💮Chapter 54
အေးမြသော ညလေပြေက ဝမ်ချီ၏ မျက်နှာပေါ်သို့ ရိုက်ခတ်သွားသည်။ နွေဦးအချိန်အခါ ဖြစ်သောကြောင့် ထိုလေညင်းများက အေးစက်မနေဘဲ ဝမ်ချီကို လွန်စွာလန်းဆန်းစေသည်။
သို့သော် ဝမ်ချီက အကြောပိတ်ထားခြင်း ခံရသောကြောင့် မျက်လုံးတစ်စုံကသာ လှည့်ပတ်ကြည့်ရှုနိုင်ပြီး ခန္ဓာကိုယ်မှာမူ မလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် သူက စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
သူ့ကို ချီထားသည့် ထိုအရိပ်မည်းက နန်းတော်၏ အမိုးတံစက်မြိတ်များပေါ်တွင် ညငှက်တစ်ကောင် ပျံသန်းသကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသောကြောင့် ဝမ်ချီက မျက်လုံးကို နည်းနည်းချင်းဖွင့်လိုက်တိုင်း သူ့မျက်လုံးထဲသို့ အေးမြသောလေများ တိုးဝင်လာသည်ကို ခံစားရသည်။
ဝမ်ချီက ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ချင်၍ ကြည့်ရန် ကြိုးစားသော်လည်း တိုးဝင်နေသော လေများကြောင့် မအောင်မြင်ခဲ့ပေ။
မျက်လုံးကို အချိန်အတော်ကြာဖွင့်ပြီး ကြိုးစားကြည့်သော်လည်း တိုက်ခတ်နေသော လေများကြောင့် သူ့ မျက်လုံးက နာကျင်လာပြီး မျက်ရည်များ မျက်ဝန်းထောင့်က ထွက်လာခြင်းကြောင့် တစ်ဖက်လူ၏ မှုန်ဝါးဝါး ပုံရိပ်ကိုသာ မြင်ရသည်။
နောက်ဆုံးတွင် ဝမ်ချီက လက်လျှော့လိုက်သည်။
သူက မျက်လုံးကိုမှိတ်ထားပြီး ထိုလူ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီထားလိုက်သည်။
အချိန်မည်မျှကြာသည်မသိ အေးမြသောလေက ဝမ်ချီကို ငိုက်မျဉ်းစေပြီး ညလေနှင့်အတူ ပါလာသော စန္ဒကူးနံ့သာနံ့က သူ့နှာခေါင်းထိပ်တွင် ဝေ့ဝဲနေသည်။
ထိုလူက သူ့ကို နေရာတစ်ခုသို့ သယ်ဆောင်လာပုံရပြီး ထိုနေရာသို့ ရောက်သည့်အချိန်တွင် ဝမ်ချီ့နားထဲတွင် လေတိုးသံက တဖြည်းဖြည်း လျော့နည်းသွားသည်။
ဝမ်ချီ မျက်လုံးဖွင့်ခါနီးတွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသည်ကို ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်မီပင် ခပ်နွေးနွေးရေများက ပါးစပ်နှင့် နှာခေါင်းထဲသို့ အလုံးအရင်းလိုက် တိုးဝင်လာသည်။ ပြင်းပြင်းထန်ထန် အသက်ရှူကြပ်သည့် ခံစားချက်က သူ့ကို လွှမ်းမိုးသွားပြီး အသက်ရှူရန် လေမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
ဝမ်ချီက သူ့လက်များကို အပြင်းအထန် ဝှေ့ယမ်းပြီး အကူညီတောင်းသည်။
