်သည့်အချိန်၌ သူ့အမြင်အာရုံထဲတွင် မူလပိုင်ရှင်၏ ငယ်စဉ်ဘဝက သူ့အမေနှင့် ဆက်ဆံရေး အပိုင်းအစတစ်ချို့ ရုတ်တရက် ပေါ်လာခဲ့ပြီး လျင်မြန်စွာ ပြန်ပျောက်ကွယ်သွားခဲ့သည်။ 


သို့သော်လည်း ဝမ်ချီက ကြိုးများကို တီးခတ်နေသည့် သူ့လက်များ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ထိန်းမနိုင်သိမ်းမရ ဝမ်းနည်းသွားခဲ့သည်။


ထိုဝမ်းနည်းဖွယ်ခံစားချက်က ဒီရေနှင့်တူပြီး သူ့ကို နစ်မြှုပ်စေခဲ့သည်။ 


သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် မျက်လုံးများက နာကျင်နေပြီး မျက်ဝန်းမှ ထွက်နေသည့် မျက်ရည်များကို ဖယ်ရှားရန် အလွန် အားထုတ်လိုက်ရသည်။


ယောဖန်းနှင့် ယောထောင်က သူ့ဘေးတွင် ရပ်နေပြီး ထိုမိန်းကလေးနှစ်ယောက်က သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။


ယောဖန်းက ဝမ်ချီကို တိုးညှင်းစွာ မေးသည်။

“သခင်လေး…နေကောင်းရဲ့လား…”


ဝမ်ချီက ဗျပ်စောင်းကြိုးကိုင်ထားသည့် လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းခါ၍ ဖြေသည်။

“ငါ အဆင်ပြေပါတယ်…”


“သခင်လေး နေမကောင်းရင် စောစော အနားယူဖို့ အခန်းကို ပြန်သွားတာ ပိုကောင်းမယ်…"

ယောထောင်က ပြောသည်။


"ဒီဗျပ်စောင်းကို ပြန်ထားပေးပါဦး…”

ဝမ်ချီက သူတို့ကို ညွှန်ကြားပြီးသည်နှင့် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးသည်။

“ဒါနဲ့  ဖင်အန်းရော ဘယ်မှာလဲ…”


ယောဖန်းက တခစ်ခစ်ရယ်ပြီး ပါးစပ်ကို လက်ဖြင့်ကွယ်၍ ဖြေသည်။

"ဖင်အန်းက အနားယူနေတာ ကြာပြီ… ဒီရက်ပိုင်း သစ်ပင်အကိုင်းအခက်တွေကို ဖြတ်ရတာနဲ့ ပင်ပန်းနေပုံပဲ ဒီနေ့ဆို ကျွန်မတို့နဲ့တောင် စကားမပြောဖြစ်ဘူး…”


ဝမ်ချီကလည်း ဖင်အန်း ပင်ပန်းနေခြင်းက ကောင်းသည်ဟု ထင်သည်။ ဖင်အန်း၏ နားပူနားဆာ လုပ်သည်ကို ဝမ်ချီ နားမထောင်နိုင်တော့ပေ။


ဝမ်ချီက အမှန်တကယ်ပင် ပင်ပန်းနေပြီး အလျင်အမြန် ရေချိုးပြီးနောက် အိပ်ရာဝင်ကာ ငိုက်မျဉ်းစပြုလာသည်။ အိပ်ပျော်လုနီးပါးအချိန်တွင် သူ့ကို ဗျပ်စောင်းပို့ပေးခဲ့သည့် ရှစ်ယဲ့အကြောင်း တွေးမိပြီး ရှစ်ယဲ့က ယခုအချိန်ထိ သူ့အား ဒေါသထွက်နေဆဲလား ဟု စဉ်းစားမိသည်။ 


အကြောင်းရင်းအချို့ကြောင့် ဝမ်ချီက  မိန်းမစိုးကျိုး၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့မိသည့်အပေါ် ရုတ်တရက် နောင်တရသွားခဲ့သည်။ ရှစ်ယဲ့၏ ဒေါသက အမှန်တကယ်ပင် ထူးဆန်းသော်လည်း ရှစ်ယဲ့က သူ့ကို အကြိမ်များစွာ ခွင့်လွှတ်ချမ်းသာပေးခဲ့သည်မှာ ငြင်းမရသောအချက်ဖြစ်သည်။