" သောက်ကျိုးနည်း… ကျွန်တော့်ကို ကယ်ပါဦး…"
သူက ရုန်းကန်ရင်း လမ်းတစ်ဝက်တွင် သူ့လက်က တစ်စုံတစ်ခုကို ရုတ်တရက် ထိမိသွားသည်။
ဝမ်ချီက ထိုတစ်စုံတစ်ခုကို အကြိမ်အနည်းငယ် ထိတွေ့ပြီးနောက် သူ့ကို သယ်လာသည့် ထိုလူက သူ့အနီးတွင် ရပ်နေသည်ကို သိလိုက်သည်။ သူ့၏ မသိစိတ်ဗီဇက ထိုလူအပေါ် အားကိုးစိတ်ဝင်ပြီး ဖက်တွယ်မိသည်။
ထိုအချိန်တွင် ဝမ်ချီ ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတို့တွင် ရေများဖြင့် စိုရွှဲနေသည်။ ရေစိုနေ၍ လေးလံနေသော အဝတ်အစားများကြောင့် ရေထဲမှ ရုန်းမထွက်နိုင် ဖြစ်နေသည်။
ဝမ်ချီက ထိုလူ၏ခါးကို ပွေ့ဖက်ပြီး ခိုအားလားတစ်ကောင်ကဲ့သို့ ထိုလူ့ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းတွယ်ထားသည်။ ရေမွန်းသည့် ခံစားချက်ပျောက်သွားမှသာ အသက်ပြင်းပြင်းရှူပြီး ရေစိုနေသောအဝတ်များကို ထိုလူ့အင်္ကျီနှင့်သုတ်၍ မော့ကြည့်လိုက်သည်။
အေးစက်သော အနက်ရောင်မျက်ဝန်းတစ်စုံက ဝမ်ချီ့ကို စူးစိုက်ကြည့်နေသည်။
“လတ်စသတ်တော့ မင်းပဲ…”
ဝမ်ချီက သူ ခက်ခက်ခဲခဲ အတွေးများမှ ရုန်းထွက်ပြီး အိပ်ပျော်အောင် ကြိုးစားထားရသော်လည်း ယခုတွင်မူ အကြောင်းရင်းမရှိဘဲ ရေပြည့်နေသော ရေချိုးကန်ထဲပစ်ချခံလိုက်ရသောကြောင့် ရုတ်တရက် ဒေါသထွက်သွားပြီး အရှင့်သားဟု မသုံးနှုန်းဘဲ နာမည်ခေါ်ပြီး ရန်စကားဆိုသည်။
“ရှစ်ယဲ့ မင်းရူးနေလား…အခု မင်းလုပ်လိုက်တာက သူများအိမ်ကို ဖောက်ထွင်းဝင်ရောက်တာကွ သိရဲ့လား…”
ရှစ်ယဲ့က ရေချိုးကန်ထဲတွင် မတုန်မလှုပ် မတ်တပ်ရပ်နေပြီး မျက်နှာတစ်ခြမ်းကိုဖုံးထားသည့် မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထိုအေးစက်စက်မျက်နှာတွင် တစ်ခြမ်းမှာမူ ဆိုးရွားသော မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော်လည်း ဝမ်ချီက ၎င်းဒဏ်ရာများကို မြင်နေကျဖြစ်သောကြောင့် ယခင်ကကဲ့သို့ ကြောက်စရာကောင်းသည်ဟု မမြင်တော့ချေ။ ဒဏ်ရာမရှိသော မျက်နှာတစ်ခြမ်းက ထူးဆန်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
“ဒီအရှေ့နန်းတော်က ငါ့နယ်မြေ… ငါနန်းတက်တဲ့အချိန်ကစပြီး နန်းတော်တစ်ခုလုံးတင်မကဘူး တစ်ကမ္ဘာလုံး ငါ့အပိုင် ဖြစ်လာမှာ…”