ရှစ်ယဲ့က အနာဂတ်တွင် ထီးနန်းတက်ပြီး အင်အားကြီးသော အာဏာရှင်ဖြစ်လာပေမည်။ ထိုအချိန်တွင် သူ့အသက်ကို ရှစ်ယဲ့က လက်တစ်ဖက်တည်းဖြင့် အဆုံးသတ်မည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ဝမ်ချီက ရှစ်ယဲ့ကို ချဉ်းကပ်ရန် လွယ်သည့် ဤအချိန်တွင် အခွင့်ကောင်းယူပြီး မျက်နှာချိုသွေးထားသင့်သည်။


သို့သော်လည်း စိတ်ကူးနှင့် အပြုအမူက ထပ်တူမကျခဲ့ချေ။ 


ရှစ်ယဲ့၏ အေးစက်သော မျက်နှာကို တွေးကြည့်ရုံဖြင့် ဝမ်ချီက သူ့တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ခြေလက်များပင် အလွယ်တကူ မလှုပ်ရှားဝံ့တော့ပေ။

ငါတကယ်ကြောက်တယ် ဝူးးဝူးးဝူးး…


ဝမ်ချီက ထိုအရာများကို တွေးတောရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။


အချိန်အတန်ကြာ အိပ်ပျော်သွားပြီးနောက် ဝမ်ချီက တဖြည်းဖြည်း နိုးထလာပြီး သူ့အား စူးစူးရှရှ စိုက်ကြည့်နေသည့် အကြည့်တစ်စုံကို ခံစားလိုက်ရသည်။ 


ထိုအကြည့်တစ်စုံက ကုတင်ဘေးမှ လာပြီး မုဆိုးတစ်ယောက် သူ့သားကောင်ကို စူးစိုက်ကြည့်သကဲ့သို့ ခေါင်းမှခြေအဆုံး အကြည့်ခံလိုက်ရ၍ ဝမ်ချီ ကြက်သီးမွေးညင်းထသွားသည်။


ဝမ်ချီက အိပ်မက်ဆိုးမက်နေသည်ဟု ထင်ပြီး မသိစိတ်က တုန်လှုပ်သွား၍ စောင်ကိုဆွဲခြုံလိုက်သည်။


သူက မျက်လုံးတစ်ဖက်ဖွင့်ပြီး စောင်ကိုဆွဲခြုံရင်း လမ်းတစ်ဝက်မှာပင် သူ့ကုတင်ဘေးတွင် မတ်တတ်ရပ်နေသော အနက်ရောင်အရိပ်တစ်ခုကို လျှပ်တစ်ပြက် တွေ့လိုက်ရသည်။


ဝမ်ချီ ချက်ချင်း နိုးသွားသည်။


သောက်ကျိုးနည်း တစ်ယောက်ယောက်က ငါ့ကုတင်ဘေးမှာ ရပ်နေတယ်…


ဝမ်ချီက အော်ဟစ်ချင်မှုကို ချက်ချင်းမြိုသိပ်လိုက်ပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွား၍ စောင်ကိုင်ထားသည့် လက်က လေထဲတွင် ရပ်တန့်သွားသည်။ သူက မျက်လုံးတစ်ခြမ်းဖွင့်ပြီး အိပ်ရာဘေးကို တစ်ချက်ကြည့်လိုက်သော်လည်း ထိုအရိပ်မည်းက လူလားသရဲလား ဆိုသည်ကို မခွဲခြားနိုင်ချေ။


ထိုအခိုက်အတန့်တွင် အရိပ်မည်းကြီးက ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။


ထိုအရိပ်မည်းက ဝမ်ချီ နိုးလာသည်ကို သိပုံရပြီး ဝမ်ချီ၏ ရင်ဘတ်ပေါ် သူ့လက်ချောင်းထိပ်များဖြင့် အကြိမ်အနည်းငယ် ပုတ်လိုက်သည်။