ရှစ်ယဲ့၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး လက်မြှောက်လိုက်၍ ရေများ ဖြင့် စိုရွှဲနေသော ဝမ်ချီ၏ မေးစေ့ကိုဖိကိုင်ပြီး တစ်လုံးချင်း လေးနက်စွာ ပြောသည်။
“ဒါက ပန်ကုန်းရဲ့ ပိုင်နက်ပါ ဘာလို့ ကိုယ့်အိမ်ကိုယ် ဖောက်ထွင်းဝင်တယ် ဖြစ်ရမှာလဲ…”
ရေမွန်းခြင်းမှ လွတ်မြောက်ရန် ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ရုန်းကန်တွယ်တက်ထားရသော ဝမ်ချီက ဒေါသအရှိန်ဖြင့် မျက်နှာနီရဲပြီး ကျယ်လောင်စွာပြန်ပြောသည်။
"မင်းအိမ်ထဲကို ဖောက်ထွင်းမဝင်ဘူးပြောလည်း တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒမပါဘဲ မူလနေရာကနေ အတင်းအဓမ္မခေါ်သွားတာက ပြန်ပေးဆွဲခြင်းပဲကွ…သိရဲ့လား…အခုမင်းလုပ်နေတာက ပြန်ပေးဆွဲတဲ့ အပြုအမူမြောက်တယ်…”
ဝမ်ချီ၏အပြောကို ခပ်တိုးတိုးရယ်သံဖြင့် တုံ့ပြန်လိုက်ပြီး ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွားသည်။ ရှစ်ယဲ့က ဝမ်ချီ၏ နီမြန်းနေသော မျက်နှာကို ငုံ့ကြည့်ပြီး ပြောသည်။
“ပန်ကုန်း ခေါ်လာတာက တခြားလူမှမဟုတ်တာ ပန်ကုန်းရဲ့လူ ပန်ကုန်းရဲ့အပိုင်မို့ ခေါ်လာတာလေ ဘယ်လိုလုပ်ပြီး ပြန်ပေးဆွဲမှုမြောက်မှာလဲ…”
ဝမ်ချီ: “…”
ယုတ္တိမရှိတဲ့ ငြင်းခုံမှုတွေပဲ ဒါတွေအားလုံးက ဘယ်လိုအတွေးအခေါ်တွေလဲ…ခွေးမင်းသားရဲ့ ပါးစပ်ကနေ အဓိပ္ပာယ်မရှိတဲ့စကားတွေချည်း တစ်ခွန်းပြီးတစ်ခွန်း ထွက်လာမယ် မထင်ထားဘူး…
ဝမ်ချီက ဒေါသထွက်ရလွန်းပြီး ပါးစပ်ပင် ရွဲ့လုနီးပါး ဖြစ်လာသောကြောင့် ရှစ်ယဲ့နှင့် စကားနိုင်လုခြင်းကို လက်လျှော့လိုက်သည်။
ဝမ်ချီ ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူရောက်ရှိနေသောနေရာက ရေချိုးခန်းတစ်ခန်း ဖြစ်ပုံရပြီး အပြင်အဆင်က ဝါးပုလွေအိမ်တော်ရှိ ရေချိုးခန်းနှင့် အနည်းငယ် ဆင်တူသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ဤရေချိုးခန်းက ပို၍ကျယ်ပြီး ပို၍ခမ်းနားသည်။ ဝါးပုလွေအိမ်တော်ကကဲ့သို့ အလယ်တွင် ရေချိုးရန် သစ်သားစည်ပိုင်း ထားထားခြင်း မဟုတ်ဘဲ ရေကူးကန်ရှိပြီး ထိုရေကန်ထဲမှရေက ပူနွေးကာ အဖြူရောင်ရေငွေ့များက ရေကန်၏ မျက်နှာပြင်ပေါ်တွင် ဝဲနေသည်။
ဝမ်ချီက ရေကန်ထဲတွင် နစ်မြုပ်နေသော ရှစ်ယဲ့၏ ခန္ဓာကိုယ်ကို အနီးကပ်ကြည့်လိုက်သည်။ ရေအနက်က ရှစ်ယဲ့၏ ဝမ်းဗိုက်နားတွင်သာ ရှိသောကြောင့် ရေကန်က အလွန်နက်ပုံမရပေ။
ရေကန်က မနက်သောကြောင့် ဝမ်ချီက စိတ်ချသွားပြီး ရှစ်ယဲ့၏ ကိုယ်ပေါ်မှ ခုန်ချရန် ပြင်လိုက်သည်။
ရှစ်ယဲ့၏ လည်ပင်းကို ဆုပ်ကိုင်ထားသော သူ့ လက်များ ဖြေလျှော့ပြီး အောက်ဆင်းရန် ကြိုးစားလိုက်သည်နှင့် ရှစ်ယဲ့က သူ့ရည်ရွယ်ချက်ကို သတိပြုမိသွားပုံရပြီး သန်မာသောလက်တစ်စုံက သူ့တင်ပါးကို အနောက်မှ ဆုပ်ကိုင်ပြီး လွယ်လွယ်ကူကူပင် အထက်သို့ ပင့်မြှောက်လိုက်သည်။
ထိုအချိန်တွင် ဝမ်ချီ၏ အဝတ်အစားများက စိုရွှဲနေပြီး အဖြူရောင် အောက်ခံအ၀တ်ပါးပါးကိုသာ ၀တ်ဆင်ထားသောကြောင့် ထိုအဝတ်စိုများက ခန္ဓာကိုယ်တွင် ကပ်နေပြီး အထဲသို့ ထိုးဖောက်မြင်နေရသည်။ ရှစ်ယဲ့ ငုံ့ကြည့်လိုက်သော အချိန်တွင် ဝမ်ချီ၏ ရင်ဘတ်ပေါ်ရှိ ပန်းရောင်ဖျော့ဖျော့ အစက်နှစ်စက်ကို မြင်လိုက်ရသည် ။
ဝမ်ချီ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက ပခုံးပေါ်တွင် ကပ်နေပြီး ဆံပင်၏အဆုံးတွင် ရေစက်များ တစ်စက်စက်ကျနေကာ နီရဲနေသော မျက်နှာဖွေးဖွေးလေးနှင့် ပနံသင့်နေသည်။ သူ့အသားအရည်က လတ်လတ်ဆတ်ဆတ် ညှစ်ထားသော နို့ကဲ့သို့ ကြည်လင်ဖြူဖွေးနေပြီး အပြစ်အနာအဆာတစ်ခုမျှ မရှိဘဲ မျက်နှာမှာမူ နီတွတ်နေပြီး နားရွက်ဖျားလေးမှာလည်း နီရဲနေသည်။
မူလက ရှစ်ယဲ့၏ ခန္ဓာကိုယ် အောက်ပိုင်းသာ ရေစိုနေသော်လည်း ဝမ်ချီ၏ အတင်းတွယ်တက်ခြင်း ခံရပြီးနောက် အပေါ်ပိုင်းရှိ အဝတ်အစားများမှာလည်း စိုရွှဲနေတော့သည်။
ရေစိုနေသော လူနှစ်ယောက်က အချင်းချင်းပူးကပ်နေသောကြောင့် အထူးသဖြင့် ရှစ်ယဲ့ လှုပ်လိုက်သောအချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ခုက ပို၍သိသာ ထင်ရှားလာသည်။
ရှစ်ယဲ့၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တောင့်တင်းလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် မီးများတောက်လောင်နေသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်၏ တစ်နေရာမှ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
ရှစ်ယဲ့က စိတ်မငြိမ်မသက်ဖြစ်ပြီး မျက်လုံးကို ခေတ္တမှိတ်ထားသည်။ ခန္ဓာကိုယ်အတွင်းမှ မီးတောက်ကို အမြန်မငြိမ်းသက်နိုင်ပါက ခေတ္တအကြာတွင် ပါးစပ်မှပင် မီးတောက်များ မှုတ်ထုတ်နိုင်တော့မည်ဟု သံသယဖြစ်မိသည်။
ဝမ်ချီက ရှစ်ယဲ့ အခက်တွေ့နေသည်ကို သတိမထားမိချေ။ ရှစ်ယဲ့ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဝမ်ချီက ထိတ်လန့်သွားပြီး ပို၍ပင် အသဲအသန် ရုန်းကန်နေသည်။