ထိုအချိန်တွင် ဝမ်ချီ့တစ်ကိုယ်လုံး လေးလံသွားပြီး လက်ချောင်းများပင် မလှုပ်နိုင်တော့ချေ။ ပါးစပ် အနည်းငယ် ဟလိုက်သော်လည်း လည်ချောင်းမှ အသံမထွက်တော့ပေ။


ဝမ်ချီ၏ မျက်နှာက ဖြူဖျော့နေပြီး အရိပ်မည်းကို စိတ်အားလျော့စွာဖြင့် စိုက်ကြည့်နေသည်။


ကံမကောင်းစွာပင် အခန်းထဲတွင် လရောင်မရှိတာကြောင့် ၄င်းအရိပ်မည်းက မည်သူဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ အရပ်ရှည်သော အမျိုးသားတစ်ယောက်၏ ကောက်ကြောင်းကိုသာ ဝိုးတဝါးမြင်နေရသည်။


ဝမ်ချီ ထိုသို့ တွေးနေစဉ်တွင် ထိုအရိပ်မည်းက သူ့ကို ပေါ့ပါးစွာ ဆွဲမပြီး အတွင်းအားသုံး၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ပျံသွားသည်။



💮💮💮


English Translator’s Note -  ဝမ်ချီ ဇာတ်ကောင်က အရမ်း သတ္တိနည်းတဲ့ ကာရိုက်ဆိုတာ ပြောပြမလို့ပါ၊ ဝမ်ချီ အဲ့လိုဖြစ်နေရတာ အကြောင်းပြချက်တစ်ခုရှိတယ်။ အပိုင်း၃ မှာ ဖတ်လိုက်ရင် အဲ့ထဲမှာ ဝမ်ချီ၏ အတွေးကို အခုလို ရေးထားတာတွေ့နိုင်တယ်။ "ရှစ်ယဲ့ပြောနေတာတွေကို သူသဘာဝကျကျသိတယ် တခြားသူတွေ မသိနိုင်ပေမဲ့ ဝတ္ထုသုံးကြိမ်ဖတ်ဖူးတဲ့ သူကတော့  ရှစ်ယဲ့ ဘာပြောနေလဲဆိုတာကို အတိအကျသိတယ်။ ရှစ်ယဲ့ရဲ့ စိတ်က ဒေါသထွက်လွယ်တဲ့အပြင် သူ့မှာ စိတ်စွဲလန်းမှု တစ်ခုလည်းရှိတယ်၊ အဲ့စွဲလန်းမှုဆိုတာက ရှစ်ယဲ့က အားနည်းပြီး ကြောက်တတ်တဲ့သူတွေကို သတ်ပစ်ရတာ မကြိုက်ဘူး။ အထူးသဖြင့် ငိုနေတဲ့ ကလေးတွေဆို မသတ်ဘူး"


ဒါကိုကြည့်ရင် ဝမ်ချီ ဘာလို့ ကြောက်တတ်တဲ့ ဇာတ်ကောင်ဖြစ်နေလဲဆိုတာ သိကြမှာပါ။


အဲ့ဒါအပြင် မူရင်းဝတ္ထုမှာ ရှစ်ယဲ့ကို မိစ္ဆာတစ်ယောက်လိုမျိုး ဖော်ပြထားပေမဲ့ ပင်ကိုယ်စရိုက်ကိုတော့ အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ဝမ်ချီက ရှစ်ယဲ့က အတွင်းစိတ် နူးညံ့တဲ့သူဆိုတာကို မသိဘူး။ (ဝမ်ချီအတွက်ပဲ နူးညံ့တာဆိုပေမဲ့ပေါ့ )


ဒါကြောင့် ဝမ်ချီက သူအသက်ချမ်းသာရာ ရဖို့ ကြောက်တတ်တဲ့ ကလေးတစ်ယောက်လို နေပြနေတာ ။ ဒါပေမဲ့ နောက်အပိုင်းတွေမှာ ဝမ်ချီကာရိုက်တာ ရဲ့ ပြောင်းလဲတိုးတက်မှုတွေကိုမြင်ရမယ်၊  ရှစ်ယဲ့ ဇာတ်ကောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအချို့ကိုလည်း ဖြေရှင်းပေးထားပါတယ်။


----