အဆုံးသတ်တွင် ရှစ်ယဲ့က ခြေလှမ်း အနည်းငယ်လှမ်းပြီး မည်သို့အရူးထသည်မသိဘဲ ရေချိုးကန်ထဲတွင် ရုတ်တရက် ထိုင်ချလိုက်သောကြောင့် ရှစ်ယဲ့၏ သိုင်းဖက်ထားခြင်းခံရသော ဝမ်ချီပါ ရေထဲသို့ရောက်သွားသည်။
ပူနွေးသောရေများက နေရာအနှံ့မှ စိမ့်ဝင်လာပြန်သည်။ ဝမ်ချီလည်း ကြောက်လန့်နေပြီး ဦးနှောက်က မတုံ့ပြန်မီ သူ့လက်များက ရှစ်ယဲ့၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။
ဝမ်ချီ အသက်ပြင်းပြင်းရှူပြီး အသံတုန်တုန်ယင်ယင် ဖြင့် မေးသည်။
“မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ…”
ရှစ်ယဲ့က ထိုမေးခွန်းကို ပြန်လည်ဖြေဆိုခြင်းမရှိဘဲ သူ့လည်ပင်းကိုဖက်ထားသော ဝမ်ချီ၏ လက်ကို ဆွဲဖယ်၍ ဝမ်ချီကို ရှေ့သို့တွန်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ရေချိုး…”
ဝမ်ချီလည်း ခွေးမင်းသား၏ ရွှေဥာဏ်တော်ကို ဝေဖန်ပိုင်းခြားရန် အလွန်ပင် ပျင်းရိနေသည်။ ရှစ်ယဲ့၏ ထိုစကားကို ကြားပြီးနောက် ဝမ်ချီက ချက်ချင်း ထရပ်ပြီး တုံ့ပြန်သည်။
“ကျွန်တော် ရေချိုးပြီးသွားပြီမို့ အရှင့်သား ရေချိုးတော့မယ်ဆို မနှောင့်ယှက်တော့ပါဘူး… နှုတ်ဆက်ပါတယ်…”
ဝမ်ချီက အလွန်လျင်မြန်စွာ အနောက်လှည့်လိုက်ပြီး ရှစ်ယဲ့ သူ့လက်ကောက်ဝတ်ကို လှမ်းမဆွဲမီ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။
ရှစ်ယဲ့က လက်ကို အနည်းငယ်အားထည့်ပြီး ဝမ်ချီကို ပြန်ဆွဲထားသည်။ ဝမ်ချီ၏ ခြေလှမ်းများ မတည်မငြိမ်ဖြစ်ပြီး ယိမ်းထိုးကာ ရှစ်ယဲ့၏ ရင်ခွင်ထဲရောက်သွားသည်။ ရှစ်ယဲ့၏ အေးစက်သောအသံက ဝမ်ချီခေါင်းထက်မှ ထွက်လာသည်။
"ပန်ကုန်း ရေချိုးမှာမဟုတ်ဘူး… မင်း ရေချိုးတာကို စောင့်ကြည့်မှာ…”
ဝမ်ချီက ငြင်းဆိုခုခံချင်သော်လည်း ခေါင်းကို မော့လိုက်သည့်အချိန်တွင် ရှစ်ယဲ့၏ ရေခဲရိုက်မျက်လုံးများနှင့် ဆုံလိုက်သောကြောင့် တုန်လှုပ်သွားသည်။
ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ကြောက်ရွံ့စွာ ပြောသည်။
“ဒါပေမယ့် ကျွန်တော် ရေချိုးပြီးသားကို…”
ရှစ်ယဲ့က အေးစက်စွာ ပြောသည်။
"ဒါဆို ဒုတိယအကြိမ် ထပ်ရေချိုး…”
ဝမ်ချီ "…"
“ပညာရှိဆိုသည်မှာ အသက်ပင် အသေခံမည် မာနအထိမခံနိုင်” ဟုဆိုသော်လည်း အသက်နှင့်ယှဉ်ပါက ဂုဏ်သိက္ခာက အရေးမပါတော့ချေ၊ အထူးသဖြင့် ဝမ်ချီကဲ့သို့ သူရဲဘောကြောင်သူအတွက် သူကိုယ့်သူ ဖျောင်းဖျရန် အချိန်ပင် မယူခဲ့ရပေ။
ရေချိုးဆိုလည်း ချိုးရုံပဲပေါ့…ရေနောက်တစ်ခါ ချိုးရုံနဲ့ ဘာမှဖြစ်သွားမှာမှ မဟုတ်တာ… ပြီးတော့ ဒါက အိမ်ရှေ့စံရဲ့ ရေချိုးခန်းမို့ အပြင်ကို ပေါက်ကြားသွားရင်တောင်မှ ငါ ကံကောင်းတယ်လို့ပဲ သူများတွေက ထင်ကြမှာ… ငါ ဒီကမ္ဘာကို ရောက်လာတာ ကြာပြီ အခုမှ ပထမဆုံး သစ်သားစည်ပိုင်းမဟုတ်တဲ့ ရေကန်ထဲမှာ ရေချိုးရတာပဲ…
ဝမ်ချီက အချိန်အတန်ကြာ အတွေးနှင့် တိုက်ပွဲဝင်ပြီးနောက် အဆုံးတွင် ရေကန်ထဲသို့ထိုင်ချပြီး ရေစိုနေသော အဝတ်အစားများကို ချွတ်လိုက်သည်။ သူက ကြောင်အအဖြင့် ရေနွေးစိမ်နေ၍ ထိုရေချိုးကန်၏ ဖွဲ့စည်းပုံကို လှည့်ပတ်ကြည့်ရှုနေပြီး ရေများ တချိန်လုံး နွေးနေအောင် မည်သို့ဖန်တီးထားသည်ကို တွေးတောနေတော့သည်။
ဝမ်ချီ အတွေးကမ္ဘာမှ ရုန်းထွက်ပြီး လက်တွေ့သို့ ပြန်ရောက်လာသည့်အချိန်တွင် အခန်းထဲ၌ ရှစ်ယဲ့ မရှိတော့သည်ကို သတိထားမိလိုက်သည်။
ဘေးမှ စောင့်ကြည့်နေသောသူ မရှိတော့သဖြင့် ဝမ်ချီ၏ တင်းမာသောအာရုံကြောများ အနည်းငယ် ပြေလျော့သွားသည်။ ရေကန်ဘောင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် အမှီပြုပြီး စိတ်အာရုံတစ်ခုလုံး ဗလာဖြစ်နေသည်။
သို့သော် ခေတ္တအကြာတွင် တိတ်ဆိတ်သော ပတ်ဝန်းကျင်၌ ခြေသံများ ထွက်ပေါ်လာသည်။
မူလက စိတ်အေးလက်အေး ဖြစ်နေသော ဝမ်ချီမှာ ချက်ချင်းပင် နိုးကြားလာသည်။ သူက ယခင်အတိုင်း မလှုပ်မယှက်ထိုင်နေပြီး ခြေသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် အဝတ်အသစ် လဲထားသော ရှစ်ယဲ့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ရှစ်ယဲ့က အရပ်ရှည်ပြီး သူ့ရုပ်သွင်က ခမ်းနားထည်ဝါသောကြောင့် မည်သို့သော အဝတ်အစားနှင့်မဆို စတိုင်လ်ကျကျဖြင့် အလွန်ကြည့်ကောင်းသည်။ ဘီးတပ်ကုလားထိုင်၌ ထိုင်နေသည့်အချိန်တွင် မသိသာသော်လည်း မတ်တပ်ရပ်လိုက်ပါက သူ့ခြေထောက်များက အမှန်တကယ်ကို ရှည်လျားသွယ်လျနေသည်ကို သိလိုက်ရသည်။
ဝမ်ချီက အကြည့်ကို ရုတ်သိမ်းရန် အချိန်မရမီပင် ရှစ်ယဲ့က သူ့ကို စူးစူးစိုက်စိုက်ကြည့်ပြီး ဝမ်ချီ ခိုးကြည့်နေသည်ကို ဖမ်းမိသွားသည်။
ထိုနက်နဲသောမျက်လုံးများနှင့် ဆုံလိုက်ရသည့်အချိန်တွင် ဝမ်ချီက တစ်ကိုယ်လုံး ဖောက်ထွင်း အကြည့်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ဝမ်ချီက မျက်လွှာချပြီး လေးလေးနက်နက် ရေချိုးနေသကဲ့သို့ ဟန်ဆောင်လိုက်သည်။
ရှစ်ယဲ့က ဝမ်ချီနှင့် ရေအတူချိုးရန် လာခြင်းမဟုတ်ဘဲ ဝမ်ချီနှင့် မနီးမဝေးတွင်ရှိသော ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဝမ်ချီ ရေချိုးနေသည်ကို မျက်စိမလွှဲဘဲ စိုက်ကြည့်နေသည်။
ထိုကဲ့သို့ စူးစိုက်ကြည့်ခံရသော ခံစားချက်က ဝမ်ချီကို ကြောက်ရွံ့တုန်လှုပ်စေသော်လည်း ရှစ်ယဲ့ကို အကြည့်လွှဲရန် မပြောဝံ့သောကြောင့် သည်းခံပြီး ရေကန်ထဲတွင် ဆက်လက်စိမ်နေလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ရှစ်ယဲ့က ဝမ်ချီကို စိတ်ဒုက္ခပေးရန် ကြံရွယ်ထားပုံမပေါ်ချေ။ သူက ဝမ်ချီ့ခန္ဓာကိုယ် အထူးသဖြင့် ခါးတစ်ဝိုက်ကို ဆေးကြောစေရန်သာ အမှန်တကယ် အလိုရှိခြင်းဖြစ်သည်။
ရှစ်ယဲ့ ထုတ်မပြောသော်လည်း ဝမ်ချီက သူ့ရည်ရွယ်ချက်ကို သဘောပေါက်သည်။ ဆိုလိုသည်က ဟွားကျစ်ချန် ထိကိုင်သွားသည့်နေရာကို ဆေးကြောစေလိုခြင်း ဖြစ်သည်။
ဝမ်ချီလည်း ငြင်းဆန်ရန် ခွန်အားမရှိတော့ပေ။
နောက်ဆုံးတွင် ဝမ်ချီက မိန်းမစိုးကျိုး၏ စကားကို ယုံကြည်သွားတော့သည်။ ခွေးမင်းသားက အမှန်တကယ်ပင် သူ့ကို ဟွားကျစ်ချန် ဖက်လိုက်သည့်ကိစ္စကို မကျေနပ်နေခြင်းဖြစ်သည်။
ထိုညက သူ လေးငါးကြိမ်ထက်မနည်း ရေချိုးခဲ့ရသည်။
ရေချိုးအပြီးတွင် ဝမ်ချီ၏ အရေပြားမှာ ရေနူးပြီး တွန့်နေသည်။ ရေတွင်သော မျောနေသော သစ်ရွက်များကဲ့သို့ ရေပြင်ပေါ်တွင် ပေါလောပေါ်နေပြီး မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိတော့ပေ။ သူ့မျက်နှာတစ်ခုလုံး ပြုတ်ထားသကဲ့သို့ နီရဲနေသည်။
ရှစ်ယဲ့က အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေပြီး ယူလာသည့် အဝတ်အစားများကို တန်းပေါ်ပစ်တင်ပြီး ပြောသည်။
“ဝတ်လိုက်…”
ဝမ်ချီက သက်ပြင်းချလိုက်ပြီး အသံအက်ကွဲကွဲဖြင့် ဖြေသည်။
"ဟုတ်ကဲ့…”
ဝမ်ချီက ခြေလက်များကိုအားပြုပြီး ရေချိုးကန်ထဲမှ ထလိုက်ကာ အဝတ်တန်းထံသို့ လျှောက်သွားပြီး အဝတ်အစားများကို ကောက်ယူလိုက်သည်။ ထိုအဝတ်အစားများက သူ့အဝတ်မဟုတ်ဘဲ ရှစ်ယဲ့၏ အဝတ်များဖြစ်ကြောင်း သိလိုက်ရသည်။ အရောင်မှာ အဝါရောင်တောက်တောက်ဖြစ်ပြီး ဝမ်ချီ မဝတ်ရဲချေ။ အထူးသဖြင့် ဝမ်ချီနှင့် အလွန်ပင်ကြီးနေသည်။
💮💮💮